ပိုင်ရှောင်ချန်းသည် လက်ကွက်မန္တာန်တစ်ခုဖော်လိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းကာ သူ၏သစ်သားဓားကို ထွက်ပြေးသွားသော ချီစုစည်းမှု အဆင့်ခြောက်ကျင့်ကြံသူနှစ်ဦးဆီသို့ စေလွှတ်လိုက်သည်။ သစ်သားဓားလေးသည် လေကိုခွင်းကာ အရှိန်အဟုန်ဖြင့် ပျံသန်းရင်း နှစ်ယောက်ထဲမှ တစ်ယောက်၏ လည်မျိုကို ထုတ်ချင်းပေါက် စိုက်ဝင်သွားသည်။
ကျန်ကျင့်ကြံသူမှာ သူ့အဖော်၏ အဖြစ်ကိုကြည့်ရင်း ထောင်ချောက်တွင် မိနေသော ယုန်သူငယ်ပမာ အံသြထိတ်လန့်နေသည်။
အစက သူတို့၏ တာဝန်က ပိုင်ရှောင်ချန်းတို့ကို ရှာဖွေသတ်ဖြတ်ရန် ဖြစ်သော်လည်း ကစားပွဲ၏ အနေအထားမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလေသည်။ ကျင်လည်သော မုဆိုးဘဝမှ လွတ်လမ်းမရှိတော့သော သားကောင်ငယ်လေး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တခဏဆိုသော အချိန်လေးအတွင်းမှာပင် ပိုင်ရှောင်ချန်းက လူလေးယောက်ကို အသာလေးသတ်ဖြတ်ပြီဖြစ်သည်။
ကျန်ရှိနေသောချီစုစည်းမှု အဆင့်ခြောက်ကျင့်ကြံသူမှာ ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားနေရသော်လည်း အကြောက်တရားက သူ့မျက်နှာတွင် တံဆိပ်ခတ်နှိပ်ပြီးဖြစ်သည်။ တစ်ကိုယ်လုံးတုန်ယင်နေသောကြောင့် ကိုယ်တွင်းကလီစာများပင် ကြွေကျလုမတတ်ဖြစ်နေသည်။ ပိန်ပိန်ပါးပါး ဖြူဖြူဖွေးဖွေး အပြင်စည်းဂိုဏ်းသားလေးက ယခုကဲ့သို့ တစ္ဆေ သရဲတစ်ကောင်လို ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု လုံးဝထင်မထားမိခဲ့။
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ကြမ်းတမ်းအရိုင်းဆန်မှုစွာ တောက်လောင်နေလေသည်။ ကျန်ရှိသောကျင့်ကြံသူနောက်ကို ဆက်လိုက်ရန် ပြင်လိုက်ချိန်မှာပင် သူ့စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
တချိန်တည်းမှာပင် တုလင်ဖေး၏ အော်ဟစ်သတိပေးသံထွက်ပေါ်လာသည်။
” သတိထား….. ”
ပိုင်ရှောင်ချန်းသည်လည်း မဆိုင်းမတွပင် နောက်သို့ခုန်ရှောင်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် စောစောက သူရပ်နေခဲ့သည့်နေရာတွင် သုံးမီတာမျှ မြင့်သော ဦးခေါင်းခွံတစ်ခုပေါ်ပေါက်လာပြီးနောက် ပေါက်ကွဲသွားလေသည်။
ဘုန်းခနဲ မြည်သံနှင့်အတူ ပြင်းထန်သောပေါက်ကွဲအားတစ်ခုက ပိုင်ရှောင်ချန်းကို ထိမှန်သွားသည်။ ပထမဆုံးအကြိမ်အဖြစ် ရှောင်ချန်း၏ ထာဝရအရေပြားမှ နာကျင်မှုကို ခံစားလိုက်ရပြီး သူ့ပါးစပ်မှသွေးများပင်ထွက်လာသည်။
ထိုတိုက်ခိုက်မှု၏ လက်သည်မှာ တစ်ခြားသူမဟုတ်။ ချီစုစည်းမှု အဆင့်ရှစ်ရှိသော ချိန်ယွဲ့ပင်ဖြစ်သည်။
ချိန်ယွဲ့၏မျက်လုံးများအရ ပိုင်ရှောင်ချန်းကို ခပ်မြန်မြန်ပင် ပွဲသိမ်းပစ်ရန် ဆုံးဖြတ်ထားကြောင်းသိသာနေသည်။ သွေးဆာနေသော ချိန်ယွဲ့၏ အသွင်အပြင်မှာ အစာမြင်သော ဘီလူးသဘက်တစ်ကောင်လို ကြောက်မက်ဖွယ်ဖြစ်နေသည်။ သူနှင့် ဂိုဏ်းတူကျင့်ကြံသူကို ကယ်တင်ပြီးနောက် ပိုင်ရှောင်ချန်းဆီ တန်းတန်းမတ်မတ် တိုးလာသည်။ ချိန်ယွဲ့၏ နောက်မှ ချီစုစည်းမှု အဆင့်ခြောက်ရှိသော ကျင့်ကြံသူနှစ်ယောက် အံကိုတင်းတင်းကြိတ်လျက် လိုက်လာကြသည်။
ယခုအခါ ပိုင်ရှောင်ချန်းမှာ သုံးယောက်တစ်ယောက် ရင်ဆိုင်နေရသည်။
ဟိုယွင်ဖေးမှာ စိတ်ကကူညီချင်သော်လည်း ခန္ဓာကိုယ်ကတော့ မလိုက်နိုင်။ သူ့ကိုယ်သူပင် အနိုင်နိုင်။ စောစောက စိတ်စွမ်းအင် လက်ကျန်လေးကို သုံးပြီးနောက် သွေးများ အဆက်မပြတ်အန်နေရာ တိုက်ခိုက်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ချေ။
တုလင်ဖေးလည်း ဒဏ်ရာအပြင်းအထန်ရထားသည်။ ပိုင်ရှောင်ချန်း တိုက်ခိုက်နေသည်ကိုသာ ဘေးကကြည့်နေရပြီး အရင်က ရှောင်ချန်းအပေါ် အထင်အမြင်သေးကာ နှိမ့်ချဆက်ဆံခဲ့သည်များကို ပြန်တွေးမိတိုင်း နောင်တရနေရှာသည်။
ရှောင်ချန်း၏ပါးစပ်မှ သွေးများအဆက်မပြက် ထွက်နေသေးကာ မျက်နှာတစ်ခုလုံး ဖြူရော်နေသည်။ သူ၏ အမြန်နှုန်းကလည်း သိသိသာသာလျော့သွားပြီး လုံးဝအရုပ်ကြိုးပြတ်လဲမသွားစေရန် မနည်းထိန်းထားနေရသည့် အသွင်မျိုးဖြစ်သည်။ ထိုအခြင်းအရာကိုမြင်သော် ချိန်ယွဲ့နှင့် အပေါင်းအပါများကတော့ ရှောင်ချန်းဆီ ချည်းကပ်လာနေလေပြီ။
သို့သော် သူတို့အနီးကိုရောက်သည်နှင့် ပိုင်ရှောင်ချန်း၏ မျက်လုံးတွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်တစ်ခု ပြန်လည်ယှက်သမ်းလာသည်။ စောစောက ချိန်ယွဲ့၏တိုက်ခိုက်မှုကို ထာဝရအရေပြားက အပြည့်အဝခံနိုင်ရည် မရှိခဲ့သော်လည်း တိုက်ခိုက်မှု၏ ပြင်းအားတော်တော်များများကိုတော့ စုပ်ယူလိုက်သည်။ ပါးစပ်မှသွေးများနှင့် အားနည်းနေသောအသွင်များမှာ ဉာဏ်ကြီးရှင်ရှောင်ချန်း၏ ပရိယာယ်သာဖြစ်သည်။
မျက်တောင်တစ်ချက်ခတ်အတွင်းမှာပင် ရှောင်ချန်းက အမြန်နှုန်းကို နှစ်ဆတင်လိုက်ကာ နောက်ပြန်မဆုတ်ဘဲ ချိန်ယွဲ့ကိုကျော်ကာ သူ၏ပစ်မှတ်အစစ်ဖြစ်သော ချီစုစည်းမှု အဆင့်ခြောက် ကျင့်ကြံသူနှစ်ယောက်ဆီ တရှိန်ထိုးပြေးသွားလိုက်သည်။
ချိန်ယွဲ့ အံသြသွားသည်။ ပိုင်ရှောင်ချန်းကို တားဆီးရန်ကြိုးစားသော်လည်း ရှောင်ချန်း၏ သစ်သားဓားက သူဆီလာနေသည်။ ထို့ကြောင့် ချိန်ယွဲ့က လက်ကွက်မန္တာန်တစ်ခုဖော်ကာ ရှေ့ကအတိုင်း အရိုးခေါင်းတစ်လုံးကို ဆင့်ခေါ်လိုက်သည်၊၊ ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသော်လည်း ရှောင်ချန်းကို တားဆီး၍မရချေ။
ချိန်ယွဲ့၏မျက်လုံးတွေထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု လက်လာပြီး သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ကာ မီးအိမ်တစ်ခုပေါ်လာစေသည်။ ထိုမီးအိမ်မှာ တဖြည်းဖြည်း ကြီးလာပြီး မီးလုံးကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲလာကာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်ပစ်လွှတ်လိုက်သည်။
ထိုအချိန်တွင် အားနည်းသော ကျင့်ကြံသူနှစ်ယောက်မှာ ကြောက်လန့်တကြား အော်ဟစ်ရင်း နောက်ဆုတ်ပြေးကြသည်။သို့သော် လျှပ်လက်သည့်အလား မြန်ဆန်လှသော ပိုင်ရှောင်ချန်းလက်မှ ပြေးမလွတ်။ ကျင့်ကြံသူတစ်ဦးကိုမီခါနီအချိန်တွင် သူ့လက်ညိုးနှင့် လက်မကို ဆန့်တန်းလိုက်သည်။ ထို့နောက် လက်နှစ်ချောင်းကို ပူးလိုက်ချိန်တွင် အနက်ရောင် အလင်းတစ်ခုက လက်ကြားထဲမှ ဖျတ်ခနဲ့ ထွက်လာသည်။
လည်မျိုဖမ်းဆုပ်အကွက်…..
အနီးဆုံးရှိ ကျင့်ကြံသူ၏ အော်သံနှင့်အတူ လည်ပင်းကို ညစ်ချိုးလိုက်သော အသံကိုကြားလိုက်ရသည်။ ထိုအချိန်တွင် ချိန်ယွဲ့ပစ်လွှတ်လိုက်သော မီးလုံးသည်လည်း ရှောင်ချန်းဆီ တန်းတန်းမတ်မတ် တစ်ဟုန်တိုး ချည်းကပ်လာလေသည်။ ရှောင်တိမ်းချိန်ပင်မရလိုက်ပဲ ရှောင်ချန်းကို ထိမှန်သွားသည်။
မီးတောက်များမှာ ပင်လယ်တစ်ခုပမာ ကြီးမားလှပြီး ရှောင်ချန်းမှာ မီးတောက်၏ ဝါးမျိုခြင်းကို ခံလိုက်ရသောကြောင့် တုလင်ဖေးနှင့် ဟောင်ယွမ်ဖေးတို့မှာ စိုးရိမ်တကြီးဖြစ်သွားကြသည်။
ခပ်လှမ်းလှမ်းမှ ကြည့်နေသော အဆင့်ခြောက်ကျင့်ကြံသူကတော့ ရှောင်ချန်းမီးထဲပါသွားသည်ကို ကြည့်ရင်း ရယ်မောနေသည်။
သို့သော် မီးတောက်မီးလျှံများကြားမှ တစ်စုံတစ်ခု တိုးထွက်လာပြီး ထိုကျင့်ကြံသူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။ ထိုလူမှာ မျက်လုံးပြူးသွားကာ နောက်ဆုတ်ရန်ကြိုးသားသော်လည်း မမီတော့၊ ပိုင်ရှောင်ချန်း၏ အားပါပြင်းထန်လှသော ကန်ချက်ကြောင့် ခေါင်းမှာကြေသွားရုံမက ခန္ဓာကိုယ်ထဲသို့ပင် ဝင်သွားကာ အော်ချိန်ပင် မရလိုက်ပဲ အသက်ပျောက်သွားလေသည်။
ထို့အချိန်တွင် ရှောင်ချန်းတော်တော်ပင်ပန်းနေပြီဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး သွေးများလည်း အဆက်မပြတ်အန်နေသည်။ ထို့နောက် မောပန်းမှုဒဏ်ကြောင့် သွေးရောင်သန်းနေသော မျက်လုံးများဖြင့် နောက်ဆုံးရှင်းရန်ကျန်ရှိသော ချိန်ယွဲ့ကို ကြည့်လိုက်သည်။
ပိုင်ရှောင်ချန်း၏ အကြည့်ကြောင့် ချိန်ယွဲ့ခန္ဓာကိုယ်ထဲတွင် သွေးများအစား ရေခဲရည်များ အစားထိုးစီးဆင်းနေသလားထင်ရအောင် ကျောချမ်းနေမိသည်။ တကယ်တော့ သူ့ရဲ့ကျင့်ကြံမှုမှာ ချီစုစည်းမှု အဆင့်ရှစ်ထိရှိပြီး မျိုးနွယ်စု၏ လက်ရွေးစင်တွေထဲကတစ်ယောက်ဖြစ်သည်။ ခေါင်းဆောင်ငယ်ကဲ့သို့ အစွမ်းအစမရှိသော်လည်း မျိုးနွယ်စုအကြီးအကဲ၏ ယုံကြည်ကိုးစားမှုကို ရရှိထားသူဖြစ်သည်။ ထို့ပြင် ကြယ်ကြွေတောင်များတွင် အန္တရာယ်ကြီးမားသော သားရဲတိရိစ္ဆာများကို အကြိမ်ပေါင်းများစွာ အသေအကြေအနိုင်ယူခဲ့သူပီပီ တိုက်ခိုက်မှုစွမ်းရည်ထက်မြက်ရုံမက လိမ္မာပါးနပ်သော လူတစ်ယောက်ဖြစ်ခဲ့သည်။
ထို့ကြောင့်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို သူအထင်သေးခြင်းဖြစ်သည်။ သူ့ထက် ဂုဏ်ဒြပ်တွေယှဉ်မရအောင် သာနေပါစေ ဧရာမဂိုဏ်းကြီးများမှ ဂိုဏ်းသားလေးများမှာ သူ့အတွက် ပန်းအိုးထဲက ပန်းပွင့်လေးများလိုသာ သဘောထားခဲ့သည်။ ဘယ်လောက်ပင် နတ်ဒေဝါတွေလို စွမ်းရည်တွေပိုင်ဆိုင်ထားစေကာမူ တကယ့် သေရေးရှင်ရေးတိုက်ပွဲများတွင် သူ့ကိုယှဉ်နိုင်စရာမရှိပေ။
သို့သော် ပိုင်ရှောင်ချန်းဆိုသူကြောင့် သူ့စိတ်ထဲတွင် ကြောက်စိတ်များနေရာယူလာသည်။ တကယ်တော့ ပိုင်ရှောင်ချန်းက သူ့ကိုမျက်တောင်မခတ် စိုက်ကြည့်လိုက်ချိန်တိုင်း ကြယ်ကြွေတောင်များမှ သားရဲအရိုင်းအစိုင်းများ၏ အကြည့်ထက် များစွာကြောက်စရာပိုကောင်းနေသည်။
ထိုအကြည့်များက အရှင်လတ်လတ် သူ့ဝိညာဉ်ကို ဖျက်စီးပစ်နေသလိုခံစားရပြီး တစ်ကိုယ်လုံးစိမ့်တက်လာစေသည်။
သူ၏အပေါင်းအပါခြောက်ယောက်ကို ခဏလေးအတွင်းမှာ သတ်ပစ်ထားသော လူကိုကြည့်ရင်း သူတုန်လှုပ်မိသည်။ အံသြစရာအကောင်းဆုံးအချက်မှာ ပိုင်ရှောင်ချန်း၏ ကျင့်ကြံမှုအဆင့်မှာ ချီစုစည်းမှု အဆင့်ခြောက်စက်ဝန်းအတွင်းမှာပင် ရှိနေသေးခြင်းဖြစ်သည်။
” ဒီလူက အင်မတန် အစွမ်းထက်သလို လျင်မြန်တယ်။ လူတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လောက်တဲ့အထိ အပြင်အားကျင့်စဉ်တစ်ခုခုကို ကျင့်ထားတာသေချာတယ်..”
” နောက်ပြီး သူ့ရဲ့ ခုခံပုံကလည်း လန့်စရာပဲ… “
” သူ့မှာ တစ်ခြားမှော်ကျင့်စဉ်တွေ မရှိရင်တောင် သူ့ရဲ့သစ်သားဓားကို ထိန်းချုပ်ပုံက အရမ်းကျွမ်းကျင်လွန်းတယ်။ ဓားကိုယ်တိုင်ကလည်း အမြန်နှုန်းကော စွမ်းအားကပါ မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်တယ်။ ချီစုစည်းမှု အဆင့်ခြောက်ရှိတဲ့လူတစ်ယောက်ကို သတ်နိုင်ဖို့ဆိုတာ သာမန်ပစ္စည်းလောက်နဲ့ မရဘူး…”
” ဒီလူက သေချာပေါက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ လက်ရွေးစင်တစ်ယောက်ဖြစ်မယ်။ ငါသူ့နာမည်ကို ဘာလို့ မကြားဖူးပါလိမ့်။ ပိုင်ရှောင်ချန်း…. ” ချိန်ယွဲ့သည် အံ့ဩတုန်လှုပ်နေပြီး ဤကဲ့သို့လူတစ်ယောက်ကို တိုက်ခိုက်ပြီး အနိုင်ယူချင်သော ဆန္ဒများ တောက်လောင်လာသည်။ ထို့ကြောင့် လက်ကိုဝေ့ယမ်းလိုက်ရာ လက်တစ်ဆုပ်အရွယ် ကျောက်စိမ်းအရိုးခေါင်းခွံသုံးခု ပျံသန်းထွက်ပေါ်လာသည်။
သူ၏အမူအရာမှာ အလွန်တရာလေးနက်နေပြီး ပိုင်ရှောင်ချန်းကိုကြည့်ကာ
” ငါမင်းကို လျော့တွက်ခဲ့တယ်။ ဒါပေမယ့် အခုကစပြီး ထပ်မမှားစေရတော့ဘူး။ မင်းတို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ မှော်ကျင့်စဉ်တွေနဲ့ ငါတို့ လောက်ချိန်မျိုးနွယ်စုရဲ့ လူသတ်ဖုတ်ကောင်တွေနဲ့ ဘယ်သူပိုအစွမ်းထက်မလဲ ကြည့်ကြသေးတာပေါ့”
ချိန်ယွဲ့၏စကားလုံးများက ပဲ့တင်ထပ်နေတော့သည်။ ထို့နောက် သူသည် လက်ကွက်မန္တန်တစ်ခုကိုဖော်လိုက်ရာ အရိုးခေါင်းသုံးခုမှာ တကယ့်သက်ရှိများပမာ အော်ဟစ်ကြလေသည်။ ထို့နောက် တဖြည်းဖြည်း ကြီးလာကြပြီး နောက်ဆုံးသုံးမီတာလောက်ထိရှိလာကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးဝင်လာကြသည်။
ပိုင်ရှောင်ချန်း၏ အသက်ရှူသံမှာ တရှူးရှူးတရှဲရှဲဖြစ်နေသည်။ သူ၏ခေါင်းထဲမှာ ဘာမှစဉ်းစားနေခြင်းမရှိဘဲ ဗလာဖြစ်နေ၏။ သူသည် သေခြင်းတရားကိုပင်မေ့လျော့ကာ သူ့ရန်သူကို ဘယ်လိုသတ်ဖြတ်မလဲဆိုသည့်စိတ်သာ ကြီးစိုးနေသည်။
အရိုးခေါင်းများ သူ့အနီးသို့ ရောက်လာချိန်တျွင် ညာဘက်လက်ဖြင့် လက်ကွက်မန္တန်တစ်ခုကိုဖော်ကာ လက်ကိုဝေ့ယမ်းလိုက်ပြီး သာမန်ဓားပျံနှစ်လက်နှင့်အတူ သူ၏သစ်သားဓားလေးကို ထုတ်လိုက်သည်။ သူရှေ့သိုချီတက်သွားချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဓားအလင်းရောင်များဖြင့် လင်းလက်သွားသည်။
ထို့ပြင် ပိုင်ရှောင်ချန်း၏ ဘေးပတ်လည်တွင် မှော်အလင်းရောင်ဖြင့် ဖြာထွက်နေသော အကာအကွယ်တစ်ခုလည်း ထွက်ပေါ်လာသည်။
ခဏအကြာတွင် ပိုင်ရှောင်ချန်း၏ ဓားပျံများနှင့်အရိုးခေါင်းများ ထိပ်တိုက်တွေ့ဆုံပြီး တောအုပ်တစ်ခုလုံး ပြင်းထန်ကျယ်လောင်သော အသံများဖြင့် ပဲ့တင်ထပ်သွားသည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်းနှင့် ချိန်ယွဲ့တို့၏ အသက်လုပွဲကြီး စတင်တော့သည်။
ချိန်ယွဲ့သည် ချီစုစည်းမှု အဆင့်ရှစ်သို့ရောက်ရှိနေပြီဖြစ်သည့်အတွက် ကျင့်ကြံမှုတွင် ရှောင်ချန်းထက်အသာစီးရထားသည်။ သို့သော် တကယ်တမ်း သူတင်ကိုယ်တင် တိုက်ခိုက်ကြသော အခါတွင်မူ စွမ်းအားရော ခံစစ်အားပါ လက်ရည်ညီကြသည်။
အံသြစိုးရိမ်မှုများက တုလင်ဖေး၏ နှလုံးသည်းပွတ်ကို လှိုင်းလုံးများပမာ ရိုက်ခတ်နေသည်။ စိတ်လှုပ်ရှားမှုကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရာ လက်သည်းများက သူမ၏ လက်ဖဝါးနုနုလေးများကို စိုက်ဝင်နေသည်ကိုပင် သတိမရတော့။
ယခုပိုင်ရှောင်ချန်းမှာ ပြိုင်ပွဲတုန်းက သူမှတ်မိသော အမြင်ကပ်စရာ ငကြောက်ပိုင်ရှောင်ချန်းမဟုတ်တော့။ လောက်ချိန်းဂိုဏ်းမှ ချိန်ယွဲ့လိုလူမျိုးကိုပင် သူတင်ကိုယ်တင် တိုက်ခိုက်နေသော သံမဏိသွေးသား၊သံမဏိသွေးကြောများ စီးဆင်းနေသော ပိုင်ရှောင်ချန်းဖြစ်သည်။
” ငါ သူ့ကို အထင်လွဲမိခဲ့တာပဲ…. ဒါကမှ ပိုင်ရှောင်ချန်းအစစ်အမှန်ပဲ ”
” သူ့လိုသေမှာကို အရမ်းကြောက်တဲ့သူမျိုးက အခုလိုပြန်လာပြီး အသေခံတိုက်ခိုက်ခဲ့တာ တော်ရုံစိတ်မျိုး သာမန်သတ္တိမျိုးမဟုတ်ဘူး ” ပိုင်ရှောင်ချန်းကိုကြည့်ရင်း တုလင်ဖေး၏ မျက်လုံးများမှာ အားမာန်များဖြင့် လင်းလက်လာသည်။
” သေမှာကြောက်ပေမယ့် သူရဲ့စိတ်ဓာတ်က ခိုင်မာတယ်။ သူ့မှာ စည်းမျဉ်းတွေရှိတယ်။ သူအသတ်ခံရမှာကို ကြောက်ရင်တောင် သူ့အဖော်တွေကို ဘယ်တောမှ့ စွန့်ပစ်မယ့် လူ မဟုတ်ဘူး ”
နားစည်ကွဲသွားစေလုမတတ် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။ ပိုင်ရှောင်ချန်း၏ ဓားပျံနှစ်ချောင်းမှာ ပျက်စီးသွားပြီး သူ့၏ သစ်သားဓားသာ ကျန်ရှိတော့သည်။ ထိုနည်းတူစွာ အရိုးခေါင်းသုံးခုမှာလည်း အရင်ကထက် အရောင်မှိန်လာပြီး ချိန်ယွဲ့ဆီပြန်ရောက်ချိန်တွင် သိသိသာသာပျက်စီးနေသည်။
အရိုးခေါင်းများ အခြေအနေမကောင်းသည်ကို အခွင့်ကောင်းယူ၍ ပိုင်ရှောင်ချန်းသည် ချိန်ယွဲ့ကို လျင်မြန်စွာ အလစ်ငိုက်တိုက်ခိုက်သည်။ ပိုင်ရှောင်ချန်း၏ လည်မျိုဖမ်းဆုပ်ကွက်မှာ ချိန်ယွဲ့၏ လက်မောင်းကိုသာ ဖမ်းချုပ်မိသော်လည်း ချိန်ယွဲ့၏ ပါးစပ်မှ သွေးများပန်းထွက်လာသည်။ အရိုးများ ကွဲကြေကျိုးအက်သံများ ကိုပါအတိုင်းသားကြားနေရသည်။ သို့တိုင် ချိန်ယွဲ့သည် သူ့ပါးစပ်ထဲမှ ဓားအသေးလေးတစ်လက်ကို ထွေးထုတ်လိုက်ရာ ရှောင်ချန်း၏ လက်မောင်းထဲသို့ တစ်လက်မခန့် စိုက်ဝင်သွားသည်။
ထာဝရသံမဏိအရေပြားပင် မခံနိုင်တော့ဘဲ ချက်ချင်းပင် သွေးများစီးကျလာသည်။ ချိန်ယွဲကနောက်သို့ ချက်ချင်းဆုတ်လိုက်သည်။ သို့သော် သူဝေးဝေးမရောက်ခင်မှာပင် နီရဲနေသော မျက်လုံးတွေနှင့် ပိုင်ရှောင်ချန်းက သူ့ဒဏ်ရာတွေကိုပင် အမှူမထားဘဲ နောက်ကအမြန်ဆုံးလိုက်လေသည်။
အခြေအနေမှာ သေဘေးနှင့်ပိုနီးလာလေ ဖြစ်သောကြောင့် ချိန်ယွဲ့မှာ မျက်စိပျက်မျက်နှာပျက်ဖြင့် အံကိုတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် လက်ကွက်မန္တာန်တစ်ခုကို မြန်မြန်ဖော်လိုက်ပြီးနောက် သူ့နဖူးကိုထိလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။ သူ၏ကိုယ်တွင်းမှ ချီနှင့်သွေး အားလုံးမှာ ပြင်းထန်စွာ မြင့်တက်လာပြီးနောက် ငယ်ထိပ်ကို လက်ဖြင့်ရိုက်လိုက်သည်။
” ပိုင်ရှောင်ချန်း ဒီညမင်းနဲ့ငါ နှစ်ယောက်ထဲက တစ်ယောက်တော့ သေမှာပဲ။ မင်းသေမလား ငါသေမလား ကြည့်ကြသေးတာပေါ့….. ”
ချိန်ယွဲ့သည် ပုံမှန်ဆိုလျှင် ဆက်လက်တိုက်ခိုက်တော့မည် မဟုတ်ပေ။ သို့သော် သူ၏မျိုးနွယ်စု၏ ဆက်လက်ရပ်တည်ရေးအတွက် ပိုင်ရှောင်ချန်းကို မဖြစ်မနေသတ်ရန် လိုအပ်ပေသည်။ သူက မြန်မြန်ဆန်ဆန်ပင် အသက်သွေးအချို့ကို ထွေးထုတ်လိုက်ရာ ထိုသွေးများကို အရိုးခေါင်းသုံးလုံးက အငမ်းမရ သောက်သုံးကြသည်။
” ဖုတ်ကောင်တိုက်ကွက် ” ဟု ဟစ်ကြွေးရင်း သူ၏သက်စောင့်မှော်တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ အရိုးခေါင်းသုံးလုံး၏ မျက်လုံးများသည် ထူးခြားဆန်းကျယ်သော အလင်းရောင်များဖြင့် တောက်လာပြီး ချိန်ယွဲ့ဆီသို့ တိုးကပ်လာကာ ချိန်ယွဲ့၏ အသွေးအသားများကို အငမ်းမရဝါးမျိုစားသောက်ကြတော့သည်။
ထူးဆန်းထိတ်လန့်ဖွယ်မြင်ကွင်းကြောင့် တုလင်ဖေးနှင် ဟောင်ယွမ်ဖေးတို့မှာ ပါစပ်အဟောင်းသား ဖြစ်သွားကြသည်။ ထို့နောက် ချိန်ယွဲ့သည် စက်ဆုပ်တုန်လှုပ်ဖွယ်အသံနက်ကြီးဖြင့် အော်ဟစ်ငြီးတွားလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေကာ အနက်ရောင်မြူ ခိုးများ သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်လာပြီးနောက် သုံးမီတာခန့်မြင့်မားသည့် ကြောက်လန့်ဖွယ် ဖုတ်ကောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
” သေစမ်း……” အသံနက်ကြီးဖြင့် အော်ဟစ်ရင်း လက်ကြီးဆန့်တန်းကာ ပိုင်ရှောင်ချန်းဆီ တိုးလာသည်။
” တကယ်သေရမှာက မင်းပဲ ” ဟု အော်ဟစ်ရင်း လက်နှစ်ဖက်ဖြင့် လက်ကွက်မန္တာန်တစ်ခုကို ဖော်လိုက်ပြီးနောက် လက်ကိုမိုးပေါ်သို့ ညွှန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်စွမ်းအင်များ လူးလွန့်ဖြာထွက်လာပြီးနောက် လေထဲတွင် လှည့်လည်ကာ အံသြဖွယ် ဒယ်စောက်အိုးကြီးတစ်လုံးအဖြစ် ပေါင်းစည်သွားကြသည်။
ဤအခြင်းအရာကား တစ်ခြားမဟုတ်….
ခရမ်းရောင်ချီဒယ်စောက်အိုး ဆင့်ခေါ်နည်းပင်ဖြစ်ချေသည်။