သူမက မထင်မှတ်ဘဲ ဖူရှင်း၏ နံဘေးနေရာတွင် နေရာယူလိုက်၏။ ထိုမြင်ကွင်းက သူမ၏လှုပ်ရှားမှုများအား စိတ်ဝင်တစား ကြည့်နေသော ပုရိသများစွာတို့၏ မျက်လုံးများကို ပြာဝေသွားစေသည်။ ထို ရီဖူရှင်း…။ သုံးနှစ်အတွင်း မည်သည့်စာမေးပွဲမှ မဖြေဆိုဖူးသောသူ။ ဖန်းရှင်းဇွီ၏ ငြင်းပယ်ခြင်းအား ခံထားရသူ။ ထိုသို့ ကျောင်းတော်မှ ထုတ်ခံရလုနီးပါးလူက ယခု ကျောင်းတော်၏ အလှနတ်သမီးနှင့်အတူ ယှဉ်တွဲထိုင်လျက် စာမေးပွဲ ဖြေရတော့မည်။
“ဘယ်လောက်တောင် ကံကောင်းလိုက်တဲ့ ခွေးကောင်လဲ…”
လူတိုင်းက သူ့အား မနာလို ဖြစ်ကြသည်။ သူ၏ ပထမဆုံးအကြိမ် စာမေးပွဲတွင်ပင် ဟွာဂျီယူ၏ ဘေးတွင် ထိုင်ကာ စာမေးပွဲဖြေရသည်။ အထူးသဖြင့် ဟွာဂျီယူက ထောင့်စွန်းဆုံးမှ နေရာတွင် ထိုင်ခြင်းဖြစ်သောကြောင့် အလိုအလျောက်ပင် ဖူရှင်းမှာ သူမ၏ဘေးမှ ထိုင်ခွင့်ရသော တစ်ဦးတည်းသော မောင်ကံကောင်း ဖြစ်ပေသည်။ ထိုကဲ့သို့သော အခွင့်အရေးအား ကြည့်ကာ တခြားလူများ မည်မျှခံစားရမည်ကို ခန့်မှန်းနိုင်ပေသည်။
ဖူရှင်းက သူ့အား စိုက်ကြည့်နေကြသော ဒေါသမျက်လုံးများအား ခံစားမိသည်။ သူက မိမိဘေးမှ မိန်းကလေးအား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမကား ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအား ဂရုစိုက်ပုံမရဘဲ သိမ်မွေ့ တိတ်ဆိတ်စွာ ထိုင်နေသည်။
ဒီမြေခွေးမ… ငါ့ကိုတမင် ချောက်ချတာထင်တယ်… ဖူရှင်းစိတ်ထဲမှ အပြစ်တင်လိုက်သည်။ သူကား မူလက စာမေးပွဲတွင် တိတ်ဆိတ် အေးဆေးစွာ ဖြေဆိုမည်ဟု ရည်မှန်းထားသော်လည်း ယခုမူကား ဆန့်ကျင်ဘက်အားဖြင့် လူအများ၏ အာရုံစိုက်မှု မုန်းတီးမှုများအား ခံယူနေရ၏။
ပြိုင်ပွဲနေရာတွင် လူများ တဖြည်းဖြည်း ပြည့်နှက်လာသည့် အလျောက် ဟွာဂျီယူ၏ ပတ်ဝန်းကျင်ရှိ ထိုင်ခုံများမှာလည်း နေရာလပ် မကျန်အောင် ပြည့်နှက်နေလေပြီ။
“နေရာ လဲလို့ရမလား…” ရုပ်ရည်ချောမောသော လူငယ်တစ်ဦးက ဖူရှင်း၏ အနီးသို့ ကပ်လာကာ မေးသည်။
ဖူရှင်းက ထိုင်နေရာမှ မော်ကြည့်လိုက်ရာ ထိုလူငယ်နှင့် မျက်လုံးချင်း ဆုံ၏။ သူ၏ မျက်နှာတွင် မိမိကိုယ်ကို ယုံကြည်မှု။ ဝင့်ကြွားမှုများအား အတိုင်းသား မြင်နေရသည်။
“အဲဒါ ယန်ဇူပဲ…” လူတိုင်းက အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ ယန်ဇူကား ရေးဖြေ စာမေးပွဲတွင် ပြီးခဲ့သည့် သုံးနှစ်လုံး ဒုတိယ ရထားသူဖြစ်သည်။ သူက ဟွာဂျီယူ အား ကျော်ဖြတ်ကာ ပထမ ရလိုသည်။ လူတိုင်းက ယန်ဇူမှာ ဟွာဂျီယူအား တိတ်တခိုး ကြိုက်နေသည်ကို သိကြ၏။
ယန်ဇူကား အမှန်တကယ်လည်း ကျောင်းတော်၏ ပါရမီရှင် ကျောင်းသား တစ်ယောက်ဖြစ်သည်။ သူကား ရေးဖြေစာမေးပွဲတွင်သာ ရလဒ်ကောင်းများ ရထားသည်သာမက သူ၏ မီးဓာတ်စွမ်းအင်အား အာရုံခံနိုင်စွမ်းမှာ အလွန်မြင့်မားလှရာ နိုးထခြင်းစွမ်းအင် အဆင့် ခုနစ်ကို ရောက်နေပြီး ဖြစ်သည်။ ဟွာဂျီယူအား အနည်းငယ်သော ကွာခြားချက်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း သူကား အတော်ဆုံး ပြင်ပကျောင်းသားများထဲမှ တစ်ယောက်ပင်။
ဖူရှင်းက ယန်ဇူအားကြည့်ကာ အနည်းငယ် စဉ်းစားဟန်ပြုလိုက်သည်။ ထို့နောက်…
“သေချာတာပေါ့…”
ပတ်ဝန်းကျင်ရှိ လူများအားလုံး အံ့သြမှင်တက်သွားသည်။ သူတကယ် လက်လျှော့ လိုက်တာလား…။
“လို့ မဆိုလိုဘူး…” ဖူရှင်း သရော်သည့်ဟန်ဖြင့် ပြုံးလျက် ပြောလိုက်၏။ ဖူရှင်း ဆက်ပြောလိုက်သော စကားအားကြားကာ မူလက ပြုံးနေသော ယန်ဇူ၏ မျက်နှာ မည်းမှောင်သွားသည်။
“ငါမင်းကို သိတယ်… မင်းက သုံးနှစ်လုံး ကျောင်းတော်မှာ ဘာစာမေးပွဲမှ ဝင်ဖြေခဲ့တာ မရှိခဲ့ဘူး။ ကျောင်းတော်က မင်းကို ထုတ်ပယ်တော့မှာမလား… ဒီမှာဘာလို့ အချိန်ဖြုန်းနေတာလဲ…” ယန်ဇူက ဒေါသကို ထိန်းချုပ်ကာ ပြန်၍ သရော်လိုက်၏။
“ဒါပေမဲ့ ငါအခု ဖြေနေတယ်လေ…” ဖူရှင်းက ဆက်၍ ပြုံးနေလိုက်သည်။
“ဟား ဟား… စာမေးပွဲမှာ အရှက်ရမှာတော့ ငါမြင်ယောင်နေတယ်…” ယန်ဇူက ရယ်မောလျက် ပြောလိုက်သည်။ ထို့နောက် ဖူရှင်း၏ဘေးမှ ဟွာဂျီယူအား တစ်ချက်ကြည့်ကာ သူ့နဂိုနေရာသို့ ပြန်သွားလိုက်သည်။ သူက အလွန်အရေးကြီးသော တိုက်ပွဲတစ်ခုအား တိုက်ခိုက်တော့မည့် စစ်သူရဲကောင်းတစ်ဦး၏ ဟန်ပန်အပြည့်ဖြင့် သူ၏ နေရာတွင် ထိုင်လိုက်သည်။
ဖူရှင်းက နေရာလဲရန် ငြင်းပယ်သည်ကို လူတွေက သိပ်မအံ့သြကြတော့ပေ။ သူ၏ နေရာတွင် တခြားသူများဆိုလျှင်လည်း ဖယ်ပေးကြမည် မဟုတ်ပေ။ သို့သော် သူ၏ လက်ရှိ အခြေအနေဖြင့် ဟွာဂျီယူ၏ ဘေးတွင် ထိုင်ခွင့်ရနေသည်မှာ ဆီလျော်သည်ဟု မထင်ကြပေ။ သူကား မကြာခင် ကျောင်းထုတ်ခံရတော့မည့် ကျောင်းသား မဟုတ်ပါလား။
ပြင်ပကျောင်းတော်သားများက မိမိနေရာကိုယ်စီ ယူပြီးကြသောအခါ တရားဝင် ကျောင်းတော်သားများက ၎င်းတို့အားလုံးအား လေးထောင့်ပုံစံဖြင့် ပတ်ပတ်လည်မှ ဝိုင်းရံလိုက်ကြ၏။ သို့သော် စုစုပေါင်း စားပွဲပေါင်း သုံးထောင်ရှိသော်လည်း တကယ်တမ်း စာမေးပွဲဝင်ဖြေသူကား တစ်ထောင်ကျော်ခန့်သာ ရှိ၏။ ကျောင်းတော်မှ စစ်ဆေးသော စာမေးပွဲမှာ အလွန်ခက်ခဲသောကြောင့် ကျောင်းသားအများစုမှာ မိမိပိုင်နိုင်သော အခြေအနေရောက်မှ စာမေးပွဲအား ဝင်ရောက် ဖြေဆိုကြလေ့ရှိသည်။ သို့မှသာလျင် ကောင်းမွန်သော ရလဒ်အား ပိုင်ဆိုင်မည် မဟုတ်ပါလား။ သို့သော် ဖူရှင်းကဲ့သို့ သုံးနှစ်အတွင်း မည်သည့်စာမေးပွဲကိုမျှ ဖြေကြားခြင်း မရှိသည်ကား တစ်ခါမှပင် မကြားဖူးပေ။ ကျောင်းတော်ကပင်လျှင် သူ့အား သည်းခံစိတ် ကုန်ဆုံးလာပြီဖြစ်သည်။
ပြိုင်ပွဲရှေ့ တည့်တည့်တွင်ကား တာဝန်ရှိသူများနှင့် တရားဝင် ကျောင်းသားအချို့ ထိုင်နေကြသည်။ ချင်ယီက ဖူရှင်းအား ကြည့်လိုက်၏။ သုံးနှစ်ခန့် ကြာပြီးနောက် နောက်ဆုံးတွင် သူကား စာမေးပွဲဝင်ရောက် ဖြေဆိုလေပြီ။ သူတစ်ခုခု လုပ်ပြနိုင်မည်လား သူမ မသိပေ။ သို့သော် မျော်လင့်ချက် အနည်းငယ်တော့ ရှိသည်။
“ယန်ဇူက ကျောင်းတော်ရဲ့ ဂမ္ဘီရ ကျောင်းဆောင်တွေနဲ့ ဆက်သွယ်ပြီးသွားပြီ။ အခု ရာသီကုန် စာမေးပွဲပြီးတာနဲ့ သူက ကျောင်းတော်ရဲ့ တရားဝင်ကျောင်းသား ဖြစ်တော့မှာ။ ရီဖူရှင်း လိုဘာမှ အသုံးမကျတဲ့ကောင်က ယန်ဇူ ရှေ့မှာ ဒီလိုပြောရဲတယ် ဆိုတာတော့ တော်ရုံသတ္တိနဲ့မရဘူး … ဟင်း…” မိုလန်ရှန်က နှာခေါင်း ရှုံ့လိုက်သည်။ သူ၏ ဘေးမှ ချင်ယီ ကြားလောက်အောင်ပင် သူက တမင်ပြောခြင်းဖြစ်သည်။
ချင်ယီ မျက်မှောင်ကုတ် သွားသည်။ ရီဖူချင်းကား အမှန်တကယ် ပြဿနာကောင်ဖြစ်သည်။ သို့သော် အသုံးမကျသောကောင်ဟု ပြောရန်ကား မလိုအပ်ဟု သူမထင်သည်။
“သူနဲ့ ပတ်သက်ပြီး မကျေနပ်တာ ရှိလို့လား” ချင်ယီက မိုလန်ရှန်အား ငဲ့စောင်းလျက် မေးလိုက်၏။
“သေချာတာပေါ့… ဒီကောင်က ဘာမို့လို့ မင်းကို စာသင်ခန်းထဲမှာ အဓိပ္ပာယ် မရှိတာတွေ ပြောရတာလဲ… မင်းက သူ့ကို ဘာလို့ ဒီလောက် မျှော်လင့်ထားတာလဲ ဆိုတာ မယုံနိုင်ဘူး… မင်းရဲ့အချိန်တွေကို ဘာလို့ ဖြုန်းနေရတာလဲ…” မိုလန်ရှန်က ပြောသည်။
ချင်ယီက ဘာပြန်ပြောရမည်မှန်း မသိတော့ပေ။ ဖြစ်နိုင်သည်က လွန်ခဲ့သော သုံးနှစ်ခန့်က ဖူရှင်းပြသခဲ့သော သူ၏ ပါရမီ။ သူ၏ စွမ်းဆောင်ရည်အား အလဟဿ မဖြစ်စေချင်သောကြောင့် ယခုကဲ့သို့ သူ့ထံမှ တစ်ခုခု မျှော်လင့်နေမိသည် ထင်၏။ သူကား အမှန်တကယ်ပင် ယခုကဲ့သို့ အဆုံးမသတ်သင့်ဟု သူမထင်သည်။
“အချိန်ကျပြီ စာရွက်တွေ ဝေတော့…” စာမေးပွဲကြီးကြပ်သူ လူကြီးတစ်ယောက်က အမိန့်ပေးလိုက်သည်နှင့် ပတ်ပတ်လည်မှ တရားဝင် ကျောင်းသားများက စားပွဲများကို လိုက်လံ၍ စာရွက်များ ဝေကြသည်။ ရာသီကုန်စာမေးပွဲကား စတင်လေပြီ။
ချက်ချင်း ကွင်းကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လာရောက် ကြည့်ရှုသူများထဲတွင် ကျောင်းတာဝန်ရှိသူများ။ အရာရှိအရာခံများ။ ကျောင်းသားမိဘများ။ ပညာရှင်များ ပါဝင်သည်။ သူတို့အားလုံးက စာမေးပွဲချိန်အတွင်း တိတ်ဆိတ်နေခြင်းက စာမေးပွဲဖြေဆိုသော ကျောင်းသားများအတွက် အရေးပါသည်ကို သိကြသည်။
ဖန်းရှင်းဇွီက လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ယခုစာမေးပွဲကား သူမအတွက် အလွန်အရေးပါလှသည်။ ယခု စာမေးပွဲတွင် အဆင့်ကောင်းကောင်း ရမှသာလျင် ကျောင်းတော်၏ စာကြည့်တိုက် ဒုတိယထပ်သို့ တက်ခွင့်ရရန် မျှော်လင့်ချက်ရှိသည်။ ထိုမှသာလျှင် ပိုမိုများပြားသော သိုင်းစာအုပ်များ။ သိုင်းမှတ်စုများအား ဖတ်ရှုခွင့်ရပေမည်။ သူမက မေးခွန်းများအား ဂရုတစိုက်ဖတ်ကာ စတင် ဖြေကြားလိုက်သည်။
လင်းရှာက သူ၏ မေးခွန်းစာရွက်အား မကြည့်ခင် ဖူရှင်းအား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူက ဖူရှင်း၏ ဘေးခုံမှ ဟွာဂျီယူအားလည်း မြင်သည်။ သူ၏ မျက်နှာက မနာလိုစိတ်များဖြင့် မည်းမှောင်သွားသည်။ ဟွာဂျီယူကား သူ၏ စိတ်ကူးယဉ် အလှနတ်သမီးဖြစ်သည်။ အဘယ်ကြောင့် ရီဖူရှင်းက သူမ၏ ဘေးနေရာတွင် ထိုင်ခွင့်ရသနည်း… သူစိတ်မသက်မသာ တွေးလိုက်သည်။
ဟွာဂျီယူကား တိတ်ဆိတ်စွာပင် စတင် ဖြေနေလေပြီ။ သူမ၏ မျက်နှာတွင် အေးချမ်းသော အရိပ်အယောင်အား တွေ့ရကာ ယုံကြည်မှုရှိသော ပုံစံဖြစ်သည်။
ရီဖူရှင်းက မေးခွန်းအား အစအဆုံးဖတ်ကာ တစ်ချက်ပြုံးလိုက်သည်။ ထို့နောက် စုတ်တံအား ကောက်ကိုင်ကာ မေးခွန်းများအား တစ်ခုချင်း ဖြေကြားလိုက်သည်။ သူ၏ ပထမဆုံး ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲကား နောက်ဆုံးတွင် သူ၏ရှေ့ကို ရောက်နေပြီဖြစ်သည်။ လူအများစုက စာမေးပွဲအပြီးတွင် သူ့အား အရှက်ခွဲရန် စောင့်နေကြသည်ကိုလည်း သူသိသည်။ ဤစာမေးပွဲပြီးလျှင် သူ့အား ကျောင်းထုတ်တော့မည် မဟုတ်ပါလား။ သို့သော် သူပြုံးလိုက်သည်။ ထိုသူများအား သူက နောက်တစ်ခါ စိတ်ပျက်စေရပေဦးမည်။
မေးခွန်းများမှာ သိုင်းကျင့်စဉ် အခြေခံ အကြောင်းအရာများကို အစဉ်လိုက် လွယ်ရာမှ ခက်ရာသို့ စီထားခြင်းဖြစ်သည်။ အစပိုင်း မေးခွန်းများမှာ ကျောင်းသားအများစုက အလွယ်တကူ ဖြေနိုင်စွမ်း ရှိကြသည်။
ရီဖူရှင်း၏စုတ်တံက စာရွက်ပေါ်တွင် တဖြည်းဖြည်း ရွေ့လျားနေသည်။ သူက မေးခွန်းများအာလုံးကို အေးဆေးစွာ ဖြေနိုင်လေသည်။
… စိတ်ဝင်စားဖို့ ကောင်းသားပဲ… ရီဖူရှင်းက ပေးထားသော မေးခွန်းဆယ်ခုထဲမှ မေးခွန်းနံပါတ်တစ်ခုအား ဖတ်ကာ ပြောလိုက်သည်။ အကယ်၍ မြင်းစစ်သည်နှင့် မှော်ဆရာ တိုက်ခိုက်လျှင် မှော်ဆရာ၏ သဘာဝစွမ်းအင် ကုန်ဆုံးသွားပါက သင်သည် မြင်းစစ်သည်နေရာတွင် မည်သို့လုပ်မည်နည်း။ သင်က မှော်ဆရာနေရာတွင် ဆိုပါက မည်သို့ လုပ်မည်နည်း။
သူက အဖြေကို လျင်မြန်စွာ ရေးချလိုက်သည်။
အချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တချို့သော ကျောင်းသားများကား ချွေးများပင်လျင် စို့နေကြလေပြီ။ နောက်ပိုင်း မေးခွန်းများမှာ ပို၍ ရှုပ်ထွေးသဖြင့် ဖြေဆိုရန် အလွန်ခက်ခဲလှသည်။
မေးခွန်းတစ်ခုမှာ အဆင့်တူသော သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့နှင့် ဂမ္ဘီရ ပညာရှင် အဖွဲ့တစ်ဖွဲ့ တိုက်ခိုက်ခဲ့ပါက မည်သည့်အဖွဲ့ အနိုင်ရမည်နည်း ဟူ၍ ဖြစ်သည်။
အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းတွင်ကား သိုင်းပညာရှင် အဖွဲ့အတွင်းတွင် ကွဲပြားခြားနားသော သိုင်းပညာရှင်များ ပါဝင်နိုင်သလို မှော်ပညာရှင် အဖွဲ့အတွင်းတွင်လည်း မတူကွဲပြားသော ဓာတ်စွမ်းအင်အခြေပြု မှော်ပညာရှင်များ ပါဝင်နိုင်ပေသည်။ အကယ်၍ မှော်ပညာရှင်များက အတူလက်တွဲ၍ တိုက်ခိုက်ပါက အားနည်းချက်ရှာရန် အလွန်ခက်ခဲနိုင်သလို သိုင်းပညာရှင် အဖွဲ့၏ တိုက်ခိုက်ရေး စွမ်းအင်အားလည်း လျှော့တွက်၍ မရပေ။ ဖူရှင်းက ပြုံးလျက် သူ၏လေ့လာသုံးသပ်ချက်အား ချရေးလိုက်၏။ သူက မေးခွန်းများအားလုံး ဖြေကြားပြီးနောက် စုတ်တံအား ဘေးတွင် အသာအယာ ချလိုက်သည်။
တိုက်ဆိုင်စွာပင် သူ၏ဘေးမှ ဟွာဂျီယူကလည်း မေးခွန်းများအား ဖြေကြားပြီးကာ စုတ်တံအား ချလိုက်သည်ကို တွေ့ရသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ရီဖူရှင်းက သူမအား မချိတင်ကဲ ကြည့်ကာ ပြုံးလိုက်သည်။ သူမက သူ့အား မည်မျှပင် ရည်ရွယ်ချက်ရှိရှိ ချောက်ချသော်လည်း သူမကား အသက်ရှူ မှားလောက်အောင် လှပသည် မဟုတ်ပါလား။
စာမေးပွဲဖြေသူများထဲမှ သူတို့အချင်းချင်း အပြန်အလှန် အကြည့်ချင်း ဖလှယ်သည်ကို မည်သူမျှ သတိမထားမိသော်လည်း စာမေးပွဲကြီးကြပ်သူများထဲမှ တစ်ယောက်က သတိထားမိလိုက်သည်။
“သူမက အခုလည်း တူတူပဲ အရင်ကလို ပထမဆုံး ဖြေပြီးသွားတယ်…” ကျောင်းတော်၏တာဝန်ခံ လူကြီးတစ်ယောက်က ပြောသည်။ တိတ်တဆိတ်ပင် ထိုင်ကာ သူမ၏မေးခွန်းများသာလျှင် အာရုံစိုက်နေသော်လည်း သူမကား လူအများစုက စောင့်ကြည့်ခံရသူ မဟုတ်ပါလား။
“မဟုတ်ဘူး… သူ့ဘေးက ကောင်လေးက အရင် ဖြေပြီးတာ… ဒါပေမဲ့… ဒီကောင်လေးရဲ့ အဖြေက တလွဲတွေ ထင်တယ်” နောက် လူကြီးတစ်ယောက်က ပြောသည်။ သူက ထိုသို့ပြောကာ ပြုံးလျက် ခေါင်းယမ်းလိုက်သည်။ ဟွာဂျီယူလို အလှပဂေး တစ်ယောက်အား ဘေးမှာထားလျက် စာမေးပွဲဖြေရသည်က ရီဖူရှင်းအတွက် မည်မျှ အခက်အခဲ ဖြစ်မည်ကို သူခန့်မှန်းမိသည်။
“ဝိုး… ကြည့်ပါဦး… ဒီကောင် ဘယ်လောက်တောင် အမြန် ဖြေပြီးသွားတာလဲ… ဒီကောင် ကြိုးစားဖို့ မင်းဘယ်လောက် တွန်းအားပေးခဲ့သလဲ… အခု သူက ဘေးက မိန်းကလေးကို ဘယ်လို မျက်နှာလုပ်မလဲဆိုတာပဲ တွေးနေတယ်ထင်တယ်… ဟားဟား…” မိုလန်ရှန်က ချင်ယီ တမင်ကြားအောင်ပင် ရည်ရွယ်လျက် ပြောလိုက်သည်။ သူမက ရီဖူရှင်းအား တစ်ချက်ကြည့်ကာ စိတ်ပျက်သည့် အမူအရာ ဖြစ်သွားသည်။
တဖြည်းဖြည်းဖြင့် ကျောင်းသားများ အားလုံးနီးပါး ဖြေကြားပြီးဖြစ်သည်။ တချို့က စိတ်လှုပ်ရှား နေကြသည်။ တချို့က စိတ်ပျက်သည့် အမူအရာများ ဖြစ်နေကြသည်။
“အချိန်ပြည့်ပြီ… အဖြေလွှာတွေ လိုက်သိမ်းတော့…” စာမေးပွဲကြီးကြပ်သူ လူကြီးတစ်ယောက်က အမိန့်ပေးလိုက်သည်နှင့် ဘေးမှ တရားဝင် ကျောင်းသားများက အဖြေလွှာများအား လိုက်လံသိမ်းဆည်းက စင်ပေါ်ရှိ တာဝန်ရှိသူများထံ အပ်နှံကြသည်။ နောက်ဆုံးတွင် အဖြေလွှာများအားလုံး သိမ်းဆည်းပြီးသွား၏။
အဖြေလွှာများအား သိမ်းဆည်းပြီးသော်လည်း ကျောင်းသားများက မိမိနေရာတွင် ဆက်လက် ထိုင်နေကြသည်။ ကျောင်းတော်၏ ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲမှာ အရေးကြီးသော စာမေးပွဲဖြစ်ရကား ဖြေကြားသောနေ့တွင်ပင် ရလဒ်ကို ကြေညာလေ့ရှိသည်။
ကျောင်းတာဝန်ခံများက အဖြေလွှာများအား လျင်မြန်စွာပင် စစ်ဆေးကာ အဆင့်များ စီကြ၏။ သူတို့က အဆင့်စီနေသော အချိန်တွင် ပွဲကြည့်သူများက စကားစမည် ပြောနေကြပြီး ကျောင်းသားများက စိုးရိမ်စွာ ကြည့်နေကြသည်။
အတော်အတန် ကြာသောအခါ ကျောင်းတာဝန်ခံ တစ်ယောက်မှ စာရင်းတစ်ခုအား ကိုင်ကာ ကျောင်းသားများ၏ ရှေ့ကို လျှောက်လာ၏။ လူတိုင်းက ယခုနှစ် ရာသီကုန် စစ်ဆေးခြင်း ရေးဖြေစာမေးပွဲ ရလဒ်အား ကြေညာတော့မည်ကို သိကြသည်။
“လီယူ… ဖန်းယွန်… မိုဟန်ဂျေ……” ကျောင်းတာဝန်ခံက နာမည်များအား တစ်ယောက်ပြီးတစ်ယောက် အော်သွားသည့်အလျောက် နာမည်ခေါ်ခံရသော ကျောင်းသားများမှာ စိတ်လက်ပေါ့ပါးကား ပြုံးရွှင် ရယ်မောနိုင်ကြလေသည်။ သို့သော်လည်း တချို့မှာ ပိုကောင်းသော အဆင့်ကို မျှော်လင့်ကာ စိတ်ပျက်သူများလည်း ရှိလေသည်။
အောင်မြင်သူများအား ကြေညာရာတွင် သာမန်ရိုးရိုး အောင်သူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သူဟူ၍ ခွဲထားသည်။ ဂုဏ်ထူးဖြင့် အောင်မြင်သူများအား အဆင့်သုံးအုပ်စု။ အဆင့်နှစ် အုပ်စုနှင့် အဆင့်တစ်အုပ်စု ဟူ၍ ထပ်ပြီး ခွဲကာ ကြေညာသည်။ ထိုကြေညာချက်များ ထုတ်ပြန်ပြီးသောအခါ အဆင့်သုံးတွင် ၇၂ ယောက်။ အဆင့်နှစ်တွင် ၃၆ ယောက်နှင့် အဆင့်တစ်တွင် သုံးယောက် ပါဝင်သည်ကို တွေ့ရသည်။
ချင်ယီက တစ်ယောက်ပြီးတစ်ယောက် ဂရုတစိုက် နားထောင်ပြီးနောက် နောက်ဆုံးလူ၏ နာမည်အား အော်ပြီးသွားသောအခါ သူမ၏ မျက်နှာက စိတ်ပျက်သောကြောင့် မည်းမှောင်နေသည်။ အကယ်၍ ရေးဖြေစာမေးပွဲပင်လျှင် မအောင်ခဲ့ပါက သူကား အမှန်တကယ် ကျောင်းထုတ် ခံရပေတော့မည်။ သူမက ဖူရှင်းရှိရာသို့ ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
ရီဖူရှင်း၏ ရှေ့တွင်ထိုင်နေသော ယန်ဇူက အေးစက်စွာ ရယ်လိုက်သည်။
“ထင်တဲ့အတိုင်းပဲ… အခု မင်း ကျောင်းထုတ်ခံရတော့မယ်… မင်းက ကိုယ့်ဘာသာ အရှက်ရအောင် လုပ်နေတာပဲ…”
ဖန်းရှင်းဇွီကလည်း ဖူရှင်းအား ကြည့်လိုက်၏။ သူမ၏မျက်လုံးများတွင် သူမ၏စိတ်ပျက်မှုများအား အထင်းသား ပေါ်လွင်နေသည်။ သို့သော် ချက်ချင်း ပြန်၍ ပျောက်ကွယ်သွားသည်။ သူမက တွေးလိုက်သည်… ဒါက လူတိုင်း ထင်ထားတဲ့အတိုင်း မဟုတ်ပါလား။
“ရီဖူရှင်း… စာသင်ခန်းထဲမှာ နောက်ဆုံးအကြိမ် မင်းဘာပြောခဲ့လဲ မှတ်မိသေးလား… အခု မင်း ကျောင်းထုတ်ခံရတော့မယ်… ပါးရိုက်ခံရသလို မခံစားရဘူးလား… ဟား… ဟား…” လင်းရှာက အဝေးမှ ကျယ်လောင်စွာ ပြောလျက် အော်ရယ်လိုက်သည်။ လူတိုင်းက ဖူရှင်း ကျောင်းထုတ်ခံရတော့မည့် အရေးအားတွေးကာ ကျိတ်၍ ဝမ်းသာနေကြသည်။
**