Chapter 29

ဒါ ကျုပ်ရဲ့ ပထမဆုံးအကြိမ်လေ...ဘယ်လိုနေလဲ

သူ ရူးနေပြီ!

လင်းလန် အမြင်တွင်တော့ ယဲ့ဖန်သည် သွက်သွက်ခါအောင် ရူးသည့်အရူးသာ ဖြစ်သည်။

သူက မော်တော်ကားကို ဘာပစ္စည်း ကိရိယာမှ မသုံးဘဲ အသစ်ပြန်လည် ပြင်ဆင်မွမ်းမံချင်နေပြီး ပြိုင်ကားနှင့် ယှဥ်၍ ပြိုင်မောင်းချင်နေသေးသည်။

သူ…သူ ရူးနေတာမလား?

“အချိန်ဖြုန်းမနေနဲ့…ဘယ်လိုလုပ် ဒီကားက ပြိုင်ကားကို အမှီလိုက်နိုင်ပါ့မလဲ။ ရှင် အသစ်ပြန်ပြင်ဆင်ချင်ရင်တောင် အဲ့လိုပြင်နေတဲ့အချိန်မှာပဲ သူတို့ မြို့ထဲရောက်ပြီးနေလောက်ပြီ။ ကျွန်မတို့ သူတို့ကို ရှာလို့တောင် တွေ့မှာ မဟုတ်တော့ဘူး”

ယဲ့ဖန်၏ အပြုအမူများနှင့် ပတ်သက်ပြီး လင်းလန် အာစေးမိနေသည်။ သူမအမြင်တွင်တော့ ယဲ့ဖန်သည် ရူးကြောင်ကြောင်နိုင်သော အရာတစ်ခုကို လုပ်နေခြင်းသာ။

သို့သော်ငြားလည်း ယဲ့ဖန်က သူမကို ဥပေက္ခာပြုထားသည်။

နတ်ဆိုးဧကရာဇ်တယောက် ဖြစ်သည့်အားလျော်စွာ ယဲ့ဖန်သည် သိပ္ပံပညာနှင့် နည်းပညာဆိုင်ရာ ယဥ်ကျေးမှုများနှင့် ပတ်သတ်ပြီး အတွေ့အကြုံ များစွာ ရှိသည်။

တစ်ခြားသောဂြိုလ်များသည် ကမ္ဘာကြီးထက် ပို၍ အင်အားကြီးကာ ပို၍လည်း နည်းပညာ ဖွံ့ဖြိုးတိုးတက်သည်။

ယဲ့ဖန်အတွက်ကတော့ သူ့မှာသာ ပစ္စည်းကိရိယာ အလုံအလောက် ရှိပါက အာကာသလွန်းပြန်ယာဥ်ကိုပါ တပ်ဆင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ကားတစ်စီးလောက်ကတော့ သူ သေချာပေါက် တပ်ဆင်နိုင်လေသည်။

ယဲ့ဖန်၏ မျက်လုံးမှ ခရမ်းရောင်အလင်းများ ထွက်နေကာ လက်ကလည်း လျှပ်စီးကဲ့သို့ ပစ္စည်းများကို တစ်စစီ ဖြုတ်ယူနေသည်။

သူက လက်ဖြင့် ဝက်အူများကို တစ်ခုပြီးတစ်ခု ဖြုတ်နေသည်။ သူ၏လက်ကလည်း သံနှင့်ပြုလုပ်ထားသော ပလာယာလားဟုတောင် မှတ်ယူရသည်။

တစ်မိနစ်အတွင်းမှာပင် အင်ဂျင်စက်တစ်ခုလုံး တစ်စစီ ဖြစ်သွားသည်။ သာမန်ကားများတွင် အင်ဂျင်စက်က ခုံအောက်တွင် ရှိသော်လည်း ဤ ဖိုဒ့်ကား၏ အင်ဂျင်ကတော့ ကားခေါင်းပိုင်း၌ ရှိလေသည်။

ရုတ်တရက် ယဲ့ဖန်က အင်ဂျင်စက်အဖုံးကို သတ္တုအပိုင်းအစကဲ့သို့ ဆွဲခွာလိုက်သည်။

ထို့နောက် ထိုသတ္တုအပိုင်းအစများကို အင်ဂျင်စက်ထဲသို့ တစ်ခုပြီးတစ်ခု ပြန်လည်တပ်ဆင်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် အင်ဂျင်စက်တစ်ခုလုံးသည် သတ္တုအပိုင်းအစများနှင့် အလှဆင်ခြင်း ခံလိုက်ရပြီး အတော်လေး ရုပ်ဆိုးလှသည်။

လင်းလန် လုံးဝကို မှင်တက်သွားရသည်။ ရှုပ်ယှက်ခက်စွာ တပ်ဆင်ထားသော အင်ဂျင်စက်ကို ကြည့်ပြီး ကားစက်နှိုးလို့ ရပါ့မလားဟုတောင် လင်းလန် တွေးမိသည်။

“ပြီးသွားပြီ!”

နောက်ဆုံးသော သတ္တုအပိုင်းအစကို တပ်ဆင်လိုက်ပြီး ယဲ့ဖန် ပြုံးရွှင်စွာနှင့် ကားပေါ် ပြန်တက်လိုက်သည်။

သို့သော် ဒီတစ်ကြိမ်တွင်တော့ ယဲ့ဖန်က ယာဉ်မောင်းသူထိုင်ခုံ၌ ထိုင်နေသည်။

လင်းလန် ယခုချိန်ထိ နဝေတိန်တောင် ဖြစ်နေသေးသည်။ ကားပေါ်တက်လိုက်ပြီးနောက် လင်းလန်က ယဲ့ဖန်အား မယုံသင်္ကာဖြင့်မေးလိုက်သည်။

“ဒီစက်က မောင်းလို့ရတယ်ဆိုတာ သေချာရဲ့လား။ အင်ဂျင်စက်ကို ကိုယ့်ဘာသာကိုယ် ပြန်ပြင်တာက အန္တရာယ် များတယ်နော်။ အဲ့ဒါ အတွေ့အကြုံ အများကြီး လိုအပ်တယ်”

လင်းလန်၏ ကုမ္ပဏီတွင် ကားထုတ်လုပ်ခြင်းလည်း ပါသည့်အတွက် သူမ အင်ဂျင် တပ်ဆင်တာနှင့် ပတ်သက်ပြီး အနည်းငယ် နားလည်သည်။

သူမအမြင်တွင် ယဲ့ဖန်သည် အသက် ၂၀ အောက် ဖြစ်ပုံရသည်။ ထို့ကြောင့် သူ ကား၏ အစိတ်အပိုင်းများကို သိဖို့ မဖြစ်နိုင်သလို အင်ဂျင်စက် တပ်ဖို့ ပို၍ မဖြစ်နိုင်ဟု ထင်မိသည်။

*ရှင် ကျွန်မကို နောက်နေတာလား*

“ယဲ့ဖန် အခု ရှင့်အရည်အချင်းတွေကို ကြွားလုံးထုတ်ပြီး ပြရမယ့်အချိန် မဟုတ်ဘူးနော်။ အင်ဂျင် တစ်ခုခုချို့ယွင်းတာနဲ့ ယာဥ်မတော်တဆမှု ဖြစ်နိုင်တယ်။ ဒါ ဘယ်လောက် အန္တရာယ် များလဲ ရှင် သိရဲ့လား?” ဟု လင်းလန်က အတော်လေး မသာမယာဖြစ်နေသည့် မျက်နှာနှင့် ယဲ့ဖန်ကို ပြောလိုက်သည်။

ပြိုင်ကားကို အမှီလိုက်မောင်းမည့် အစီအစဉ်ကို လက်လျော့လိုက်ရန် လင်းလန်က ယဲ့ဖန်အား ဖျောင်းဖျလိုသည်။

သို့သော် လင်းလန် ပြောပြီးပြီးချင်းမှာပင် ကားထံမှ သားရဲကောင်ကြီး ဟိန်းဟောက်သလို နားကွဲမတတ်အသံထွက်ပေါ်လာကာ ကားစက်နိုးလာသည်။

ထို့နောက် ပို၍ကျယ်လောင်သောအသံနှင့်အတူ ကားက ရှေ့သို့ ဆောင့်တက်သွားသည်။

“အား!”

လင်းလန် အလန့်တကြား ဖြစ်သွားကာ ထိုင်ခုံခါးပတ်တောင် မပတ်နိုင်ဘဲ နောက်သို့ လန်ကျသွားသည်။

သူမ နာကျင်နေတာကို လျစ်လျူရှုကာ ကားဒိုင်ခွက်ကိုသာ မယုံနိုင်သော အကြည့်များဖြင့် ကြည့်နေမိသည်။

၆၀!

၈၀!

၁၀၀!
မျက်စိတစ်မှိတ်အတွင်းမှာပင် ကားသည် အမြန်နှုန်း၌ တစ်နာရီကို ၁၀၀ ကီလိုမီတာထက် ကျော်သွားလေတော့သည်။

လင်းလန် မှင်တက်မိသွားသည်။

*၁စက္ကန့်၊ ၂စက္ကန့်အတွင်း ၁နာရီကို ၁၀၀ ကီလိုမီတာနှုန်း ရောက်သွားတယ်! မ….မဖြစ်နိုင်ဘူး!*

လင်းလန် ကိုယ့်မျက်လုံးကို မယုံနိုင်သေးပေ။
Lamborghini Veneno တောင် ၁နာရီ ၁၀၀ကီလိုမီတာ ရောက်ရန် အချိန် ၂.၈ စက္ကန့် လိုအပ်သော်လည်း ဒီကားကတော့ ၂စက္ကန့်ထက်ပင် နည်းနေသေးသည်။

“မ…မဖြစ်နိုင်လိုက်တာ!”

လင်းလန် မျက်လုံး အပြူးသား ဖြစ်နေသည်။ ကားတစ်လုံး ကျယ်လောင်သောအသံနှင့်အတူ အရှိန်မြင့်နေသည်။

ဖို့ဒ်ကား၏ ဒိုင်ခွက်က ၁နာရီကို ၂၂၀ ကီလိုမီတာအထိသာ အများဆုံး ညွှန်ပြနိုင်သော်လည်း တကယ့်အရှိန်အစစ်က ထို့ထက် ပိုများမြင်ဟု လင်းလန် သိနေသည်။

“မဖြစ်နိုင်ဘူး! လုံးဝ လုံးဝကို မဖြစ်နိုင်ဘူး!”

လင်းလန်၏ ဘဝအတွေးအခေါ်အားလုံး ကပြောင်းကပြန် ဖြစ်သွားတော့သည်။

*ရိုးရိုးကားက ပြိုင်ကားရဲ့ လုပ်ဆောင်နိုင်စွမ်းကို အမှီလိုက်နိုင်တယ်! ဒါ…ဒါ လုံးဝကို မယုံနိုင်စရာပဲ*

လမ်းဆုံ ၃၊၄ခု ကို ဖြတ်ပြီးသွားမှ လင်းလန် သတိထားမိလာသည်။

“ယဲ့ဖန်….ရှင် မီးနီပြထားတာကို ဖြတ်မောင်းလာတယ်! ဒါ ဘယ်လောက် အမှတ်လျော့ခံရမလဲ ရှင် သိရဲ့လား”

လမ်းဆုံလမ်းခွကို ရောက်သည့်အခါတိုင်း ယဲ့ဖန် ဘာကိုမှ စောင့်ဆိုင်းခြင်းမရှိဘဲ မောင်းချလာသည်။ မီးနီပြထားတာကို ကြည့်ပြီး လင်းလန် ဇောချွေးပြန်လာသည်။ သူမ စကားကြောင့် ယဲ့ဖန် ပြန်ပြောလိုက်တာကတော့
“အမှတ်လျော့ခံရမယ်…ခင်ဗျား ဘာကို ပြောနေတာလဲ?”

*ခင်ဗျား ဘာကို ပြောနေတာလဲ*

လင်းလန် ဆွံအသွားရသည်။
“အမှတ်က ရှင့် ယာဥ်မောင်းလိုင်စင်နဲ့ တွဲထားတာလေ။ မီးနီ ၃ခု ဖြတ်လိုက်မိရင် ရှင့်အမှတ် အကုန် အလျော့ခံရမှာ”

လင်းလန် ပြောတာကို ကြားသော်လည်း ယဲ့ဖန်က ပခုံးလေးတွန့်ကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး… ကျုပ်မှာမှ ယာဉ်မောင်းလိုင်စင် မရှိတာကို”

ဘာ!

*ကျုပ်မှာမှ ယာဉ်မောင်းလိုင်စင် မရှိတာ …. ယာဉ်မောင်းလိုင်စင် မရှိတာ*

လင်းလန် အလွန် အံအားသင့်သွားသည်။ ယာဥ်မောင်းလိုင်စင် မရှိဘဲ ယဲ့ဖန် ဒီလောက် အမြန်နှုန်းနှင့် မောင်းရဲမယ်လို့ သူမ မထင်ထားခဲ့ပေ။

လင်းလန် မျက်နှာလေး ဖြူရော်သွားသည်။ ထိုစဉ် ယဲ့ဖန် ပြောခဲ့သည့်စကားကို ပြန်အမှတ်ရမိပြီး သူမ ကြောက်လန့်တကြား မေးလိုက်သည်။

“ယဲ့ဖန်… ရှင် … ရှင် ကားမမောင်းတတ်ဘူးလို့ ပြော … ပြောခဲ့တယ်လေ …  ဘာလို့ ရှင်…”

သူမ စကားကြောင့် ယဲ့ဖန် ခပ်ဖွဖွ ပြုံးကာ

“အင်း… ကျုပ် အရင်က တစ်ခါမှ ကားမမောင်းဖူးဘူး..ကျုပ် အခုလေးတင် လေ့လာလိုက်တာ…ဒါ ကျုပ် ပထမဆုံးအကြိမ် ကားမောင်းခြင်းပဲ…ဘယ်လိုနေလဲ”

လင်းလန် သွေးအန်မတတ် ဖြစ်သွားရသည်။

သေလိုက်ပါတော့!

“ဒါ ရှင့်ရဲ့ ပထမဆုံးအကြိမ်!”

ယဲ့ဖန် အူကြောင်ကြောင်နှင့် ဂီယာထိုးနေသည်ကို ကြည့်ပြီး လင်းလန် ကတုန်ကယင် ဖြစ်လာသည်။

*ဘုရားရေ…ရှင် ပထမဆုံးအကြိမ် ကားမောင်းတဲ့နေ့မှာပဲ အင်ဂျင်ကို ကိုယ့်ဘာသာကိုယ် ပြန်တပ်တယ်*

*ပထမဆုံးအကြိမ် ကားမောင်းတဲ့ နေ့မှာပဲ တစ်နာရီကို ၂၀၀ ကီလိုမီတာအထက် ရောက်သွားတယ်*

စက္ကန့်ပိုင်းအတွင်းမှာပင် လင်းလန်ကျောတွင် ချွေးများနှင့်ရွှဲနစ်လာကာ အန်ချင်သလိုလို ဖြစ်လာသည်။ ထိုစဉ် ယဲ့ဖန်က မျက်လုံးကို အသာမှေးကာ အေးစက်စက် ပြောလိုက်သည်။

“နောက်ဆုံးတော့ ငါ မင်းကို မှီလာပြီပဲ”

သူ့စကားကြောင့် လင်းလန် အံအားသင့်သွားကာ ရှေ့သို့ ကပြာကယာ ကြည့်လိုက်သောအခါ Lamborghini ကားလေးက အလွန်မြန်သည့် အရှိန်နှင့် ရှေ့၌ မောင်းနေလေသည်။

လင်းလန် မယုံနိုင်သော မျက်နှာနှင့် တိုးတိုးလေး ရေရွတ်မိသည်။

“ငါတို့ တကယ်…တကယ်ကြီး အမှီလိုက်နိုင်တာပဲ”


Comment

Leave a Reply

Options

not work with dark mode
Reset