အခြေအနေမှာ မြန်မြန်ဆန်ဆန်ပင် တိုးတက်လာသည်။ မီးခဲယင်နားသလောက်ပင် မကြာသောအချိန်အတွင်းမှာ ချီစုစည်းမှု အဆင့်ရှစ်ကျင့်ကြံသူ သုံးဦးအနက် နှစ်ဦးသာ ကျန်ရှိတော့သည်။ ကျန်နှစ်ဦးမှာ အံသြထိတ်လန့်စွာ ပါးစပ်အဟောင်းသားဖြစ်နေသော်လည်း အခြေအနေမှာ အချိန်ဆွဲနေ၍မဖြစ်သောကြောင့် ရှောင်ချန်းဆီပြေးဝင်လာကြသည်။
ပိုင်ရှောင်ချန်းသည် အနောက်ရှိ သစ်ပင်တစ်ပင်ဆီသို့ ပြန်ဆုတ်ပြီးနောက် သူ့ဝမ်းဗိုက်ထဲမှစိုက်ဝင်နေသော ဓားကိုဆွဲထုတ်လိုက်ရာ ပါးစပ်မှသွေးများစီးကျလာသည်။ ထို့နောက် ဓားကို ရန်သူတစ်ယောက်ဆီသို့ လျင်လျင်မြန်မြန် ပစ်လွှတ်လိုက်သည်။ သို့သော် သူ့ရန်သူက ဘေးကိုအသာလေးရှောင်တိမ်းနိုင်၏။ အခြားကျင့်ကြံသူမှာ ရှေ့တိုးရန်အခွင့်အရေးသွားပြီး ပိုင်ရှောင်ချန်းအနီးသို့ရောက်သောအခါ လက်ကွက်မန္တာန်တစ်ခုဖော်လိုက်ရာ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
ဝုန်းခနဲမြည်ဟည်းသံနှင့် အတူ ပိုင်ရှောင်ချန်းလွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်မှ သွေးများထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး ရဲရဲနီသွားသည်။ လောက်ချိန်မျိုးနွယ်စု ကျင့်ကြံသူနှစ်ဦး၏ လက်ချက်ကြောင့် ရှောင်ချန်းအင်္ကျီများတွင် သွေးများဖြင့် နီစွေးနေသည်။ အခြေအနေမှာ လုံးဝမျှော်လင့်ချက်မရှိတော့သော်လည်း ပိုင်ရှောင်ချန်းလက်မလျော့သေး။ အသက်ရှင်ရေးအတွက် နောက်ဆုံးကောက်ရိုးမျှင်မျှင်လေး ကိုပင်လက်လွှတ်မခံနိုင်။ နာကျင်စွာ အော်ဟစ်လိုက်ရင်း လက်ကွက်မန္တာန်တစ်ခုကို ခေါ်လိုက်ကာ လှံရှည်တစ်ချောင်း ပုဆိန်တစ်လက်၊ ဓားပျံနှစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။
ခရမ်းရောင်ချီဒယ်အိုးထိန်းချုပ်နည်းကို သုံး၍ လက်နက်များကို ရန်သူများဆီသို့ တစ်ရှိန်ထိုး ပစ်လွှတ်လိုက်သည်။
လောက်ချိန်မျိုးနွယ်စု ကျင့်ကြံသူနှစ်ယောက်မှာ မျက်နှာပျက်သွားပြီး မှော်စွမ်းအင်များကို အသုံးပြုလိုက်ရာ အတိုင်းအဆမဲ့သော အနက်ရောင်မြူ ခိုးထုကြီးတစ်ခု ထွက်ပေါ်လာသည်။ တိုက်ခိုက်ပေါက်ကွဲသံများနှင့်အတူ ပိုင်ရှောင်ချန်းပစ်လွှတ်လိုက်သော လက်နက်များ မြေပြင်ပေါ် ပြန်ကျလာသည်။ ထိုအချိန်တွင် ပိုင်ရှောငိချန်းလည်း ပါးစပ်မှသွေးများဖြင့် နောက်သို့အမြန်ဆုတ်လိုက်သည်။
” ဒီမှာပဲ အဆုံးသတ်ကြမယ် ” ရုတ်တရက် သူ့တို့၏ စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် ရှောင်ချန်းကို သတ်ရန်အသင့်ဖြစ်နေသည်။
” အသက်ရှင်ရမယ်… ” အက်ကွဲနေသောလေသံဖြင့် အားတင်းရင်း သူမျက်လုံးတွင် မိုက်ရူးရဲဆန်သော အရိပ်အယောင်များပေါ်လာသည်။
” ငါအသက်ရှင်မှဖြစ်မယ်….. ”
သူ၏ကိုယ်တွင်း စိတ်စွမ်းအင်များက ပေါက်ကွဲထွက်လာမတတ် မြင့်တက်လာပြီးနောက် အားတင်းကာ အော်ဟစ်ကြွေးကြော်လိုက်ရာ သူနှစ်ပေါင်းများစွာ ကျင့်ကြံစုစည်းခဲ့သော စွမ်းအင်များ၊ သူ့အရိုးနှင့် ချီကြောများထဲမှ စွမ်းအင်များမှာ ရာထောင်ချီသော စမ်းချောင်းများအသွင် ဖြာထွက်လာသည်။
ဂျိမ်း…….
တိုက်ပွဲတစ်လျှောက်လုံး ချန်ထားခဲ့သော စိတ်စွမ်းအင်များကို ယခုကဲ့သို့ သေရေးရှင်ရေး အချိန်မှသာ သူထုတ်သုံးလိုက်သည်။ ချီစမ်းချောင်းလေးများသည် ပင်မချီကြောများထဲသို့ စီဆင်းလာပြီးနောက် မျက်တစ်ခတ်အတွင်းမှာပင် ဧရာမမြစ်တစ်စီးအဖြစ် ပြောင်းလဲသွားသည်။ ဗုံကြီးများတီးခတ်နေသည့်အလား တဝုန်းဝုန်းမြည်သံများထွက်ပေါ်လျက် ခန္ဓာကိုယ်အနှံစီးဆင်းနေသည်။
တချိန်တည်းမှာပင် အဆင့်ခုနစ်ချီစုစည်းမှု၏ အစွမ်းများ ရုတ်ချည်း ထွက်ပေါ်လာသည်။
ပိုင်ရှောင်ချန်းထံမှ ချီအားလှိုင်းများကို အာရုံခံစားမိသောအခါ ချီစုစည်းမှု အဆင့်ရှစ်ရှိသော ရန်သူနှစ်ယောက်မှာ တစ်ယာက်မျက်နှာ တစ်ယောက်ကြည့်ရင်း အံသြနေကြသည်။
” တိုက်ခိုက်တော့မယ့်အချိန်မှာတောင် နောက်တစ်ဆင့်ရောက်သွားတာလား ”
“ဒါ…. ဒါ… ဘယ်လိုဖြစ်နိုင်မှာလဲ… ” သူတို့နှစ်ယောက်လုံး အံ့အားသင့်နေကြသည်။ ပိုင်ရှောင်ချန်းသည် သူတို့ကိုကြည့်လိုက်၏။ သူ့မျက်လုံးများက တမူထူးခြားစွာ တောက်ပနေသည်။ စိတ်စွမ်းအင်မြင့်တက်လာခြင်းက သူ၏ဒဏ်ရာများကို မသက်သာစေသော်လည်း ပင်ပန်းနွမ်းနယ်နေမှုကို အတိုင်းအတာတစ်ခုအထိ ပြေပျောက်စေကာ အသက်ရှင်သန်ရန်အခွင့်အရေး ပိုရှိလာသည်။
လောချိန်မျိုးနွယ်စုဝင်နှစ်ယောက်သည် ပိုင်ရှောင်ချန်း၏ ညာဘက်လက်ထဲမှ အနက်ရောင်အလင်းကို သတိထားမိကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် သတိပေးနေကြချိန်မှပင် ပိုင်ရှောင်ချန်းသည် ရှေ့တက်လာပြီး လည်မျိုဖမ်းဆုပ်ကွက်ကို ဖော်ထုတ်လိုက်သည်။
ရန်သူတစ်ယောက်မှာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ အက်ကွဲသံသဲ့သဲ့ထွက်ပေါ်လာကာ ရှောင်ချန်း၏ လက်ထဲတွင် အသက်ပျောက်သွားသည်။ အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသောကြောင့် ရှောင်ချန်း၏ လှုပ်ရှားမှုကို မမြင်လိုက်ရဘဲ တစ်စုံတစ်ခုက ရှောင်ချန်းဆီ ဆွဲငင်သွားသလိုပင် ထင်ရသည်။
ကျန်ရှိသော ကျင့်ကြံသူမှာ သူ့အဖော်၏ အဖြစ်အပျက်ကိုကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်သွားသည်။ ပိုင်ရှောင်ချန်းက သူ့ဘက်လှည့်လိုက်သောအခါ ထိုလူသည် ကြောက်ဒူးတုန်ကာ အော်ဟစ်ရင်း နောက်သို့ ပြန်ပြေးသွားလေသည်။
” ခေါင်းဆောင်ငယ်…ကျုပ်ကို ကယ်ပါဦး….. ” မျိုးနွယ်စု၏ တစ်ဦးတည်းသာကျန်ရှိသော အဆင့်ရှစ်ကျင့်ကြံသူကြီးမှာ လူကြောက်တစ်ယောက်လို အော်ဟစ်အကူအညီ တောင်းခံနေလေသည်။
ထိုအချိန်အထိ ချိန်ဟန်မှာ မီတာကိုးဆယ်အကွာတွင်သာ ရှိနေသေးသည်။ အဖြစ်အပျက်ကို မြင်သောအခါ သူက ဒေါသတကြီးလှမ်းအော်လိုက်သည်။
” သေချင်နေတာလား…”
ပိုင်ရှောင်ချန်းသည် ချိန်ဟန်ကို ကြည့်ပင်မကြည့်ဘဲ ညာဘက်လက်ဖြင့် လက်ကွက်မန္တာန်တစ်ခုကိုဖော်ကာ ချိန်ဟန်ဘက်ကို ညွှန်ပြလိုက်သည်။ ချက်ချင်းပင် မြေပေါ်တွင်ကျနေသော မှော်လက်နက်များမှာ ရှောင်ချန်း၏ ဆင့်ခေါ်မှုကို ခံစားသိရှိပြီး လူးလူးလွန့်လွန့် ဖြစ်လာသည်။
ထို့နောက် လေပေါ်သို့ ရုတ်တရက်ဝဲတက်လာပြီးနောက် ယခင်ကထက် မြန်ဆန်သောအလျင်ဖြင့် ပြေးထွက်သွားကာ ရှေသို့တိုးလာသော ချိန်ဟန်ကို နှောင်ယှက်တားဆီးကြသည်။
ချိန်ဟန်သည် ချီစုစည်းမှု အဆင့်ကိုးရှိသော်လည်း လက်နက်များကို ချက်ချင်းဟန့်တားရန် မလွယ်ပေ။ ချိန်ဟန်ကို အချိန်ဆွဲထားနိုင်ပြီးနောက် ပိုင်ရှောင်ချန်းသည် ကျန်ရှိနေသော ကျင့်ကြံသူဆီသို့ လှမ်းသွားလိုက်သည်။ သွေးဆာနေသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီးနောက် လက်သီးတစ်ချက်ထိုးလိုက်သည်။
‘ ဘုန်း ‘ ဆိုသောအသံနှင့်အတူ ထိုလူ၏ ပါးစပ်မှ သွေးများထွက်ကျလာသည်။ ပိုင်ရှောင်ချန်းက ဘယ်ဘက်လက်ဖြင့် မန္တာန်လက်ကွက်တစ်ခု ဖော်လိုက်သည်ကို သတိမထားမိလိုက်ဘဲ နောက်သို့ပြန်ပြေးလေသည်။ ထိုလူ၏ နောက်မှ သစ်သားဓားတစ်လက် တိတ်တဆိတ်ထွက်ပေါ်လာပြီးနောက် ဦးခေါင်းကိုဖောက်ထွက်သွားရာ သွေးများပင် ပန်းထွက်သွားသည်။
ထိုလူမှာ မျက်လုံးများပြူးကာ အရုပ်ကြိုးပြတ်လဲကျသွားပြီနောက် ခန္ဓာကိုယ်မှာ တဆတ်ဆတ်တွန့်နေပြီး ပါးစပ်မှသွေးများစီးချနေသည်။ ထို့နောက် အမြင်အာရုံများ ဝေဝါးလာကာ နောက်ဆုံး အသက်ပျောက်သွားလေသည်။
အဆင့်ရှစ်ကျင့်ကြံသူ သေသွားပြီးနောက် ပိုင်ရှောင်ချန်းလည်း ဘေးသို့ယိုင်သွားသည်။ တန်ခိုးအဆင့်တက်ပြီးသည်မှာ မကြာသေးသော်လည်း သူသုံးခဲ့သော အကွက်များကြောင့် လုံးဝမဟန်နိုင်တော့ပေ။ ပါးစပ်မှသွေးများကလည်း အဆက်မပြတ်စီးဆင်းနေဆဲဖြစ်ကာ တောထဲသို့ပြန်ဆုတ်ခွာလိုက်သည်။
နောက်ဆုံး ရန်သူမှာ အစွမ်းထက်ဆုံးလူဖြစ်ကြောင်း ရှောင်ချန်းနားလည်သည်။ ချီစုစည်းမှု အဆင့်ကိုးအထိရှိသူဖြစ်ကြောင်း သူ ခံစားသိနေ၏။
” ချီစုစည်းမှု အဆင့်ကိုး….. ” နာကျင်စွာ တွေးတောနေမိသည်။ ဆက်လက်အသက်ရှင်လိုသော ဆန္ဒကပြင်းထန်နေသောကြောင့် နှလုံးသွေးများပင် ဆူပွက်လာသည်။ ဤတစ်ကြိမ်က သူသေ ကိုယ်သေတိုက်ပွဲဆိုတာ နားလည်လိုက်သည်။
တတိယ ရွေးချယ်စရာဟူ၍ မရှိပေ။
ရှောင်ချန်းနောက်ဆုတ်သွားသည်ကိုမြင်သောအခါ ချိန်ဟန်က ဒေါသတစ်ကြီးလှမ်းအော်လိုက်သည်။ သူ့ပတ်ပတ်လည်ရှိ သွေးမြူများကြောင့် ရှောင်ချန်း၏ လက်နက်များမှာ တုန်ခါနေကြသည်။ ခဏအကြာတွင် လက်နက်အားလုံးပေါက်ကွဲ ပျက်စီးသွားပြီးနောက် သွေးမြူများကြားမှ ချိန်ဟန်ထွက်လာသည်။ ကျင့်ကြံသူသုံးယောက်၏ အလောင်းများကို ကြည့်ပြီးနောက် အငြိုးတကြီးဖြင့် ရှောင်ချန်းနောက်သို့ ပြေးလိုက်လေသည်။
နှစ်ယောက်လုံးမှာ အမည်မဲ့တောင်တန်း၏ တောအုပ်ထဲ ပြေးလွှားရင်း တောနက်သည်ထက်နက်လာသည်။ မိုးခြိမ်းသံများကို ကြားနေရသော်လည်း လျှပ်စီးလက်သည်ကိုတော့ မမြင်ရချေ။ မကြာမီ မိုးကသည်းကြီးမည်းကြီးရွာချလာသည်။
” မင်းက ရှန်ကွမ်းထျန်ယုံလား၊ လုထျန်လဲ့လား…. ” ချိန်ဟန်ကလှမ်းအော်ကာ မေးလိုက်သည်။ လက်ကွက်မန္တန်တစ်ခု ဖော်လိုက်ပြီးနောက် အန်နာကွန်ဒါမြွေများကဲ့သို့ သွေးမြူ စီးချောင်း ကိုးခုကို ရှောင်ချန်းရှိရာသို့ ပစ်လွှတ်လိုက်သည်။
” မင်းအဖိုး ” ပိုင်ရှောင်ချန်းမှာ မျက်နှာဖြူရော်နေသည့်ကြားထဲကပင် ပြန်ဖြေလိုက်သည်။ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးချိန်တွင် ခေါင်ဆောင်ငယ်မှာ သူကို အတော်လေးမီလာသည်။ သူသည် တုန်တုန်ယင်ယင်ဖြင့် ကိုယ်ကိုရှေ့ညွှတ်ကာ အရှိန်တင်ပြီးပြေးလိုက်သည်။ ချိန်ဟန်လည်း အရှိန်လိုက်မြှင့်ရန် ပြင်လိုက်ချိန်မှာပင် ပိုင်ရှောင်ချန်းက သစ်ပင်တစ်ခုကို အားယူကန်လိုက်သည်။
ထို့နောက် ကိုယ်ကိုလှည့်လိုက်ပြီး ကန်အားကိုသုံး၍ ချိန်ဟန်ဘက်ဆီ ရုတ်တရက် ပြေးလာသည်။
” မင်းဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ . ဒီနေ့မင်းသေရမယ်… ” သွေးဆာနေသောမျက်လုံးများဖြင့် ချိန်ဟန်သည် ညာဘက်လက်သုံးကာ လက်ကွက်မန္တန်တစ်ခုကို ဖော်လိုက်သည်။ သွေးအန်နာကွန်ဒါကိုးကောင် ထွပ်ပေါ်လာပြီး ရှောင်ချန်းဆီသို့ ပါးစပ်ကြီးများ ဖြဲကာ ပျံသန်းလာကြသည်။
ပိုင်ရှောင်ချန်းသည် နီရဲနေသော မျက်လုံးများဖြင့် မာန်သွင်းကြုံးဝါးလိုက်သည်။ သူက လက်နှစ်ဘက်သုံးကာ လက်ကွက်တစ်ခုဖော်ပြီး လက်ကျန်စိတ်စွမ်းအင်များကို ထုတ်ကာ ခရမ်းရောင်ချီဒယ်စောက်အိုးတစ်လုံးပုံ ဖော်လိုက်သည်။ ထိုဒယ်စောက်အိုးနှင့် သူ့ခန္ဓာကိုယ်ကို ဝန်းရံလိုက်ပြီး အန်နာကွန်ဒါကိုးကောင်ကို တားဆီးလိုက်သည်။
” ကလေးအကွက်တွေ ” ချိန်ဟန်က အေးစက်စက်ရယ်ရင်း ပြောလိုက်သည်။ နောက်ထပ်မန္တန်လက်ကွက်တစ်ခု ထုတ်ဖော်လိုက်ရာ အန်နာကွန်ဒါများသည် မြူ များအဖြစ်ပြန်ပေါင်းစည်းသွားပြီး မြူများမှတစ်ဆင့် ချိန်ဟန်ကို သွေးရောင် အရိုးခေါင်းတစ်ခုအသွင် ပြောင်းကာ သူ့ကိုယ်ပတ်လည်တွင် ဝန်းရံလာ၏။ ထို့နောက် ခရမ်းရောင်ချီဒယ်စောက်အိုးဆီသို့ ပြေးဝင်သွားသည်။
ဘုန်းခနဲမြည်ဟည်းသံကြီးနှင့်အတူ ခရမ်းရောင်ချီဒယ်စောက်အိုးမှာ အက်ကွဲသွားပြီးနောက် လုံးဝပေါက်ကွဲသွားသည်။ သွေးမြူအရိုးခေါင်းမှာ ထိခိုက်သွားသော်လည်း မကွဲပဲ ကျန်ရှိနေခဲ့သည်။
ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် ပျက်စီးသွားသော ဒယ်စောက်အိုးအတွင်းမှ ပိုင်ရှောင်ချန်းထွက်လာသည်။ထိုနောက် အပျက်အစီးများကြားမှ သူ့ရှေ့ရှိ မြူ စိုင်ကြီးဆီသို့. တိုးဝင်သွား၏။
တချိန်တည်းမှာပင် ချိန်ဟန်၏ မျက်လုံးများ တောက်ပလာပြီးနောက် မြူ စိုင်ထဲမှ ခုန်ထွက်ကာ ညာဘက်လက်ဖြင့် လက်ကွက်မန္တာန်တစ်ခုကိုဖော်ဆောင်လိုက်ရာ စက်ဆုပ်ဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်၏ မျက်နှာ ပေါ်လာသည်။ သူတို့နှစ်ယောက်လုံး၏ ဒေါသရောင်တောက်နေသည့် မျက်လုံးချင်း တွေ့ဆုံသွားပြီးနောက် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လိုက်ကြသည်။ တစ်ယောက်က လက်ဝါးအသုံးပြုသူ နောက်တစ်ယောက်က လက်သီးအသုံးပြုသူ …. ။ ရှောင်ချန်း၏ ထာဝရအရေပြားနှင့် ချိန်ဟန်၏ ထူးဆန်သောမှော်ပညာဖြစ်သည့် မိစ္ဆာမျက်နှာတို့ အတွေ့တွင် အနက်ရောင် အလင်းများ ဖြာထွက်လာသည်။
နားကန်းသွားစေလုမတတ် အသံကြီးဟန်းထွက်လာပြီး ပိုင်ရှောင်ချန်း၏ ပါးစပ်မှ သွေးများထွက်ကျလာကာ ခန္ဓာကိုယ်အတွင်းမှ အက်ကွဲသံများထွက်လာ၏။ ကြိုးပြတ်သွားသော စွန်တစ်ခုအလား လွင့်သွားပြီး အနီးရှိ သစ်ပင်တစ်ပင်နှင့် ဝင်ဆောင့်လေသည်။
ချိန်ဟန်၏မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်နေပြီး ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ ကိုယ်တွင်းရှိ သွေးများနှင့် ချီများမှာ ရောနှောဖောက်ပြန်နေပြီး ပိုင်ရှောင်ချန်း၏ အစွမ်းအစကို သူအံသြနေမိသည်။ သို့သော် ချက်ချင်းပင် ရှောင်ချန်းဆီသို့ ထပ်မံတိုးဝင်လာပြီးနောက် ညာဘက်လက်ကို မြှောက်လိုက်ရာ အနီးတစ်ဝိုက်ရှိ မြူ များအားစုပေါင်းကာ ကြီးမားသော သွေးရောင်ခြယ် မျက်နှာတစ်ခုအဖြစ်ပြောင်းလဲသွားကာ ရှောင်ချန်းကို တိုက်ခိုက်ပြန်သည်။
အခြေအနေတွေက ရှောင်လွှဲ၍မရတော့သည့်အနေအထားမို့ ပိုင်ရှောင်ချန်း၏မျက်လုံးတွေမှာ ရက်စက်ကြမ်းကြုတ်မှုများနှင့် အရောင်လက်လာသည်။ လေထဲတွင် ရပ်တန့်ရင်း ချိန်ဟန်ဆီသို့ လက်ကိုညွန်လိုက်ကာ ခရမ်းရောင်ချီဒယ်စောက်အိုး ထိန်းချုပ်နည်း ပညာရပ်ကို ထုတ်ဖော်လိုက်သည်။
ပိုင်ရှောင်ချန်း ထိန်းချုပ်နေသည်မှာ သာမန်အရာဝတ္ထုမဟုတ်တော့။ ချိန်ဟန်၏ ခန္ဓာကိုယ်ဖြစ်သည်။ ချိန်ဟန်တစ်သက်တွင် ကြားပင်မကြားဖူးသော ပညာရပ်ဖြစ်သည်။ ဧရာမလက်ကြီးတစ်ခုက ဖျစ်ညှစ်ထားသကဲ့သို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လှုပ်ရှား၍ မရတော့အောင် တင်းကျပ်သော အားတစ်ခုက ရစ်ပတ်ထားသည်။
သို့သော် ချိန်ဟန်က အေးဆေးစွာ ရယ်မောလိုက်သည်။ ထို့နောက် သွေးရောင်မျက်နှာကြီး
က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရာ ချိန်ဟန်၏အတွင်းအားများ ပေါက်ကွဲထွက်လာပြီး ရှောင်ချန်း၏ စိတ်စွမ်းအင်များကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချိုးဖျက်လိုက်သည်။တချိန်တည်းမှာပင် ချိန်ဟန်တုန်လှုပ်သွားပြန်သည်။
ထိန်းချုပ်မှု ပျက်ပြယ်သွားသည့်အခိုက်မှာပင် သစ်သားဓားတစ်လက်နှင့်အတူ ပိုင်ရှောင်ချန်းသည် သူ့ဆီတစ်ဟုန်ထိုး ပြေးဝင်လာသည်။ ရှောင်ချန်းသည် ထာဝရအရေပြားကို စိတ်ချယုံကြည်စွာဖြင့် အကာအကွယ်မဲ့ ရှေ့တိုးလာခြင်းဖြစ်၏။
” နောက်နေတာလား…. ” ချိန်ဟန်က ကဲ့ရဲ့လိုက်သည်။ သွေးရောင်မျက်နှာကြီးက သူ့ရှေ့မှာ ကာကွယ်ပေးကာ သစ်သားဓားကို ခုခံလိုက်သည်။ စွမ်းအားကြီးပစ္စည်း နှစ်ခုအတွေ့တွင် သစ်သားဓားမှာ တုန်ရုံသာတုန်သွားပြီး ကျိုးမသွားပေ။ ထို့ပြင် မျက်နှာကြီးကိုပါ ဖောက်ဝင်သွားပြီး အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။
ပိုင်ရှောင်ချန်းသည် ထာဝရသံမဏိအရေပြားကို ယုံကြည်စွာဖြင့် ဒဏ်ရာရမည်ကို မမူဘဲ အက်ကွဲကြောင်းမှတစ်ဆင့် အကာအကွယ်ထဲသို့ တိုးဝင်သွားသည်။ ပိုင်ရှောင်ချန်းဝင်လာတော့ ချိန်ဟန်မှာ လန့်ဖြန့်သွားပြီး လက်ကွက်တစ်ခုကို မြန်မြန်ဖော်လိုက်သည်။
လက်ချောင်း၏ လှုပ်ရှားမှုအတိုင်း သွေးရောင် အလင်းတန်းကွေးတစ်ခုပေါ်လာပြီး ဓားကောက်တစ်လက်ကဲ့သို့ ပိုင်ရှောင်ချန်းကို ခုတ်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးရောင်အလင်းတန်းက ရှောင်ချန်းကို ထိမှန်လာခြင်းကြောင့် ရှောင်ချန်း၏ ပါးစပ်မှ သွေးများအန်ထွက်လာသည်။ သို့သော် ပိုင်ရှောင်ချန်း၏ အတွင်းအားအပြည့်ပါသော လက်သီးချက်ကလည်း ဒုံးကျည်တစ်ခုပမာ ဝင်ရောက်လာသည်။
ကျယ်လောင်ပြင်းထန်သော အသံနှင့်အတူ ချိန်ဟန်မှာ ခြေလှမ်းတော်တော်များများ လွင့်ထွက်သွားသည်။ သို့သော် ပိုင်ရှောင်ချန်းက မရပ်တန့်သေး။ သူ့မှာ ကြီးမားပြင်းထန်သော နောက်ထပ်တိုက်ခိုက်မှု တစ်ခုအတွက် ကျန်ရှိသမျှ ခွန်အားများနှင့် သက်စောင့်စွမ်းအင်များကို ထုတ်ယူစုစည်းလိုက်သည်။