Switch Mode

အပိုင်း(၁၀)

မြင်းနက်

ရီဖူရှင်းက ဟက်ဟက်ပက်ပက် ရယ်နေသော လင်းရှာအား ကြည့်လိုက်သည်။ သို့သော်လည်း ရီဖူရှင်းကား နဂိုမူလအတိုင်း အေးဆေးစွာ ထိုင်နေသည်။

“ဒီစာရင်းက သာမန်အောင်တဲ့ လူတွေကိုပဲ ကြေညာရသေးတာ… မင်းက ဘာလို့ရယ်နေတာလဲ…” ရီဖူရှင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

“မင်းက အတည်ကြီး ပြောနေတာလား… ဟား… ဟား…” လင်းရှာက ပို၍ ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထို့နောက် ရီဖူရှင်းအား စိုက်ကြည့်လျက်…” မင်းက ဂုဏ်ထူးစာရင်းမှာပါမယ် တွေးထားတာလား… ဟုတ်လား… မင်းက သုံးနှစ်လုံးလုံး အိပ်မက်များ မက်နေခဲ့တာလား… အခုထိ မနိုးနိုင်သေးဘူးလား… မင်းသိလား… မင်းက မျှော်လင့်ချက် မရှိတော့ဘူး…”

“မင်းမျက်နှာလည်း ပြန်ကြည့်ပါဦး… မင်းရယ်နေတဲ့ပုံစံက ရွံစရာ ကောင်းလိုက်တာ… ဂုဏ်ထူးစာရင်းမှာ မင်းက ထိပ်ပိုင်းနေရာက ပါလာမယ်လို့တော့ ငါမထင်ဘူး…” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။

လင်းရှာက သူ့အား အထင်သေးသည်ကို သိသော်လည်း သူကျရှုံးသည်ကို လှောင်ရယ် ရလောက်သည်အထိ မုန်းတီးနေသည်ကိုကား ယခုမှ သိသည်။

“ကြည့်ရတာတော့ အုတ်ဂူကို မတွေ့သေးဘဲ မျက်ရည် မကျသေးဘူးပေါ့ ဟုတ်လား (တရုတ်စကားပုံတစ်ခု ဖြစ်ဟန်တူသည်)။ ဒါဆိုလည်း ဆက်စောင့်နေလိုက်လေ” လင်းရှာက သရော်လိုက်သည်။ ရီဖူရှင်းက ခေါင်းခါလျက် သူ့အား လျစ်လျူရှု ထားလိုက်သည်။

ကျောင်းတော်၏ တာဝန်ရှိသူများမှာကား အဆင့်စီခြင်းဖြင့် အလုပ်ရှုပ်နေကြတုန်းပင် ဖြစ်သည်။ အတန်ကြာသောအခါ ချင်ယီက အဆင့်သုံး ဂုဏ်ထူးဝင် ၇၂ ယောက်အား ကြေညာရန် စင်ပေါ်သို့ တက်လာလေသည်။ ထိုစာရင်းရှိ ကျောင်းသားနာမည်များအား ကြေညာသောအခါ လင်းရှာ၏နာမည်လည်း ပါဝင်လာသည်။ လင်းရှာကား မူလကထက်ပင် ဝင့်ကြွားစွာ ပြုမူနေသည်ကို တွေ့ရသည်။ သူကား ရီဖူရှင်းအား သရော်ရန် စာမေးပွဲရလဒ်များ အားလုံး ကြေညာပြီးသည်အထိ စောင့်နေခြင်းဖြစ်သည်။

ဖန်းရှင်းဇွီက ဂုဏ်ထူးစာရင်း အဆင့်သုံးတွင် မပါဝင်သောကြောင့် အလွန် စိတ်လှုပ်ရှားနေသည်။ သူမက စာမေးပွဲ အောင်သည်မှာ သေချာသည်။ ထိုသို့ဆိုလျှင် သူမ၏ အဆင့်မှာ ဂုဏ်ထူးစာရင်း အဆင့်နှစ်တွင် ပါဝင်နေသည်မှာ သေချာလှသည်။ သူမက ရေးဖြေစာမေးပွဲတွင် အဆင့်ကောင်းကောင်း ရပါက သူမ၏ ရည်ရွယ်ချက် အောင်မြင်သည်ဟု ဆိုရပေမည်။

“ဖန်းရှင်းဇွီ…” နောက်ဆုံးတွင် ဂုဏ်ထူးဝင်စာရင်း အဆင့်နှစ်အား ကြေညာရာ သူမ၏ နာမည်ကား ရှေ့ဆုံးမှ ပါဝင်လာသည်။ သူမက တောက်ပစွာ ပြုံးလိုက်သည်။ ထို့နောက် စာရင်းတွင် ပါဝင်သော လူသုံးဆယ့်ခြောက်ယောက် နာမည်အား ဆက်လက် ကြေညာ၏။

“ယူချင်း…” တစ်ယောက်ပြီး တစ်ယောက် ဆက်၍ ကြေညာသွားသည်။ ဤစာရင်း၌ ပါဝင်သူများမှာ ပြင်ပကျောင်းသားများထဲမှ တကယ် ထူးချွန်သူများဖြစ်သည်။

“မူရွန်ချူ …”နောက်ဆုံးတွင် မူရွန်ချူ၏ နာမည်ကို ခေါ်ပြီး ကြေညာသူက စင်အောက်ကို ဆင်းသွားသည်။ မူရွန်ချူ၏ မျက်နှာ ပြာနှမ်းသွားသည်။ သူကား အလွန် စိတ်ပျက်သွားပုံရသည်။

ဂုဏ်ထူးစာရင်း အဆင့်နှစ်တွင် ပါဝင်နိုင်ခြင်းမှာ သာမန်လူများအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သော်လည်း မူရွန်ချူ အတွက်ကား ကွာခြားသည်။ သူ့အတွက်ကား ယခုအဆင့်မှာ ကျရှုံးခြင်းနှင့် မခြားပေ။

နောက်ဆုံးအကြိမ် စာမေးပွဲတွင် သူက ဂုဏ်ထူးစာရင်း အဆင့်တစ် တတိယနေရာ ရခဲ့ပြီး ယခုမူကား ဂုဏ်ထူးစာရင်း အဆင့်တစ်ထဲကိုပင် မဝင်ခဲ့ပေ။ သူကား မူလက ဟွာဂျီယူ၏ ပထမ နေရာအား စိန်ခေါ်ခဲ့သော်လည်း ယခုမူကား ထပ်မံ၍ ကျရှုံးခဲ့ပြန်သည်။ ပွဲကြည့်စင်တွင်ကား မူရွန် မိသားစုဝင်များ၏ မျက်နှာများမှာ မည်းမှောင်နေကြ၏။

“မူရွန်ချူက ဂုဏ်ထူးစာရင်း အဆင့်နှစ်မှာပဲပါတယ်… အဆင့်တစ်စာရင်း ထဲတောင် မဝင်ဘူး…” မူရွန်မိသားစုဝင်များက ရေရွတ်လိုက်သည်။ သူတို့ပြောသည်မှာ မှန်သည်။ ရေးဖြေစာမေးပွဲ၏ အတော်ဆုံး သုံးယောက်သာလျှင် ဂုဏ်ထူးစာရင်း အဆင့်တစ်တွင် ပါဝင်နိုင်ပေသည်။

တခြားလူများကလည်း မိမိထင်မြင်ချက်များပေးကာ ဆွေးနွေးနေကြ၏။ ဂုဏ်ထူးစာရင်း အဆင့်တစ်တွင် အတော်ဆုံးလူများသာ ရှိရမည်ဖြစ်သည်။ လူအများက သိထားကြသည်မှာ ပြင်ပ ကျောင်းသားများထဲတွင် ထိုစာရင်းတွင် ပါနိုင်ခြေ ရှိသူများမှာ ဟွာဂျီယူ၊ ယန်ဇူနှင့် မူရွန်ချူ တို့ဖြစ်ကြသည်။ ယခုမူကား မူရွန်ချူအား ကျော်ဖြတ်ကာ ထိုစာရင်းထဲ ဝင်သွားသူ မည်သူဖြစ်မည်ကို အားလုံးက သိလိုနေကြသည်။

ထိုသူကား အလွန် လျှို့ဝှက်သည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် ပြင်ပကျောင်းသားများရှိ အတော်ဆုံး ကျောင်းသားများ အားလုံးမှာ ဂုဏ်ထူးစာရင်း အဆင့်နှစ်နှင့် သုံးတွင် ပါဝင်သွားပြီးပြီ မဟုတ်ပါလား။ သူတို့မည်မျှပင် တွေးတောသော်လည်း မည်သူဖြစ်နိုင်သည်ကို ခန့်မှန်းမရကြပေ။

“ကြည့်ရတာတော့ ငါတို့ကြားထဲမှာ မြင်းနက် [မြင်းနက်ဟူသော အသုံးမှာ တရုတ်စကားပုံတစ်ခုမှ ဆင်းသက်လာခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ထူးချွန်သော်လည်း ကျော်ကြားခြင်း မရှိသောသူကို ရည်ညွှန်းလေ့ ရှိကြသည်] တစ်ကောင် ရှိနေပြီပဲ… ဘယ်သူများလဲ…” လူအများက ပတ်ဝန်းကျင်အား ဝေ့ကြည့်ကာ ဖြစ်နိုင်ဖွယ်လူအား ရှာဖွေကြသည်။

လင်းရှာကား ထိုအကြောင်းအရာများနှင့် မည်သို့မျှ မသက်ဆိုင်သလို တည်ငြိမ်လှသည်။ သူက ရီဖူရှင်းအားကြည့်ကာ စာမေးပွဲရလဒ်များ ကြေညာပြီးပါက သူ့အား မည်သို့ သရော်ရမည်ကို တွေးနေ၏။

စင်ပေါ်တွင်ကား ကျောင်းတော်၏ ထင်ရှားသော ပညာရှင်များက ပြီးခဲ့သော စာမေးပွဲရလဒ်များနှင့် ပတ်သက်၍ ငြင်းခုံနေကြသည်။ ယန်ဇူ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူကား ဟွာဂျီယူအား ကျော်ဖြတ်နိုင်မည်လား မသေချာပေ။ ယခုစာမေးပွဲပြီးပါက ဂမ္ဘီရ ကျောင်းဆောင်အား ဝင်ကာ ကျောင်းတော်၏ တရားဝင် ကျောင်းသားအဖြစ် လက်ခံတော့မည်ဟု ကတိပေးထားပြီး ဖြစ်သည်။ ထို့ကြောင့် ယခုစာမေးပွဲသည် ဟွာဂျီယူအား ကျော်ဖြတ်လျက် ပထမ ရယူရန် နောက်ဆုံး အခွင့်အရေး ဖြစ်သည်။

နောက်ဆုံးတွင် စာမေးပွဲကြီးကြပ်သူများထဲမှ တစ်ယောက်က စာလိပ်တစ်လိပ်အား ကိုင်ကာ စင်ပေါ်သို့ တက်လာလေသည်။ စင်ပေါ်သို့ ရောက်သည်နှင့် စာလိပ်အား ဖြန့်ကာ ဂုဏ်ထူးစာရင်း အဆင့်တစ်မှ လူသုံးယောက် နာမည်အား စတင် ကြေညာလေသည်။

“ယန်ဇူ… ရာသီကုန် စစ်ဆေးခြင်းစာမေးပွဲ… ဂုဏ်ထူးစာရင်း အဆင့်တစ်… တတိယ…” ကြေညာသူက ပထမဦးဆုံး နာမည်အား အော်လိုက်၏။ လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

“ယန်ဇူက တတိယ နေရာပဲ ရတယ်… ဟုတ်လား…”စကားသံတချို့ လူအုပ်ထဲမှ ထွက်လာသည်။

စာမေးပွဲတိုင်းတွင် ဟွာဂျီယူ၏ နောက် ဒုတိယနေရာတွင် အမြဲရသော ယန်ဇူကား ယခုတစ်ကြိမ် တတိယ နေရာသို့ ရောက်သွားသည်။ လူတိုင်းက ပို၍ အံ့သြသင့်သွားကြသည်။

“မဖြစ်နိုင်ဘူး…”ယန်ဇူကား ဘာပြောရမှန်းမသိတော့… သူ တကယ် မျှော်လင့်ထားသည်က တတိယနေရာ မဟုတ်ပေ။ သူ၏ မျက်နှာတွင် စိတ်ဓာတ်ကျ၍ အနည်းငယ် အိုစာသွားပုံရသည်။ သူကား ယခုတစ်ကြိမ် ဟွာဂျီယူအား ကျော်ဖြတ်ရန် စိတ်မှ အားခဲထားသည် မဟုတ်ပါလား။ ယခုကား ပိုမိုဆိုးရွားစွာပင် တတိယ နေရာသို့ ရောက်သွား၏။

လူတိုင်းက ထပ်မံခေါ်မည့်နာမည်အား နားစွင့်နေကြသည်။ မည်သူက ယန်ဇူအား တတိယနေရာသို့ ပို့နိုင်လောက်အောင် ထက်မြက်သနည်း။ သူတို့က ကြေညာသူထံသို့ ပိုမို၍ အာရုံစိုက်နေကြသည်။

“ဟွာဂျီယူ… ဒုတိယ…” နောက်ထပ် နာမည် တစ်ခု ခေါ်သံထွက်လာသည်။ တစ်ကွင်းလုံးရှိ လူများက ထိုအသံကို ကြားပြီးသည်နှင့် အုတ်အော်သောင်းတင်း ဆူညံသံများ ထွက်လာသည်။

“ဟွာဂျီယူက သုံးနှစ်ဆက်တိုက် ပထမ ရလာတာမလား… ဒါ… ဘယ်လိုဖြစ်တာလဲ…”

“ဒါဆို ပထမက ဘယ်သူလဲ…”

“ဒါမဖြစ်နိုင်ဘူး… ဟွာဂျီယူကို ကျော်ပြီး ဘယ်သူက ပထမရအောင် စွမ်းဆောင်နိုင်တာလဲ…”

ပို၍ ထူးဆန်းသည်ကား ဟွာဂျီယူအား ကျော်ဖြတ်၍ ပထမ ရသွားသောသူကား ယန်ဇူလည်း မဟုတ်သလို မူရွန်ချူလည်း မဟုတ်ပေ။ သူတို့အားလုံး၏ အတွေးထဲတွင် တူညီသော မေးခွန်း တစ်ခုသာလျှင်ရှိကြ၏။ ထိုမေးခွန်းကား ပထမရသည်မှာ ဘယ်သူနည်း။

ဟွာဂျီယူလည်း အနည်းငယ် အံ့အားသင့်သွားပုံရသည်။ သူမက မရည်ရွယ်ဘဲ ဘေးမှ ရီဖူရှင်းအား စောင်းငဲ့ကြည့်လိုက်သည်။ ထို့နောက် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလာရသည်။

အခြေအနေကား အထွတ်အထိပ်ကို ရောက်နေပြီဖြစ်သည်။ လူတိုင်းက ပထမရသောသူ မည်သူဖြစ်မည်ကို သိလိုနေကြသည်။

ယူချင်းက လက်နှစ်ဖက်အား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူလုပ်နိုင်ပြီဟု သူတွေးလိုက်သည်… သူ အလွန် စိတ်လှုပ်ရှားနေလေပြီ။ ခဏအကြာတွင် မည်သို့ဖြစ်မည်ကို သူတစ်ယောက်သာလျှင် သိပေသည်။

စာမေးပွဲကြီးကြပ်သူက သူ၏ရှေ့မှ ကျောင်းသားများအား ဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏ အကြည့်က လူငယ် တစ်ယောက်ထံတွင် ရပ်တန့်သွားသည်။ သူလည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သုံးနှစ်လုံးလုံး လူတိုင်းက သရော်နေသော။ အသုံးမကျဟု သတ်မှတ်ထားသော သူက ပထမ နေရာကို ရသည်ကို သူကိုယ်တိုင် မယုံကြည်နိုင်သေးပေ။ သို့သော် မည်သို့ပင်ဆိုစေ မိမိမျက်စိရှေ့မှ နာမည်အား ဖတ်ပြရမည်။ သူ အသက်ဝအောင် ရှူလိုက်သည်။ ထို့နောက် သူ၏ ရှေ့မှ ကျောင်းသားများအား ကြည့်ကာ အော်လိုက်သည်…

“ယခုနှစ် ရာသီကုန် စစ်ဆေးခြင်း ရေးဖြေ စာမေးပွဲ ပထမနေရာကို ရတဲ့သူရဲ့နာမည်က…” သူက အနည်းငယ် ရပ်တန့်လိုက်သည်။ ထို့နောက်…

“ရီ…ဖူ…ရှင်း…”

တစ်ခဏချင်းတွင်ပင် တစ်ခန်းလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

လူတိုင်း၏ မျက်နှာတွင် မယုံကြည်နိုင်မှု။ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။ သူတို့က ဖြစ်နိုင်ဖွယ်ရှိသော သူများအားလုံးအား တွေးကြည့်ကြသော်လည်း ရီဖူရှင်းဟူ၍ မည်သူမှ မထင်ထားကြပေ။ ရီဖူရှင်းကား ကျောင်းတော်၏ စာမေးပွဲများအား ဝင်မပြိုင်သည်မှာ သုံးနှစ်ရှိပြီ ဖြစ်သည့်အပြင် နိုးထခြင်း အဆင့်တစ်တွင် ရပ်တန့်နေသော အမှိုက်မဟုတ်ပါလား။ ထိုသူက ရာသီကုန်စာမေးပွဲ၏ ရေးဖြေ ပထမ နေရာကို ရသည်တဲ့လား။

သို့သော် စာမေးပွဲကြီးကြပ်သူများက မှားယွင်းစရာ အကြောင်းမရှိပေ။

“ရီဖူရှင်းက ရေးဖြေစာမေးပွဲ ပထမ ဟုတ်လား… တစ်ယောက်ယောက် ငါ့ကို ပြောစမ်းပါဦး… ငါ အိပ်မက်များ မက်နေတာလား…” တချို့က သူတို့က နားကြားမှားသည်လား သံသယဝင်ကြသည်။

“ရီဖူရှင်း… ဟုတ်လား…”ချင်ယီက ဖူရှင်း၏ နာမည်အား တိုးတိုးလေး ရွတ်လိုက်၏။ သူမက စိတ်လှုပ်ရှား၍ ဘာပြောရမည် မသိတော့။ မည်သူကမှ သူ့အား ပထမရမည်ဟု မယုံကြည်ကြပေ။ မူလက သူ၏ နာမည်က အောင်မြင်သူများ စာရင်းတွင် မပါဝင်၍ လက်လျှော့လိုက်ပြီး ဖြစ်သောကြောင့် ယခု စာမေးပွဲ၏ ပထမနေရာတွင် ဖူရှင်း၏ နာမည်အား ကြားလိုက်ရသည်က သူမအား အေးခဲသွားစေသည်။ သို့သော် အတန်ကြာသောအခါ သူမ၏ မျက်နှာက ပြုံးလာသည်။

“ခွေးကောင်… ဘယ်လိုလုပ် သူက ပထမ ရသွားတာလဲ…” သူမက အဝေးမှ ဖူရှင်းအား ပြုံးလျက်ကြည့်ကာ စိတ်ထဲမှ ဆဲရေးလိုက်သည်။

လင်းရှာ၏ မျက်နှာက မယုံကြည်နိုင်မှု။ မုန်းတီးမှုများဖြင့် နက်မှောင်နေသည်။ သူကား မူလကပင် ဖူရှင်းမှာ စာမေးပွဲပြီးလျှင် ကျောင်းထုတ်ခံရတော့မည်ဟု တွေးထားသူဖြစ်သည်။ စာမေးပွဲရလဒ် ကြေညာပြီးသည်နှင့် သရော်သော။ အရှက်ခွဲသော စကားများ ကြိုတင် စဉ်းစားပြီး ဖြစ်သော်လည်း ယခုမူ ဘာစကားမှ မပြောနိုင်တော့ပေ။

ဖန်းရှင်းဇွီကား ဘာမှမပြောနိုင်အောင်ပင် တွေဝေမိန်းမော နေလေသည်။ သူမ၏ မျက်လုံးများက ရလဒ်ကြေညာသူထံမှ ဖူရှင်း ထိုင်နေရာထံသို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်။

ရီဖူရှင်းကား သူ၏နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏မျက်နှာပေါ်မှ အပြုံးကား ပုံမှန်အတိုင်းပင် တည်ငြိမ်ဆဲ။ တောက်ပဆဲပင်။ သူ့ပုံစံကြည့်ရသည်မှာ ပထမနေရာက အမှန်တကယ် သူနှင့်ထိုက်တန်၍ ရခြင်းဟု ယုံကြည်နေသည့်ပုံ ဖြစ်သည်။ ယခုရလဒ်မှာလည်း သူမျှော်လင့်ထားသည့် ရလဒ်ဖြစ်သည့်အလျောက် ထူးခြားသည့်ပုံစံ သူ့ထံတွင် မတွေ့ရပေ။

လွန်ခဲ့သော သုံးနှစ်ကာလလုံး မည်သည့်စာမေးပွဲမှ ဝင်မဖြေခဲ့ခြင်းက ယခု ဖူရှင်း၏ အောင်မြင်မှုအား ပိုမို ထင်ရှားစေသည် ဟုဆိုရပေမည်။

ဟွာဂျီယူက ဖူရှင်း၏ဘေးတွင် ထိုင်နေ၏။ သူမက သူမ၏ လှပဝိုင်းစက်သော မျက်လုံးများဖြင့် ဖူရှင်းအား အကဲခတ်လိုက်သည်။ သူကား သူမ၏စံချိန်ကို ချိုးဖျက်ခဲ့ပြီ။ သို့သော် သူမက စိတ်ပျက်သော ခံစားချက် တစ်စုံတစ်ရာ မခံစားရပေ။ ထိုအရာကား မူရွန်ချူနှင့် ယန်ဇူတို့ကဲ့သို့ မချိတင်ကဲ ခံစားချက်မျိုး မဟုတ်ပေ။ ၎င်းအစား အံ့အားသင့်သောစိတ်။ စူးစမ်း လိုစိတ်များသာလျှင် သူမ၏စိတ်ထဲတွင် ရှိပေသည်။

သူမ၏အဖေက ရီဖူရှင်းမှာ သူမကဲ့သို့သော ပါရမီပါသောသူဟု ပြောခဲ့သည်။ ပထမတွင် သူမက လက်ခံရန် ငြင်းပယ်ခဲ့သည်။ အမှန်တကယ်တွင်လည်း သူမက ယခု ရာသီကုန် စာမေးပွဲအား စောင့်မျှော်နေသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုစာမေးပွဲတွင် ရီဖူရှင်းက ယခင်လို သူ၏စွမ်းရည်များအား လျှို့ဝှက်၍ မရနိုင်တော့သည်မှာ သေချာပေသည်။ သူမက သူမ၏အဖေက အဘယ်ကြောင့် သူ၏စည်းမျဉ်းအား သွယ်ဖည်၍ ရီဖူရှင်းအား တပည့်အနေဖြင့် လက်ခံခဲ့ရသနည်း ဆိုသည်ကို အလွန်သိချင်နေ၏။ ထို့ကြောင့် သူမ၏စိတ်အား ကြိုတင် ပြင်ဆင်ထားသော်လည်း တကယ်တမ်း သူမအား ကျော်ဖြတ်လျက် ပထမနေရာအား ရယူသွားသည်ကို အနည်းငယ် အံ့အားသင့်ရသည်။

“တစ်ခုခု မှားနေတာ ဖြစ်ရမယ်…” ရုတ်တရက်ပင် ကျောင်းသားများထဲမှ တစ်ယောက်က ထအော်လိုက်သည်။ အားလုံးသူ၏ မျက်လုံးများက အသံလာရာနေရာသို့ ရောက်သွားကြသည်။ ထိုသူကား ရီဖူရှင်း၏ ရှေ့တွင် မတ်တတ်ရပ်နေသော ယန်ဇူ ဖြစ်သည်။

မူလကတည်းက တတိယနေရာကိုသာလျှင် ရခြင်းက သူ့အား စိတ်ပျက်စေပြီး ဖြစ်သည်။ သို့သော် ပို၍ အရှက်ရစေသည်က ရီဖူရှင်းဖြစ်သည်။ စာမေးပွဲရလဒ် မကြေညာခင် အခိုက်အတန့်မှာပင်လျှင် သူက လူအများကြားအောင် ရီဖူရှင်းအား သရော်သော အရှက်ခွဲသော စကားများ ပြောပြီးဖြစ်သည်။ ယခုမူကား ရီဖူရှင်းက ပထမနေရာ ရကာ သူက တတိယနေရာကို သာလျှင် ရခြင်းက သူ့အား ပိုမို အရှက်ရစေလေသည်။ သူကား မိမိကိုယ်ကို အရူးဖြစ်အောင် လုပ်နေသကဲ့သို့ပင်။

“ယန်ဇူ … ဘာပြဿနာရှိလို့လဲ…”စာမေးပွဲ ကြီးကြပ်သူက မေးလိုက်သည်။

ယန်ဇူက အနည်းငယ် ရပ်တန့်လိုက်၏။ ထို့နောက် ရီဖူရှင်းအား မျက်မှောင်ကုတ်လျက် တစ်ချက် ကြည့်လိုက်သည်။

“ရီဖူရှင်းက ဟွာဂျီယူရဲ့ ဘေးမှာထိုင်တာ… သူက ဟွာဂျီယူဆီက ခိုးကူးတာ ဖြစ်ရမယ်…”

“ဟုတ်တယ်… ခိုးကူးတာ… ခိုးကူးတာပဲ ဖြစ်ရမယ်…” လင်းရှာကလည်း ထပ်ပြောသည်။ တခြားလူများကလည်း ထိုအဆိုအား သဘောတူပုံရသည်။ လူတိုင်းက ခေါင်းညိတ် ထောက်ခံကြသည်။

“ဘာပြောတယ်… ငါတို့ကို ဘယ်သူတွေလို့ မင်းတို့က ထင်နေတာလဲ…”

“ကြီးကြပ်ရေးမှူးတွေလား… မျက်ကန်း အဘိုးကြီးတွေလား… ဘယ်သူတွေလို့ထင်လဲ…” ဤသည်ကား သူတို့၏မျက်နှာကို ရေအေးဖြင့် အပက်ခံရသကဲ့သို့ ဖြစ်သည်။ အဖြေလွှာများအား အဆင့်မစီမီကပင် စာမေးပွဲကြီးကြပ်သူများ၏ အဆင့်ဆင့်သော စစ်ဆေးမှုများအား ကျော်ဖြတ်ပြီးမှသာလျှင် နောက်ဆုံးတွင် ယခုရလဒ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မည်သူက ခိုးကူးသော အဖြေလွှာအား သတိမထားပဲ နေမည်နည်း။

ရီဖူရှင်းကား စာရေးစားပွဲအား လက်ညှိုးဖြင့် အသာအယာခေါက်ကာ ကစားနေ၏။ သူ့အားကြည့်ရသည်မှာ အလွန် အေးဆေးလှသည်။ သူက တိတ်တဆိတ်နေခြင်းကပင်လျှင် သူတို့၏ သံသယများ မကြာခင် ပြယ်လွင့်သွားမည်ကို သိနေသည်။

“ခင်ဗျားတို့ အားလုံးက ဂုဏ်ထူးဆောင် ပညာရှင်တွေဆိုတာ သိပါတယ်… ဒါပေမဲ့ လူတိုင်းက အမြင်ကွဲပြားတယ် မဟုတ်လား… ကျွန်တော်က တတိယ ရပြီး… ရီဖူရှင်းက ပထမရတာ… လက်မခံနိုင်ပါဘူး…” ယန်ဇူကား လုံးဝ စိတ်လှုပ်ရှား နေလေပြီ။ သူကား ရီဖူရှင်း၏ ပထမနေရာအား တမင်ပင် ဖျက်ဆီးရန် ကြိုးစားနေလေပြီ။

စာမေးပွဲကြီးကြပ်သူက ယန်ဇူအား စိတ်ပျက်စွာ ကြည့်လိုက်၏။ ကြည့်ရသည်မှာ သည်ကျောင်းသားကား အရှုံးအား လက်ခံနိုင်သော သည်းခံမှုမျိုးရှိပုံမရပေ။ အရှုံးအား လက်ခံနိုင်စွမ်းမရှိပဲ မည်မျှပင် ပါရမီကောင်းနေပါစေ ယန်ဇူကား အနာဂတ်တွင် ကြီးမားသော အောင်မြင်မှုကို မည်သို့မျှ ရနိုင်မည် မဟုတ်ပေ။

ရီဖူရှင်းက ယန်ဇူအား ကြည့်လိုက်သည်။ ယန်ဇူကား သူကိုယ်တိုင်အား အရှက်ရစေနိုင်သည်ကို မသိဘဲ ခေါင်းမာလွန်းလှသည်။

**

Comment

Leave a Reply

Options

not work with dark mode
Reset