အခန်း ( ၅၈ )

မုန်ယိုနေသော သားရဲကောင်၏တိုက်ပွဲ

မိုးများမှာ သည်းထန်စွာရွာသွန်းနေပြီး မိုးများချိန်းကာ ကောင်းကင်တခွင်တွင် လျှပ်စီးများက တဖျပ်ဖျပ်လက်နေပြီး လောကကြီးမှာ မှောင်လိုက် လင်းလိုက်ဖြစ်နေသည်။

ခပ်လှမ်းလှမ်းမှ လှမ်းကြည့်လျှင် ထိုမြင်ကွင်းတစ်ခုလုံးမှာ မိုးမြူမှုန်များဖြင့်် မှိုင်းညှို့နေကာ လွမ်းဆွေးဖွယ်ကောင်းလှပေသည်။

ပိုင်ရှောင်ချန်းသည်ကား တတ်နိုင်သလောက် အစွမ်းကုန်ပြေးလွှားရင်း အသားများမှာ တဆတ်ဆတ်တုန်ရီနေသည်။ လမ်းတစ်လျှောက်တွင် အတားအဆီးများပေါ်လာပါက မြေကြီးကိုခြေဖြင့်ဆောင့်ကာ လေထဲသို့ ခုန်ခုန်တက်သွားသည်ကို မြင်န်ိုင်သည်။ သူသည် လေးကြိုးကနေလွှတ်လိုက်သော မြှားတစ်ချောင်းအလား လေကိုခွင်းကာ ပြေးလွှားနေသည်။

” အသက်ရှင်မှရမယ်။ ခင်ဗျားတို့တွေ… အသက်ရှင်မှရမယ်နော်….” သူ၏ စိတ်ထဲတွင် တုလင်ဖေးနှင့် ဟိုယွင်ဖေးတို့၏ ပုံရိပ်များပေါ်လာသောအခါ သူက ထိုစကားလုံးများကိုသာ ရေရွတ်နေမိတော့သည်။

သေမင်း၏ အရိပ်မည်းကြီးမှာ မိုးရေစက်များနှင့်အတူ သူ၏ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံထားသဖြင့် သူ့အမြင်တွင်အရာလုံးက အေးစက်အသက်မဲ့နေတော့သည်။

ထိုအချိန်တွင် လူရိပ်၉ခုကာ သူ့ဆီသို့ အရပ်မျက်နှာပေါင်းစုံကနေ အပြေးလာနေကြသ​ည်။ သူနှင့်အဝေးဆုံးလူက ချိန်ဟန်ဖြစ်သော်လည်း သူကအမြန်ဆုံးပင်ဖြစ်သ​ည်။ သူက မိုးရေစက်များကို ဓားတစ်ချောင်းအလား ဖောက်ထွက်လာပြီး အလင်းတန်းပမာဖြစ်နေသည်။ သူ၏အရှိန်မှာပို၍ မြန်မြန်လာသဖြင့် ထစ်ချုန်းသံများပင် ပဲ့တင်ထပ်နေတော့သည်။

” မင်းလွတ်မှာမဟုတ်ဘူး။ ဘယ်သူမှ ငါတို့ခေါင်းဆောင်ရဲ့ မန္တန်အစီအရင်ထဲက လွတ်အောင်မပြေးနိုင်ဘူး။” သူက သတ်ဖြတ်လိုသောစိတ်များပြည့်နှက်နေသည့် မျက်လုံးများနှင့်ကြည့်ကာ လှမ်းအော်ပြောလိုက်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသား၃ယောက်သည် သူ့ဆီမှရက်ပေါင်းများစွာရှောင်တိမ်းကာ သူတို့ခေါင်းဆောင်၏ မန္တန်အစီအရင် အစွန်းနားထိပင် ရောက်အောင်သွားနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားပေ။ ယခုသူတို့အဖွဲ့ လိုက်ဖမ်းနေသော ဂိုဏ်းသားက ချိန်ယွဲ့ကိုသာမက ကျန်လောချိန်မျိုးနွယ်စုဝင်များကိုပါ သတ်ဖြတ်ခဲ့သည်အထိ အစွမ်းထက်သောကျင့်ကြံခြင်းအခြေခံတစ်ခုရှိသည်ကို သူသိလိုက်သည်။

ချိန်ဟန်က ထိုသူမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတောင်ဘက်ပိုင်းမှာ ကျော်ကြားသောလက်ရွေးစင်တစ်ယောက်ဖြစ်ပြီး ရှန်ကွမ်းထျန်ယုံ သို့မဟုတ် လုထျန်းလဲ့ တစ်ယောက်ယောက်ပင်ဖြစ်ရမည်ဟု ထင်မှတ်သွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ဘက်ခြမ်း၏ ကိစ္စရပ်များကို မြောက်ဘက်ခြမ်းက ဝင်ရောက်စွပ်ဖက်လေ့မရှိသောကြောင့်ပင်ဖြစ်သည်။

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ လက်ရွေးစင်တဲ့လား….” ချိန်ယွဲ့က ပြိုင်ဘက်ကောင်းတစ်ယောက်တွေ့ပြီဆိုသော အတွေးဖြင့် မျက်လုံးများမှာ တလက်လက်တောက်ပနေပြီး ကျေနပ်နေသ​ည်။

မိုးချုန်းသံများအကြားတွင် ပိုင်ရှောင်ချန်းမှာ အံကိုကြိတ်ကာ ပြေးနေဆဲပင်။ သူ့၏ စိတ်စွမ်းအင်မှာ လျှင်မြန်စွာကုန်ခမ်းနေပြီး သူသည် ဟောဟဲဆိုက်နေတော့သည်။
မိုးရေများကြောင့် ပတ်ဝန်းကျင်ကိုပင် ကောင်းကောင်းမမြင်ရတော့ပေ။ ကောင်းကင်နှင့် ကမ္ဘာကြီးကို ကမ္ဘာဦးအစက သားရဲတိရစ္ဆာန်ကြီးတစ်ကောင်ကများ မျိုချထားသလားဟူ၍ပင် သူကတွေးနေတော့သည်။

ပိုင်ရှောင်ချန်းက ရုတ်တရက် နီမြန်းနေသောမျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ သူကြည့်နေသောအရာမှာ အရှေ့မီတာဒါဇင်အနည်းငယ်အကွာတွင် မ​ငြိမ်မသက်ဖြစ်နေသော မိုးရေစက်များကိုပင်ဖြစ်သ​ည်။ မရေမတွက်နိုင်သော မိုးရေစက်များပေါက်ကွဲကာ ပိုင်ရှောင်ချန်းဆီသို့ လွင့်စင်လာသောအခါ တဖောက်ဖောက်မြည်သံများထွက်လာသည်။

ထိုမိုးရေစက်များ၏နောက်တွင်ကား ပိုင်ရှောင်ချန်းကိုတားဆီးရန် ရောက်ရှိလာသော ပထမဆုံးလောချိန်မျိုးစုဝင် တစ်ယောက်ပင်ဖြစ်သည်။.

ထိုလူမှာ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး မျက်နှာပေါ်ရှိ အရုပ်ဆိုး​သော အမာရွတ်ကြီးကြောင့် သူ၏ပုံစံမှာ ကြမ်းကြုတ်လွန်းလှသည်။ ထို့အပြင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချီစုစည်းမှုအဆင့်ခုနစ်၏ စက်ဝန်းထဲသို့ ရောက်နေပြီဖြစ်သည်။ သူသည် တိုက်ပွဲသုံး ဧရာမပုဆိန်ကြီးကို ညာလက်ဖြင့်ကိုင်မြှောက်ရင်း ပိုင်ရှောင်ချန်းဆီသို့ ပြေးလာနေသည်။ အနီးသို့ရောက်သောအခါ သူကပုဆိန်လက်ကိုင်ကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ လေထဲသို့ပင့်တင်လိုက်ပြီး ပိုင်ရှောင်ချန်းကို ခုတ်လိုက်လေသည်။

” ရှေ့တစ်လှမ်းတောင်ထပ်တိုးဖို့ မတွေးနဲ့ ” ထိုလူက မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောလေသံဖြင့် အော်လိုက်သည်။

ပိုင်ရှောင်ချန်းကမူ တွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ ပုဆိန်သူ့ပေါ်သို့ကျလာသောအခါ သူ၏ဘယ်ဖက်လက်ကိုထုတ်၍ ပုဆိန်ကိုလှမ်းကာဖမ်းဆုတ်ရန်ပြင်လိုက်သည်။

ထိုလူကြီးက အေးစက်စွာရယ်မောလိုက်ပြီး သူ၏လက်ထဲသို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို စီးဆင်းစေလိုက်သောအခါ ပုဆိန်ကြီးက အသံပေါင်းစုံမြည်ရင်း ပိုင်ရှောင်ချန်းကို ခုတ်လိုက်သ​ည်။

ပိုင်ရှောင်ချန်းကသူ၏ဘယ်လက်ကို ဆန့်ထုတ်လိုက်သောအခါ သူ၏ထာဝရသံမဏိအရေပြားပေါ်ထွက်လာပြီး အနက်ရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲပေါ်လာသ​ည်။ ပုဆိန်၏အသွားနှင့်ထိမိသွားချိန်တွင် သူဘယ်လက်မှာ မဲမှောင်နေပြီဖြစ်သည်။

ပိုင်ရှောင်ချန်း၏ဘယ်လက်က အံ့သြဖွယ်အင်အားတစ်ခုဖြင့် ပုဆိန်ကို ဆုပ်ကိုင်လိုက်သောအခါ ဘုန်းဟူသည့်မြည်သံ ပေါ်ထွက်လာပြီး ဘေးနားရှိမိုးရေများများမှာ တုန်ခါပြီး ​ပေါက်ကွဲကာ မြူမှုန်များအဖြစ် ပြောင်းလဲသွားသည်။

သူ၏လက်မှာနာကျင်မှုကိုခံစားလိုက်ရပြီး သွေးများစီးကျလာသည်။ သို့သော်လည်း ထာဝရသံမဏိအရေပြား၏အစွမ်းကြောင့် အနည်းငယ်ထိခိုက်မိရုံမှလွဲ၍ လက်မှာဘာမှ မဖြစ်ချေ။.

ထို အသက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုံ့သွားပြီး ပုဆိန်ကိုပြန်ရုတ်ရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏လက်မှာ ​ပြုတ်တူဖြင့်ညှပ်ထားသည့်အလား ထိုပုဆိန်ကြီးကို မလွှတ်တန်းဆုပ်ကိုင်ထားတော့သည်။ ထိုလူကြီး မည်မျှပင်ရုန်းကန်သော်ငြား ပုဆိန်မှာ တုတ်တုတ်ပင် မလှုပ်ချေ။

ထိုလူ၏ မျက်နှာမှာအရောင်ပြောင်းသွားပြီး မော့ကြည့်လိုက်သောအခါ ရူးနှမ်းနေသည့်အလား ဒေါသမီးများတဝင်းဝင်းတောက်နေသည့် ပိုင်ရှောင်ချန်း၏မျက်လုံးများကို တွေ့လိုက်ရသည်။

ထိုသို့သော မျက်လုံးများကို ကြယ်ကြွေတောင်ပေါ်ရှိ သားရဲတိရစ္ဆာန်များတွင်မှသာ သူမြင်ဖူးလေသ​ည်။

ထိုလူ၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်နေပြီး မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ပတ်ပတ်လည်ရှိ အကာအကွယ်ဒိုင်းကာ အလင်းတန်းများပေါ်ထွက်လာသည်။ သူကတွေဝေမနေဘ​ြ ပုဆိန်ကိုလွှတ်လိုက်ကာ နောက်သို့ဆုတ်လိုက်တော့သ​ည်။

သူနောက်ဆုတ်သည်မှာ မြန်သော်လည်း ပိုင်ရှောင်ချန်းမှာ သူ့ထပ်ပို၍မြန်လေသည်။

သူ၏ဘယ်လက်က ပုဆိန်ကိုမလွှတ်တန်းကိုင်ထားရင်း အနက်ရောင်အလင်းတန်းများ လက်နေသောညာလက်ဖြင့် ထိုလူကြီးကို လှမ်းထိုးလိုက်သည်။

သူ၏ညာဘက်က ထိူလူကြီး၏ အကာအကွယ်ဒိုင်းကာများကို ဝါးပင်အား နှစ်ဖက်သွားဓားဖြင့်လှီးဖြတ်လိုက်သည့်အလား တစ်လွှာချင်း ဖောက်ထွင်းသွားသောအခါ အပ်ကွဲသံများ​ပေါ်ထွက်လာသည်။ တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ လက်ရှိအခြေအနေကြောင့် သူ၏လည်မျိုဖမ်းဆုပ်ကွက်မှာ အရင်တုံးက ပုံစံအတိုင်း မဟုတ်တော့ပေ။

ဆွဲငင်အားတစ်ခုသည် မထင်မှတ်ပဲပေါ်ထွက်လာသဖြင့် နောက်သို့ဆုတ်နေသော လူကြီးမှာ ယိမ်းထိုးကာရပ်သွားတော့သည်။ သူဘာမှပြန်မလုပ်နိုင်ခင်မှာပင် သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို ပိုင်ရှောင်ချန်း၏လက်မဲကြီးက လွှမ်းမိုးသွားတော့သည်။

ထိုလူ၏ လည်မျိုကို ပိုင်ရှောင်ချန်းကဖမ်းဆုပ်ပြီး ညှစ်ချလိုက်သောအခါ ဘုန်းခနဲ မြည်ဟည်းသံ ပေါ်ထွက်လာသည်။

ဂျွတ်……

ထိုလူကြီး၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ပါးစပ်ထဲမှ သွေးများစီးကျလာသည်။ သူ၏လည်ချောင်းရိုးမှာ အချိုးခံလိုက်ပြီဖြစ်၍ အော်ရန်အချိန်ပင်မရှိလိုက်ပေ။ ထို့နောက်သူ၏ ခေါင်းမှာ ဘေးဖက်သို့ စိုက်ကျသွားတော့သ​ည်။ သူ​ြ အသက်ပျောက်သွားခဲ့လေပြီ။

သေသွားသည့်တိုင်အောင် သူ၏မျက်လုံးထဲတွင် မယုံကြည်မှုများက ကျန်နေခဲ့သေးသည်။ သူတို့လိုက်ဖမ်းနေသောလူမှာ အင်အားကြီးကြောင်း သူကသိထားပြီး တိုက်ခိုက်ရန်ပြင်ဆင်ထားပါသော်လည်း သူစောစောက ထုတ်ခဲ့သောတိုက်ကွက်မှာ အသက်သေစေနိုင်လောက်သည့် တိုက်ကွက်မျိုးမဟုတ်ချေ။ သူကပိုင်ရှောင်ချန်းကိုတားပြီး အချိန်ဆွဲရန်ကြံစ​ည်နေခြင်းသာဖြစ်သ​ည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဤပိန်ပိန်ပါးပါးအပြင်စ​ည်းဂိုဏ်းသားလေးတစ်ယောက်က ဤမျှလောက် အင်အားကြီးလိမ့်မည်ဟု သူကမတွေးထားပေ။

ထိုလူကြီးသေသွားသောအချိန်တွင် ခပ်လှမ်းလှမ်းမှ လူရိပ်နှစ်ခု ထပ်မံပေါ်ထွက်လာသည်။ ထိုလူနှစ်ယောက်အနက် တစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံမှာ ချီစုစည်းမှုအဆင့်ရှစ်သို့ရောက်နေပြီဖြစ်သ​ည်။

ပိုင်ရှောင်ချန်းလက်ထဲရှိ အသက်ပျောက်နေသော သူတို့၏အဖော်ကိုမြင်လိုက်ရသောအခါ သူတို့ကဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
” ချိန်ဇောင်….”

“မင်းတို့ကောင်တွေက ငါ့ကို ဒီလိုမလုပ်လုပ်အောင် အတင်းအကျပ်ဖိအားပေးနေတာကိုး ” ပိုင်ရှောင်ချန်းက အသက်မဲ့သောလေသံဖြင့် အေးစက်စက် ပြောလိုက်သည်။ လက်ထဲမှအလောင်းကို ​ဘေးသို့လွှင့်ပစ်လိုက်ရင်း လမ်းကြောင်းပြောင်းကာ အရှိန်ကုန် ထွက်ပြေးသွားတော့သည်။

သူသည် တဆတ်ဆတ်တုန်ယင်နေပြီး ဟောဟဲဆိုက်နေပါသော်လည်း သူ၏မျက်လုံးများကမူ အရင်ကထက်ပင်ပို၍ ရက်စက်ကြမ်းကြုတ်သောအရောင်များဖြင့် တောက်ပနေသည်။

အနည်းငယ်မျှပင်ရပ်နား၍မရကြောင်း သူသိသည်။ သူ၏အကြံအစည်မှာ လောချိန်မျိုးနွယ်စုဝင်များ သူ့နောက်သို့အကုန်လိုက်လာရန် မဟုတ်ပါလော။ သူလမ်းကြောင်းပြောင်းလိုက်သောအခါ ခပ်လှမ်းလှမ်းတွင် တောင်တန်းလေးတစ်ခုကို လှမ်းမြင်လိုက်ရသည်။

နယ်စပ်နေရာတွင်မရှိသည့်အတွက် ထိုတောင်တန်းလေးမှာ အမည်မရှိပေ။ ထိုတောင်မှာ ကြယ်ကြွေတောင်မှခွဲထွက်နေသော တောင်တန်းတစ်ခုဖြစ်ပြီး အရွယ်အစားချင်းယှဥ်ကြည့်လျှင် ထိုတောင်ကပင် အနည်းငယ်ပို၍ကြီးလေသည်။ ထိုနေရာတွင် မိုးရေစက်များက ဝှေ့ဝိုက်ကာ ရွာကျနေပြီး လျှပ်စီးများက တလက်လက်ထနေသည်။

ပိုင်ရှောင်ချန်း လှမ်းကြည့်လိုက်သောအခါ လျှပ်စီးများမှာ စက်လုံးပုံသဏ္ဍာစုဝေးသွားပြီး ပေါက်ကွဲထွက်သွားသည်ကို မြင်လိုက်ရသည်။

ပိုင်ရှောင်ချန်းက ထိုတောင်တန်းဆီသို့ ပြေးသွားနေပြီး သူ၏နောက်တွင် ​လောချိန်မျိုးနွယ်စုဝင်နှစ်ယောက်မှာ ထပ်ကြပ်မကွာ လိုက်လာသ​ည်။းတချိန်ထဲမှာပင် အခြားသော ကျင့်ကြံသူများကပါ ပိုပို၍နီးလာသည်။

တောက်ပသော အလင်းတန်းတစ်ခုကလည်း တဖြည်းဖြည်းချင်း နီးကပ်လာသည်။ ထိုအလင်းတန်းသည်ကား ချိန်ဟန်မှလွဲ၍အခြားသူမဟုတ်ချေ။

လောချိန်မျိုးနွယ်စုဝင်များက ပိုင်ရှောင်ချန်းနှင့် နီးလာပြီး သူသည်လည်း သစ်ပင်များဖုံးအုပ်နေသော တောင်တန်းဆီသို့ ရောက်လာသည်။ သူ၏ တစ်ကိုယ်လုံးမိုးရေများဖြင့် စိုရွှဲနေတော့သည်။ တောင်တန်းများနှင့် မီတာဒါဇင်အနည်းငယ်သာကွာတော့သောအခါတွင် သူကတောအုပ်ထဲသို့ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

” သူ့ကိုတားကြ ” ချိန်ဟန်က ​ဒေါသတကြီး အော်လိုက်သည်။

ပိုင်ရှောင်ချန်းနှင့် အနီးဆုံးကျင့်ကြံသူမှာ ချီစုစည်းမှုအဆင့်ရှစ်သို့ရောက်နေသောသူ ဖြစ်သည်။ သူ ကအော်ဟစ်လိုက်ရင်း သူ့ဘေးနားရှိ အဆင့်ခုနစ်ရှိသော မျိုးနွယ်စုဝင်ကို လှမ်း၍ဖမ်းဆုပ်လိုက်သ​ည်။ သူတို့နှစ်ယောက်ကမူ အတွေးတူနေသည့်အလား အကြည့်ချင်းဖလှယ်လိုက်ပြီး အဆင့်ခုနစ်ရှိသောသူက ခန္ဓာကိုယ်ကို ဘောလုံးပုံစံပြောင်းလိုက်ပြီး အခြားတစ်ယောက်မူ သူ့ကိုရှေ့သို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

သူ၏ကျင့်ကြံခြင်းအခြေရှိ စွမ်းအားအကုန်လုံးကိုထုတ်သုံး၍ သူ၏အဖော်ကိုလေထဲသို့ မြှောက်တင်လိုက်သောအခါ ထစ်ချုန်းအသံကြီးများပေါ်ထွက်လာသည်။ အဆင့်ခုနစ်ကျင့်ကြံသူမှာ မိုးရေထဲသို့ ပြင်းထန်သောအရှိန်တစ်ခုဖြင့်မြောက်တက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပိုင်ရှောင်ချန်းအရှေ့သို့ ရောက်သွားတော့သည်။

ထိုအခါ သူက သူ၏အစွမ်းများကို ထုတ်ဖော်လိုက်သဖြင့် တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းကမူ ပြေးရာမှရပ်လိုက်ရင်း သူ့ဖက်လှည့်ကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်သည်။ လက်ချောင်းကိုဝှေ့ယမ်းလိုက်သောအခါ သူ၏သစ်သားဓားမှာ ပျံထွက်လာသည်။ သို့သော်လည်း ထိုလောချိန်မျိုးနွယ်စုဝင်ကမူ ထိုဓားကိုမရှောင်ပဲ ရင်ဝတည့်တည့်သို့ အစိုက်ခံလိုက်လေသည်။ သူအသက်ထွက်သွားသောအခါ သူမျက်နှာတွင်ထူးဆန်းသောအပြုံးတစ်ခုပင် ပေါ်လာတော့သည်။

ထို့နောက် သူကရုတ်တရက် သွေးတိမ်တိုက်တစ်ခုအဖြစ် ပေါက်ကွဲသွားပြီး သွေးရောင်ကြိုးတစ်ချောင်းအသွင်ပြောင်းကာ ပိုင်ရှောင်ချန်းကို ချုပ်နှောင်ရန်ဟန်ပြင် လိုက်တော့သည်။

ပိုင်ရှောင်ချန်း၏မျက်နှာမှာ သွေးဆုတ်သည့်အလား ဖြူရော်သွားပြီး နောက်သိုလှည့်ကာ ထွက်ပြေးရန်ကြံလိုက်သည်။ သို့သော်လည်း ထိုသို့ အာရုံများနေချိန်တွင် သူ၏နောက်မှ လေကိုခွင်းကာလာနေသော မြားတစ်စင်း၏အသံကိုကြားလိုက်ရသည်။

ထိုမြားကိုပစ်လွှတ်လိုက်သူမှာ စောစောက ချီစုစည်းမှုအဆင့်ရှစ် ကျင့်ကြံသူပင်ဖြစ်သ​ည်။ သူ၏လက်ထဲတွင် လေးတစ်ခုအား ကတုန်ကယင်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

သေဆုံးသွားသော မျိုးနွယ်စုဝင်၏ စတေးမှုကြောင့်ရလာသော အချိန်အပိုင်းအခြားလေးကို အသုံးချကာ ပိုင်ရှောင်ချန်းရှောင်ရှားရန်မဖြစ်နိုင်သော မြားတစ်စင်းကို ပစ်လွှတ်လိုက်ခြင်းပင်ဖြစ်သ​ည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ အရောင်ပြောင်းသွားသည်။ သူကပြေးရာမှ ရ​ပ်လိုက်ကာ သူ့ဆီလာနေသောမြားဆီသို့ ပြေးတိုးလိုက်လေသည်။

ဝုန်းခနဲ မြည်ဟည်းသံကြီးထွက်ပေါ်လာပြီး မြားသည် ပိုင်ရှောင်ချန်းကို စိုက်ဝင်သွားရာ ပြင်းထန်သောနာကျင်မှုကြောင့် ပိုင်ရှောင်ချန်း၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားသည်။

ထိုမြားမှာ သူ၏ပုခုံးရိုးကို ဖောက်ထွက်သွားသည်။ ထိုမြားမှာ ထူးခြားသော ပစ္စည်းတစ်ခုဖြင့်ပြုလုပ်ထားသည်ဖြစ်ပြီး ချီစုစည်းမှုအဆင့်ရှစ်၏စွမ်းအားများနှင့် ပေါင်းစပ်ထားသည်ဖြစ်ရာ အံ့မခန်း အစွမ်းထက်၏။မြားက အရိုးကိုဖောက်ထွက်ပြီးသွားသောအခါ ပြင်းလှသောအရှိန်ကြောင့် ပိုင်ရှောင်ချန်းမှာ ထိုမြားနှင့်အတူပါသွားတော့သည်။

ဒုန်း…..

မြားမှာ အနီးနားရှိသစ်ပင်ထဲသို့ စိုက်ဝင်သွားပြီး ပိုင်ရှောင်ချန်းမှာလည်း ထိုသစ်ပင်နှင့် ကပ်နေတော့သည်။

ထိုအခါ ချီစုစည်းမှုအဆင့်ရှစ် ကျင့်ကြံသူ၏မျက်လုံးများထဲတွင် ကျေနပ်အားရသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ရှေ့သို့ခုန်ထွက်လိုက်ရင်း ပိုင်ရှောင်ချန်းကိုဇီဝိန်ချုပ်ရန် ဒုတိယမြားတစ်ချောင်းအား ပစ်ရန်ပြင်လိုက်သည်။

အခြားလောချိန်မျိုးနွယ်စုဝင်များကလည်းရက်စက်သော အပြုံးများဖြင့် ပိုင်ရှောင်ချန်းနားသို့ ရွေ့လျားလာသည်။ သို့သော်လည်း ထိုအချ်ိန်တွင် ချိန်ဟန်၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။

“သတိထား….”


Comment

Leave a Reply

Options

not work with dark mode
Reset