ထိုခံတပ်ကြီးမှာ လေပေါ်သို့ ပျံတက်သွားရုံလောက်သာဆိုပါက အံ့အားသင့်စရာကောင်းနေမည်မှာ အမှန်ပင်ဖြစ်ပါသော်လည်း လူတိုင်းအား ယခုလောက်အထိ ယောက်ယက်ခတ်သွားစေခဲ့မည် မဟုတ်ပေ။ ၎င်းမှာ လေထဲ၌ ရစ်ဝဲနေစဉ် ဝမ်ပေါင်လဲ့မှာ မန္တန်လက်ကွက်များ ဆက်တိုက်ဖော်လိုက်ပြီး သူ၏ခံတပ်ကြီးထဲမှ အစွမ်းအကုန်လုံးကို ထုတ်သုံးလိုက်တော့သည်။ သူသည် သူ၏ ထာဝရခံတပ်ကြီးထဲ၌ ထည့်သွင်းထားခဲ့သည့် နောက်ဆုံးတိုက်ကွက်ကြီးကို ထုတ်သုံးလိုက်ပြီဖြစ်သည်။
သားရဲစီးကြောင်းကြီးများ ချဉ်းကပ်လာနေစဉ်တွင် ထိုခံတပ်ကြီးမှာ လူတိုင်း၏ရှေ့၌ ချက်ချင်းဆိုသလိုပင် တစ်စစီ ဖြစ်သွား၏။
ထို့နောက် ထိုခံတပ်ကြီးထဲမှ စာရွက်ဆယ့်ကိုးရွက် ခွဲထွက်လာပြီး လေထဲ၌ ပျံ့လွင့်သွားကြ၏။ ထိုစာအုပ်ကြီး၏ အရှေ့အဖုံးနှင့် အနောက်အဖုံးတို့မှာလည်း ထိုနည်းတူပင်။ ၎င်းတို့မှာ လေထဲ၌ စက်ဝိုင်းပုံသဏ္ဌာန် လည်ပတ်နေကြပြီး စာရွက်များပေါ်တွင် ပေါင်လဲ့အမြောက်များနှင့် မီးနတ်ဘုရားအမြောက် အလက်ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာတော့သည်။ ထို့အပြင် အစောပိုင်းတိုက်ကွက်များထဲတွင် ပေါ်ပေါက်လာခဲ့သည့် အခြားသော ဓမ္မအဆောင်များမှာလည်း ထွက်ပေါ်လာ၏။
ထို တစ်စစီ ဖြစ်သွားသော ခံတပ်ကြီးမှာ နတ်ဘုရားလက်နက် နယ်မြေကြီး တစ်ခုလုံး၏ တစ်ဝက်နီးပါးအထိ လွှမ်းခြုံထား၏။ ၎င်း၏ အငွေ့အသက်များမှာ အောက်ဘက်တွင်ရှိနေသည့် သားရဲစီးကြောင်းကြီးအား ဖုံးလွှမ်းထားသည်။ နောက်ဆုံးတွင် ထိုခံတပ်ကြီးမှာ ၎င်း၏ အစွမ်းအကုန်လုံးကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်တော့သည်။
ထိုအခါ လေထုထဲ၌ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ကြီးမှာ တုန်ရီသွားရ၏။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များမှာလည်း စာရွက်များပေါ်တွင် အလျင်အမြန် ရွေ့လျားနေကြရင်း ဓမ္မအဆောင်များအား အလောတကြီးနှင့် ပြုပြင်ပေးနေကြ၏။ ထို့နောက် လူတိုင်းအား လက်ဖျားခါးသွားလောက်စေသည့် ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားတော့သည်။ စာရွက်များမှာ ၎င်းတို့ပေါ်တွင် ရှိနေကြသည့် ဓမ္မအဆောင်များ လုံးဝပြန်လည်ပြုပြင်၍ မရတော့သည့် အခြေအနေသို့ ရောက်သွားသောအခါတွင် ကောင်းကင်ပေါ်မှနေ၍ သားရဲအုပ်ကြီးများပေါ်သို့ ပြုတ်ကျလာကြပြီး အလိုအလျောက် ပျက်စီးပေါက်ကွဲသွားကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အလိုအလျောက် ပျက်စီးပေါက်ကွဲနိုင်သည့် ကမ္ဗည်းစာလုံးများအား ရရှိရန် အချိန်အများကြီးပေးခဲ့ရ၏။ ထိုပေါက်ကွဲမှုများမှာ အလွန်အင်မတန်မှ အားကောင်းနေပြီး ထိုပြင်းအားများမှာ အပြင်ဘက်သို့ လှိုင်းလုံးကြီးများအဖြစ် ပျံ့ထွက်သွားကြ၏။ ထိုပေါက်ကွဲမှုကြီးမှာ ပေါင်လဲ့အမြောက် အလက်ပေါင်း ရာပေါင်းများစွာနှင့် ကုန်ကြမ်းပစ္စည်း အမြောက်အမြားအသုံးပြုကာ တည်ဆောက်ထားသည့် စာရွက်များ ပျက်စီးသွားရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့ထဲ၌ ရှိနေကြသည့် ကမ္ဗည်းစာလုံးများမှာ ဘေးပတ်ပတ်လည်ရှိ လေထုထဲမှ ဝိညာဉ်ချီများအား သွေးရူးသွေးတန်း စုပ်ယူလိုက်ကြပြီးနောက် ၎င်းတို့မှာ အလိုအလျောက် ပေါက်ကွဲသွားကြခြင်း ဖြစ်သည်။ ထိုပေါက်ကွဲမှုများမှာလည်း ဝမ်ပေါင်လဲ့၏ အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။
ထိုသို့ဖြင့် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးများနှင့်အတူ စာရွက်ကြီးတစ်ရွက်မှာ ပေါက်ကွဲသွားသဖြင့် သားရဲစီးကြောင်းကြီးမှာ အရှိန်အဟုန်ဖြင့် ပြေးလာနေရာမှ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဒုတိယမြောက် စာရွက်ကြီးမှာလည်း တိုက်ပွဲထဲ၌ ဆက်လက်ဆင်နွှဲနိုင်စွမ်း မရှိတော့သောကြောင့် သားရဲအုပ်ကြီးပေါ်သို့ ပြုတ်ကျလာ၏။ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက်စာရွက်များမှာလည်း အလားတူပင် ပြုတ်ကျလာကြသောကြောင့် ပေါက်ကွဲမှုများ ဆက်တိုက်တိုသလို ထွက်ပေါ်လာကြတော့သည်…
ဝမ်ပေါင်လဲ့မှာ ရူးသွပ်လုမတတ် ဖြစ်နေပြီဖြစ်သည်။ ဤအခိုက်အတန့်မှာ သူ၏ အနိုင်အရှုံးအား ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းကို သူက သိရှိထား၏။ ထို့အပြင် ဤ အခိုက်အတန့်မှာ အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန်ရာထူးကိုလည်း ဆုံးဖြတ်ပေးမည့် အခိုက်အတန့်လည်း ဖြစ်သည်။ အရာအားလုံးမှာ သူ လီယီထက် အချိန်ပိုကြာအောင် တောင့်ထားနိုင်စွမ်း ရှိမရှိပေါ်တွင် မူတည်နေ၏။
သူသည် လီယီအား အကဲခတ်နေရန် အချိန်လည်းမရှိတော့သလို အားအင်လည်းမရှိတော့ပေ။ အသက်တမျှအရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခံတပ်ကြီးအား ဆက်လက်ထိန်းချုပ်နေရ၏။ သူ၏နားထဲတွင် ပေါက်ကွဲသံများနှင့် ထိုအသံများ၏ အောက်တွင် တိမ်မြုပ်သွားသော သားရဲကြီးများ၏ အော်ဟစ်မြည်တမ်းသံများကိုသာ အဆက်မပြတ် ကြားနေရတော့သည်။
ထိုသို့ဖြင့် နဝမမြောက်စာရွက်ကြီး ပြုတ်ကျသွားပြီးနောက် ဆယ့်လေးရွက်မြောက် စာရွက်ကြီးအထိ တစ်ရွက်ပြီးတစ်ရွက် ပြုတ်ကျသွားသဖြင့် မြေပြင်ကြီးမှာတုန်ရီသွား၏။ ပြည်ထောင်စုကြီးထဲမှ တိုက်ရိုက်ကြည့်ရှုနေကြသည့် ပွဲကြည့်ပရိသတ်များများမှာမူ ဆွံ့အနေကြရပြီဖြစ်သည်။ သူတို့မှာ ဦးရေခွံများ ထုံကျဉ်နေကြပြီး မျက်လုံးများပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေရတော့သည်။
သို့သော် အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်သို့ရောက်နေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့နှင့် လီယီတို့ နှစ်ယောက်စလုံးမှာ အစွမ်းကုန်ထုတ်နေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ စာအုပ်ကြီးထဲတွင် စာရွက်နှစ်ရွက်သာ ကျန်ရှိတော့သည်ဖြစ်ပြီး လီယီ၏ စခန်းထဲကို သားရဲကြီးများက ကျူးကျော်ဝင်ရောက်လာကြပြီ ဖြစ်သည်။ သားရဲအုပ်ကြီးများမှာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်နေကြသော မျက်ဝန်းများဖြင့် လီယီ၏ အစေခံများဆီသို့ ပြေးလာနေကြ၏။ အမြုတေအဆင့် သားရဲကြီးနှစ်ကောင်မှာမူ လီယီဆီသို့ ပြေးလာနေပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း အလားတူပြဿနာမျိုး ကြုံတွေ့လိုက်ရ၏။ အမြုတေအဆင့် သားရဲကြီးနှစ်ကောင်မှာ သူ့ဆီသို့ တဟုန်ထိုး ပြေးလာနေ၏။ ၎င်းတို့ အနားသို့ရောက်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး အသံကုန်အော်ဟစ်ကာ သူ၏ သိုလှောင်လက်ကောင်အား ပုတ်လိုက်၏။ ထိုအခါ ချပ်ဝတ်တန်ဆာတစ်စုံ ပြန်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ ဖုံးလွှမ်းသွားသည်။ ထို့နောက် သူသည် သူ၏ ဓမ္မလက်နက်ကြီးအား ကိုင်စွဲကာ သူ့ဆီသို့ ပြေးလာနေသည့် အမြုတေအဆင့် သားရဲကြီးနှစ်ကောင်အား လှမ်းခုတ်လိုက်တော့သည်။
ထိုအခါ ပေါက်ကွဲသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာများမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ ထို့နောက် သူသည် သွေးတစ်ပွက် အန်ထွက်လာပြီး အသားများ တုန်ရီသွားရ၏။ သူ၏ မျက်နှာတစ်ခုလုံးမှာ ဖြူဆုတ်နေပြီဖြစ်သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အံကြိတ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် လေထဲ၌ သူ၏လက်ကို ဝှေ့ယမ်းကာ ခြင်ကိုးကောင်အား ဆင့်ခေါ်လိုက်သည်။ သူသည် ကျောက်စိမ်းပေလွှာအား ချေမွလိုက်ခြင်းမရှိဘဲ တောင့်ခံနေဆဲပင်။ ထိုအချိန်တွင် လေထဲရှိ နောက်ဆုံးစာရွက်နှစ်ရွက်မှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြတော့သည်။
လီယီမှာလည်း အံကြိတ်ကာ အသက်လု၍ တိုက်ခိုက်နေရ၏။ သူမသည် အမြုတေအဆင့် သားရဲကြီးများ၏ တိုက်ကွက်များကို ခုခံနိုင်ရန် ဧရာမသစ်ပင်ကြီးက သူမအား ပေးအပ်ခဲ့သည့် အရေးပေါ်သုံး အသက်ကယ်မန္တန်အစီအရင်ကြီးကို မှီခိုနေရပြီဖြစ်သည်။ ထို့နောက် သူမသည် အချိန်အနည်းငယ်ခန့်ထပ်၍ တောင့်ခံနိုင်ရန် မျှော်လင့်ရင်း မြို့တော်ထဲတွင် ကျန်ရှိနေသေးသည့် လက်ကျန်စွမ်းအားများကို ထုတ်လွှတ်ကာ ခုခံတွန်းလှန်ရန် ပြင်လိုက်ပြန်သည်။
လီယီနှင့် ဝမ်ပေါင်လဲ့တို့ နှစ်ယောက်စလုံးမှာ အကြံကုန်နေကြပြီဖြစ်သည်။ အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်ကြီးဆီသို့ ရောက်နေပြီဖြစ်ရာ အချိန်ကြာကြာပို၍ တောင့်ခံနိုင်မည့်လူအား စောင့်ကြည့်ရတော့မည်ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုများအား ကြည့်ရှုနေကြသည့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များနှင့် နိုင်ငံရေးအင်အားစု အသီးသီးမှလူများမှာ အသက်များအောင့်ထားကြပြီး မျက်တောင်မခပ်ရဲလောက်အောင်ပင် ဖြစ်နေကြ၏။
ယခုလက်ရှိတွင် နောက်ဆုံး၌ အနိုင်ရရှိသွားမည့်လူကို တာအိုကျောင်းလေးကျောင်းပင်လျှင် အတိအကျ ဆုံးဖြတ်နိုင်စွမ်း မရှိသေးပေ။
” တိုက်ခိုက်လိုစိတ် ဘယ်လောက်ပြင်းပြသလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်နေမှာပဲ ” ထိုတိုက်ပွဲကြီးအား ကြည့်ရှုနေကြသည့် လူတိုင်းမှာ ထိုကဲ့သို့ နှလုံးသွင်းထားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုကဲ့သို့ ကောက်ချက်ချပြီးသွားပြီဖြစ်သည်။ သူသည် လီယီ၏ ပတ်ပတ်လည်တွင် ရှိနေသော မန္တန်အစီအရင်ကြီးကိုလည်း အကဲခတ် ကြည့်ရှုနေခဲ့၏။ ထို့ကြောင့် သူသည် ငွေအင်အား၊ လူအင်အားအပိုင်းတွင် တာအိုကျောင်းလေးကျောင်းနှင့် ဧရာမသစ်ပင်ကြီးတို့၏ ကူညီထောက်ပံ့မှုကို ရရှိထားသော လီယီအား လုံးဝမယှဉ်နိုင်သေးကြောင်းကို သိထား၏။
ထို့ကြောင့် အံ့ဖွယ်ဖြစ်ရပ်ကြီးတစ်ခုခု ဖြစ်မလာပါက သူသည် သေချာပေါက် ရှုံးနိမ့်ရတော့မည်ဖြစ်သည်။
သူသည် ပင်ပန်းကြီးစွာ ကြိုးစားခဲ့ပြီးမှ ခရီးအရှည်ကြီး ရောက်လာခဲ့ရသည်ဖြစ်ရာ အလွယ်တကူ အရှုံးပေးလိုက်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် အသက်ရှူသံများ မြန်လာပြီး သူ၏မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင််များ ဖျတ်ခနဲလက်သွား၏။
” လီယီ ” ဝမ်ပေါင်လဲ့မှာ လေပေါ်သို့ခုန်တက်သွားလိုက်ပြီး လီယီအား လှမ်း၍ အော်ခေါ်လိုက်၏။ အမြုတေအဆင့် သားရဲကြီးနှစ်ကောင်မှာမူ စာရွက်များ၏ တစ်ပြိုင်နက်တည်း ပေါက်ကွဲမှုများကြောင့် တစ်ခဏမျှ တားဆီးခံလိုက်ရ၏။
ဧရာမသစ်ပင်ကြီးက သူမအား ပေးအပ်ခဲ့သည့်မန္တန်အစီအရင်အား အသုံးပြုကာ အမြုတေအဆင့် သားရဲကြီးနှစ်ကောင်အား ရင်ဆိုင်တိုက်ခိုက်နေရသော လီယီမှာ ဝမ်ပေါင်လဲ့၏ အော်ခေါ်သံကို ကြားလိုက်ရသောအခါ နောက်သို့လှည့်ကြည့်လိုက်၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ တည်နေရာပြောင်းရွှေ့ခြင်း ကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်သည်ကို သူမက မြင်လိုက်ရ၏။
ထို ကျောက်စိမ်းပေလွှာလေးမှာ ကြေမွသွားသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အနီးအနားတစ်တိုက်တွင် ရှိနေသော အရာရာတိုင်းအား အဝေးသို့ ပို့လိုက်မည်သာ ဖြစ်သည်။ လီယီမှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသောအခါ အသက်ရှူသံများ မြန်ဆန်သွားတော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနေကြသော ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များသာမက နိုင်ငံရေးအင်အားစုအသီးသီးမှ အဖွဲ့ဝင်များနှင့် တာအိုကျောင်းမျာမှ ဂိုဏ်းချုပ်ကြီးများနှင့် အဖွဲ့ဝင်များအပြင် ကျင့်သိုကျစ်နှင့် မြူခိုးတောင်ကျောင်းမှ အခြားသူများမှာမူ…
ဝမ်ပေါင်လဲ့အား တစ်ပြိုင်နက်တည်း ကြည့်မိလိုက်ကြ၏။ သူတို့ထဲမှအချို့၏ မျက်နှာအမူအရာများမှာ အံ့ဩတုန်လှုပ်နေကြသည့်ပုံ ပေါက်နေပြီး အချို့မှာမူ လှောင်ပြောင်ရယ်မောနေကြသည့်ပုံစံ ပေါက်နေသလို အချို့သောသူများမှာလည်း စိတ်အေးသွားရသည့်ပုံ ပေါက်သွားကြသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အသံအကျယ်ကြီး အော်ဟစ်ရယ်မောလိုက်ပြီးနောက် ထို တည်နေရာပြောင်းရွှေ့ခြင်း ကျောက်စိမ်းပေလွှာလေးအား အမြုတေအဆင့် သားရဲကြီးတစ်ကောင်ဆီသို့ လှမ်းပစ်လိုက်တော့သည်။
ထို ကျောက်စိမ်းပေလွှာလေး ထိုသားရဲကြီး၏ အနားသို့ ရောက်သွားသောအခါ ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်ကာ သူ၏ဓားကြီးဖြင့် လှမ်းခုတ်လိုက်၏။ ထိုအခါ ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ သူ၏ဓားထဲမှ ထွက်ပေါ်လာသောအလင်းတန်းကြီးမှာ ထိုကျောက်စိမ်းပေလွှာလေး၏ နောက်သို့ လိုက်သွား၏။ ထို့နောက် ထိုပေလွှာလေး အမြုတေအဆင့် သားရဲကြီးဆီသို့ ရောက်သွားသည့်အချိန်တွင် ထိုအလင်းတန်းလေးမှာ ၎င်းအား ရိုက်ခတ်သွားတော့သည်။ ထိုအခါ ထိုပေလွှာလေးမှာ ဓားအလင်းတန်း၏ ပိုင်းဖြတိခြင်းကို ခံလိုက်ရသောကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။
ထိုကဲ့သို့ ကြေမွသွားသောအခါ တည်နေရာရွှေ့ပြောင်းခြင်း မန္တန်မှာလည်း အသက်ဝင်လာ၏။ ထိုမန္တန်ကြီးမှာ နောက်သို့ထွက်ပြေးနိုင်ရန် ကြိုးစားရုန်းကန်နေသည့် သားရဲကြီးအား လွှမ်းခြုံသွားတော့သည်။ ထို့နောက် မျက်စိကြိမ်းစရာကောင်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုသားရဲကြီးမှာ ပျောက်ကွယ်သွားတော့သည်။ ၎င်းမှာ အခြားတစ်နေရာသို့ ပို့ခံလိုက်ရပြီ ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ အံ့သြတုန်လှုပ်သွားရ၏။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ လုပ်လိုက်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့၏ ရဲတင်းလွန်းလှသော လုပ်ရက်ကြီးကြောင့် ကယောင်ချောက်ချား ဖြစ်နေကြတော့သည်။
သူသည် ကိုယ်သေတွင်းကိုယ်တူးနေသည် မဟုတ်ပါလော။
” ဝမ်ပေါင်လဲ့ ” ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရပြီးနောက် မြေကြီးပေါ် ခြေစောင့်ချလိုက်၏။ သူသည် စိုးရိမ်သောက ရောက်နေရပြီဖြစ်သည်။ မဟာထိပ်သီး အကြီးအကဲကြီးမှလည်း ကျောင်းထဲ၌ ထိုပြိုင်ပွဲအား ကြည့်ရှုနေ၏။ သူသည် ပြိုင်ပွဲတစ်လျှောက်လုံး မှတ်ချက်တစ်ခုတလေပင် မပေးခဲ့ပါသော်လည်း ယခုတွင်မူ တအံ့တဩ ဖြစ်သွားရ၏။
ကောင်းကင်တာအိုကျောင်းသာမက အခြားသော နိုင်ငံရေးအင်အားစုများကပါ ဝမ်ပေါင်လဲ့၏ လုပ်ရပ်ကြီးကြောင့် ဆွံ့အမှင်တက်သွားရ၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ လူများမှာဆိုလျှင် ရုတ်တရက်ဆိုသလို ပင့်သက်ရှိုက်မိသွားကြသည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်ဖွယ် ကောင်းလှသော ဆုံးဖြတ်ချက်ပြတ်သားမှုကြီးကြောင့် တုန်လှုပ်ချောက်ချားသွားရ၏။
အခြားသူများအပေါ် ရက်စက်ကြမ်းကြုတ်ရသည်စွာ ပြုမူရသည်မှာ လွယ်ကူသောအရာတစ်ခု ဖြစ်ပါသော်လည်း မိမိကိုယ်ကိုယ် ထိုကဲ့သို့ ရက်ရက်စက်စက် ဆက်ဆံပြုမူနိုင်သည့် လူအရေအတွက်မှာ မရှိသလောက် နည်းပေသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့လုပ်ပြလိုက်သည် ဖြစ်ရာ ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ဆွံ့အမှင်တက်သွားရတော့သည်။ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ပင်လျှင် အထိတ်တလန့်ဖြစ်သွားရ၏။ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံကြီးမှာမူ မျက်နှာထား တင်းမာနေပြီး နှုတ်ဆိတ်နေ၏။ သူမသည် တည်နေရာပြောင်းရွှေ့ခံလိုက်ရသည့် အမြုတေအဆင့် သားရဲကြီးနှင့် ပတ်သက်၍ စိတ်ပူနေခြင်းမရှိပေ။ ၎င်းမှာ ဆန်ခါတင်တစ်ယောက် မဟုတ်သောကြောင့် အင်္ဂါဂြိုဟ်၏ မန္တန်အစီအရင်ကြီးထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်မဟုတ်ပေ။ ၎င်းမှာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အတွင်းတွင် မန္တန်အစီအရင်ကြီးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီဆုတ်ဖြဲခံလိုက်ရမည်သာ ဖြစ်သည်။
လီယီမှာလည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရ၏။ သူမမှာ အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာပြီး အံ့သြတုန်လှုပ်နေသည့် မျက်နှာအမူအရာဖြင့် အသံအကျယ်ကြီး ပင့်သက်ရှိုက်မိလိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ နင်က ရူးနေတာပဲ ”
ဝမ်ပေါင်လဲ့မှာမူ ကောင်းကင်ကြီးအား မော့ကြည့်ကာ အသံအကျယ်ကြီး အော်ဟစ်ရယ်မောလိုက်၏။ သူသည် သူ၏ ဓားရှည်ကြီးအား လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ကောင်းကင်ယံထဲတွင်လည်း စာမျက်နှာများမှာ အဆက်မပြတ် လည်ပတ်ကာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲနေကြဆဲပင်။ ထိုအချိန်တွင် သူ၏စကားသံကြီး ထွက်ပေါ်လာပြီး လေထုထဲ၌ ပဲ့တင်ထပ်သွား၏။
” လီယီ။ ငါက ဒီပြိုင်ပွဲထဲကနေ ထွက်သွားဖို့အစီစဉ်မရှိဘူး။ နင် သတ္တိရှိတယ်ဆိုရင် ငါလုပ်သလို လိုက်လုပ်လိုက်။ အဲလိုမှ မဟုတ်ရင်တော့ အရင်လို ကလေးလေးတယောက်လိုပဲ ပြန်လုပ်နေလိုက်တော့ ”
ထို့နောက် ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက်ဓါးရှည်ကြီးထဲမှ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ သူသည် ကောင်းကင်ယံထဲရှိ စာရွက်များနှင့် ချိန်သားကိုက် လှုပ်ရှားလိုက်ပြီး အမြုတေအဆင့် သားရဲကြီးအား တိုက်ခိုက်လိုက်သည်။ သူသည် ထိုသားရဲကြီးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေခြင်း မရှိသည့်အပြင် သူ၏ခံတပ်ထဲမှ စာရွက်များ၏ အကူအညီများကို ရရှိထားသည့်တိုင်အောင် ထိုသားရဲကြီးအား မယှဉ်နိုင်သေးပေ။ သို့သော် သူသည် အလွန်သန်မာသော အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သူ၏ ဒဏ်ရာများထဲမှ သွေးများစီးကျလာပြီး သူသည် သနားစရာကောင်းသည့် အခြေအနေသို့ ရောက်နေသည့်တိုင်အောင် တောင့်ခံထားဆဲပင်။ ထို့အပြင် နောက်ဆုံးအခိုက်အတန့်သို့သာ ရောက်လာပါက ဂါထာတော်အား ရွတ်ဖတ်လိုက်ရန် စိတ်ထဲ၌ တွေးတောနေ၏။ ထိုသို့ ရွတ်ဖတ်လိုက်မည်ဆိုလျှင် သူ၏ ကြောက်မတ်ဖွယ်ရာ အငွေ့အသက်များကို အနည်းငယ်ခန့်ထပ်၍ ထုတ်လွှတ်နိုင်သွားမည် ဖြစ်သည်။
မြည်းလေးမှာလည်း ရူးသွပ်လုမတတ် ဖြစ်နေပြီး မျက်လုံးများ ရဲရဲနီနေ၏။ ၎င်းမှာ ပြေးလွှားလှုပ်ရှားရင်း ၎င်း၏ရှေ့သို့ ရောက်လာသော သားရဲကြီးများအားလုံးကို လိုက်ကိုက်နေတော့သည်။
လီယီ၏ မျက်နှာအမူအရာမှာ အကျည်းတန် ရုပ်ဆိုးနေရပြီ ဖြစ်သည်။ သူမသည် ဝမ်ပေါင်လဲ့အတိုင်း ဘုရင့်နောင်ဖောင်ဖျက် လုပ်ချင်နေပါသော်လည်း သတ္တိမရှိသောကြောင့် မပြတ်မသားဖြစ်နေရ၏။ ထိုကျောက်စိမ်းပေလွှာလေးသာ မရှိတော့လျှင် သူမ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံတွေ့ရလိုက်ရမည်ဆိုပါက သူမကိုယ်သူမ ချက်ချင်းကယ်တင်နိုင်တော့မည် မဟုတ်ကြောင်းကို သူမက နားလည်ထားသည်။ ဘုရင်ခံနှင့် အပေါင်းအပါများမှာ ထိုနေရာသို့ ရောက်လာနိုင်ပါသော်လည်း အချိန်အတိုင်းတာတစ်ခုအထိ စောင့်ရမည်သာ ဖြစ်သည်။ ယခုကဲ့သို့သော အခိုက်အတန့်မျိုးတွင် အချိန်ဆိုသောအရာမှာ လူတစ်ယောက်၏ သေရေးရှင်းရေးအား အဆုံးဖြတ်ပေးနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။
ထို့ကြောင့် သူမ၏ တိုက်ခိုက်လိုစိတ်များမှာ တဖြည်းဖြည်းနှင့် ယုတ်လျော့လာရတော့သည်။ အမြုတေအဆင့် သားရဲကြီးနှစ်ကောင်၏ တိုက်ခိုက်မှုကြောင့် သူမ၏ မန္တန်အစီအရင်ကြီးမှာလည်း ပျက်စီးသွားတော့မည့် အရိပ်အယောင်များ ပေါ်လာပြီဖြစ်သည်။ ၎င်း၏ မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာပြီဖြစ်ရာ ၎င်းမှာ ပြိုလဲပျက်စီးသွားတော့မည် ဖြစ်သည်… အကယ်၍ လီယီမှာ တိုက်ခိုက်လိုစိတ်များ ပြင်းပြနေဆဲဖြစ်ပြီး ထွက်ပြေးနိုင်ခွင့် မရှိတော့သည့် အခြေအနေသို့ ရောက်နေမည်ဆိုလျှင် အသက်ပေး၍ ဆက်လက်တိုက်ခိုက်နေဦးမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ လီယီမှာ ထိကြောက်စိတ်များ မွှန်နေသောကြောင့် မန္တန်အစီအရင်ကြီး ပေါက်ကွဲပျက်စီးသွားပြီး အမြုတေအဆင့် သားရဲကြီးနှစ်ကောင် သူမအား လှမ်း၍ ခုန်အုပ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူမ၏လက်ထဲ၌ တစ်ချိန်လုံး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သော ကျောက်စိမ်းပေလွှာလေးအား မသိစိတ်မှနေ၍ ချေမွမိလိုက်၏။ ထိုအခါ သူမမှာ ချက်ချင်းဆိုသလိုပင် တည်နေရာ ပြောင်းရွှေ့ခံလိုက်ရတော့သည်။
ထို့ကြောင့် သူမမှာ ပြိုင်ပွဲထဲမှ နုတ်ထွက်သွားရပြီဖြစ်သည်။
စစ်မြေပြင်ပေါ်တွင် နောက်ဆုံးဆန်ခါတင်တစ်ယောက်သာ ကျန်ရစ်ခဲ့၏။ ထိုဆန်ခါတင်မှာ ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲကြီးမှာ ပြီးဆုံးသွားပြီဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ အပြတ်အသတ် အနိုင်ရရှိသွားပြီဖြစ်သည်။