Switch Mode

Chapter 1267

မင်း တော်တော် လေကြီးတာပဲလို့ ငါ ပြောခဲ့သားပဲ

ယဲ့ဖန်သည် အေးစက်စက် မျက်နှာပေး ဖြစ်နေပြီး မျက်လုံးများက ကြယ်တာရာများကဲ့သို့ နက်မှောင်နေပြီး နတ်ဆိုး အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် လူတိုင်းအား တစ်ချက် ကြည့်မိရုံနှင့်တင် မလွတ်မြောက်နိုင်အောင် ခံစားသွားရစေသည်။

သူ့စကားကို ကြားသောအခါ လူတိုင်း ရေခဲခေတ်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး လေထုက သုညမှတ်သို့ ရောက်သွားလေသည်။ မမြင်ရသည့် လူသတ်လိုသော အငွေ့အသက်က လူတိုင်းအား ပြင်းထန်စွာ တုန်လှုပ်သွားစေ၏။

“မင်း ငါ့ကို ပြောနေတာလား”

ဝမ်မင်တဲ၏ မျက်နှာက မည်းမှောင်သွားလေသည်။

*ဒီအရူးကောင်က ဘယ်က ပေါ်လာတာလဲ*

ယဲ့ဖန်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

“မင်း ဘယ်လိုထင်လဲ”

သူများပြဿနာကို သူ ဝင်မပါချင်သော်လည်း ဝမ်မင်တဲက သူ၏ သည်းခံနိုင်သည့် အတိုင်းအတာ ဂိတ်ဆုံးအထိ ဆွနေသည် မဟုတ်ပါလော။

*ငါ့အမျိုးသမီးကို ထိမယ်ပေါ့လေ*

*ဟားဟား … တော်တော် သတ္တိကောင်းတာပဲ*

“ကျစ်ကျစ် လီဝေ့ ဒီဦးလေး မပြောချင်လည်း ပြောရဦးမယ်၊ မင်း ဘယ်လိုအကူအညီတွေ လိုက်ရှာထားတာလဲ၊ ခုနက လူလိမ်၊ အခု ဦးနှောက်ပျက်နေတဲ့လူ၊ ဒါ သူတို့ကို သေခိုင်းနေတာ မဟုတ်ဘူးလား”

ဝမ်မင်တဲက မတတ်သာဟန်ဖြင့် ပြောလိုက်သည်။

“ပိုင်ရွှယ်နဲ့ မြန်မြန်သွားတော့၊ ငါ သူ့ကို ထိန်းထားလိုက်မယ်၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ နင်က သူ့ပြိုင်ဘက် လုံးဝ မဟုတ်ဘူး”

လီဝေ့က ယဲ့ဖန်ကို အသည်းအသန် ပြောလိုက်သည်။

“ငါက မင်းပြောတိုင်း လုပ်ရမှာလား”

ယဲ့ဖန် အေးတိအေးစက် ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် စက်ဆုပ်မှုများနှင့် ပြည့်နှက်နေသည်။

“နင် …”

လီဝေ့ ရုတ်တရက် ဒေါသထွက်လာ၏။

*ဒီကောင်က ဘာလို့ အကောင်း အဆိုး မသိရတာလဲ*

*ဒါ သူ့အတွက် လုပ်နေတာကို မသိဘူးလား*

“မင်း ငါ့ကို ဦးနှောက်ပျက်နေတဲ့ကောင်လို့ ခေါ်လိုက်တာလား”

ယဲ့ဖန် အပြုံးတစ်ဝက်နှင့် မေးလိုက်သည်။

“ငါ မင်းကို အရူးလို့ ခေါ်တယ်ကွာ၊ ဘာဖြစ်လဲ၊ မင်း မကျေနပ်လည်း အရူးလို့ ပြောမှာပဲ၊ မင်း ဘာလုပ်နိုင်လို့လဲ၊ မင်း ဘာကိုပဲ လုပ်ရဲလုပ်ရဲ၊ ငါ မင်းကို ချက်ချင်း အသေဆိုးနဲ့‌ သေအောင် လုပ်မှာကွ”

ဝမ်မင်တဲက မကောင်းသော အမူအရာဖြင့် အထက်စီးဆန်စွာ ပြောလေသည်။ သူ့အမြင်တွင် ယဲ့ဖန်သည် ယန်စွမ်းအင် စီးဆင်းမနေသည့် သုံးစားမရသော အမှိုက်ကောင် ဖြစ်သည်။ သူသည် ဈာန်ဝင်စားခြင်းအဆင့်သို့ မရောက်သေးသော်လည်း တစ်ဖက်လူက ဘာအရည်အချင်းရှိ၍ သူ့ကို ဤသို့ ပြောရဲရသနည်း။

“ချက်ချင်း သေအောင်လုပ်မယ် ဟုတ်လား”

ယဲ့ဖန် ပြုံးလိုက်ပြီး ခေါင်းတခါခါနှင့် ဝမ်မင်တဲထံ လှမ်းသွားလိုက်သည်။ ဝမ်မင်တဲက သူ့ဒေါသကို အောင်မြင်စွာ ဆွလိုက်နိုင်လေပြီ။

“ဟုတ်တယ် မင်း မသေချင်ရင် ဒီနေရာက ထွက်သွားလိုက်၊ ငါ မင်းကောင်မလေးကို သဘောကျတယ်၊ ဒီနေ ငါ သူ့အရာရာတိုင်းကို စားသုံးဖို့ ကြံစည်ထားတယ်ကွာ၊ ပေါက်လား”

ဝမ်မင်တဲက အထင်သေးစွာ ပြောလိုက်ပြီး တစ်စုံတစ်ခုကို တွေးမိကာ ရယ်၍ ဆက်ပြောလိုက်သည်။

“မင်း ဒီမှာနေပြီး ငါ ကစားတာကို ကြည့်ချင်လည်း ရတယ်၊ ငါ့ရင်ခွင်ထဲမှာ မင်းကောင်မလေး ဘယ်လောက်တောင် ရူးမတတ် ဖြစ်နေလဲဆိုတာ မင်းမျက်လုံးနဲ့ ကိုယ်တိုင် မြင်ရတာပေါ့၊ ကိုယ်ကို တွန့်ခါပြီး ညင်သာပေးဖို့ တောင်းပန်နေမှာလေ၊ ဟဲဟဲ”

“မင်း တော်တော် လေကြီးတာပဲ”

ယဲ့ဖန်က မပြောင်းလဲသော လေသံဖြင့် ပြောလိုက်သလို သူ့မျက်လုံးတွင်း၌ လူသတ်ချင်စိတ်များ ပြည့်နှက်နေ၏။ တစ်ဖက်လူက သူ၏ အတိုင်းအတာကို ထိပါးလာလေပြီ။ သူ့စကားကိုကြားသော် လူတိုင်းက ယဲ့ဖန်ကို တအံ့တဩ ကြည့်လာ၏။

*ဝမ်မင်တဲရဲ့ တိုက်ကွက်ကို မြင်ပြီးတာတောင် ဒီကောင်က တကယ်ကြီး ဒီလို ပြောရဲသေးတာလား၊ သူ ရူးနေပြီလား*

*ယန်ရန်တောင်မှ ရှုံးသွားတာ၊ သူက ဘာမို့လို့လဲ*

“သေချင်နေတာ၊ ဒီလူ တကယ် သေချင်နေတာပဲ”

လီဝေ့ အလွန် စိတ်ဆိုးကာ ခြေဆောင့်လိုက်မိသည်။ မူလ၌ ယဲ့ဖန်တွင် ပိုင်ရွှယ်ကို ခေါ်၍ ထွက်သွားနိုင်သည့် အခွင့်အရေး ရှိခဲ့သော်လည်း ယခု သူက သေလမ်းရှာနေ၏။

လီတုန်ကမူ အားပါးတရ ရယ်မောနေသည်။ ယဲ့ဖန်က သူ့လက်မောင်းကို ဖြုတ်ခဲ့သဖြင့် သူ ယဲ့ဖန်ကို သေစေချင် နေသည်။ ယန်ရန်ကလည်း အထင်သေးသော အကြည့်မျိုးဖြင့် ကြည့်လာသည်။

*ငါတောင် မနိုင်တာ၊ သူက ဘာလို့ နိုင်မှာလဲ၊ အခု သူက ရှေ့ထွက်ရဲပြီး သေတွင်းတူးနေတာ မယုံနိုင်စရာပဲ*

လူတိုင်း ခေါင်းခါနေကြသည်။ ယဲ့ဖန်က သတ္တိရှိတာလား ဒါမှမဟုတ် ဦးနှောက်ချောင်နေတာလား သူတို့ မပြောတတ် တော့ချေ။

*ကြည့်ရတာ ချူံးဝူ လက်ဝှေ့ခန်းမဘက်မှာ ဘယ်သူမှ မရှိတော့ဘူး ထင်တယ်၊ သူ့ကို ယှဉ်တိုက်နိုင်မယ့်သူကို ရှာဖို့ မဖြစ်နိုင်တော့ဘူး*

ဝမ်မင်တဲ၏ တပည့်များကလည်း လှောင်ရယ်လေသည်။

“မမလေး သူ လုပ်နိုင်ပါ့မလား”

ချုံးဝူ လက်ဝှေ့ခန်းမမှလူတိုင်း သံသယဖြင့် ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ခန္ဓာကိုယ်၌ ထူးခြားသောအရာဟူ၍ ဘာဆိုဘာမှ မရှိသောကြောင့်ပင်။

“ဟုတ်တယ် မမလေး၊ အဲ့ယဲ့ဖန်အတုက အတုဆိုပင်မယ့် နဂါးအသွင်ပြောင်းခြင်းအဆင့်တော့ ရောက်နေ သေးတယ်၊ သူကျတော့ ယန်စွမ်းအင်တောင် မရှိတာ၊ တိုက်တာနဲ့ သေမှာပဲ”

“ဟုတ်တယ် ဝမ်မင်တဲက သန်မာလွန်းတယ်၊ အခု ကျွန်တော်တို့ ဆယ်ယောက်တစ်ယောက် တိုက်ရင်တောင် မယှဉ်နိုင်တာ၊ အဲ့လူက ဘာလုပ်နိုင်မှာမို့လို့လဲ”

လီဝေ့သည်လည်း သက်ပြင်းချလိုက်မိသည်။

“အခု ငါတို့ သေရမယ့်မြင်းက အသက်ရှင်လာပါစေလို့ပဲ မျှော်လင့်ရတော့မှာပေါ့”

သူတို့ ဘာများတတ်နိုင်ဦးမည်နည်း။ တစ်ဖက်လူက မုချသေရပေတော့မည်။

“မျိုးမစစ်လေး ငါ လူဖြစ်စအရွယ်မှာ မင်းက ဘယ်ရောက်နေမှန်းတောင် မသိတာ၊ အခု မင်းက သေချင်နေမှတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့”

ဝမ်မင်တဲက လှောင်ရယ်၍ ယဲ့ဖန်ကို သတ်ဖြတ်ချင်သော အကြည့်ဖြင့် ကြည့်လေသည်။

“ရွှစ်”

ရုတ်ချည်းဆိုသလိုပင် ဓားမြောင်က ယဲ့ဖန်၏ နောက်ကျောဘက်သို့ လျင်မြန်စွာ ရောက်ရှိလာ၏။

“သတိထား”

လီဝေ့ အလန့်တကြား သတိပေးလိုက်သည်။

*သွားပြီ*

*ဒီကောင်တော့ သေပြီ*

အားလုံး အထင်သေးသော မျက်နှာပေးဖြင့် ကြည့်ကာ ခေါင်းခါနေကြသည်။ သူတို့ ဤသို့သော ရလဒ် ဖြစ်လာလိမ့်မည်ဟု ရိပ်စားမိသည်။ ပုရွက်ဆိတ်တစ်ကောင်က ဘယ်လိုလုပ် ဆင်ကို ယှဉ်နိုင်မည်နည်း။

*သူက ရပ်ပဲ ရပ်နေတယ်၊ ဒီကောင် ဝမ်မင်တဲရဲ့ တိုက်ခိုက်မှုကို တားတောင် မတားနိုင်ဘူး၊ သူက ဘာလို့များ ရူးမိုက်တဲ့ စကားမျိုး ပြောရဲရတာလဲ*

*အဓိပ္ပာယ် မရှိလိုက်တာ*

ဓားမြောင် နီးကပ်လာသည်ကိုကြည့်ပြီး ယဲ့ဖန် သေရတော့မည်ဟု သူတို့ သိလိုက်ကြသည်။

*ခေါင်းပေါက်မှာလား*

*ဒါမှမဟုတ် လည်ပင်းမှာ အပေါက်ဖြစ်သွားမှာလား*

*ဒါမှမဟုတ် ဗိုက်ပေါက်ပြီး အူတွေ ထွက်ကျလာမှာလား*

ထိုအခိုက်တွင် ဝမ်မင်တဲ၏ မျက်နှာ၌ အထင်သေးဟန်များ ပေါ်လွင်နေ၏။

*ရိုးစင်းလွန်းတယ်၊ ဘာမှတောင် အားမစိုက်ရဘူး*

*ဒီလိုအမှိုက်ကောင်ကို သတ်ရတာ ငါ့ဘာသာငါတောင် စော်ကားရာ ကျနေတယ်*

“ဒင်”

အားလုံး တူညီသော အတွေးကို တွေးမိနေချိန်တွင် တုန်လှုပ်သွားသော အသံတစ်သံက သူတို့ကို သတိဝင် လာစေ၏။ သူတို့ ထင်ထားသော သေခြင်းတရားက ရောက်မလာပေ။ ထိုအစား သူတို့မျက်စိရှေ့မှ မြင်ကွင်း ကသာ သူတို့ကို ဆွံ့အသွားစေသည်။

ယဲ့ဖန်သည် နေရာ၌ မားမားမတ်မတ် ရပ်မြဲရပ်နေပြီး ဓားမြောင်အား လက်နှစ်ချောင်းဖြင့် အသာညှပ် ထားလေသည်။

*တားလိုက်တယ်*

*အဲ့ဒါကို တားလိုက်တယ်*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီကောင့် နောက်ကျောမှာ မျက်စိပါနေလို့လား*

*မြန်လွန်းလို့ ထွက်ပြေးဖို့တောင် မဖြစ်နိုင်တာကို ယဲ့ဖန်က တကယ် တားလိုက်တာပဲ*

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ယန်ရန်က သွေးပျက်နေသော မျက်လုံးများဖြင့် ရုတ်တရက် ထအော်လာ၏။ သူသည် မှော်လက်အိတ် အားကိုးဖြင့် ထိုဓားမြောင်၏ တိုက်ခိုက်မှုကို တားနိုင်ခဲ့သည်။ သို့သော် ယဲ့ဖန်က လက်ချည်းသက်သက်ဖြင့်သာ တားခဲ့လေသည်။

ထိုအခိုက်တွင် ဝမ်မင်တဲကလည်း ယဲ့ဖန်ကို အလန့်တကြား ကြည့်လာသည်။ အဘယ်ကြောင့် အစောပိုင်းက ယဲ့ဖန်၏ လှုပ်ရှားမှုမှနေ၍ အလွန် ဖိနှိပ်နိုင်သော အရှိန်အဝါကို သူ ခံစားမိသောကြောင့်ပင်။ ကြီးမားလေးလံသော တောင်ကြီးတစ်လုံး ကျလာသကဲ့သို့ သူ မည်သို့မျှ တောင့်မခံနိုင် ဖြစ်လာရသည်။

“မင်း တော်တော်လေကြီးတာပဲလို့ ငါ ပြောခဲ့သားပဲ”

ယဲ့ဖန် ဒေါသတကြီး ပြောလိုက်ပြီးနောက် အားစိုက်လိုက်သဖြင့် လက်ချောင်းကြားထဲမှ ဓားမြောင်က ထက်ပိုင်း ကျိုးသွားလေသည်။

“ငါ့ဓားမြောင်”

ဝမ်မင်တဲ အလန့်တကြား ထအော်လိုက်မိသည်။ ဤဓားမြောင်ကြောင့်သာ သူမတူသော အောင်မြင်မှုများ ရလာပြီး အားကြီးသော ရန်သူများကို သူ သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အရှေ့မှ လူငယ်လေးက သူ့ဓားမြောင်ကို တကယ် ဖျက်ဆီးလိုက်လေပြီ။

လီဝေ့နှင့် အခြားသူများ၏ မျက်လုံးတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူတို့ ဝမ်းသာသွားကြသည်။

*လှည့်ကွက် ရှိနေတာပဲ*

သူတို့ တစ်ခါမှ မမြင်ဖူးသည့် ယဲ့ဖန်၌ ဤသို့ ကြောက်စရာကောင်းသော စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

*ဝမ်မင်တဲရဲ့ တိုက်ကွက်ကို တားရုံတင်မကဘဲ သူ့လက်နက်ကိုပါ ဖျက်ဆီးလိုက်သေးတယ်*

*ဘာမှတောင် အားမစိုက်ရသလိုပဲ*

*တကယ့်ကို ဖိနှိပ်မှုစစ်စစ်ပဲ*

“ခွေးမသားလေး ငါ မင်းကို နှစ်ပိုင်းပိုင်းပစ်မယ်ကွ”

ဝမ်မင်တဲသည် မုန်းတီးသော မျက်နှာထားဖြင့် ပြေးဝင်လာပြီး လက်ဝါးအား လက်သည်းပုံသဏ္ဌာန်လုပ်၍ ယဲ့ဖန်၏ ပခုံးကို တိုက်ခိုက်လာသည်။

“ဟမ့်”

ယဲ့ဖန် အလွန် အထင်သေးသော မျက်နှာပေးဖြင့်သာ ဆက်ကြည့်နေ၏။

“ဖျောက်”

ယဲ့ဖန် အသာ လက်ဖျောက်တီးလိုက်သည်။ ထိုအခါ ဝမ်မင်တဲ ထိတ်လန့်သွားလေသည်။ သူ့ခြေလှမ်းများသည် နွံထဲ ကျသွားသကဲ့သို့ နှေးကွေးလာပြီး တစ်လက်မမျှ မလှုပ်နိုင်တော့ချေ။ ထို့နောက် သူ့ခန္ဓာကိုယ် အရည်ပျော် လာပြီး ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုပြီးတစ်ခု ပြုတ်ကျလာ၏။ ပထမဆုံး ဆံပင်၊ ထို့နောက် နားနှင့်နှာခေါင်း။ ထို့နောက် လက်မောင်းများ။

“မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”

ဝမ်မင်တဲသည် ယဲ့ဖန်အား မယုံသင်္ကာကြည့်၍ ကြောက်လန့်တကြား အော်လိုက်သည်။

*ဒီလောက်ဝေးတာကို ယဲ့ဖန် ဘယ်လိုလုပ်လိုက်တာလဲ*

လီဝေ့နှင့် အခြားသူများ ကြက်သေ သေသွားကြသည်။

*ဒါ ဘာနည်းလမ်းကြီးလဲ*

*ယဲ့ဖန် တိုက်ခိုက်တာကို မြင်လဲမမြင်လိုက်ရဘဲနဲ့ သူ အသာ လက်ဖျောက်တီးလိုက်တော့ ဝမ်မင်တဲရဲ့ ခန္ဓာကိုယ်က အရည်ပျော်ကျလာရောလား*

*ဒီနည်းလမ်းက အရမ်း ထူးဆန်းလွန်းတယ်*

*ပြီးတော့ ဝမ်မင်တဲ သေရတဲ့ပုံက တအား ကြောက်ဖို့ကောင်းတယ်*

*ဒီလူ ဘာလုပ်လိုက်တာလဲ*

လူတိုင်း ယဲ့ဖန်ကို ပြန်ကြည့်လာကြသည်။ ထိုအကြည့်က အစောပိုင်းနှင့် သိသိသာသာ မတူတော့ချေ။ သူတို့ အားလုံး နားဝေတိမ်တောင် ဖြစ်နေ၏။

“ဒါ … ဒါ …”

သူတို့ အသံပင် ပျောက်သွားရပြီး အံ့ဩနေကြသည်။

*ဘယ်လိုလုပ် ယဲ့ဖန်က ဒီလောက် သန်မာနေရတာလဲ*

*အဲ့ဒါက ဝမ်မင်တဲလေ၊ ထောင်ဟွာတစ်မြို့လုံးမှာ ရောဂါနဲ့‌ သေသွားရတဲ့ ခေါင်းဆောင်ကလွဲရင် ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်တာကို*

*အဲ့လိုလူက ယဲ့ဖန် သတ်တာ ခံလိုက်ရတာလား*

ယဲ့ဖန်က ဝမ်မင်တဲအား အဖက်မလုပ်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး၊ ငါ့ကို တစ်ခြားလူတွေ လာထိတာကို မကြိုက်ဘူး”

အသံက အလွန် တည်ငြိမ်လှသည်။ ထို့ကြောင့်ပင် ပို၍ ကြောက်စရာကောင်းလာသည်။ လူသတ်ခြင်းက သူ့အတွက် ထမင်းစား ရေသောက်သလို ဖြစ်နေ၏။

“မလုပ်နဲ့၊ ငါ့ကိုလွှတ်၊ မင်း ငါ့ကို လွှတ်ပေး၊ ငါ ချုံးဝူ လက်ဝှေ့ခန်းမကို ဘယ်တော့မှ ထပ်အရှက်မခွဲတော့ပါဘူး”

ဝမ်မင်တဲ အလွန် ကြောက်လန့်နေသည်။

*ဒီလူက လုံးဝ လူသား မဟုတ်ဘူး*

*လူမှာ ဘယ်လိုလုပ် ဒီလို ကြောက်စရာကောင်းတဲ့ နည်းလမ်းမျိုး ရှိမှာလဲ*

*လက်ဖျောက်တီးရုံနဲ့ လူသတ်နိုင်တာကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး*

ထိုအခါတွင်မှ ယဲ့ဖန် သေတွင်းတူးနေခြင်း မဟုတ်ဘဲ သူ့မျက်လုံးထဲ၌ ဝမ်မင်တဲက အဖက်လုပ်ရန် မထိုက်တန်သူ ဖြစ်နေမှန်း လူတိုင်း သိလိုက်ရသည်။

“ချုံးဝူ လက်ဝှေ့ခန်းမ ဟုတ်လား၊ ဟားဟား သူတို့ သေတာရှင်တာက ငါနဲ့ ဘာဆိုင်လို့လဲ၊ ငါ မင်းကို သတ်တဲ့ အကြောင်းရင်းက ငါ့အမျိုးသမီးကို မင်း ထိပါးရဲလို့ပဲ”

ယဲ့ဖန် အေးစက်စွာ ပြုံးလိုက်သည်။ သူ့စကားကို ကြားသော် လီဝေ့နှင့် အခြားသူများ တောင့်ခနဲ ဖြစ်သွားသည်။ အစောပိုင်းက သူတို့ ယဲ့ဖန်ကို ယန်ရန်အား ဒူးထောက်ရန် ပြောခဲ့ပြီး ယဲ့ဖန်က ဦးနှောက်မရှိသောသူဟုပင် သူတို့ တွေးခဲ့ကြသည်။

*ယဲ့ဖန်ရဲ့ မျက်လုံးထဲမှာ ငါတို့ကို အရူးလို့ သဘောထားတဲ့ပုံပဲ*

“မဖြစ်နိုင်ဘူး၊ မင်းက ဒီလို အရမ်းမသန်မာနိုင်ဘူး၊ မင်းကိုယ်ထဲမှာ ဘာယန်စွမ်းအင်မှ စီးမနေတာ အသိသာကြီးကို၊ မင်းက အမှိုက်ကောင် ဖြစ်နေသင့်တာလေ”

ယန်ရန် မျက်လုံးပြူးကာ ထိတ်လန့်နေ၏။ ယဲ့ဖန်ကို အမှိုက်ကောင်ဟုပင် သူ ပြောခဲ့သေးသည်။ အဆုံးသတ်တွင် ယဲ့ဖန်က လက်ဖျောက်တီးရုံဖြင့် ဝမ်မင်တဲအား သတ်သွားခဲ့သည်။ ကြောက်စရာကောင်းသော နည်းလမ်းပင်။ ဤသည်က သူ့အား အရှက်ခွဲလိုက်ခြင်း ဖြစ်ပေသည်။

“ငါ့အမျိုးသမီးကို နတ်ဘုရားက ထိပါးရင် အဲ့နတ်ဘုရား သေရမယ်၊ မိစ္ဆာက ထိပါးရင် အဲ့မိစ္ဆာ သေရမယ်၊ မင်းလည်း သေကိုသေရမယ်”

ယဲ့ဖန်သည် ရက်စက်လွန်းလှပေ၏။ နတ်ဘုရားက ထိပါးလျင် ထိုနတ်ဘုရားကို သတ်ပစ်မည်။ မိစ္ဆာက ထိပါးလာလျင် ထိုမိစ္ဆာကို သတ်ပစ်မည်ဟု ပြောလာသည် မဟုတ်ပါလော။

*ဒီလူက တော်တော် မောက်မာတာပဲ*

ဝမ်မင်တဲသည် တုန်ယင်နေပြီး ယဲ့ဖန်ရှေ့၌ ဒုံးခနဲ ဒူးထောက်ကျကာ မုန်းတီးစွာ ကြည့်လိုက်သည်။

“မင်း ငါ့ကို သတ်ရဲလား၊ မင်း ငါ့ကို သတ်ရဲတယ်လို့ ထင်နေလား၊ ငါ့ဆရာက ပိုင်ယွဲ့ စီရင်စုက နာမည်ကျော် ဝူချီဖုန်းကွ၊ သူ ငါ့အတွက် သေချာပေါက် လက်စားချေပေးမှာ၊ မင်း သေပြီသာမှတ်”

လူတိုင်း မျက်လုံးပြူးသွားပြီး ကြောက်လန့်ကာ တုန်ယင်လာ၏။

*ဝူချီဖုန်းလား*

*ဝမ်မင်တဲရဲ့ ဆရာက ဝူချီဖုန်း ဖြစ်နေတာလား*

*တစ်ယောက်တည်း ရှုကျိုးမြို့ကို ထိုးဖောက်ခဲ့တဲ့ အဲ့မိစ္ဆာကောင်လား*

လီဝေ့နှင့် အခြားသူများ မျက်နှာပြာနှမ်းသွားကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset