Switch Mode

အခန်း (၃၆၀)

အစာ

ဝမ်ပေါင်လဲ့မှာ ထာဝရခံတပ်ကြီးအား ထိန်းချုပ်နေစဉ် ခံတပ်အပြင်ဘက်ရှိ ဧရာမဘီလူးကြီးများမှာ တစ်ပြိုင်နက်တည်း ပစ်ခတ်နေကြသော ပေါင်လဲ့အမြောက်များအား ခုခံနေကြ၏။ ၎င်းတို့မှာ အသံကုန် အော်ဟစ်ဟိန်းဟောက်ရင်း အလျင်အမြန် ပြေးလာနေကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်အရွယ်အစားမှာ ကြီးမားလွန်းနေသောကြောင့် ၎င်းတို့၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းမှာလည်း တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းနေသည်။ ထို့ကြောင့် အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် ၎င်းတို့မှာ ဝမ်ပေါင်လဲ့နှင့် ပေတစ်ထောင်ပင် မဝေးတော့သော နေရာသို့ ရောက်ရှိလာကြပြီဖြစ်သည်။

သို့သော် ၎င်းတို့ဘက်မှ ပေးဆပ်လိုက်ရသည့် အချက်များလည်း ရှိနေ၏။ ဘီလူးကြီးတစ်ကောင်၏ ခန္ဓာကိုယ်မှာ ပေါင်လဲ့အမြောက်များ၏ အဆက်မပြတ် ပစ်ခတ်မှုဒဏ်ကြောင့် တစ်စစီ ပျက်စီးသွားပြီ ဖြစ်သည်။ သို့သော်ငြားလည်း သားရဲစီးကြောင်းကြီးမှာ အနားသို့ ချဉ်းကပ်လာနေဆဲပင်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက လီယီနှင့် ခုန်းတောက်တို့မှာ ခုခံတွန်းလှန်နိုင်ရန် အပြင်းအထန် ရုန်းကန်ကြိုးစားနေရသည့်ပုံ ပေါက်နေကြပြီး ဝမ်ပေါင်လဲ့၏ ခံတပ်ကြီးထဲတွင်မူ လက်ရှိ သားရဲစီးကြောင်းကြီးထဲမှ သားရဲကြီးများဖြင့် အချိန်မရွေး ပြည့်နှက်သွားနိုင်မည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။

ထိုကဲ့သို့ သားရဲစီးကြောင်းကြီး အနားသို့ရောက်လာသောအချိန်တွင် ထာဝရခံတပ်ကြီး၏ အပြင်ဘက်တွင်ရှိနေသော မြေပြင်ကြီးမှာ တုန်ရီသွားပြီး ရွှေရောင်နံရံကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

ထိုနံရံကြီးမှာ ထာဝရခံတပ်ကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ ၎င်း ပေါ်ပေါက်လာသောအခါ သားရဲစီးကြောင်းကြီးမှာ ရှေ့သို့ဆက်လက် မချီတက်နိုင်တော့ပေ။ ပေါင်လဲ့အမြောက်များမှာ ထိုအခွင့်အရေးကို အသုံးချ၍ တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြသောကြောင့် သားရဲစီးကြောင်းထဲမှ သားရဲကြီးများမှာ အတုံးအရုံး ကျဆုံးသွားကြ၏။

သို့ရာတွင် ထိုရွှေရောင်နံရံကြီးမှာလည်း သားရဲကြီးများအား တစ်ခဏမျှသာ ခုခံတွန်းနိုင်ခဲ့ပြီး ပြိုလဲပျက်စီးသွားရ၏။ ထိုနံရံကြီး ပြိုလဲပျက်စီးသွားပြီး သားရဲစီးကြောင်းကြီး ထပ်၍ ချဉ်းကပ်လာစဉ်တွင် ပြိုကျသွားသော နံရံကြီးမှာ ရုတ်တရက်ဆိုသလို ကျုံ့ဝင်သွားပြီး ဒုတိယမြောက် နံရံကြီးတစ်ခု ဆက်လက်ထွက်ပေါ်လာတော့သည်။

ထိုသို့ဖြင့် ခံတပ်နံရံကြီးမှာ အဆုံးမရှိလောက်အောင် ပြိုလဲသွားလိုက်၊ ပြန်လည်ပေါ်ထွက်လာလိုက် ဖြစ်နေသောကြောင့် ကြောက်မက်ဖွယ်ရာ သားရဲစီးကြောင်းကြီးအား နှောင့်နှေးကြန့်ကြာအောင် လုပ်ထားနိုင်၏။ ထို့အပြင် ပေါင်လဲ့အမြောက်များမှာလည်း အဆက်မပြတ် ပစ်ခတ်နေသည် ဖြစ်သောကြောင့် သားရဲစီးကြောင်းကြီးထဲမှ သေကျေပျက်စီးမှုနှုန်းများမှာ တဖြည်းဖြည်းနှင့် မြင့်တက်လာတော့သည်။

ထိုနံရံကြီး၏ အလုပ်လုပ်ပုံမှာ ပေါင်လဲ့အမြောက်များအား ပြုပြင်မွမ်းမံကာ ပြန်လည်အသုံးပြုသည့်ပုံနှင့် သဘောတရား အတူတူပင် ဖြစ်သည်။ ၎င်းမှာလည်း ဝမ်ပေါင်လဲ့၏ ထာဝရခံတပ်ကြီး၏ အဓိက စွမ်းရည်တစ်ခု ဖြစ်ပေသည်။

တစ်ချိန်ထဲမှာပင် ၎င်းမှာ သူသည် ဤခံတပ်ကြီး၏ ဒီဇိုင်းပုံစံအား ပြင်ဆင်ခဲ့သည့် အချိန်တုန်းက ရင်ဆိုင်ခဲ့ရသော အကြီးအမားဆုံး အခက်အခဲကြီးလည်း ဖြစ်နေ၏။

ထိုကဲ့သို့ အလိုအလျောက် ပြုပြင်နိုင်သည့် စွမ်းရည်ကိုရရှိရန် ရုပ်သေးရုပ်ပေါင်း တစ်ထောင်တိတိအား ထိုပြန်လည်ပြုပြင်ရေး လုပ်ငန်းများထဲ၌ ဝင်ရောက်ဆောင်ရွက်ရန် စေခိုင်းထားခြင်းမဟုတ်ပေ။ ထာဝရခံတပ်ကြီး တစ်ခုလုံးအား ဆောက်လုပ်ရေးလုပ်ငန်းသုံး ဧရာမရုပ်သေးရုပ်ကြီး တစ်ရုပ်အဖြစ် တည်ဆောက်ထားသည်ဟု သတ်မှတ်ပါက ပို၍ သင့်တော်မည်ဖြစ်သည်။

အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ ဘုရင်ခံကြီးမှာ ထိုမြင်ကွင်းအားကြည့်ရင်း ပြုံးကာ ခေါင်းတညိတ်ညိတ်နှင့် သဘောကျနေတော့သည်။ သူမ၏ မျက်ဝန်းများထဲတွင်လည်း စူးစမ်းချင်စိတ်များဖြင့် ပြည့်နှက်နေ၏။

” ထာဝရခံတပ် ” သူမ ထိုကဲ့သို့ရေရွတ်နေစဉ် ပြည်ထောင်စုကြီးထဲရှိ ပွဲကြည့်ပရိသတ်များမှာမူ ထာဝရခံတပ်ကြီး၏ အဆုံးမရှိသော ပြောင်းလဲမှုများကြောင့် အံ့ဩမှင်တက်ကာ ကြက်သေသေနေခဲ့ရသည်မှာ အချိန်အတော်အတန် ကြာမြင့်သွားပြီဖြစ်သည်…

ဝမ်ပေါင်လဲ့မှာလည်း သူ၏ ထာဝရခံတပ်ကြီး သားရဲစီးကြောင်းကြီးအား ခုခံတွန်းလှန်နေသည်ကိုကြည့်ရင်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားလာ၏။ ထို့နောက် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏နောက်တွင်ရှိနေသော စာအုပ်ကြီး၏ စာမျက်နှာများမှာ ပို၍ပင် လျင်မြန်စွာ ပြောင်းလဲသွားကြတော့သည်။ စာရွက်တစ်ရွက်ကို လှန်လိုက်သည့် အချိန်တိုင်း စွမ်းအားတစ်မျိုး ထွက်ပေါ်လာ၏။ ၎င်းတို့မှာ ပေါင်လဲ့အမြောက်များထဲကသာ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သူ အခြားပြိုင်ပွဲဝင်များဆီမှ ဖြုတ်ယူခဲ့သည့် မီးနတ်ဘုရားအမြောက်ကဲ့သို့သော အခြားဓမ္မအဆောင်များဆီမှလည်း ထွက်ပေါ်လာနေခြင်းဖြစ်သည်။ ၎င်းတို့မှာ ကျိုးပဲ့နေကြပြီ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ အရေးမကြီးပေ။ သူသည် ၎င်းတို့အား ‌အစွမ်းကုန်အသုံးပြုလိုက်သောကြောင့် အင်္ဂါဂြိုဟ်ကြီးအား တုန်ရီသွားစေပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ကြား၌ ပဲ့တင်ထပ်သွားသော ပေါက်ကွဲသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ဆဋ္ဌမမြောက်နှင့် သတ္တမမြောက် သားရဲစီးကြောင်းအား အားမာန်အပြည့်ဖြင့် ခုခံတွန်းလှန်နိုင်လိုက်သလို လီယီနှင့် ခုန်းတောက်တို့မှာလည်း ထိုနည်းတူပင်ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးမှာ ငွေအင်အား၊ လူအင်အား အလုံးအရင်း ရှိနေသည့်တိုင်အောင် ထိုတိုက်ပွဲကြီးမှာ သူတို့အတွက် အလွန်အင်မတန်မှ ခက်ခဲနေဆဲပင်။ ဆန်ခါတင်ပေါင်းများစွာ ပြိုင်ပွဲထဲမှ နုတ်ထွက်သွားရပြီ ဖြစ်ပါသော်လည်း သားရဲစီးကြောင်းများထဲ၌ ရှိနေသော သားရဲကြီးများ၏ အရေအတွက်မှာမူ လျော့ကျသွားခြင်းမရှိပေ။

အမှန်တွင် ပြိုင်ပွဲကြီး၏ နောက်ပိုင်းသို့ရောက်လာလေလေ ပို၍ ခက်ခဲလာလေလေ ဖြစ်နေ၏။ ဝမ်ပေါင်လဲ့နှင့် သူတို့နှစ်ယောက်မှာ အမှန်တွင် ဆန်ခါတင်ဆယ်ယောက် ရင်ဆိုင်ရမည်ဖြစ်သော သားရဲစီးကြောင်းကြီးအား ခုခံတွန်းလှန်နေရခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့မှာ သူတို့၏ ခံတပ်ကြီးအား အဆုံးအထိ တည်ဆောက်ပြီးသွားသည့်တိုင်အောင် အချိန်ဆွဲထားရုံမျှသာ တတ်နိုင်၏။ သူတို့အားလုံး၏ တာဝန်မှာ သားရဲစီးကြောင်းကြီးအား နှိမ်နင်းရန်မဟုတ်ဘဲ အခြားဆန်ခါတင်နှစ်ယောက် ပြိုင်ပွဲထဲမှ နုတ်ထွက်သွားရသည့် အချိန်အထိ တောင့်ခံထားရန်သာဖြစ်ကြောင်း သူတို့က သိထား၏။ နောက်ဆုံး၌ ကျန်ရစ်ခဲ့သူမှာ အနိုင်ရရှိသူ ဖြစ်သွားမည်ဖြစ်သည်။

ထိုစိတ်ကူးမှာ ကောင်းမွန်သလို ထိုဗျူဟာမှာလည်း အလုပ်ဖြစ်နေ၏။ သို့သော် ထိုကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်နေသော စစ်မြေပြင်ကြီးထဲရှိ နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီး၏ ဘေးတွင် ‌ကောင်လေးတစ်ယောက် တိတ်တဆိတ်ပေါ်ပေါက်လာခဲ့သည်ကို မည်သူကမှ သတိမထားမိခဲ့ပေ။

ထိုကောင်လေးမှာ ခြေလက်အင်္ဂါအစုံ ရှိနေပါသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် မည်သူကမှ သူ့အား မမြင်ရပေ။ ပြည်ထောင်စုကြီးထဲရှိ ပွဲကြည့်ပရိသတ်များသာမက ထိပ်တန်းအဆင့် အရာရှိကြီးများပင်လျှင် ထိုကောင်လေး၏ အငွေ့အသက်အား အာရုံခံနိုင်စွမ်းမရှိချေ။

သူသည် တည်ကြည်မှု အပြည့်ရှိသော အမူအရာဖြင့် မတ်တတ်ရပ်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်အင်မတန်မှ ပြင်းထန်သည့် သေမင်းအငွေ့အသက်တစ်မျိုး ထွက်ပေါ်နေ၏။ သူသည် အေးတိအေးစက်နှင့် အကြင်နာကင်းမဲ့သော မျက်ဝန်းများဖြင့် လီယီအား အရင်ဆုံး လှမ်းကြည့်လိုက်၏။ ထို့နောက် သူ၏ အကြည့်မှာ လီယီ၏ မန္တန်အစီအရင် ခံတပ်ကြီးပေါ်သို့ ရောက်သွားပြီးနောက် ခုန်းတောက်ရှိရာသို့ ပြောင်းလဲသွား၏။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်တော့သည်။

သို့သော် သူသည် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်သည့်အချိန်တွင် ခံတပ်ထဲ၌ ပုန်းနေသည့် မြည်းလေးအား အာရုံခံမိသွား၏။ ထိုအခါ နဂိုတုန်းက အသက်မဲ့နေသည့်အမူအရာဖြင့် ရှိနေခဲ့သော ထိုကောင်လေးမှာ အံတကြိတ်ကြိတ် ဖြစ်သွားရတော့သည်။ ထို့နောက် ၎င်းမှာ အချိန်အနည်းငယ်ခန့် တွေးတောသုံးသပ်လိုက်ပြီးနောက် သက်ပြင်းချကာ ခုန်းတောက်ဆီသို့ ပြေးသွားလိုက်တော့သည်။

သူသည် ထိုကဲ့သို့ ခုန်းတောက်ဆီသို့ ပြေးသွားသည့်အချိန်တွင် ထာဝရခံတပ်ကြီးထဲ၌ ကြက်ရိုးတစ်ချောင်းအား ပျော်ရွှင်မြူးတူးစွာ ဝါးစားနေခဲ့သည့် မြည်းလေးမှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာသည်ကို သတိမထားမိလိုက်ပေ။ ၎င်းမှာ နားရွက်များ ထောင်သွားပြီး မျက်လုံးများပြူးကာ ခုန်းတောက်၏ ခံတပ်ကြီး ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် ၎င်း၏ ပါးစပ်ထဲမှ ကြက်ရိုးလေးမှာ မြေကြီးပေါ်သို့ ကျသွားပြီး ၎င်းမှာ သွားရည်များ ယိုလာတော့သည်။

ထို မြည်းလေးမှာ ၎င်း အလွန်အင်မတန်မှ နှစ်သက်လွန်းသောကြောင့် အပြီးအထိမစားနိုင်ဘဲ ဖြစ်နေရသည့် ကြက်ရိုးလေးကိုပင် လျစ်လျူရှုလိုက်၏။ ထို့နောက် ၎င်းမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားသည့် ပုံစံဖြင့် ၎င်း၏ မျက်ဝန်းများထဲ၌ အစိမ်းရောင် အလင်းရောင်တစ်ခု တောက်ပလာတော့သည်။ သို့သော် ၎င်းမှာ ယခင်အကြိမ်တုန်းကကဲ့သို့ ထိုအရသာရှိသော အစာအား ခြောက်လှန့်မိသွားမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် ၎င်းမှာ စဉ်းစားတွေးတောလိုက်ပြီးနောက် ၎င်း၏ ကိုယ်နံ့မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ၎င်းမှာ ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ကိုယ်ရောင်ဖျောက်သွားပြီး ဖြည်းညင်းစွာ ရွေ့လျားရင်း ထာဝရခံတပ်ကြီးထဲမှ ထွက်ခွာလာပြီး ပုန်းနေလိုက်တော့သည်။

ထိုအချိန်တွင် ထိုကောင်လေးမှာ အလွန်အင်မတန်မှ လျင်မြန်စွာ ရွေ့လျားနေပြီး သားရဲစီးကြောင်းကြီးအား လျစ်လျူရှုကာ တွေဝေတုံ့ဆိုင်းနေချင်မရှိဘဲ မြေကြီးအောက်သို့ တူးဝင်ကာ ခုန်းတောက်၏ ခံတပ်ထဲသို့ ဝင်သွားလိုက်၏။ ထို့နောက် သူသည် ကျင့်ကြံသူများအား မြင်လိုက်ရသောအခါ ၎င်းတို့၏ ခန္ဓာကိုယ်များထဲသို့ ချက်ချင်းပင် ဖြတ်လျှောက်သွားလိုက်၏။ ထိုအခါ ထိုကျင့်ကြံသူများမှာ ချက်ချင်းဆိုသလိုပင် အသားများတုန်ရီသွားကြပြီး အောက်သို့ပုံခနဲ လဲကျသွားကြတော့သည်။

သူသည် ပါးနပ်သော လူတစ်ယောက် ဖြစ်သောကြောင့် မည်သူကိုမှ အဆင်အခြင်မဲ့ သတ်ဖြတ်ခြင်းမရှိဘဲ အရေးပါသော နေရာများ၌ ရှိနေသည့် အစောင့်များကိုသာ သတ်ဖြတ်နေသောကြောင့် ပို၍ပင် အန္တရာယ်များနေတော့သည်။ ထို့ကြောင့် သိပ်မကြာခင်တွင် နဂိုမူလတုန်းက သားရဲစီးကြောင်းကြီးအား ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်နေခဲ့သော ခုန်းတောက်၏ ခံတပ်ကြီးမှာ တဖြည်းဖြည်းနှင့် ချွတ်ယွင်းလာပြီး ၎င်း၏ အကာအကွယ်ဒိုင်းကာကြီး တစ်စစီ ကြေမွပျက်စီးသွားသည်ကို ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များက မြင်လိုက်ရတော့သည်။

ထို့ကြောင့် ခုန်းတောက်မှာ အံ့ဩတုန်လှုပ်သွားရပြီး ထိုကိစ္စကြီးကို စုံစမ်းစစ်ဆေးကြည့်လိုက်၏။ ထို့နောက် အရေးပါသော နေရာများတွင် အစောင့်တာဝန်ကျနေကြသည့် သူ၏ ကျင့်ကြံသူများမှာ ထူးဆန်းစွာ သေဆုံးသွားကြခြင်းဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သူ၏ အမူအရာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရတော့သည်။

သူသည် ကျင့်ကြံသူတစ်ယောက်၏ အလောင်းနားသို့ ရောက်ရှိသွားပြီး သူကိုယ်တိုင် မြင်လိုက်ရသောအခါတွင် အသက်ပြင်းပြင်း ရှူမိလိုက်တော့သည်။ သားရဲစီးကြောင်းကြီးထဲတွင် ကြောက်မက်ဖွယ်ရာ ဝိညာဉ်သတ္တဝါအချို့ ရှိနေသည်ကို သူက သိရှိထားပြီး ဖြစ်သည်။

ထိုကဲ့သို့ သေဆုံးသွားခဲ့ကြသည့် လူများထဲတွင် ခုန်းတောက်နှင့် ကျင့်ကြံခြင်းအဆင့် အတူတူပင်ဖြစ်သည့် လူနှစ်ယောက် ပါဝင်နေ၏။ သူတို့နှစ်ယောက်မှာ သွမ့်မုချွယ်က သူ့အား ကူညီပေးရန် စေလွှတ်ပေးခဲ့သည့် ကျင့်ကြံသူနှစ်ယောက်ဖြစ်ပြီး ခုန်းတောက်နှင့် မတိမ်းမယိမ်းရှိသော တိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်ထားကြသည့် လူများလည်းဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ သူတို့နှစ်ယောက်မှာ အသက်ကိုစတေးကာ အချိန်ဆွဲပေးနိုင်သည့် ဝှက်ဖဲများကို ပိုင်ဆိုင်ထားကြခြင်းပင်။

သို့သော် သူတို့နှစ်ယောက်စလုံးမှာ ထိုဝှက်ဖဲအား အသုံးမပြုနိုင်ခင်မှာပင် ရုတ်ချည်းဆိုသလို သေဆုံးသွားခဲ့ကြ၏။ ထို့အပြင် သူတို့နှစ်ယောက်စလုံးမှာ တိုက်ကွက်တစ်ကွက်တည်းကြောင့် သေဆုံးသွားကြသည့်ပုံ ပေါက်နေသောကြောင့် ခုန်းတောက်မှာ စိုးရိမ်သွားရ၏။ အခြားတစ်ချိန်ချိန်တွင် ယခုလိုဖြစ်သွားမည်ဆိုပါက ကိစ္စမရှိပေ။ သို့သော် ယခုတွင်မူ သားရဲစီးကြောင်းကြီးအား ခုခံတွန်းလှန်နေရသည့် အသက်တမျှ အရေးကြီးသောအချိန်သို့ ရောက်နေပြီဖြစ်ရာ ခုန်းတောက်၏ ခံတပ်ကြီးမှာ တစ်စစီ ပျက်စီးသွားရတော့သည်။

ခုန်းတောက်မှာ သူသည် အနိုင်ရနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်ရသောကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွား၏။ သူသည် မကျေမချမ်း ဖြစ်နေပါသော်လည်း လက်ရှိအခြေအနေကြီးကို ပြောင်းလဲပစ်နိုင်စွမ်း မရှိတော့ပေ။ အခြားတစ်ဖက်တွင်လည်း သူသည် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဟု ကြိုတင်အာရုံခံမိနေ၏။ အကယ်၍ သူသည် ထိုနေရာ၌ ဆက်ရှိနေမည်ဆိုပါက ထိုအန္တရာယ်ကြီးအား ကျော်လွှားနိုင်လိမ့်မည် မဟုတ်ကြောင်း သူ၏ ဝမ်းတွင်အသိစိတ်များက သူ့အား သတိပေးနေတော့သည်။

ထို့ကြောင့် သူသည် တွေတုံ့ဆိုင်းနေခြင်းမရှိဘဲ ကျောက်စိမ်းပေလွှာအား ချေမွလိုက်ပြီး တည်နေရာရွှေ့ပြောင်းသွားတော့သည်။ သူ ထွက်ခွာသွားသည့် အချိန်မှာပင် ကောင်လေးမှာ အလျင်အမြန် ချဉ်းကပ်လာပြီး ခုန်းတောက်၏ မှုန်ဝါးဝါး ပုံရိပ်ကြီးအား ဖြတ်ပြေးသွားလိုက်ပါသော်လည်း အချည်းနှီးပင်ဖြစ်သွားရ၏။

လူတစ်ယောက် လွတ်မြောက်သွားသည်ကို မြင်လိုက်ရသဖြင့် ကောင်လေးမှာ စိတ်ရှုပ်သွားရ၏။ ထို့နောက်သူသည် တစ်စစီ ကြေမွပျက်စီးသွားသော ခံတပ်ကြီးနှင့် အရပ်မျက်နှာအနှံ့ရှိ အော်ဟစ်မြည်တမ်းနေကြသော သားရဲစီးကြောင်းကြီးအား ဝေ့ဝိုက်ကြည့်ရှုရင်း ခုခံတွန်းလှန်နေဆဲဖြစ်သည့် လီယီအား လှမ်းကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် လီယီဆီသို့ သွားရန် ပြင်လိုက်စဉ်မှာပင် ခြေလှမ်းများရပ်တန့်သွားရပြီး ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ်ပြန်၍ လှည့်ကြည့်မိလိုက်၏။

ထိုအခါ သူသည် ခံတပ်နံရံပေါ်၌ရပ်ကာ မန္တန်လက်ကွက်များ အဆက်မပြတ်ဖော်ရင်း ခံတပ်ကြီးအား ထိန်းချုပ်၍ သားရဲစီးကြောင်းကြီးအား တိုက်ခိုက်နေသော ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်။ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့၏ ဘေးနားတွင် ရပ်နေခဲ့သည့် သူ အလွန်အင်မတန်မှ မုန်းတီးသော သတ္တဝါလေးမှာမူ ပျောက်ကွယ်သွားပြီဖြစ်သည်။

ထိုကောင်လေးမှာ ထိုသတ္တဝါလေး၏အကြောင်းကို တွေးမိလိုက်သောအခါ ၎င်း၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်‌လာတော့သည်။ သူနှင့် ထိုသတ္တဝါတို့၏ ကြားရှိ အငြိုးအတေးများမှာ ကြီးမားလွန်းနေသောကြောင့် သူသည် လောလောဆယ်တွင် ၎င်းအား ရင််မဆိုင်ချင်သေးပေ။ ထို့ကြောင့် သူသည် ထိုဖက်တီးလေးအား အရင်ဆုံးသတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုကောင်လေးမှာ ထိုသို့ တွေးတောကာ အမူအရာများ ပို၍ပင် ရက်စက်ကြမ်းကြုတ်သွားပြီးနောက် လီယီရှိရာဘက်သို့ သွားနေရာမှ နောက်သို့ပြန်လှည့်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်တော့သည်။ သူသည် စစ်မြေပြင်ပေါ်ရှိ သားရဲကြီးပေါင်း မြောက်များစွာအား ဖြတ်ပြေးသွားပြီး ဝမ်ပေါင်လဲ့၏ အနီးသို့ ချဥ်းကပ်သွားလိုက်တော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ခုန်းတောက်၏ ခံတပ်ကြီး ပျက်စီးသွားသည်ကို မြင်လိုက်ရပြီး သူ ပြိုင်ပွဲထဲမှ နုတ်ထွက်သွားသည်ကို မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားရ၏။ သူ၏ အကဲဖြတ်မှုများအရ ခုန်းတောက်မှာ ငွေအင်အား၊ လူအင်အား အလုံအလောက် ပိုင်ဆိုင်ထားသည့်တိုင်အောင် ဤ သားရဲစီးကြောင်းကြီးအား ခက်ခက်ခဲခဲနှင့် ခုခံတွန်းလှန်ရမည်ဖြစ်ပါသော်လည်း ယခုကဲ့သို့ လျင်မြန်စွာ ရှုံးနိမ့်သွားရမည်မဟုတ်ပေ။

” ဒီ ခုန်းတောက်ဆိုတဲ့ကောင်ကွာ… ဘာဖြစ်သွားတာလဲဟ ” ဝမ်ပေါင်လဲ့မှာ နိုးနိုးကြားကြားဖြစ်သွားရပြီး တိုက်ကွက်များကို ထုတ်လွှတ်နေဆဲဖြစ်သည့် ထာဝရခံတပ်ကြီးအားကြည့်ရင်း သူ၏ ဝှက်ဖဲအား ထုတ်သုံးသင့် မသုံးသင့် စဉ်းစားနေတော့သည်။ ထာဝရခံတပ်ကြီးအား ကနဦးအဆင့်အထိသာ ပြီးစီးစွာ ဆောက်လုပ်ရသေးသည်ဖြစ်ရာ ဝှက်ဖဲအား အသုံးပြုလိုက်မည်ဆိုပါက ထိုဆောက်လုပ်ရေးလုပ်ငန်းများမှာ ကြန့်ကြာသွားရမည် ဖြစ်သည်။ သို့သော် အသက်တမျှအရေးကြီးသော အခြေအနေသို့ ရောက်ရှိလာလျှင်မူ သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ အသုံးပြု လိုက်ရမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ သတိဝီရိယအပြည့်နှင့် ဆုံးဖြတ်ချက်ချရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ မီးတောက်ကြီးမှာ အထိန်းအကွပ်မဲ့စွာ တုန်ရီသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရ၏။ ထိုအချိန်တွင် ကောင်လေး၏ လူရိပ်မှာ သူ၏ ညာဘက်မှနေ၍ အံ့သြမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ချဉ်းကပ်လာပြီး သူ၏ ခန္ဓာကိုယ်အား ဖြတ်ပြေးသွားရန် ပြင်လိုက်တော့သည်….

သို့သော် ထိုကောင်လေးထက်ပင် ပို၍လျင်မြန်သော အမြန်နှုန်းမျိုးဖြင့် သူ့ဆီသို့ ပြေးလာနေသော နောက်ထပ် အရိပ်တစ်ခုလည်း ရှိနေသေးသည်။ ၎င်းမှာ အချိန်အတော်အတန်ကြာအောင် ပုန်းကွယ်နေခဲ့သည့်ပုံ ပေါက်နေပြီး ယခုမှသာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သွေးရူးသွေးတန်း ပြေးထွက်လာတော့သည်။

” သား “

Comment

Leave a Reply

Options

not work with dark mode
Reset