အမည်မဲ့ တောင်စဉ်တန်း၏ တောကြီးမျက်မည်းထဲတွင် ရွာသွန်းနေသော မိုးရေစက်များသည် တဖြည်းဖြည်းနှင့် လျော့ပါးလာပြီ ဖြစ်သည်။ ညနေပိုင်းတွင်မူ မိုးသည် လုံးဝရပ်တန့်သွားကာ ဝင်လုဆဲ နေမင်းကြီးသည် သက်တန့်ကွေးလေးတစ်ခုကို ဖန်တီးလိုက်လေ၏။
သို့သော်လည်း နေဝင်သွားသည်နှင့် သက်တန့်မှာ တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ် သွားလေတော့သည်။
တောအုပ်မှာ တိတ်ဆိတ်ငြိမ်သက်ကာ ညှီစို့စို့ သွေးနံ့ပင် မရှိတော့ပေ။ သို့သော် အလောင်းများ တန်းစီနေသော လမ်းလေးမှာ အတွင်းထဲထိ ဝင်သွားကာ အသေအကျေ တိုက်ခိုက်ခဲ့သော တိုက်ပွဲများ အကြောင်းကို သက်သေပြနေလေသည်။
ချိန်ဟန်သည် ရုတ်တရက် သေဆုံးသွားခဲ့ရာ သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်သော အမူအရာတို့ဖြင့် ဆက်လက် တောက်ပနေဆဲဖြစ်သည်။
သူ၏ အလောင်းဘေးတွင်မူ ပိုင်ရှောင်ချန်းသည် မလှုပ်မယှက် ငြိမ်သက်နေဆဲ ဖြစ်သည်။ သူ၏ အသက်ဓာတ်က ၉၀ ရာခိုင်နှုန်းခန့် ကုန်သွားပြီဖြစ်၍ အသက်ငွေ့ငွေ့သာကျန်တော့သည်။
နောက်ဆုံးတွင် အဝေးမှ လာသော ခြေသံများကို ကြားလိုက်ရသည်။ တစ်ယောက်ယောက်သည် ရွှံ့ရေနှင့် ရောနေသော မိုးရေများ၊ သစ်ရွက်ကြွေများကို ဖြတ်ကာ လျှောက်လာပြီး ချိန်ဟန်၏ ဘေးတွင် ရပ်တန့်လိုက်သည်။
ထိုသူမှာ အနက်ရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ ဖြူဖွေးနေသော ဆံပင်ရှည်များ၊ အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာတို့ကြောင့် သူသည် အလွန်တရာ ရှေးဟောင်းကျသည့် ပုံစံပေါက်နေသည်။ ဘဝကို ရှည်ကြာစွာ နေထိုင်ခဲ့ကြောင်း သိသာစေသည့် သေမင်းအငွေ့အသက်များ သူ့ဆီမှ ထွက်ပေါ်လာနေသည်။
“ပြင်းထန်တဲ့ စိတ်အာရုံက သူ့ဝိညာဉ်ကို ထောက်ပံ့ပေးထားတာ…သူက သေသွားပေမယ့် သူ့ဝိညာဉ်က ခုထိ မပြိုကွဲသေးဘူး။ ဒါပေမဲ့ အဲ့ဒါလည်း သိပ်မကြာတော့ပါဘူး။ ”
သူ့အသံမှာ အက်ကွဲနေသော်လည်း ဝေဝါးနေကာ ထူးဆန်းစွာ တောထဲသို့ ပဲ့တင်ထပ်သွားလေသည်။ ရုတ်တရက် ချိန်ဟန်၏ အလောင်းသည် နဖူးတွင် ကွဲသွားကာ အစိမ်းရောင် ချီ မျှင်လေးသည် ပျံထွက်သွားပြီး လေထဲတွင် လှည့်ပတ်ကာ လက်တစ်ဝါး အရွယ်ရှိသော မသဲမကွဲ ဝိညာဉ်ပုံရိပ် ဖြစ်ပေါ်လာလေသည်။
ထိုပုံရိပ်မှာ ချိန်ဟန်ဖြစ်လေသည်။ သူ၏ စိတ်နှလုံးနှင့် အသိစိတ်တို့မှာ ဖယ်ခွာသွားပြီ ဖြစ်သောကြောင့် မျက်လုံးများမှာ ဗလာဖြစ်ကာ တုန်လှုပ်နေသည်။
အဘိုးအိုသည် လက်ညှိုးညွှန်လိုက်ရာ ချိန်ဟန်၏ ဝိညာဉ်သည် သူ့ဆီသို့ ပျံသန်းသွားကာ အထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ချိန်ဟန်၏ ဝိညာဉ်ကို ယူဆောင်ပြီးနောက် အဘိုးအိုသည် ပိုင်ရှောင်ချန်းကို စစ်ဆေးလိုက်ရာ သူ့မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်သွားလေသည်။ သူသည် အတိတ်ကို သတိရ လွမ်းဆွတ်နေဟန် ရှိသည်။
“ထာဝရ အသက်ရှည်နည်းပညာရပ်ကို နောက်တစ်ခါ ပြန်တွေ့ရမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။”သူသည် မျက်လုံးများကို ခေတ္တမှေးမှိတ်ထားလိုက်ကာ သက်ပြင်းချလိုက်သည်။ ထိုအသံသည် သူ့ပတ်ဝန်းကျင်ကို ပြောင်းလဲလိုက်ဟန်တူသည်။ အချိန်သည်လည်း ရုတ်တရက် ကွဲပြားစွာ စီးဆင်းသွားရာ ဧရိယာ တစ်ခုလုံးသည် ကျန်ကမ္ဘာကြီးနှင့် အဆက်ပြတ်သွားသည့် အလားထင်ရသည်။
မရေမတွက်နိုင်သော အပင်များသည် ရုတ်တရက် သေသွားသည့် အလား ငြိမ်သက်သွားကြကာ ပြာအဖြစ်သို့ ပြောင်းသွားလေသည်။
ချိန်ဟန်၏ အလောင်းသည် ချက်ချင်းပင် ညှိုးလျော်သွားကာ ဝင်သက်၊ ထွက်သက် အနည်းငယ် ကြာချိန်တွင် အရိုးစု အဖြစ်သာ ကျန်ရှိတော့သည်။ ထိုအရိုးစုသည် ကွဲကြေသွားကာ ဖုန်မှုန့် အဖြစ်နှင့် ရွှံ့ထူသော မြေပေါ်သို့ ကျရောက်သွားလေသည်။
ပိုင်ရှောင်ချန်းအပေါ်တွင်မူ သက်ရောက်ခြင်း ကင်းမဲ့နေသည်။ အမှန်တွင် အသက်ဓာတ် အများအပြားကို လောင်းထည့်ပေးထားခြင်းကြောင့် သူ၏ ထိခိုက်ဒဏ်ရာ အမျိုးမျိုးသည် လျင်မြန်စွာ ပျောက်ကင်းလျက်ရှိသည်။
အဘိုးအိုသည် မျက်လုံးများမှိတ်ကာ ငြိမ်သက်လျက် ရုပ်တု တစ်ခုကဲ့သို့ ရပ်နေလေသည်။ သူ့အသွင်က မည်သည့် အစွမ်းသတ္တိ၊ အသက်စွမ်းအင်ကိုမျှ ပိုင်ဆိုင်သည့်ပုံ မပေါ်ချေ။ ကမ္ဘာပေါ်တွင် လုံးဝ မတည်ရှိနိုင်သော ပြန်လည်မွေးဖွားရန် ငြင်းဆန်ထားသည့် ခန္တာကိုယ်မဲ့ ဝိညာဉ်မျိုးဖြစ်သည်။
ချိန်ဟန် သေဆုံးသွားသည့် အခိုက်အတန့်မှာပင် လောချိန်မျိုးနွယ်စုခေါင်းဆောင်သည် ကြယ်ကြွေတောင်အတွင်းရှိ လောချိန်မျိုးနွယ်စုထဲမှာရှိနေသည်။ ရုတ်တရက် သူ့မျက်လုံးများ ပွင့်လာကာ နှလုံးသားထဲတွင် လေးလံလာသည်။ သူသည် ဘေးပတ်လည်ရှိ မျိုးနွယ်စုဝင်များကို ကြည့်လိုက်သည်။ မျိုးနွယ်စု အပြင်ဘက်သို့ သူလွှတ်လိုက်သော ကျင့်ကြံသူ ၁၁ယောက်ထဲမှ အတော်များများ အသတ်ခံလိုက်ရပြီ ဖြစ်သည်။ သို့သော် ချိန်ဟန်၏ ဝိညာဉ်မှာ တည်ရှိဆဲဖြစ်ကြောင်း တွေ့လိုက်ရသောအခါ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
“အပြင်စည်း ဂိုဏ်းသား ၃ယောက်ထဲကို သူတို့ ဘာလို့ ဒီလောက် ကြာတာပါလိမ့်…”သူ ရေရွတ်လိုက်သည်။
“မျိုးနွယ်စုဝင် အတော်များများ အသတ်ခံရပြီးပြီ။ အင်း…ချိန်ဟန်ရဲ့ ကျင့်ကြံခြင်းအခြေခံအဆင့် နဲ့ဆို သူ့ကို မသတ်နိုင်လောက်ပါဘူး။ ဖြစ်နိုင်တာကတော့ သူကပဲ သတ်ပြီး ပြန်လာနေပြီ နေမှာပါ။” စိတ်ထဲတွင် လေးလံနေသော ခံစားချက်သည် ရှိနေဆဲဖြစ်သည်။ မျက်လုံးများမှာ လှုပ်ခတ်နေကာ ချီစုစည်းမှု အဆင့်ခုနစ်ရှိ နောက်ထပ် မျိုးနွယ်စု အဖွဲ့ဝင်အနည်းငယ်ကို စေလွှတ်လိုက်လေသည်။
ထိုသို့ စေလွှတ်ပြီးမှပင် အသက်ကို ဝဝရှူနိုင်တော့သည်။
“ခု အဲ့ဒါက အရေးမကြီးတော့ဘူး။ သွေးပြောင်းပြန်စီးဆင်းခြင်း မှော်အတတ်ကို လုပ်ဖို့ တစ်ရက်ပဲ ကျန်တော့တာ။” အံကို ကြိတ်၍ ခံစားနေရသော လေးလံမှုကို ဖယ်ဖျောက်လိုက်သည်။ ယခုချိန်တွင် အစီအစဉ်ကို ရုတ်သိမ်းရန်မှာ မဖြစ်နိုင်တော့သည်ကို သိသည်။ နောက်ထပ် တစ်ရက်ခန့် တောင့်ခံရုံမှတစ်ပါး အခြားသော ရွေးချယ်စရာ တကယ်ပင် မရှိတော့ချေ။ သို့မှသာ အရာအားလုံး လုပ်ရကျိုးနပ်မည် ဖြစ်သည်။
ထိုအချိန်မှာပင် ဟိုယွင်ဖေးသည် လောချိန် အကြီးအကဲ၏ အကာအကွယ် မန္တန် အစီအရင်စက်ဝန်းမှ ၅ကီလိုမီတာကျော်ခန့် ကွာဝေးသည့် တောင်ကြားတစ်ခုတွင် ရောက်ရှိနေသည်။ သူ့မျက်နှာမှာ ဖြူဖျော့နေကာ နောက်ထပ် ခြေတစ်လှမ်းမှ ထပ်မလှမ်းနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပါးစပ်မှ သွေးများ ထွက်လာကာ သူသည် မြေပြင်ပေါ်သို့ လဲကျကာ ခါးသက်စွာ ရယ်မောလိုက်သည်။
“ညီလေးပိုင်ရေ…အစ်ကို တောင်းပန်ပါတယ်ကွာ..မင်းကို မကယ်နိုင်တော့လို့…” သူသည် မချိတင်ကဲဖြစ်ကာ ကူရာကယ်ရာမဲ့စွာဖြင့် လက်ကို တင်းတင်းဆုပ်၍ သတိမေ့မြောသွားလေတော့သည်။
အခြား ဦးတည်ရာဘက်တွင် တုလင်ဖေးသည် စုတ်ဖွာနေသော ဆံပင်၊ ဝါညစ်နေသော အသားအရေ တို့ဖြင့် သွားနေဆဲဖြစ်သည်။ သူမ၏ ချီစီးကြောင်းများမှာ လုံးဝ ပျက်စီးလုနီးပါးဖြစ်နေပြီး အတိတ်က အလှပဆုံးသော အခြေအနေနှင့် လုံးဝကွာခြားနေပြီ ဖြစ်သည်။
သူမ၏ မျက်လုံးလေးများသည် အရောင်အဆင်းမရှိတော့ဘဲ သူမကို ကြည့်ရသည်မှာ လူသေကောင် လမ်းလျှောက်နေသည့် အလားဖြစ်သည်။ သို့သော်ငြား အံ့ဩဖွယ်ရာ သူမ၏ခိုင်မာသော စိတ်ဓာတ်ကြောင့် သူမသည် ကျောက်စိမ်းပေလွှာကို လက်ထဲတွင် ကိုင်ကာ ဒယီးဒယိုင်နှင့် ရှေ့သို့ ဆက်သွားနေဆဲ ဖြစ်သည်။ သူမ၏ ခေါင်းထဲမှ လုံးဝထွက်သွားမည် မဟုတ်သည့် အတွေးတစ်ခုသာ ရှိနေသည်။
သူမ လွတ်မြောက်အောင် ပြေး၍ ဂိုဏ်းသို့ သတင်းပို့ရမည်။ ပိုင်ရှောင်ချန်းကို သူမ ကယ်ရမည်။
သူမသည် တစ်လှမ်းပြီး တစ်လှမ်း ဆက်လျှောက်နေသည်။ မြေကြီးပေါ် လဲကျသွားတိုင်း ကုန်းရုန်းကာ ပြန်ထသည်။ သူမ၏ အဝတ်အစားများမှာလည်း စုတ်ပြဲလျက်ရှိကာ သွေးကြောများမှာလည်း သွေးများ ခြောက်ခမ်းနေပြီ ဖြစ်သည်။ အမြင်အာရုံမှာလည်း ဝေဝါးလျက်ရှိနေပြီ ဖြစ်သည်။ သို့တိုင် သူမသည် ရှေ့ဆက်သွားနေဆဲ ဖြစ်သည်။
အချိန်များ ကုန်ဆုံးလျက်ရှိသည်။ တုလင်ဖေးသည် လျှောက်လာသည့် အချိန်ကြာလာသောကြောင့် မိမိခန္ဓာကိုယ်၏ ဒဏ်ရာအခြေအနေများကိုပင် မေ့လျော့သွားပြီ ဖြစ်သည်။ သူမသည် ကိုယ့်အသက်အကြောင်း မတွေးမိရုံသာမက မည်မျှ ကြာအောင် လမ်းလျှောက်ခဲ့သည်ကိုပါ မမှတ်မိတော့ချေ။ သူမသည် ရုတ်တရက် ရေအလွှာကို ဖြတ်သန်းလိုက်ရသကဲ့သို့ ခံစားချက်မျိုး ရသည်အထိ ဆက်တိုက်လျှောက်နေခဲ့သည်။ ထိုအခိုက် သူမ၏ မျက်လုံးများ တောက်ပသွားသည်။
“ငါ ထွက်လာတာလား။” သူမသည် ခြောက်သွေ့ ကွဲအက်နေသော နှုတ်ခမ်းများဖြင့် ရေရွတ်လိုက်သည်။ ပြီးခဲ့သည့် လဝက်အတွင်း တစ်ကြိမ်မျှ မတုန်ခါခဲ့သော လက်ထဲမှ ကျောက်စိမ်းပေလွှာကို တုန်လှုပ်စွာ ကြည့်လိုက်သည်။ ယခုမူ မမြင်ရသော အဆက်အသွယ်တစ်ခုကို ရုတ်တရက် ဖမ်းယူမိသွားသဖြင့် တုန်ခါကာ သူမသည် ဂိုဏ်းနှင့် ချိတ်ဆက်မိသွားသည်။
“လောချိန်မျိုးနွယ်စုက သစ္စာဖောက်သွားပါပြီ။ အစ်ကိုဖန်က စစ်ပွဲထဲမှာ အသက်ပေးသွားရပါတယ်။ အစ်ကိုဟိုကတော့ အသက်ရှင်နေဆဲလား မသေချာပါဘူး။ ပြီးတော့ မောင်လေးပိုင်ကတော့…ကျွန်မတို့ ထွက်ပြေးနိုင်အောင်လို့ ရန်သူတွေကို မြှားခေါ်ပေးသွားပါတယ်။ ကျွန်မက ဂိုဏ်းသူ တုလင်ဖေးပါ။ ချက်ချင်းပဲ အကူအညီ ပို့ပေးပါလို့ ဂိုဏ်းကို ပန်ကြားအပ်ပါတယ်။”
တုလင်ဖေးသည် သတင်းစကား ပို့ပြီးသည်နှင့်တပြိုင်နက် ထိုင်လျက် အနေအထားသို့ ပုံကျသွားသည်။ ထို့နောက် သူမသည် နောက်သို့ လှည့်ကြည့်ကာ မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာသည်။
ပိုင်ရှောင်ချန်းသည် သံမဏိ သွေးကြောများ ရှိသည့်အလား တိုက်ခိုက်ရန် ပြန်လာခဲ့သည်ကို သူမ မည်သို့မျှ မေ့နိုင်တော့မည် မဟုတ်ပေ။ လောချိန်မျိုးနွယ်စု၏ အာရုံစိုက်မှုကို ရရှိရန် ပြေးထွက်သွားသော ဝမ်းနည်း၊ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ပုံရိပ်ကိုလည်း မေ့နိုင်မည် မဟုတ်ပါ။ အတူသွားခဲ့သော ခရီးတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဘယ်သောအခါမျှ မမေ့နိုင်တော့ပါ။
“မောင်လေးပိုင်၊ အစ်ကိုဟို…အစ်ကိုတို့ သေချာပေါက် အသက်ရှင်ရမယ်နော်…” တုလင်ဖေးသည် ငိုကြွေးနေသောကြောင့် မျက်ရည်များသည် သူမရှေ့ရှိ မြေပေါ်သို့ ကျဆင်းနေသည်။ နောက်ဆုံးတွင် သူမသည် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ သတိလစ်မေ့မြောကာ လဲကျသွားလေတော့သည်။
တုလင်ဖေး သတင်းပို့လိုက်သည့် အချိန်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ မွှေးရနံ့တိမ်တောင်ထိပ်ရှိ စီမံရေးရာဆောင်မှာ အလုပ်ရှုပ်မြဲ ရှုပ်လျက်ရှိသည်။ အပြင်စည်းဂိုဏ်းသားများသည် လုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်ရင်း ရှေ့နောက် ပြေးလွှားလျက်ရှိသည်။ စီမံရေးရာဆောင် အတွင်းထဲတွင် တာဝန်များအကြောင်း မှတ်တမ်းများကို ထိန်းသိမ်းနေသည့် တာအို ဝတ်ရုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ရှိသည်။ ဂိုဏ်းသားအားလုံး၏ လုပ်ဆောင်ဆဲ တာဝန်များနှင့်ပတ်သက်သည့် အချက်အလက်များ ပါဝင်သော ကျောက်စိမ်းပေလွှာများ ထောင်ချီ၍ တန်းစီလျက်ရှိသည်။
ရုတ်တရက် ကျောက်စိမ်းပေလွှာတစ်ခုသည် မီးလင်းကာ တုန်ခါသွားသည်။ ပုံမှန်အတိုင်းပင် ထိုလူသည် လက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြားကို လက်ထဲသို့ ယူလိုက်သည်။ နတ်ဘုရားအာရုံဖြင့် စစ်ဆေး လိုက်သောအခါ မျက်လုံးများ ပြူးသွားပြီး အမြန် ထရပ်လိုက်သည်။
“လောချိန်မျိုးနွယ်စု သစ္စာဖောက်သွားပြီ။” သူသည် အော်ဟစ်ကာ အမောတကော ပြောလိုက်သည်။ ထိုကိစ္စမျိုးသည် အပြစ်ကြီးလေးလှသောကြောင့် ပေါ့ဆစွာ နေ၍ မရပေ။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အကြီးအကဲများထံသို့ သေချာပေါက် တင်ပြရမည်ဖြစ်သည်။ ထိုကဲ့သို့ သတင်းမျိုးကို ထိမ်ချန်ထားခြင်းသည် သေဒဏ်ပေး၍ ရသော ပြစ်မှုမျိုး ဖြစ်သည့်အတွက် သူ တုံ့ဆိုင်းမနေရဲပေ။ ချက်ချင်းပင် ဝတ်ရုံထဲမှ ခရမ်းရောင် ကျောက်စိမ်းပေလွှာကို ထုတ်၍ ရရှိထားသော အကြောင်းကြားချက်ကို အကြီးအကဲများထံသို့ ပေးပို့လိုက်သည်။
ပေးပို့ချက်သည် ချက်ချင်းပင် တရားစီရင်ရေး ခန်းမဆောင်သို့ ရောက်ရှိသွားသည်။ ချန်သကျင်းသည် တရားစီရင်ရေး ခန်းမဆောင်တွင် အလုပ်လုပ်သည် မှန်သော်လည်း ရာထူးမှာ အလွန်နိမ့်သောကြောင့် ဤကဲ့သို့ စစ်ဆေးရေးသတင်းပို့ချက်များကို ကြည့်ခွင့်မရှိပေ။ တရားစီရင်ရေးခန်းမဆောင်သို့ သတင်းရောက်သည်နှင့် ဂိုဏ်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အမှန်တွင် တရားစီရင်ရေးခန်းမဆောင်သည် စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ရန် တာဝန်ရှိရာ ကြောက်လန့်ဖွယ်အာဏာရှိသည်။
တင်ပြချက် မှန်/မမှန် စစ်ဆေးသည်မှာ အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်သာ ကြာမြင့်လေသည်။
ထို့နောက်တွင်မူ စစ်ဗုံသံများ တောင်ဘက်ကမ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဂိုဏ်းသား အားလုံးမှာလည်း အလန့်တကြား ဖြစ်သွားကြသည်။ အပြင်စည်းဂိုဏ်းသားများက စစ်ဗုံသံ၏ ထူးခြားချက်ကို မသိကြသော်လည်း တောင်ထိပ် သုံးခုလုံးမှ အတွင်းစည်းဂိုဏ်းသားများမှာ သိရှိကြသောကြောင့် မည်သည့် အလုပ်ကို လုပ်နေကြသည် ဖြစ်စေ တုန်လှုပ်သော အမူအရာဖြင့် မေ့ာကြည့်မိလေသည်။
“ဘာဖြစ်တာလဲ”
“ ဘုရား..ဘုရား…။စစ်ဗုံတွေ တီးရင် ရန်သူမျိုးနွယ်ကို အမြစ်ပြတ် မသုတ်သင်နိုင်သရွေ့ စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းကို ပြန်လာရမှာ မဟုတ်ဘူး ”
လူတိုင်းက အံံ့ဩထိတ်လန့်နေစဉ်မှာ အဘိုးအိုတစ်ယောက်၏ အသံက စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်း တောင်ဘက်ခြမ်းတစ်ခုလုံးကို ပျံ့နှံ့လာသည်။
“ငါက တရားစီရင်ရေးခန်းမဆောင်ရဲ့ အူယန်ကျဲပဲ။ တောင်ဘက်ခြမ်းရဲ့ တောင်၃ခုလုံးက အတွင်းစည်းဂိုဏ်းသားတွေဟာ ယခင်လုပ်ဆောင်နေတဲ့ တာဝန်တွေ၊ သီးခြား တရားကျင့်ကြံခြင်း ကဏ္ဍတွေကို ချက်ချင်း ဖျက်သိမ်းရမယ်။ ပင်မ တံခါးပေါက်မှာ လူစုဖို့အတွက် အကြိမ်နှစ်ဆယ်အသက်ရှူချိန် ပေးမယ်။ နောက်ကျတာမျိုး လက်မခံဘူး။”
သူ့ပါးစပ်မှ စကားလုံးများ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် မြစိမ်းတောင်၊ မွှေးရနံ့ တိမ်တောင်၊ ခရမ်းဒယ်အိုးတောင်တို့မှ အတွင်းစည်းဂိုဏ်းသားများသည် လက်ရှိလုပ်ကိုင်နေသည့် မည်သည့်အလုပ်ကိုမဆို ပစ်ချထားခဲ့ရလေသည်။ သူတို့က တုန်လှုပ်နေသော်လည်း စိုးစဉ်းမျှပင် တွေဝေ၊ တုံ့ဆိုင်းခြင်းမရှိဘဲ လှုပ်ရှားထကြွ လာကြသည်။
အရေးကြီးသော လုပ်ငန်းများကို လုပ်နေကြသူများပင် တစ်ခဏမျှ နောက်မကျရဲပေ။ အူယန်ကျဲ သည် တရားစီရင်ရေးခန်းမဆောင်မှ အကြီးအကဲတစ်ယောက်ဖြစ်ကာ သွေးအေးရက်စက်တတ်သူ ဖြစ်သည်ကို အားလုံးက အသိပင် ဖြစ်သည်။
သူ့တွင် အမည်ရင်းအပြင် တာအိုခွေးအဟူသည့် တာအိုနာမည်တစ်ခုရှိသည်။ ဂိုဏ်းကိစ္စရပ်တစ်ခုတွင် သူကိုယ်တိုင် ခေါင်းဆောင်တာဝန်ယူခြင်းက အလွန်ဒေါသထွက်ဖွယ်ကောင်းသည့် တစ်စုံတစ်ရာ ဖြစ်ပွားနေပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ လူများ သေဆုံးကြမည် ဖြစ်ကာ မျိုးနွယ်စုတစ်ခု သုတ်သင်ခံရမည် ဟူသော သဘောလည်း သက်ရောက်သည်။
ပင်မတံခါးဆီသို့ ဦးတည်ကာ အရှိန်တင်၍ သွားနေသော မရေမတွက်နိုင်သော ပုံရိပ်များ ပေါ်ပေါက်လာ သည်နှင့်အညီ ဆူညံစွာ မြည်ဟီးနေသော အသံများ လေထဲတွင် ပြည့်နှက်သွားသည်။ မကြာမီတွင် တောင်ဘက်ခြမ်း ၏ တောင်သုံးလုံးမှ အနည်းဆုံး အတွင်းစည်းဂိုဏ်းသား နှစ်ထောင်ခန့် ရောက်ရှိလာကြောင်း ထင်ရှားလာသည်။ သာမန်အားဖြင့် တစ်ယောက်၊ နှစ်ယောက် တွေ့နိုင်ရန်ပင် ခက်ခဲရာ အများအပြား တွေ့ရခြင်းကြောင့် အပြင်စည်းဂိုဏ်းသားများမှာ အံ့ဩဘနန်း ဖြစ်ကုန်ကြလေသည်။
ဆံပင် အနီတောက်တောက်နှင့် အဘိုးအိုတစ်ယောက် ဦးဆောင်သော အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားကြသည့် တရားစီရင်ရေး ခန်းမဆောင်မှ ရာပေါင်းများစွာသော ဂိုဏ်းသားများလည်း ရှိကြသည်။ ထိုအဘိုးအိုကား တခြားသူမဟုတ် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည့် အူယန်ကျဲပင်။
မကြာမီမှာပင် ၂၀၀၀ကျော်သော လူများသည် ပင်မတံခါးတွင် စုဝေးပြီးဖြစ်ကာ အားလုံး၏မျက်နှာထက်တွင် စိတ်အားထက်သန်သော အရိပ်အယောင်များ ရှိနေကြသည်။
“ လောချိန်မျိုးနွယ်စု သစ္စာဖောက်သွားပြီ။ ဂိုဏ်းခေါင်းဆောင်က သူတို့ မျိုးနွယ်ကို ခွေးတွေ၊ ကြက်တွေ ဖြစ်တဲ့အထိ သုတ်သင်ပစ်ရမယ်လို့ အမိန့်ပေးလိုက်တယ်။ တာအိုစေ့ တည်နေရာ ပြောင်းရွှေ့ခြင်းဝင်ပေါက်ကို ဖွင့်လိုက် ”အူယန်ကျဲက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်း၏ အလယ်ရှိ တာအို သစ်စေ့တောင်မှ ကြီးမားသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
အလင်းရောင်သည် လေထဲသို့ မြင့်တက်ကာ တည်နေရာ ပြောင်းရွှေ့ခြင်းဝင်ပေါက်သည် ကျယ်ပြန့်သွားပြီး ဂိုဏ်းသား ၂၀၀၀ခန့်ကို ချက်ချင်းပင် လွှမ်းခြုံသွားလေသည်။ တည်နေရာ ရွှေ့ပြောင်းခြင်း လုပ်ငန်းစဉ် စတင်သည်နှင့် မြည်ဟီးသံ ထွက်ပေါ်လာလေသည်။
တောင်ဘက်ခြမ်းမှ အပြင်စည်းဂိုဏ်းသားများသည် ရင်သပ်ရှုမောကာ ရုတ်တရက် မိမိတို့ဂိုဏ်းကို ဂုဏ်ယူ ဝံ့ကြွားစိတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။
စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်း နှင့် နှိုင်းစာသော် လောချိန်မျိုးနွယ်စုသည် သေးငယ်၍ အခြေခိုင်မာခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ရှိသည်။ ထို့အပြင်စည်းဂိုဏ်းသားအနည်းငယ်ကို ဖယ်ကာ စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းသည် အယောက်၂၀၀၀ခန့် ရွှေ့ပြောင်းလာခြင်း ဖြစ်သည်။ ထို့အပြင် ရက်စက်ကာ အင်အား ကြီးမားသော အူယန်ကျဲလည်း ပါဝင်သည်။ အားလုံး ပေါင်းလိုက်သောအခါ အလွန် ကြောက်မက်ဖွယ် ကောင်းသောတပ်ဖွဲ့တစ်ခုဖြစ်သွားသည်။
စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်း၏ နယ်နိမိတ်အတွင်းရှိ ကျင့်ကြံသူ မျိုးနွယ်စု အားလုံး အတွက်ပါ ကြောက်လန့်ဖွယ်ရာဖြစ်သွားသည်။ ရှေးစကားပုံတစ်ခုရှိသည်မှာ “ကြက်တစ်ကောင်ကို သတ်ရန် အဘယ့်ကြောင့် ပုဆိန်ကို သုံးသနည်း။”ဖြစ်သည်။ ထိုမေးခွန်းအတွက် စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းက ပြန်ဖြေမည်မှာ “ကြက်တွေကို ပုဆိန်နဲ့ မသတ်လို့ ဘာနဲ့ သတ်ရမတုံး။”ဟူ၍ပင်။
ဤဂိုဏ်းသည် အပြင်စည်းဂိုဏ်းသားပင် ဖြစ်စေကာမူ မည်သို့မျှလက်လွှတ်အဆုံးရှုံးမခံချေ။ ထိုအချက်ကြောင့်လည်း အပြင်စည်းဂိုဏ်းသားများ၏ ဂိုဏ်းအပေါ်တွင် သစ္စာရှိမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းသည် သေးငယ်သော အဖွဲ့အစည်း မှတစ်ဆင့် လက်ရှိအခြေအနေထိ ရောက်အောင် နှစ်ထောင်ပေါင်းများစွာကြာ ခိုင်မာစွာ ရပ်တည်ခဲ့သည်။ ပုံမှန်အားဖြင့် ဤအချက်က အံ့ဩသင့်စရာကောင်းလှ၏။
ထိုအခိုက် မွှေးရနံ့တိမ်တောင်၏ ထိပ်ဆုံးအပိုင်းရှိ ဘုရားကျောင်းထဲမှ လီချင်းဟောက်ထွက်လာသည်။ သူ့မျက်နှာတွင် ရက်စက်ကာ လူသတ်တော့မည့် အငွေ့အသက်များ လွှမ်းခြုံနေပြီး ဝင်ပေါက်ဆီသို့ ပျံသန်းလာနေ၏။