ထိုစီမံကိန်းကြီးအား ရပ်ဆိုင်းခဲ့ပြီးနောက် အင်္ဂါဂြိုဟ်၏ နယ်မြေချဲ့ထွင်ရေး လုပ်ငန်းများကိုလည်း နောက်ဆုတ်ခဲ့ရ၏။ သူတို့မှာ ပြည်ထောင်စုကြီး အဆင်သင့်ဖြစ်နေပြီး အခါအခွင့် သင့်သောအခါမှ ထိုနေရာအား သိမ်းပိုက်မည့် စီမံကိန်းကို ပြန်လည်စတင်ရန် ကြံရွယ်ထားကြ၏။
သူတို့၏ ခန့်မှန်းချက်များရအဆိုလျှင် ထိုကဲ့သို့ အဆင်သင့်ဖြစ်နိုင်ရန် အနည်းဆုံး အနှစ်သုံးဆယ်အထိ လိုအပ်ပေသည်။
ထို့ကြောင့်လည်း သူတို့မှာ ထိုလှိုဏ်ခေါင်းကြီးဆီမှ ထွက်ခွာလာခဲ့စဉ်တုန်းက ၎င်းပေါ်၌ အချုပ်အနှောင်ကြီးတစ်ခုကို တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ထိုအချုပ်အနှောင်ကြီးမှာ နတ်ဘုရားလက်နက်ဆီမှ ဖြာထွက်လာသည့် ရေဒီယိုသတ္တိကြွ ရောင်ခြည်များကြောင့် သန္ဓေပြောင်းသွားခဲ့သည့် သားရဲကြီးများအား လှိုဏ်ခေါင်းအပြင်ဘက်သို့ ထွက်မလာနိုင်ရန် တားဆီးပေးခဲ့၏။ ထို့ကြောင့်လည်း ထိုနယ်မြေကြီးမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေရခြင်းဖြစ်သည်။
အကယ်၍ အင်္ဂါဂြိုဟ်တစ်ဝက်တိတိပေါ်တွင် ရုတ်တရက်ဆိုသလို ပေါ့ပေါက်လာခဲ့သည့် သွေးရောင်မြူခိုးများနှင့် လေပြင်းများကြောင့်သာ မဟုတ်လျှင် ယခင်တုန်းကအတိုင်းသာ ဆက်ဖြစ်နေမည်ဖြစ်ပြီး တူးဖော်ရေး အစီအစဉ်များကိုပါ ထပ်၍ ရွှေ့ဆိုင်းလျှင် ရွှေ့ဆိုင်းနေရအုံးမည်ဖြစ်သည်။ သို့သော် ထိုသွေးရောင်ကိစ္စရပ်ကြီးနှင့် ထူးဆန်းသော ရွာများအပြင် သွေးဂူထဲရှိ ရုပ်အလောင်းများကြောင့် အင်္ဂါဂြိုဟ်အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့၏။ ထိုအခါ သူတို့ရှာဖွေတွေ့ရှိခဲ့သည့် သဲလွန်စအားလုံးမှာ နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးဆီ၌သာ အဆုံးသတ်နေကြသည်ဖြစ်သည်။
သူတို့၏ ရှာဖွေတွေ့ရှိမှုများအရ နတ်ဘုရားလက်နက် လှိုင်ခေါင်းကြီးပေါ်တွင် ရှိနေသော အချုပ်အနှောင်ကြီးမှာ နတ်ဘုရားလက်နက်ကြီး၏ ရေဒီယိုသတ္တိကြွ ရောင်ခြည်းများအား ပျံ့နှံ့မသွားနိုင်အောင် တားဆီးပေးထားသောကြောင့် လှိုဏ်ခေါင်းကြီးထဲတွင် တဖြည်းဖြည်းနှင့် ဖိအားများ များလာရပြီးဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။ ထိုဖိအားများကြောင့် သွေးရောင်မြူခိုးများနှင့် လေပြင်းများ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်၏။
သို့သော် ၎င်းတို့နှင့်အတူ ပေါ်ပေါက်လာခဲ့သည့် ထူးဆန်းသောရွာကြီးများနှင့် ပတ်သတ်သော သဲလွန်စများကိုမူ ရှာမတွေ့ခဲ့ပေ။ ပြည်ထောင်စုကြီးထဲရှိ အစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် ၎င်းတို့ ပေါ်ပေါက်လာရသည့်အကြောင်းအရင်းကို မသိကြပေ။ သို့သော် ထိုကိစ္စကြီးမှာလည်း နတ်ဘုရားလက်နက်နှင့် ဆက်နွှယ်နေရမည်ဖြစ်ကြောင်း သူတို့က ခန့်မှန်းခဲ့ကြ၏။
အကယ်၍ သူတို့မှာ ထိုလှိုဏ်ခေါင်းကြီးပေါ်၌ အချုပ်အနှောင်ကြီးကို ဆက်လက်တပ်ဆင်ထားမည်ဆိုပါက အင်္ဂါဂြိုဟ်ပေါ်တွင် လှိုဏ်ခေါင်းများနှင့် မြေအောက်လိုဏ်ဂူများ ထပ်၍ပေါ်ထွက်လာနိုင်ပေသည်ဟု သူတို့က ယုံကြည်ထားကြ၏။ သူတို့၏ တွက်ချက်မှုများအရ နောက်ထပ်ဆယ်နှစ်ခန့်အကြာတွင် ထိုကဲ့သို့ ထပ်ဖြစ်လာနိုင်ပေသည်….
အကယ်၍ ထိုအခြေအနေသို့ ရောက်သွားမည်ဆိုလျှင် သူတို့မှာ အင်္ဂါဂြိုဟ်ပေါ်၌ နယ်မြေချဲ့ထွင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။ အင်္ဂါဂြိုဟ်အစိုးရမှာလည်း ကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရမည်သာဖြစ်သည်။
ထို့ကြောင့် ဘုရင်ခံမှာ လေးလေးနက်နက် စဉ်းစားတွေးတောကာ အကောင်းအဆိုး အကျိုးအပြစ်များအား ချင့်ချိန်သုံးသပ်ခဲ့ပြီးနောက် ရဲတင်းသော အစီအစဉ်တစ်ခုကို ချမှတ်ခဲ့၏။ သူတို့သည် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီး၏ အထက်တွင် ဧရာမ မန္တန်အစီအရင်ကြီးတစ်ခု တည်ဆောက်ကြမည် ဖြစ်သည်။
ထိုမန္တန်အစီအရင်ကြီးမှာ တာဝန်နှစ်ခုကို ထမ်းဆောင်ပေးရမည်ဖြစ်သည်။ ပထမတစ်ခုမှာ လှိုဏ်ခေါင်းကြီးထဲမှ သားရဲကြီးများအား ပုံမှန်သတ်ဖြတ်နှိမ်နင်းပေးနိုင်ရန် အလို့ငှာ ၎င်းတို့အား အပြင်သို့ ထုတ်လွှတ်ပေးရန်ဖြစ်သည်။ ထိုသို့သာ ပုံမှန်သတ်ဖြတ်နှိမ်နင်းပေးနိုင်မည်ဆိုပါက လှိုဏ်ခေါင်းကြီးထဲ၌ စုဝေးလာသည့် ဖိအားများမှာ လျော့နည်းသွားမည်ဖြစ်သလို အင်္ဂါဂြိုဟ်မှာလည်း ထိုသားရဲ အသေကောင်များဆီမှ ကုန်ကြမ်းပစ္စည်း မြောက်မြားစွာကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ သူတို့မှာ ထိုပစ္စည်းများကို အသုံးပြုကာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရုံသာမက လှိုဏ်ခေါင်းကြီးထဲရှိ ပြောင်းလဲမှုများကိုပါ အသေးစိတ်လေ့လာနိုင်မည် ဖြစ်သည်။
၎င်း၏ ဒုတိယတာဝန်မှာမူ အဓိကသော့ချက်ပင်ဖြစ်သည်။
သူတို့သည် ရေစက်များကို တစ်စက်ချင်းစီချကာ ကျောက်တုံးတစ်တုံးအား ချောမွေ့သွားအောင် လုပ်သကဲ့သို့ မန္တန်အစီအရင်ကြီး၏ စွမ်းအားကို အသုံးပြုကာ နံရံကြီးအား ဖြည်းဖြည်းချင်း တိုက်စားစေမည်ဖြစ်သည်။ ဘုရင်ခံ၏ လေ့လာမှုများအရ နတ်ဘုရားလက်နက် အသုံးပြုစရာမလိုဘဲ ထိုရေခဲနံရံကြီးအား ထိုးဖောက်နိုင်ရန်အတွက်ဆိုလျှင် ၎င်းအား ဆယ်နှစ်ခန့်သာ တိုက်စားရန် လိုအပ်ပေသည်။ ထိုသို့ တိုက်စားပြီးသွားပါက ထိုနံရံကြီးအား ထိုးဖောက်နိုင်ရန် ပြည်ထောင်စုကြီးထဲရှိ အမြုတေအဆင့် ကျင့်ကြံသူများ၏ စုပေါင်းစွမ်းအားကိုသာ လိုအပ်တော့မည်ဖြစ်သည်။
ဘုရင်ခံမှာ ထိုအဆိုပြုချက်အား ပြည်ထောင်စုကြီးဆီသို့ တင်သွင်းခဲ့၏။ ပြည်ထောင်စုကြီးမှာလည်း လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများနှင့် လေ့လာမှုများကို ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီး၏ အပြင်ဘက်၌ ဧရာမမန္တန်အစီအရင်ကြီးတစ်ခု တည်ဆောက်ရန် ဘုရင်ခံအား ခွင့်ပြုခဲ့၏။
ထို မန္တန်အစီအရင်ကြီး၏ အမည်မှာ ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင် ဖြစ်သည်။
ထို မန္တန်အစီအရင်ကြီးမှာ အလွန်အင်မတန်မှ အစွမ်းထက်၏။ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး ပေါ်ပေါက်လာခဲ့ပြီးနောက် သူတို့မှာ ထိုဓားကြီး ကျိုးပဲ့သွားရာမှ ထွက်ပေါ်လာခဲ့သည် ဧရာမ အပိုင်းအစကြီး တစ်ခုပေါ်တွင် ချီအားဖြည့်ပညာရပ်အား ရှာဖွေတွေ့ရှိခဲ့၏။ ဤ မန္တန်အစီအရင်ကြီးကိုလည်း ထိုအပိုင်းအစပေါ်တွင် မှတ်တမ်းတင်ထားခြင်း ဖြစ်၏ ၎င်းအား ချီအားဖြည့်ခြင်းပညာရပ်အား ကူညီထောက်ပံ့ပေးသည့် မန္တန်အစီအရင်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
၎င်းတွင် ထူးခြားသောဂုဏ်သတ္တိတစ်ခုရှိ၏။ ထိုမန္တန်အစီအရင်ကြီးထဲ၌ ချီအားဖြည့်ကျင့်ကြံခြင်းပညာရပ်အား လေ့ကျင့်နေသည့် လူအရေအတွက် ပိုများလာလေလေ ထိုမန္တန်အစီအရင်ကြီးမှာ ပို၍ အစွမ်းထက်လာလေလေ ဖြစ်သည်။
နိုင်ငံရေးအင်အားစုတိုင်းမှာ ချီအားဖြည့်ပညာရပ်အား လေ့ကျင့်ရန် တညီတညွတ်ထဲ ထောက်ခံအားပေးကြသည်သာ ဖြစ်သည်။ မြေသည့်အဖွဲ့အစည်းကမှ ကန့်ကွက်နေခြင်းမရှိပေ။ သာမန်ပြည်သူများ သိရှိထားကြသော ပြည်ထောင်စုကြီးထဲရှိ လူများအား ချီအားဖြည့်ပညာရပ် လေ့ကျင့်ခိုင်းရသည့် အဓိကအကြောင်းအရင်းမှာ ငွေကြေးနှင့် ရင်းမြစ်ပစ္စည်းများအဖြစ် အသုံးပြုနိုင်သော ဝိညာဉ်ကျောက်တုံးများ အလုံအလောက် ရရှိနိုင်ရေးအတွက် ၎င်းတို့အား သန့်စင်နိုင်ရန်ဖြစ်သည်။ သို့သော် အများပြည်သူမသိအောင် လျှို့ဝှက်ထားသည့် အဓိကအကြောင်းအရင်းမှာမူ ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်ကြီးအား ပိုမိုအားကောင်းလာအောင် ကူညီပေးနိုင်ရန်သာဖြစ်သည်။
နိုင်ငံရေးအင်အားစုတိုင်းမှာ ထိုမန္တန်အစီအရင်များကို အသုံးပြုကြ၏။ ကမ္ဘာပေါ်တွင် မြို့တစ်မြို့ တည်ဆောက်ပြီးသည်နှင့် ပြည်ထောင်စုကြီးမှာ အထူးလေ့ကျင့်ပေးထားသော မန္တန်အစီအရင်ကျင့်ကြံသူများအား စေလွှတ်ကာ ထိုမန္တန်အစီအရင်ကြီးအား တည်ဆောက်ခိုင်းခဲ့သည်သာ ဖြစ်သည်။
အင်္ဂါဂြိုဟ်ပေါ်၌ဖြစ်စေ၊ လပေါ်၌ဖြစ်စေ၊ ပြည်ထောင်စုမြို့တော်ကြီးထဲ၌ဖြစ်စေ၊ ၎င်းတို့အသုံးပြုသော အဓိက မန္တန်အစီအရင်အားလုံးမှာ ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်များသာ ဖြစ်ကြသည်။
ပြည်ထောင်စုကြီးမှာ လေ့လာမှုအချို့ ပြုလုပ်ခဲ့ပြီးနောက် ထိုမန္တန်အစီအရင်ကြီးအား ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့၏။ မန္တန်အစီအရင် တစ်ခုချင်းစီတိုင်းထဲ၌ လျှို့ဝှက်ကုဒ်တစ်ခုစီ ထားခြင်းဖြစ်သည်။ ထိုမန္တန်အစီအရင်များအားလုံးမှာ ရင်းမြစ်တစ်ခုတည်းမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသော်လည်း အဓိက မန္တန်အစီအရင်ကြီးထဲသို့ မထိုးဖောက်နိုင်သရွေ့ အခြား မန္တန်အစီအရင်များမှာ သီးခြားရပ်တည်နေကြမည်သာဖြစ်သည်။
ထို မန္တန်အစီအရင်၏ ထူးခြားသောဂုဏ်သတ္တိမှာ ၎င်း၏ စွမ်းအားသည် ချီအားဖြည့်ပညာရပ်အား ကျင့်ကြံသည့် လူအရေအတွက်အလိုက် တိုးတက်လာခြင်းပင် ဖြစ်သည်။ နောက်ပိုင်းတွင် ဆက်လက်ပြုလုပ်ခဲ့သည့် လေ့လာချက်များအရ ၎င်းမှာ ချီအားဖြည့်ပညာရပ်အား လေ့ကျင့်သည့် လူများအပေါ် ဆိုးကျိုးလုံးဝမရှိကြောင်း သိခဲ့ရသည်။ တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးမှာ ချီအားဖြည့်ပညာရပ်အား အသုံးပြု၍ ဝိညာဉ်ကျောက်တုံးများအား သန့်စင်ရာတွင် အားပိုစိုက်ရခြင်းသာ ဖြစ်သည်။
ထို့ကြောင့်လည်း လူဦးရေ အရေအတွက်မှာ ပြည်ထောင်စုကြီးအတွက် အဓိကအာရုံစိုက်စရာ အချက်ကြီးတစ်ချက် ဖြစ်လာရခြင်းဖြစ်သည်။
ထို့ကြောင့်လည်း ကိုလိုနီမြို့တော်အသစ်အား တည်ဆောက်ခဲ့ပြီးနောက် လူဦးရေပေါင်း မြောက်မြားစွာမှာ အင်္ဂါဂြိုဟ်ပေါ်သို့ ပြောင်းရွှေ့သွားကြခြင်း ဖြစ်သည်။ အလားတူပင် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီး၏ အပြင်ဘက်၌ ထိုမန္တန်အစီအရင်အား တည်ဆောက်လိုပါက ထိုနေရာ၌ မြို့တော်နယ်မြေတစ်ခုကိုလည်း တည်ဆောက်ရန်လိုအပ်ပေသည်… ထိုသို့တည်ဆောက်ပြီးလျှင် ပြည်ထောင်စုကြီးထဲ၌ နေထိုင်ကြသော လူပေါင်းမြောက်မြားစွာကို မြို့တော်နယ်မြေအသစ်ဆီသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။
လူဦးရေအလုံအလောက်ရှိမှသာ မန္တန်အစီအရင်ကြီးအား ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ သတ်မှတ်ထားသော လူဦးရေပမာဏသို့ ရောက်ရှိသွားပြီးလျှင် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးအား တူးဖော်သည့်လုပ်ငန်းနှင့် ရေခဲနံရံကြီးအား တိုက်စားသည့် လုပ်ငန်းများကို စတင်နိုင်မည်ဖြစ်သည်။
ထိုအချက်အလက်များအားလုံးမှာ အများပြည်သူ သိရှိခွင့်မရှိသော ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များဖြစ်ကြ၏။ ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်အကြောင်း တစ်ခုတည်းနှင့်တင် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ထိတ်လန့်တုန်လှုပ်သွားနိုင်ပေသည်။ ၎င်းမှာ ဘေးထွက်ဆိုးကျိုးမရှိပါသော်လည်း ဝိညာဉ်ကျောက်တုံးများ သန့်စင်ရာ၌ အားပိုစိုက်ရသည့် အချက်ကြောင့် လူအများမှာ မကျေမနပ် ဖြစ်သွားကြမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအချက်အလက်များအားလုံးကို ဖတ်ရှုလိုက်ပြီးနောက် ပင့်သက်ရှိုက်မိိသွား၏။
” ငါ ချီအားဖြည့်ပညာရပ်ကို အသုံးပြုပြီးတော့ ဝိညာဉ်ကျောက်တုံးတွေကို သန့်စင်တုန်းက ဘာလို့ ငါ့ရဲ့ ဝိညာဉ်ချီတွေက ဘေးပတ်ဝန်းကျင်ထဲကို စိမ့်ဝင်ပျံ့နှံ့သွားရတာလဲဆိုပြီး သိချင်နေခဲ့တာ။ လတ်စသတ်တော့ ဒါ့ကြောင့်ကိုးကွ ”
” ပြီးတော့ ဒီမြို့တော်နယ်မြေအသစ်က နတ်ဘုရားလက်နက် တူးဖော်ရေးလုပ်ငန်းနဲ့ ဘာတွေများ ပတ်သက်နေလို့လဲဆိုပြီးတော့ တွေးနေခဲ့တာ။ ဒီအချက်ကြောင့် ဖြစ်နေတာကိုး ” ဝမ်ပေါင်လဲ့မှာ သူသိရှိလိုက်ရသော အရာများကြောင့် အံ့ဩတုန်လှုပ်သွားရ၏။ သူသည် အချိန်အနည်းငယ်ခန့် ကြာပြီးမှ စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်လိုက်ပြီး ပြည်ထောင်စုကြီး၏အကြောင်းကို တွေးတောလိုက်၏။ ထိုါနောက် သူ၏ ခေါင်းထဲတွင် တဖြည်းဖြည်းနှင့် အတွေးတစ်ခု ပေါ်လာ၏။
” ပြည်ထောင်စုကြီးထဲက နိုင်ငံရေးတွေက တော်တော်ကိုရှုပ်ထွေးတာပါလား။ ရာထူး ပိုမြင့်လာလေ လျှို့ဝှက်ချက် အသစ်တွေကို ပိုသိလာရလေလေပဲ။ ပြီးတော့ အဲဒီ လျှို့ဝှက်ချက်တွေကလည်း တစ်ခုထက်တစ်ခု ပိုပြီးတော့ကို အံ့ဩတုန်လှုပ်ဖို့ ကောင်းနေတာ။ ဒါနဲ့… ပြည်ထောင်စုကြီးထဲမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် လုံးဝမရှိခဲ့ဘူးဆိုတဲ့ အချက်က တကယ်ရော မှန်ရဲ့လား ”
ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်တွင် ခံစားချက်မျိုးစုံ ထင်ဟပ်နေတော့သည်။ သူ ကလေးဘဝကတည်းက ခေါင်းထဲ၌ စွဲနေအောင် မှတ်သားထားခဲ့သည့် အချက်များမှာ အပေါ်ယံမျှသာ ဖြစ်နေသည်မဟုတ်ပါလော။ အမှန်တရား အစစ်အမှန်မှာ ၎င်းတို့၏ နောက်ကွယ်၌ ရှိနေခဲ့ခြင်းဖြစ်သည်။ သူသည် ထိုတွေ့ရှိချက်များကြောင့် နေမထိထိုင်မသာ ဖြစ်သွားရပြီး သူ၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ထွက်ပေါ်လာရတော့သည်။
အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့၌ မြင်နေရသော အမှန်တရားကြီးကို လက်ခံလိုက်တော့သည်။ သူသည် သူ၏ရှေ့တွင် ရှိနေသော ကျောက်စိမ်းပေလွှာကြီးအား စိုက်ကြည့်ရင်း နှုတ်ဆိတ်သွားရ၏။ ပြည်ထောင်စုကြီးမှာ ထိုကိစ္စကြီးတစ်ခုလုံးကို ပိပိရိရိ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးအင်အားစုတိုင်းမှာလည်း ထိုလျှို့ဝှက်ချက်အား လူအများကြီး သိရှိသွားကြမည်ကို လိုလားကြမည်မဟုတ်ပေ။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို သိရှိသွားပြီဖြစ်သော်လည်း အခြားမည်သူ့ကိုမှ ပြန်ပြောပြခွင့် မရှိကြောင်း သိထား၏။
ကံကောင်းစွာပင် ထို မန္တန်အစီအရင်ကြီးကြောင့် အင်အားများစုပ်ယူခံလိုက်ရပြီး အသက်သေဆုံးသွားရသည့် သာဓကများကို သူသည် လုံးဝ မကြားခဲ့ဖူးပေ။ သူကိုယ်တိုင် ထိုပညာရပ်အား အသုံးပြုခဲ့ဖူးသည်ဖြစ်ပြီး မန္တန်အစီအရင်ကြီးထဲ၌ ရှိနေခဲ့သည့်တိုင်အောင် မည်သည့် ဝေဒနာကိုမှ မခံစားခဲ့ရပေ။ ထို့အပြင် ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးနှင့် မဟာထိပ်သီးအကြီးအကဲ နှစ်ယောက်စလုံးမှာ ဤကိစ္စအကြောင်းကို သိရှိထားပြီးသား ဖြစ်လိမ့်မည်ဟု သူက အခိုင်အမာယုံကြည်ထား၏။ သူတို့နှစ်ယောက်မှာ ထိုသို့သိရှိထားသည့်တိုင်အောင် ရေငုံနှုတ်ပိတ်နေကြသည်ဖြစ်ရာ ထိုမန္တန်အစီအရင်ကြီးကြောင့် သာမန်လူများအပေါ် သက်ရောက်နိုင်သည့် တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးမှာ ဝိညာဉ်ကျောက်တုံးများ သန့်စင်ရာ၌ အားပိုစိုက်ရသည့် အချက်သာ ဖြစ်ရပေမည်။
သူတို့အားလုံးမှာ ထိုမန္တန်အစီအရင်ကြီးထဲ၌ နေထိုင်နေကြသည်မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ ထိုသို့နှလုံးသွင်းကာ စိတ်အေးလက်အေးနှင့် သက်ပြင်းချလိုက်ပြီး ထိုစာရွက်စာတမ်းအား ဆက်လက်ဖတ်ရှုလိုက်၏။ သူ အပြီးအထိ ဖတ်ပြီးသွားသောအခါ ညဉ့်နက်ချိန်သို့ ရောက်နေပြီဖြစ်သည်။ သူသည် ထိုစာရွက်စာတမ်းပေါ်ရှိ သတိပေးချက်တစ်ခုကိုလည်း သတိထားမိလိုက်၏။ ၎င်းမှာ စာဖတ်သူများအား ဤစာရွက်စာတမ်းထဲ၌ ပါရှိသော မည်သည့်အချက်အလက်ကိုမှ ပြင်ပသို့ မပေါက်ကြားစေရန် သတိပေးထားခြင်းဖြစ်သည်။ ထိုသို့သာ ပေါက်ကြားသွားမည်ဆိုပါက နိုင်ငံတော်သစ္စာဖောက်မှုအား ကျူးလွန်လိုက်သလို ဖြစ်သွားမည်ဖြစ်သည်။
သူ အဆုံးအထိဖတ်ပြီးသွားသောအခါ ထိုစာရွက်စာတမ်းမှာ အလိုအလျောက်ပျက်စီးသွား၏။ ၎င်း၏ အစအနတစ်ခုပင် မကျန်ရစ်ခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ ပြောင်သလင်းခါနေသော အသံလွှင့် ကျောက်စိမ်းပေလွှာကြီးအား ငေးကြည့်နေလိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်၏။ ထို့နောက် သူသည် ထို ထိပ်တန်းလျှို့ဝှက်ချက်အဆင့်ရှိသော စာရွက်စာတမ်းထဲ၌ ရှိနေခဲ့သည့် အချက်အလက်များကို စိတ်ထဲ၌ ဖြည်းဖြည်းချင်း မှတ်သားရင်း အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံဘက်မှ သူ့အား ဆင့်ခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် သုံးရက်တိတိ ကုန်ဆုံးသွား၏။
ထို သုံးရက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ သူ၏နေအိမ်ထဲ၌သာ ရှိနေခဲ့ပြီး အပြင်သို့မထွက်လာခဲ့ပေ။ သူသည် စောင့်ဆိုင်းနေရင်း တရားထိုင်ကာ လေ့ကျင့်နေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည် အလယ်အလတ်အဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူက အာရုံခံမိနေ၏။ သင့်တော်သည့် အချိန်သို့ရောက်လျှင် သူသည် နှောင်းပိုင်း အခြေတည်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ကြိုးစားမည်ဖြစ်သည်။
သူသည် လျှပ်စီးတာအို အတွဲတစ်အား လေ့ကျင့်နေခဲ့သောကြောင့် သူ၏ ခြေထောက်နှစ်ဖက်စလုံးထဲတွင်ရှိသော မိုးကြိုးသွားများမှာ အားအပြည့် ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ချက်မျှ တွေးလိုက်ရုံနှင့် ၎င်းတို့အား ထုတ်လွှတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
သူသည် အမှောင်ပညာရပ်အား လေ့လာရာ၌ ဖောက်ထွက်နိုင်ခဲ့ပြီးနောက် သိသိသာသာ တိုးတက်လာခဲ့၏။ ယခုတွင် သူသည် ထိုပညာရပ်အား လေ့ကျင့်သည့်အချိန်တိုင်းတွင် အနုတ်ဝိညာဉ်ခန္ဓာကိုယ်များအား အာရုံခံနိုင်စွမ်းရှိနေပြီဖြစ်သည်။ ထို့အပြင် သူသည် သူ၏ခန္ဓာကိုယ်ထဲ၌ ဒုတိယမြောက် အနက်ရောင်မီးတောက်ကိုလည်း အောင်မြင်စွာ ဖန်တီးနိုင်ခဲ့၏။
ထို အနက်ရောင်မီးတောက်နှစ်ခုကြောင့် သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ သိသိသာသာ တိုးတက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော အစိမ်းရောင်ကြာပွင့်လေးမှာလည်း အရွယ်အစား ကြီးမားလာပြီဖြစ်ရာ သူသည် သူ၏ အပြင်ခန္ဓာကိုယ်အား လေ့ကျင့်နေစရာမလိုတော့ပေ။ သူ့ဘက်မှ အားစိုက်စရာမလိုဘဲ အလိုအလျောက် တိုးတက်လာနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အခြား မှော်ဝင်ပညာရပ်များ ဆက်လက်ကျင့်ကြံနေလည်း ထူးခြားမှု သိပ်ရှိလာတော့မည်မဟုတ်ဟုပင် ခံစားနေရသည့် အဆင်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် တိုက်ကွက်တစ်ကွက်တည်းနှင့် အလဲမထိုးနိုင်သော ရန်သူတစ်ယောက်နှင့် ကြုံတွေ့ရမည်ဆိုလျှင် သူ့အား နောက်ထပ် ဆယ်ကြိမ် သို့မဟုတ် အကြိမ်တစ်ရာအထိ ဆက်လက်တိုက်ခိုက်လိုက်မည်သာ ဖြစ်သည်။ သူ၏ စွမ်းအင်များမှာ အဆုံးမရှိလောက်အောင် များပြားနေပြီဖြစ်သည့်အပြင် သူ၏ ဒဏ်ရာပျောက်ကင်းနှုန်းမှာလည်း အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလောက်အောင် မြန်ဆန်နေပြီ မဟုတ်ပါလော။
သူ၏ တစ်ခုတည်းသော နောင်တမှာ သူ၏ အမှောင်ရုပ်အလောင်းမျက်နှာပညာရပ်သာ ဖြစ်သည်။
သူသည် ၎င်းအား စမ်းသုံးခွင့်မရခဲ့သေးပေ။ ထို့ကြောင့် သူသည် ထိုပညာရပ်အကြောင်းကို စဉ်းစားမိလိုက်သည့်အချိန်တိုင်း သိချင်စိတ်များ ပြင်းပြလာခဲ့ရ၏။ သူသည် ထိုအမှောင်ရုပ်အလောင်းမျက်နှာပညာရပ်မှာ မည်မျှအထိအစွမ်းထက်ကြောင်း သိချင်နေပြီဖြစ်သည်။
” သုံးဖို့ အခွင့်အရေးမရတာ နာတယ်ကွာ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်၏။ သူသည် ထို အမှောင်ပညာအရပ်အား အသုံးပြုမိလိုက်သောကြောင့် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးနှင့် ဆက်နွှယ်မှုရှိနေသည်ဟု သတ်မှတ်ခံလိုက်ရပြီး သုတေသနလုပ်ငန်းများအတွက် ဖမ်းဆီးခံလိုက်ရမည်ကို မလိုလားပေ။
ကောင်းကင်တာအိုကျောင်းနှင့် သူ၏ကြားရှိ ဆက်ဆံရေးနှင့် သူ၏ မြို့တော်ဝန်ဆိုသော ရာထူးအသစ်ကြောင့် တာအိုကျမ်းစာအကြောင်းနှင့် ပတ်သတ်၍ သူ့အား မေးခွန်းမထုတ်ရန် အခြားသူများကို ဖျောင်းဖျနိုင်ပေသည်။ သို့သော် သူ အမှောင်ပညာရပ်အား လေ့ကျင့်နေသည်ကို အခြားသူများသာ သိရှိသွားမည်ဆိုပါက သူတို့မှာ သူ့အား နှိပ်စက်ညှင်းပန်းကာ အကြောင်းရင်းအစုံအလင်ကို မရမက စစ်မေးကြမည်သာ ဖြစ်သည်။
” သတိကြီးကြီး ထားမှဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ သူ့ကိုယ်သူ သတိပေးလိုက်၏။ ထို့နောက် သူသည် ကျင့်ကြံခြင်းအား ဆက်လက်လေ့ကျင့်နေလိုက်တော့သည်။ ထိုသို့ဖြင့် လေးရက်တိတိ ကုန်ဆုံးသွားပြီးနောက် နေမွန်းတည့်ချိန်၌ ဝမ်ပေါင်လဲ့တစ်ယောက် အပြင်းအထန် လေ့ကျင့်နေစဉ် သူ၏ အသံလွှင့်လက်စွပ်မှာ ရုတ်တရက် တုန်ရီသွား၏။ ထို့နောက် သူ၏နားထဲ၌ အင်္ဂါဂြိုဟ်အစိုးရအဖွဲ့မှ သတင်းတစ်ခုကို ယူဆောင်လာသည့် တင်းမာခက်ထန်သော စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်။
” မြို့တော်ဝန်ဝမ်။ နောက်တစ်နာရီနေရင် ဘုရင်ခံ ဆယ့်ငါးမိနစ်တိတိ အားပါမယ်။ ကျေးဇူးပြုပြီးတော့ သူမရဲ့ ရုံးခန်းဆီကို အချိန်မီရောက်အောင် သွားပေးပါ “