ခြံဝန်းအတွင်းရှိ ရှုခင်းကို လင်းလန်တစ်ယောက် ခံစားနေတုန်း ယဲ့ဖန် သူမအနောက်သို့ တိတ်တဆိတ်ကပ်သွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“တစ်ခါကြည့်ရင် ယွမ် ၅၀ … လေတစ်ခါရှူရင် ယွမ် ၁၀၀ … မင်းက ၃ခါ အသက်ရှူပြီး ၁၁ခါ ကြည့်တာဆိုတော့ စုစုပေါင်း ယွမ် ၈၅၀ ကျတယ်။ ဒီတော့ မင်း ငါ့ကို စုစုပေါင်း ပေးစရာအကြွေး ယွမ် ၂,၈၅၀ ရှိပြီနော်”
“ဘာ”
လင်းလန် ဒေါသထွက်လွန်းလို့ ပြောစရာစကား မရှိ ဖြစ်နေသည်။ ယဲ့ဖန် ဒီလောက် အရှက်မရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူက သူမ အသက်ရှူတဲ့လေဖိုးတောင် တောင်းနေသေးသည်။
*လူဆိုးကောင်*
လင်းလန် ကူရာမဲ့စွာ အံကို တင်းတင်းကြိတ်ထားမိသည်။ သို့သော် ရှုခင်းကလည်း လှလွန်းသလို အထူးသဖြင့် လေထုကလည်း လတ်ဆတ်လွန်းလှသည်။ တစ်ခါရှူရှိုက်လိုက်မိသည်နှင့် ပင်ပန်းနွမ်းလျမှုတွေ ပြေပျောက်သွားသလို ခံစားမိသည်။
လင်းလန် နာမည်ကြီး ခရီးသွားနေရာများကို ရောက်ဖူးသော်လည်း ဘယ်နေရာမှ ဤရှုခင်းအား မမှီနိုင်ပါ။
“ဟွန့်”
ယဲ့ဖန်ကြောင့် လှပသော ရှုခင်းအား ကြည်နူးခံစားလိုသည့်စိတ်များ လင်းလန် ပျောက်ဆုံးသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဤခြံဝန်းအတွင်းမှ သူမ နှောင့်နှေးခြင်းအလျင်းမရှိဘဲ ထွက်လာလိုက်သည်။
သို့သော် ခြံဝန်းထဲမှ ထွက်လာလိုက်သည်နှင့် သူမ ထပ်မံ၍ အံ့အားသင့်သွားရသည်။
“ဆင်ခြေဖုံး ရပ်ကွက်ကြီးပါလား!”
အပြင်၌ ဘာဆို ဘာမှမရှိပါ။ ကိုယ်ပိုင်ကားတစ်စီး မပြောနှင့် တက္ကစီတောင် မရှိပါ။
“ငါ့ကားက ဘားလမ်းထဲမှာပဲ ကျန်ခဲ့တာထင်တယ်။ ငါ ဘာလုပ်ရမလဲ။ ငါ့ကို လာကြိုဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ရင် ကောင်းမလား”
လင်းလန် ခေတ္တမျှ တွေဝေနေပြီးနောက် ထိုအကြံကို ပယ်ချလိုက်သည်။ သူမက ယဲ့ဖန်၏ အဝတ်အစားကို ဝတ်ထားပြီး ယဲ့ဖန်အိမ်ထဲမှ ထွက်လာသည်မို့ ဤကိစ္စက ရှင်းပြရ ခက်သည်။
လင်းလန် ဒေါသတကြီး လိုက်ကြည့်နေတုန်း ခြံအပြင် ထောင့်နားက ကားတစ်စီးကို မြင်လိုက်မိသည်။
*ဟင်*
*ဒါ ကားမလား*
လင်းလန် ကျေနပ်သွားကာ နောက်သို့လှည့်ပြီး ယဲ့ဖန်ကို တုံ့ဆိုင်းဆိုင်းနှင့် မေးလိုက်သည်။
“ဒါ ရှင့်ကားလား?”
“အဲ့လိုပဲ ပြောရမှာပေါ့” ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
ထိုကားသည် ပြာဖြစ်သွားသည့် လူမိုက်များ၏ ကားဖြစ်သောကြောင့် ယခု သူ့ကားဟု သတ်မှတ်လို့ ရသည်။
“နင်…နင် ငါ့ကို လိုက်ပို့ပေးလို့ ရမလား?”
လင်းလန် ရှက်သွေးဖြန်းကာ မျက်နှာနီရဲရဲလေးနှင့် ယဲ့ဖန်ကို မေးလိုက်သည်။ လင်းလန် ရှက်နေသည်ကို ယဲ့ဖန် သတိထားမိသည်။ ထို့ကြောင့် သူ မငြင်းလိုက်ပါ။
“ယွမ် ၂,၀၀၀”
*သေလိုက်ပါလား*
လင်းလန် ဒေါသထွက်ကာ နီရဲနေသော ပါးလေးနှင့် မွန်းကြပ်လာသလို ခံစားရသည်။ သူမ၏ လှပသောမျက်ဝန်းလေးကလည်း မီးဝင်းဝင်းတောက်နေသည်။
“ဘဏ်ကိုပဲ ဓားပြတိုက်လိုက်ပါတော့လား”
“ဘဏ်ကို ဓားပြတိုက်ဖို့ ဆိုတာက မလွယ်ဘူးလေ။ ပြီးတော့ အဲ့လိုလုပ်ဖို့ ကျုပ် စိတ်မဝင်စားဘူး”
ယဲ့ဖန် ပခုံးတွန့်ကာ ပြော၍ ခရီးသည်ထိုင်ခုံမှာ ထိုင်လိုက်သည်။ လင်းလန် ဒေါသထွက်ကာ အံကို တင်းတင်းကျိတ်ထားရသော်လည်း သူပြောသည့်အတိုင်း သဘောတူလိုက်ရသည်။
သို့သော် သူမ ကားပေါ်တက်ပြီးပြီးချင်းမှာပဲ အံ့အားသင့်သွားရသည်။
“ရှင် ဘာလို့ အဲ့မှာ ထိုင်နေတာလဲ”
သူမ စကားကြောင့် ယဲ့ဖန် ကူရာမဲ့စွာ ပခုံးတွန့်ပြီး ပြန်ပြောလိုက်သည်။
“ဆောရီး… ကျုပ် ကားမမောင်းတတ်ဘူး”
*ဘာ*
*သူက ကားမမောင်းတတ်ဘူး*
လင်းလန် ကြက်သေသေသွားပြီးမှ စူပုပ်ပုပ်နှင့် မေးလိုက်သည်။ “ရှင်က ကားမမောင်းတတ်ဘူးဆိုတော့ ဒီကားက သူ့ဘာသာသူ ခြေထောက်ပေါက်ပြီး ရောက်လာတာလား?”
“ဟုတ်တယ်… သူ့ဘာသာသူ ရောက်လာတာ”
ယဲ့ဖန်က လင်းလန် ဉာဏ်ကောင်းလှချည်လားဟူသည့် ပုံစံဖြင့် ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
လင်းလန် ဆွံ့အသွားရသည်။
*ငကြောင်ကောင်! အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်*
“ပြီးရော…. ကျွန်မပဲ မောင်းတော့မယ်”
လင်းလန် တွန့်ဆုတ်တွန့်ဆုတ်နှင့် ယာဉ်မောင်းသူဘက် ထိုင်လိုက်သည်။ ကားက ဖြည်းဖြည်းမှန်မှန် မောင်းနေသော်လည်း လင်းလန်ကတော့ ပို၍ပို၍ ဒေါသထွက်လာနေသည်။
ကုတင်ပေါ်က အချိန်တွေအတွက် ယဲ့ဖန်ကို ပိုက်ဆံပေးလိုက်ရသည့်အပြင် အသက်ရှူခ၊ အဝတ်အစားငှားခနှင့် ကားစီးခတောင် သူမ ပေးနေရသည်။
*သူ ငါ့ဆီက ရသမျှ အကုန်ယူနေတာပဲ။ ငါ့ခန္ဓာကိုယ်ရော ငါ့ပိုက်ဆံရောပဲ*
လင်းလန် အံကိုကျိတ်ကာ လီဗာကို အားနှင့် ဖိနင်းချလိုက်သည်။ မကြာခင်မှာပင် ကားက အရှိန်နှင့် မောင်းနှင်နေကာ လမ်းလေးမြင်ကွင်းများက တံလျှပ်သဖွယ် ကျန်ခဲ့လေတော့သည်။
ကားက လမ်းနှင့် မထိတထိ ဖြစ်နေသည်။ အတွေ့အကြုံရင့်သော ကားမောင်းသူအချို့ပင် ဤအမြန်နှုန်းနှင့်ဆို ခေါင်းမူးလောက်သည်။
သူမကြောင့် ယဲ့ဖန် ကြောက်လန့်တကြား ဖြစ်နေသည်ကို မြင်ချင်၍ လင်းလန် မျက်လုံးထောင့်ကနေ ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။
သို့သော်ငြားလည်း သူ့အကြည့်ကြောင့် သူမ ကြောင်အသွားရသည်။ ယဲ့ဖန်က ပြုံးနေကာ စပ်စုတတ်သည့်ကလေးငယ်လို ပြတင်းပေါက်မှ မြင်ကွင်းတွေကို ဝမ်းသာအားရ ကြည့်နေသည်။
သူ၏ တက်ကြွနေသော အမူအရာအရ လင်းလန် အရှိန်မြှင့်မောင်းတာနှင့် ပတ်သတ်၍ စိတ်ဆိုးသည့်ပုံ မပေါ်သလို သူမ မောင်းတာ နှေးသည်ဟုပင် စောဒကတက်ချင်နေပုံရသည်။
*ဒီကောင် နည်းနည်းလေးတောင် မကြောက်ဘူးပဲ*
လင်းလန် အသက်ရှူရပ်မတတ် ဖြစ်လာသည်။ ယဲ့ဖန် မကြောက်တာကြောင့် သူမ ကားကိုသာ အရှိန်လျော့ မောင်းလိုက်သည်။ ထိုစဉ် ယဲ့ဖန်၏နားသည် ဆတ်ခနဲ လှုပ်သွားကာ ကားနောက်မှ အသံကျယ်ကြီးကို ကြားလိုက်ရသည်။
“မဟုတ်ဘူး”
ယဲ့ဖန် မျက်နှာအမူအရာ ပြောင်းသွားကာ ကားစတီယာရင်ကို ဆွဲ၍ ဘယ်ဘက် ဆွဲလှည့်လိုက်သည်။ ကားက ဘယ်ဘက်သို့ ဆောင့်ကနဲ ရွေ့သွားသည်။ ထိုစဉ် သူတို့ကားဘေးနားမှ ပြိုင်ကားတစ်စီးက လှစ်ခနဲ ဖြတ်သွားသည်။
၅ စင်တီမီတာ!
ကားနှစ်စီးကြား ၅ စင်တီမီတာသာ ခြားသည်။ ယဲ့ဖန်သာ စတီယာရင်ကို ဆွဲ၍ ဘယ်ဘက်မလှည့်လိုက်ဘူးဆိုလျင် သူတို့ကားက ပြိုင်ကားတိုက်တာ ခံလိုက်ရပြီး အဝေးသို့ လွင့်သွားလောက်သည်။
လင်းလန် မှင်တက်မိကာ ဘာဖြစ်ခဲ့သလဲဆိုတာကို သတိပြုမိပြီး ဇောချွေးပြန်လာသည်။
*ဒါ…ဒါ အရမ်းအန္တရာယ် များတာပဲ*
လင်းလန် တုန်လှုပ်ကာ မျက်နှာလေး ဖြူရော်လာသည်။ ထိုအချိန်တုန်းက ယဲ့ဖန်သာ အချိန်မှီ မလုပ်ခဲ့ဘူးဆိုရင် နှစ်ယောက်သား ကားတိုက်ပြီး သေနေလောက်ပြီ ဖြစ်သည်။
လင်းလန် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သော်လည်း ယဲ့ဖန်ကတော့ ရှေ့ကိုသာ တည့်တည့်ကြည့်နေသည်။ Lamborghini တစ်စီးက လမ်းမကို ပိတ်ရပ်ထားသည်။
ထိုစဉ် ဆံပင်အဝါရောင်နှင့် ကောင်လေးနှစ်ယောက်က ဟားတိုက်အော်ရယ်ကာ လင်းလန်ကို လက်လှမ်းပြနေသည်။
“ဟေး … အလှလေး … မင်း ကားမောင်းတာ ကျွမ်းလှချည်လား။ ကိုယ်တို့နဲ့ ပြိုင်မောင်းမလား။ ကိုယ်တို့ မင်းကို အရင်ကျောပေးထားမယ်လေ။ ဆယ်မိနစ်ကြာမှ ကိုယ်တို့က စမောင်းမယ်။ ဘယ်သူ မြို့ထဲ အရင်ရောက်မလဲ ကြည့်ကြတာပေါ့”
“ဝိုး…မက်မွန်သီးလေးလိုပါပဲလား။ ကိုယ့်သူငယ်ချင်းကားကို လိုက်စီးပါလား။ ဒါ နောက်ဆုံးပေါ် ပြိုင်ကားနော်။ ကျန်းရှီမြို့မှာ ဒီလိုကားမျိုး တွေ့ရခဲတယ်နော်”
ထိုဆံပင်အဝါရောင်နှင့် ကောင်လေးနှစ်ယောက်က အတော်လေး အရှက်မဲ့သည်။ အထူးသဖြင့် သူတို့က သူမ၏ လှပသော မျက်နှာနှင့် ရင်ဘက်အား ရိုင်းစိုင်းစွာ ကြည့်နေကြသည်။
လင်းလန်၏ လှပသောမျက်နှာလေးက အတော်လေး စိတ်ဆိုးနေဟန် ပေါ်သည်။ ဒီသကောင့်သားနှစ်ကောင်ကြောင့် သူမ အခုလေးတင် သေတော့မလို ဖြစ်ခဲ့သည်မဟုတ်ပါလား။
“ထွက်သွားစမ်း”
လင်းလန် သူတို့ နှစ်ယောက်ကို အော်လိုက်သည်။ သို့သော် ထိုဆံပင်အဝါရောင်နှင့် ကောင်လေးနှစ်ယောက်က စိတ်ဆိုးသည့်ဟန်မပြဘဲ ယဲ့ဖန်ကိုသာ သရော်သည့် အကြည့်ဖြင့် ကြည့်နေသည်။
“အလှလေး… မင်းက တော်တော် လူကဲခတ် ညံ့တာပဲ။ ဘယ်လိုလုပ် ဒီလိုကောင်မျိုးကို မင်း ကြိုက်ရတာလဲ?”
“ဟုတ်ပါ့ကွာ… ဒီကောင်က ရုပ်လည်းမချော ပိုက်ဆံလည်း မရှိနဲ့။ သူ့ကို ပစ်ပြီး ကိုယ့်ဆီလာခဲ့ပါလား။ ကိုယ့်ဆီမှာဆိုရင် မင်း စားချင်သောက်ချင်တာ အားလုံး ရစေရမယ်”
ထိုဆံပင်အဝါရောင်နှင့် ကောင်လေးနှစ်ယောက်က ယဲ့ဖန်ကို အထင်သေးနေကြသည်။
သူတို့ စကားကြောင့် လင်းလန် တစ်ခုခု ပြန်ပြောရန် ဟန်ပြင်လိုက်စဉ် အရိုးကွဲမတတ် အေးစက်သောအသံ ထွက်လာသည်။
“ငါ့ကို တောင်းပန်ပါ”
*ဘာ*
ဆံပင်အဝါရောင်နှင့် ကောင်လေးနှစ်ယောက်က ဟားတိုက် ရယ်မောလိုက်သည်။
“ဟားဟား… ခင်ဗျား ခေါင်းမကောင်းဘူးလား? ခင်ဗျားကို ကျုပ်တို့ တောင်းပန်ဖို့ စိတ်ကူးယဉ်ရဲသေးတယ်နော်။ လုံးဝပဲ”
ဆံပင်အဝါရောင်နှင့် ကောင်လေးတစ်ယောက်က ယဲ့ဖန်ကို လက်ခလယ်ထောင်ပြကာ ပြောလာသည်။
“ဟီးဟီး…ကောင်စုတ်လေး… မင်းက ဒီဖိုးဖိုးကြီးကို မင်းကို ပြန်တောင်းပန်စေချင်တာလား။ မင်း ငါ့ကို အမှီလိုက်နိုင်ရင်တော့ ရမယ်။ ငါ့ရဲ့အကောင်းစား ပြိုင်ကားကို မင်းရဲ့ ကားစုတ်လေးနဲ့ မှီအောင်လိုက်လေ…ဟားဟားဟား… စောက်ရမ်း ရယ်ရတယ်ကွာ”
ထိုသို့ပြောပြီး ထိုဆံပင်အဝါရောင်နှင့် ကောင်လေးနှစ်ယောက်က အော်ရယ်ကာ လီဗာကို အားနှင့် ဖိနင်းလိုက်သည်။
အသံကျယ်ကြီးနှင့်အတူ ထိုပြိုင်ကားက ရှေ့သို့ထိုးတက်သွားကာ သူတို့ရှေ့မှ ပျောက်ကွယ်သွားသည်။
ဤသည်ကို ကြည့်ပြီး လင်းလန်က ဒေါသတကြီး စတီယာရင်ကို ထုရိုက်ကာ “ခွေးကောင်တွေ” ဟု ကျိန်ဆဲနေသည်။
သူမ မွဲခြောက်ခြောက်ကောင်နှစ်ကောင်ကြောင့် သေမလို ဖြစ်ပြီး သူတို့ လှောင်တာခံရလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။ သူမ အရမ်း ဒေါသထွက်နေသည်။
ထိုစဉ် ယဲ့ဖန်က တောက်ပနေသော မျက်လုံးများဖြင့် ရှေ့သို့ တည့်တည့်ကြည့်ကာ “မင်းတို့ အဲ့မှာ ရပ်ပြီး ငါ့ကို တောင်းပန်ခဲ့သင့်တယ်… သနားစရာပဲ… မင်းတို့က ငါ့ကို ဒူးထောက်ပြီး တောင်းပန်ချင်နေမှတော့ ငါ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ယဲ့ဖန် ကားပေါ်မှ ဆင်းကာ ကားစက်ဖုံးကို ဖွင့်လိုက်သည်။
*ဟင်*
လင်းလန် သူမ မြင်နေရသည့်အရာကြောင့် အံ့အားသင့်သွားသည်။
*သူ ဘာတွေ လုပ်နေတာလဲ။ ဧကန္တ သူ…*
ယဲ့ဖန် ပြောတာကို ပြန်အမှတ်ရပြီး သူမ ပေါက်ပေါက်ရှာရှာ တွေးလိုက်မိသည်။ “သူ တကယ်ကြီး ပြိုင်ကားကို အမှီလိုက်ချင်နေတာလား။ သူ…သူ ရူးနေပြီပဲ”
ကားစုတ်ကို ကြည့်ပြီး ဒီအကြံက ဘယ်လောက် ရူးမိုက်သည်ကို သူမ သတိပြုလိုက်မိသည်။
သို့သော် သူမ ကားပေါ်က ဆင်းလိုက်သည့်အခါ ယဲ့ဖန်က တကယ်ကြီး အင်ဂျင်စက်ကို ဖြုတ်နေသည်ကို သူမ တွေ့လိုက်ရသည်။
*သေလိုက်ပါတော့*
*သူ တကယ် ရူးနေပြီပဲ*