ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ဘုရင်ခံရုံးမှ သတိပေးစာကို လက်ခံရရှိလိုက်သောအခါ ချက်ချင်းပင် စိတ်လှုပ်တရှားဖြစ်သွား၏။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် လေ့ကျင့်နေရင်း စောင့်ဆိုင်းနေခဲ့ရသည် ဖြစ်သည်။ သူသည် ယခုလေးတင်မှ ပြည်ထောင်စုကြီးထဲသို့ ရောက်ရှိလာခဲ့သော ရိုးရိုးအအ လူငယ်လေး မဟုတ်တော့ပေ။ သူသည် မြို့တော်နယ်မြေအသစ် တစ်ခုလုံးကို အစမှနေ၍ တည်ထောင်ရတော့မည်ဖြစ်သည်။
ထိုစီမံကိန်းအတွက် ငွေအင်အား၊ လူအင်အား အမြောက်အမြား လိုအပ်၏။ ထို့ကြောင့်လည်း ဘုရင်ခံမှာ သူနှင့် တွေ့ဆုံဆွေးနွေးလိုခြင်းဖြစ်သည်။ သူမသည် စိတ်ချလက်ချ ဖြစ်ချင်သောကြောင့် သူ့အား ညွှန်ကြားချက်များ ပေးရန် လိုအပ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကြားစာကို ရရှိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် မတ်တတ်ထလာ၏။ ထို့နောက် သူသည် အဝတ်အစားလဲလိုက်ပြီး မှန်ရှေ့၌ ရပ်ကာ သူ့ကိုယ်သူ ကြည့်လိုက်၏။ သူသည် အကြိမ်ရေပေါင်း မြောက်မြားစွာ ကြည့်ရှုပြီးသည့်တိုင်အောင် အားမရသေးသောကြောင့် ထပ်၍ ကြည့်လိုက်ပြန်သည်။
” ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးနဲ့ ချောလိုက်တဲ့ မျက်နှာလေး… ငါ့လို ရုပ်ချောတဲ့ယောက်ျားမျိုးကို ရတဲ့မိန်းကလေးကတော့ ကံကောင်းတာပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏အလှတရားများထဲတွင် နစ်မျောနေတော့သည်။ ထို့နောက် သူသည် ကျေနပ်အားရမှုအပြည့်ဖြင့် ကျောင်းထဲမှ ထွက်ခွာသွားပြီး သူ၏ သင်္ဘောပျံကြီးပေါ်သို့တက်ကာ ဘုရင်ခံရုံးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။
သင်္ဘောပျံကြီးမှာ လျင်မြန်စွာ ပျံသန်းသွားလိုက်ပြီးနောက် ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ပန်းတိုင်ဆီသို့ ရောက်ရှိသွားတော့သည်။ သူသည် သင်္ဘောပျံကြီးထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရုံးထဲသို့ ဝင်ချည်ထွက်ချည်သွားလာလှုပ်ရှားနေကြသော လူများ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်၏။ သူတို့အားလုံးမှာ ယောက်ျားမိန်းမမရွေး ဝမ်ပေါင်လဲ့အား အလိုအလျောက် ဦးညွှတ်အရိုအသေပေးမိလိုက်ကြ၏။ ဤ ဖက်တီးလေးမှာ ရာထူးတက်သွားခဲ့ပြီးဖြစ်သောကြောင့် ယခုလက်ရှိတွင် အာဏာကြီးမားသော လူတစ်ယောက်ဖြစ်နေပြီဖြစ်ကြောင်း သူတို့က နားလည်ထားကြ၏။
သူတို့ထဲတွင် ဝမ်ပေါင်လဲ့၏ ” ကျစ်လျစ်သွယ်လျသော ” ခန္ဓာကိုယ်လေးနှင့် ” ချောမောလှပသော ” မျက်နှာလေးတို့ကို လျစ်လျူရှုကာ သူ၏ စိတ်ဝိညာဉ်ထဲသို့ ဖောက်မြင်နိုင်စွမ်းရှိနေသည့် အမျိုးသမီးကျင့်ကြံသူ မြောက်မြားစွာလည်း ရှိနေသေးသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု တောက်ပနေ၏။
သူတို့၏အကြည့်များကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကျေနပ်သွားရ၏။ ထို့အပြင် သူသည် သူတို့အား ယခုကဲ့သို့ အေးတိအေးစက် မဟုတ်ဘဲ ဖော်ဖော်ရွေရွေ ဆက်ဆံသင့်ကြောင်း တွေးကာ ဝေခွဲမရဖြစ်နေရတော့သည်။ ထို့ကြောင့် သူသည် ဘုရင်ခံ၏ ရုံးခန်းသို့ သွားရာလမ်းတစ်လျှောက်တွင် ချောမောလှပသော အမျိုးသမီး ကျင့်ကြံသူများအား လှမ်း၍နှုတ်ဆက်ခဲ့၏။ ထိုအခါ ထိုအမျိုးသမီးများမှာ အံ့အားသင့်ကာ အပျော်လွန်သွားကြပြီးနောက် အပြန်အလှန် ဆက်သွယ်နိုင်မည့် အသေးစိတ်အချက်အလက်များကို ဖလှယ်လိုက်ကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ဘုရင်ခံ၏ ရုံးခန်းဆီသို့ ရောက်လာသောအချိန်တွင် သူ့ဆီ၌ အမျိုးသမီးကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ ဆက်သွယ်ရေးနံပါတ်များကို ရရှိထားပြီးဖြစ်သောကြောင့် သက်ပြင်းချလိုက်ရတော့သည်။
” ဒီလောက် ရုပ်ချောနေရတာလဲ ဒုက္ခတစ်မျိုးပါပဲလား။ ငါ ဘယ်သူ့ကို အရင်ဆုံးဆက်သွယ်ရပါ့…. ” ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဝေခွဲမရဖြစ်နေစဉ်တွင် ရုံခန်းထဲ၌ တင်းမာခက်ထန်ကာ သြဇာညောင်းသည့် အသံတစ်သံကို ကြားလိုက်ရသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ ကျေနပ်နေသည့် အတွေးများကို ဖျောက်ဖျက်ထားလိုက်ပြီး တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် တံခါးကို တွန်းဖွင့်လိုက်၏။ သူသည် ဘုရင်ခံအား မြင်လိုက်ရသောအခါ ချက်ချင်းပင် ခေါင်းမော့ရင်ကော့၍ လေသံကျယ်ကျယ်ဖြင့် ဂါရဝပြုလိုက်တော့သည်။
” မင်္ဂလာပါ ဘုရင်ခံကြီးခဗျား ”
ဘုရင်ခံကမူ ခေါင်းငုံ့ရင်း စာရွက်စာတမ်းအချို့ကို ဖတ်နေပြီး ဝမ်ပေါင်လဲ့အား လျစ်လျူရှုထား၏။ ဝမ်ပေါင်လဲ့တစ်ယောက် ရုံးခန်းထဲ၌ မတ်တတ်ရပ်နေသည်မှာ အချိန်အနည်းငယ်ခန့် ကြာပြီးသွားသောအခါမှသာ သူမသည် ခေါင်းမော့လာပြီး အသက်မပါသော အမူအရာဖြင့် သူ့အားလှမ်းကြည့်ကာ မေးခွန်းတစ်ခု မေးလိုက်တော့သည်။
” နင်က အမျိုးသမီး ကျင့်ကျန်သူတွေရဲ့ ဆက်သွယ်ရေးနံပါတ်တွေကို လိုက်တောင်းရတာ ဝါသနာပါတယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ ဘုရင်ခံ၏ စကားကို ကြားလိုက်ရသောအခါ ဇဝေဇဝါဖြစ်သွားကာ ကျောချမ်းသွားရ၏။ ထို့နောက် ၎င်းမှာ သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများ ဖြစ်ကြောင်း သူ့ကိုယ်သူ ပြန်သတိပေးလိုက်ရသည်။ ထို့ကြောင့် သူ၏ မိဘဖြစ်သူများပင်လျှင် သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများထဲ၌ ဝင်ရောက်စွက်ဖက်ခွင့် မရှိသည်ဖြစ်ရာ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံမှာ အဘယ့်ကြောင့် ဝင်ရောက်စွက်ဖက်နေရပါသနည်း။
” သူ့ဆီမှာ သမီးတစ်ယောက်ရှိနေလို့ ငါ့ကို သားမက်တော်ချင်နေတာများလား ” ဝမ်ပေါင်လဲ့မှာ မည်သို့မည်ဖုံ ထိုသို့ကောက်ချက်ချလိုက်မိမှန်း မသိပါသော်လည်း မျက်လုံးပြူးကြီးများနှင့် ဘုရင်ခံအား စိုက်ကြည့်နေလိုက်တော့သည်။ သူမသည် အသက်အရွယ် ရနေပြီ ဖြစ်ပါသော်လည်း အရွယ်နှင့်မလိုက်အောင် ချောမောလှပနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရဖြစ်သွားရ၏။
” မဖြစ်ဘူး။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ကိုယ့်ကျင့်တရားရှိတဲ့ လူတစ်ယောက်ကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် ဘုရင်ခံ၏ ကမ်းလှမ်းမှုအား လိမ္မာပါးနပ်စွာ ငြင်းဆိုနိုင်မည့်နည်းလမ်းကို စဉ်းစားနေစဉ်မှာပင် ဘုရင်ခံက နှာမှုတ်လိုက်၏။
” နင်က အသက်ငယ်ပြီးတော့ မရင့်ကျက်သေးဘူး။ အဲ့တာမလို့ အချစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အချိန်ကုန်ခံမနေနဲ့။ ဒီလို ပုံစံမျိုးနဲ့ အခုလို တာဝန်ကြီးလေးတဲ့ ရာထူးကို ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်မှာလဲ ” ဘုရင်ခံမှာ ဝမ်ပေါင်လဲ့အား အေးစက်စက်စိုက်ကြည့်ကာ ဆိုလိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် အထိတ်တလန့်ဖြစ်သွားရ၏။ သူသည် ယခုအကြိမ်တွင်မူ ဇဝေဇဝါဖြစ်မနေတော့ဘဲ သူမ၏ အေးစက်စက်အကြည့်၏ နောက်ကွယ်တွင် ရှိနေသော သတ်ဖြတ်လိုစိတ်များကို အာရုံခံမိလိုက်၏။
ထို့ကြောင့် သူသည် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ အသံလွှင့်လက်စွပ်ကိုထုတ်ကာ သူ စောစောတုန်းက တောင်းခဲ့သည့် အမျိုးသမီးကျင့်ကြံသူများ၏ ဆက်သွယ်ရေး အချက်အလက်များအားလုံးကို ဘုရင်ခံ၏ရှေ့၌ ဖျက်ပြလိုက်တော့သည်။
ဘုရင်ခံမှာမူ ဝမ်ပေါင်လဲ့တစ်ယောက် အလျင်အမြန် တုံ့ပြန်ခဲ့ပြီး သူ၏ လုပ်ရပ်များအတွက် ချက်ချင်းနောင်တရသွားသည်ကို မြင်လိုက်ရပါသော်လည်း ကျေနပ်အားရမှုမရှိသည့်ပုံ ပေါက်နေဆဲပင်။ သို့သော် သူမသည် ယခုထက်ပို၍ ဆူပူကြိမ်းမောင်းနိုင်တော့မည် မဟုတ်ပေ။ သူသည် အပြစ်ရှိကြောင်း ဝန်ခံလိုက်ပြီ မဟုတ်ပါလော။ ထို့ကြောင့် သူမမှာ ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ အလုပ်ပေါ်သို့သာ အာရုံစိုက်လိုက်တော့သည်။
” ပြည်ထောင်စုကြီးနဲ့ အင်္ဂါဂြိုဟ်အစိုးရအဖွဲ့စည်းက မြို့တော်နယ်မြေအသစ် တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတချို့ကို ထောက်ပံ့ပေးမှာ… ဒါပေမဲ့ အင်္ဂါဂြိုဟ်ရဲ့ လက်ရှိ ငွေကြေးအခြေအနေကြောင့် နင့်အတွက် ထောက်ပံ့ပေးနိုင်မယ့် ပစ်စည်းတွေက အကန့်အသတ် တစ်ခုအထိပဲ ရှိနေမယ်ဆိုတာ ကြိုပြောထားမယ်။ ပြည်ထောင်စုကြီးကလည်း အတူတူပဲ ”
” ငါတို့ထောက်ပံ့ပေးမယ့် ပစ္စည်းတွေနဲ့ဆိုရင် မြို့တော်နယ်မြေအသစ်အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကိုပဲ တည်ဆောက်ပေးနိုင်မှာ။ အဲဒီမြို့တော်နယ်မြေကြီး ဆက်လက်တိုးတက်လာအောင် လုပ်ဖို့က နင်ကိုယ်တိုင် အဖြေရှာရမှာ ”
” ဒါ ငါနင့်ကို ပြောပြချင်တဲ့ ပထမဆုံးအချက်ပဲ။ ဒုတိယအချက်အနေနဲ့ နင့်ကို မြို့တော်နယ်မြေအသစ် တည်ဆောက်ဖို့အတွက် အချိန်ခြောက်လပေးမယ်။ တတိယအချက်အနေနဲ့က နောက်ခြောက်လနေရင် လူဦးရေ သန်းတစ်ရာကို အဲဒီမြို့တော်နယ်မြေအသစ်ဆီ ရွှေ့ပြောင်းပေးရမှာ။ အဲ့အချိန်ကျရင် အဲဒီမြို့တော်နယ်မြေကြီးကို စိတ်ကျေနပ်စရာ ကောင်းတဲ့အဆင့်ထိ တည်ဆောက်ထားသလားဆိုတာနဲ့ အဲဒီ မြို့တော်နယ်မြေထဲမှာ လူဦးရေသန်းတစ်ရာအထိ တကယ်ပဲ နေထိုင်မလားဆိုတာကို ငါကိုယ်တိုင် လာရောက်စစ်ဆေးမှာ ”
” ဒီလောက်ပါပဲ။ နင် နောက်သုံးရက်နေရင် ပြင်ဆင်ပေးထားတဲ့ ပစ္စည်းတွေနဲ့အတူ မြို့တော်နယ်မြေသစ်ဆီကို သွားရမယ်။ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ ပထမအဆင့်မှာ နင့်ကိုကူညီပေးနိုင်ဖို့အတွက် လူအယောက်တစ်သိန်းတိတိ စေလွှတ်ပေးလိုက်မယ်။ မြို့တော်နယ်မြေအသစ်ကို တည်ဆောက်နိုင်ဖို့အတွက် သူတို့ကို ဘယ်လိုအသုံးချမလဲဆိုတာတော့ နင်ပဲ ဆုံးဖြတ်လိုက်ပေါ့။ ဝမ်ပေါင်လဲ့။ နင် ဒီကိစ္စကြီးတစ်ခုလုံးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့လူတွေကို စိတ်ပျက်သွားအောင်မလုပ်ဖို့ ငါ မျှော်လင့်ပါတယ်။ ပြီးတော့ သတိပေးထားရဦးမယ်။ ဒီစီမံကိန်းကြီးရဲ့ အဓိကအချက်က မြို့တော်နယ်မြေအသစ် တည်ဆောက်ဖို့ မဟုတ်ဘူး။ မန္တန်အစီအရင်ကြီး တည်ဆောက်နိုင်ဖို့ပဲ ”
ဘုရင်ခံမှာ စကားဆုံးအောင်ပြောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ကျောက်စိမ်းပေလွှာတစ်ခု လှမ်းပေးလိုက်၏။ ထိုကျောက်စိမ်းပေလွှာထဲတွင် အင်္ဂါဂြိုဟ်မြို့တော်နယ်မြေအသစ်၌ တည်ဆောက်ရမည် မန္တန်အစီအရင်ကြီး၏ ပုံစံစာရွက်များ ပါဝင်နေသည်။ ၎င်းတို့မှာလည်း ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များ ဖြစ်ကြ၏။ တခြားမည်သူကမှ ထိုပုံစံစာရွက်များအား အပြည့်အဝ ဖတ်ရှုခွင့်မရှိကြောင်း သူမက ဝမ်ပေါင်လဲ့အား သတိပေးလိုက်၏။
ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား တစ်ချက်ထပ်ကြည့်လိုက်၏။ သူမ၏အမူအရာမှာ တည်ကြည်မှုအပြည့် ရှိနေပြီး မည်သည့်အရာများ တွေးတောနေကြောင်းကို မမှန်းဆနိုင်လောက်အောင် ဖြစ်နေ၏။ ထိုအချိန်တွင် သူမသည် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် မေးလိုက်၏ ” ငါ ခဏနေရင် အစည်းအဝေးတစ်ခု တက်ရဦးမှာ။ နင့် ဘာပြောစရာ ကျန်သေးလဲ ”
ဝမ်ပေါင်လဲ့မှာမူ ဆွံ့အနေရပြီဖြစ်သည်။ သူသည် ပါးစပ်ဟကာ စကားပြောရန်ပြင်လိုက်၏။ ဘုရင်ခံမှာ သူမ၏ လက်ဖက်ရည်ခွက်အားမြှောက်ကာ လက်ဖက်ရည် သောက်သုံးနေခြင်း မရှိပါသော်လည်း သူမ၏ ကိုယ်ဟန်အမူအရာများကိုကြည့်လျှင် သူ့အား ထွက်သွားရန် အချက်ပြနေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
ထို့ကြောင့် သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏။ ဘုရင်ခံ ပြောခဲ့သည့် ပထမဆုံး အချက်တစ်ခုတည်းနှင့်ပင် ဝမ်ပေါင်လဲ့မှာ အခက်ကြုံနေရပြီဖြစ်သည်။ သူသည် ခွဲတမ်း အလုံအလောက်မရခဲ့သော ပစ္စည်းများအတွက် သူ့နည်းသူ့ဟန်ဖြင့် ဖြည့်ဆည်းပေးနိုင်စွမ်း ရှိမည်မဟုတ်ပေ။ သူသည် မည်မျှပင် ဆန္ဒပြင်းပြနေစေကာမူ သူ၏အနေအထားနှင့် ထိုမျှလောက် များပြားသောပမာဏကို ရှာဖွေနိုင်မည်မဟုတ်ပေ။
ဒုတိယမြောက် အချက်ဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်းအား အချိန်ခြောက်လအတွင်း၌ ပြီးစီးအောင် ဆောင်ရွက်ရမည်ဆိုသော အချက်နှင့် တတိယအချက်ဖြစ်သော လူဦးရေ သန်းတစ်ရာတိတိ နေထိုင်နိုင်အောင် တည်ဆောက်ပေးရမည်ဆိုသော အချက်မှာလည်း ခက်ခဲလွန်းနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ထာဝရခံတပ်ကြီးကို တည်ဆောက်ခဲ့ဖူးသောကြောင့် ခြောက်လအတွင်း၌ လူဦးရေသန်းတစ်ရာတိတိ ဝင်ဆံ့နိုင်မည့် မြို့တော်နယ်မြေအသစ်တစ်ခုကို တည်ဆောက်နိုင်ရန်အတွက် ငွေအင်အား၊ လူအင်အား မတန်တဆ လိုအပ်နေမည်ဖြစ်ကြောင်း သိရှိထားသည်။ ထိုတာဝန်အား ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ….
” ဘုရင်ခံ။ အဲဒီ အချက်သုံးချက်စလုံးနဲ့ ပြည့်စုံနေဖို့က လုံးဝနီးပါး မဖြစ်နိုင်ဘူးနော် ” ဝမ်ပေါင်လဲ့မှာ အလောတကြီးနှင့် ဆိုလိုက်ရ၏။
” အဲ့တာ နင့်အပိုင်းလေ။ နင် မလုပ်နိုင်ဘူးဆိုရင် တို့ဘက်က တခြားလူတစ်ယောက် ရှာရုံပဲပေါ့ ” ဘုရင်ခံက အနည်းငယ်ခန့် မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။ သူမ၏ ဝမ်ပေါင်လဲ့အပေါ် ထားရှိသော မကျေနပ်ချက်များမှာ ပိုမိုကြီးထွားလာနေသည့်ပုံပြင်။ သူမသည် ဝမ်ပေါင်လဲ့ ထိုပြိုင်ပွဲထဲ၌ ဝင်မပြိုင်ခင်တုန်းက သူ့အပေါ် အတော်အသင့်ကောင်းမွန်စွာ ဆက်ဆံခဲ့ပါသော်လည်း ယခုတွင်မူ အပြစ်မရှိ အပြစ်ရှာနေသည့်ပုံစံ ပေါက်နေပြီဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချွေးများပြန်လာရပြီး သူ့အား မမျှမတ ဆက်ဆံနေခြင်းဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူသည် ဤမြို့တော်ဝန်ရာထူးကို ရရှိနိုင်ရန် အသက်စွန့်၍ ကြိုးစားခဲ့ရပါသော်လည်း ယခုတွင်မူ အလုပ်ကောင်းကောင်း မလုပ်နိုင်ပါက လူများက သူ့အား ပြက်ရယ်ပြုကြတော့မည်ဖြစ်သည်။
ဘုရင်ခံမှာလည်း ပစ္စည်းအလုံအလောက်မရှိသော ပြဿနာနှင့်ပတ်သက်၍ ကူညီပေးမည့်ပုံ မပေါ်ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ခံစားချက်များကို မျိုသိပ်ထားနိုင်ရန် အပြင်းအထန် ကြိုးစားနေရ၏။ ထို့နောက် သူသည် စိတ်ထဲ၌ အလျင်အမြန် တွေးတောလိုက်ပြီး သူ ဖတ်ရှုဖူးသည့် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ရေးသားထားသော နည်းဗျူဟာများအား ပြန်၍ စဉ်းစားကြည့်လိုက်၏။ ဘုရင်ခံမှာ မျက်မှောင်ကြုတ်နေဆဲဖြစ်ပြီး ဝမ်ပေါင်လဲ့အား အခန်းထဲမှထွက်သွားဖို့ အမိန့်ပေးရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး ဘုရင်ခံအား စိုက်ကြည့်ကာ ဆိုလိုက်၏။
” ဘုရင်ခံ။ ကျနော့်အတွက် ထောက်ပံ့ပေးမယ့် ကုန်ကြမ်းပစ္စည်းတွေ မလုံလောက်လည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မြို့တော်နယ်မြေအသစ်ကို တည်ဆောက်ရမယ့် တာဝန်ကြီးက ကြီးလေးလွန်းပါတယ်။ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျနော်က လူအယောက်တစ်သိန်းစာအထိ အလုပ်လုပ်နိုင်ပေမယ့် ဘုရင်ခံ ကျနော့်အပေါ်မှာ ထားရှိတဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်သွားအောင် မလုပ်ချင်ပါဘူး။ အဲ့တာမလို့ ကျနော့်ရဲ့ လက်ထောက်တွေကို ကျနော်ကိုယ်တိုင် ရွေးချယ်နိုင်ဖို့ ဘုရင်ခံကို ခွင့်တောင်းပါရစေ။ လက်ထောက်မြို့တော်ဝန်တွေရဲ့ ရာထူးက ဒုပဏာမအဆင့်လေးရာထူးမှာ ရှိနေရပါမယ် ” ဝမ်ပေါင်လဲ့မှာ စွန်စားလိုက်ခြင်းဖြစ်သည်။ သူသည် ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးက လက်ထောက်မြို့တော်ဝန်များ၏အကြောင်း ပြောပြဖူးခဲ့သည်ကို သတိရသွားခြင်းဖြစ်သည်။ သူသည် အခြားရွေးချယ်စရာ မရှိတော့သောကြောင့် လိုအပ်သော ပစ္စည်းများကို ဝယ်ယူနိုင်ရန် လက်ထောက်မြို့တော်ဝန်ရာထူးများကို အသုံးချရတော့မည်ဖြစ်သည်။
ဘုရင်ခံမှာမူ သူ၏စကားကို ကြားလိုက်ရသောအခါ ဟန်အမူအရာမပျက် ရှိနေဆဲပင်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ တည်ကြည်စွာဆိုလိုက်၏ ” လက်ထောက်မြို့တော်ဝန် နှစ်ယောက်ကို နင်ကိုယ်တိုင် ရွေးလို့ရမယ် ”
ဝမ်ပေါင်လဲ့မှာ တစ်ယောက်စာသာ ရရှိရန် မျှော်လင့်ထားခဲ့သောကြောင့် သူမ၏စကားကို ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားရ၏။ ဘုရင်ခံမှာ သူ့အား လက်ထောက်မြို့တော်ဝန်နှစ်ယောက်အထိ ရွေးချယ်ခွင့် ပေးလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူသည် ဦးနှောက်တစ်ခုလုံးအား အိတ်သွန်ဖာမှောက် စဉ်းစားတွေးတောလိုက်ပြီးနောက် မကျေနပ်သည့် မျက်နှာအမူအရာအဖြင့် ကျယ်လောင်စွာဆိုလိုက်၏။
” ဘုရင်ခံခဗျား။ တကယ်လို့ မြို့တော်နယ်မြေအသစ်ထဲမှာ ပြဿနာတွေတက်လာရင် ခေါင်းခံရမှာက ကျနော်ပါ။ အဲ့တာမလို့ အနည်းဆုံးတော့ လက်ထောက်မြို့တော်ဝန် ဆယ်ယောက်လောက်အထိ လိုအပ်ပါတယ်။ အဲ့လိုမှပဲ အဆင်ပြေနိုင်မှာ ”
” တော်လိုက်တော့။ လေးယောက်အထိ ရမယ် ” ဘုရင်ခံမှာ ဝမ်ပေါင်လဲ့၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည်များကို ချက်ချင်းပင်သတိထားမိလိုက်၏။ ထို့ကြောင့် သူမသည် တည်ကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်ပြီး ဆက်လက်ညှိနှိုင်းခွင့် မပေးတော့ပေ။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့မှာ သူ လက်ထောက်မြို့တော်ဝန်အဖြစ် ခန့်အပ်ချင်သောလူများကို တင်ပြခွင့်ရှိပါသော်လည်း နောက်ဆုံးဆုံးဖြတ်ချက်မှာ သူမအပေါ်၌သာ မူတည်ကြောင်း ထပ်ပြောလိုက်၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ အပြင်းအထန် ကန့်ကွက်ခြင်းကို ခံရလျှင်တောင် လက်ထောက်မြို့တော်ဝန်တစ်ယောက် ဖြစ်လာနိုင်ပါသော်လည်း ထိုသို့ ဖြစ်လာနိုင်ခြေမှာ အင်မတန်မှ နည်းပါးပေသည်။
ဘုရင်ခံမှာ ဝမ်ပေါင်လဲ့၏ အတွေးအမြင်များနှင့် ထင်မြင်ယူဆချက်များကိုလည်း ထည့်သွင်းစဉ်းစားရဦးမည် မဟုတ်ပါလော။
ထိုအချက်မှာ သူတို့နှစ်ယောက်ကြားမှ သဘောတူညီချက်၏ အဓိကကျသော အချက်တစ်ချက်ဖြစ်ကြောင်းကို ဝမ်ပေါင်လဲ့က နားလည်ထား၏။ ထို့ကြောင့် သူသည် ထိုကိစ္စနှင့် ပတ်သတ်၍ စောဒကတက်မနေတော့ပေ။ နောက်ဆုံး ရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်းများမှာ သူ၏ ထောက်ခံချက်ကိုရထားသော လူများသာ ဖြစ်နေမည်ဖြစ်ကြောင်း သူက နားလည်ထားသည်။ အချက်အလက် တစ်ခုချင်းစီလိုက်၍ ရှင်းပြနေစရာမလိုပေ။ ထို့ကြောင့် သူသည် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် ဘုရင်ခံအား မြူခိုးတောင်ကျောင်း၏ ကျောင်းအုပ်ရာထူးအား လင်းတျန်ဟောက်ဆီသို့ လွှဲပြောင်းပေးရန် အကြံပြုလိုက်ပြီးနောက် ထွက်ခွာလာတော့သည်။
ဘုရင်ခံကလည်း သူ ထွက်မသွားခင်တွင် သူ့အား သူ၏ အဓိကတာဝန်မှာ မြို့တော်တည်ဆောက်ရေးလုပ်ငန်း မဟုတ်ဘဲ မန္တန်အစီအရင်ကြီးအား တည်ဆောက်ရန်သာဖြစ်ကြောင်း ထပ်၍ သတိပေးလိုက်၏။
ဘုရင်ခံမှာ ထိုကိစ္စနှင့်ပတ်သက်၍ အတန်တန်သတိပေးနေသည် ဖြစ်သောကြောင့် သူမအတွက် အလွန်အင်မတန်မှ အရေးကြီးသော ကိစ္စတစ်ခုဖြစ်ရပေမည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည်လည်း ထိုကိစ္စအပေါ် အာရုံစိုက်ထားလိုက်တော့သည်။
ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးနောက် ဘုရင်ခံ၏ မျက်နှာမူအရာမှာ ပြန်၍ သိမ်မွေ့သွား၏။ ထို့နောက် သူမသည် မတ်တတ်ထလာပြီး ပြတင်းပေါက်များရှိရာသို့ လမ်းလျှောက်သွားလိုက်၏။ သိပ်မကြာခင်တွင် သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ သင်္ဘောပျံကြီးပေါ်သို့ တက်ကာ ထွက်ခွာသွားသည်ကို မြင်လိုက်ရတော့သည်။
” ဒီဖက်တီးလေးက အဲ့လောက်လည်း မတုံးပါဘူး…. ” သူမသည် ရယ်မောကာ ရေရွတ်လိုက်၏။ သူမ၏ မျက်ဝန်းများထဲ၌ ကျေနပ်အားရနေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။ သူမသည် ဤ မြို့တော်နယ်မြေအသစ် တည်ဆောက်မှုလုပ်ငန်းကြီးကို ဝမ်ပေါင်လဲ့ထက်ပင် ပို၍ အလေးထားနေ၏။ အကယ်၍ ဝမ်ပေါင်လဲ့မှာ အလျင်အမြန် တုံ့ပြန်ခဲ့ခြင်းမရှိဘဲ မြို့တော်နယ်မြေ ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများကို မည်သို့မည်ဖုံ စုဆောင်းရမှန်းမသိ ဖြစ်နေခဲ့မည်ဆိုပါက သူမသည် စိတ်ပျက်သွားခဲ့ရမည်သာ ဖြစ်သည်။ သို့သော် သူမသည် ဆောက်လုပ်ရေးလုပ်ငန်းကြီး အမှားမှားအယွင်းယွင်း ဖြစ်မသွားစေရန် လိုအပ်သည့် ညွှန်ကြားချက်တစ်ချို့ကို ပေးအပ်လိုက်မည် ဖြစ်၏။
သို့ရာတွင် ထိုအခြေအနေသို့သာ ရောက်သွားမည်ဆိုပါက သူမသည် သံသယများဝင်လာရပြီး မြို့တော်ဝန်အသစ် ရာထူးအတွက် အသင့်တော်ဆုံးဖြစ်သည့် ပုဂ္ဂိုလ်အား လိုက်လံရှာဖွေနေလောက်ပေသည်။
သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ သူ ကြုံတွေ့လိုက်ရသည့် စိန်ခေါ်မှုများကို အလျင်အမြန် တုံ့ပြန်နိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူမသည် သူ့အား သဘောကျနှစ်သက်နေမိတော့သည်။ သို့သော် သူမမှာ ထိုအကြောင်းကို ဆက်လက်တွေးတောမိလေလေ သူ့အပေါ် ထားရှိသော သဘောကျနှစ်သက်မှုများမှာ ပို၍ လျော့နည်းလာလေလေ ဖြစ်နေတော့သည်။ ထို့ကြောင့် သူမသည် ဆီလိုအပေါက်ရှာ၍ အပြစ်မရှိ အပြစ်ရှာနေသည့်ပုံစံပင် ပေါက်နေတော့သည်။
” ကောင်လေးရာ။ နင့်အစွမ်းက ဒါအကုန်ပဲဆိုရင်တော့ မရသေးဘူးနော် “