ကျောက်တုံးသည် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ကြေမွသွားလေသည်။ ပိုင်ရှောင်ချန်းသည် လက်ကို ဝှေ့ယမ်းကာ ကျောက်တုံးအစအနများကို ဘေးသို့ ဖယ်ရှားလိုက်ရာ လေအေးများက တိုးဝှေ့ ဝင်ရောက်လာလေသည်။ လှုပ်ရှား ယိမ်းနွဲ့နေသော မီးရောင်ကြောင့် အပြင်ဘက်တွင် ရပ်နေသော အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းလူတစ်ယောက်ကို မြင်လိုက်ရလေသည်။
သူသည် အေးစက်စက် မျက်လုံးများနှင့် တောင့်တင်း သန်မာသူတစ်ယောက်ဖြစ်ကာ လက်ထဲတွင် ရှည်လျားသော လှံတံတစ်ချောင်းကို ကိုင်စွဲထားလေသည်။ သူသည် ချီစုစည်းမှု အဆင့်ရှစ်ရှိကာ ချိန်ယွဲ့ထက်ပင် သန်မာပုံပေါ်လေသည်။
“ခေါင်းဆောင်ငယ်ပြောတာ သွေးထွက်အောင် မှန်တာပဲ။”ဟု သူကပြောလိုက်သည်။
“ဒီလိုမိုးမျိုးနဲ့ မင်းရဲ့ ဒဏ်ရာတွေနဲ့ဆိုရင် အအေးဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အဲ့တော့ ပုန်းဖို့ အတွက် ဒီလိုနေရာမျိုးကို သေချာပေါက်ရှာရမှာပဲ။ ငါမင်းကို မတွေ့ခင် တောင်ပေါင်းတစ်ရာကျော်တဲ့အထိ လိုက်ရှာခဲ့ရတာ။ ခုတော့ မင်းက ဒီမှာကိုး။ ”
လူကြီး၏ ပါးစပ်မှ စကားလုံးများ ထွက်နေဆဲဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် ရက်စက်မှုများဖြင့် တောက်ပလာကာ ချက်ချင်းလှုပ်ရှားလာသည်။ လူသန်ကြီးသည် နမော်နမဲ့ ပုံစံမျိုးဟု ထင်ရသော်လည်း အမှန်တကယ်တွင် အတော်ပင် သတိကြီးသော လူတစ်ဦးဖြစ်သည်။ လိုဏ်ဂူအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရမည့်အစား သူသည် နောက်သို့ ဆုတ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုင်ရှောင်ချန်းသည် ဂူထဲမှ ထွက်ကာ တဖွဲဖွဲရွာကျနေသည့် မိုးရေစက်များအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
လူသန်ကြီးသည် အမှန်တကယ်တိုက်ခိုက်ရန် ရည်ရွယ်မထားဘဲ ခုခံတိုက်ခိုက်ရန်သာ အပြည့်အဝ အာရုံစိုက်ထားလေသည်။ ထိုအခြင်းအရာကို တွေ့လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ နှလုံးသားသည် တဒိတ်ဒိတ်ခုန်လာလေသည်။ သူသည် အလွန်ဆိုးဝါးသော ခံစားချက်ကို ရရှိနေသော်လည်း အံကို တင်းတင်းကြိတ်ကာ ထိခိုက်ဒဏ်ရာ ရရှိနိုင်ခြေရှိသည်ကို လျစ်လျူရှု၍ အသေအကြေတိုက်ခိုက်ရန် ရှေ့သို့ တဟုန်ထိုးထွက်လာလေသည်။
ရေခဲတမျှအေးစက်သော လေပြင်းသည် ဂူထဲသို့ ဝင်ရောက်တိုက်ခတ်ကာ မီးကို ငြှိမ်းသတ်လိုက်လေသည်။ ဟိုယွင်ဖေးသည် ခြေထောက်ထောက်နိုင်ရန် အသည်းအသန် ကြိုးပမ်းလိုက်သော်လည်း ပါးစပ်မှသွေးတစ်လုတ်အန်ထွက်လာသည်။ တုလင်ဖေးသည် အံကို ကြိတ်ကာ ထော့နင်းထော့နင်းဖြင့် ဂူနှုတ်ခမ်းဝသို့ ရောက်အောင်သွားလေသည်။ ထို့နောက် မန္တန်လက်ကွက်ဖော်လိုက်ကာ လက်ညှိုးညွှန်၍ ဓားပျံတစ်ချောင်းကို လူသန်ကြီးဆီသို့ ဦးတည်ပစ်လွှတ်လိုက်လေသည်။
ခဏအကြာတွင် ကြောက်မက်ဖွယ်ကောင်းသော အော်သံကြီးသည် မုန်တိုင်းထန်သောညတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာလေသည်။ သစ်သားဓားသည် လူသန်ကြီး၏ ရင်အုံကို ထိုးစိုက်သွားကာ သေအံ့မူးမူးအချိန်မှာပင် သူသည် သူ၏ လှံတံကို ပစ်ပေါက်လိုက်ရာ ပိုင်ရှောင်ချန်း၏ ညာဘက်ပေါင်ကို ထိုးစိုက်သွားလေသည်။
လူသန်ကြီးသည် ပိုင်ရှောင်ချန်းကို စူးစိုက်ကြည့်ကာ ငြီးတွားရင်းမှ “မင်း ဝေးဝေး မပြေးနိုင်ပါဘူးကွာ။ ခေါင်းဆောင်ငယ်က ဒီနားကို မကြာခင် ရောက်လာတော့မှာ။”ဟု ပြောလိုက်လေသည်။
ထို့နောက် ပါးစပ်မှ သွေးများ ယိုစီးလာကာ ခေါင်းငိုက်စိုက်ကျသွားပြီး သေဆုံးသွားလေတော့သည်။
ပိုင်ရှောင်ချန်းသည် တဆတ်ဆတ် တုန်လှုပ်နေကာ မျက်နှာမှာလည်း ဖြူဖျော့နေသည်။လူသန်ကြီးကို တတ်နိုင်သမျှ အမြန်ဆုံးသတ်နိုင်ရန်အလို့ငှာ သူသည် စွမ်းအင် အတော်များများကို ထုတ်သုံးလိုက်ရရာ သူ၏ ဒဏ်ရာများသည် ပိုဆိုးလာလေတော့သည်။ နာကျင်မှုသည် သူ၏ ညာဘက်ခြေထောက်မှစ၍ အပေါ်သို့ ပျံ့နှံ့တက်လာသည်။ အောက်ကို ငုံ့ကြည့်လိုက်သောအခါ လှံတံသည် သူ့အသားထဲသို့ စိုက်ဝင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင် မိုးရေများစိုရွှဲနေကာ သွေးများနှင့် ရောနှောသွားပြီး မြေကြီးပေါ်သို့ စီးဆင်းသွားလေသည်။ သူသည် သေလုမတတ် ချမ်းအေးခြင်းကို ခံစားနေရသည်။
တုလင်ဖေးသည် ယိုင်တိယိုင်ထိုးနှင့် လမ်းလျှောက်လာရာမှ သူ၏ ခြေထောက်ကို မြင်သည်နှင့် ငိုယိုတော့သည်။ သူမသည် သူ့ဆီသို့ရောက်အောင်သွားကာ လှံ၏ အရိုးကို ဆုပ်ကိုင်၍ ခြေထောက်ထဲမှ ဂရုတစိုက် ဆွဲထုတ်လိုက်သည်။
ပိုင်ရှောင်ချန်းအတွက်မူ သူ့အသားနှင့် အရိုးများကို တစ်စစီ ဆွဲဖြဲနေသည့်အလား နာကျင်ခံစားနေရသည်။ သူသည် နာကျင်မှုကြောင့် တုန်ယင်နေသော်လည်း မအော်မိစေရန် ထိန်းထားရသည်။ သူ့ရန်သူပြောသွားသော နောက်ဆုံးစကားများအပြင် သိသိသာသာ အချိန်ဆွဲနေခဲ့ခြင်းများကြောင့် ယခင်ကထက်ပို၍ စိတ်ထဲတွင် လေးလံလာတော့သည်။
လောချိန်မျိုးနွယ်စုမှ နောက်ထပ် အဖွဲ့ဝင်များ ထွက်ပေါ်လာရန်မှာ အချိန် သိပ်မလိုတော့ကြောင်း ပြောပြနေသည့်အလား ပုံမှန်မဟုတ်သော လေထုအပြောင်းအလဲများကို ခံစားမိနေသည်။
တုလင်ဖေးသည် သူ့လက်မောင်းကို သူမ၏ ပုခုံးပေါ်သို့ တင်လိုက်ကာ နှစ်ယောက်သား ဂူထဲသို့ ပြန်ဝင်လာကြသည်။ ပိုင်ရှောင်ချန်းသည် လှံတံကို သိမ်းလိုက်သည်။ ဂူထဲသို့ ပြန်ရောက်သောအခါ ပိုင်ရှောင်ချန်း၏ အသက်ရှူသံများ မြန်စပြုလာသည်။ သူ၏ ညာဘက် ခြေထောက်မှာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် လှံသည် အရိုးထိရောက်အောင် စိုက်မသွားပေ။ ဒဏ်ရာကို ချုပ်ပြီးနောက်တွင် နာကျင်ဆဲဖြစ်သော်လည်း သူတို့ ကြုံတွေ့နေရသော အသက်အန္တရာယ်နှင့် နှိုင်းစာပါက မပြောပလောက်ပေ။
“ငါတို့ သွားမှ ဖြစ်မယ်။ လောချိန်မျိုးနွယ်စုဝင်တွေ အချိန်မရွေး ပေါ်ထွက်လာနိုင်တယ်။” အသက်ကို ပြင်းပြင်းရှူလိုက်ကာ ပိုင်ရှောင်ချန်းသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သူသည် ဟိုယွင်ဖေးကို ငုံ့ကြည့်လိုက်သောအခါ လဲလျောင်းနေရာမှ အသက်ကို အနိုင်နိုင် ရှူနေရသည်ကို တွေ့လိုက်ရသည်။ သူတို့ပျံသန်းသွားလာနေသမျှသည် ညှင်းဆဲနေသကဲ့သို့ ဖြစ်နေပြီး သူ၏ ဒဏ်ရာများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ တုလင်ဖေးသည် ဖြူဖျော့နေကာ သွေးရောင်မရှိတော့ပေ။ သူမ၏ ချီစီးကြောင်းများမှာ ပြင်းထန်စွာ ထိခိုက်ထားပြီး အချို့သည် ပြတ်တောက်သွားပြီ ဖြစ်သည်။ စောစောက တိုက်ပွဲတွင် ဂူထဲမှ ထွက်ကာ ပိုင်ရှောင်ချန်းကို ကူညီခဲ့သည်မှာ သူမအတွက် မယုံနိုင်လောက်အောင် ခက်ခက်ခဲခဲအားစိုက်ထုတ်မှုဖြစ်သည်။ ယခုမူ သူမသည် သူ့ကို မော့ကြည့်ရန်သာ တတ်နိုင်တော့သည်။
မုန်တိုင်းထန်သောည၏ အမှောင်ထုထဲတွင် သူမ၏ မျက်လုံးများသည် ထူးထူးခြားခြား လှပနေသည်။
“ဂိုဏ်းတူ မောင်လေးပိုင်…” သူမသည် ညင်သာစွာ ပြောလိုက်သည်။
“အမတို့ကို မေ့ထားလိုက်။ မင်းတစ်ယောက်တည်းသွားရင် အများကြီး ပိုမြန်မှာ..သွားတော့။” ဘေးကို လှမ်းကြည့်လိုက် သောအခါတွင်လည်း ဟိုယွင်ဖေးသည် ထထိုင်နိုင်ရန်ပင် မနည်း ကြိုးပမ်းနေရသည်။ ပိုင်ရှောင်ချန်းကို ပင်ပန်းနွမ်းနယ်နေသော အကြည့်ဖြင့် ကြည့်လိုက်ကာ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ နီရဲလျက်ရှိပြီး ပြောလိုက်သည်။
“ကီလိုမီတာ ၅၀၀၀ကျယ်တဲ့ ဒီဧရိယာထဲကနေ (၃)ရက်ဆို ထွက်လို့ရပြီလေ။ ခင်ဗျားတို့ပါးစပ်တွေ…. ”
သူ့စကားမဆုံးမီမှာပင် ဟိုယွမ်ဖေးက ဖြတ်ပြောလိုက်သည်။
“ ဂိုဏ်းတူ ညီလေးပိုင်၊ ညီလေး လွတ်အောင် ပြေးပြီး ဂိုဏ်းကို သတင်းပို့တာက အစ်ကိုနဲ့ ဂိုဏ်းတူ ညီမလေးတုအတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ”
ပိုင်ရှောင်ချန်းသည် ခါးသက်သက် ရယ်မောလိုက်သည်။ ထိုကဲ့သို့ အလိမ်အညာ စကားများကို ယုံကြည်ရလောက်အောင် သူသည် သုံးနှစ်သားကလေးတစ်ယောက် မဟုတ်ပေ။ သူ လွတ်အောင်ပြေးကာ ဂိုဏ်းကို သတင်းပို့နိုင်လျှင်ပင် အကူအညီပေးမည့်သူ ရောက်လာသည့် အချိန်တွင် ဟိုယွမ်ဖေးနှင့် တုလင်ဖေးမှာ အသက်ရှင်လျက် ရှိနိုင်တော့မည် မဟုတ်ကြောင်း သူသိသည်။
ပိုင်ရှောင်ချန်းကို ကြည့်ရသည်မှာ ဆက်နေရန် စိတ်ပိုင်းဖြတ်ထားပုံ ပေါ်သောကြောင့် ဟိုယွင်ဖေးက ရယ်သွမ်းသွေးကာ ပြောလိုက်သည်။
“အေး..ဟုတ်ပြီ။ ငါသေမှ မင်းသွားမှာမလား။ ”
ဟိုယွင်ဖေးသည် သူ၏နောက်ဆုံးလက်ကျန် စိတ်စွမ်းအင်လေးနှင့် သူ့ကိုယ်ပိုင် ချီစီးကြောင်းကို ဖျက်ဆီးရန် ကြိုးပမ်းနေကြောင်း သဘောပေါက်သွားသောအခါ ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။
ဟိုယွင်ဖေးက သူ့ကို တည်ငြိမ်စွာ ကြည့်ကာ ဆက်ပြောလိုက်သည်။
“ ညီလေးပိုင်… မင်းသွားမှာလား။ မသွားဘူးလား။ ”
ပိုင်ရှောင်ချန်း စိတ်ထိခိုက်သွား၏။ သူသည် နောက်သို့ဆုတ်သွားရင်း စိတ်ခံစားချက်မျိုးစုံရောပြွမ်းနေသည့်မျက်နှာနှင့် ဟိုယွင်ဖေးနှင့်တုလင်ဖေးတို့ကို စိုက်ကြည့်နေသည်။
လေပြင်းတစ်ချက် အဝှေ့တွင် တုလင်ဖေး၏ ဆံနွယ်လေးများက သူမ၏မျက်နှာပေါ်သို့ ဖြတ်ပြေးသွားသည်။ သူမသည် ဆံစလေးကို နားနောက်သို့ ညှပ်လိုက်ကာ ပိုင်ရှောင်ချန်းကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာသည် ဖြူရော်နေသော်လည်း ယခင်ကထက်ပင် ပိုမိုလှပနေလေသည်။ သူမသည် နူးညံ့တိုးတိတ်စွာ ရေရွတ်လိုက်သည်။
“တကယ်လို့များ… နောက်ဘဝဆိုတာသာ ရှိခဲ့ရင်….. မင်းနဲ့ ပြန်ဆုံဖို့မျှော်လင့်တယ်။…ဂိုဏ်းတူမောင်လေးပိုင်… မင်းကတော့ အသက်ရှင်ရမယ်နော် ”
ပိုင်ရှောင်ချန်းသည် “အသက်ရှင်ရမယ်နော်” ဟူသော စကားလုံးကို ကြားလိုက်ရသော အခိုက်အတန့်တွင် ပြင်းထန်စွာတုန်ခါသွားပြီး သူ့ရင်ဘတ်ကို တူနှင့် ထုနေသည့်အလား ခံစားလိုက်ရသည်။ တုလင်ဖေးနှင့် ဟိုယွမ်ဖေးတို့ကို အကြာကြီး စိုက်ကြည့်ပြီးနောက် သူသည် မိမိရင်ထဲမှ ခံစားချက်ကိုပင် သေချာမသိတော့ဘဲ နောက်ဆုံးတွင် လှည့်ထွက်ကာ ဂူအပြင်ဘက်သို့ လျှောက်လာခဲ့တော့သည်။ ခဏအကြာတွင် သူသည် မုန်တိုင်းညကို အံတုကာ အရှိန်မြှင့်လျက် သွားနေလေပြီ။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ထွက်ခွာသွားရန် ရွေးချယ်လိုက်မှပင် ဟိုယွမ်ဖေး ပင့်သက်ချနိုင်လေသည်။ တုလင်ဖေးက သူထွက်ခွာသွားသည်ကို ကြည့်ရင်း စိတ်ထဲတွင် သူ့အတွက် အကောင်းဆုံး ဆုတောင်းပေးနေသည်။ သူမက အချိန်ကိုသာနောက်ပြန်ဆုတ်နိုင်လျှင် ပိုင်ရှောင်ချန်းနှင့် ပထမဆုံးတွေ့ဆုံခဲ့သည့် အချိန်သို့ပြန်ရောက်ရန် အမှန်တကယ် ဆန္ဒရှိနေသည်။
အရာအားလုံး ခဏတာ ငြိမ်သက်သွား၏။သို့သော် ဟိုယွင်ဖေးနှင့် တုလင်ဖေးက ရုတ်တရက် ပိုင်ရှောင်ချန်း သွားရာလမ်းကို လှမ်းကြည့်ပြီးနောက် မျက်နှာပျက်သွားကြလေသည်။
ပိုင်ရှောင်ချန်းသည် သူ၏စွမ်းအားအကုန်ထုတ်ဖော်လိုက်ရာ ကိုယ်တွင်း စိတ်စွမ်းအင်များ အပြင်ဘက်သို့ ဖြာထွက်လာရာ မိုးရေစက်များပင် လွင့်ပျယ်သွားသည်။
သူသည် ညအမှောင်တွင် တောက်ပစွာ လောင်ကျွမ်းနေသော မီးတောက်အလားဖြစ်နေကာ မိုးရေစက်များပင် သူ့ကို မဖုံးဖိနိုင်တော့ဘဲ အလွန်ဝေးကွာသော နေရာမှပင် ခံစားသိရှိနိုင်သည်။
ကောင်းကင်တွင် လျှပ်ပန်းလျှပ်နွယ်များ တလက်လက်ထွက်ပေါ်နေပြီး အရပ်မျက်နှာ အသီးသီးမှ လောချိန်မျိုးနွယ်စုဝင်များက ရုတ်တရက် ပိုင်ရှောင်ချန်းကို ခံစားမိသွားသည်။
ချိန်ဟန်သည် စွမ်းအင်များ ပေါ်ထွက်လာရာဘက်သို့ မျှော်ကြည့်ရင်း သူ့မျက်လုံးများ တလက်လက် တောက်ပလာသည်။
ပိုင်ရှောင်ချန်းသည် လှစ်ခနဲလှုပ်ရှားသွားပြီး ဂူကို ကျော်ဖြတ်၍ တောင်စောင်းတစ်လျှောက် ပျံသန်းတက်လာခဲ့သည်။ သူပျံသန်းသွားစဉ် တုလင်ဖေးနှင့် ဟိုယွမ်ဖေးတို့သည် သူ၏တိုးညင်းသောစကားသံသဲ့သဲ့ကို ကြားလိုက်ရသည်။
“ ကျွန်တော် သူတို့ကို အာရုံလွှဲထားလိုက်မယ်။ အစ်ကိုတို့ နှစ်ယောက်က ထွက်ပြေးဖို့ နည်းလမ်းရှာလိုက်ပါ။ ကျွန်တော်သွားပြီ ”
တုလင်ဖေး၏ရင်ထဲတွင် တရိပ်ရိပ်တက်လာသော ခံစားချက်လှိုင်းများကြောင့် နှလုံးသားထဲမှ တဆစ်ဆစ်နာကျင်လာကာ သူမ၏မျက်ဝန်းတွေထဲမှ မျက်ရည်စလေးများ တသွင်သွင်စီးကျလာသည်။ ဟိုယွင်ဖေးမှာလည်း အလားတူ ခံစားနေရသည်။
တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် ဆန့်ကျင်ဘက်သို့ ဦးတည်ကာ တဟုန်ထိုးပြေးထွက်လာခဲ့၏။
ပိုင်ရှောင်ချန်းသည် ပျံသန်းနေရင်း ရူးသွပ်သွားသည့်အလား အသံကျယ်ကြီးဖြင့် ရယ်မောကာအသံကုန်အော်ဟစ်လိုက်သည်။
“သေကုန်ပြီ။ သူတို့သေကုန်ပြီ။ လောချိန်မျိုးနွယ်စုဝင်တွေ… မင်းတို့ အားလုံးကို ငါ မသုတ်သင်နိုင်ပေမယ့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း သေချာပေါက်ရောက်လာပြီးတော့ မင်းတို့အကုန်လုံးကို သတ်ပစ်လိမ့်မယ် ”
သူသည် ကီလိုမီတာ ၅၀၀၀ ရှိသော ဧရိယာ၏ အပြင်ဘက်သို့ အမြန်ထွက်နိုင်သည့် လမ်းကြောင်းကို ဦးတည်ကာ သွားနေဟန်တူသည်။ ထို့အပြင် သူအော်နေသည့်ပုံစံအရ သူ့အဖော် ဂိုဏ်းသား ၂ယောက် သေဆုံးသွားသောကြောင့် ဆောက်တည်ရာမရ ဖြစ်နေမှန်း သိသာလှသည်။ ဤတိုက်ပွဲတွင် သူသေသွားနိုင်သော်လည်း ဖောက်ထွက်ကာ လက်စားချေရန် ဂိုဏ်းသို့သတင်းပို့လိမ့်မည့်အသွင် ရှိ၏။
ချိန်ဟန်သည် ဖြစ်ပျက်နေသည်များကို ချက်ချင်းပင် သဘောပေါက်ကာ သူ့မျက်နှာတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ပိုင်ရှောင်ချန်းသရုပ်ဆောင်နေခြင်း ဟုတ်/မဟုတ်ကို သူ မခွဲခြားနိုင်သော်လည်း သူ၏ လက်ရှိ အရှိန်နှင့်ဆိုလျှင် ပိုင်ရှောင်ချန်းကို မီနိုင်သည်။ သူ့အနေဖြင့် ခြိမ်းခြောက်စကားကို လျစ်လျူရှုလောက်သည်အထိ သူ့ဂိုဏ်း၏ ကံကြမ္မာကို အလောင်းအစားမလုပ်ရဲပေ။
ထို့နောက် အခြားသော လောချိန်မျိုးနွယ်စုဝင်များဆီသို့ ချက်ချင်း သတင်းပို့လိုက်သည်။
“အားလုံးပဲ…သူ့ကို သတ်ကြမယ်။ သူ့အဖော်တွေ မသေသေးဘူး ဆိုရင်တောင်မှ သေချာပေါက် ဒဏ်ရာ အပြင်းအထန် ရထားကြတာဖြစ်မယ်။ ဒီတစ်ယောက်ကို သတ်ပြီးမှ သူတို့နောက်ကို လိုက်နိုင်တယ် ”
လောချိန်မျိုးနွယ်စု ကျင့်ကြံသူများအားလုံး မိုးစက်များကို ဖြတ်သန်းကာ အမြင့်ဆုံး အရှိန်ဖြင့် ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းလာနေကြသည်။
ကောင်းကင်ယံတွင် လျှပ်စီးများလက်နေကာ မိုးရေစက်များလည်း ကျဆင်းနေလေသည်။ မှောင်မည်းနေသော တောင်ပေါ် လိုဏ်ဂူထဲတွင်မူ တုလင်ဖေးသည် အံကြိတ်ကာ ပါးပေါ်မှ မျက်ရည်များကို သုတ်လိုက်၏။ သူမ၏ မျက်လုံးများမှာ စိတ်ပိုင်းဖြတ်ထားမှုကြောင့် တလက်လက်တောက်ပနေတော့သည်။
ပိုင်ရှောင်ချန်းကို ကယ်တင်နိုင်မည့်တစ်ခုတည်းသော နည်းလမ်းမှာ ဤကီလိုမီတာ ၅၀၀၀ဧရိယာကြီးကို ဖောက်ထွက်ကာ ဂိုဏ်းသို့ သတင်းပို့ခြင်းသာ ဖြစ်သည်ကို သူမသိသည်။
ဟိုယွမ်ဖေးကို အကဲခတ်လိုက်သော အခါတွင်လည်း သူမကဲ့သို့ပင် စိတ်ဆုံးဖြတ်ထားသောကြောင့် မျက်လုံးများ တောက်ပနေသည်ကို တွေ့ရသည်။
“အစ်ကို့ အတွက် စိတ်မပူပါနဲ့။” ဟု သူက ပြောလိုက်သည်။
“လူခွဲပြီး သွားရအောင်။ အစ်ကိုတို့နှစ်ယောက်ထဲက ဘယ်သူပဲ အရင်ထွက်ထွက် ညီလေးပိုင်ကို ကယ်ဖို့ ဂိုဏ်းကို အကူအညီတောင်းလို့ရတယ်။”
ဟိုယွမ်ဖေးသည် အသက်ပင်သေပါစေ၊ သူ၏ နောက်ဆုံး စွမ်းအင်လေးကို အသုံးပြု၍ ဖောက်ထွက်ကာ ပိုင်ရှောင်ချန်းအတွက် အကူအညီတောင်းရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
သူတို့နှစ်ယောက်သည် အသက်ကို ပြင်းပြင်းရှူကာ ရှိသမျှ အားအင်ကို စုစည်း၍ မိုးရေထဲသို့ ပြေးထွက်သွားပြီး လူခွဲကာ တစ်နေရာဆီသို့ ဦးတည်သွားကြလေသည်။ သူတို့သည် လဲကျလုဆဲဆဲ ဖြစ်နေကြသော်လည်း ခိုင်မာသောစိတ်၏တွန်းအားကြောင့်သာ ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို ကျော်လွန်၍ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
မိုးကြိုးများ ပစ်ခွင်းနေကာ လျှပ်စီးများလည်း လက်နေသည်။ ပိုင်ရှောင်ချန်းသည် မြန်နိုင်သမျှ အမြန်နှုန်းဖြင့် သွားနေခြင်းဖြစ်သည်။ သူ၏ ညာဘက်ခြေထောက်မှာ ခံစား၍မရတော့ဘဲ မျက်လုံးများမှာလည်း နီရဲနေပြီ ဖြစ်သည်။ သေလုမတတ် နာကျင်သော ခံစားချက်များကို သူ့ခန္တာကိုယ်၏ တစ်လက်မစီတိုင်းမှ ရရှိနေသည်။
သေခြင်းတရားသည် သူနှင့် အလွန်နီးကပ်နေကာ ဝါးမြိုခံရတော့မည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သောကြောာင့် သူ ထိတ်လန့်ကြောက်ရွံနေပြီ ဖြစ်သည်။ ယခုသူ၏ အပြုအမူတို့ကို သတိမကပ်ဘဲ မသိစိတ်က လုပ်ဆောင်နေခြင်း ဟုတ်/မဟုတ်၊ သူ့ဆုံးဖြတ်ချက်ကို နောင်တရမည်/ မရမည် သူ မသေချာပါ။ မည်သို့ပင်ဖြစ်စေ အင်မော်တယ်ဖြစ်ရန်လေ့ကျင့်လိုခြင်း၏ ရည်ရွယ်ချက်မှာ အမြဲတမ်း အသက်ရှင်သွားရန်သာ ဖြစ်သည်။
အမှန်တကယ်တော့ သူ့ခေါင်းထဲတွင် ကိုယ့်ဘာသာ လွတ်အောင်ပြေးရန် ပြောနေသော အသံတစ်သံက ရှိနေဆဲ ဖြစ်သည်။
သို့သော် သူ၏မိတ်ဆွေနှစ်ယောက်နှင့်အတူ အသက်ရှင်ရန် ကြိုးစားရုန်းကန်ခဲ့သည့် ခံစားချက်ကို သူ ဘယ်တော့မှ မမေ့နိုင်ပေ။ အဖွဲ့တစ်ဖွဲ့အနေဖြင့် အန္တရာယ်ကို အတူ ရင်ဆိုင်ရသော ထိုခံစားချက်သည် သူ မစွန့်ပယ်နိုင်သော အရာမျိုးဖြစ်သည်။ သူ့ကို ထွက်ခွာသွားစေရန် အတွက် မိမိကိုယ်ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်သော ဟိုယွင်ဖေးကိုလည်းကောင်း၊ တုလင်ဖေး၏ ဖျော့တော့သော မျက်နှာပေါ်မှ လှပသော အပြုံးတစ်ပွင့်ကို လည်းကောင်း ပိုင်ရှောင်ချန်း မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ပေ။
သေခြင်းတရားကို ကြောက်ရွံ့ခြင်းနှင့် သူငယ်ချင်းအပေါ်တွင် သစ္စာရှိခြင်းအနက် တစ်ခုကို ရွေးချယ်ပါဆိုလျှင် သစ္စာတရားကိုသာ သူရွေးရလိမ့်မည်။
“အစ်မတု၊ အစ်ကိုဟို ..ခင်ဗျားတို့နှစ်ယောက်လုံး အသက်ရှင်မှ ဖြစ်မယ်။” အံကို တင်းတင်းကြိတ်ကာ ရှေ့သို့ ကမူးရှူးထိုး ပျံသန်းသွားလေတော့သည်။
“ လောချိန်မျိုးနွယ်စု…မင်းတို့က ငါတို့ကို ရှင်းပစ်ချင်တယ်။ ဟုတ်လား.. ထွက်လာခဲ့စမ်းပါ”
လှောင်အိမ်ထဲမှ တိရ စ္ဆာန်သည် သူ့အသက်အတွက် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသကဲ့သို့ ပိုင်ရှောင်ချန်း၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အမျက်ဒေါသမီးတို့နှင့် တဟုန်းဟုန်း တောက်လောင်နေတော့သည်။