လူအုပ်စုပေါင်းများစွာက တောင်ကြောတစ်လျှောက် ထွက်ခွာနေကြသည်။ တချို့က အားအင်အပြည့်ဖြင့်ဖြစ်ပြီး တချို့က အားအင်ကုန်ခန်းသော ပုံစံများကို တွေ့ရသည်။ သို့သော် အားလုံးလိုလိုက မြွေကြီး အကြောင်းကို ဆွေးနွေး ပြောဆိုနေကြသည်။
စီစဉ်ညွှန်ကြားသူများက ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ တောင်ပေါ်တွင် နေလိုသော ဆန္ဒမရှိကြတော့။ စပါးကြီးမြွေအား တွေ့သည်ဟူသော အကြောင်းမှာကား မည်သူမျှ တိတိကျကျ မသိကြပေ။ ထို့အပြင် တချို့ သတ္တဝါဆန်းများမှာကား နဂါးနှင့် ပုံသဏ္ဌာန်တူသည် မဟုတ်ပါလား။
ရီဖူရှင်းက ရင်းနှီးသော ပုံရိပ်တစ်ခုအား အဝေးမှလာသည်ကို တွေ့ရသည်။ သူမ၏ အဖြူရောင်ဝတ်စုံက ဖုန်မှုန့်များကြောင့် အနည်းငယ် ညစ်ပေနေသော်လည်း သူမ၏ မျက်နှာမှာကား သန့်စင်ကာ ဝင်းပနေလေသည်။ သူမ၏ ဘေးတွင်ကား ချောမော ခန့်ညားသော မူရွန်ချူ အား တွေ့ရသည်။ သူမတို့ နှစ်ဦးက စကားတပြောပြောဖြင့် ရယ်မောလျက် လျှောက်လာကြသည်။
ဖန်းရှင်းဇွီ နှင့် မူရွန်ချူ အတူတွဲလျှောက်လာသည်ကို မြင်သော တခြားလူများက ဖူရှင်းအား စောင်းငဲ့ကြည့်ကြသည်။ ၎င်းတို့၏ အပြုအမူများက ဖူရှင်းအား စိတ်ရှုပ်စေ၏။
ဖန်းရှင်းဇွီလည်း အဝေးမှပင် ဖူရှင်းအား သတိထားမိသည်။ သူမက ဖူရှင်းအား တစ်ချက် လှမ်းကြည့်မိသည်။ ဖူရှင်း၏ အကြည့်နှင့် ရုတ်တရက်ဆုံသော် ချက်ချင်း အကြည့်ကိုလွှဲရန် ကြိုးစားသည်။ မူရွန်ချူနှင့်ပြောနေသော စကားများပင် ရပ်တန့်သွားသည်။
သူမဘေးမှ မူရွန်ချူက သူမ၏ ရုတ်တရက် တိတ်ဆိတ်သွားမှုကို သတိပြုမိသည်။ သူ၏ အကြည့်က မျက်လုံးများစွာ၏ အကြည့်ဦးတည်ရာကို ရောက်သွားပြီး ဖူရှင်းအား မြင်သွားသည်။ သူက ပြုံးလျက် အကြည့်ကို လွှဲလိုက်သည်။ သူ၏ ပုံစံက ဖူရှင်းအား သိပ်ဂရုမစိုက်သည့်ပုံမျိုး ဖြစ်သည်။
ယူချင်းလည်း ထိုသူများအား သိပ်ဂရုမစိုက်ပေ။ ယူချင်းအားကြည့်ကာ မေးလိုက်သည်…
“နဂါးရှိတယ်ဆိုတော့ ကျောင်းတော်က ငါတို့ကို တောင်ပေါ်သို့ သွားခွင့်ပေးပါ့မလား”
ယူချင်းက အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်သည်…။
“ဒါဆိုလည်း တောင်ပေါ်သို့ တက်ခွင့်မပိတ်သေးခင် ငါတို့သွားကြမယ်…” ထိုသို့ပြောကာ အဝေးမှ တောင်တန်းရှည်ကြီးအား ငေးကြည့်လိုက်သည်။ သူ၏မျက်လုံးများက သူမည်မျှ စိတ်အားထက်သန် နေသည်ကို ပြောနိုင်သည်။
သူတို့က တောင်ပေါ်မှ ပြန်လာကြသော ကျောင်းသားများ လာရာလမ်းအတိုင်း လျှောက်သွားလိုက်သည်။ ဖန်းရှင်းဇွီက သူမထံ ဦးတည်၍ လာနေသော ဖူရှင်းအားကြည့်ကာ ထိတ်လန့်သွားသည်။ သူမ၏ စကားက သူတို့နှစ်ဦးကို တကယ် စိမ်းကားသွားစေသလား သူမ မသေချာသေးပေ။ အနီးသို့ ရောက်လာသော ဖူရှင်းအားကြည့်ကာ သူမက စကားပြောရန် ဟလိုက်သည်။ သို့သော် ဖူရှင်းနှင့် ယူချင်းကား သူမအား လှည့်၍ပင် မကြည့်ပေ။ ဘေးမှ ကျောင်းသားများကို ဖြတ်သန်းသွားသည့်အတိုင်း ဖန်းရှင်းဇွီအား ဖြတ်ကျော်လျက် တီအန်ယွာတောင်ဘက်သို့ ဆက်လက် ထွက်ခွာသွားကြလေ၏။
ဒါဆို ငါ့ဆီလာတာ မဟုတ်ဘူးပေါ့… ဖန်းရှင်းဇွီ တွေးလိုက်သည်။ ဒါဆို သူတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။ သူမက ထိုသို့တွေးသည့်အတိုင်း လူတိုင်းက သူတို့နှင့် ဆန့်ကျင်ဘက် တီအန်ယွာတောင်သို့ ထွက်ခွာသွားသော သူတို့နှစ်ယောက်အား ကြည့်ကာ ဝေခွဲမရဖြစ်သွားသည်။ သူတို့နှစ်ယောက်က ဘာကြောင့် တောင်ပေါ်သို့ သွားကြတာလဲ။
“ဒီကောင် ရူးနေတာလား” တစ်ယောက်က ရေရွတ်လိုက်သည်။ ယမန်နေ့ကပင် သူက အမဲလိုက်ခြင်း အစီအစဉ်တွင် မပါဝင်ဟုပြောကာ ယခု မြွေမိစ္ဆာပေါ်လာသောအခါ တောင်ပေါ်သို့သွားရန် ဟန်ပြင်နေကြသည်။
လူတိုင်းက ဖူရှင်း၏ အပြုအမူကို နားမလည်ကြပေ။ ဖူရှင်းကိုယ်တိုင်လည်း မိမိ ဘာလုပ်နေသည်ကို နားမလည်ပေ။ သို့သော် ယခုပြောနေသည်မှာ နဂါးဖြစ်သည်။ သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်အရ အရာအားလုံးကို လွတ်လပ်စွာ စူးစမ်းလေ့လာကာ ကျင့်နိုင်သည်။ အကယ်၍ သူက နဂါးကိုသာ လေ့လာဆင်ခြင်ခဲ့ပါက မည်သည့်ရလဒ် ရလာမည်ကို သူမသိပေ။ ထို့အပြင် နဂါးဆိုသည်မှာ မည်ကဲ့သို့ သတ္တဝါဖြစ်သည်ကို သူသိလို၏။
တောင်ထိပ်ကိုသွားသော အဓိကလမ်းကြောကား ကျောင်းတာဝန်ခံများမှ ပိတ်ထားပြီးဖြစ်သည်။ တောင်ထိပ်ကိုသွားသော လမ်းတစ်နေရာတွင်ကား စီနီယာကျောင်းသားများ စောင့်ကြပ်နေကြသည်။ သူတို့က တောင်ပေါ်မှ ဆင်းလာသော သူများအားသာလျှင် ဖြတ်သန်းခွင့်ပြုသည်။ သို့သော် ဖူရှင်းနှင့် ယူချင်းမှာကား လမ်းမအတိုင်း သွားရန်မလိုပေ။ သူတို့သွားနေကျ ဖြတ်လမ်းအတိုင်း တောင်ပေါ်သို့ တက်သွားကြ၏။
လမ်းတစ်လျှောက်တွင် ကျောင်းတာဝန်ရှိသူတို့မှ ပြုလုပ်ထားသော အတားအဆီး သင်္ကေတ များအားကြည့်ကာ လက်ရှိအခြေအနေအား သိလိုစိတ် ပိုမြင့်လာလေသည်။
“ငါတို့ ဒီတိုင်း လျှောက်သွားနေလို့တော့ မရဘူး… ငါတို့ ဘယ်ဘက်ကို သွားကြမလဲ” ယူချင်းက မေးလိုက်သည်။ သူတို့ တောင်ပေါ်တွင် လျှောက်သွားနေသည်မှာ အတော်ကြာပြီ ဖြစ်သော်လည်း ထူးထူးခြားခြား ဘာမှမတွေ့သေးချေ။
“ငါတို့က လူတွေ အများဆုံး ထွက်ခွာလာတဲ့ နေရာကို ရှာရမယ်…” ဖူရှင်းက ဆုံးဖြတ်ပြီးဟန်ဖြင့် ပြောသည်။ ယူချင်းက ချက်ချင်း နားလည် လိုက်သည်။ သူတို့က လူအများဆုံး ထွက်ခွာလာရာဘက်သို့ လျှောက်သွားလိုက်သည်။
ကောင်းကင်၏ အနောက်ဘက်တွင်ကား ပုစွန်ဆီရောင်သန်းလျက် နေလုံးကြီးက ဝင်လုနီပါးဖြစ်ကာ အမှောင်ရိပ်များသန်းလာပေပြီ။ အမှောင်ရိပ် ကြီးစိုးလာသည်နှင့်အမျှ သူတို့နှစ်ဦးက ကျောင်းတာဝန်ရှိသူများ မသိအောင် တရွေ့ရွေ့ ရွေ့လျားနေကြသည်။
“လူတွေက တဖြည်းဖြည်းနဲ့ နည်းသွားတယ်… ကြည့်ရတာ ငါတို့က ကန့်သတ်ထားတဲ့နေရာရဲ့ အလယ်ကို ရောက်နေပြီ ထင်တယ်… ငါတို့ ကံစမ်းပြီး ဒီနေရာကပဲ စောင့်ရအောင်” ဖူရှင်းက အနီးရှိ သစ်ပင်တစ်ပင်တွင် မှီလျက် ပြောသည်။ ကောင်းကင်ကား နက်မှောင်နေလေပြီ။ အနီးအနားတွင်ကား လူ။ မိစ္ဆာများ၏ လှုပ်ရှားမှုကို မတွေ့ရတော့ပဲ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်။
ရုတ်တရက် ကောင်းကင်တွင် လျှပ်စီးတစ်ချက် လက်သွားသည်။ သစ်ပင်အောက်တွင် ထိုင်နေသော ဖူရှင်းနှင့် ယူချင်းက ချက်ချင်း သတိပြုမိသည်။ ထို့အပြင် ၎င်းပတ်ဝန်းကျင်အား စောင့်ကြပ်နေသော စီနီယာများကလည်း ကောင်းကင်အား မော့ကြည့်နေကြသည်။
“ဒါတကယ် ဒီနေရာမှာလား”
မိုးခြမ်းသံများ ပို၍ကြားရသည်။ ကောင်းကင်တွင် လျှပ်စီးများ တစ်ချက်ပြီးတစ်ချက် ပို၍ လင်းလက်လာသည်။ ဖူရှင်း စိတ်လှုပ်ရှားမှုများကြောင့် မျက်လုံးများက တောက်ပနေသည်။ ထို့အတူ စိုးရိမ်စိတ် အနည်းငယ်လည်း ရှိသည်။
“နဂါး… နဂါး… ဒါ တကယ့် နဂါးပဲ…” ပတ်ဝန်းကျင်ရှိ တစ်နေရာမှ အော်သံတစ်သံ ထွက်လာသည်။
ဖူရှင်းက ထိုင်နေရာမှ ရုတ်တရက် ထကာ ကောင်းကင်အား မော့ကြည့်လိုက်သည်။ ကောင်းကင် တစ်နေရာတွင်ကား နဂါး တစ်ကောင် ပျံသန်းနေသည်ကို တွေ့ရသည်။ ၎င်း နဂါးကား ပေထောင်ကျော် ရှည်လျားကာ တစ်နေရာတွင် ပေါ်လာပြီး ပျောက်သွားလိုက် နောက်တစ်နေရာတွင် ပေါ်လာလိုက် ဖြစ်နေသည်ကို တွေ့ရသည်။ မိုးခြမ်းသံများ ပို၍ ကျယ်လောင်လာသည်။ လျှပ်စီးများ ပို၍ လက်လာသည်။
“နဂါးတစ်ကောင်…” ယူချင်းက ကောင်းကင်ကို ကြည့်လျက် ရေရွတ်လိုက်သည်။ သူ၏ ခံစားချက်များအား စကားလုံးများဖြင့် မပြောပြတတ်ချေ။
ကောင်းကင်တွင် ပုံရိပ်များ ရုတ်တရက် ပေါ်လာသည်။ ၎င်းတို့၏ ကိုယ်ရောင်ကိုယ်ဝါများက ပုံမှန်လူများထက် ပို၍ တောက်ပသည်။ သာမန်လူတို့၏ ရိုးရိုး အကြည့်တစ်ချက်ကပင် သူတို့သည် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း ပြောနိုင်သည်။
နောက်ပုံရိပ်တစ်ခု လေထဲတွင် ပေါ်လာသည်။ ထို ပုဂ္ဂိုလ်ကား သက်လတ်ပိုင်း အရွယ်ရှိဟန်တူပြီး အလွန်ခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ ပထမပေါ်လာသော လူက နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ ပုံစံက ဒုတိယ ပေါ်လာသော လူအား ပထမ လူက အလွန်ရိုသေ လေးစားရဟန်တူသည်။
ထိုလူက ကောင်းကင်တွင် ရွေ့လျားနေသော နဂါးအား ကြည့်လိုက်သည်။
“ဒါက နဂါးမဟုတ်ဘူး…” သူက သူ၏ လက်များအား နောက်ကို ပိုက်လျက် မှတ်ချက်ချသည်။ သူကဆက်၍…
“သူက နဂါးနဲ့တူပဲတူတာ… နဂါးလိုပဲ ပြုမူနေတာ… ဒီကောင်က ဒီနေရာမှာ ရည်ရွယ်ချက်တစ်ခုနဲ့ လွှတ်ထားတာ ဖြစ်ရမယ်… နဂါးနဲ့တူတဲ့ သတ္တဝါကို ဖန်တီးနိုင်တယ်ဆိုတော့ နဂါးတွေနဲ့ အရမ်း ရင်းနှီးတဲ့သူဖြစ်ရမယ်… ဒါက ဘယ်လိုဖြစ်ပြီး တီအန်ယွာ တောင်မှာ ရှိနေရတာလဲ…”
“ဒါကြောင့်လည်း ဒီကောင် ပေါ်လာပေမဲ့ မတော်တဆ ထိခိုက်မှု ဘာမှမရှိခဲ့တာ ဖြစ်ရမယ်…” သူတို့ အုပ်စုထဲမှ လူကြီး တစ်ယောက်က ပြောသည်။
“ဒါက အစစ် မဟုတ်ဘူး ဆိုရင်တောင် ဒီကောင် တီအန်ယွာတောင်မှာ ဘာကြောင့် ပေါ်လာလဲ ငါတို့ မသိရသေးဘူး”ဟု မြေပြင်ကို ကြည့်လျက် သက်လတ်ပိုင်း လူက ပြောသည်။ ထိုပတ်ဝန်းကျင်မှာကား သိလိုစိတ်ဖြင့် တားမြစ်နေရာသို့ ခိုးဝင်လာကြသော ကျောင်းသား အများအပြားကို တွေ့ရသည်။ သူကဆက်၍…
“မင်းတို့ တော်တော်သတ္တိ ကောင်းတာပဲ…”
မြေပြင်တွင်ကား ယူချင်းနှင့် ဖူရှင်းက ပတ်ဝန်းကျင်အား သေချာကြည့်လိုက်ရာ လူငယ်အများအပြား ပုန်းနေရာမှ ထွက်လာသည်ကို တွေ့ရသည်။
“ဒီကောင်လေးတွေ… တားမြစ်ထားတဲ့နေရာကို လာရဲတယ် ဟုတ်လား…” လူကြီးအုပ်စုမှ တစ်ယောက်က ဆဲရေးလိုက်သည်။
ရီဖူရှင်းကား ဘာကိုမှ သတိမရတော့။ ကောင်းကင်တွင် လှုပ်ရှားနေသော နဂါးပုံရိပ်များက သူ၏ မှတ်ဉာဏ်တွင် ပေါ်လာသည်။ ခဏအတွင်းမှာပင် လွတ်လပ်ခြင်း ကျင့်စဉ်က သူ၏ ခန္ဓာကိုယ်တွင် အလိုအလျောက် လည်ပတ်လာသည်။ လျှပ်စီးများ။ မိုးကြိုးများနှင့်အတူ နဂါးတစ်ကောင်၏ ပုံရိပ်က သူ၏ သက်စောင့်ဟော်နန်းထဲတွင် ပေါ်လာသည်။ လျှပ်စီးစွမ်းအင်များက ဖူရှင်းတည်နေရာဆီသို့ တဖြည်းဖြည်း စုလာကြသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေကြသည်။ သူ၏ အသိစိတ်က တုံ့ဆိုင်းကာ ယိုင်းယိုင်လာသည်။ သို့သော် သူ၏ စိတ်တွင်ကား နဂါး၏ ပုံရိပ်တစ်ခုသာ မြင်တော့သည်။
ရုတ်တရက် ကျယ်လောင်သော မိုးခြိမ်းသံတစ်ချက်အား ကြားလိုက်ရပြီး ကောင်းကင်တွင် ကြီးမားသော လျှပ်စီးကြောင်းကြီး တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ၎င်းလျှပ်စီးကြောင်းက နဂါးတစ်ကောင်ကဲ့သို့ ပုံစံပြောင်းသွားကာ ဖူရှင်းထံသို့ တိုးဝင်လာနေသည်။
ရုတ်တရက် လျှပ်စီးသလို ခံစားချက်က ဖူရှင်း၏ ခန္ဓာကိုယ်အား လှုပ်ရှား၍ မရစေအောင် ထုံထိုင်းသွားစေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရပ်တန့်နေသလို ခံစားချက်က သူ့အား ထိတ်လန့်စေသော်လည်း သူကား လွတ်မြောက်ရန် မတတ်နိုင်ချေ။ ထိုအခိုက်မှာပင် ကျယ်လောင်သော အသံတစ်ချက်ကြားရပြီး ကောင်းကင်မှ နဂါးကြီးတစ်ကောင် သူ့ထံ တိုးဝင်လာနေသည်ကို တွေ့ရသည်။
“သတိထား…”ရုတ်တရက် ဖူရှင်းထံ တိုးဝင်လာသော နဂါးကြီးအား ကြည့်ကာ ယူချင်းက ထိတ်လန့်စွာ အော်ဟစ်လိုက်သော်လည်း နဂါးကြီးကား ဖူရှင်း၏ မျက်ခုံးနှစ်ခုကြားသို့ လျှပ်စီးကြောင်းအလား စုကာ မြန်ဆန်စွာ တိုးဝင်သွား၏။ ကောင်းကင်တွင် ပေါ်လာသော မိုးခြိမ်းသံနှင့် နဂါးကြီးက ဖူရှင်းထံ တိုးဝင်သွားသည့် အချိန်ကာလကား အချိန်တစ်စက္ကန့်မျှပင် မကြာလိုက်ပေ။
“အား…” ဖူရှင်းထံမှ အလွန်အမင်း နာကျင်သောကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံအား ကြားလိုက်ရသည်။
“ဘုန်း…” သူ့စိတ်တစ်ခုလုံး ယမ်းခါနေပြီး နောက်ဆုံး အသိစိတ် တစ်ခုလုံး ပြန့်ကျဲကာ အစိတ်စိတ်အမြွှာမြွှာ လွင့်ပြယ်သွားသည်။
“မင်းက နောက်ဆုံးတော့ အရွယ်ရောက်လာပြီပဲ…” ခေါင်းထဲသို့ တိုးဝင်လာသော စကားသံတစ်ခုအား ကြားလိုက်ရပြီး နောက်ဆုံးတွင် သူ့အသိစိတ် တစ်ခုလုံး မှောင်မိုက် သွားလေသည်။ ထို့နောက် ပတ်ဝန်းကျင် တစ်ခုလုံး လျှပ်စီးများ မိုးခြမ်းသံများ ပျောက်ကွယ်သွားကာ တိတ်ဆိတ်သွားသည်။
“ဘာဖြစ်တာလဲ”ကောင်းကင်မှ လူအုပ်စုက ဖူရှင်းရှိရာနေရာသို့ တိုးဝင်လာနေကြသည်။
“ဘယ်လောက်တောင် ကံမကောင်းလိုက်တဲ့ ကောင်လဲ။ နဂါးပုံရိပ်က သူ့ကို တိုက်ခိုက်တာ ထင်တယ်…”ထိုထဲမှ တစ်ယောက်က မှတ်ချက်ချသည်။
“သူဘာဖြစ်သွားလဲ ကြည့်ရအောင် “နောက်တစ်ယောက်က ပြောသည်။
ထို့နောက် အလွန်ခန့်ညားသော လူကြီးက ဖူရှင်းအား သွေးကြော စမ်းလိုက်သည်။ သူက ဆက်၍…
“သူဘာမှ မဖြစ်ဘူး… သူ့ကို ငါခေါ်သွားလိုက်မယ်… သူ့ကို သေသေချာချာ စစ်ဆေးဖို့တော့ လိုလိမ့်မယ်…”
လူတိုင်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ ထိုအခိုက် ဖူရှင်းအနီးတွင် စိုးရိမ်တကြီး ရပ်နေသော ယူချင်းက…
“ဆရာကြီး ကျွန်နော်လည်း လိုက်လာလို့ရမလား…”ဟု မေးလိုက်သည်။
ထိုလူက လက်ကာ၍…
“ဘာမှမစိုးရိမ်နဲ့… သူ ဘာမှမဖြစ်ဘူး… ငါက ကျောင်းတော်မှာပဲ ရှိနေမယ်…” ထိုလူ၏ မျက်လုံးများက တခြားလူများအား ယုံကြည်နိုင်စေသော စွမ်းရည်တစ်ခု ရှိပုံရသည်။ ထို့ကြောင့် ယူချင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်…
“ကျေးဇူးပြုလို့ သူ့ကို ဂရုစိုက်ပေးပါ ဆရာကြီး…”
***
ယူချင်း နိုးလာသောအခါ ထူးဆန်းစွာပင် သူ၏ ခေါင်းမှ နာကျင်မှု တစ်စုံတစ်ရာ မခံစားရတော့ပေ။
သူက သတိမလစ်ခင် အဖြစ်အပျက်အား အမှတ်ရလာသည်။ သူ၏ သိစိတ်က သက်စောင့်ဟော်နန်းထဲသို့ တိုးဝင်လိုက်၏။ သူ၏ ရှေးဟောင်းသစ်ပင်ကြီး အပေါ်တွင်ကား လျှပ်စစ်မိုးကြိုး ဧရိယာ အကျယ်အဝန်းတစ်ခု ပေါ်နေသည်ကို တွေ့ရသည်။ ကောင်းကင်တွင် နေမင်းတစ်စင်းနှင့်အတူ နဂါးကြီးတစ်ကောင် ပျံဝဲနေသည်ကိုလည်း တွေ့ရသည်။
“ဒါက ငါ့သက်စောင့် ဟော်နန်းထဲကို တကယ် ဝင်လာတာလား” ဖူရှင်း ထိတ်လန့်သွားသည်။ သူသတိမလစ်ခင် တစ်ခုခုကြားလိုက်ရသလို ရှိသော်လည်း ပြန်စဉ်းစား ကြည့်သောအခါ ရေရေရာရာ မမှတ်မိတော့ပေ။
သူကား သူ၏ကျင့်စဉ် တိုးတက်ရာတွင် နှစ်ကြိမ်တိတိ သတိလစ်ခဲ့လေပြီ။ သူ ကံကောင်းသည်လား။ ကံဆိုးသည်လား မတွေးတတ်တော့ပေ။ သူ မချိတင်ကဲ ပြုံးလိုက်သည်။ အကယ်၍ သတိလစ်ခြင်းဖြင့်လည်း တိုးတက်မှုရှိလျှင် နောက်ထပ် အကြိမ်အနည်းငယ် သတိလစ်လျှင်လည်း သူ မမှုတော့ပေ။
သူ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရ၍ ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်လျှင် အခန်းတစ်ခန်းအတွင်း ရောက်နေသည်ကို တွေ့ရသည်။ အခန်းကား သူ၏ အခန်းမဟုတ်ပေ။ ထို့အပြင် သူ၏ အဝတ်အစားကလည်း သူ၏ အဝတ်အစား မဟုတ်တော့။ ထရပ်လျက် သူက အခန်းတံခါးအား ဖွင့်လိုက်လျှင် လတ်ဆတ်သော လေထုက သူ၏ ရှုပ်ထွေးနေသော စိတ်အား ကြည်လင်သွားစေသည်။ ပတ်ဝန်းကျင်အား ကြည့်လိုက်လျှင် သစ်ပင်ပန်းမန်များ ဝေဆာစွာရှိလျက် အခန်းရှေ့တည့်တည့်မှ ကျောက်ခင်းလမ်းလေးတစ်ခုက ရှေ့ဝါးနှစ်ရိုက် အကွာခန့် အဆောင်ငယ်လေး တစ်ခုသို့ ခင်းထား၏။ အဆောင်လေးကား လူများအပန်းဖြေရန် ရည်ရွယ်ချက်ဖြင့် ဆောက်ထားဟန်ရှိပြီး အကာအရံကင်းလျက် အလယ်တွင် စားပွဲငယ်တစ်ခုကိုသာ တွေ့ရသည်။ စားပွဲရှေ့တွင်ကား လူကြီး တစ်ယောက် ရေနွေးသောက်နေပြီး မိန်းမပျိုတစ်ဦးက ဘေးနားတွင် ရိုသေစွာ ထိုင်နေသည်ကို တွေ့ရသည်။ မြင်ကွင်းအား အလွန် အေးချမ်းလှသည်။
ဖူရှင်းက ခြေသံမကြားရအောင်ပင် ညင်သာစွာ လျှောက်သွားလိုက်သည်။ အနီးသို့ရောက်လျှင် ထိုင်နေသော မိန်းမပျိုအား ကြည့်လိုက်လျှင် စာရွက်ပေါ်တွင် တစ်စုံတစ်ခုရေးနေသည်ကို တွေ့ရသည်။ သူက သေသေချာချာ ကြည့်လိုက်လျှင် မိန်းမပျိုကား အမှန်တကယ် စာရေးနေခြင်း မဟုတ်သည်ကို တွေ့ရသည်။ စာရွက်ကား အထူးပြုလုပ်ထားသော စာရွက်တစ်မျိုး ဖြစ်ဟန်တူပြီး စာရွက်ပေါ်တွင် ထူးဆန်းသောမျဉ်းများ။ သင်္ကေတများအား တွေ့ရသည်။ သူမက သူမ၏ စုတ်ချက်များအား စွမ်းအင်များသုံးလျက် ဆွဲသည်ကိုလည်း သူ သတိထားမိသည်။
“ဒါ… ဒါက အဆောင်(လက်ဖွဲ့)လား…” ဖူရှင်း အံ့သြသွားသည်။ မိမိရှေ့မှ မိန်းကလေးက တကယ် အဆောင်စာလိပ် ရေးနည်း သိတာလား။ ဒါဆို သူမက မှော်စာလိပ်ရေးသူပေါ့။ ဒါအရမ်းမိုက်တာပဲ… ဖူရှင်း တွေးလိုက်သည်။
“ဒီမတိုင်ခင်က မြင်ဖူးတာလား” သက်လတ်ပိုင်းအရွယ် လူကြီးက ရေနွေးခွက်အား ချလိုက်သည်။ ထို့နောက် ဖူရှင်းအားကြည့်ကာ မေးလိုက်သည်။
“အပြင်မှာ မတွေ့ဖူးဘူး… စာအုပ်ထဲမှာပဲ ဖတ်ဖူးတာ…” ဖူရှင်းက ပြန်ပြောသည်။ ထို့နောက် စာလိပ်အား ပြန်ကြည့်လိုက်သည်။ စာရွက်ပေါ်တွင် သတ္တုဓာတ်စွမ်းအင် အရံအတား တစ်ခုတွေ့ရသည်။ ထိုစာလိပ်ကား ခုခံကာကွယ်ရန် အဓိကသုံးသည့် မှော်စာလိပ်ဖြစ်ရမည်။
“မင်းက မြင်ရတာလား…” ထိုလူကြီးက အံ့သြ သွားသည်။
“အင်း…” ဖူရှင်း ခေါင်းညိတ်လိုက်သည်။ လွတ်လပ်ခြင်းကျင့်စဉ် စကျင့်ကတည်းက သူ၏ သဘာဝစွမ်းရည်ကို အာရုံခံနိုင်စွမ်းရည်မှာ ပိုမိုမြင့်မားလာသည်။ သူ၏ မျက်လုံးများက စာလိပ်ပေါ်မှ စွမ်းအင်များ ရွေ့လျားနေပုံများကို မြင်နေရသလို စာလိပ်မှ သူ့အား သက်ရောက်နေသော အားလှိုင်း တချို့အားလည်း ခံစားမိသည်။
ထိုလူကြီးက ပြုံးလျက် မေးလိုက်သည်…
“မင်း သင်ချင်လား…”
“အင်း…” ဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ထိုလူ၏ ရှေ့သို့ လျှာက်သွားလိုက်ကာ ခြေစုံရပ်လျက် ဆရာဖြစ်သူအား အသိအမှတ်ပြုရသည့် ထုံးစံအတိုင်း အရိုအသေပေးလိုက်သည်…
“တပည့်… ရီဖူရှင်း… ဆရာဖြစ်သူအား… အရိုအသေ… ပေးပါတယ်…”
သူမြန်မှဖြစ်မည်။ မှော်စာလိပ်ရေးသူ တစ်ယောက်က မည်မျှ အရေးကြီးသည်ကို သူသိသည်။ သည်အရာကား မှော်ထိန်းချုပ်သူ တစ်ယောက်ဖြစ်ရခြင်းထက်ပင် ပို၍ အဆမတန် ရှားပါးသော အခွင့်အရေးဖြစ်သည်။ ထိုအရာကား ဂုဏ်ရှိန်ဂုဏ်ဝါမြင့်မားသော နာမည်တစ်ခုဖြစ်သည်။ မှော်စာလိပ်ရေးသူ တစ်ယောက်ကား အလွန်ကြီးကျယ်သော ဂမ္ဘီရ ဆရာတစ်ယောက်လည်း ဖြစ်ပေသည်။
“နင်က သူတို့တွေပြောသလို တကယ်အရှက်မဲ့တာပဲ…” မိန်းမပျိုက သူမလက်ထဲမှ စုတ်တံအား ဘေးမှာ ညင်သာစွာချလျက် ပြောသည်။ သူမ၏ လှပသော ခန္ဓာကိုယ်က နူးညံ့သော လှုပ်ရှားမှုနှင့်အတူ ပေါင်းစပ်ကာ ကာရံကိုက်ညီသော သံစဉ်တစ်ပုဒ်အား နားထောင်ရသလို မျက်စိပသာဒ ဖြစ်လှသည်။ ငြိမ်သက်တိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် သူမ၏ အလှအား ထည့်ပေါင်းလိုက်လျှင် အလွန် ပြည့်စုံသွားသည့်အလျောက် ဖူရှင်းက သူ၏ရှေ့မှ အသစ်စက်စက် ဆရာအား အရိုအသေ ပေးခြင်းကိုပင် မေ့ချင်ချင် မဟုတ်ပါလား။
ဖူရှင်းက ဂရုမစိုက်ပေ။ နတ်သမီးတစ်ပါးကဲ့သို့ လှပသော သူမအားကြည့်ကာ…
“ဟေး… အလှကလေး… တို့တွေ့ကြပြန်ပြီ…” သူက ပြုံးလျက် လှမ်းနှုတ်ဆက်လိုက်သည်။
**