Switch Mode

အပိုင်း(၁၁)

မြေခွေးမ၏အကွက်ချမှု
အားလုံး၏ မျက်လုံးများက ရီဖူရှင်းနှင့် ယန်ဇူတို့ထံတွင် ရှိနေကြသည်။ ချင်းကျူကျောင်းတော်၏ တခြား ကြီးကြပ်သူတစ်ယောက်က စင်ပေါ်သို့ တက်လာကာ ယန်ဇူအား မေးလိုက်သည်…

“ဒါဆို မင်းက ကိုယ့်ဘာသာ ပထမ ပေးချင်တာလား…”

“ကျွန်တော်က ဒီလို အတွေးမျိုး မတွေးရဲပါဘူး…” ယန်ဇူက ခေါင်းခါလိုက်သည်။ သူက ဆက်၍…

“ကျွန်တော်က ရီဖူရှင်းက ဘယ်နေရာက ကျွန်တော့်ထက် ပိုသာနေတာလဲ သိချင်ရုံပါ… ကျွန်တော်က ဘာလိုနေတာလဲ သိချင်တာ…”

ခုနက မေးခွန်းမေးသော စာမေးပွဲကြီးကြပ်သူက အတန်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက ဆက်၍…

“ကောင်းပြီလေ … မင်းက သံသယဖြစ်နေတယ် ဆိုမှတော့ ဘာကြောင့်လဲဆိုတာ မင်း သဘောပေါက်အောင် ငါတို့လုပ်ပေးမယ်…”

ကျောင်းသားများနှင့် ပရိသတ်များအားလုံးက အခြေအနေအား စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ သူတို့အားလုံးကလည်း ယန်ဇူအား ကျော်ဖြတ်နိုင်သော မည်သည့် အဖြေမျိုး ရီဖူရှင်းက ဖြေကြားခဲ့သည်ကို သိလိုနေကြသည်။

“ပထမမေးခွန်းက မြင်းစစ်သည်နဲ့ မှော်ဆရာ တိုက်ပွဲဖြစ်လျှင် မှော်ဆရာရဲ့ သဘာဝစွမ်းအင် ကုန်ဆုံးသွားပါက သင်က မြင်းစစ်သည်ဆိုလျှင် ဘာလုပ်မည်နည်း။ အကယ်၍ သင်က မှော်ဆရာဆိုလျှင် ဘာလုပ်မည်နည်း… ဒီမေးခွန်းကို ယန်ဇူ… မင်းဘယ်လို ဖြေမလဲ…”

ယန်ဇူ၏မျက်ခုံးများ မြင့်တက်သွားသည်။ သူက ယုံကြည်မှုရှိစွာ ဖြေလိုက်သည်…

“တကယ်လို့ ကျွန်တော်က မြင်းစစ်သည်ဆိုရင် မှော်ဆရာရဲ့ သဘာဝစွမ်းအင် အားလုံးကုန်သွားတဲ့ အထိ အဆက်မပြတ် တိုက်ခိုက်မှာပဲ… တကယ်လို့ ကျွန်တော်က မှော်ဆရာဆိုလျက် ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှာပြီး အခွင့်အရေးရတာနဲ့ တစ်ပြိုင်နက် အားကုန်သုံးပြီး တိုက်မှာပဲ…”

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံးက ယန်ဇူ၏အဖြေမှာ သင့်လျော်သည်ဟု တွေးကြသည်။ လူတိုင်းက သူဖြေသကဲ့သို့ ဖြေကြမည်ဖြစ်သည်။ ဤသို့ဆိုလျှင် သူ မည်သည့်နေရာတွင် မှားနေသနည်း။ ဤမေးခွန်းကား အရေးပေါ် အခြေအနေတွင် ကျောင်းသားများက မည်သို့ဖြေရှင်းမည်ကို မေးသော မေးခွန်းဖြစ်သည်။ သူတို့၏အတွေးတွင် ယန်ဇူ၏အဖြေကား မဆိုးလှပေ။ ရီဖူရှင်းဆိုလျှင် မည်သို့ ဖြေမည်နည်း။

စာမေးပွဲကြီးကြပ်သူ လူကြီးက တစ်ဖန် ရီဖူရှင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ရီဖူရှင်း… မင်းဆိုရင် ဘယ်လိုလုပ်မလဲ…”

“ကျွန်တော်က မြင်းစစ်သည်ဆိုရင် ပြိုင်ဘက်ကို အားပြန်ပြည့်အောင် အခွင့်အရေးပေးမှာ မဟုတ်ဘူး… သူရှုံးတဲ့အထိ အဆက်မပြတ် တိုက်ခိုက်မှာပဲ… တကယ်လို့ မှော်ဆရာရဲ့နေရာမှာ ဆိုရင်တော့ ကျွန်တော်က လေဓာတ်စွမ်းအင် မှော်ဆရာဆိုရင် ကျွန်တော်ကတော့ ပြေးမှာပဲ… တကယ်လို့ တခြားဓာတ်စွမ်းအင် မှော်ဆရာဆိုရင် ကျွန်တော်က စွမ်းအင်အားလုံး ကုန်သွားသလို ဟန်ဆောင်မှာပဲ… တကယ်လို့ လိုအပ်ရင် ပြိုင်ဘက်ရဲ့ ရိုက်ချက်တချို့ကို ခံသင့်ရင် ခံရမှာပဲ ပြီးမှ မြင်းစစ်သည်က ပြင်ဆင်မှု သိပ်မရှိတော့တဲ့ အချိန်မှာ ကျွန်တော့်ရဲ့ လက်ကျန်စွမ်းအင်နဲ့ တိုက်ခိုက်မယ်…”

“မင်း ဘာကြောင့် ဒီနည်းကို သုံးတာလဲ…” စာမေးပွဲကြီးကြပ်သူက မေးသည်။

“နှစ်ယောက် တိုက်ခိုက်တဲ့ အချိန်မှာ တကယ်လို့ မြင်းစစ်သည်က မှော်ဆရာရဲ့ စွမ်းအင်ကုန်ဆုံးအောင် လုပ်နိုင်တယ်ဆိုရင် သေချာတာက မြင်းစစ်သည်ရဲ့ အခြေခံက ပိုပြီး ကောင်းမွန်လို့ပဲ… အဆက်မပြတ် တိုက်ခိုက်တဲ့အခါ အမှားလုပ်နိုင်တဲ့လူက မှော်ဆရာပဲ ဖြစ်မှာပဲ… ယန်ဇူဖြေတဲ့ အဖြေရဲ့ အားနည်းချက်က မှော်ဆရာက မြင်းစစ်သည်ရဲ့ အားနည်းချက်ကို ရှာနိုင်တယ်ဆိုရင် အစကတည်းက ရှာပြီးသား ဖြစ်နေမှာပေါ့… တကယ်လို့ သူက ပြိုင်ဘက်ကို လှည့်စားမယ် ဆိုရင်တော့ တစ်ခုခုတော့ ပေးဆပ်ရမှာပဲ…” ရီဖူရှင်းက ဖြည်းညင်းစွာ ရှင်းပြသည်။ ထိုအဖြေကို ကြားပြီးနောက် ယန်ဇူ၏ မျက်နှာက ပြာနှမ်းသွားသည်။

စင်ပေါ်တွင်ရှိသော လူတိုင်းက ဖူရှင်း၏အဖြေအား ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကြသည်။ နှိုင်းယှဉ်လိုက်လျှင် သူတို့နှစ်ဦး၏ အဖြေကား အလွန် ကွာခြားလေသည်။

စာမေးပွဲကြီးကြပ်သူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ယန်ဇူအား တစ်ဖန် ကြည့်လိုက်သည်…

“နောက်ဆုံးမေးခွန်း… သိုင်းပညာရှင်အဖွဲ့နဲ့ မှော်ပညာရှင်အဖွဲ့ တိုက်ခိုက်တဲ့အခါ ဘယ်အဖွဲ့က နိုင်မလဲ…”

ယန်ဇူ အနည်းငယ် စဉ်းစားလိုက်သည်…

“တကယ်လို့ အုပ်စုနှစ်ခုလုံးက နိုးထခြင်းအဆင့် အနိမ့်မှာပဲ ရှိမယ်ဆိုရင်တော့ ပြောရခက်လိမ့်မယ်… ဒါပေမဲ့… နိုးထခြင်းအဆင့် မြင့်လေလေ မှော်ပညာရှင်က အားသာလေလေပဲ… သေချာတာပေါ့… မှော်ပညာရှင်ပဲ နိုင်လိမ့်မယ်…”

သူကိုယ်တိုင်ကား မှော်ပညာရှင် ဖြစ်သောကြောင့် သူက မှော်ပညာရှင်မှာ သိုင်းပညာရှင်ထက် ပို၍ အားသာသည်ဟု သူ ယုံကြည်ထားသည်။

“ရီဖူရှင်း… မင်းအဖြေကရော…” စာမေးပွဲကြီးကြပ်သူက ဆက်မေးသည်။

“နိုးထခြင်းအဆင့်မှာဆို သိုင်းပညာရှင်က နိုင်ဖို့ အခွင့်အရေးများတယ်… ဒီထက်မြင့်တဲ့ အဆင့်ဆိုရင်တော့ မှော်ပညာရှင်က နိုင်ဖို့ အခွင့်အရေးများတယ်…” သူက တည်ငြိမ်စွာ ဖြေလိုက်သည်။

“အဓိပ္ပာယ်မရှိတာ… ဘယ်လိုလုပ် သိုင်းပညာရှင်က မှော်ပညာရှင်ကို နိုင်မလဲ… ပြီးတော့ ပိုမြင့်တဲ့အဆင့်မှာ မှော်ပညာရှင်က ပိုပြီးတော့ အခွင့်အရေးရှိတာ မဟုတ်ဘူး… နိုင်ဖို့ အခွင့်အလမ်း အပြည့်အဝရှိတာ…” ယန်ဇူက အေးစက်စွာ ပြောသည်။

“သူ့ကိုရှင်းပြလိုက်…” စာမေးပွဲကြီးကြပ်သူက ရီဖူရှင်းအား တိုက်တွန်းလိုက်သည်။

ဖူရှင်းက ယန်ဇူအား ကြည့်ကာ မေးလိုက်သည်…

“သိုင်းပညာရှင်နဲ့ မှော်ပညာရှင် နှစ်ယောက်ကြားမှာ ဘယ်သူက ပိုပြီးကြံ့ခိုင်လဲ၊ သန်မာလဲ၊ လျင်မြန်လဲ…”

“ဟုတ်တယ်… ဒါတွေက မှော်ဆရာတွေရဲ့ အားနည်းချက်တွေပဲ… ဒါပေမဲ့ သိုင်းပညာရှင်က မှော်ဆရာရဲ့ အနားကိုတောင် ကပ်နိုင်မှာ မဟုတ်ဘူး…”ယန်ဇူက ပြောသည်။

“နိုးထခြင်း အဆင့်မှာ မှော်ဆရာက အဝေးကနေပြီး မှော်ပညာကို မသုံးနိုင်ဘူး… တကယ်လို့ သိုင်းပညာရှင်က မတိုက်ခိုက်ဘဲ ဝိုင်းဖို့ ကြိုးစားမယ်ဆိုရင် မင်း ဘာလုပ်မလဲ…”

“ဒါက ေ_ာက်သုံးမကျတဲ့ မေးခွန်းပဲ… ဒါဆို ငါက အရင်စပြီး တိုက်ခိုက်မှာပေါ့… နိုးထခြင်း အဆင့်မှာတောင် မှော်ဆရာတွေက အားကောင်းတဲ့ မှော်သိုင်းတွေ ရှိတာပဲ…” ယန်ဇူက ပြန်ပက်လိုက်သည်။

“မင်း တိုက်ခိုက်မယ်… ငါဆုတ်မယ်… မင်း ဆုတ်တဲ့အခါ ငါတိုက်မယ်…” ရီဖူရှင်းက ပြောလိုက်သည်။

သူ၏ အဖြေက စင်ပေါ်ရှိ ကျောင်းတော်မှ ဆရာများအား ချွေးစို့သွားစေသည်။ သူကား သူ၏ တိုက်ပွဲ အစီအစဉ်အား အေးဆေးစွာ ပြောပြနိုင်သည်။ အကယ်၍ အတွေ့အကြုံ ကြွယ်ဝသော သိုင်းပညာရှင်က ပြောခြင်းဖြစ်ပါက မထူးဆန်းသော်လည်း ယခု စကားများကား ကျောင်းတော်၏ သာမန်ပြင်ပ ကျောင်းသားတစ်ဦးထံမှ လာခြင်းဖြစ်သည်။

ဤသည်က ဖူရှင်းအား အလွန် ပြောင်မြောက်သကဲ့သို့ သူတို့၏စိတ်အား ထိတ်လန့် အေးစက်စေသည်။ သူ၏ တိုက်ပွဲနည်းစနစ်က သူကိုယ်တိုင် သိုင်းပညာရှင်နှင့် မှော်ပညာရှင်တို့၏ အားသာချက် အားနည်းချက်များအား မည်မျှနားလည်သည်ကို သက်သေပြနေပေသည်။ ထို့အပြင် ထိုအသိပညာများအား အခြေခံ၍ တိုက်ပွဲနည်းစနစ်များအား ကိုယ်တိုင် ချမှတ်နိုင်လေပြီ။

သူ၏နည်းစနစ်များကား အလွန်ညင်သာ၍ ထိရောက်လှသည်။ သိုင်းပညာရှင်များကား ပို၍ ကြံ့ခိုင်မှုကောင်းပြီး ပို၍ လျင်မြန်သည်။ ထို့အပြင် နိုးထခြင်းအဆင့်မှ မှော်ဆရာများမှာ အဝေးမှ မတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့် သိုင်းပညာရှင်က မှော်ပညာရှင်၏ စွမ်းအားများ လျော့နည်းသွားမည့် အချိန်ကို စောင့်ရန်သာ လိုပေသည်။

ယန်ဇူကား အခြေအနေ ဟန်ပုံမရတော့ပေ။ သူက ရီဖူရှင်းအား ကြည့်လိုက်ကာ ပြောလိုက်သည်…

“နိုးထခြင်း အဆင့်က ယေဘုယျတိုးတက်မှုကို ဦးတည်တယ်… အကယ်၍ မှော်ဆရာက သဘာဝစွမ်းအင် တိုးတက်မှုကိုပဲ အာရုံစိုက်ရင် သူက ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုမှာ သိုင်းပညာရှင်ကို မရှုံးနိုင်ဘူး…”

“မင်းက နိုးထခြင်း အစောပိုင်းအဆင့်တွေနဲ့ ပတ်သက်ပြီး ပြောနေတာပဲ… မှော်ဆရာက နိုးထခြင်း အဆင့်ခြောက်ကို ရောက်တဲ့အခါ သူတို့က ဓာတ်သဘာဝ စွမ်းအင်တွေကို ထိန်းချုပ်ဖို့ လေ့ကျင့်ရသလို တခြား သဘာဝစွမ်းအင် အမျိုးအစားတွေကိုလည်း လေ့လာ လိုက်စားရတယ်… တကယ်လို့ သူတို့က မှော်ပညာကိုပဲ လေ့ကျင့်တယ်ဆိုရင် အဲဒီအခြေအနေမှာ သူတို့ရဲ့ သဘာဝစွမ်းအင်ပမာဏက အကန့်အသတ်ရှိတယ်… တခြားတစ်ဖက်မှာ သိုင်းပညာရှင်က ဒီလိုပြဿနာ မရှိနိုင်ဘူး… မင်းရဲ့ အခု လက်ရှိအကြံက သိုင်းပညာနဲ့ မှော်ပညာနှစ်ခုလုံးရဲ့ အစွန်းတစ်ဖက်စီကို ရောက်နေတယ်…” ရီဖူရှင်းက ဖြည်းဖြည်းချင်း ရှင်းပြသည်။

“သာမန်ဆိုရင် နိုးထခြင်းအဆင့်မှာ သိုင်းပညာနဲ့ မှော်ပညာက သိပ်ကြီးကြီးမားမား ကွဲပြားခြားနားတာ မရှိပေမဲ့ တကယ်တမ်း နှိုင်းယှဉ်တဲ့အခါ သိသာတဲ့ အရာတွေရှိတယ်… အကောင်းဆုံးကတော့ သိုင်းပညာနဲ့ မှော်ပညာကို တွဲပြီး လေ့ကျင့်တာပဲ…”

“ဒီလောက်ဆို ရပြီ…” စာမေးပွဲကြီးကြပ်သူက ဆက်ပြောသည်…

“ဘာလို့ သိုင်းပညာရှင်က နိုးထခြင်း အဆင့်ထက် ပိုမြင့်တဲ့ အဆင့်မှာ မှော်ဆရာကို နိုင်ဖို့ အခွင့်အရေးရှိတယ် ဆိုတာက မင်းတို့ဘာသာ တွေးယူဖို့ ထားခဲ့လိုက်မယ်… သတိရပါ… မင်းကိုယ်တိုင်နဲ့ ရန်သူကို နားလည်ခြင်းက အနိုင်ရဖို့ အဓိက သော့ချက်ပဲ… အားကောင်းတဲ့သူက အားကောင်းမှာပဲ ဘယ်ပညာကိုပဲသင်သင် ဒါက တူတူပဲ… ယန်ဇူ… တကယ်လို့ မင်းနဲ့ ရီဖူရှင်းကို အခုနေ အဆင့်အတူတူထားပြီး တိုက်ခိုက်ခိုင်းရင် မင်းက သေချာပေါက်ရှုံးမှာပဲ…”

ချင်းကျူ ကျောင်းတော် တည်ထောင်ကတည်းက နွေဦးရာသီ စစ်ဆေးခြင်းနှင့် ရာသီကုန် စစ်ဆေးခြင်းများတွင် ရေးဖြေစာမေးပွဲအား ထည့်သွင်းခဲ့သည်။ ကျောင်းသားများမှာ တကယ့်တိုက်ပွဲ အတွေ့အကြုံ မရှိသည့်အလျောက် တိုက်ပွဲအခြေခံ အသိပညာများ သင်ပေးရန်မှာ အရေးကြီးသော ရည်ရွယ်ချက်ဖြစ်သည်။

“ရှုံးဖို့သေချာတယ်…” ယန်ဇူကား အတန်ငယ် တိတ်ဆိတ်ကာ တွေဝေနေသည်။ သူက ထို့နောက် စာမေးပွဲကြီးကြပ်သူအား မော်ကြည့်ကာ ပြောလိုက်သည်…

“ကျွန်တော် အရှုံးကို လက်ခံပါတယ်…”

စာမေးပွဲကြီးကြပ်သူက ယန်ဇူအား ကြည့်ကာ ယန်ဇူအား တကယ့်အဖြစ်မှန်အား လက်မခံနိုင်သေးသည်ကို ရိပ်မိသည်… သို့သော် သူ ဘာမှဆက်မပြောတော့… လူငယ်များ၏ ခေါင်းမာသောစိတ်မှာ အလွယ်တကူ မပြောင်းလဲနိုင်သည်ကို သူနားလည်သည်။

“ရာသီကုန် စစ်ဆေးခြင်း ရေးဖြေ စာမေးပွဲက အခုပြီးသွားပြီ… စာမေးပွဲရဲ့ အရေးအကြီးဆုံး အပိုင်းက မနက်ဖြန်ကစပြီး စစ်ဆေးမယ်…” စာမေးပွဲကြီးကြပ်သူက ကြေညာလိုက်သည်။ ကျောင်းသားများက မတ်တတ် ရပ်လိုက်ကြသည်။ ထို့နောက် အလျှိုလျှို မိမိတို့ မိဘ။ အသိမိတ်ဆွေများအား လိုက်လံ နှုတ်ဆက် စကားပြောကြသည်။

ရေးဖြေစာမေးပွဲကား ပြီးဆုံးသွားပြီ ဖြစ်သည်။ သို့သော်လည်း ကျောင်းသားများ၏ စိတ်ခံစားချက်များမှာကား အထိုင်မကျသေးပေ။ မျက်လုံးပေါင်းများစွာက ရီဖူရှင်းအား စောင့်ကြည့်နေကြသည်။

သုံးနှစ်လုံးလုံး သူကား ဘာမှ အသုံးကျသည့်သူ မဟုတ်ပေ။ သို့သော် ယခုမူလား လူတိုင်းအား အံ့အားသင့်စေခဲ့သည်။ သူ့အား မည်သူက ရေးဖြေစာမေးပွဲ၏ ပထမ နေရာကို ရမည်ဟု ယုံကြည်ကြပါမည်နည်း။

ယန်ဇူက နောက်သို့ လှည့်ကာ ရီဖူရှင်းအား မျက်နှာချင်း ဆိုင်လိုက်သည်။ သူက အေးစက်စွာ ပြောလိုက်သည်…

“ငါအရင်က ပြောခဲ့တာတွေကို ပြန်ရုပ်သိမ်းတယ်… ငါက ဒီသုံးနှစ်လုံး မင်းက ဘာမှ အသုံးမကျဘူးလို့ ထင်ခဲ့တယ်… ဒီလိုဆိုရင်တောင်မှ စာရွက်ပေါ်က အကြောင်းအရာတွေက အသုံးမဝင်ဘူး… တကယ်လို့ မင်းက ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မရှိဘူးဆိုရင် ဒါတွေအားလုံးကို သိနေလည်း အလကားပဲ… မင်းမှာ စွမ်းအားမရှိဘူးဆိုရင် မင်းကို နင်းချေရတာ ပုရွက်ဆိတ် တစ်ကောင်လိုပဲ လွယ်ကူမှာပဲ…”

“မင်းက ခုနက အရှက်ရထားတာကို သက်သာအောင်လို့ ပြောနေတာလား… ခုထိ နားမလည်သေးဘူး ထင်တယ်… ငါက မင်းကို ပုရွက်ဆိတ်တစ်ကောင်လို နင်းခြေ စေချင်တာလား…” ထိုအချိန် မည်သည့်အချိန်ကပင် ဖူရှင်း၏ ဘေးနားသို့ ရောက်နေမှန်းမသိသော ယူချင်းက ရှေ့သို့ တစ်လှမ်းတိုးကာ အေးစက်စွာ ပြောလိုက်သည်။

ချက်ချင်းပင် ယန်ဇူ၏ မျက်နှာက ထိတ်လန့်သောကြောင့် ဖြူလျော့သွားသည်။ သူကား ယူချင်းအကြောင်းအား သိသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က စာသင်ခန်းထဲမှ ကျောင်းသား တစ်ယောက်က ဖူရှင်းအား စော်ကားသော စကားများ ပြောသောကြောင့် ယူချင်းက ထိုကျောင်းသားအား သွားများအားလုံး ပြုတ်ထွက်သွားအောင် ထိုးကာ လည်ပင်းမှကိုင်လျက် စာသင်ခန်းမှ လွင့်ပစ်ဖူးသည်။ ထိုနေ့မှစ၍ မည်မျှပင် လူတိုင်းက ဖူရှင်းအား ကြည့်မရ ဖြစ်နေပါစေ မည်သူမှ ယူချင်း၏ရှေ့တွင် ဖူရှင်းအား မစော်ကားရဲ ကြတော့ပေ။

လူအများအပြားက ထိုအကြောင်းအရာအား မေ့သွားကောင်း မေ့သွားမည် ဖြစ်သော်လည်း ယန်ဇူကား မမေ့ပေ။ ယူချင်း၏ရှေ့တွင် မတ်တတ် ရပ်နေရင်းကပင် ထိုအကြောင်းအား တွေးမိကာ သူ့အလိုလို ကြောက်ရွံ့သော စိတ်များ ဖြစ်ပေါ်လာသည်။

“သွားစမ်း…” ယူချင်းက ယန်ဇူအား ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ယန်ဇူ၏ ခန္ဓာကိုယ် ဆတ်ခနဲ တုန်သွားသည်…

“မနက်ဖြန်မှ တွေ့တာပေါ့…”သူက ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် လျင်မြန်စွာ ထွက်ခွာသွားသည်။

သူက သွားခါနီး ဟွာဂျီယူအား တစ်ချက် ကြည့်လိုက်သေးသည်။ သူက သူမ၏ရှေ့တွင် သူ၏ အရှက်ရဖွယ် အခြေအနေအား တွေးလိုက်ကာ စိတ်ထဲပို၍ နာကျင်သွားသည်။

ရီဖူရှင်းကား မည်သို့မျှ မပြောဘဲ ပြုံးနေ၏။ သူ့အား လင်းရှာကလည်း စိုက်ကြည့်နေကြောင်း သတိထားမိပြီးဖြစ်သည်။ သူက လင်းရှာအား အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်သည်။ လင်းရှာကလည်း စာမေးပွဲမတိုင်မီ သူ့အား အရှက်ရအောင် ပြောခဲ့သည် မဟုတ်ပါလား။

ရီဖူရှင်း၏ အပြုံးတစ်ချက်ကပင် လင်းရှာက သူ မည်သည်ကို ဆိုလိုသည်ကို နားလည်လိုက်သည်။ သူ၏ နဖူးမှ ချွေးစေးများပင် ထွက်လာသည်ဟု ထင်ရသည်။ သူက လက်နှစ်ဖက်အား တင်းကျပ်စွာ ဆုပ်ကိုင်လျက် ရီဖူရှင်းအား ကြည့်လိုက်သည်…

“ဒီအတောအတွင်း မင်းက ကောင်းကောင်း လျှို့ဝှက်နိုင်ခဲ့တာပဲ… မင်းက သိပ်မတိုးတက်ခဲ့ပေမဲ့ စာအုပ်တွေတော့ ဖတ်ဖြစ်တယ် ထင်တယ်… ဟင်း… ဒါက ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး… ဒီနေ့ မင်း ပထမ ရပေမဲ့ မနက်ဖြန် မင်းက အရှုံးသမား ဖြစ်နေဦးမှာပဲ… မင်းက ကျောင်းထုတ်ခံရဖို့ အခြေအနေ အများကြီး ကောင်းနေသေးတယ်… မင်း စဉ်းစားကြည့်စမ်း…ဒါက ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ…”

“အရူး…” ဖူရှင်းက နှာခေါင်း ရှုံ့လိုက်သည်။ လင်းရှာ၏ မျက်နှာ ပျက်ယွင်းသွားသည်။ ဖူရှင်း၏ စကားတစ်ခွန်းတည်းက သူ့အရှိုက်အား ထိသွားသလို ခံစားလိုက်ရ၏။ ဖူရှင်းက စာသင်ခန်း အတွင်းတွင် နောက်ဆုံးအကြိမ်က သူ့အား စော်ကားမှုအားလည်း ပြန်သတိရလိုက်ကာ စိတ်ထဲက ဆဲရေးလိုက်သည်။

ရီဖူရှင်းက သူ့ပတ်ဝန်းကျင်အား တစ်ချက် ကြည့်လိုက်သည်။ သူကား ဂုဏ်ယူဝင့်ကြွားသော ဟန်အပြည့်ဖြစ်သည်။ ယခုကား လူအများက သူ့အပေါ်အမြင် အနည်းငယ် ပြောင်းလဲသွားသည်ဟု ထင်ရသည်။ တချို့ကား သူ့အား ရဲရဲပင် မကြည့်ရဲကြတော့ပေ။ ထိုသူများကား လွန်ခဲ့သော သုံးနှစ်လုံး သူ့အား အသုံးမကျသော သူသဖွယ် ဆက်ဆံခဲ့ မေးငေါ့ခဲ့ကြသူများပင် ဖြစ်ကြသည်။

ထိုအချိန်တွင် ဟွာဂျီယူက သူမထိုင်နေသော နေရာမှ ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ထို့နောက် သူမက ပြိုင်ပွဲနေရာမှ ထွက်ခွာသွားလေသည်။ သို့သော် ခြေလှမ်း ဆယ်လှမ်းခန့်လောက်တွင် ရုတ်တရက် နောက်ပြန်လှည့်လျက် ပြုံးလိုက်သည်။ ထိုအချိန်ခဏကား မည်သည့် အလှတရားကမျှ သူမအား ယှဉ်နိုင်ဖွယ် မရှိပေ။

“မနက်ဖြန်ပြိုင်ပွဲမှာ နင့်ရဲ့စွမ်းဆောင်ရည်ကို သိချင်သေးတယ်…”သူမက တောက်ပစွာ ပြုံးလိုက်သည်။

လူတိုင်းက သူမ၏ အပြုံးအောက်တွင် ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသည်ဟု ထင်ကြရသည်။ ၎င်းမြင်ကွင်းက သူတို့၏ အသည်းနှလုံးများအား အရည်ပျော်ကျ သွားစေသည်။ သို့သော်လည်း ထိုအပြုံးက သူတို့အတွက် မဟုတ်ဘဲ ရီဖူချင်းအတွက်သာလျှင် ဖြစ်ပေသည်။

လူတိုင်း၏ ရင်ထဲသို့ သူမ၏အပြုံးအား တံဆိပ်ရိုက်သကဲ့သို့ ချန်ထားခဲ့ပြီး သူမက တစ်ဖန်လှည့်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။ ရီဖူရှင်းကား အခြေအနေ မကောင်းပေ။ သူ့ပတ်ဝန်းကျင်ရှိ ယောက်ျားများအားလုံး သူ့အား ဝါးစားမတတ် ကြည့်နေကြသည်ကို သတိထားမိသည်။ ထိုအချိန်ခဏခန့်က သူ့မျက်လုံးအား မျက်နှာချင်းဆိုင် မကြည့်ရဲသော သူများကား ယခု သူ့အား မုန်းတီးစွာ ကြည့်နေကြ၏။

သူတို့၏ အကြည့်များအား ကြည့်ကာ သူ ထိတ်လန့်သွားသည်။ ယခု အခြေအနေအရ မနက်ဖြန် ပြိုင်ပွဲတွင် သူ အခြေအနေဟန်မည့်ပုံ မပေါ်ပေ။

ရီဖူရှင်းက နောက်ဆုံးတွင် ဟွာဂျီယူ၏ရည်ရွယ်ချက်အား ရိပ်မိလာသည်။ သူမက သူ့အား တမင်ပင် အခက်တွေ့အောင် လုပ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ ရီဖူရှင်းက စိတ်ထဲမှ ဆဲရေးလိုက်သည်။

**

Comment

Leave a Reply

Options

not work with dark mode
Reset