Switch Mode

အခန်း (၃၅၉)

ထာဝရခံတပ်ကြီး၏ ကြီးစိုးမှု

အခန်း (၃၅၉) – ထာဝရခံတပ်ကြီး၏ ကြီးစိုးမှု

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်အားလုံးမှာ အံ့အားသင့်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့ တည်ဆောက်ထားခဲ့သည့် ဧရာမ လေးထောင့်တုံးကြီးပုံစံ ဖြစ်နေသော စခန်းကြီးမှာ ရုတ်တရက်ဆိုသလို အံ့ဩတုန်လှုပ်ဖွယ်ရာကောင်းလောက်အောင် ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။

ထို အတုံးကြီးမှာ အလျားလိုက် တစ်လွှာပြီးတစ်လွှာ ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။ သို့သော် အနီးကပ်ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ အစကတည်းက တစ်လွှာချင်းစီ တည်ဆောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိနိုင်မည်ဖြစ်သည်။ သို့သော် မည်သူကမှ သတိမထားမိခဲ့ကြသောကြောင့် ၎င်း၏ အပြင်ဘက် ပုံပန်းသွင်ပြင်မှာ အတုံးကြီးတစ်တုံးပုံစံ ဖြစ်နေသည်ဟု ထင်ခဲ့ကြခြင်းဖြစ်သည်။

ထို အလွှာများ ပေါ်ပေါက်လာသောအခါ ထိပ်ဆုံးအလွှာကြီးမှာ နောက်သို့ အလှန်ခံထားရသည့် အဖုံးကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်ကို မြင်နိုင်ပေသည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ထိုအတုံးကြီးမှာ စာအုပ်ကြီးတစ်အုပ်အဖြစ် ပြောင်းလဲသွားပြီး နောက်သို့ အလှန်ခံထားသည့် အလွှာမှာ စာအုပ်ဖုံးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

၎င်းမှာ ဝမ်ပေါင်လဲ့၏ အဓိက ဒီဇိုင်းပုံစံဖြစ်ပြီး ထာဝရခံတပ်ကြီး၏ တမူထူးခြားသော အင်္ဂါရပ်တစ်ခုလည်းဖြစ်သည်။

သူ တည်ဆောက်ခဲ့သည့်အရာကြီးမှာ အမှန်တကယ်ပင် စာအုပ်ကြီးတစ်အုပ် ဖြစ်နေ၏။

ထိုစာအုပ်ဖုံးကြီးအား လှန်ပြီးသွားသောအခါ ပထမဆုံးစာမျက်နှာ ပေါ်လာ၏။ ထိုအခိုက်အတန့်တွင် ထိုပထမဆုံးစာမျက်နှာပေါ်၌ ပေါ်ပေါက်လာသောအရာများမှာ စာလုံးများ မဟုတ်ဘဲ အတန်းလိုက်စီထားသော ပေါင်လဲ့အမြောက်များ ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနေကြသည့် ပြည်ထောင်စုကြီးထဲမှ လူများအားလုံးမှာ အံ့အားသင့်သွားရတော့သည်။

တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် ထိုနယ်မြေထဲရှိ စာအုပ်ကြီးတစ်အုပ်ပုံစံ ဖြစ်နေသော ခံတပ်ကြီး၏ ပထမဆုံး စာမျက်နှာပေါ်တွင် ပေါင်လဲ့အမြောက် အလက်ပေါင်းတစ်ထောင်တိတိ ရှိနေသည်ကို မြင်နိုင်မည် ဖြစ်သည်။ ယခုတွင် ၎င်းတို့အားလုံးမှာ မြင်းကွင်းထဲ၌ ပေါ်လာပြီး အံ့ဩတုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

ထို အသံကြီး ပဲ့တင်ထပ်သွားချိန်တွင် ဝမ်ပေါင်လဲ့၏ အထက်၌ အလင်းတန်းများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။ ၎င်းတို့မှာ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားပြီး သူ့ဆီသို့ အော်ဟစ်မြည်တမ်းရင်း ပြေးလာနေသည့် သားရဲစီးကြောင်းကြီးဆီသို့ ဦးတည်သွားတော့သည်။

ထို ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားရ၏။ ထိုအချိန်တွင် ပေါင်လဲ့အမြောက်အားလုံးကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သောကြောင့် မြေပြင်ကြီးတစ်ခုလုံးမှာ အက်ကွဲလုမတတ် ဖြစ်သွားရ၏။ ထို့နောက် သားရဲကြီးပေါင်း မြောက်မြားစွာ၏ ခန္ဓာကိုယ်များမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြပြီး ၎င်းတို့၏ အော်ဟစ်မည်တမ်းသံများမှာလည်း တိမ်ဝင်သွားရတော့သည်။ ၎င်းတို့၏ အသားစများနှင့် သွေးစများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စဉ်သွားကြ၏။ ထို့ကြောင့် မျက်လုံးဖြင့် မမြင်ရသော ဧရာမ လက်ကြီးတစ်ဖက်မှာ ကောင်းကင်းပေါ်မှ ဆင်းသက်လာပြီး အရာအားလုံးကို ချေမွဖျက်ဆီးလိုက်သကဲ့သို့ပင် ဖြစ်နေတော့သည်။

ထိုဆူညံသံကြီးမှာ အခြားနယ်မြေများထဲရှိ ဆန်ခါတင်များအား တုန်လှုပ်ချောက်ချားသွားစေ၏။ သူတို့မှာ သားရဲစီးကြောင်းအား ခုခံတွန်းလှန်နေရင်း မနေနိုင်တော့ဘဲ ဝမ်ပေါင်လဲ့ ရှိရာဘက်သို့ လှမ်းကြည့်မိလိုက်ကြသည်။

ထို့နောက် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ပေါင်လဲ့အမြောက်များမှာ ဒုတိယမြောက်ပစ်ချက်နှင့် တတိယမြောက် ပစ်ချက်များကို တစ်ပြိုင်နက်တည်း ထပ်မံ ပစ်ခတ်လိုက်ပြန်သည်။

ထို့ကြောင့် ထိုဆူညံသံများမှာ ပို၍ပင် ကျယ်လောင်လာပြီး ၎င်းတို့၏ ပြင်းအားမှာလည်း ပိုမိုပြင်းထန်လာသလို သေကျေပျက်စီးနှုန်းမှာလည်း ပို၍ မြင့်တက်လာတော့သည်။ ထိုမြင်ကွင်းကြီးကြောင့် ပြည်ထောင်စုကြီးထဲရှိ တိုက်ရိုက်ထုတ်လွှင့်မှုများအား ကြည့်ရှုနေကြသည့် ပွဲကြည့်ပရိသတ်များ အားလုံးမှာ အသက်ပင် မရှူနိုင်ကြတော့ပေ။ ဝမ်ပေါင်လဲ့၏ ခံတပ်ကြီးမှာ သူတို့စိတ်ကူးထဲကထက်ပင် များစွာပို၍ သာလွန်ကောင်းမွန်နေသည် မဟုတ်ပါလော။

သို့သော် စစ်တပ်မှ လူများအပြင် ပေါင်လဲ့အမြောက်အကြောင်းကို သိထားကြသည့်လူများမှာ ၎င်းတို့၏ စုပေါင်းပစ်ခတ်အားမှာ ကြီးမားပြင်းထန်ပြီး အတိုင်းအတာတစ်ခုအထိ မီးနတ်ဘုရား အမြောက်များထက် ပို၍ အချိန်ကြာမြင့်စွာ ပစ်ခတ်နိုင်သည့်တိုင်အောင် အကန့်အသတ်မရှိ ပစ်ခတ်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း သိရှိထားကြ၏။

သို့သော် ၎င်းတို့အတွက် လိုအပ်သည့် ကူညီထောက်ပံ့မှု ပစ္စည်းများမှာ အရေးအကြီးဆုံး မဟုတ်ပေ။ ၎င်းတို့ထက် ပို၍အရေးကြီးသည့် အချက်မှာ ထိုပေါင်လဲ့အမြောက်များမှာ ပစ်ခတ်ပြီးသွားသည့် အကြိမ်တိုင်းတွင် ထိခိုက်ပျက်စီးသွားကြမည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ်ပေါင်လဲ့အမြောက်အသစ်များကို ထပ်မံဖန်တီးရန် လိုအပ်သည့်အပြင် ပြုပြင်ထိန်းသိမ်းရေး အပိုင်းတွင် ကျွမ်းကျင်သော ပညာရှင်များကိုလည်း ခန့်အပ်ထားရမည် ဖြစ်သည်။

သူတို့မှာ ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်တစ်ထောင်ကျော်အား မြင်နေရသည့်တိုင်အောင် သူ့အတွက် ခက်ခဲနေဦးမည်ဖြစ်ကြောင်း မှတ်ယူထားဆဲပင်။ ထိုအချိန်တွင် လီယီနှင့် ခုန်းတောက်တို့မှာ အံ့ဩတုန်လှုပ်နေရာမှ ပြန်လည်တည်ငြိမ်သွားကြပြီး ကောက်ချက်ချလိုက်ကြ၏။

” သူက ဟိတ်ဟန်အပြည့် ရှိတဲ့ပုံစံ ဟန်ဆောင်နေတာပါ။ ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး ” ပေါင်ခဲ့အမြောက်များမှာ ဆဋ္ဌမမြောက်အချက်အား ပစ်ခတ်လိုက်ပြီးနောက် ရဲရဲနီလာသည်ကို မြင်လိုက်ရသဖြင့် လီယီမှာ လှောင်ပြုံးပြုံးကာ ရေရွတ်လိုက်၏။ ထို့နောက် သူမသည် ရယ်မောကာ ဝမ်ပေါင်လဲ့တစ်ယောက် အရှက်တကွဲအကျိုးနည်း ဖြစ်တော့မည့်မြင်ကွင်းအား စောင့်ကြည့်ရန် ပြင်နေစဉ်မှာပင်….

ခံတပ်ကြီး၏ဘေး၌ ရပ်နေသော ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွား၏။ သူ၏ ထာဝရခံတပ်ကြီးမှာ ၎င်း၏ နာမည်နှင့် လိုက်ဖက်နေရန် သူ၏ ဆုံးဖြတ်ချက်များနှင့် သူ၏ အဆင့်ဆင့် တည်ဆောက်မှုများအပေါ် မူတည်နေမည်ဖြစ်ကြောင်း သူက နားလည်ထား၏။

” သဘောတရားအပိုင်းမှာတော့ အမြဲတမ်း နာမည်နဲ့လိုက်အောင် သက်သေပြနိုင်ခဲ့တာပဲ… အခုတော့ လက်တွေ့မှာ တကယ် ဟုတ်မဟုတ် ကြည့်ရမှာပဲ ”

ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူ၍ သူ၏ ညာဘက်လက်ကို‌မြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ခံတပ်ကြီးအား လက်ညှိုးထိုးလိုက်၏။ ထို့နောက် သူသည် ထိုခံတပ်ကြီးတစ်ခုလုံး လည်ပတ်သွားအောင် စီမံလိုက်တော့သည်။

” စာရွက်တွေကို လှန်လိုက်တော့ ”

သူ ထိုသို့ဆိုလိုက်သည်နှင့် အချုပ်အနှောင်များမှာ ပွင့်သွား၏။ ထို့နောက် စာအုပ်ပုံစံ ခံတပ်ကြီးမှာ တုန်ရီသွားပြီး ပေါင်လဲ့အမြောက် အလက်ပေါင်းတစ်ထောင်တိတိ ရှိနေသော ၎င်း၏ ပထမဆုံးစာရွက်မှာ စာအုပ်ထဲမှ စာရွက်တစ်ရွက်ကဲ့သို့ ချက်ချင်းပင် အလှန်ခံလိုက်ရ၏။ ၎င်းအား လှန်ပြီးသွားသောအခါ ဒုတိယမြောက် စာမျက်နှာကြီး ပေါ်ပေါက်လာတော့သည်။

ထို ဒုတိယမြောက်စာမျက်နှာပေါ်တွင် ‌နောက်ထပ် ပေါင်လဲ့အမြောက် အလက်ပေါင်းတစ်ထောင်တိတိ ပေါ်ပေါက်လာ၏။ ၎င်းတို့အားလုံးမှာ တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြသောကြောင့် ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့ကို ဆက်လက်တုန်ရီသွားစေသည့် ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထပ်၍ ထွက်ပေါ်လာပြန်သည်။ ခဏအကြာတွင် ထို ဒုတိယမြောက်စာမျက်နှာအား လှန်လိုက်ပြီးနောက် တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက် စာမျက်နှာများမှာ တစ်ရွက်ပြီးတစ်ရွက် ထွက်ပေါ်လာကြတော့သည်….

ထိုသို့ဖြင့် ဆယ့်တစ်ရွက်မြောက် စာမျက်နှာအထိ စာမျက်နှာတိုင်းမှာ ပေါင်လဲ့အမြောက် အလက်ပေါင်းတစ်ထောင်တိတိဖြင့် ပြည့်နှက်နေကြသည်။ ထိုအမြောက်များမှာ ပေါ်ပေါက်လာသည့် အချိန်တိုင်းတွင် တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြပြီး အံ့ဩမှင်တက်ဖွယ်ရာ ပြင်းအားများကို ထုတ်လွှတ်ပေးလိုက်ကြသည်သာ ဖြစ်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့နှင့် စစ်မြေပြင်ပေါ်ရှိ အခြားဆန်ခါတင်များ၏ ကြားတွင် ကြီမားသော ခြားနားချက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ အခြားဆန်ခါတင်များမှာ စုပေါင်း၍ တစ်ပြိုင်နက်တည်း ပစ်ခတ်ကြမည် ဆိုလျှင်တောင် ကြားထဲတွင် အနားယူကာ ပြန်လည်ပြင်ဆင်ရန် အချိန်ပေးရဦးမည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ အစမှ အဆုံးအထိ ပေါင်လဲ့အမြောက်များအား အကြိမ်ခုနစ်ဆယ်ကျော်အထိ တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့ပြီးသည့်တိုင်အောင် ရပ်တန့်သွားမည့် အရိပ်အယောင်ပင် မပေါ်သေးပေ။ ထို့အပြင် လူအများ၏ အမြင်တွင် သူ၏ပုံစံမှာ ထိုအမြောက်များအား အဆက်မပြတ် ပစ်ခတ်နိုင်စွမ်း ရှိနေသည့်ပုံပင် ပေါက်နေ၏။

ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော သားရဲစီးကြောင်းကြီးမှာဆိုလျှင် အစိတ်စိတ်အမွှာမွှာ ဖြစ်နေကြပြီဖြစ်သည်။ ထို ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး ဝမ်ပေါင်လဲ့၏ နယ်မြေအနီးသို့ မချဉ်းကပ်ရဲကြတော့ပဲ အခြားနယ်မြေများဆီသို့သာ ပြေးသွားကြတော့သည်။ ထို့ကြောင့် အခြားသော ဆန်ခါတင်များမှာ ဖိအားများပို၍ ခံစားလိုက်ရ၏။

ထိုကဲ့သို့ ခြားနားမှုကြီးနှင့် အမြောက်များအား တစ်ပြိုင်နက်တည်း ပစ်ခတ်နေသည့် အသံများကြောင့် ပြည်ထောင်စုကြီးထဲမှ လူများမှာ ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားရတော့သည်။ လူနေအိမ်များထဲမှ တအံ့တဩနှင့် ပင့်သက်ရှိုက်သံများ အဆက်မပြတ်ထွက်ပေါ်လာပြီး စစ်တပ်ကြီးပင်လျှင် အံ့အားသင့်နေရပြီ ဖြစ်သည်။ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေမှ ဘုရင်ခံမှာလည်း အထင်ကြီးအံ့သြသွားရ၏။

” စာမျက်နှာတိုင်းမှာ ပေါင်လဲ့အမြောက် အလက်ပေါင်းတစ်ထောင်တိတိ ရှိနေတာပဲ။ အခုဆို ဆယ့်တစ်ရွက်မြောက် စာမျက်နှာအထိတောင် ရောက်နေပြီ။ ဘယ်လိုလုပ်ပြီးတော့ သူက ဒီလောက်အထိများတဲ့ ပေါင်လဲ့အမြောက်တွေကို ပိုင်ဆိုင်ထားရတာလဲ…. အလက်ပေါင်း တစ်သောင်းကျော်အထိ ရှိနေပြီလေ ” သူသည် ပေါင်လဲ့အမြောက်၏ ဖန်တီးရှင် ဖြစ်နေသည့်တိုင်အောင် ထိုအမြောက်မြားအား ဖန်တီးပြုလုပ်ရန် ကုန်ကြမ်းပစ္စည်းပေါင်း မြောက်မြားစွာ လိုအပ်သည်သာဖြစ်သည်… သာမန်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ထိုမျှလောက် များပြားသော ပမာဏအား စိတ်ကူးထဲ၌ပင် လက်လှမ်းမီနိုင်မည်မဟုတ်ပေ။

” တစ်ခုခုတော့ လွဲနေပြီ။ ကြည့်လိုက်စမ်း။ နောက်ပိုင်းစာမျက်နှာတွေမှာ ပေါ်လာတဲ့ ပေါင်လဲ့အမြောက်တွေ အများစုက အရင်တုန်းကအသုံးပြုထားပြီးသား အမြောက်တွေ။ အဲဒီ အမြောက်တွေထဲက တစ်လက်ရဲ့ အပြင်ဘက်အဖုံးက ပျက်စီးနေခဲ့တာကို ငါမှတ်မိတယ်။ ပြီးတော့ အဲဒီအမြောက်က တတိယမြောက် စာမျက်နှာပေါ်မှာ ပြန်ပြီးတော့ ပေါ်လာတာပဲ ”

” ငါနားလည်သွားပြီ… ပေါင်လဲ့အမြောက် အလက်ပေါင်း တစ်သောင်းလောက်အထိ ရှိနေတာမဟုတ်ဘူး။ အလက်ပေါင်း နှစ်ထောင်ကျော်လောက်ပဲ ရှိနေလောက်တယ်။ ဝမ်ပေါင်လဲ့က တခြားဆန်ခါတင်တွေဆီကနေ မောင်ပိုင်စီးထားတဲ့ ပစ္စည်းတွေကိုသုံးပြီးတော့ အဲဒီ အမြောက်တွေအားလုံးကို ဖန်တီးခဲ့တာ။ တကယ့် လျှို့ဝှက်ချက်ကြီးက ခံတပ်ကြီးထဲမှာပဲ ရှိရမယ် ”

” စာမျက်နှာတစ်ရွက်ကို လှန်လိုက်တိုင်း ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေ စပြီးတော့ လည်ပတ်သွားတာ။ သူ့ရဲ့ ခံတပ်ကြီးက ပေါင်လဲ့အမြောက်တွေကို ပြန်ပြင်ပေးနိုင်တဲ့ အစွမ်းထက် ဂုဏ်သတ္တိတစ်ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ရမယ်။ အဲ့တာမလို့ စာမျက်နှာတစ်ရွက်ကို လှန်လိုက်တိုင်း ပေါင်လဲ့အမြောက်တွေ ပြန်ပေါ်လာပြီးတော့ အဆက်မပြတ် အသုံးပြုလို့ရနေတာ ”

လူများမှာ ပို၍ ထဲထဲဝင်ဝင် နားလည်လာကြသောအခါ ပို၍ပင် အံ့ဩတုန်လှုပ်သွားရတော့သည်။ ဝမ်ပေါင်လဲ့၏ ခံတပ်ကြီး၏ ဒီဇိုင်းပုံစံမှာ သူတို့၏ စိတ်နှလုံးများကို လှုပ်ရှားသွားစေ၏။

သူတို့၏ အမြင်တွင် ဤဒီဇိုင်း၏ အဓိကအနှစ်သာရမှာ လျင်မြန်စွာ ပြန်လည်ပြုပြင်နိုင်စွမ်း ရှိနေသည့်အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ကုန်ကြမ်းပစ္စည်း အလုံအလောက်ရှိနေသရွေ့ ထိုခံတပ်ကြီးမှာ အမြောက်များအား အကန့်အသတ်မရှိ တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။

ဧရာမသစ်ပင်ကြီးမှာ ထိုစာအုပ်ကြီး ဆယ့်ငါးရွက်မြောက် စာမျက်နှာအထိ ရောက်သွားသည့်တိုင်အောင် ရပ်တန့်သွားမည့် အရိပ်အယောင် အနည်းငယ်လေးပင် ပေါ်မလာသည်ကို ကြည့်ရင်း နှုတ်ဆိတ်နေတော့သည်။ ထို့နောက် သူသည် အမြောက်များအား တစ်ပြိုင်နက်တည်း ပစ်ခတ်နေသည့် ခံတပ်ကြီးနှင့် စိတ်လှုပ်တရှား ဖြစ်နေသော ဝမ်ပေါင်လဲ့အား ကြည့်ရင်း သက်ပြင်းချမိလိုက်၏။

သူသည် ယခုလိုဖြစ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ သူသည် ပုံစံစာရွက်အား မြင်ခဲ့ရသည့်တိုင်အောင် ၎င်းမှာ အကောင်အထည် ပေါ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

သူ၏ဘေးတွင်ထိုင်နေသော အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံကြီးမှာမူ အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာဖြင့် ရေရွတ်လိုက်၏။

” ထာဝရခံတပ်ဆိုတာ ဒါကိုးကွ… နာမည်နဲ့လိုက်ပါပေတယ်။ ဒါပေမဲ့ ဒီ ထာဝရခံတပ်ကြီးရဲ့ တခြား အံ့သြစရာစွမ်းရည်တွေက ဘာတွေဖြစ်နေမလဲဆိုတာကို ငါ သိချင်သေးတယ် ” အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံကြီးမှာ စဉ်းစားတွေးတောလိုက်ပြီးနောက် ချက်ချင်းပင် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးအား အသုံးပြုလိုက်၏။

ဝမ်ပေါင်လဲ့မှာ သူသည် လက်ရှိသားရဲစီးကြောင်းကြီးအား ခုခံတွန်းလှန်နိုင်စွမ်း ရှိနေသည်ကို သိလိုက်ရသဖြင့် ကျေနပ်အားရသွား၏။ ထို့အပြင် သူသည် အခြားဆန်ခါတင်များအား မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး သူတို့ ဆက်လက် မတောင့်ခံနိုင်တော့မည့် အချိန်သို့ရောက်လာရန် စောင့်ဆိုင်းနေတော့သည်။ ထိုအချိန်သို့ ရောက်လာလျှင် သူသည် သူတို့၏ နယ်မြေများအား ဖျက်ဆီးပစ်လိုက်မည်ဖြစ်သည်။

သူသည် ထိုသို့ တွေးတောရင်း ကျေနပ်အားရမှုများကို အပြည့်အဝ မခံစားရသေးခင်မှာပင် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးထဲမှ အသံကျယ်ကြီးတစ်သံ ထပ်၍ ထွက်ပေါ်လာပြန်သည်။ သတ္တမမြောက် သားရဲစီးကြောင်းကြီး စတင်သွားပြီဖြစ်ပြီး ၎င်းမှာ ယခင်တုန်းကထက် ပို၍ အစွမ်းထက်နေသလို ၎င်းထဲ၌ ပါဝင်သည့် သားရဲကြီးများ အရေအတွက်မှာလည်း ပိုများနေ၏။ ထို့ကြောင့် ဆဋ္ဌမမြောက်သားရဲစီးကြောင်းကြီးအား ခက်ခဲပင်ပန်းကြီးစွာ ခုခံတွန်းလှန်နေဆဲဖြစ်သည့် ဆန်ခါတင်တစ်ယောက်မှာ ထိုဖိအားများကို မတောင့်ခံနိုင်တော့သောကြောင့် ချက်ချင်းပင် အရှုံးပေးလိုက်တော့သည်။

ထို ဆန်ခါတင်မှာ လွတ်တော်မှဖြစ်၏။ သူသည် မကျေမချမ်း ဖြစ်နေရသည့်တိုင်အောင် အခြားရွေးချယ်စရာမရှိပေ။ သူ ပြိုင်ပွဲမှ နုတ်ထွက်သွားရပြီးနောက် ဆန်ခါတင်သုံးယောက်သာ ကျန်ရစ်ခဲ့တော့သည်။

ထိုသုံးယောက်မှာ ဝမ်ပေါင်လဲ့၊ ခုန်းတောက်နှင့် လီယီတို့ပင် ဖြစ်သည်။

အနိုင်င်ရရှိသူများနှင့် ရှုံးနိမ့်သူများကို ဆုံးဖြတ်ပေးမည့် အခိုက်အတန့်ကြီးသို့ ရောက်ရှိလာပြီဟုပင် ဆိုနိုင်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် မျက်လုံးများပြူးသွားရတော့သည်။

” မြန်လိုက်တာ ”

” တစ်ယောက်ယောက်က အခုလိုဖြစ်နေအောင် တမင်တကာ လုပ်နေသလိုမျိုး ဘာလို့ ငါက ခံစားနေရတာလဲ ” ဝမ်ပေါင်လဲ့မှာ သတ္တမမြောက် သားရဲစီးကြောင်းကြီးထဲတွင် သူ၏ ပေါင်လဲ့အမြောက်များအား လုံးဝဂရုစိုက်သည့်ပုံ မပေါ်သည့် ပေနှစ်ရာကျော် မြင့်မားသော ဘီလူးကြီးတစ်ကောင် ပါလာသည်ကို မြင်လိုက်ရသောအခါ အသက်ပြင်းပြင်းရှူမိလိုက်၏။ ထိုဘီလူးကြီးမှာ ချပ်ဝတ်တန်ဆာတစ်ခုကဲ့သို့ ဖြစ်နေပြီး ပေါင်လဲ့အမြောက်များ၏ ပစ်ချက်များအား ခုခံတွန်းလှန်ရင်း အကြီးမား‌ဆုံးသော သားရဲအုပ်ကြီးအား ခေါင်းဆောင်၍ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာတော့သည်။ ဝမ်ပေါင်လဲ့မှာ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် အသားများ တဆတ်ဆတ်တုန်ရီသွားပြီး အသက်ရှူသံများ မြန်‌ဆန်လာတော့သည်။

” ထာဝရခံတပ်ကြီး။ ဒုတိယအဆင့်သို့ ပြောင်းလဲစေ ” ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်သောကြောင့် အော်မြည်တမ်းကာ မန္တန်လက်ကွက်များ ထပ်ဖော်လိုက်ပြန်သည်။

Comment

  1. Lamin says:

    👍👍👍👍👍👍

Leave a Reply

Options

not work with dark mode
Reset