နဂါးလာနေသည်

ဖန်းရှင်းဇွီ၏ အဖြေက လူအများ၏ ထင်မြင်ချက်နှင့် ထပ်တူဖြစ်သည်။ ဖူရှင်းက ဖန်းရှင်းဇွီအား အတူတူလေ့ကျင့်ရန် ဖိတ်ခေါ်ခြင်းသည် ဖူရှင်းက ဖန်းရှင်းဇွီအား ပိုးပန်းရန် တစ်ဖက်လှည့်ဖြင့် ကြိုးစားခြင်းဟုသာ သူတို့က ယူဆကြသည်။ လူတိုင်းက သူတို့သုံးယောက်မှာ ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာကြသော သူငယ်ချင်းများဟု သိကြသော်လည်း လက်ရှိအခြေအနေအရ ဖူရှင်းကား ဖန်းရှင်းဇွီနှင့်ပတ်သက်ရန် အရည်အချင်းမရှိဟု လူတိုင်းက တွေးသည်။ အထူးသဖြင့် အရွယ်ရောက်ပြီးသော မိန်းကလေး တစ်ယောက် အနေဖြင့် မိမိပတ်ဝန်းကျင်ရှိ ယောက်ျားလေးများနှင့် ပတ်သက်၍ ရှင်းလင်းမှုရှိရန် လိုပေသည်။

“အငြင်းခံရတယ်ဟေ့… ဟား… ဟား…”

လူများက ဖူရှင်းအားကြည့်ကာ သရော်ကြသည်။ တီးတိုးပြောကာ ရယ်မောကြသည်။

ဖူရှင်း မျက်မှောင်ကုတ် လိုက်သည်။ ဘာတွေဖြစ်နေတာလဲ။ သူက အမှန်တကယ်ပင် သူမအား ကူညီလို၍ အတူတူ လေ့ကျင့်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။ သို့သော် ကြည့်ရသည်မှာ လူတွေက သူ့အား အထင်လွဲနေပုံသည်။ သူက အပေါစား ဇာတ်လမ်း တစ်ပုဒ်ကို သရုပ်ဆောင်ပြနေသလို ခံစားရ၏။ ဖူရှင်း ခေါင်းခါလျက် လှည့်ထွက်လိုက်သည်။

“ငါက တကယ် အသုံးမကျတာပဲ… လူတွေရှေ့မှာမှ သွားမေးရတယ်လို့… ဒီလို မေးတော့ ရွေးစရာမရှိပဲ ငြင်းလိုက်ပုံရတယ်” ဖူရှင်း သက်ပြင်းချလိုက်သည်။

“မဟုတ်သေးဘူးနော်… မူရွန်ရှင်းက သူနဲ့ မင်းကြားမှာရပ်ပြီး ပြောတယ် ဆိုကတည်းက ဖန်းရှင်းဇွီ ဘာကို ဆိုလိုတယ်ဆိုတာ မင်းနားလည်သင့်တယ်… သူနဲ့ မင်းနဲ့ သိလာတာ ဘယ်လောက်ကြာပြီလဲ… အခုသူက မင်းနဲ့ ပတ်သက်တာတွေ အကုန် ဖြတ်လိုက်တာမလား…” ယူချင်းအား ကြည့်ရသည်မှာ ဖန်းရှင်းဇွီ၏ အပြုအမူအား အမှန်တကယ် ဒေါသထွက်နေပုံရသည်။

“ငါ အဆင်ပြေပါတယ်… သူက အသက်ဆယ့်ငါးနှစ်အရွယ်ပဲ ရှိသေးတယ်… ငယ်သေးတော့ သူများက ပြောရင် အလွယ်တကူ ပါသွားတတ်တယ်…” ဖူရှင်းအား ကြည့်ရသည်မှာ ထူးထူးခြားခြား ခံစားရပုံ မပေါ်ပေ။ သူက ဖန်းရှင်းဇွီ အတွက်ပင် ပြောလိုက်သေးသည်။

“သူ ခုနက ပြောတာ မမေ့နဲ့… သူက မင်းနဲ့ မျက်နှာချင်းဆိုင်ပြီး သေချာပြောသွားတာ… သူက သေချာ ဆုံးဖြတ်ပြီးပြောတာ မင်းနားလည်သင့်တယ်… အခု မင်းနဲ့ သူနဲ့ သူငယ်ချင်းဆိုတာ မရှိတော့ဘူး…” ယူချင်းက ဖူရှင်းအား သူများထက် နားလည်သည်။ သူကား အပြင်ပန်းတွင် ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း အတွင်းစိတ်ကား အလွန်လေးနက်သည်။ အထူးသဖြင့် သူခင်မင်သော သူများအတွက် ခံစားချက်ကြီးသူဖြစ်သည်။ ယခုလည်း ဖန်းရှင်းဇွီအား ခွင့်လွှတ်ကာ နောက်တစ်ကြိမ် အခွင့်အရေး ပေးရန် ကြိုးစားနေပုံရသည်။

သို့သော်လည်း ယူချင်းက ဖန်းရှင်းဇွီ၏ အပြုအမူအား လုံးဝ လက်ခံနိုင်ခြင်း မရှိပေ။ သူက ဖူရှင်း၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှုကို ကာကွယ်ရန်လိုသည်ဟု တွေးသည်။ ဖန်းရှင်းဇွီက သူများ၏ ဆွဲဆောင်မှုတွင် မှားယွင်းစွာ ဆုံးဖြတ်မိသည်ကို သူသိသည်။ သို့သော် သူက ဖန်းရှင်းဇွီကို အလွယ်တကူ ခွင့်မလွှတ်နိုင်ပေ။ သူ၏ အဖေက ဖူရှင်းအား ပြောသော စကားများအား သူမှတ်မိသေးသည်။ လူများက သူတို့၏ ဘဝနိမ့်ကျနေချိန်တွင် အရာရာတိုင်းကို အရိုးရှင်းဆုံး တွေ့မြင်သည်။ သို့သော် ၎င်းကား အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် တစ်နေ့တွင် သင် ဘုရင်ဖြစ်လာသောအခါ ကမ္ဘာကြီးက သူတို့၏ ရှေ့မှောက်တွင် ခစားရသည် မဟုတ်ပါလား။

***

ရုတ်တရက် လေထုကို ထိုးခွဲ၍ မြည်လာသော အသံများက လူအများ၏ အာရုံများအားလုံးကို ဆွဲခေါ်သွားသည်။ ဖူရှင်းနှင့် ယူချင်းက အသံလာရာ ကောင်းကင်ကို မော်ကြည့်လိုက်ရာ သူတို့၏ ကျောပေါ်မှ အတောင်ပံများကို အသုံးပြုကာ ပျံသန်းလာသော လူတစ်စုအား တွေ့ရသည်။

“သူတို့က မှော်ပညာကျောင်းက လေဓာတ်အထူးပြု မှော်ပညာရှင်တွေပဲ… သူတို့က လေသဘာဝကို အခြေခံတဲ့သိုင်းကွက်တွေသုံးပြီး လေထုထဲ ပျံသန်းနိုင်တဲ့ အတောင်ပံ ဖန်တီးနိုင်တယ်” လူအုပ်ထဲမှ တစ်ယောက်က ပြောပြသည်။ သူတို့၏ မျက်လုံးထဲတွင် အားကျမှု။ အထင်ကြီးမှုများအား အတိုင်းသား မြင်နေရ၏။ သူတို့ကား နိုးထခြင်း အဆင့်ကိုး မှော်ပညာရှင်များ ဖြစ်ကြသည်။ ကောင်းကင်မြေ ဒေသတစ်ခုလုံးတွင် လေဓာတ်အခြေခံ မှော်ပညာရှင်များကား ပုံမှန် တန်ခိုးကျင့်သူများနှင့် ကွာခြားသည်။ မှော်ပညာရှင်များတွင် လေဓာတ် မှော်ပညာရှင်များသာလျှင် နိုးထခြင်း အဆင့်ကိုးဖြင့် လေထုထဲတွင် ပျံသန်းနိုင်ပေသည်။

“ငါတို့က တီအန်ယွာတောင်ရဲ့ တစ်နေရာကို ရှင်းလင်းပြီးသွားပြီ ဆိုတာ မင်းတို့ကို လာပြောတာ…” လေထဲမှ မှော်ဆရာ တစ်ယောက်က ပြောသည်… အဲဒီ နေရာမှာ မိစ္ဆာတွေနဲ့ သတ္တဝါတွေက နိုးထခြင်း အဆင့်ကိုး အတွင်းမှာပဲရှိတယ်… လာမည့် ခုနစ်ရက်ကို ရာသီကုန်စစ်ဆေးခြင်း မတိုင်မီ ပြုလုပ်တဲ့ အမဲလိုက်ကာလလို့ သတ်မှတ်ထားတယ်… ဒါကြောင့် ဒီခုနစ်ရက်အတွင်းမှာ ငါတို့ပြောတဲ့နေရာမှာ မိစ္ဆာတွေနဲ့ တိုက်ခိုက်ပြီးတော့ ဒီနှစ်တွေအတွင်း မင်းတို့ လေ့လာသမျှတွေကို ပြန်သုံးသပ်ပြီးတော့ တိုက်ခိုက်ရေး အတွေ့အကြုံတွေ ယူရမယ်… ”

တခြား မှော်ဆရာ တစ်ယောက်က ထပ်ပြောသည်…

“မင်းတို့က ဒီနေရာက အနှေးနဲ့အမြန် ထွက်သွားကြမှာပဲ… တကယ့်တိုက်ပွဲ အတွေ့အကြုံ မရှိပဲနဲ့ မင်းတို့က တကယ့် တန်ခိုးကျင့်သူတွေ မဖြစ်လာနိုင်ဘူး… ဒါပေမဲ့ ဘေးကင်းမှုက အရေးအကြီးဆုံးပဲ… မင်းတို့က အဖော်ရှာပြီးတော့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပေးဖို့ ငါတို့က အကြံပေးချင်တယ်…”

နှစ်တိုင်းလိုလိုပင် ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲရောက်လျှင် တီအန်ယွာတောင် တစ်နေရာကို အန္တရာယ် ကင်းအောင် ရှင်းလင်းကာ ကျင်းပလေ့ရှိသည်။ သို့သော်လည်း မထင်မှတ်သော မတော်တဆမှုများမှ ကာကွယ်ရန် ဖြစ်နိုင်ဖွယ် ပြင်ဆင်မှုအားလုံးကို စီမံထားရမည်ဖြစ်သည်။

“ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲကျရင် အိမ်ပြန်ခြင်း အစီအစဉ် ဆိုတာရှိတယ်… ချင်းကျူ မြို့သူမြို့သားတွေ လာကြည့်လိမ့်မယ်… မင်းတို့တွေရဲ့ မိဘတွေလည်း ပါလိမ့်မယ်… ဒါကြောင့် အစီအစဉ်မှာ စွမ်းဆောင်ရည် ကောင်းအောင် ကြိုးစားကြပါ…” ၎င်းမှော်ဆရာက ဆက်လက်၍ ပြောပြသည်။ နွေဦးရာသီ စစ်ဆေးခြင်းနှင့် ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲမှာကား ချင်းကျူမြို့၏ အမှတ်ထင်စေသော အစီအစဉ်များဖြစ်သည်။

ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲကား နွေဦးရာသီ စစ်ဆေးခြင်း စာမေးပွဲထက်ပို၍ ခမ်းနားကြီးကျယ်သည်။ အဘယ်ကြောင့်ဆိုသော် ပြင်ပကျောင်းသား များစွာထဲမှ တရားဝင် ကျောင်းသား အနည်းငယ်ကိုသာ ရွေးချယ်ခြင်းကြောင့် ဖြစ်သည်။

“ကောင်းပြီ အခု သွားပြီး ပြင်ဆင်ကြတော့…” ထိုသို့ပြောကာ လေဓာတ် မှော်ပညာရှင်များက တီအန်ယွာတောင်ဘက်သို့ ဦးတည်ကာ ထွက်ခွာသွားကြသည်။

“ရီဖူရှင်း နင့်အစီအစဉ်က ဘာလဲ…” ခပ်လှမ်းလှမ်းမှ ချင်ယီက လှမ်းမေးသည်။

“ငါ့အစီအစဉ်… ဘာအစီအစဉ်လဲ” သူမအားကြည့်ကာ ဖူရှင်းက ပြန်မေးလိုက်၏။

“ဒါက နင့်အတွက် အခွင့်အရေးကောင်းပဲ… ပြီးတော့ နင်က ယူချင်းနဲ့အတူ သွားလို့ရတာပဲ… နင့်ရဲ့ သဘာဝစွမ်းအင် အဆင့်တိုးချင်ရင်လည်း တိုးလာမှာပဲ…” ချင်ယီက စဉ်းစားဟန်ဖြင့် ပြောသည်။

“မဟုတ်ဘူး… အခု မဟုတ်သေးဘူး…” ဖူရှင်းက ခေါင်းယမ်းလျက် ငြင်းလိုက်သည်။ သူက ယမန်နေ့ကမှ တီအန်ယွာတောင်မှ ပြန်လာခြင်းဖြစ်သည်။ လတ်တလော ပြန်သွားရန် စိတ်ကူးမရှိပေ။

ချင်ယီက ဖူရှင်းအား စိုက်ကြည့်လျက် ပြောသည်…

“နင်က ငယ်သေးတယ်…ချစ်ကြိုက်တာက အရာအားလုံး မဟုတ်ဘူး… တစ်ခါရှုံးနိမ့်တာနဲ့ စိတ်ဓာတ်ကျစရာ မလိုဘူး…”

ဖန်းရှင်းဇွီ၏ ငြင်းပယ်မှုအား ခံလိုက်ရခြင်းက သူ့အတွက် စိတ်ဓာတ်ကျစရာ ဖြစ်သွားမည်ကို သူမ စိုးရိမ်ပုံရသည်။

ဖူရှင်းက ပြုံးလိုက်သည်။ ချင်ယီကလည်း ယမန်နေ့မှ အခြေအနေကို အထင်လွဲခြင်း ဖြစ်ကြောင်း သူသိသည်။ သူက ပေါ်လွင်သော ချင်ယီ၏ ကောက်ကြောင်းအား အပေါ်အောက် စိုက်ကြည့်လိုက်သည်…

“စီနီယာ အစ်မချင်… နင်သိလား… ငါဒီလောက် မငယ်တော့ဘူး…”

ချင်ယီ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ချက်ချင်းပင် ဖူရှင်းက သူမအား စနောက်သည်ကို သိလာသည်။ သူမက ဒေါသတကြီးဖြင့်…

“နင်က မျှော်လင့်ချက် မရှိတော့ဘူး…”ထိုသို့ပြောကာ လှည့်ထွက်သွား၏။

ချင်ယီက အားရပါးရ ရယ်မောလိုက်သည်။ ထို့နောက် အဝေးသို့ မရောက်သေးသော သူမအား လှမ်းအော်ပြောလိုက်သည်…

“ကောင်းပါပြီ မိန်းကလေး ချင်”

ချင်ယီ ရပ်လိုက်သည်။ ထို့နောက် ဆက်၍ လျှောက်သွားလေသည်။

“သူမကလည်း မင်းပေါ်ကောင်းတာပဲ… မင်းသူ့ကို စဉ်းစားသင့်တယ်” ယူချင်းက မှတ်ချက်ချသည်။

“ဘာကို စဉ်းစားရမှာလဲ”ယူချင်းက မေးသည်။

“လက်ရွေးစင်လေ…”ယူချင်းက အရေးကြီးဟန်ဖြင့် ပြောသည်။

“အာ… ဒီကောင်”ယူချင်း ခေါင်းကုတ်လိုက်သည်။ သူတွေးလိုက်သည်။ သူငယ်ချင်းများမှ တစ်ဆင့်လည်း အမူအကျင့်များ လွှမ်းမိုးနိုင်သည် ထင်သည်။

***

ယခုရက်ပိုင်းအတွင်း ကျောင်းတော်၌ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ မရေမတွက်နိုင်သော လူများက တီအန်ယွာတောင် ရှိရာသို့ ထွက်ခွာနေကြသည်။ လူအများစုကား တက်ကြွသော ပုံစံရှိသည်။ ဤသည်ကား နှစ်တိုင်းပင်။ သို့သော် ရက်အနည်းငယ် အတွင်းတွင် စိတ်ပျက်ခြင်း။ ရှုံးနိမ့်ခြင်း။ ဒဏ်ရာအနာတရများဖြင့် ပြန်လာကြ၏။

အမဲလိုက်ခြင်း ရာသီကာလ အတွင်း ကျောင်းတော်က အဆင့်မြင့် မိစ္ဆာကောင်များ မရှိအောင် ရှင်းလင်းထားသော်လည်း အဆင့်ရှစ်။ အဆင့်ကိုး သတ္တဝါများမှာ တချို့ကျောင်းသားများ အတွက် အိပ်မက်ဆိုးများ ဖြစ်ကြသည်။

တောင်ခြေတစ်နေရာတွင်ကား ကျောင်းသား အုပ်စု တချို့ကို တွေ့ရ၏။ သူတို့က မိမိတို့ အုပ်စု။ မိမိတို့ အဖော်ကိုယ်စီဖြင့် အမဲလိုက်ခြင်း အစီအစဉ်တွင် ပါဝင်ရန် တောင်၏ အတွင်းပိုင်းဆီသို့ တရွေ့ရွေ့ ရွေ့လျားနေကြသည်။ ထိုစဉ် လူအုပ်ထဲမှ တစ်ယောက်က အမှတ်မထင် ပြောလိုက်သည်….

“ဟိုမှာ ကြည့်လိုက်… ဖန်းရှင်းဇွီမလား” လူတိုင်းက ၎င်းအုပ်စုမှ သိသာ ထင်ရှားသော မိန်းကလေးကို သတိပြုမိကြသည်။ သူမက ပိုးသားအင်္ကျီ အဖြူရောင်ကို ဝတ်ဆင်ထားသည်။ ၎င်းလှပသော ဝတ်စုံဖြင့် သူမက မူလထက်ပင် ပို၍ ဆွဲဆောင်မှုရှိကာ လှပနေလေသည်။

“သူမဘေးက တစ်ယောက်က ဘယ်သူလဲဟ” လူများက သူမ၏ဘေးမှ ခန့်ညားသော လူငယ် တစ်ယောက်အား အံ့ဩစွာ တွေ့ရသည်။ ထို့အပြင် သူမ၏ သူငယ်ချင်း မူရွန်ချူအားလည်း တွေ့ရသည်။

“သူ့နာမည် မူရွန်ချူ။ မူရွန်ရှင်းရဲ့တူ တော်တယ်… သူက မူရွန်မိသားစုရဲ့ ဂုဏ်ဆောင်ပဲ… သူက နိုးထခြင်းအဆင့်ကိုးကို ရောက်နေပြီ… သူက ဖန်းရှင်းဇွီနဲ့ အတူ အမဲလိုက်နေတယ် ဆိုတော့… မထူးဆန်းပါဘူးလေ…သူမက….”

လူတိုင်းက ဖန်းရှင်းဇွီ၏ ငြင်းပယ်ခြင်းခံရသော ထိုသနားစရာ လူငယ်အား သတိရမိကြသည်။ သူတို့က ခေါင်းယမ်းကာ ၎င်းလူငယ်အတွက် စိတ်မကောင်း ဖြစ်သွားကြသည်။

“အဝေးမှာ နေခိုင်းတယ်… ဒါဆိုဘာလို့ မူရွန်ချူက ဒီမှာ ရှိနေတာလဲ…” သူတို့က အကယ်၍ သည်မြင်ကွင်းအား ဖူရှင်းမြင်လျှင် မည်မျှ စိတ်ပျက်မည်ကို တွေးမိကြသည်။

“သူက ဆိုးဆိုးရွားရွား အငြင်းခံလိုက်ရတယ်… ငါထင်တာကတော့ ဒီကောင် စာမေးပွဲက နုတ်ထွက်မယ် ထင်တယ်…” မူရွန်ချူက ဖန်းရှင်းဇွီနှင့်အတူ သွားလာနေသည်ကို မြင်သောသူများက တီးတိုး ပြောနေကြလေသည်။

မကြာမီ ၎င်းသတင်းက ဖူရှင်းထံသို့ ရောက်သွား၏။ သူကိုယ်တိုင် အဘယ်ကြောင့် ဤကိစ္စတွင် အဓိက ဇာတ်ဆောင်အနေနှင့် ပါနေသနည်းဟုတွေးကာ စိတ်ရှုပ်ထွေးသွားသည်။ သူကိုယ်တိုင် ဘယ်သောအခါမှ ဖန်းရှင်းဇွီအား စိတ်မဝင်စားဖူးသော်လည်း အနည်းငယ်တော့ စိတ်ပျက်မိသည်။ သူကိုယ်တိုင် စိတ်မဝင်စားပါဘဲ သူမထံမှ ငြင်းပယ်ခံရခြင်းက သူ့မာနအား အနည်းငယ်တော့ ထိခိုက်စေသည်။

သို့သော်လည်း သူက စိတ်ထဲတွင် သိပ်မထားတော့။ သူ့တွင် ပို၍ အရေးတကြီး လုပ်စရာများ ရှိနေသေးသည်။ ထိုအရာကား ရာသီကုန် စာမေးပွဲမတိုင်မီ နောက်တစ်ဆင့် ရောက်ရန် ကျင့်ရပေဦးမည်။

ရက်အနည်းငယ် ကြာပြီးနောက် ဖူရှင်းက သူ၏ အဆောင်ဝင်းထဲတွင် သိုင်းကျင့်နေသည်။ နေမင်း၏ မီးလျှံများက သူ၏ ခန္ဓာကိုယ်အနှံ့ လွှမ်းခြုံထားသည်။ ထိုအရာက သူ၏ အရိုး၊ အသား၊ အရေပြား အားလုံးကို ပြုပြင်နေကြသည်။ သူ့တွင် မီးသဘာဝကို အထူးပြုသော သက်စောင့်ဝိညာဉ် နေမင်းအား ပိုင်ဆိုင်ထားသည်။ ထိုအရာက သူ့အား မီးဓာတ်သဘာဝကို အဓိကထား ကျင့်ကြံစေသည်။

သူက တီအန်ယွာတောင် အတွင်း၌ ရှိစဉ်က သစ်ပင်များမှ သစ်သားဓာတ်နှင့် ရေတံခွန်မှ ရေဓာတ်တို့ကို လေ့လာဆင်ခြင်ခဲ့သည်။ သို့သော် ၎င်းစွမ်းအင်များက သူ၏ သက်စောင့်ဝိညာဉ် နေမင်းမှပေးသော မီးစွမ်းအင်လောက် မြင့်မားခြင်း မရှိပေ။ သူကများ လောဘကြီးမိနေသည်လား တွေးမိသည်။ ဘာပြောပြော သူက သက်စောင့်ဝိညာဉ် နေမင်းအား မတော်တဆ ဖန်တီးမိခြင်း မဟုတ်ပါလား။

ထိုစဉ် တစ်စုံတစ်ယောက်က ဖူရှင်းထံ လျှောက်လှမ်းလာသည်။ ဖူရှင်းက ထိုင်ရာမှထကာ လျှောက်လာသော ယူချင်းအား ကြည့်လိုက်သည်…

“ယူချင်း … ဘာဖြစ်လို့လဲ”

အလွန်အရေးကြီးသော ကိစ္စမရှိဘဲ ယူချင်းက သူသိုင်းကျင့်နေသော နေရာကို မလာသည်ကို သူသိသည်။

“လူတွေက အခုတလော တီအန်ယွာတောင်ကို သွားရင်းက ကြောက်မက်ဖွယ် သတင်းတစ်ခု ယူလာကြတယ်…” ယူချင်းက ပြောသည်။

“ဘာသတင်းလဲ …” ဖူရှင်းက သိလိုစိတ်ဖြင့် မေး၏။

“ရှင်းလင်းထားတဲ့နေရာမှာ လူတချို့က နဂါးကို တွေ့လို့တဲ့…” ယူချင်းကား စိတ်လှုပ်ရှားသောကြောင့် မျက်လုံးများပင် တလက်လက် တောက်ပနေသည်။

“နဂါးတစ်ကောင်…” ဖူရှင်း၏ မျက်လုံး အရောင်တောက်သွားသည်။ အမဲလိုက်နေရာအား ရှင်းလင်းထားသည့်တိုင် နဂါးအား တွေ့ရသည် ဆိုခြင်းကို သူ ထိတ်လန့်သွားသည်။

နဂါးတစ်ကောင် တွေ့ခဲ့ရသည် ဆိုခြင်းကပင်လျင် ချင်းကျူ တစ်မြို့လုံးအား လှုပ်ရှားစေနိုင်၏။ ၎င်းကား အမဲလိုက်နယ်မြေတွင်သာ တွေ့ရနိုင်သည်။ ထို့အပြင် နဂါးဟူသည်မှာကား တကယ့်စွမ်းအား အစစ်အမှန်။ မိစ္ဆာများနှင့် သတ္တဝါကောင်ကြီးများ၏ ဧကရာဇ် မဟုတ်ပါလား။

“တချို့က ဒါအမှန်ဆိုပြီး ကျိန်ပြောကြတာပဲ… ဘာပြောပြော ကျောင်းတော်က အမဲလိုက်နယ်မြေကို ရှင်းလင်းပြီးသားလေ။ နဂါးကို တွေ့ရတယ်ဆိုတာ မယုံနိုင်စရာပဲ…” ယူချင်းက ပြောသည်။

“ငါတို့ လမ်းနည်းနည်း လျှောက်ရအောင်” ထိုသို့ပြောကာ ဖူရှင်းက ကျောင်းတော်၏ လူများစုဝေးရာ ကွင်းပြင်ဘက်သို့ ဦးတည်ကာ ထွက်သွားသည်။ ဖူရှင်းနှင့် ယူချင်းက ကွင်းပြင်သို့ ရောက်သောအခါ တချို့မှာ တီအန်ယွာ တောင်ဘက်မှ ပြန်လာသည်ကို တွေ့ရသည်။ တချို့ အမဲလိုက်ရန်သွားမည့် အုပ်စုတချို့မှာလည်း တွန့်ဆုတ်နေသော ပုံစံများကို တွေ့ရသည်။ အကယ်၍ ယခုအချိန် တီအန်ယွာတောင်သို့ အမဲလိုက်သွားပါက အန္တရာယ် မကင်းဟု သူတို့ ခံစားမိကြသည်။

ထိုစဉ် တီအန်ယွာ တောင်ကြောတစ်လျှောက် ပြန်လာကြသော အုပ်စု အများအပြားအား တွေ့လိုက်ရသည်။ သူတို့၏ မူမမှန်သော ပုံစံများအားကြည့်ကာ လူအုပ်ထဲမှ တစ်ယောက်က လှမ်းမေးသည်…

“ဘာဖြစ်လာကြတာလဲ”

“တချို့ မိစ္ဆာကောင်တွေ တားမြစ်နေရာက ထွက်လာကြတယ် ပြောတယ်… ဆရာတွေက ကျောင်းသားတွေကို အမြန်ဆုံး ထွက်ခွာဖို့ ကြေညာထားတယ်…” ထွက်ပြေးလာသော အုပ်စုမှ တစ်ယောက်က ဖြေသည်။

“မိစ္ဆာကောင်… ဘယ်လိုမိစ္ဆာကောင်လဲ။ ဆရာတွေကတောင် မနိုင်ဘူးလား…” လူတိုင်းက ထိတ်လန့်သွားသည်။

“ငါကြားတာတော့ နှစ်တစ်ထောင် မိုးကြိုးစပါးကြီးမြွေတဲ့။ ပြီးတော့ မိစ္ဆာ အရောင်အဝါတွေနဲ့ အန္တရာယ် ပေးနိုင်တဲ့ အကောင်လို့ပြောတယ်။ သူ့ကို ဘယ်သူမှ ဘာမှ လုပ်လို့မရဘူးတဲ့…”

လူတိုင်းက အံ့သြထိတ်လန့်မှု။ စိတ်လှုပ်ရှားမှုများစွာဖြင့် ထိုအကြောင်းအား ပြောနေကြသည်။ ဖူရှင်းနှင့် ယူချင်းက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စိတ်ရှုပ်ထွေးသွားကြသည်။ ဘယ်အရာက အမှန်လဲ။ နဂါးလား။ စပါးကြီးမြွေလား။

***


Comment

  1. Kyaw Hein says:

    👍👍👍

Leave a Reply

Options

not work with dark mode
Reset