Switch Mode

အခန်း (၃၆၃)

ပဏာမအဆင့်လေးရာထူး

အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ ပြိုင်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ထိုပြိုင်ပွဲကြီးမှာ ပြည်ထောင်စုကြီးထဲရှိ ပွဲကြည့်ပရိသတ်များအား အစမှအဆုံးအထိ စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များ ပေးစွမ်းနိုင်ခဲ့ပေသည်။

ဝမ်ပေါင်လဲ့မှာ ပွဲအစကတည်းက လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ သူသည် ပြိုင်ပွဲထဲ၌ စတင်ပေါ်ပေါက်လာသည့် အချိန်မှစ၍ ပြိုင်ပွဲပြီးဆုံးသည့်အချိန်အထိ ပွဲကြည့်ပရိသတ်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့၏။

ပြည်ထောင်စုကြီးထဲမှ လူများမှာ ဝမ်ပေါင်လဲ့၏အကြောင်းကို ပို၍ နားလည်လာကြပြီဖြစ်သည်။ သူတို့မှာ ကျင်းကြီးတစ်ကျင်းတူးကာ မြေကြီးအောက်သို့ ဝင်သွားခဲ့သည့် ဖက်တီးလေးတစ်ယောက်၊ ထိုးထွင်းဉာဏ်နှင့် ဧရာမအော်လံကြီးများကို အသုံးပြုကာ သားရဲစီးကြောင်းများအား ခုခံတွန်းလှန်ခဲ့သည့် ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်နှင့် တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်ရင်း သူ၏ မြည်းလေးအား ကန်ကျောက်ခဲ့သည့် ငတုံးတစ်ကောင်တို့ကို တွေ့မြင်ခဲ့ရ၏။ ထို့အပြင် သူတို့မှာ သားရဲကြီးများအား တစ်ယောက်တည်းရင်ဆိုင်၍ သားရဲအုပ်ကြီးထဲသို့ ပြေးဝင်သွားခဲ့ပြီး သားရဲစီးကြောင်းကြီး၏ ခေါင်းဆောင်အားသတ်ဖြတ်ခဲ့သည့် ဝမ်ပေါင်လဲ့ကိုလည်း တွေ့မြင်ခဲ့ရသေးသည်။

ထိုမျှသာမက သူတို့မှာ သားရဲအုပ်ကြီးများအား တုန်လှုပ်ချောက်ချားသွားစေခဲ့သည့် လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကြီးတစ်ခုကို ထုတ်သုံးခဲ့သော အံ့ဖွယ်လူတစ်ယောက်၊ ထာဝရခံတပ်ကြီး၏ ရင်သပ်ရှုမောဖွယ်ရာ တိုက်ကွက်များကိုလည်း မြင်ခဲ့ရသေးသည်။ သို့သော် သူတို့ လုံးဝမမေ့နိုင်မည့် မြင်ကွင်းမှာမူ ဝမ်ပေါင်လဲ့တစ်‌ယောက် သူ၏ ကျောက်စိမ်းပေလွှာအား စွန့်ပစ်ခဲ့ပြီး ဘုရင့်နောင်ဖောင်ဖျက်သည့် နည်းလမ်းဖြင့် ထိုပြိုင်ပွဲကြီးအား အနိုင်ယူသွားခဲ့သည့် မြင်ကွင်းပင်ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်မှု အပြည့်ရှိသော စိတ်ဓာတ်ပြတ်သားမှုများကို ပြည်ထောင်စုကြီးထဲရှိ သာမန်ပြည်သူများအားလုံးမှာ မျက်ဝါးထင်ထင် မြင်လိုက်ရပြီဖြစ်သည်။ သို့သော် သူတို့သာ စိတ်နှလုံးလှုပ်ရှားနေကြသည် မဟုတ်ပေ။ အခြားနိုင်ငံရေးအင်အားစုများမှ အစွမ်းထက်ပုဂ္ဂိုလ်များမှာလည်း သူ၏ လုပ်ရပ်များကြောင့် နှုတ်ဆိတ်နေကြရပြီ ဖြစ်သည်။

သူတို့၏ အသိစိတ်များထဲ‌၌ အတွေးတစ်ခုပေါ်လာပြီဖြစ်သည်…. ၎င်းမှာ ထိုကဲ့သို့သော လူမျိုးအား တတ်နိုင်သမျှ ရန်မလုပ်မိအောင် ရှောင်ကြဉ်သင့်ပေသည်ဟူသော အတွေးပင်ဖြစ်သည်။

ထို့အပြင် သူတို့မှာ လပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကြီးကိုလည်း ပြန်၍အမှတ်ရသွား၏။ သူတို့မှာ ယခင်တုန်းကဆိုလျှင် ထိုဖြစ်ရပ်ကြီးနှင့်ပတ်သက်၍ သံသယများရှိနေနိုင်ပါသော်လည်း ယခုတွင်မူ ထိုဖြစ်ရပ်ကြီးအား ဤပြိုင်ပွဲထဲ၌ တွေ့မြင်ခဲ့ရသည့် မြင်ကွင်းများနှင့် ဆက်စပ်တွေးတောကြည့်လိုက်သောအခါ ရှင်းရှင်းလင်းလင်း နားလည်သွားတော့သည်။ ဤ ဝမ်ပေါင်လဲ့ဆိုသော ပုဂ္ဂိုလ်မှာ သူ၏ အသက်အား လောင်းကြေးထပ်ရန် အဆင်သင့်ဖြစ်နေသော လူတစ်ယောက်ဖြစ်သည်။

ငြိမ်းချမ်းနေသော ကာလများတွင်ဆိုလျှင် ထိုကဲ့သို့သော လူမျိုးမှာ ပျင်းရိစရာကောင်းသော သာမန်ဘဝကြီးတစ်ခုကိုသာ ဖြတ်သန်းရမည်ဖြစ်သည်။ သို့သော် ဤ ရှေးဦးဝိညာဉ်ခေတ်ထဲတွင်မူ ထိုကဲ့သို့သော လူမျိုးမှာ သူ့ရဲကောင်းတစ်ယောက်အဖြစ် နာမည်ကျော်ကြားလာမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိပ်ဆုံးအဆင့်အထိ မရောက်သေးပေ။ သို့သော် ယခုတွင် သူသည် ဤပြိုင်ပွဲကြီးအား အနိုင်ရရှိသွားပြီဖြစ်ရာ အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန်နှင့် ပဏာမအဆင့်လေးအရာရှိတစ်ယောက် ဖြစ်လာတော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ပြည်ထောင်စုကြီးထဲ၌ အရေးပါသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတော့မည်ဟု ဆိုနိုင်ပေသည်။ သူသည် အမြုတေအဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုကြီးထဲ၌ လုပ်ပိုင်ခွင့်အာဏာကြီးမားသော လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ထိုသို့ဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲ၌ ရှိနေဆဲပင်။ သူသည် လီယီ တည်နေရာပြောင်းရွှေ့သွားသည်ကို သတိထားမိလိုက်ပါသော်လည်း ပျော်ရွှင်နေရန် အချိန်မရှိသလို စိတ်အေးလက်အေးနှင့် သက်ပြင်းချနေရန်လည်း အချိန်မရှိသေးပေ။ သူသည် အသံကုန်အော်ဟစ်ရင်း အလျင်အမြန် ထွက်ပြေးနေရ၏။

” ကျနော့်ကို ကယ်ပါဦးဗျ ဘုရင်ခံကြီး ”

သူ၏ အော်ဟစ်သံကြီးမှာ စူးရှလွန်းနေပြီး ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခြင်းဖြစ်သည်။ သူ၏ ထွက်ပြေးနေသော အမြန်နှုန်းမှာ စောစောတုန်းက သူ၏ အမြန်နှုန်းများထက်ပင် ပို၍ လျင်မြန်နေသည်။ သူသည် ထိုကဲ့သို့ ထွက်ပြေးနေရင်း အဆက်မပြတ် အော်ဟစ်နေသေးသည်။

” မြန်မြန်လေး လာကယ်ပါတော့ဗျာ။ ကျနော်က မြို့တော်နယ်မြေအသစ်ရဲ့ မြို့တော်ဝန်လေဗျာ။ ကျနော် သေသွားမယ်ဆိုရင် အင်္ဂါဂြိုဟ်ကြီးအတွက် ရှက်စရာကောင်းနေမှာနော် ”

” ဘုရင်ခံကြီး။ ကျနော့်ကို မြန်မြန် လာကယ်ပါတော့ ”

မကြာသေးမီကမှ ပြီးဆုံးသွားခဲ့သည့် တိုက်ပွဲကြီးအား ပြန်ပြောင်းသတိရနေဆဲဖြစ်သော ပွဲကြည့်ပရိသတ်များ အားလုံးမှာ ထိုမြင်ကွင်းကြီးကြောင့် ဆွံ့အသွားရပြီး သူတို့၏ မျက်နှာအမူအရာများမှာ ကြက်သေသေသွားကြတော့သည်။ သူတို့မှာ ခွေးတစ်ကောင်အား ရူးတယောက်အဖြစ် အထင်မှတ်မှားသွားခဲ့သည့်အလား ခံစားလိုက်ရ၏။ ဝမ်ပေါင်လဲ့တစ်ယောက် သေခြင်းတရားဆိုသည့် အရာကြီးအား မကြောက်မရွံ့ မတုန်မလှုပ် ရင်ဆိုင်ခဲ့သည်ကို မြင်ခဲ့ရသည့်အချိန်တုန်းက သူတို့မှာ အံ့ဩတုန်လှုပ်သွားခဲ့ရသည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ သူသည် ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားသောကြောင့် သူတို့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။

ထိုမျှလောက်သာဆိုလျှင် ကိစ္စမရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထွက်ပြေးနေရင်း အမြုတေအဆင့် သားရဲကြီး၏ မရပ်မနား လိုက်လံဖမ်းဆီးနေမှုကို မြင်လိုက်ရသောအခါ ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ ထို့ကြောင့် သူသည် ထိုသားရဲကြီးအား အရှိန်လျော့သွားအောင်လုပ်ရန် နောက်ထပ်စာရွက်တစ်ရွက်အား ထိန်းချုပ်လိုက်ပြီး အောက်သို့ပစ်ချကာ ပေါက်ကွဲသွားအောင် လုပ်လိုက်၏။ ထို့နောက် သူသည် သူ၏မြည်းလေးအား လှမ်းဆွဲလိုက်ပြီး ၎င်း၏ကျောပေါ်သို့ ခုန်တက်လိုက်တော့သည်။

ထိုမြည်းလေးမှာမူ ထိုကဲ့သို့သော ပြုမူဆက်ဆံမှုများကို ကျင့်သားရနေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ခွာဖြင့် မြေကြီးကိုပေါက်၍ အသက်လုကာ အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။ သို့သော် ပြည်ထောင်စုကြီးထဲမှ လူများမှာမူ ထိုမြည်းလေး၏ အကြောင်းကို သေသေချာချာ မသိကြပေ။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်အား မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများမှာ အထူးတဆန်း ဖြစ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ကြီးမားလွန်းနေသောကြောင့် သူ ထိုမြည်းလေးပေါ်သို့ တက်ထိုင်လိုက်သည့် အချိန်တွင် ထိုမြည်းလေးအား လုံးဝနီးပါး မမြင်ရတော့ပေ။

” မြည်းလေးအစား ရင်နာလိုက်တာကွာ ”

ပြည်ထောင်စုကြီးထဲမှ မိသားစုပေါင်း ထောင်သောင်းများစွာမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားကြ၏။ ထိုသာမန်ပြည်သူများ၏ နှလုံးသားများထဲတွင် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော ခံစားချက်ကြီးတစ်ခု ထွက်ပေါ်လာ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား ကြည်ညိုလေးစားမှုအပြည့် ရှိနေကြသလို တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ သူတို့လက်လှမ်းမမီနိုင်သည့် နေရာတစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်းကိုလည်း စိတ်ထဲ၌ ခံစားနေခဲ့ရသည်။

သို့သော် ယခုတွင်မူ သူတို့မှာ အသံကုန်အော်ဟစ်၍ အကူအညီတောင်းကာ သူ၏ မြည်းလေးအား အနိုင်ကျင့်နေသော ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူတို့၏ အိမ်နီးနားချင်းရှိ မိသားစုထဲမှ ကလေးတစ်ယောက်ကို ကြည့်နေရသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် သာမန်ပြည်သူများ၏ စိတ်နှလုံးများထဲတွင် နွေးထွေးမှုနှင့် ခင်မင်ရင်းနှီးမှု အငွေ့အသက်များ ပေါ်ပေါက်လာကြ၏။

သူတို့မှာ ထိုဖက်တီးလေးအား သဘောကျနေကြပြီဖြစ်သည်။

ဘုရင်ခံမှာလည်း ရယ်ရမလို ငိုရမလို ဖြစ်နေ၏။ သူမသည် ဝမ်ပေါင်လဲ့အား ကယ်တင်ပြီးနောက် အပြစ်ပေးရန် တွေးမိနေ၏။ ဤပြိုင်ပွဲကြီးအား ပြည်ထောင်စုကြီးတခုလုံးထဲ၌ တိုက်ရိုက်ထုတ်လွှင့်ပြသနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ အကူအညီတောင်းနေသော အော်ဟစ်မြည်တမ်းသံများမှာ သူမအတွက် အရှက်ရစရာ ကိစ္စကြီးတစ်ခု ဖြစ်နေတော့သည်။ ထို့အပြင် သူသည် ပဏာမအဆင့်လေးအရာရှိတစ်ယောက်ဖြစ်သည့် အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန် ဖြစ်နေပြီ မဟုတ်ပါလော။

ဧရာမသစ်ပင်ကြီးမှာမူ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျေနပ်အားရသွား၏။ သူသည် သူ၏ မကျေနပ်ချက်များကို မချုပ်တည်းနိုင်လောက်အောင် ဖြစ်နေရသည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ ထိုနေရာ၌ အသက်သေဆုံးသွားရန် ဆုတောင်းနေမိတော့သည်။ ထိုသို့သာဆိုပါက ကိစ္စအားလုံး ပြီးပြတ်သွားမည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ရှိနေသော သစ်သီးအကြောင်းကို ပြန်၍သတိရသွားသောကြောင့် ဝေခွဲမရဖြစ်သွားရ၏။ ဝမ်ပေါင်လဲ့မှာ အသက်ရှိနေလျှင် သူ့အတွက် စိတ်ရှုပ်စရာကောင်းနေသလို အသက်မရှိတော့လျှင်လည်း သူ့အတွက် အဆင်မပြေ ဖြစ်သွားရမည်ဖြစ်သည်။

” ဒီကောင် ဘာတွေများကြံစည်နေတာလဲ ” ဧရာမသစ်ပင်ကြီးမှာ နှာမှုတ်ကာ တွေးလိုက်၏။ သူ၏ဘေးတွင်ထိုင်နေသော ဘုရင်ခံမှာလည်း ဝမ်ပေါင်လဲ့အား မကယ်တင်သေးဘဲ အချိန်ဆွဲထားရန် ဆုံးဖြတ်လိုက်၏။ သို့သော် ထိုအချိန်တွင် သူမ၏အသံလွှင့်လက်စွပ်မှာ အပြင်းအထန် တုန်ရီလာတော့သည်။

ထို့ကြောင့် ဘုရင်ခံမှာ ခေါင်းငုံ့၍ ကြည့်လိုက်သောအခါ သူမ၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်သွားသည့် အမူအရာတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် သူမသည် ဝိညာဉ်ဖန်သားပြင်ကြီးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏မြည်းလေး၏ တင်ပါးကိုရိုက်ကာ အရှိန်မြှင့်တင်ရန် အော်ပြောနေဆဲပင်။ ထိုအခါ သူမမှာ စိတ်ထဲတွင် ရေရွတ်လိုက်ပြီး သူမ၏ ညာဘက်လက်ကို ‌မြှောက်လိုက်၏။ ထို့နောက် သူမသည် အင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးအား ထိန်းချုပ်လိုက်ပြီး သူမအပါအဝင် ဧရာမသစ်ပင်ကြီးနှင့် အင်္ဂါဂြိုဟ်အစိုးရအဖွဲ့စည်းထဲမှ အခြား အဆင့်မြင့်အရာရှိများအား ဌာနချုပ်၏ အဝေးသို့ ခေါ်ဆောင်သွားလိုက်တော့သည်။

ထို့နောက် သူတို့မှာ အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ အထက်ရှိ ကောင်းကင်ယံထဲ၌ ပြန်ပေါ်လာ၏။ သူတို့ အောက်သို့ဆင်းလာကြချိန်တွင် ဘုရင်ခံမှာ နောက်ထပ်အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။ ထိုအခါ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းပေါ်ရှိ အချုပ်အနှောင်ကြီးမှာ မျက်စိကြိမ်းစရာကောင်းလောက်အောင် ဝင်းလက်တောက်ပသွား၏။ ထို့နောက် ၎င်းမှာ အလင်းတန်းပေါင်း တစ်သောင်းအဖြစ် ပြောင်းလဲသွားကာ မြားများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားကြ၏။ ထိုအလင်းတန်းများမှာ သားရဲကြီးများ၏ ခန္ဓာကိုယ်များ ထိုးဖောက်လိုက်ကြပြီးနောက် ၎င်းတို့အား ချက်ချင်းသတ်ဖြတ်ပစ်လိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့အား လိုက်လံဖမ်းဆီးနေသည့် သားရဲကြီးများမှာလည်း ထိုအလင်းတန်းများထံမှ လွတ်မြောက်နိုင်စွမ်းမရှိပေ။ ၎င်းတို့မှာ အစောပိုင်းအမြုတေအဆင့်တွင်သာ ရှိနေကြသည် မဟုတ်ပါလော။ ထို့အပြင် ၎င်းတို့မှာ နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးထဲမှ ရေဒီယိုသတ္တိကြွမှုများကြောင့် ပေါ်ပေါက်လာခဲ့သည် သန္ဓေပြောင်းသတ္တဝါများ ဖြစ်ကြသောကြောင့် အသိဉာဏ်လုံးဝမရှိကြပေ။ ထို့ကြောင့် ၎င်းတို့မှာ မန္တန်အစီအရင်ကြီး၏ စွမ်းအားကို ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထိုသို့ဖြင့် အလင်းတန်းများမှာ ၎င်းတို့၏ ခန္ဓာကိုယ်များအား ထိုးဖောက်သွားကြပြီးနောက် ၎င်းတို့အား ချက်ချင်းပင် သတ်ဖြတ်ပစ်လိုက်ကြတော့သည်။

ထိုအခြင်းအရာအားလုံးမှာ စက္ကန့်အနည်းငယ်အတွင်း ဖြစ်အပျက်သွားခဲ့ခြင်း ဖြစ်၏။ နတ်ဘုရားလက်နဲ့နယ်မြေထဲရှိ စစ်မြေပြင်ပေါ်ရှိ သားရဲကြီးများ အားလုံးမှာ သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အပျော်လွန်သွား၏။ ထို့ကြောင့် သူသည် ပြေးလွှားနေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ ရဲစွမ်းသတ္တိများအား ထုတ်ပြရန် သင့်မသင့် စဉ်းစားတွေးတောနေစဉ်မှာပင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲမှ မိုးခြိမ်းသံခဲ့သို့သော ဟိန်းဟောက်သံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။

ထိုဟိန်းဟောက်သံကြီး ပဲ့တင်ထပ်သွားသောအခါ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးပေါ်ရှိ အချုပ်အနှောင်ကြီးမှာလည်း ရုတ်တရက်ဆိုသလို အပြင်ဘက်သို့ ဖောင်းထွက်လာ၏။ ထို့နောက် ဧရာမမျက်နှာကြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းနှင့်အတူ ကမ္ဘာမြေကြီးကိုပင် အက်ကွဲသွားစေနိုင်သော စွမ်းအင်တစ်မျိုးမှာ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာတော့သည်။

ထို ဝိညာဉ်ချီများမှာ အလွန်အင်မတန်မှ အားကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်ကာ အထိတ်တလန့်ဖြစ်သွားရ၏။ သူ၏ ခြေထောက်များမှာ နုံးချည့်သွားပြီး မြည်းလေးမှာလည်း အသားများ တုန်ရီသွားကာ မြေကြီးပေါ်သို့ ခွေကျလုမတတ် ဖြစ်သွားရ၏။ ဝမ်ပေါင်လဲ့မှာမူ ရင်ခုန်နှုန်းများ မြန်လာရပြီဖြစ်သည်။ ထိုဝိညာဉ်ချီများမှာ ဧရာမသစ်ပင်ကြီးသာမက သွမ့်မုချွယ်၏ ဝိညာဉ်ချီများထက်ပင် ပို၍ သာလွန်နေသည်ကို သူက အာရုံခံနိုင်စွမ်းရှိနေ၏။

” ဒါ… ယွမ်ယင်အဆင့်လား…. ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးသွားရပြီး ရင်ခုန်နှုန်းများ ရပ်တန့်သွားရ၏။ ထို့နောက် သူသည် ကြောက်မက်ဖွယ်ရာ မျက်နှာကြီးတစ်ခုကို မြင်လိုက်ရ၏။ ထိုမျက်နှာကြီးမှာ ရက်စက်ကြမ်းကြုတ်ဖွယ် အမူအရာကြီးဖြင့် လှိုဏ်ခေါင်းထဲမှနေ၍ အချုပ်အနှောင်ကြီးအား တွန်းကန်နေ၏။ ၎င်းမှာ အပြင်ဘက်သို့ထွက်လာရန် ကြိုးပမ်းနေပါသော်လည်း ထိုအချုပ်အနှောင်ကြီးကြောင့် တားဆီးခံထားရသည့်ပုံ ပေါက်နေ၏။ ၎င်းမှာ ထိုအချုပ်အနှောင်ကြီးပေါ်၌ အားပါပါ ဖိကပ်ထားသလို ဖြစ်နေသောကြောင့် ၎င်း၏ မျက်နှာသွင်ပြင်များမှာ အချုပ်အနှောင်ကြီး၏ မျက်နှာပြင်ပေါ်၌ အထင်အရှား ပေါ်နေရခြင်း ဖြစ်သည်။

လေထဲတွင် ရစ်ဝဲနေသော ဧရာမသစ်ပင်ကြီးမှာလည်း တအံ့တဩဖြစ်သွားရ၏။ သူသည် အချုပ်အနှောင်များဖြင့် ပိတ်ဆို့ထားသော နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီး၏ လျှို့ဝှက်ချက်များအကြောင်းကို ကြားသိထားပါသော်လည်း လှိုဏ်ခေါင်းထဲမှ ထွက်လာသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးကြောင့် မှင်တက်သွားရဆဲပင်။

သူ၏ဘေးတွင် ရှိနေကြသည့် အမြုတေအဆင့်၌ ရှိနေသော စစ်တပ်နှင့် အစိုးရအဖွဲ့အစည်းထဲမှ အဆင့်မြင့်အရာရှိများ အားလုံးမှာလည်း မျက်နှာအမူအရာများ တည်ကြည်သွားကြသည်။ ဘုရင်ခံကြီးသာလျှင် ဟန်အမူရာမပျက် ရှိနေပြီး အချုပ်အနှောင်ကြီး၏အောက်တွင် ပိတ်မိနေသော မျက်နှာကြီးအား ငုံ့ကြည့်လိုက်၏။ ထို့နောက် သူမသည် အသက်မပါသော မျက်နှာအမူအရာဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် လက်ညှိုးထိုးလိုက်သည်။

ထိုအခါ ထိုအချုပ်အနှောင်ကြီးမှာ ချက်ချင်းဆိုသလိုပင် ဝင်းလက်တောက်ပသွားပြီး အောက်ဘက်သို့ ပြန်၍ ကျွံဝင်သွား၏။ ၎င်းမှာ ထိုမျက်နှာကြီးအား လှိုဏ်ခေါင်းထဲသို့ အတင်းအဓမ္မ ပြန်တွန်းလိုက်သောကြောင့် အော်ဟစ်မြည်တမ်းသံများမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားရတော့သည်။

ထို့နောက် အရာအားလုံးမှာ ပြန်၍ တိတ်ဆိတ်ငြိမ်သက်သွား၏။ ဝမ်ပေါင်လဲ့မှာမူ ရင်ခုန်နှုန်းများ မြန်နေရဆဲပင်။ ကောင်းကင်ယံထဲတွင် ရှိနေသည့် ဘုရင်ခံကြီး၏ ပုံရိပ်မှာ ပြည်ထောင်စုကြီး တစ်ခုလုံးထဲရှိ ဝိညာဉ်ဖန်သားဖြစ်များပေါ်၌ နောက်ဆုံးပုံရိပ်အဖြစ် ပေါ်ပေါက်လာသည်။ လူတိုင်းမှာ ဧရာမမျက်နှာကြီးကြောင့် တုန်လှုပ်ချောက်ချားနေဆဲ ဖြစ်နေသည့်အချိန်တွင် ဘုရင်ခံမှာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်၏။ သူမ၏ တေးသွားများကဲ့သို့သော စကားသံမှာ အင်္ဂါဂြိုဟ်ကြီးက ချမှတ်ပေးသည့် အမိန့်တစ်ခုကဲ့သို့ပင်။

” ဒီနေ့မှာ အင်္ဂါဂြိုဟ်နယ်မြေအသစ်ကို တည်ထောင်လိုက်ပြီ ဖြစ်တယ် ”

” ဝမ်ပေါင်လဲ့။ ပြည်ထောင်စုကြီးရဲ့အစား အင်္ဂါဂြိုဟ်ကို ထိန်းသိမ်းကာကွယ်ပေးဖို့အတွက် ငါ့ကို

ပြည်ထောင်စုကြီးက တာဝန်ပေးထားတာ။ အင်္ဂါဂြိုဟ်အစိုးရက ဒုပဏာမအဆင့်သုံးရာထူးရဲ့ အောက်မှာရှိတဲ့ ဘယ်ရာထူးကိုမဆို အပ်နှင်းပိုင်ခွင့်ရှိတယ်။ ဒီနေ့…. ငါ နင့်ကို ပဏာမအဆင့်လေးအရာရှိတစ်ယောက်ဖြစ်တဲ့ အင်္ဂါဂြိုဟ်နယ်‌မြေအသစ်ရဲ့ ပထမဆုံးမြို့တော်ဝန်အဖြစ် ခန့်အပ်လိုက်တယ် ”

” နင် ပြည်ထောင်စုကြီးနဲ့ အင်္ဂါဂြိုဟ်ရဲ့ မျှော်လင့်ချက်တွေအတိုင်း စွမ်းဆောင်နိုင်ပြီးတော့ အင်္ဂါဂြိုဟ်နယ်မြေသစ်ကို အကောင်းဆုံးတည်ထောင်နိုင်ဖို့ မျှော်လင့်ပါတယ် ”

တိုက်ရိုက်ထုတ်လွှင့်မှုများအား ကြည့်ရှုနေကြသည့် လူတိုင်းမှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာများဖြင့် ဘုရင်ခံ၏ ကြေညာချက်ကို နားထောင်နေကြ၏။ ပြည်ထောင်စုကြီး၏ ဖွဲ့စည်းပုံစနစ်အကြောင်းကို နားလည်ထားသည့်လူတိုင်းမှာ ယနေ့မှစ၍ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီး၏ နိုင်ငံရေးအသိုင်းအဝိုင်းထဲ၌ ထင်ပေါ်ကျော်ကြားလာတော့မည်ဖြစ်ကြောင်း သိရှိသွားကြတော့သည်။

သူသည် ပြည်ထောင်စုကြီးထဲ၌ နိုင်ငံရေးအာဏာ အစစ်အမှန်များကို ပိုင်ဆိုင်သွားတော့မည် ဖြစ်သည်။ သူသည် သာမန်ဌာနတစ်ခုမှ လက်ထောက်ဌာနမှူးတစ်ယောက် မဟုတ်ဘဲ အင်္ဂါဂြိုဟ်မြို့တော်နယ်မြေတစ်ခု၏ မြို့တော်ဝန်တစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။ မဝေးတော့မည့်အနာဂတ်တွင် ပြည်ထောင်စုကြီးထဲမှ နိုင်ငံရေးအင်အားစုအသီးသီးမှာ ထိုမြို့တော်နယ်မြေအသစ်အား ပိုင်ဆိုင်နိုင်ရန် အင်တိုက်အားတိုက် ကြိုးပမ်းကြတော့မည်ဖြစ်သည်။

သူသည် လူပေါင်း ထောင်သောင်းများစွာ၏ရှေ့တွင် သူ၏ရာထူးကို လက်ခံရရှိလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူ အမှားတစ်ခုခု မလုပ်မိသရွေ့ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲရှိ သူ၏ရာထူးမှာ တည်ငြိမ်နေမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ရာထူးအား သေချာပေါက် ရရှိတမည်ဖြစ်ကြောင်း သိထားပါသော်လည်း ဘုရင်ခံ၏ ကြေညာချက်ကို သူကိုယ်တိုင် ကြားလိုက်ရသည့် အချိန်တွင် တစ်ခဏမျှ မူးဝေဝေဖြစ်သွားရဆဲပင်။ ထို့နောက် သူသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားရပြီး အသက်ရှူသံများ မြန်လာတော့သည်။

သူ၏မျက်လုံးများမှာ ကြယ်များကဲ့သို့ တလက်လက် တောက်ပနေပြီဖြစ်သလို သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီဖြစ်သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ကောင်းကင်ပေါ်သို့မော့ကြည့်၍ အရိုအသေပေးလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ဆိုလိုက်တော့သည်။

” ဟုတ်ကဲ့ပါခဗျ “

Comment

Leave a Reply

Options

not work with dark mode
Reset