Switch Mode

အခန်း ( ၆၃ )

လောချိန်မျိုးနွယ်စုကို ချေမှုန်းခြင်း

တစ်ခဏအတွင်းပင် လီချင်းဟောက်က တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ဆီသို့ ရောက်သွားသည်။ သူ့အသွင်က ဓားအိမ်မပါသောဓားတစ်ချောင်းအလား သတ်ဖြတ်ချင်စိတ်ပြည့်နှက်နေ၏။

အူယန်ကျဲ၏မျက်လုံးအိမ်များ အနည်းငယ်ကျဉ်းမြောင်းသွားသည်။ တောင်ဘက်ခြမ်းရှိ ဂိုဏ်းချုပ်သုံးယောက်ထဲတွင် လီချင်းဟောက်ကို အရေးအကြီးဆုံးဟု သူ မှတ်ယူထား၏။ အမှန်တကယ်မှာလည်း လီချင်းဟောက်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲရှိ အရေးအကြီးဆုံးလူများထဲက တစ်ယောက်ဖြစ်သည်။

သူသည် အဆင့်မြင့်သမားတော်တစ်ယောက်ဖြစ်ရုံသာမက သူ၏ပင်ကိုယ်အရည်အချင်းကလည်း အင်မတန်ရှားပါးသည်။ ဥပမာဆိုရသော် သူသည် နှစ်ပေါင်းတစ်ရာခန့်သာ ကျင့်ကြံရသေးသော်လည်း အခြေခိုင်မာခြင်းအဆင့်၏ နောက်ဆုံးသို့ ရောက်သွားပြီဖြစ်သည်။ ထို့အပြင် တစ်ဂိုဏ်းလုံးထဲတွင် အခြေခိုင်မာခြင်းအဆင့်မှ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနိုင်ခြေအများဆုံးလူဖြစ်ကြောင်း လူများကထင်ကြေးပေးနေကြသည်။

” ဒီအပြင်စည်းဂိုဏ်းသားလေးယောက်ထဲမှာ လီချင်းဟောက်ရဲ့အသိတစ်ယောက်ပါတယ် ပြောတယ် ”
အူယန်ကျဲက တွေးလိုက်သည်။ တချိန်ထဲမှာပင် မန္တန်အစီအရင်ထဲမှ တဂျုံးဂျုံးမြည်ဟည်းသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အလင်းတန်းများ မြင့်တက်သွား၏။ လီချင်းဟောက်ပါဝင်သည့် ကျင့်ကြံသူနှစ်ထောင်ကျော်က ချက်ချင်းပင် မှုန်ဝါးပျောက်ကွယ်သွားသည်။

ပိုင်ရှောင်ချန်းတို့အုပ်စု လပေါင်းများစွာသွားခဲ့ရသော ခရီးလမ်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်အစွမ်းကြောင့် စက္ကန့်အနည်းငယ်အတွင်း ရောက်ရှိသွားသည်။

သတိလစ်မေ့မျောနေသော တုလင်ဖေး၏ကောင်းကင်ယံထက်တွင် မိုးကြိုးပစ်လိုက်သည့်အလား တဂျုံးဂျုံးမြည်ဟည်းသံများဖြင့် ပြည့်နေသည်။ ကောင်းကင်ကြီးက တဖြည်းဖြည်းမှိတ်ဖျော့လာပြီး တစ်စုံတစ်ရာထိုးခွင်းလာသည့်အလား ကြီးမားသော မန္တန်အစီအရင်တစ်ခု ထွက်ပေါ်လာသည်။

ထို မန္တန်အစီအရင်က မြေပြင်ပေါ်သို့ လျင်မြန်စွာဆင်းသက်လာပြီး ၅၀ကီလိုမီတာ ပတ်ပတ်လည်တွင် တုန်ခါမှုများပေါ်ပေါက်လာသည်။ ထိုမန္တန်အစီအရင်၏ အင်းကွက်များက မြေကြီးပေါ်သို့ကျသွားသောအခါ မီးရောင်အလင်းတန်းများ ပေါ်ထွက်လာတော့သည်။

ထို ၅၀ကီလိုမီတာ ပတ်ပတ်လည်တွင်ရှိသမျှ မြက်ပင်၊ကျောက်တုံး၊ တောင်တန်းများနှင့် အရာအားလုံးက ပြာမှုန့်အသွင်ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ထိုမန္တန်အစီအရင်မှာ အင်အားကြီးမားလွန်းလှပြီး လမ်းတစ်လျှောက်ရှိသမျှအရာအားလုံးကို ဖျက်စီးပစ်လေသည်။

တုလင်ဖေးသည် ထိုနေရာသို့ရောက်နေပြီး ချက်ချင်းပင် ထိုမန္တန်အစီအရင်၏ အကာအကွယ်အောက်သို့ရောက်ရှိသွားကာ အထိအခိုက်မရှိလိုက်ပေ။ မြေပြင်မှာ တုန်ခါသွားပြီး လူရိပ်များစွာ ပေါ်ထွက်လာတော့သည်။

တစ်ခဏအတွင်းပင် တောင်ဘက်ခြမ်း၏ အတွင်းစည်းဂိုဏ်းသားနှစ်ထောင်လုံး ထွက်ပေါ်လာသည်။ နောက်ထပ်တည်နေရာရွှေ့ပြောင်းခြင်းကို ဆောင်ရွက်နိုင်သော စွမ်းအင်များက သူတို့၏ဘေးတွင် ဝဲပျံနေသည်။ သို့သော်လည်း ပထမဦးစွာ အူယန်ကျဲနှင့်လီချင်းဟောက်က သတိမေ့မျောနေသော တုလင်ဖေးဆီသို့ ပျံသန်းသွားသည်။ အမျိုးသမီးဂိုဏ်းဝင်များက သူတို့ထက်အရင်ရောက်ရှိသွားပြီး သူမကို အင်္ကျီအဝတ်အစားများဖြင့် ဖုံးအုပ်လိုက်ကာ ဆေးလုံးများ တိုက်ကျွေးလိုက်သည်။ ထိုဆေးလုံးများမှရသော စိတ်စွမ်းအင်များကြောင့် တုလင်ဖေးမှာ တဖြည်းဖြည်း မျက်လုံးများပွင့်လာသည်။ သူမက ဆွံ့နေသော်လည်း သူမ၏ဘေးမှ ဂိုဏ်းသားများကိုမြင်လိုက်ရသောအခါ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ဝေ့တက်လာပြီး ငိုကြွေးစပြုလာသည်။

ထို့အပြင် သူမသည် မွှေးရနံ့တိမ်တောင်၏ အပြင်စည်းဂိုဏ်းဝင်တစ်ယောက်ဖြစ်သည့်အတွက် လီချင်းဟောက်ကိုမြင်လိုက်သောအခါ မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာသည်။ တချိန်ထဲတွင် သူမ၏ဘေးနားရှိ ဂိုဏ်းသူများက သူမကိုလဲကျနေရာမှ ထိုင်နိုင်အောင် ကူညီပေးလိုက်ကြသည်။.

” ဂိုဏ်းချုပ်… ကျေးဇူးပြုပြီး ဂိုဏ်းတူမောင်လေးပိုင်ကို သွားကယ်ပေးပါ….” သူမသည် ဖြူဖတ်ဖြူရော်နှင့် တောင်းဆိုလိုက်သည်။

” သူဘာဖြစ်သွားတာလဲ ”
လီချင်းဟောက်က တုလင်ဖေး၏ရှေ့တည့်တည့်တွင်ရပ်ရင်း အလျင်အမြန်မေးလိုက်သည်။ သူ၏ မျက်လုံးများတွင် ဒေါသများနှင့် စိုးရိမ်ကြောင့်ကြမှုများကို အထင်းသားတွေ့မြင်နေရသည်။

” ဂိုဏ်းတူမောင်လေးပိုင်က… ကျွန်မနဲ့ ဂိုဏ်းတူအစ်ကိုဟို ထွက်ပြေးနိုင်အောင်လို့ လောချိန်မျိုးနွယ်စုဝင်တွေကို မြှားခေါ်သွားတာ။ သူတို့အကုန်လုံး အခုသူ့နောက်ကိုလိုက်နေကြပြီ….” သူမက ငိုငိုယိိုယိုနှင့် ဖြစ်ရပ်ကုန်စင်ကို ရှင်းပြလိုက်သည်။.

ဘေးနားရှိ ဂိုဏ်းသားအနည်းငယ်မှာ ပိုင်ရှောင်ချန်းကို သိဖူးပြီးသားဖြစ်သော်လည်း တုလင်ဖေး၏ ပြောဆိုမှုများကိုကြားလိုက်ရသောအခါ သူတို့မှာ စိတ်ထိခိုက်သွားရသည်။ သူတို့နားထဲဝင်လာသော ဖြစ်ရပ်ဆိုးကြီးများကြောင့် မှင်တက်နေကြတော့သည်။

ဖိန်းယန်က သူ၏သူငယ်ချင်းများကို ကာကွယ်ရန် အသက်ပေးသွားပုံများနှင့် ဟိုယွင်ဖေးနှင့် တုလင်ဖေးတို့ အသက်လုကာ ပြေးခဲ့ရပုံများကိုလည်း သိသွားတော့သည်။ လောချိန်မျိုးနွယ်စုက ချီစုစည်းမှုအဆင့်ရှစ်ရှိသောလူများနှင့် အဆင့်ကိုးရှိသောလူတစ်ယောက်ပါသည့် အဖွဲ့၂ဖွဲ့ လွှတ်ကာ လိုက်ဖမ်းခဲ့သည်များကိုလည်း သိသွားတော့သည်။

ထိုသို့သောအခြေအနေမျိုးတွင် အတွင်းစ​ည်းဂိုဏ်းသားများပင်လျှင် အသက်ရှင်လျှက်ပြန်ထွက်လာန်ိုင်ရန် ခက်ခဲမည်ဖြစ်သည်။

တုလင်ဖေးက ပိုင်ရှောင်ချန်းအကြောင်းပြောပြလိုက်သောအခါ သူမည်မျှသစ္စာရှိကြောင်း သူတို့ သိကုန်ကြတော့သည်။ သူသည် လက်ရွေးစင်တစ်ယောက်အဖြစ် သတ်မှတ်ခံရနိုင်သော အနေအထားသို့ ရောက်သွားပြီဖြစ်၏။

သူသည် ကိုယ်လွတ်ရုံးကာထွက်ပြေးန်ိုင်ပါသော်လည်း ထွက်မပြေးဘဲ သူ၏သူငယ်ချင်းများကို ကယ်တင်ခဲ့သည်။ သူ့ထက် များစွာအင်အားကြီးသော ရန်သူများကိုတိုက်ခိုက်ပြီး ဒဏ်ရာရနေသော သူ၏သူငယ်ချင်းနှစ်ယောက်ကို ၅ကီလိုမီတာနီးပါးရှိသောခရီးကို တစ်လကျော်ကြာအောင် ထမ်းပြေးခဲ့ခြင်းဖြစ်သည်။

အဆုံးတွင် သူ၏သူငယ်ချင်းများလွတ်မြောက်န်ိုင်စေရန် သူ့အသက်ကို ပဓာနမထားဘဲ အနစ်နာခံခဲ့လေတော့သည်။ ထို့ကြောင့်လည်း တုလင်ဖေးမှာ သတင်းပြန်ပို့နိုင်ခြင်းဖြစ်သည်။ အကယ်၍သူသာ ထိုသို့အနစ်နာမခံခဲ့ဘူးဆိုပါက သူတို့ဂိုဏ်းသည် လောချိန်မျိုးနွယ်စု၏ ပုန်ကန်မှုကို နောက်မကျခင် သိန်ိုင်မည်မဟုတ်ချေ။

တစ်ခဏအတွင်းပင် ပိုင်ရှောင်ချန်း၏နာမည်က အတွင်းစည်းဂိုဏ်းသားများ၏ ရင်ထဲတွင် အမြစ်တွယ်သွားတော့သည်။ သူတို့အမြင်တွင် ပိုင်ရှောင်ချန်းသည် သစ္စာရှိပြီး သူရဲကောင်းဆန်ကာ သံမဏိ ကဲ့သို့မာကျောသည့် စိတ်ဓာတ်ရှိသူ တစ်ယောက်ဖြစ်သွားတော့သည်။

တရားစီရင်ရေးဆောင်မှ လူများမှာ လုံးဝတုန်လှုပ်သွားတော့သည်။ ထိုထဲတွင် တုလင်ဖေး၏ဇာတ်လမ်းကိုကြားလိုက်ရသောအခါ ပါးစပ်အဟောင်းသားဖြစ်နေသော ချန်သကျင်းလည်းပါသည်။ သူမပြောပြနေသည့် ပိုင်ရှောင်ချန်းဆိုသောလူမှာ သူ၏အတွေးထဲက ပိုင်ရှောင်ချန်းနှင့် တစ်ပုံစံထဲဖြစ်သည်ဟု သူက မယုံကြည်နိုင်ပေ။ သူစောစောက စိတ်လိုက်မာန်ပါနှင့် အကွက်ချကြံစည်ခဲ့ခြင်းကို ဂိုဏ်းကပြန်လည်စုံစမ်းမည်ကို သူ ကြောက်ရွံနေတော့သည်။ ပိုင်ရှောင်ချန်းသည် လိပ်ကလေးဖြစ်ကြောင်း မသေချာသေးသော်လည်း သူက ဟုတ်ဟုတ်မဟုတ်ဟုတ် သတ်ကာ ကိစ္စတုံးချင်နေ၏။ ယခုအခါ သူ သက်ပြင်းချနိုင်လိုက်တော့သည်။ ဖိန်းယန်သေသွားရပြီဖြစ်၍ သက်သေစကားလုံးများ ထွက်လာစရာအကြောင်းမရှိတော့သည် မဟုတ်ပါလော။

သံမဏိကဲ့သို့မာကြောသည့်စိတ်ဓာတ်ရှိသူ တာအိုခွေးအ အူယန်ကျဲပင် တုလင်ဖေး၏ ဇာတ်လမ်းကိုကြားရသောအခါ သက်ပြင်းချမိကာ သူ့မျက်လုံးတွေထက်မှာ လေးစားသော အရိပ်အယောင်များဖြင့် လက်နေတော့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် တုလင်ဖေးမှာ လုပ်ကြံဇာတ်လမ်ခင်းနေခြင်းမဟုတ်ဘဲ သူမပြောသည်များက အတိအကျမဟုတ်သည့်တိုင် အမှန်တရားများဖြစ်ကြောင်း သူသိသည်။

” ဒီလိုမျိုး ဂိုဏ်းသားကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ဒီလိုနေရာမှာ သေဆုံးခွင့်မပေးနိုင်ဘူး ” အူယန်ကျဲက ခက်ထန်တင်းမာစွာ ပြောလိုက်ပြီး အင်္ကျီလက်ကိုခါကာ ဟိုယွင်ဖေးနှင့်ပိုင်ရှောင်ချန်းကို ရှာရန် ရာနှင့်ချီသောဂိုဏ်းသားများကို စေလွှတ်လိုက်သည်။

လီချင်းဟောက်မှာ စိတ်ထိခိုက်နေပြီး နီရဲနေသောမျက်လုံးများဖြင့် အဝေးသို့လှမ်းကြည့်နေသည်။ ဤနေရာတွင် ပိုင်ရှောင်ချန်း လုပ်ခဲ့သောလုပ်ရပ်များကိုကြည့်၍ သူ့ကိုအကဲခတ်မှားခဲ့လေခြင်းဟု တွေးမိနေတော့သည်။ တချိန်ထဲမှာပင် ဤအခြေအနေများအရ ပိုင်ရှောင်ချန်းအသက်ရှင်လျက် ပြန်ထွက်လာနိုင်ချေမှာ အလွန်နည်းကြောင်း သူ သိလိုက်သည်။

” မင်းကို ဂိုဏ်းထဲခေါ်ခဲ့တဲ့လူက ငါပါပဲ ”
သူသည် စိတ်ထိခိုက်နေပြီး တွေးနေတော့သည်။ သူ့ကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ တရိပ်ရိပ်နှင့် ထွက်ပေါ်နေသည်။ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်ရင်း ကျန်ရှိနေသေးသော တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများကိုစုပ်ယူကာ သူက လောချိန်မျိုးနွယ်စုတည်ရှိရာအရပ်သို့ ပျောက်ကွယ်သွားသည်။

အူယန်ကျဲ သက်ပြင်းချလိုက်သည်။ တုလင်ဖေး၏ ဇာတ်လမ်းကိုကြားပြီးသောအခါ ပိုင်ရှောင်ချန်းမှာ အခြေအနေမကောင်းကြောင်း သိလိုက်သည်။ သူက လှစ်ခနဲ လှုပ်ရှားသွားပြီး ကျန်ရှိနေသောအားများကိုစုစည်းပြီး တည်နေရာရွှေ့ပြောင်းခြင်း ထပ်လုပ်ရန် ပြင်လိုက်သည်။

လောချိန်မျိုးနွယ်စုစံအိမ်ရှိရှာ ကြယ်ကြွေတောင်၏ အပေါ်သို့ နှစ်ထောင်သောဂိုဏ်းသားများကို လီချင်းဟောက်နှင့် အိုးရန်ကျဲ့တို့က ခေါ်ဆောင်သွားသောအခါ ထစ်ချုန်းသံများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့ထွက်ပေါ်နေတော့သည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ပြင်းထန်သော အင်အားများဖြင့် စွမ်းအားကြီး တိုက်ကွက်အဖြစ်ပြောင်းလဲသွားကာ တိမ်စိုင်များ လွင့်ပါးသွားကုန်ပြီး မန္တန်အစီအရင်ပြုလုပ်ရာ စံအိမ်အပေါ်သို့ကျသွားသောအခါ သတိပေးအသံများဖြင့် ဆူညံသွားတော့သည်။

ဒုန်းဒုန်းဒုန်း……

မန္တန်အစီအရင်ကြီးမှာ မြေကြီးပေါ်သို့ဆင်းသက်သွားပြီး ထုံးကျောက်ကြမ်းပြင်ကြီးကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲလိုက်တော့သည်။ စံအိမ်ကြီးမှာလည်း ကျောက်တုံးများအဖြစ်သို့ ပြိုလဲကုန်တော့သည်။

ဒေါသတကြီးအော်ဟစ်သံများနှင့်အတူ မြောက်မြားစွာသော လူရိပ်များ ခုန်ပျံထွက်ပေါ်လာ၏။ သူတို့၏မျက်နှာထက်တွင် ဒေါသထွက်ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းများ ရောယှက်ဖြစ်ပေါ်နေသည်။

အစောင့်အရှောက် ကျောက်ခြင်္သေ့ရုပ်တုများနှင့် ခြံဝန်းထဲရှိ သစ်သီးပင်များက ချက်ချင်းပင်ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်ကြတော့သည်။ လီချင်းဟောက်က ပထမဆုံး စတင်လှုပ်ရှားလာသည်။ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ ထိုခြ​​​ေင်္သ့ များမှာ ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။ သစ်သီးပင်များကမူ တုန်ခါသွားကာ ကိုင်များပေါ်မှ သစ်သီးများ ကြွေကျကုန်သည်။ ထိုအသီးများက ထွက်ပြေးရန်ကြံလိုက်စဥ်မှာပင် ဖျက်စီးခံလိုက်ရသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက အင်တိုက်အားတိုက် ဖျက်စီးနေရာ တဂျုံးဂျုံးမြည်ဟည်းသံများ ထွက်ပေါ်လာသည်။

လီချင်းဟောက်က ပျက်စီးနေသော လောချိန်မျိုးနွယ်စုစံအိမ်ကြီး၏ အလည်တည့်တည့်ကို ပျံသန်းသွားသည်။ သူ၏ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်ပြီး လက်ချောင်းကိုဝှေ့ယမ်းလိုက်သောအခါ အစိမ်းရောင် မီးလုံးတစ်လုံးပေါ်ထွက်လာသည်။ သူ၏ဆံပင်များမှာ လေထဲတွင် လွင့်ပျံနေပြီး ထိုမီးလုံးကြီးကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။

ထိုအခါ မီးများတဟုန်းဟုန်းတောက်လာပြီး စံအိမ်ကြီး၏ အကြွင်းအကျန်များကို လောင်ကျွမ်းသွားတော့သည်။ ရန်သူများထံမှ သည်းခြေခိုက်လုမတတ် နာကျင်စွာ အော်ဟစ်သံများ ပေါ်ထွက်လာသည်။

ထို့နောက် လီချင်းဟောက်က သူ၏ညာခြေထောက်ကို လေထဲသို့မြှောက်ကာ ခပ်ကြမ်းကြမ်းနင်းချလိုက်သည်။ ထိုအခါ မြေကြီးမှာ အက်ကွဲသွားပြီး ချိုင့်ကွက်ကြီးပေါ်လာသဖြင့်် အောက်ရှိ သင်္ချိုင်းကြီးကို မြင်လိုက်ရသည်။

တချိန်ထဲမှာပင် သွေးလေပွေတစ်ခုနှင့်အတူ လောချိန်မျိုးနွယ်စုခေါင်းဆောင် ပေါ်ထွက်လာသည်။

လီချင်းဟောက်ကို မြင်လိုက်သောအခါ သူ၏မျက်နှာ ညိုးငယ်သွားတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ရောက်လာသည်မှာ မြန်လွန်းလှသည်။ သူ၏ မန္တန်အစီအရင်မှာ ပြီးမြောက်ရန် အနည်းငယ်လိုနေသေးသည်။ အခြားသူရောက်လာပါက ထိုမန္တန်အစီအရင်ပြီးသည်အထိထိန်းထားနိုင်မည်ဖြစ်သော်လည်း ယခုရောက်လာသူများမှာ လီချင်းဟောက်နှင့် အူယန်ကျဲ ဖြစ်နေသည်။

ထိုခေါင်းဆောင်က နောက်သို့ဆုတ်ရင်း ခပ်အက်အက်လေသံနှင့် အော်ဟစ်လိုက်သည်။
” ပြေးကြ။ အကုန်လုံး ဒီကနေ လွတ်အောင် ထွက်ပြေးကြတော့။”

ထိုအခါ သင်္ချိုင်းထဲရှိ လောချိန်မျိုးနွယ်စုဝင်များက တုန်တုန်ရီရီနှင့် အရပ်မျက်နှာ အနှံ့အပြားသို့ ထွက်ပြေးကုန်ကြသည်။ သို့သော်လည်း အူယန်ကျဲမှာ အမူအရာမပျက်ပဲ လက်ကိုဝှေ့ယမ်းကာ အတွင်းစည်းဂိုဏ်းသားများကို သူတို့အားလိုက်ဖမ်းစေလိုက်သည်။

လီချင်းဟောက်ကမူ လောချိန်ခေါင်းဆောင်နှင့် သူ့ဘေးနားရှိ သွေးကန်ကြီးကို စူးစိုက်ကြည်လနေသည်။ အူယန်ကျဲမှာလည်း ထိုနည်းတူပင်။ မကြာမီ သူတို့နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာသည်။

” အပြစ်မရှိတဲ့ သာမန်လူတွေကို မင်း သတ်ဖြတ်ပစ်ခဲ့တယ်ပေါ့။ ကောင်းကင်ကြီးက မင်းတို့လိုမျိုးနွယ်စုကို ဆက်လက်တည်ရှိခွင့် မပေးနိုင်ဘူး ”
လီချင်းဟောက်က အော်ဟစ်ရင်း သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ မီးတောက်ကြီးတစ်ခု ထွက်လာသည်။

တချိန်ထဲမှာပင် လောချိန်မျိုးနွယ်စုဝင်များကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများက ချေမုန်းနေရာ သွေးပျက်ခမန်း ကြောက်ရွံ့စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

လူအယောက်နှစ်ထောင်နှင့် ရာဂဏန်းအနည်းငယ် ယှဥ်ချနေခြင်းဖြစ်သည်။

လောချိန်မျိုးနွယ်စုခေါင်းဆောင်မှာ သူ၏မျိုးဆက်ဝင်များနှင့် အခြားမျိုးဆက်မှ ဂိုဏ်းသားများ သတ်ဖြတ်ခံနေရသည်ကို ကြည့်နေရုံမှလွဲ၍ မတတ်နိုင်ပေ။ သူက စူးစူးဝါးဝါး အော်ဟစ်ရင်း ထွက်ပြေးလေသည်။

ထိုအချိန်မှာပင် လီချင်းဟောက်၏ မီးတောက်ပင်လယ်ကြီးက သူ့ကို ဝါးမျိုသွားသည်။ လီချင်းဟောက်က ကြမ်းတမ်းခက်ထန်သောမျက်နှာဖြင့် လက်သီးကို တင်း​ကြပ်စွာ ​ဆုပ်လိုက်သည်။

ဝုန်း ဝုန်း…..

အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေသော မီးတောက်များနှင့်အတူ လောချိန်မျိုးနွယ်စုခေါင်းဆောင်၏ အော်သံများမှာ ပို၍ ကျယ်​လာသည်။ သူ၏အသွေးနှင့် အသားများမှာ မျက်စိတစ်မှိတ်အတွင်းတွင် လောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ရောက်သွားသည်။ လီချင်းဟောက်က သူ့ကို တစ်ကွက်ထဲနှင့် သတ်လိုက်ခြင်း ဖြစ်သည်။

ဘေးနားရှိ အတွင်းစည်းဂိုဏ်းသားများက ထိုမြင်ကွင်းကိုမြင်သောအခါ မှင်တက်ကုန်ကြသည်။ အူယန်ကျဲပင် အံ့အားသင့်ကာ မျက်လုံးပြူးသွားတော့သည်။

လီချင်းဟောက်သည် လေပေါ်တွင်ပျံဝဲရင်း လက်ကိုဝှေ့ယမ်းလိုက်သောအခါ မီးပင်လယ်ကြီးမှာ ထပ်၍လောင်ကျွမ်းလာပြန်သည်။ လောချိန်မျိုးနွယ်စုတစ်ခုလုံး မီးလောင်တိုက်သွင်းခံလိုက်ရပြီး အရာအားလုံး လောင်ကျွမ်းကုန်တော့သည်။ လီချင်းဟောက်သည် စိတ်ပျက်ဝမ်းနည်းစွာ အဝေးသို့လှမ်းကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

” ပိုင်ရှောင်ချန်းရေ။ လီချင်းဟောက်ဆိုတဲ့ငါက မင်းတို့ပိုင်မျိုးနွယ်စုကို အရှက်ရစေခဲ့ပါပြီကွာ။” သူက ကြေကွဲဆို့နင့်စွာပြောဆိုရင်း အဝေးသို့ပျံထွက်သွားသည်။ ပိုင်ရှောင်ချန်းကို အခြားသူများရှာမည်ကို သူ စိတ်မချပေ။ သူအသက်ရှင်ဖို့ အခွင့်အရေးအနည်းငယ်မျှသာရှိသည့်တိုင် သူကိုယ်တိုင်လိုက်ရှာမည်ဖြစ်သည်။

လီချင်းဟောက်ထွက်ခွာသွားပြီး မီးတောက်မီးလျှံများက ကောင်းကင်ထိတိုင်အောင် မြင့်တက်လျက် ကျန်ရစ်ခဲ့သည်။ အတွင်းစည်းဂိုဏ်းသားများ၏ မျက်နှာများတွင်မူ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များသန်းလာသည်။ ယခုအခါ သူတို့၏ဂိုဏ်းသည် မည်သည့်အတွက်ကြောင့် အင်အားကြီးကာ ဂုဏ်ရောင်ထွန်းပြောင်နေကြောင်း ပိုမိုနားလည်သွားခဲ့ပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset