နောက်တစ်နေ့ ညနေစောင်းရောက်သည်အထိ ပိုင်ရှောင်ချန်းတို့အဖွဲ့သည် ဆက်တိုက်ထွက်ပြေးခဲ့ကြသည်။ တခါတစ်ရံတွင် ဂိုဏ်းနှင့်အဆက်အသွယ်ရဖို့ ကျောက်စိမ်းပေလွှာကို စမ်းကြည့်ကြသော်လည်း ဘယ်တော့မှ မအောင်မြင်ပေ။
ကျေးဇူးတင်ရမည်မှာ သူတို့တွင် ဆေးလုံးများ အများအပြားရှိနေခြင်းပင်။ လောချိန်ဂိုဏ်းက ပိုင်ရှောင်ချန်းသတ်ပစ်လိုက်သော လူခုနစ်ယောက်လုံးဆီမှ အိတ်တွေယူလာခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုဆေးများသည် စိတ်ဝိညာဥ်နတ်ရေစင်ဂိုဏ်းက ဆေးအရည်အသွေးများလောက်မကောင်းသော်လည်း ယခုအချိန်မှာမူ လိုအပ်တာထက်ပင် ပိုတောင်နေသေးသည်ဟုဆိုနိုင်သည်။
ထိုဆေးလုံးများ၏ အထောက်အပံ့ကြောင့် တုလင်ဖေးရော ဟိုယွင်ဖေးပါ စိတ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာကြပြီး ရရှိခဲ့သော အတွင်းဒဏ်ရာများမှာလည်း ထိန်းချုပ်ထားနိုင်သောအခြေအနေတွင်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တစ်ညလုံးပြေးခဲ့နိုင်ခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းသည် ကြောက်လန့်စိတ်ကြောင့် တချိန်လုံး တုန်လှုပ်နေသည်။ လေပြေတစ်ချက်သွေးလိုက်တာမျိုး ၊သစ်ရွက်လေးတစ်ရွက်ကြွေလိုက်တာမျိုးက အစ နှဖူးမှာချွေးစို့လောက်သည်အထိ လန့်စေသည်။ ရင်တစ်ခုလုံးမွန်းကြပ်နေပြီး မျက်လုံးများမှာ နီရဲနေသည်။ တိုက်ပွဲမှရခဲ့သော ဒဏ်ရာများကြောင့် နာကျင်နေသော်လည်း အံကိုတင်းတင်းကြိတ်ကာ ဆက်လက်ပြေးလွှားနေရသည်။
နာကျင်မှုမှာ ဆုံးခန်းတိုင်လိုဟန်မရှိပေ။ တကယ်တော့ ယခုခံစားနေရသော နာကျင်မှုများသည် ထာဝရအသက်ရှည်နည်းပညာရပ်ကိုလေ့ကျင့်စဉ်တုန်းက ခံစားရတာနှင့်စာလျှင် မပြောပလောက်ပေ။ သို့သော်လည်း ယခုဖြစ်နေသော သွေးထွက်သံယိုမှုများက အမှန်တကယ်ဖြစ်ပြီး အသက်အန္တရာယ်ကပင် လာလာတံခါးခေါက်နေသည်ဖြစ်ရာ ဘဝနှင့်ချီပြီး ခံစားရသောကြောက်ရွံမှုမျိုးဖြစ်သည်။ သို့သော်လည်း ဘာမှမတတ်နိုင်သောကြောင့် မျက်နှာကြီးမှာ အချိန်လွန်သရက်သီးမှည့်ကဲ့သို့ ရှုံတွနေသည်။
အရင်ကတော့ တုလင်ဖေးသည် ပိုင်ရှောင်ချန်းကို အရိုးများကျွတ်ကျွတ်မြည်အောင် ရိုက်ချိုးပစ်ချင်သည်အထိ မျက်မုန်းကျိုးမိသော်လည်း ယခုမှာမူ ခြားနားသွားလေပြီ။ တစ်ခါတစ်ရံတွင် ပိုင်ရှောင်ချန်း၏ အနာဒဏ်ရာများကို ကရုဏာမျက်ဝန်း နွေးနွေးများဖြင့်ပင် ကြည့်တတ်သေးသည်။
“အဆင်ပြေသွားမှာပါ။ မကြောက်နဲ့နော် မောင်လေးရှောင်ချန်း။ ဒဏ်ရာတွေက ပြင်းတယ်လို့ထင်ရပေမယ့် အသက်အန္တရာယ်ကတော့မရှိပါဘူး”
“မလှုပ်လိုက်နဲ့။ အမဆေးထပ်ထည့်ပေးမယ်နော်”
နာကျင်မှုကြောင့် ပိုင်ရှောင်ချန်းမျက်နှာရှုံတွသွားသည်ကို မြင်ရသောအခါ တုလင်ဖေးသည် အသက်အန္တရာယ်နှင့်ကြုံတွေ့နေရသော်လည်း ဘယ်သူမှ မမြင်အောင် ပြုံးလိုက်မိသည်။ ထိုအပြုံးထဲတွင် အဓိပ္ပာယ် သတ်မှတ်လို့မရသော ခံစားချက်များစွာ ပါလေသည်။
တုလင်ဖေးသည် ရှောင်ချန်းဘယ်လောက်တောင်မှ သေရမည်ကိုကြောက်သည်ဆိုသည်ကို သိထားပြီးဖြစ်ရာ ပြန်လာကယ်လိုက်ခြင်းက နှလုံးအိမ်ကို တိုက်ရိုက်ထိမှန် ခံစားရစေသည်။ ရှောင်ချန်း၏ အတွင်းစိတ်တစ်နေရာရာတွင် အကောင်းဆုံးသော သတ္တိများကိန်းဝပ်နေခဲ့တာဖြစ်ရပေမည်။
ထိုသတ္တိများက သွေးကြောထဲမှာ စီးဆင်းလာပြီး တုလင်ဖေးတစ်သက်မမေ့နိုင်မည့် အဖြစ်အပျက်များကို ဖန်တီးပေးခဲ့ခြင်းဖြစ်ရမည်။
တုလင်ဖေးက ပိုင်ရှောင်ချန်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံလေ ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ အကျေနပ်ကြီးကျေနပ်နေလေဖြစ်သည်။ ထို့ပြင် အန္တရာယ်ကြားထဲမှ အတင်းသွားကယ်ခဲ့တာက လုပ်ကိုလုပ်သင့်သည့် အလုပ်တစ်ခုအဖြစ် ပိုမိုခံစားမိလာသည်။ ရလဒ်အနေနဲ့ မိန်းမချောလေးတုကပင် သူ့ကို ကြင်ကြင်နာနာယုယုယယ ဆက်ဆံလာပြီ မဟုတ်ပါလော။
ထိုအခြင်းအရာများကို ရိပ်မိသွားသော ဟိုယွင်ဖေးက ပြုံးစိပြုံးစိဖြစ်နေသည်။ သူတို့အားလုံးသည် အတူတူအသက်လုပြေးနေရသည်ဖြစ်ရာ သူတို့ကြားထဲက ဆက်ဆံရေးများက ပိုမိုနွေးထွေးလာပြီး တစ်သားတည်းကျလာကြသည်။
“ညီလေးရှောင်ချန်း…ညီမလေးတု” လေးနက်စွာဖြင့် ဟိုယွင်ဖေးကဆိုသည်။
” တကယ်လို့ ဂိုဏ်းကို အသက်ရှင်လျက်ပြန်ရောက်ခဲ့မယ်ဆိုရင် မင်းတို့ရဲ့ပေးဆပ်ကြင်နာမှုတွေကို အကိုတစ်သက်လုံးမေ့မှာမဟုတ်ပါဘူးကွာ”
” ပြန်ရောက်ခဲ့မယ်ဆိုရင် ဟုတ်လား ” မျှော်လင့်ချက်အရိပ်အယောင်များက တုလင်ဖေးမျက်ဝန်းထဲတွင် ရုတ်ချည်းဖြတ်ပြေးသွားပြီ ခဏချင်းမှာပင် ပြန်မှိန်သွားပြန်သည်။ သူတို့သုံးယောက်လုံး အသက်ရှင်ဖို့ဆိုသည်မှာ မျှော်လင့်ချက် ယဲ့ယဲ့လေးသာရှိသည်။
ပိုင်ရှောင်ချန်းကမူ တခွန်းမျှမပြောဘဲ တိတ်ဆိတ်နေသည်။
အချိန်များကုန်လွန်လာသည်။ နှစ်ရက်ကုန်ဆုံးသွားပြီဖြစ်ပြီး သူတို့အဖွဲ့သည် နှစ်ရက်လုံးမရပ်မနားပြေးလွှားခဲ့ကြသည်။ ကျောက်စိမ်းပေလွှာကို အသုံးပြုလို့ရမရစစ်ဆေးခဲ့သော်လည်း အကြိမ်တိုင်းကျရှုံးမြဲ ဖြစ်သည်။
ဟိုယွင်ဖေး၏အတွင်း ဒဏ်ရာများသည် ပိုပိုဆိုရွားလာခဲ့သည်။ တုလင်ဖေး၏မျက်နှာမှာလည်း တစတစ သွေးရောင်များက ဆုတ်ယုတ်လာသည်။ တဖြည်းဖြည်းနှင့် သူတို့အားငယ်လာကြသည်။
ဟိုယွင်ဖေးက ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးကိုကြည့်ရင်းပြောသည်။
“တစ်နေရာရာမှာ ပုန်းနေလို့လည်းမရတာတော်တော်ဆိုးတာပဲ။ ဂိုဏ်းကို အချိန်မီသတင်းပို့ဖို့ကလိုသေးတယ်။ ပြီးတော့ အကို့ တွက်ကိန်းအရမှန်တယ်ဆိုရင် သူတို့အခမ်းအနားက မကြာခင်ပြီးမြောက်တော့မှာ။ အဲ့လိုသာဆိုရင် သူတို့ရဲ့ အခြေတည်ခြင်းအဆင့်ကျင့်ကြံသူ ထွက်လာပြီး အကိုတို့ကို ခဏလေးနဲ့ရှာတွေ့ကိုတွေ့မှာပဲ။ ဘယ်လိုပဲပုန်းနေနေ အစ်ကိုတို့ အသတ်ခံရမှာပဲ ”
ထိုစဥ် ပိုင်ရှောင်ချန်းမျက်နှာပေါ်တွင် ခံစားချက်တချို့ဖြတ်ပြေးသွားသည်။ တုလင်ဖေးနှင့်ဟိုယွင်ဖေးတို့ဆွဲချကာ ဘေးနားကမြောင်းထဲကိုခုန်ချပြီး ဆောင့်ကြောင့်ထိုင်နေသည်။
တုလင်ဖေးနှင့် ဟိုယွင်ဖေးတို့သည် အလွန်လေးနက်သွားကာ စကားပြောခြင်းကို ရပ်တန့်လိုက်ကြသည်။
သိပ်မကြာခင်မှာပဲ သူတို့အပေါ်တွင် အလင်းတန်းတစ်ခုပေါ်ပေါက်လာသည်။ ၎င်းသည် သွေးရောင်လွှမ်းနေသော မြူများဖြစ်သည်။ ထိုမြူထဲတွင် ချီစုစည်းမှုအဆင့်ရှစ်ရှိသော လောချိန်ဂိုဏ်းသားတစ်ဦးကိုတွေ့ရသည်။ ထိုသူက အရပ်မျက်နှာအနှံ့ကိုစေ့စေ့စပ်စပ်ရှာဖွေနေသည်။ သို့သော်လည်း ရှောင်ချန်းတို့က အပုန်းမြန်သွားသဖြင့် ရှာမတွေ့လိုက်ပေ။ လောချိန်ဂိုဏ်းသားလည်း ရှာမတွေ့သဖြင့်နောက်တစ်နေရာကိုရှာဖွေရန် ထွက်ခွာသွားသည်။
ပိုင်ရှောင်ချန်းသည် ကျင့်ကြံသူပျောက်သွားသည့်တိုင် ရင်အတုန်မပြယ်သေးပေ။ သူ့မျက်လုံးများမှာ လုံးဝနီရဲနေသည်။ တကယ်တော့ထိုဂိုဏ်းသားကို ချက်ချင်းထွက်ကာသတ်ပစ်လိုက်ချင်သော်လည်း အခြားဂိုဏ်းသားများ သတိထားမိသွားနိုင်သဖြင့် စိတ်လျှော့လိုက်ရသည်။
” သူတို့လိုက်ဖမ်းနေကြပြီ ” တုလင်ဖေးသည် တုန်တုန်ယင်ယင်နှင့် တစ်ခုခုဆက်ပြောရန် ပြင်နေသော်လည်း ဘာမှမပြောလိုက်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက လက်ကိုဆွဲကာ စတင်ပြေးတော့သည်။
သူတို့သည် တစ်ယောက်ကို တစ်ယောက်ဘာမှမပြောကြတော့ဘဲ ရှေ့သို့သာအာရုံစိုက်နေကြသည်။ သူတို့တစ်ကိုယ်လုံးက အလေးကြီးများနှင့်ဖိထားသကဲ့သို့ စိတ်ထောင်းကိုယ်ကြေဖြစ်နေသည်။ အသက်အန္တရာယ်က သူတို့ခေါင်းပေါ်မှာ အချိန်မရွေးပေါ်လာနိုင်သည်ဖြစ်ရာ ထိုခြိမ်းခြောက်မှုကြောင့် တစ်ကိုယ်လုံးဆတ်ဆတ်တုန်နေသည်။
” မျှော်လင့်ချက်ရှိပါသေးတယ် ” ဟိုယွင်ဖေးက ရုတ်တရက်ပြောသည်။
”လောချိန်မျိုးနွယ်စုခေါင်းဆောင်က အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူဖြစ်လို့ အကိုတို့ထက် အများကြီးပိုစွမ်းတယ်ဆိုပေမယ့် သူ့မန္တန်အစီအရင်က အကန့်အသတ်တော့ရှိပါသေးတယ်။ အကိုတို့ ဟိုမျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်ကလည်း အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံတဲ့သူတစ်ယောက်ပဲ။ ကံကောင်းထောက်မပြီး သူအကာအကွယ်မန္တာန်အစီအရင် သုံးတာကိုမြင်ဖူးလိုက်တယ်။ အဲ့ဒီအစွမ်းက ကီလိုမီတာ ငါးထောင်လောက်ထိပဲသက်ရောက်တယ် ”
ထိုစကားများကိုကြားလိုက်ရသောအခါ တုလင်ဖေးမျက်ဝန်းများက တောက်ပသွားသည်။
“အကိုဟို ဆိုလိုချင်တာက လောချိန်မျိုးနွယ်စုက အကာအကွယ်မန္တန်အစီအရင်ကို ကီလိုမီတာ ငါးထောင်လောက်ပဲသုံးနိုင်ပြီးတော့ အဲ့ကိုကျော်သွားရင် ဘာအကျိုးသက်ရောက်မှုမရှိတော့ဘူးပေါ့ ဟုတ်လား ”
” ဟုတ်တယ် ”
ဟိုယွင်ဖေးကရှင်းပြသည်။
” လောချိန်မျိုးနွယ်စုကနေ ဝေးဝေးပြေးနိုင်လေလေ ကျောက်စိမ်းပေလွှာအလုပ်လုပ်နိုင်ဖို့ အခွင့်အရေးက ပိုနီးစပ်လေလေ။ ဂိုဏ်းကိုသာ သတင်းပြန်ပို့ပေးဆက်သွယ်နိုင်မယ်ဆိုရင် အကိုတို့ကိုကယ်ဖို့ လူတွေလွှတ်ပေးမှာ သေချာတယ် ”
“ငါးထောင်ကီလိုမီတာ” ရှောင်ချန်းက ရေရွတ်ရင်း အံကြိတ်လိုက်သည်။
” ခုသွားနေတဲ့နှုန်းအတိုင်းသာ သွားရင် အဲ့ဒီအကျယ်အဝန်းကိုဖြတ်ဖို့ဆိုတာ ရှစ်ရက် ကိုးရက်လောက်ပဲကြာမှာ ”
သူတို့သွားနေစဥ် လောချိန်ဂိုဏ်းက လူများက သူတို့အနီးတဝိုက်တွင် မကြာခဏပေါ်လာသဖြင့် ခဏခဏပုန်းနေရလေသည်။ သို့သော်လည်း အန္တရာယ်အငွေ့အသက်များရတိုင်း ရှောင်ချန်းက သတိပေးနိုင်ခဲ့သည်ဖြစ်ရာ လက်မတင်လေး လွတ်လွတ်နေသည်။
ရှောင်ချန်းသည် တုလင်ဖေးနှင့် ဟိုယွင်ဖေးကို ကာကွယ်စောင့်ရှောက်ရင်း လက်ဆွဲပြေးနေရသည်ဖြစ်ရာ မောသည်ထက်မောပန်းလာပြီး မျက်နှာမှာလည်း ဖြူဖျော့လာသည်။
တုလင်ဖေးနှင့် ဟိုယွင်ဖေးမှာလည်း အခြေအနေဆိုးသည်ထက်ဆိုးလာကာ အရှိန်မှာ သိသိသာသာလျော့ကျလာသည်။ နောက်ဆုံးတော့ ပိုင်ရှောင်ချန်းက သူတို့နှစ်ယောက်လုံးကို ချီပြေးရတော့မည့် အခြေအနေသို့ပင် ဆိုက်ရောက်လာသည်။
ရှောင်ချန်းသည် သတိကြီးကြီးထားပြီးခေါ်ဆောင်လာရာ သုံးရက်တိုင်တိုင်ပင် ရှိနေပြီဖြစ်သည်။
သုံးရက်လုံးလုံး ပြေးလိုက်ပုန်းလိုက်နှင့်အချိန်ကုန်ခဲ့သည်။ ရှောင်ချန်းမျက်နှာမှာ သိသိသာသာချောင်ကျသွားလေသည်။ သို့သော်လည်း တောင်ကြားတစ်ခုဆီသို့ အဖွဲ့ကို အားတင်းခေါ်ဆောင်သွားလေသည်။ သို့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးသောအခါတွင် သူ့မျက်နှာရိပ်ပြောင်းသွားပြီး တုလင်ဖေးနှင့် ဟိုယွင်ဖေးကိုဘေးဘက်သို့ တွန်းဖယ်ပြီး ကျောက်တုံးကြီးတစ်တုံးဘေးတွင်ပုန်းနေလိုက်ကြသည်။ ကံမကောင်းစွာပင် သူတို့ပုန်းတာ အနည်းငယ်နှေးသွားသည်။တစ်ယောက်ယောက်က တီးတိုးပြောနေသံကို သူတို့ကြားလိုက်ရသည်။
အဖြူရောင်အလင်းတန်းတစ်ခုပေါ်လာပြီး သူတို့ပုန်းနေသော ကျောက်တုံးကြီးပေါ်သို့ဖြာကျလာသည်။ ဟိုယွင်ဖေးပါးစပ်မှ သွေးများက ပွက်ခနဲအံကျလာသည်။ တုလင်ဖေးက၏ နှုတ်ခမ်းထောင့်များမှလည်း သွေးများယိုစီးကျလာသည်။ ခနဲ့သံက လေထဲတွင် ထွက်ပေါ်လာသည်။
“အဲ့ဒီတော့ ဒီနေရာက မင်းတို့ပုန်းနေတဲ့နေရာပေါ့ ”
လောချိန်ဂိုဏ်းမှ ကျင့်ကြံသူသည် မြူများကြားမှပေါ်ထွက်လာသည်။ သူသည် ချီစုစည်းမှုအဆင့်ခုနစ် ရှိပြီး လက်ထဲတွင်မှန်တချပ်ကိုကိုင်ထားလေသည်။ သူက ရှောင်ချန်းတို့ကိုမြင်သည်နှင့် အိတ်ထဲက ကျောက်စိမ်းပေလွှာကို ဆွဲထုတ်လိုက်ကာ သတင်းပို့ရန်ပြင်လိုက်စဥ်မှာပဲ ဟိုယွင်ဖေးက သံကုန်ခြစ်အော်လိုက်သည်။
“သူ့ကိုသတင်းမပို့စေနဲ့”
ဖြူဖျော့နေသော တုလင်ဖေးသည် ဓားကိုထုတ်ရန်ကြံနေစဥ်မှာပင် ပိုင်ရှောင်ချန်းက ဖြည်းညင်းစွာနောက်ကိုဆုတ်ပြီး အားယူလိုက်သည်။ အံကိုကြိတ် ဒူးကိုကွေးကာ ချီအားလုံးကိုစုထည့်ရင်း မြေကိုကန်လျက် အလင်းတန်းတစ်ခုလိုပျံသန်းသွားသည်။
လောချိန်ဂိုဏ်းသားသည် သတင်းပို့ရန်ကြံစည်နေဆဲမှာပင် ရှောင်ချန်းက မယုံကြည်နိုင်လောက်အောင်မြန်ဆန်သော အမြန်နှုန်းနှင့် သူ့ဆီသို့လာနေသည်အား မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး အဆက်အသွယ်ကို အောင်မြင်သည်အထိ မလုပ်လိုက်နိုင်ပေ။ သူသည်လက်ကွက်ဖော်လိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ မှန်ကိုပစ်လွှတ်လိုက်ရာ အလင်းတန်းတစ်ခု လက်ခနဲပေါ်သွားလေသည်။
ပိုင်ရှောင်ချန်းမျက်လုံးများက ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များနှင့် ဖုံးလွှမ်းသွားသည်။ ရှောင်ချန်းသည် လွင့်လာသည့်မှန်ကို ရှောင်ခြင်းမပြုပေ။ ထိုအခါ လောချိန်ဂိုဏ်းသား ကြောင်အသွားသည်။ ပိုင်ရှောင်ချန်းသည် ထိုသူနားကိုရောက်သည်နှင့် လက်မနှင့်လက်ညှိုးကိုထိလိုက်ရာ အနက်ရောင်အလင်းတန်းက ကျင့်ကြံသူ၏လည်မျိုကိုဖောက်ဝင်သွားသည်။
” လည်မျိုဖမ်းဆုပ်ကွက် ”
အက်ကွဲသံတစ်သံ ထွက်လာပြီးနောက် ကျင့်ကြံသူ၏ မျက်လုံးအစုံမှာ ပြူးကျယ်လာသည်။ သွေးများကလည်း ပါးစပ်မှစီးကျလာပြီး တခါတည်း သေဆုံးသွားသည်။ ရှောင်ချန်းပါးစပ်မှလည်း သွေးများထွက်ကျလာသည်။ ထုံးစံအတိုင်း ရန်သူအိတ်များကိုကောက်ကာ တုလင်ဖေးဆီသို့ပြန်လျှောက်လာသည်။ သူ့တစ်ကိုယ်လုံးသည် တုန်ယင်နေပြီး လဲကျတော့မတတ်ဖြစ်နေသော်လည်း သူ့ခြေပေါ်သူအားတင်းရပ်နေသည်။
” သွားကြမယ် ”
တုလင်ဖေးနှင့် ဟိုယွင်ဖေးကို ဆွဲရင်းပြောလိုက်သည်။
“ငါ့ကို ထားခဲ့ပါတော့”
ဟိုယွင်ဖေးကပြောသည်။
“မင်းတို့နှစ်ယောက်သွားကြတော့။ အကိုမပါဘူးဆိုရင် မင်းတို့ပြေးရတာပိုမြန်လိမ့်မယ်”
ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချပြီးသည့်အကြည့်များနှင့် တုလင်ဖေးနှင့် ရှောင်ချန်းကိုကြည့်လိုက်သည်။
တုလင်ဖေးသည် ပိုင်ရှောင်ချန်းကို စူးစူးစိုက်စိုက်ကြည့်လိုက်ရင်း လွန်ခဲ့သောရက်များကပင်သေချာစဥ်းစားနေသော မေးခွန်းကိုမေးလိုက်သည်။
” မောင်လေးပိုင်…ဘာလို့တစ်ယောက်တည်း ထွက်မပြေးတာလဲ ”
” အားလုံး တိတ်စမ်း ” ပိုင်ရှောင်ချန်းက အော်ပစ်လိုက်သည်။
” ကျုပ်သေရမှာကြောက်တယ်။ ဒါပေမယ့် ကိုယ့်အသက်အန္တရာယ်ကို ရှာနေတယ်။ ခင်ဗျားတို့နှစ်ယောက်အသက်ဆုံးရှုံးခံတာက ဘာမှအဓိပ္ပာယ်မရှိဘူး။ အတူတူသွားကြမယ် ”
သူတို့နှစ်ယောက်ကို ဘာစကားမှ ထပ်ပြောခွင့်မပေးဘဲရှောင်ချန်းက ဆွဲခေါ်သွားသည်။ ဟိုယွင်ဖေးနှင့် တုလင်ဖေးတို့သည် ဘာမှဆက်မပြောလိုက်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းနောက်သို့ တရွတ်တိုက်ပါသွားသည်။
ပိုင်ရှောင်ချန်းသည် စောစောကထက်ပိုပြီး ဂရုစိုက်ကာ ဦးဆောင်ခေါ်သွားလေသည်။ လောချိန်ဂိုဏ်းသားများနှင့်နီးလာလျှင် သူတို့ပြေးနေသည့်ဦးတည်ချက်ကိုပြောင်းလိုက်သည်။ နောက်ထပ်သုံးရက်ထပ်ကုန်သွားပြီး ညနေစောင်းအချိန်တွင် ကောင်းကင်၌ လျှပ်စီးများကို မကြာခဏမြင်နေရသည်။ မိုးများအုံ့လာပြီး မိုးကချက်ချင်းရွာကျလာသည်။ မိုးပေါက်များက ပုတီးစေ့အရွယ်လောက်ရှိရာ ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံများနှင့် တဝေါဝေါဆူညံသွားလေသည်။
အေးလွန်းသဖြင့် တုလင်ဖေးနှင့် ဟိုယွင်ဖေးမှာ တဆက်ဆက်တုန်နေသည်။ သူတို့မျက်နှာများမှာ တဖြည်းဖြည်းပိုဖျော့လာကြသည်။ ပိုင်ရှောင်ချန်းက စိုးရိမ်သွားသည်။ ခုထက်သာပိုအေးလာမည်ဆိုလျှင် သူတို့နှစ်ယောက်လုံးအသက်ရှင်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ဂူတစ်ခုကိုရှာကာ မီးမွှေးလိုက်သည်။
မီးအလင်းရောင်ကို အပြင်ဘက်မှမမြင်နိုင်အောင် ဂူပေါက်ကိုလုံအောင်ဖန်တီးလိုက်ကြသည်။ သူတို့သုံးယောက်သည် မျက်နှာချင်းဆိုင် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။
မီးက တဖြစ်ဖြစ်မြည်ပြီး အရှိန်ရလာသည်။ သူတို့ကို အနွေးဓာတ်ပေးနိုင်လောက်အထိ ဖြစ်လာသည်။ မီးရောင်နှင့် တုလင်ဖေးနှင့် ဟိုယွင်ဖေးတို့မျက်နှာကို ကြည့်လိုက်သောအခါ အခြေအနေမကောင်းစွာဖျော့တော့နေသည်။
သူတို့သုံးယောက်သည် ဂူထဲတွင် တိတ်ဆိတ်စွယထိုင်နေလိုက်ကြသည်။ မီးကိုငေးကြည့်ရင်း ကြောက်လန့်မှုကြောင့် ထိတ်ထိတ်ပျာပျာဖြစ်နေသည်။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“နောက်သုံးရက်ဆိုရင် မီတာ ငါးထောင်ကျော်ပြီနော်။ ဟားဟားဟား….ဂိုဏ်းကိုပြန်ရောက်တာနဲ့ ရမယ့် ဆုလာဘ်တွေကို ထိုင်ရေနေရုံပဲ။ ဘာတွေရမလဲ သိချင်လာပြီ”
တုလင်ဖေးသည် ပိုင်ရှောင်ချန်းကို ကြည့်နေသည်။ သူမ၏မျက်ဝန်းထဲတွင် နူးညံ့ကြင်နာမှုများ အထင်းသားပေါ်လွင်နေသည်။
ဟိုယွင်ဖေးသည် ရယ်မည်ပြုစဉ် သူ့ပါးစပ်ဟလိုက်သည်နှင့် သွေးများအန်ကျလာပြီး ယိုင်ထိုးကာ ဘေးက မြက်ခင်းများပေါ်သို့ လဲကျသွားသည်။
ရက်ပေါင်းများစွာမရပ်မနားပြေးလာရသည်ဖြစ်ရာ ဆေးလုံးများပြတ်သွားလေတော့သည်။
ပိုင်ရှောင်ချန်းသည် ဟိုယွင်ဖေးဆီသို့ ပြေးသွားရင်း စစ်ဆေးလိုက်သည်။ သူ့မျက်မှာပေါ်တွင် စိုးရိမ်သည့်အရိပ်အယောင်များ ရုတ်ချည်းဖြတ်ပြေးသွားသည်။ ထိုစဉ် မီးအလင်းရောင်မဝင်လာအောင် ကာထားသော ဂူပေါက်ဝက ကျောက်တုံးကြီးသည် ရုတ်တရက်ပေါက်ကွဲလာသဖြင့် ပိုင်ရှောင်ချန်းက သူ့အဖွဲ့ကိုဝတ်ရုံနှင့် ဝှေ့ယမ်းကာကွယ်လိုက်သည်။