ချိန်ဟန်၏ သတိပေးသံထွက်လာချိန်မှာပင် သစ််ပင်တွင်ကပ်နေသော ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်သည်။ သူကစူးရှသောအကြည့်ဖြင့် နာကျင်နေသောဒဏ်ရာကိုဂရုမစိုက်ဘဲ သူ့ပခုံးတွင်စိုက်နေသည့် မြားကို သွေးအေးအေးဆွဲနှုတ်လိုက်သည်။
ထိုမြားနှင့်အတူ သွေးများနှင့် အသားစများပါ ထွက်လာတော့သည်။ နာကျင်လွန်းလှသည့်အတွက် ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်နေသည်။ သို့သော်လည်း သူကနာကျင်မှုကို မျိုသိပ်ရင်း ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်းကို ထုတ်သုံးလိုက်သည်။ ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့အတတ်ကို သုံးရင်း ထိုမြားကို လောချိန်မျိုးနွယ်စုဝင် ကျင့်ကြံသူထံသို့ ပြန်၍ပစ်လွှတ်လိုက်သည်။ ထိုမြားမှာ လေကိုခွင်းကာ လျင်မြန်စွာထွက်သွားတော့သည်။
ပေါ့ပါးရာမှသည်လေးလံခြင်းဆီသို့အတတ်ကို သုံးထားသည့်အတွက်ကြောင့် ထိုမြား၏ပြင်းအားမှာ တောင်တစ်လုံးပစ်လွှတ်လိုက်သည့်အလား ရှိသည်။
တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သူ၏သစ်သားဓားကို ဒုတိယတိုက်ကွက်အဖြစ် ပစ်လွှတ်လိုက်သည်။ ထိုအခါ မှိုင်းညှို့ညှို့ အခိုးအငွေ့တစ်ခုပင် ထွက်ပေါ်လာသည်။ လောချိန်မျိုးနွယ်စုဝင်များနှင့် ဆက်တိုက်ယှဥ်ပြိုင်တိုက်ခိုက်နေရသည့်အတွက် ပိုင်ရှောင်ချန်းမှာ တိုက်ပွဲအတွေ့အကြုံများကို ကောင်းကောင်းနားလည်နေပြီဖြစ်သည်။
ထို့အပြင် သူ၏အရိုးထဲမှာ ပုန်းကွယ်နေခဲ့သည့် တိုက်ခိုက်ရာတွင် အံ့မခန်းပါရမီရှိခြင်းတွေက ယခုကဲ့သို့ သေရေးရှင်ရေးနှင့် ရင်ဆိုင်လာရသည့်အခါ ပေါ်ထွက်လာသည်။
မြားနောက်တစ်ချောင်းထပ်ပစ်ရန် ဟန်ပြင်နေသော လောချိန်မျိုးနွယ်စုဝင်ကျင့်ကြံသူမှာ အံ့အားသင့်သွားတော့သည်။ ပိုင်ရှောင်ချန်း ထိုမျှကြမ်းတမ်းကာ သွေးအေးမည်ဟု သူ မထင်ထားပေ။ ဤကဲ့သို့ တန်ပြန်တိုက်ခိုက်မှုလုပ်နိုင်အောင် ပိုင်ရှောင်ချန်းက မြားကိုတမင်အမှန်ခံလိုက်ခြင်းဖြစ်နိုင်ကြောင်း သူရိပ်မိသွားတော့သည်။
ထိုလူက နောက်သို့ချက်ချင်း ပြန်ဆုတ်လိုက်သည်။ သူက ချီစုစည်းမှုအဆင့်ရှစ်၏စက်ဝန်းထဲတွင်ရှိသည့်အပြင် ကြယ်ကြွေတောင်ရှိ အန္တရာယ်ကြီးမားသော သားရဲများနှင့်ပင် မကြာခဏတိုက်ခိုက်ဖူးသည့်အကျင့်ရှိသဖြင့် ဝါရင့်နေပြီဖြစ်သည်။ ဤတိုက်ပွဲတွင် လက်ဦးရယူမှုမယူနိုင်လိုက်ကြောင်းသူကသိသော်လည်း နောက်သို့ဆုတ်ရာတွင် အကာအကွယ်များ ထုတ်မသုံးရန်ဆုံးဖြတ်လိုက်သည်။ ထိုအစား သူကရသမျှအချ်ိန်လေးကို အသုံးချကာ လေးကြိုးကိုပြီးအောင် အဆုံးထိဆွဲလိုက်သည်။
” ဒီတစ်ချောင်းကို မင်း ကာနိုင်ဦးမလား ” သူ၏မျက်လုံးတွေက စူးရှနေပြီး အော်ဟစ်မာန်သွင်းကာ ဒုတိယမြောက်မြားကို ပစ်လွှတ်လိုက်သည်။
သူထင်ထားသည်မှာ ပိုင်ရှောင်ချန်းက သူ့ဆီသို့ဦးတည်လာနေသော အန္တရာယ်နှစ်ခုထဲမှ တစ်ခုကိုဖယ်ရှားရန် သူ၏သစ်သား၏ဓားကိုသုံးကာ ယခုမြားကိုကာကွယ်မည်ဟူ၍ပင်ဖြစ်သည်။ ထိုအခါ သူကပြန်အသာစီးရသွားမည်ဟု ထင်လိုက်ခြင်းဖြစ်သည်။
ထိုအချိန်မှာပင် ပိုင်ရှောင်ချန်း၏မျက်လုံးများက အနီရောင်လက်သွားသည်။ သူ၏ပြိုင်ဘက်ကို အနည်းငယ်မျှလှုပ်ရှားခွင့်မပေးသင့်ကြောင်း သူသဘောပေါက်ထားသည်။ အကယ်ရွေ့ လှုပ်ရှားခွင့်သာပေးလိုက်ပါက သူသေချာပေါက်အသတ်ခံရမည်ဖြစ်သည်။
သူကအံကြိတ်၍ သစ်သားဓားကိုအကာအကွယ်အဖြစ်မသုံးရန် ဆုံးဖြတ်လိုက်ပြီး သူ့ဆီလာနေသောမြားကို သူ၏ဝမ်းဗိုက်သို့ အစိုက်ခံလိုက်သည်။ တချိန်ထဲမှာပင် စောစောက သူလှမ်းပစ်ထားသောမြားကလည်း ထိုလူကြီး၏ရင်ဘက်သို့ ဖောက်ဝင်သွားတော့သည်။ ထိုလူကြီး၏အော်သံများနှင့်အတူ သွေးများပန်းထွက်လာသည်။ ထိုမြားမှန်သောအရှိန်ကြောင့် သူနောက်သို့လွင့်သွားသည်ကိုပင် သူကအံ့သြနေတော့သည်။
ထိုအချိန်တွင်ပင် ပိုင်ရှောင်ချန်း၏သစ်သားဓားက ဇီဝိန်ခြွေမည့်အလား ထိုလူကြီးပေါ်သို့ စိုက်ကျသွားသည်။ ဓားက လျင်မြန်စွာ လှုပ်ရှားသွားပြီး ထိုလူကြီး၏ခေါင်းပြတ်ထွက်သွားကာ မြေကြီးပေါ်သို့ ကျသွားသည်။
ထိုအရာများပြီးသွားသောအခါ ပိုင်ရှောင်ချန်းပါးစပ်ထဲမှ သွေးများထွက်ကျလာသည်။ သို့သော်လည်း သူက ခဏပင်မရပ်နားဘဲ သစ်ပင်တွေကြားထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
အချိန်အနည်းငယ်ကြာသောအခါ အခြားလောချိန်မျိုးနွယ်စုဝင်များ ထိုနေရာသို့ ရောက်လာသည်။ ပတ်ပတ်လည်ရှိမြင်ကွင်းများကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းသည် သူ၏ပြိုင်ဘက်ကိုသတ်ဖြတ်နိုင်ရန် သူ့ကိုယ်သူအထိခိုက်ခံဖို့ ဝန်မလေးကြောင်းသိသွားသဖြင့် သူတို့ တုန်လှုပ်သွားကြသည်။
အချိန်အနည်းငယ်ကြာသောအခါ အလင်းတန်းတစ်ခုနှင့်အတူ ခေါင်းဆောင်ငယ် ချိန်ဟန် ရောက်လာသည်။
သူ့မျိုးနွယ်စုဝင်၏ ခေါင်းပြတ်ကိုကြည့်လိုက်ပြီးနောက် သွေးရာများကိုကြည့်လိုက်သည်။ သူ၏အမူအရာမှာ တင်းမာသွားပြီး လူသတ်ချင်သော စိတ်များတဖွားဖွားပေါ်လာတော့သည်။
ထိုနေရာတွင် အခြားမျိုးနွယ်စုဝင်ငါးယောက်ရှိနေပြီဖြစ်သည်။ သုံးယောက်မှာ ချီစုစည်းမှုအဆင်ရှစ်တွင်ရှိပြီး ကျန်နှစ်ယောက်မှာ အဆင့်ခုနစ်တွင်ရှိသည်။
” ချိန်ဖန်၊ ချိန်ဂူ။ မင်းတို့နှစ်ယောက်က တခြားလူတွေကိုသွားရှာ။ ငါတို့နယ်မြေထဲကနေ အပြင်ကိုရောက်သွားရင် ငါတို့မလွယ်ဘူး။ ကျန်တဲ့လူတွေ…. မင်းတို့က ငါနဲ့လိုက်ခဲ့။ အဲ့ကောင်ရဲ့ခေါင်းကို ရအောင်ပြန်ဖြတ်ရမယ်။” ပြတ်သားသောလေသံဖြင့် အမိန့်ပေးကာ ချိန်ဟန်က သူ၏အင်္ကျီလက်ကိုခါရင်း သစ်ပင်များကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ချီစုစည်းမှုအဆင့်ခုနစ်လူနှစ်ယောက်က ချိန်ဟန်၏အမိန့်ကိုနာခံရင်း အခြားလူများကို ဆက်ရှာနေတော့သည်။ ကျန်သုံးယောက်က ချိန်ဟန်နောက်သို့လိုက်ရင်း သတ်ဖြတ်လိုသောမျက်လုံးများဖြင့် သစ်ပင်များထဲသို့ ဝင်သွားသည်။
အမည်မဲ့တောင်တန်းကို ဖုံးလွှမ်းထားသော သစ်တောကြီးထဲတွင် ပိုင်ရှောင်ချန်းက အမြင်အာရုံဝေဝေဝါးဝါးနှင့် ဆက်၍ပြေးနေဆဲဖြစ်သည်။ သူ၏ပခုံး၊ ဝမ်းဗိုက်နှင့် ညာခြေထောက်တို့မှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီဖြစ်သည်။ မိုးရေ၏အအေးဒဏ်ကြောင့် ပုံမှန်ထက်ပင် သူ ပို၍ ခိုက်ခိုက်တုန်နေသည်။
” ငါသေတော့မှာလား…..” သူကခါးသီးစွာရယ်လိုက်ရင်း တွေးနေသည်။ ဒဏ်ရာဒဏ်ချင်များနှင့်အတူပါလာသော အရိုးကွဲလောက်အောင် နာကျင်မှုများကြောင့် သူ မျက်ရည်စို့လာသည်။
ရုတ်တရက် သူ့မိဘနှစ်ပါး၏နောက်ဆုံးထွက်သက်တွင် ခုတင်ပေါ်လှဲနေရသည့် ပုံရိပ်များကို သူ မြင်ယောင်သွားမိသည်။ ထို့နောက် သူတို့သေဆုံးပြီး အေးစက်သွားသောအလောင်းများကို တခုတ်တရ ထိုင်ကြည့်နေခဲ့ရသည်ကိုလည်း ပြန်အမှတ်ရသွား၏။
ထိုအချိန်မှစ၍ အသက်သေဆုံးရမည်ကို သူကြောက်ရွံ့လာခဲ့ခြင်းဖြစ်မည်။
” ငါအသက်ရှင်ချင်တယ် ” သူအားတင်းလိုက်သည်။ ဘယ်လက်ဖြင့် မျက်ရည်များသုတ်လိုက်ကာ အေးစက်မှုကြောင့် တဂတ်ဂတ်ရိုက်နေသည့် အံကိုတင်းတင်းကြိတ်ကာ တောနက်ကြီးတစ်လျှောက် လျင်မြန်စွာ ပြေးလွှားနေတော့သည်။ သူဘယ်နေရာသို့ရောက်နေမှန်းသူမသိ။ ဘာဆက်လုပ်ရမည်ဆိုသောအကြံလည်း သူ့မှာမရှိပေ။ သူ၏ခေါင်းထဲတွင်ရှိသည့် တစ်ခုထဲသောအတွေးသည်ကား “ငါအသက်ရှင်နေရမယ် ” ဆိုသည်ပင်။
သေရမှာကိုကြောက်သောစိတ်ကြောင့် သူ့မှာ အဆုံးမရှိနိုင်သော စွမ်းအားများရှိလာနေခြင်းဖြစ်မည်။ ထိုစိတ်ကြောင့် မိုးသည်းလှသောညကြီးထဲတွင် ဆက်၍ပြေးလွှားနေနိုင်ခြင်းဖြစ်သည်။
ထိုသို့ပြေးလွှားနေရင်း စောစောကတိုက်ခိုက်ခဲ့သည်များကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံမှာ လှုပ်ရှားနေပြီး ချီစုစည်းမှုအဆင့်ခုနစ်သို့ ဖောက်ထွက်နိုင်ရန် သိပ်မလိုတော့ကြောင်း သူ သိလိုက်သည်။
အဆုံးတွင် ခပ်လှမ်းလှမ်းမှာ နေကိုလှမ်းမြင်လိုက်ရသည်။ သစ်ရွက်များကို နေရောက်ခြည်တန်းများက ဖောက်ထွက်သွားသောအခါ ကျဆင်းနေသောမိုးရေစက်များ အလင်းပြန်သွားသည့် မြင်ကွင်းမှာ လှပလွန်းလှသည်။
ချိန်ဟန်နှင့် အခြားလောချိန်မျိုးနွယ်စုဝင်နှစ်ယောက်ကမူ သူ့နောက်ကိုအရှိန်ကုန် လိုက်နေသည်။သူတို့၏ သားကောင်မှာ ပြင်းထန်စွာဒဏ်ရာရထားတာတောင်မှ တောနက်ကြီးထဲတွင် လျင်မြန်စွာထွက်ပြေးနေသည်အတွက် ယခုထိ သူတို့လိုက်ဖမ်း၍မမီသေးကြောင်း သိလိုက်ရသောအခါ ချိန်ဟန်၏မျက်နှာမှာ အမူအရာပျက်ပျက်လာသည်။ သူ့နောက်သို့ တစ်ညလုံးလိုက်နေပါသော သူဘယ်ရောက်နေမှန်းပင် မသိသေးပေ။
ထို့အပြင် မိုးကြောင့်လည်း သူ၏ခြေရာများက ပျောက်ပျက်သွားခဲ့ပြီဖြစ်သည်။ သူတို့မှာ ကြယ်ကြွေတောင်ရှိ မျိုးနွယ်စုမှဖြစ်ပြီး တောထဲတွင် သားရဲများကို အမဲလိုက်လေ့လိုက်ထရှိသော လူများဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်းကို ခြေရာပင်မခံနိုင်ကြသေးပေ။
” ဟုတ်ပြီ။ လူခွဲရှာကြမယ်။” ချိန်ဟန်က စိတ်မရှည်တော့သည့် အမူအရာဖြင့် အံကြိတ်ရင်း ပြောလိုက်သည်။
” သူဒဏ်ရာရထားတာ အကြာကြီးဆက်ပြေးနိုင်မှာမဟုတ်ဘူး။ မင်းတို့သုံးယောက် တစ်ယောက်နဲ့တစ်ယောက်ကြား မီတာ၃ရာလောက်အကွာအဝေးထားပြီးရှာကြ။ သူ့ကိုတွေ့ရင် တန်းပြီးတော့ သွားမတိုက်နဲ့။ ငါ့ဆီသတင်းအရင်ပို့။”
ထိုအခါ အခြားမျိုးနွယ်စုဝင်၃ယောက်က ခေါင်းငြိမ့်ကာ မတူညီသော အရပ်မျက်နှာများသို့ ထွက်သွားကြသည်။
အချိန်များက ကုန်ဆုံးသွားသည်။ နောက်နေ့တွင် ပိုင်ရှောင်ချန်းမှာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်ပြီး ရှေ့ဆက်မတိုးနိုင်တော့။ သူ၏အသက်ကြောင့်ထွက်ပြေးနေရခြင်းသာမဟုတ်ပါက သူမေ့မျောနေမည်မှာ ကြာလှနေပြီဖြစ်သည်။
သူ၏နှုတ်ခမ်းများမှာ ခြောက်ကပ်ကာ အက်ကွဲနေပြီး မျက်နှာဟောက်ပက်နှင့် ခြေလှမ်းများက နှေးနှေးလာတော့သည်။
အမွှေးတိုင်တစ်တိုင်းလောင်ကျွမ်းစာလောက် ရှေ့ဆက်ပြေးပြီးသွားသောအခါ သူ၏ညာဘက်တွင် လှုပ်ရှားမှုအရိပ်တစ်ခုကို မြင်လိုက်ရ၍ သူ၏မျက်နှာ အရောင်လက်သွားသည်။ သို့သော်လည်း သူ့ကိုမည်သူမျှ လာမတိုက်ခိုက်ပေ။ ထိုလူရိပ်က နောက်သို့ချက်ချင်းပင် ပြန်ဆုတ်ခွာသွားသည်။
ထိုလူမှာ သူ့ကိုလူခွဲရှာသော လောချိန်မျိုးနွယ်စုဝင်သုံးယောက်ထဲမှ မျက်နှာရှည်ရှည်နှင့် လူဖြစ်သည်။ ထိုလူက နောက်သို့ဆုတ်ရင်း ကျောက်စိမ်းပေလွှာတစ်ခုကိုထုတ်ကာ နှိပ်လိုက်ပြီး သတင်းပို့လိုက်သည်။
ပိုင်ရှောင်ချန်း၏ မျက်နှာမှာပျက်သွားပြီး သူက တောနက်သော ပို၍လျှင်မြန်စွာ ပြေးဝင်သွားတော့သည်။
ထိုမျက်နှာရှည်နှင့်လူက သူ့ကိုပြေးထွက်သွားသည်ကို ကြည့်နေလိုက်သည်။ သူကပိုင်ရှောင်ချန်းကို ထိတ်လန့်နေခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းနောက်သိို့ ချက်ချင်းလိုက်သင့် မလိုက်သင့်စဥ်းစားတွေးတောနေစဥ်မှာပင် ခပ်လှမ်းလှမ်းတွင် လူရိပ်နှစ်ခုက သူ့ဆီပြေးလာနေသည်ကို မြင်လိုက်သည့်အခါ သူ၏မျက်နှာမှာ ဝင်းပသွားသည်။
ထိုနှစ်ယောက်မှာ အခြားမျိုးနွယ်စုဝင်များဖြစ်ပြီး သူတို့၏နောက် အကွာအဝေးအနည်းငယ်တွင် ချိန်ဟန်ကိုပင် လှမ်းမြင်လိုက်ရသည်။
သူတို့၏အရှိန်ကိုကြည့်ချင်းအားဖြင့် အခြားမျိုးနွယ်စုဝင်နှစ်ယောက်မှာ အသက်၁၀ကြိမ်ရှူခန့်အပြီးတွင် ရောက်ရှိလာမည်ဖြစ်သည်။ ချိန်ဟန်ကမူ အနည်းငယ်ပိုဝေးသည့်အတွက် အကြိမ်၂၀လောက်လိုမည်ဖြစ်သည်။
မျက်နှာရှည်ရှည်နှင့်လူငယ်က အားပါးတရရယ်မောလိုက်သည်။ ထပ်ပြီးတွေဝေမတော့ဘဲ သူ၏ စွမ်းအားကိုမြှင့်တင်လိုက်ပြီး ဒိုင်းကာအထပ်များစွာကို တစ်ခါထဲထုတ်လိုက်သည်။ သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး ဓားရှည်တစ်ချောင်းကိုလည်း ထုတ်လိုက်သည်။
ထိုဓားမှာ ၂မီတာကျော်ရှည်ပြီး ရှေးဟောင်းပုံစံရှိသော ဓားမကြီးဖြစ်သည်။ ထိုလူငယ်က ထိုဓားကို ကိုင်မြှောက်ကာ လေထဲတွင်ဝဲလိုက်သောအခါ ဓားသွားမှ ဝှီခနဲအသံများ ထွက်လာသည်။ သတ်ဖြတ်လိုသောမျက်လုံးများဖြင့် သူကကောက်ကျစ်စွာပြုံးလိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ အရှိန်ကုန်ပြေးသွားတော့သည်။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက လက်ရွေးစင်တစ်ကောင်ကိုသတ်ရတာ ပျော်ဖို့အတော်ကောင်းမှာပဲ။ အစွမ်းနိမ့်တဲ့ကောင်တွေကို သတ်ရတာနဲ့ တစ်ခြားဆီပဲနေမှာ။” သူကထိုသို့အော်ဟစ်ကာ ရယ်မောရင်း ဓားကိုဝှေ့ယ
မ်းလိုက်သောအခါ ဓားအလင်းတန်းတစ်ခုနှင့်အတူ လေတိုးသံများပါ ထွက်လာသည်။ သူက ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်ရင်း လက်ချောင်းကိုထုတ်လိုက်သောအခါ လက်သီးဆုတ်အရွယ်အစားရှိသော မီးလုံးတစ်လုံးက ပိုင်ရှောင်းချန်းဆီသို့ ပြေးသွားသည်။
မိုးများကျဆင်းနေသောလည်း ထိုမီးလုံးက ခြစ်ခြစ်တောက်ပူနေပြီး လေကိုခွင်းသွားတော့သည် ပိုင်ရှောင်ချန်းက တုန်လှုပ်သွားပြီး သတ်ဖြတ်လိုသောအကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။ ဤပြိုင်ဘက်ကို ချက်ချင်း အလဲမထိုးနိုင်ပါက သူထွက်ပြေး၍လွတ်မည်မဟုတ်ကြောင်း သူကကောင်းကောင်းသိသည်။
သို့သော်လည်း ပိုင်ရှောင်ချန်းလှည့်ကြည့်လိုက်ချိန်တွင် မျက်နှာရှည်ရှည်နှင့်လူက ချက်ချင်းနောက်ပြန်ဆုတ်သွားပြီး လှောင်ရယ်သော အကြည့်များဖြင့် ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းကို ဘယ်လိုနည်းနှင့်မျှ သူ့နားသို့အကပ်ခံမည်မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ အချိန်ဆွဲရန်တစ်ခုထဲသာ ဖြစ်သည်။
ပိုင်ရှောင်ချန်းက လက်သီးဆုတ်လိုက်ရင်း ပြန်၍ထွက်ပြေးရန်ပြင်လိုက်သည်။ သို့သော်လည်း ထိုမျက်နှာရှည်နှင့်လူက ဝင်နှောင့်ယှက်ပြန်သဖြင့် ထပ်၍နှောင့်နှေးသွားရပြန်သည်။ အသက်ရှူကြိမ်အနည်းငယ်မှာ ကုန်သွားပြီး အခြားအဖွဲ့ဝင်၂ယောက်မှာ နီးလာပြီဖြစ်သည်။ ပိုင်ရှောင်ချန်းကိုမြင်လိုက်သောအခါ သူတို့၏ ကျင့်ကြံခြင်းအခြေများမှာ အင်အားများတောက်လောင်လာတော့သည်။
တချိန်ထဲမှာပင် ထိုမျက်နှာရှည်နှင့်လူက ရယ်မောလိုက်သည်။ ယခုအခါ သူကနောက််ပြန်မဆုတ်တော့ပဲ ရသမျှအရှိန်အကုန်ထုတ်လိုက်တော့သည်။ သူ၏ အဖွဲ့ဝင်၂ယောက်နှင့်အတူ ပိုင်ရှောင်ချန်းဆီသို့ သတ်ဖြတ်လိုစိတ်များနှင့် ပြေးသွားတော့သည်။
ချီစုစည်းမှုအဆင့်ရှစ်ရှိသော ကျင့်ကြံသူသုံးယောက်ဖြစ်သည်။ ထိုသုံးယောက်ပေါင်းတိုက်မည်ကို ချိန်ဟန်မြင်လိုက်သောအခါ သူအနည်းငယ် စိတ်သက်သာရာရသွားတော့သည်။ ပိုင်ရှောင်ချန်း မည်သည့်အကွက်ထုတ်သုံးပါစ သည်တစ်ခေါက်တော့သေမည်မှာအသေအချာပဲဟု သူ တွေးလိုက်တော့သည်။
” ကျွတ် ကျွတ်…. အရွယ်တောင်မရောက်လိုက်ဘဲ သေရတော့မှာပါလား ” သူက အေးစက်စက် လေသံဖြင့် ရေရွတ်လိုက်သည်။ သို့သော်လည်း သူမျက်တောင်မခပ်ရသေးခင်မှာပင် သူ၏အမူအရာက ချက်ချင်းပင်ပြောင်းသွားသည်။
ထိုလူရိပ်သုံးခုက နတ်ဘုရားစွမ်းအင်များနှင့် မှော်အတတ်များသုံးရင်း ပိုင်ရှောင်ချန်းနား ကပ်လာသောအခါ ပိုင်ရှောင်ချန်းက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်သည်။ သူ၏သစ်သားဓားမှာ အလယ်ကလူဆီသို့ ပြေးသွားပြီး အခြားတစ်ယောက်ကို လက်သီးနှင့်လှမ်းထိုးလိုက်သည်။
သစ်သားဓားကို ခုခံလိုက်သောအခါ ဘုန်းခနဲမြည်ဟည်းသံနှင့်အတူ သစ်သားဓားသည် ရှေ့ဆက်မတိုးနိုင်တော့ပေ။ သို့သော်လည်း လက်သီးချက်မှာထိမိသွားပြီး အထိုးခံလိုက်ရသူမှာ သွေးများပွက်ခနဲထွက်သွားကာ နောက်သို့လွင့်ထွက်သွားသည်။ ပိုင်ရှောင်ချန်း၏ ဒဏ်ရာများကလည်း ပို၍ဆိုးလာသည့်အတွက် သူ၏ပါးစပ်ထဲမှ သွေးများထွက်လာသည်။ သို့သော်လည်း သူနောက်သို့မဆုတ်နိုင်ခင်မှာပဲ မျက်နှာရှည်ရှည်နှင့်လူက သူ၏ဓားရှည်ကိုလွှဲခုတ်လိုက်သောအခါ ဓားအလင်းတန်းတစ်ခုက ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားသည်။
ထိုအန္တရာယ်များကြားတွင် ပိုင်ရှောင်ချန်းက သူ၏နှလုံးကိုဓားမစိုက်စေရန် ခန္ဓာကိုယ်ကို မနည်းလှည့်ကာရှောင်လိုက်သည်။ သူ့ကိုဓားစိုက်သွားသောအခါ ချွေးဇောများပြန်သွားတော့သည်။ သူကတုန်လှုပ်နေသောလည်း မျက်နှာရှည်ရှည်နှင့်လူက ရယ်မောနေသည်။ သူကဓားကိုပြန်ဆွဲထုတ်ရန်ပြင်လိုက်စဥ် ပိုင်ရှောင်ချန်းက ဓားကိုလှမ်းဆွဲကာ သူ၏ခန္ဓာကိုယ်ကို ဓားရိုးထိတိုင်အောင် စိုက်သွင်းလိုက်သည်။
ထိုသို့ကြီးကြီးမားမား ပေးဆပ်လိုက်ရ၏။ သိူ့သော် သူက ထိုမျက်နှာရှည်နှင့်လူရှေ့သို့ တန်းရောက်သွားတော့သည်။ ထိုလူမှာ ခေါင်းများ ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရသည်။ ချက်ချင်းပင် သူ့ကိုယ်သူသေတော့မည်ဟု ထင်လိုက်သည်။ ဓားကိုလွှတ်ချ၍ နောက်သို့ဆုတ်ရန် ပြင်လိုက်စဥ်မှာပဲ ပိုင်ရှောင်ချန်းက အနက်ရောင်အလင်းတန်းများပေါ်ထွက်နေသော ညာလက်ဖြင့် ထိုလူ၏လည်မျိုကို လှမ်းဖမ်းဆုတ်လိုက်သည်။
” မင်း….” ထိုလူက မျက်လုံးပြူးကြီးများဖြင့်် အလန့်တကြားအော်လိုက်သည်။ သို့သော်လည်း သူဘာမှဆက်မပြောရသေးခင်မှာပင်…..
အက်ကွဲသံတစ်သံပေါ်ထွက်လာသည်။
သူ၏လည်ပင်းရိုးမှာ ကျိုးသွားပြီဖြစ်သည်။