Switch Mode

နတ်ဘုရားလက်နက် နံရံကြီး

အင်္ဂါဂြိုဟ်မြို့တော်နယ်မြေအသစ်၏ မြို့တော်ဝန်အား လူအများ၏ရှေ့တွင် ကြေညာလိုက်ပြီဖြစ်သည်။ ထိုကြေညာချက်ကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွား၏။ ပြိုင်ပွဲကြီး၏ တိုက်ရိုက်ထုတ်လွှင့်မှုအား လူတိုင်းနီးပါး ကြည့်ရှုခဲ့ကြသည့်တိုင်အောင် သတင်းဌာနပေါင်းမြောက်မြားစွာမှာ ထိုသတင်းများအကြောင်းကို ထုတ်လွှတ်တင်ဆက်နေဆဲပင်။ ထို့ကြောင့် ထိုတိုက်ရိုက်ထုတ်လွှင့်မှုအား မကြည့်လိုက်ရသည့် လူများမှာလည်း သိပ်မကြာခင်တွင် ဝမ်ပေါင်လဲ့၏ အမည်အား သိရှိသွားကြတော့သည်။

ဝမ်ပေါင်လဲ့၏ မိဘများမှာ ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ခဲ့ပေ။ ထိုထုတ်လွှင့်မှုကြီး ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူတို့၏ အသံလွှင့်လက်စွပ်များမှာ အပြင်းအထန် တုန်ရီသွားကြတော့သည်။

ဖီးနစ်ငှက်မြို့တော်၏ မြို့တော်သခင်ကြီးမှာ သူကိုယ်တိုင် သူတို့နှစ်ယောက်ဆီသို့ လာရောက်လည်ပတ်ခဲ့၏။ သူသည် ယခင်တုန်းကတည်းက သူတို့နှစ်ယောက်အား ဖော်ဖော်ရွေရွေ ‌ဆက်ဆံခဲ့သည်ဖြစ်ရာ ယခုတွင် သူ၏ ပြောဆိုဆက်ဆံပုံများမှာ ပို၍ပင် ဖော်ရွေမှုရှိလာတော့သည်။ မျက်နှာလိုမျက်နှာရ လုပ်နေသည့်အဆင့်သို့ မရောက်သေးပါသော်လည်း သူ၏ မိဘနှစ်ပါးနှင့် အာလာပသလ္လာပ စကားများ ပြောဆိုသည့်အချိန်တွင် သူ၏ အမူအရာများနှင့် လေသံများမှာ ယခင်ကထက် သိသိသာသာပို၍ ရိုကျိုးနေပြီဖြစ်သည်။

အခြေအနေများမှာ ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလော။ ဤမိသားစုမှ ပေါက်ဖွားလာခဲ့ပြီး ဖီးနစ်ငှက်မြို့တော်ထဲမှ ထွက်ခွာသွားခဲ့သည့် ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် သူ၏ အခြေတည် ကျင့်ကြံခြင်းအဆင့်ထက် ပိုသာသော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ထားပြီဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းမှာလည်း သူ၏အထက်၌ ရှိနေပြီလည်းဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ သူသာ ဖီးနစ်ငှက်မြို့တော်၏ မြို့တော်သခင် ဖြစ်မနေပါက သူ၏မိသားစုဆီသို့ လာရောက်လည်ပတ်ခွင့်ပင် ရှိမည်မဟုတ်ပေ။

အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန်ပိုင်ဆိုင်ထားသည့် လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာကို သူက ကောင်းကောင်းကြီးနားလည်ထား၏။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးတစ်ခုလုံးထဲရှိ ပဏာမအဆင့်လေးအရာရှိများ အားလုံးထဲတွင် အာဏာအရှိဆုံး ဖြစ်နေပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ မိဘများမှာ သူ၏ လာရောက်လည်ပတ်မှုကြောင့် ဆွံ့အမှင်တက်သွားရ၏။ ထို့နောက် သူတို့မှာ ထိုကဲ့သို့ လာရောက်လည်ပတ်ရသည့် အကြောင်းအရင်းကို သိရှိသွားကြသောအခါ ပျော်ရွှင်သွားကြပါသော်လည်း ပို၍ပင် စိုးရိမ်သွားရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်းထဲသို့ ဝင်ခွင့်ရရှိသွားခဲ့သည့် အချိန်မှစ၍ သူ၏ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်ခဲ့ပြီးဖြစ်ကြောင်း သူတို့က သိထားကြပေသည်။

ထို့ကြောင့်လည်း သူတို့မှာ ဝမ်ပေါင်လဲ့ သူတို့အတွက် စိုးရိမ်နေမည်စိုးသောကြောင့် သူတို့၏ စိုးရိမ်စိတ်များကို ရင်ထဲ၌သာ ကွယ်ဝှက်ထားလိုက်ကြတော့သည်။ ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် ရာထူးအဆင့်အတန်း မြင့်မားလာသောကြောင့် ဝမ်ပေါင်လဲ့ ဖခင်ဖြစ်သူ၏ ရှေးဟောင်းသုတေသန အဖွဲ့အစည်းမှာလည်း သူ၏ဖခင်အား အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ရန် ဆုံးဖြတ်ခဲ့ကြ၏။

ထို့အပြင် ဖီးနစ်ငှက်မြို့တော်သခင်၏ အမိန့်အရ ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူအား မြို့တော်စီမံအုပ်ချုပ်ရေး ဌာနတစ်ခုဆီသို့ လွှဲပြောင်းပေးလိုက်၏။ သူမသည်လည်း ဩဇာအာဏာ အတိုင်းအတာတစ်ခုအထိရှိသော ပေါ့ပေါ့ပါးပါး အလုပ်တစ်ခုကို ရရှိခဲ့သည်။ ထို့အပြင် သူမသည် အမှားတစ်ခုခု လုပ်မိလျှင်တောင် တာဝန်ယူစရာမလိုပေ။

ထိုအခြင်းအရာများကြောင့် ဝမ်ပေါင်လဲ့၏ မိဘများမှာ မိန်းမောတွေဝေသွားရပြီး သိုသိုသိပ်သိပ် ဆွေးနွေးလိုက်ကြ၏။

” ကျမတွေ ဒီကောင်စုတ်လေးကို အခုလို ဆက်ပြီးတော့ လွှတ်ထားလို့မဖြစ်တော့ဘူး။ သူ နောက်တစ်ခေါက် အိမ်ပြန်လာတဲ့အချိန်ကျရင် ကျမ သူ့ကို တစ်ယောက်ယောက်နဲ့ အောင်သွယ်ပေးမှ ဖြစ်မယ် ”

” ဟုတ်တယ်။ အဘိုးကြီးဟွမ်ရဲ့ သမီးဆို မဆိုးဘူး။ သူက သူ့သမီးအကြောင်း ငါ့ကို တစ်ခေါက် နှစ်ခေါက်လောက် ပြောပြခဲ့ဖူးတယ် ”

ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ စတင်ကြံစည်နေကြတော့သည်။ ကောင်းကင်တာအိုကျောင်းမှ လူများမှာမူ ထိုကြေညာချက်အား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ကျောင်းလုံး၌ ဆူညံပွက်လောရိုက်သွားအောင် အော်ဟစ်အားပေးလိုက်၏။ ဝမ်ပေါင်လဲ့မှာ အဆင့်နိမ့်ကျွန်းတွင် ရှိခဲ့စဉ်ကတည်းက ဂန္တဝင်တစ်ယောက် ဖြစ်လာခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် လူအများက အထင်ကြီးအားကျရသည့် စံပြပုဂ္ဂိုလ်တယောက်လည်း ဖြစ်နေ၏။ အဆင့်နိမ့်ကျွန်းမှ ဆရာများမှာလည်း ဝမ်ပေါင်လဲ့၏ အကြောင်းများကို မကြာခဏဆိုသလို ပြောပြကာ ကျောင်းသားများအား စိတ်ဓာတ်များတက်ကြွလာအောင် လှုံဆော်ပေးနေကြ၏။

အဆင့်မြင့်ကျွန်းပေါ်တွင်မူ ထိုကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်မနေကြပါသော်လည်း အော်ဟစ်အားပေးသံများဖြင့် ပြည့်နှက်နေဆဲပင်။ တာအိုကျောင်းကြီးလေးကျောင်းမှာ ဝမ်ပေါင်လဲ့အစား လီယီအား ကူညီထောက်ပံ့ပေးခဲ့သောကြောင့် သူတို့အားလုံးမှာ မကျေမချမ်းဖြစ်နေခဲ့ရ၏။

ကျင့်ကြံခြင်းအပိုင်းတွင်ဖြစ်စေ၊ တိုက်ရည်ခိုက်ရည် အပိုင်းတွင်ဖြစ်စေ၊ အောင်မြင်မှုအပိုင်းတွင်ဖြစ်စေ ဝမ်ပေါင်လဲ့မှာ လီယီထက် အဆပေါင်းများစွာ သာလွန်နေသည် မဟုတ်ပါလော။ သို့သော် ကောင်းကင်တာအိုကျောင်းမှာ မဲတစ်မဲသာ ပေးခွင့်ရှိသောကြောင့် တာအိုကျောင်းကြီး လေးကျောင်း၏ လီယီအား ကူညီထောက်ပံ့ပေးမည့် နောက်ဆုံးဆုံးဖြတ်ချက်ကြီးအား မကန့်ကွက်နိုင်ခဲ့ပေ။

သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူနှင့် သူ၏မြည်းလေးကိုသာ အားကိုးခဲ့ပြီး အခြားဆန်ခါတင်များအား အပြတ်အသတ် အနိုင်ယူကာ အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန်အဖြစ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများမှာ ဂုဏ်ဆာနေကြတော့သည်။ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာလည်း စိတ်နှလုံးလှုပ်ရှားနေရ၏။ နိုင်ငံရေးများနှင့် ခပ်ကင်းကင်းနေသော မဟာထိပ်သီး အကြီးအကဲကြီးလျှင် ခပ်ရေးရေးခန့် ပြုံးနေမိတော့သည်။

ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာ သူတို့တာဝန်ကျနေသည့်အရပ်၌ ရှိနေဆဲဖြစ်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ဂုဏ်ပြုသည့် အကြောင်းကြားစာများ ပေးဖို့လိုက်ကြ၏။ အထူးသဖြင့် ကျောက်ယမုန့်မှာဆိုလျှင် သူမည်ကဲ့သို့သော ပြဿနာမျိုးနှင့် ကြုံတွေ့စေကာမူ အတူတူပူးပေါင်း၍ ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောပြခဲ့၏။ ဥပမာဆိုရလျှင် ယခုလေးတင် ပြီးဆုံးသွားခဲ့သော ပြိုင်ပွဲကြီးထဲ၌ ဝမ်ပေါင်လဲ့သာ အကူအညီ လိုအပ်မည်ဆိုပါက သူမနှင့် ကျိုးရိဖန်းတို့မှာ သူ့အားကူညီနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့မည်သာ ဖြစ်ကြောင်း သူမက အသိပေးလိုက်၏။

သူမ၏စကားကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံးလှုပ်ရှားသွားရပါသော်လည်း ရှည်ရှည်ဝေးဝေး တွေးတောမနေခဲ့ပေ။ သူသည် မြို့တော်သို့ပြန်သည့်လမ်းတွင် သူ၏ အသံလွှင့်လက်စွပ်ထဲ၌ အကြောင်းကြားစာများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသောကြောင့် ၎င်းတို့အား တစ်စောင်ချင်းစီလိုက်ဖတ်ကာ အကြောင်းပြန်လိုက်၏။ ထိုသို့ဖြင့် သူသည် လျှိုတောက်ပင်း၏ အကြောင်းကြားစာကိုလည်း မြင်လိုက်ရသေးသည်။

လျှိုတောက်ပင်းမှာ အစပိုင်းတွင် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေခဲ့ပါသော်လည်း သူလောင်းကြေးထပ်ထားသည့် ပိုက်ဆံများကို ပြန်လည်သတိရသွားသောအခါ ကြက်သေသေသွားရတော့သည်။ ထို့ကြောင့် သူသည် တွက်ချက်မှု အချို့ပြုလုပ်လိုက်ပြီးနောက် လောင်းကြေးအနည်းငယ်ခန့် ရရှိခဲ့ကြောင်း သိလိုက်ရ၏။ သို့သော် သူသည် အလွန်အင်မတန်မှ စိတ်မကောင်းဖြစ်နေဆဲပင်။ အကယ်၍ သူသာ ဝမ်ပေါင်လဲ့ပေါ်၍သာ ပုံအော၍ လောင်ကြေးထပ်ခဲ့မည်ဆိုလျှင် ယခုတွင် ကျိကျိတက် ချမ်းသာနေလောက်ပြီဖြစ်သည်…

ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်သို့ ပြန်သွားသည်လမ်းတလျှောက်တွင် အသံလွှင့်အကြောင်းကြားစာများစွာ အဆက်မပြတ် လက်ခံရရှိခဲ့သလို မရပ်မနား အကြောင်းပြန်နေခဲ့၏။ သို့သော် သူသည် ဘုရင်ခံနှင့် သူမ၏ အပေါင်းအပါများနှင့်အတူ တည်နေရာပြောင်းရွှေ့ခွင့် မရခဲ့သောကြောင့် ဘုရင်ခံမှာ သူ့အား တမင်သက်သက် ချန်ထားခဲ့ခြင်း ဟုတ်မဟုတ် ဝေခွဲမရဖြစ်နေ၏။ ထို့ကြောင့် သူသည် သူ၏ သင်္ဘောပျံကိုသာ စီးနင်းသွားရ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ ရပိုင်ခွင့်များအား တောင်းဆိုရန် ကြောက်ရွံ့နေသည့်လူ မဟုတ်ပါသော်လည်း သူသည် သဘောထားသေးသိမ်သော လူတစ်ယောက် မဟုတ်ကြောင်း သူ့ကိုယ်သူ မှတ်ယူထား၏။ ထို့ကြောင့် သူသည် ဘုရင်ခံအား သူမ၏ ပေါ့ဆမှုအတွက် ခွင့်လွှတ်ပေးပြီးသား ဖြစ်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး သင်္ဘောပျံကြီးပေါ်မှ ပြန်ဆင်းလာ၏။ သူသည် ကျောင်းသို့ပြန်ရောက်လာသောအခါ သူ၏ ကျောင်းသားများ စိတ်ဓာတ်တက်ကြွနေကြသည်ကို အာရုံခံမိလိုက်သဖြင့် စိတ်ထဲ၌ကျိတ်၍ ကျေနပ်သွားရ၏။ ထို့နောက် သူသည် အားပေးစကားအချို့ ဆိုလိုက်ပြီးနောက် လင်းတျန်ဟောက်နှင့် သူ၏ဝန်ထမ်းများအား တစ်ခဏမျှ အပြန်အလှန် နှုတ်ဆက်လိုက်ပြီးနောက် သူ၏ မြည်းလေးနှင့်အတူ သူ၏ အိမ်ရာဆီသို့ ပြန်သွားလိုက်တော့သည်။

အမိန့်များကို ထုတ်ပြန်ပြီးသွားပြီဖြစ်ရာ သူသည် ဘုရင်ကိုယ်တိုင်က သူ့အား ဆင့်ခေါ်သည့်အချိန်ကို စောင့်ဆိုင်းရန်သာ လိုတော့သည်ဖြစ်သည်။ ထိုသို့ဖြင့် သူသည် မြို့တော်နယ်မြစ်အသစ်အား ဖွဲ့စည်းတည်ထောင်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို စတင်ပြုလုပ်နေလိုက်တော့သည်။

သူသည် ကျောင်းသို့ပြန်လာသည့် ခရီးစဉ်တွင် ဘုရင်ခံဆီမှ အသံလွှင့်အကြောင်းကြားစာတစ်ခုကို လက်ခံရရှိခဲ့၏။ သူမသည် သူ တာဝန်ယူထားသည့် ကိစ္စများအား ရက်အနည်းငယ်အတွင်းတွင် အခြားသူများဆီသို့ လွှဲပြောင်းပေးခဲ့ရန် အသိပေးလိုက်ခြင်းဖြစ်သည်။ ထို့အပြင် သူမသည် မြူခိုးတောင်ကျောင်းထဲရှိ သူ၏ ကျောင်းအုပ်ရာထူးအား လွှဲပြောင်းပေးနိုင်မည့် လူအချို့နှင့် ပတ်သတ်၍လည်း အကြံပေးလိုက်သေးသည်။

ဝမ်ပေါင်လဲ့မှာမူ ကျောင်းအုပ်အသစ်အဖြစ် တာဝန်ထမ်းဆောင်ရမည့်လူကို ရွေးချယ်ထားပြီးသားဖြစ်သည်။ ထိုသူမှာ လင်းတျန်ဟောက်ပင် ဖြစ်၏။

လင်းတျန်ဟောက်မှာ ထိုတာဝန်အတွက် အရည်အချင်းအပြည့်အမီဆုံးနှင့် အသင့်တော်ဆုံးလူ ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်းမှ သူ၏ ဆရာတူ ညီလေးတစ်ယောက်အား ဆင့်ခေါ်ကာ သူ၏ ရာထူးအား လွှဲပြောင်းပေး၍လည်း ရပေသည်။ ထိုသို့သာဆိုလျှင် ကောင်းကင်တာအိုကျောင်းမှာ မြူခိုးတောင်ကျောင်းကိုပါ ထိန်းချုပ်သွားနိုင်စွမ်း ရှိသွားမည်ဖြစ်သောကြောင့် အင်္ဂါဂြိုဟ်ပေါ်၌ နိုင်ငံရေးခြေလှမ်းများ စတင်နိုင်သွားမည်လည်း ဖြစ်သည်။

သို့သော် ထိုသို့လုပ်လိုက်မည်ဆိုလျှင် လင်းတျန်ဟောက်အပေါ် မတရားရာကျနေမည် မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ပေါ်မှ လူများအား မကျေမနပ်ဖြစ်သွားအောင် လုပ်လိုက်သလိုလည်း ဖြစ်သွားမည် ဖြစ်သည်။ ထို့‌ကြောင့် သူသည် ထိုကိစ္စနှင့် ပတ်သတ်၍ ဆက်လက်တွေတော့မနေတော့ဘဲ လင်းတျန်ဟောက်အား ကျောင်းအုပ်အသစ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူသည် မြို့တော်ဝန်ရာထူးအတွက် ယှဉ်ပြိုင်ခဲ့ရာတွင် သူ့အား ကူညီပေးခဲ့သည့် လင်းတျန်ဟောက်၏ ဖခင်ဖြစ်သူအား ကျေးဇူးဆပ်လိုက်ခြင်းလည်းဖြစ်သည်။ တစ်ချိန်ထဲမှာပင် လင်းတျန်ဟောက်၏ သူ့အပေါ် ကူညီထောက်ပံ့မှုများမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာခဲ့သည်ဖြစ်ပြီး တို့နှစ်ယောက်၏ကြားမှ ဆက်ဆံရေးမှာလည်း ပို၍ တိုးတက်ကောင်းမွန်လာခဲ့သောကြောင့် နောက်ဆုံးတွင် သူသည် ယခုလိုဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် အနားယူလိုက်ပြီးနောက် လင်းတျန်ဟောက်အား ဆင့်ခေါ်လိုက်ပြီး သူနှင့် အချိန်အကြာကြီး ဆွေးနွေးလိုက်၏။ ထို့နောက် လင်းတျန်ဟောက်မှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပနေသော မျက်ဝန်းများဖြင့် ပြန်လည်ထွက်ခွာသွားတော့သည်။ သူသည် ပျော်ရွှင်မြူးထူးကာ စိတ်ဓာတ်များတက်ကြွနေသည့်ပုံ ပေါက်နေ၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကြောင့် သူ့အား အလွန်အင်မတန်မှ ကျေးဇူးတင်နေမိတော့သည်။ နောက်ဆုံးတွင် သူသည် ပျော်ရွှင်ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး သူ၏ဖခင်၏ ပြောစကားများမှာ အမှန်ပင်ဖြစ်ကြောင်း တွေးနေမိတော့သည်။

လင်းတျန်ဟောက်မှာ မြို့တော်ဝန်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိခဲ့သည်လည်း ဖြစ်သည်။ သို့သော် လင်းယုံမှာ အကျိုးအပြစ်များအား သေသေချာချာ‌ တွေးတောသုံးသပ်ခဲ့ပြီးနောက် သူ၏သားဖြစ်သူအား ထိုပြိုင်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့မှာ ကျေးဇူးတရားကို သိတတ်သောလူတစ်ယောက် ဖြစ်သောကြောင့် သေချာပေါက် ကျေးဇူးပြန်ဆပ်မည်သာဖြစ်ကြောင်း သူ၏ သားဖြစ်သူအား ရှင်းပြခဲ့၏။ အကယ်၍ လင်းတျန်ဟောက်မှာ ထိုပြိုင်ပွဲထဲမှ စိတ်လိုလက်ရ နုတ်ထွက်သွားခဲ့ပြီး ဝမ်ပေါင်လဲ့မှာ မြို့တော်ဝန်အသစ် ဖြစ်သွားခဲ့မည်ဆိုပါက သူသည် လင်းမိသားစုက သူ၏ဘက်မှ ကူညီပေးခဲ့သည်ကို သေချာပေါက် မှတ်မိနေမည်ဖြစ်ကြောင်း လင်းယုံက ယုံကြည်ထား၏။

ဝမ်ပေါင်လဲ့မှာ ထိုပြိုင်ပွဲထဲ၌ ကျရှုံးသွားနိုင်ခြေ အများကြီးရှိပါသော်လည်း သူသည် မအောင်မြင်နိုင်လျှင်တောင် လင်းမိသားစု၏ အကူအညီအား မှတ်မိနေဦးမည်သာ ဖြစ်သည်။

အကယ်၍ လင်းတျန်ဟောက်သာ ထိုပြိုင်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မည်ဆိုပါက အနိုင်ရရှိသွားလျှင် ကိစ္စမရှိပါသော်လည်း ရှုံးနိမ့်သွားမည်ဆိုပါက မြူခိုးတောင်ကျောင်းမှနေ၍ ထွက်လာရမည်သာ ဖြစ်သည်။

လင်းယုံမှာ ကိစ္စတခုလုံးကို ခြုံငုံသုံးသပ်ပြီး အကောင်းဆုံးသော နည်းလမ်းများအား ရွေးချယ်ရာ၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေပြီဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ လင်းတျန်ဟောက် စိတ်လှုပ်တရှားနှင့် ထွက်ခွာသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် လုပ်စရာရှိသည်များကို မဆိုင်းမတွ ဆောင်ရွက်လိုက်၏။ သူသည် တင်းမာခက်ထန်သော မျက်နှာထားဖြင့် သူ၏ရုံးခန်းထဲ၌ထိုင်ကာ သူ၏ အသံလွှင့်လက်စွပ်အား ဖွင့်လိုက်၏။ ထိုလက်စွပ်ထဲတွင် ဘုရင်ခံကိုယ်တိုင် သူ့ဆီသို့ ပေးပို့ထားသော ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များ ပါရှိသည့် စာရွက်စာတမ်းတစ်ခု ရောက်နေပြီ ဖြစ်သည်။

ဒုပဏာမအဆင့်သုံးနှင့် အထက်တွင်ရှိသော အရာရှိများသာ ထိုစာရွက်စာတမ်းထဲတွင် ပါရှိသည့် အချက်အလက်များကို ဖတ်ရှုခွင့် ရှိသည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ယခင်တုန်းက ၎င်းအား ဖတ်ရှုခွင့်မရှိပေ။ သို့သော် ယခုတွင် သူသည် မြို့တော်နယ်မြေအသစ်၏ မြို့တော်ဝန် ဖြစ်သွားပြီဖြစ်ရာ သူ၏ ရာထူးအဆင့်အတန်းများမှာလည်း ပြောင်းလဲသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထိုစာရွက်စာတမ်းအား ဖတ်ရှုနိုင်သည့် အထူးခွင့်ပြုချက်တစ်ခု ရရှိသွား၏။

ထိုစာရွက်စာတမ်းထဲတွင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးနှင့် ပတ်သတ်သည့် အချက်အလက်များ ပါဝင်နေပြီး ထိုနေရာ၌ နယ်မြေအသစ်တစ်ခု တည်ထောင်ကာ မြို့တော်အသစ်တစ်ခု တည်ဆောက်ရသည့် အကြောင်းရင်းများကို အသေးစိတ်ရှင်းပြထား၏။

နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးကို လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ခုန်းတောက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူသည် သူ၏ ရှာဖွေတွေ့ရှိမှုများကို အင်္ဂါဂြိုဟ်အစိုးရအား အစီရင်ခံတင်ပြခဲ့၏။ သူ၎င်းအား ရှာမတွေ့ခဲ့ခင်တုန်းကဆိုလျှင် အင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးပင်လျှင် ထိုနယ်မြေထဲ၌ အထူးတဆန်းဖြစ်နေသည့်အရာများကို ရှာတွေ့နိုင်ရန် အခက်တွေ့နေရမည်သာ ဖြစ်သည်။

ပြည်ထောင်စုကြီးမှာ ခုန်းတောက်၏ ရှာဖွေတွေ့ရှိမှုအား အလွန်အင်မတန်မှ အလေးပေးခဲ့၏။ ထို့ကြောင့် ဘုရင်ခံကိုယ်တိုင် ထိုကိစ္စနှင့် ပတ်သတ်၍ အကြိမ်ပေါင်းများစွာ စုံစမ်းစစ်ဆေးခဲ့သည်။ နောက်ဆုံးတွင် ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအင်အားစုအသီးသီးမှ အစွမ်းထက်ကျင့်ကြံသူများစွာ၏ ပူးပေါင်းကူညီမှုများနှင့်အတူ သူတို့မှာ စူးစမ်းရှာဖွေရေး တစ်ခုကို လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့ကြသည်။

ထို ရှာဖွေမှုကြောင့် ထိုလှိုဏ်ခေါင်းကြီးမှာ မြေအောက်ထဲ၌ အလွန်အင်မတန်မှ နက်ရှိုင်းနေသော လှိုဏ်းခေါင်းကြီးတစ်ခု ဖြစ်နေကြောင်း သိရှိခဲ့ရာ၏။ ၎င်း၏ အနက် အတိအကျအား လူအင်အားများနှင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များနှင့်သာမက ခေတ်မီနည်းပညာများနှင့်ပင်လျှင် တိုင်းတာနိုင်မည်မဟုတ်ပေ။

ပြည်ထောင်စုကြီးထဲရှိ အစွမ်းအထက်ဆုံး ကျင့်ကြံသူအချို့မှာ ပူးပေါင်းဆောင်ရွက်ခဲ့သည့်တိုင်အောင် မည်သူကမှ ထိုလှိုဏ်ခေါင်းကြီး၏ အနက်ရှိုင်းဆုံးနေရာအထိ မဆင်းနိုင်ခဲ့ပေ။ သူတို့မှာ သားရဲစီးကြောင်း မြောက်မြားစွာအား ရင်ဆိုင်ကျော်ဖြစ်ခဲ့ရပြီးနောက် နောက်ဆုံးတွင် နံရံကြီးတစ်ခုကြောင့် ရပ်တန့်လိုက်ရသည်သာဖြစ်သည်။

ထိုနံရံကြီးအား နောက်ပိုင်းတွင် နတ်ဘုရားလက်နက် နံရံကြီးဟု ခေါ်တွင်ခဲ့ကြ၏။

ထိုနံရံကြီးမှာ ရေခဲတမျှ အေးစက်နေပြီး သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်ခဲ့သည့်တိုင်အောင် ၎င်းအား ထိုးဖောက်နိုင်ခဲ့ခြင်းမရှိပေ။ ထို နံရံကြီးအား ထိုးဖောက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ပြည်ထောင်စုဥက္ကဋ္ဌကြီးကိုယ်တိုင် သူ၏ နတ်ဘုရားလက်နက်အား အသုံးပြုရန်ဖြစ်သည်။ သို့သော် ထိုနံရံကြီးနောက်တွင် နတ်ဘုရားလက်နက်တစ်ခုနှင့် ဆင်တူသည့် စွမ်းအားတစ်မျိုးကို သူတို့က အာရုံခံမိနေသည်ဖြစ်ရာ အကယ်၍ သူတို့မှာ ထိုနံရံကြီးအား အတင်းအဓမ္မ ထိုးဖောက်လိုက်မည်သာ ဆိုပါက နတ်ဘုရားလက်နက် နှစ်ခုကြားမှ တိုက်ပွဲကြီးတစ်ခုနှင့် မလွဲမသွေ ရင်ဆိုင်လိုက်ရမည်သာ ဖြစ်သည်။

ထိုအခြေအနေသို့ ရောက်သွားမည်ဆိုလျှင် ထိုတိုက်ပွဲကြောင့် ကြုံတွေ့လာရမည့် ထိခိုက်ပျက်စီးမှုများမှာ အင်္ဂါဂြိုဟ်အား သိသိသာသာ ပြောင်းလဲသွားစေမည် ဖြစ်သည်။ အင်္ဂါဂြိုဟ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားနိုင်သည့် အလားအလာပင် ရှိသည်။

ထိုတိုက်ပွဲထဲ၌ ရောက်နေသည့်လူများမှာလည်း အပြင်းအထန် ဒဏ်ရာရကာ အသက်ပင်ဆုံးရှုံးသွားနိုင်ပေးသည်။ ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာ ထွက်ပေါ်လာမည့် တန်ပြန်အားကြောင့် ပြာမှုန့်ဘဝသို့ ရောက်သွားနိုင်ပါသော်လည်း နတ်ဘုရားလက်နက်ကြီးမှာမူ အကောင်းပတိအတိုင်း ကျန်ရစ်နေခဲ့မည်သာ ဖြစ်သည်။

ပြည်ထောင်စုကြီးမှာ ထိုကဲ့သို့ မစွန့်လွှတ်ချင်သလို အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံမှာလည်း ထိုကိစ္စအား လက်ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်လည်း တူးဖော်ရေးလုပ်ငန်းများမှာ ရပ်တန့်သွားခဲ့ရခြင်းဖြစ်သည်….

Comment

  1. Lamin says:

    👍👍👍👍👍👍👍

Leave a Reply

Options

not work with dark mode
Reset