Switch Mode

ဖန်းရှင်းဇွီ၏ ဆုံးဖြတ်ချက်

မျက်စိတစ်မှိတ် အတွင်းမှာပင် ရက်ပေါင်း နှစ်ဆယ်ခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။ တီအန်ယွာ တောင်တစ်ဖက်တွင်ကား လူငယ်နှစ်ယောက် ချင်းကျူ ကျောင်းတော်သို့ ဦးတည်ကာ သွားနေသည်ကို တွေ့ရမည်ဖြစ်သည်။

ဖူရှင်း၏ ခန္ဓာကိုယ်တွင် သိသာထင်ရှားသော အပြောင်းအလဲများကို တွေ့ရ၏။ သူ၏ မျက်လုံးများက ယခင်ထက် ပိုမို စူးရှတောက်ပလာသလို သူ၏ ကြံ့ခိုင်မှုမှာလည်း ယခင်ကထက် ပိုမို တောင့်တင်းလာသည်ကို တွေ့နိုင်သည်။ ကျောင်းတော်၏ ကျောက်ခင်းလမ်းအတိုင်း လျှောက်လာရင်း မိမိကိုယ်ကို အလွန်ဝေးကွာသော အရပ်တစ်ခုသို့ ခရီးသွားပြီးမှ ပြန်လာသည်ဟု စိတ်ထဲမှ ခံစားနေရသည်။ အရာရာတိုင်းက သူ့အတွက် ပြောင်းလဲသွားသလိုပင်။ အမှန်တကယ်တွင်ကား တကယ်တမ်း ပြောင်းလဲသွားသူက သူတစ်ယောက်တည်း မဟုတ်ပါလော။ တစ်လ ဟူသော အချိန်ကာလခန့်တွင် ကျောင်းတော်၏ အမှိုက်အဆင့်မှ နိုးထခြင်းအဆင့်ငါးကို မြင့်တက်ခဲ့လေသည်။

“ဒီကောင် အကြာကြီး ပုန်းနေပြီးမှ အခု ပြန်ပေါ်လာပြီပေါ့…”

“ဒီထက်ကြာကြာ ပုန်းနေလို့လည်း မရတော့ဘူးလေ… ရာသီကုန် စစ်ဆေးခြင်းက ရှစ်ရက်ပဲ လိုတော့တာ…”

ဖူရှင်း၏ မနီးမဝေးမှ တီးတိုးစကားသံများ ပျံ့နှံ့လာ၏။ လွန်ခဲ့သော တစ်လခန့်က စာသင်ခန်းအတွင်းမှ အဖြစ်အပျက်မှာ လူများအကြား ပြောစရာ ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

“ကြည့်ရတာ ဒီကောင်တွေ ပြဿနာကို မီးထွန်းရှာနေတာပဲ…” ဖူရှင်းက နှာခေါင်းရှုံ့လိုက်၏။ သူ၏ အကြားအာရုံမှာ အရင်ကထက် အဆများစွာ ပိုကောင်းလာပြီး ဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ တီးတိုးသံများ အားလုံးကို အတိုင်းသား ကြားနေရ၏။

“စိတ်ထဲ ဘယ်လိုနေလဲ…” ယူချင်းက စာနာသော အကြည့်ဖြင့် ပြောသည်။ ချင်ယီနှင့် ဖန်းရှင်းဇွီမှာကား ကျောင်းသားအများစု၏ အလှနတ်သမီး မဟုတ်ပါလား။ ဖူရှင်းက ၎င်းတို့၏ အလှနတ်သမီးများအား စနောက်ခဲ့ရာ ပုံမှန်အားဖြင့် ဖူရှင်းကား လူအများစု၏ ရန်သူလို ဖြစ်နေလေပြီ။

“ဘာဖြစ်စရာ လိုလို့လဲ… မင်းရှိနေတာပဲ…” ဖူရှင်းက အလေးမထားဟန်ဖြင့် ပြောသည်။

“အခုဆို ကိုယ့်ဘာသာ ဖြေရှင်းလို့ ရနေပြီမလား” ယူချင်းက ဝေခွဲမရဟန်ဖြင့် ပြန်မေး၏။

“ငါက နှိမ့်ချပြီး နေဖို့လိုတယ်…”ဖူရှင်းက လက်နှစ်ဖက်ကို တင်ပါးတွင် ချိတ်လျက် ရင်ကော့လျက် ထွက်သွား၏။ ယူချင်းက ရှေ့မှ မုန်းစရာကောင်းသော ပုံစံအားကြည့်ကာ ပြောစရာစကား ရှာမရတော့။ ဒါက နိုးထခြင်းအဆင့်မှာပဲ ရှိနေတာတောင် လူတွေရှေ့မှာ သူ့ကိုယ်သူ မှော်ထိန်းချုပ်သူလို့ ပြောတဲ့သူတဲ့လား။ ယခုမူကား အမှန်တကယ် မှော်ထိန်းချုပ်သူ ဖြစ်နေပေပြီ။ သူက နှိမ့်ချပြီး နေလိုသည်။ ဘယ်လောက်တောင် ရှုပ်ထွေးလိုက်သလဲ။ ယူချင်း တွေးလိုက်၏။

သူတို့နှစ်ယောက်၏ နေထိုင်ရာ အဆောင်သို့ ရောက်ရှိပြီး မကြာခင်၌ပင် လူ အများအပြား သူတို့နေထိုင်ရာ အဆောင်သို့ အပြေးလာနေကြသည်ကို တွေ့ရ၏။ ထိုလူများအထဲတွင် အုပ်စုနှစ်စု ရောပါ နေသည်ကိုလည်းတွေ့ရ၏။

လာရောက်ကြည့်ရှုသူ တစ်ဦးကပြောသည်…

“သိုင်းအဖွဲ့ရဲ့ မြင်းစစ်သည်ကျောင်းက လူတွေနဲ့ ဂမ္ဘီရ ပညာကျောင်းက လူတွေပဲ”

လူအများအပြားက ဖူရှင်းနှင့် ယူချင်းရှိရာကို သွားနေကြ၏။ ၎င်းတို့အားလုံးမှာ ကျောင်းတော်၏ တရားဝင် ကျောင်းသားများ ဖြစ်ကြသည်။ ထိုသူတို့မှာ မိန်းကလေး နှစ်ယောက်ကြောင့်ချည်း သက်သက်ဖြင့်တော့ ဖူရှင်းတို့ထံသို့ သွားနေကြသည် မဟုတ်တန်ရာ။ အခြေအနေက ပိုမို ရှုပ်ထွေးလာပုံရသည်။

ချင်းကျူ ကျောင်းတော် အတွင်းရှိ သိုင်းကျောင်းဆောင်များအား တိုက်ခိုက်ရေး ကျောင်းဆောင်။ ဓားပညာ ကျောင်းဆောင်။ မြင်းစစ်သည် ကျောင်းဆောင် ဟူ၍ ခွဲခြားထားသည်။ မှော်ပညာ ကျောင်းဆောင်များအား ဓာတ်ကြီး ခုနစ်ပါးအား အခြေခံ၍ ခွဲခြားထားသည်။ ၎င်းအုပ်စုနှစ်ခုတွင် ငွေရောင်ဝတ်စုံများ ဝတ်ဆင်ထားသူများကား မြင်းစစ်သည် ကျောင်းဆောင်မှဖြစ်သည်။ တခြားတစ်ဖက်တွင်ကား ရွှေရောင် ဝတ်စုံများ ဝတ်ဆင်ထားကြ၏။ သတ္တုဓာတ်နှစ်ခုက အပြန်အလှန် ရောင်ပြန်ဟပ်နေသည်။ ၎င်းအုပ်စုကား သတ္တုဓာတ် ကျောင်းဆောင်မှ ဖြစ်သည်။

“စီနီယာ အစ်ကိုမိုလန်ရှန်။ ကောင်းကင်အဆင့် ကြယ်သုံးပွင့် မြင်းစစ်သည်။ ပြီးတော့ စီနီယာ အစ်ကိုဟန်ရီ။ ကောင်းကင်အဆင့်ကြယ်နှစ်ပွင့် သတ္တုဓာတ် မှော်ပညာရှင်…။ သူတို့ နှစ်ယောက်လုံး ဒီမှာ ရှိနေတယ်ဆိုတာ မယုံနိုင်ဘူး…” လူများထဲမှ ကျောင်းသားတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။ ယခုမူကား သူတို့၏ ရည်ရွယ်ချက်မှာ သေချာသွားပြီဖြစ်သည်။

ကျောင်းဆောင် နှစ်ခုလုံးမှ အထူးတလည် လာရောက်ခြင်း ဖြစ်သောကြောင့် ရည်ရွယ်ချက်က ရီဖူရှင်း မဖြစ်နိုင်တော့ပေ။ အုပ်စုနှစ်ခုလုံးက ယူချင်း၏ အဆောင်ထဲသို့ ဝင်လာကြ၏။

အဆောင်ထဲတွင်ကား ဖူရှင်းက လတ်တလောတွင် ထိုအုပ်စုနှစ်ခု၏ ရှေ့တွင် ရပ်နေသော ယူချင်းအား ကြည့်နေသည်။ ဖူရှင်း တောက်ပစွာ ပြုံးလိုက်၏။ ယူချင်းအား သူ၏ အနားတွင် အမြဲရှိနေခဲ့သည်။ မည်မျှပင် ယူချင်းက သူ့အနီးတွင် စောင့်ရှောက်ကာ သူ့စကားအား နာခံသည်ဆိုစေကာမူ အနာဂတ်တွင် ယူချင်းမှာ ပို၍ပင် တောက်ပလာမည်ကို သူယုံကြည်သည်။ ထို့အတူပင် ယူချင်းကလည်း သူ့အား ယုံကြည်သည် မဟုတ်ပါလား။

ယခင်က စီနီယာအစ်မချင်မှ ယူချင်းအား ပြောခဲ့သည်မှာ သိုင်းပညာ ကျောင်းဆောင်နှင့် မှော်ပညာ ကျောင်းဆောင်တွင် မည်သည့်ကျောင်းကိုမဆို ယူချင်းက လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ သို့သော် ယခုအခြေအနေအရ ယူချင်းက မရွေးချယ်မီကပင် အထက် လူကြီးများက စတင်လှုပ်ရှားကြလေပြီ။

“မင်း အပြင်ကို ထွက်နေသင့်တယ်…” မိုလန်ရှန်က ပြောသည်။ ဖူရှင်းက သူ့ကို ရည်ရွယ်၍ ပြောသည်ကို နားလည်၏။ သူပြုံးလိုက်သည်။ ထို့နောက် အရေးမကြီးဟန်ဖြင့် အခန်းအပြင်သို့ လှမ်းထွက်သွားသည်။

အခန်းအပြင်တွင်ကား ကြီးမားသော လူအုပ်အား တွေ့ရသည်။ ချင်းကျူ ကျောင်းတော်တွင် လူပေါင်းတစ်ထောင်ကျော်ခန့် ပြင်ပ ကျောင်းသား အနေဖြင့် တက်ရောက်နေကြ၏။ ၎င်းအထဲတွင် တရားဝင် ကျောင်းသားဖြစ်ရန် ကိုယ်တိုင်လာရောက် ဖိတ်ခေါ်ခံရသော သူများကား လက်ချိုးရေ၍ ရသည်။ ထို့ကြောင့် လူအများအပြားက ယူချင်းအား မနာလိုကြပေ။

“သူ ကျောင်းထုတ်ခံရတော့မည့်အချိန် ယူချင်းက တရားဝင် ကျောင်းသား ဖြစ်တော့မယ်…။ ဘယ်လောက်တောင် ရယ်ဖို့ကောင်းလဲ…” လူများက ယူချင်း တစ်ယောက်ထီးတည်း ရပ်နေသည်ကို မြင်သည်။ ထို့ကြောင့် အသံတိုးတိုး ပြောစရာမလိုဟု ထင်ကြ၏။ ရီဖူရှင်းအား သဘောမကျသော ကျောင်းသားများကား အများအပြားပင်။

“ယူချင်းကြောင့် ဒီကောင် ဒီနေ့အထိ ကျောင်းတော်မှာ ရှိနေတာ။ ယူချင်းကြောင့်သာ မဟုတ်ရင် ဒီကောင် ကျောင်းထုတ်ခံရတာ ကြာပြီ” နောက်တစ်ယောက်က မှတ်ချက်ချသည်။

“ရာသီကုန် စစ်ဆေးခြင်းကျရင် သူ့စွမ်းဆောင်ရည်ကို ငါတကယ်ကြည့်ချင်တာ… ဟား… ဟား…”

လူတိုင်းက ဖူရှင်းအား ရယ်မောကြသည်။

“ငါ့ကို စိတ်ပူနေမယ့်အစား မင်းတို့က ကိုယ့်ဘာသာ စိတ်ပူသင့်တယ်။ စာမေးပွဲမှာ တလွဲတွေဖြစ်နေရင် ဒါကမှ ရယ်ဖို့ကောင်းတာ…” ဖူရှင်း နှာခေါင်း ရှုံ့လျက် ပြောသည်။

“ဘယ်လိုတောင် ဘဝင်မြင့်နေတာလဲ…”

“နာမည်နဲ့ လိုက်ပါပေတယ်…”

အားလုံးက ဖူရှင်းအား ကြည့်ကာ ဝိုင်းပြောကြ၏။ ယူချင်းကား အမြဲတမ်း ဖူရှင်း၏ နောက်သို့ လိုက်နေသော်လည်း ယခု တရားဝင်ကျောင်းသား ဖြစ်တော့မည်ဖြစ်သည်။ ဖူရှင်းကား အရှက်မရှိ ပြောနေဆဲပင်။

ဖူရှင်းက မျက်လုံးအား မှိတ်ထားလိုက်သည်။ ထို့နောက် ဝေဖန်သံများ အားလုံးအား လျစ်လျူရှုထားလိုက်သည်။ ခဏအကြာ မြင်းစစ်သည် ကျောင်းမှ ကျောင်းသားများ အခန်းထဲမှ ထွက်လာကြသည်။ သူတို့က ဖူရှင်းအနီးကို ရောက်သောအခါ ရပ်တန့်လိုက်သည်။

“ငါကြားတာက ယူချင်း အဖေက မင်းတို့မိသားစုက အိမ်တော်ထိန်းဆို…” ဖူရှင်းအား မကြည့်ဘဲ မိုလန်ရှန်က မေးလိုက်သည်။

“အင်း…” ဖူရှင်း ခေါင်းညိတ်လိုက်သည်။

“လူတွေက မိသားစုနောက်ခံကိုကြည့်ပြီး မျက်လုံးကန်းနေကြတာပဲ။ ဒါပေမဲ့ သူတို့ အသက်ကြီးလာတဲ့အခါ မတူကွဲပြားတဲ့ ကမ္ဘာကလူတွေက အတူမရှိနိုင်ဘူးဆိုတာ နားလည်လာလိမ့်မယ်။ သူတို့သိဖူးတဲ့ လူတွေက အမြင့်ကို ပျံသန်းတဲ့အခါ သူတို့က လှမ်းမျှော်ကြည့်ဖို့တောင် အရည်အချင်း မရှိ ဖြစ်နေတတ်တယ်” မိုလန်ရှန်က အေးစက်စွာပြောပြီး တခြားသူများနှင့်အတူ ထွက်သွားသည်။

အစကနေ အဆုံးအထိ မိုလန်ရှန်ကား ယူချင်းအား တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သူ့မျက်လုံးတွင် ဖူရှင်းကား တန်ဖိုးမရှိပေ။

သူ့မျက်လုံးက မိုလန်ရှန် ထွက်သွားရာဘက်ကို ကြည့်ကာ ဖူရှင်း စိတ်ရှုပ်ထွေးသွားသည်။ သူ့ဆန္ဒအား မမေးဘဲ ယူချင်းက မဆုံးဖြတ်သည်ကို ဖူရှင်းသိသည်။ မိုလန်ရှန်လည်း သိသည်။ ဒါဆို ဘာလို့ သူ့ကို ဒါတွေ လာပြောနေတာလဲ။ သူ့ကို သရော်ချင်လို့လား။ သူတို့က သူစိမ်းတွေ မဟုတ်ဘူးလား။

မှော်ပညာကျောင်းမှ အုပ်စုလည်း ထွက်ခွာတော့မည်ဖြစ်သည်။ ဟန်ရီက ရှေ့မှထွက်သွားသော မိုလန်ရှန်အား ကြည့်လိုက်သည်။ ထို့နောက် ဖူရှင်းအား ကြည့်ကာ…

“တော်တော်သတ္တိ ကောင်းတာပဲ… မင်းက စီနီယာအစ်မချင်ကို စနောက်ရဲတာ…”

“အမ်…” ဖူရှင်း ဆွံ့အသွားသည်။ ပြဿနာက တရားဝင်ကျောင်းသားတွေ အထိ ရောက်သွားတာလား။

“မိုလန်ရှန်က မြင်းစစ်သည်ကျောင်းက ဖြစ်ပြီးတော့။ ချင်ယီက ဓားပညာကျောင်းက ဆိုတော့ ပြောရရင် သူတို့က အခြေခံအားဖြင့် တူတူပဲ” ဟန်ရီက ထိုသို့ပြောကာ ထွက်သွားသည်။ ဖူရှင်း အတန်ကြာခန့် တွေးတောပြီးနောက် မျက်ခုံးအား ပင့်လိုက်သည်။ ဖူရှင်းက ဘာကြောင့် မိုလန်ရှန်က သူ့အား အေးစက်စွာ ဆက်ဆံသည်ကို နားလည်လိုက်သည်။

ဖူရှင်းက အခန်းထဲကို ဝင်လာသည်နှင့် ယူချင်းက တစ်ခုခုပြောလိုသော ဟန်အမူအရာ အားတွေ့ရသည်။

“ဘာမှတွေးမနေနဲ့ မင်းကို သူတို့က ဒီလိုပဲ ဆုံးဖြတ်ခိုင်းလို့ရမလား… ဒါက မင်းအရည်အချင်းကို အထင်သေးတာပဲ… အဲဒီ ကျောင်းနှစ်ကျောင်းလုံးကို မရွေးနဲ့…ပြဿနာ အထူးတလေ မရှိရင် ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲမှာ မင်းက ဘယ်လို ပါရမီရှင်မျိုးဆိုတာ သူတို့ တွေ့မှာပဲ…”

ယူချင်းက ဖူရှင်းပြောသည်ကိုကြားကာ အံ့သြသွားသည်။ ကြည့်ရသည်မှာ ဖူရှင်းက ဒီအကြောင်းအား ဆွေးနွေးချင်ပုံ မရပေ။ ဒီကိစ္စနှင့် ပတ်သက်၍ ယူချင်း၏ စိတ်ထဲတွင် တွေးထားပြီးသား ဖြစ်သော်လည်း အထွေအထူး ပြောမနေတော့ပဲ ခေါင်းညိတ်လိုက်၏။

ယူချင်းကား ဖူရှင်းကို မိမိကိုယ်တိုင်ထက်ပင် ယုံကြည်သည် မဟုတ်ပါလား။

***

ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲ စရန် ခုနစ်ရက်သာ လိုတော့သည်။ ထိုနေ့ နံနက်ခင်းတွင် ချင်းကျူ ကျောင်းတော်ဝင်း တစ်ခုလုံး ခေါင်းလောင်းထိုးသံကို ကြားရသည်။ လူတိုင်း မိမိတို့အဆောင်မှထွက်ကာ တူညီသော အရပ်ဆီသို့ ဦးတည်ကာ သွားနေကြ၏။ နှစ်တိုင်း ယခုအချိန်အခါကို ရောက်လျှင် ကျောင်းတော်မှ ကျောင်းသူ ကျောင်းသားများအား စုဝေးကာ ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲနှင့် ပတ်သက်၍ သိသင့်သည်များကို ကြေညာ လေ့ရှိသည်။

ပြင်ပကျောင်းသားများ စုဝေးရာနေရာကား ကျယ်ပြန့်လှသည်။ ပြင်ပ ကျောင်းသားများမှာ အရေအတွက်အားဖြင့် ထောင်ချီရှိသော်လည်း ကျောင်းကွင်းပြင်ကြီးမှာ အလုံအလောက် နေရာပေးနိုင်ပေသည်။

ပြင်ပကျောင်းသားများအား စာသင်သော ဆရာများလည်း ကွင်းထဲကို စောစီးစွာ ရောက်နေကြပြီ ဖြစ်သည်။ ချင်ယီက သူမ၏ လှပသော ခန္ဓာကိုယ်အား ပေါ်လွင်စေသော ဝတ်စုံအား ဝတ်ထားကာ နတ်သမီးအလား လှပနေလေသည်။

“ဒီကောင် ရောက်နေပြီ” သတင်းက လူအုပ်ထဲတွင် ခဏချင်းပျံ့နှံ့သွားသည်။ သူတို့အားလုံးက အဝေးမှ လာနေသော လူငယ်နှစ်ယောက်အား ကြည့်ကာ တီးတိုးပြောနေကြသည်။

“ငါကြားတာတော့ မနေ့က ကျောင်းနှစ်ကျောင်းလုံးက စီနီယာတွေက ယူချင်းကို သူတို့ကျောင်းကို လာဖို့သွားခေါ်ကြတာဆိုပဲ” ထိုကဲ့သို့ အလေးထားမှုကား ကျောင်းသားတိုင်း မရပေ။ သူတို့အားလုံး ဖူရှင်းနှင့် ယူချင်းအား ကြည့်ကာ ပျော်ရွှင်ပုံမရပေ။

ဘေးမှ လူများအား ကျော်ဖြတ်ကာ ချင်ယီထံသို့ လျှောက်သွားပြီး သကာလ ဖူရှင်းက နှုတ်ဆက်လိုက်သည်…

“စီနီယာ အစ်မချင်…”

အပြစ်ပြောစရာမရှိအောင် လှသွေးကြွယ်နေသော ချင်ယီအား ကြည့်ကာ မနေ့က မိုလန်ရှန်၏ အပြုအမူက အေးစက် နေသည်မှာ မထူးဆန်းဟု ဖူရှင်းတွေးမိသည်။

“ဒီရက်ပိုင်း ဘယ်တွေ ရောက်နေတာလဲ” ယီချင်က ခေါင်းညိတ်လျက် မေးသည်။

“သိုင်းသွားကျင့်တာပေါ့… ကတိပေးထားပြီသားဆိုတော့ အားကုန်ကြိုးစားရတာပေါ့…” ဖူရှင်း ပြန်ပြောသည်။

ဖူရှင်း၏ ဟန်ပန်က လိမ်ပြောနေခြင်း မဟုတ်ကြောင်း ခန့်မှန်းမိသည်။ ထို့ကြောင့် သူမ၏ မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်။ အနည်းဆုံး ဖူရှင်းအား သိုင်းကျင့်ရန် တွန်းအားတစ်ခု ရှိနေလျှင်ပင် မဆိုးဟု သူမတွေးသည်။

“ဒါဆို ဒီကြားထဲ တိုးတက်မှု ရှိသေးလား” ချင်ယီက မေးသည်။

“စီနီယာ အစ်မချင် ငါက နိုးထခြင်း အဆင့်ငါး ကိုရောက်နေပြီ” ဖူရှင်းက သေချာသော လေသံဖြင့်ပြောသည်။

ချင်ယီ၏ မျက်နှာ တစ်မုတ်ဟုတ်ချင်း နက်မှောင်သွားသည်။ ဒါတောင် သူပြောတာကို သူမ အမှန်တကယ် ယုံကြည်လိုက်သေး၏။ သူမကပင် သူ့အား ကောင်းကောင်းမွန်မွန် ပြန်ပြောလိုက်သေးသည်။

“ဟား… ဟား…” ၎င်းတို့ ပတ်ဝန်းကျင်မှ လူများက စတင် ရယ်မောကြလေသည်။ လင်းရှာက သူတို့နှစ်ယောက် အနားကို ကပ်လာသည်။ ပြီးလျှင် ဖူရှင်းအား သရော်သည့် အပြုံးပြုံးလျက်…

“စီနီယာအစ်မချင်… ဒီကောင့်ကို ဘယ်လိုလုပ်ရမလဲ…”

“ရီဖူရှင်း… နင့်မှာ အချိန် မရှိတော့ဘူး… ကျောင်းတော်မှာ ဆက်နေချင်သေးတယ်ဆိုရင် နင် တကယ် အလေးအနက်ထားပြီး ကြိုးစားသင့်နေပြီ။ အဓိပ္ပာယ် မရှိတာတွေ ပြောပြီး အချိန်ဖြုန်းရမှာ မဟုတ်ဘူး” လွန်ခဲ့သော သုံးနှစ်ခန့်က ဝင်ခွင့်စစ်ဆေးခြင်းအား တွေးမိလျှင် သူမ အလွန်စိတ်ပျက်မိသည်။

ဖူရှင်းက သူမ ဘယ်လို ခံစားရနေသည်ကို သိသည်။ သူက နွေးထွေးစွာ ပြုံးလိုက်သည်။ သူမက သူပြောသည်ကို ယုံကြည်ပုံမရသော်လည်း သူ့အား အမှန်တကယ် ဂရုစိုက်ပုံရသည်။

“စိတ်မပူပါနဲ့ စီနီယာ အစ်မချင်… စီနီယာ အစ်မကို စိတ်မပျက်စေရပါဘူး”

သူ၏ ချောမောသော မျက်နှာပေါ်အား မနက်ခင်း နေရောင်က လာထင်ဟပ်နေကာ ထီမထင်သော သူ့ပုံစံ သူ့အပြုံးက သူ၏မာန တချို့တစ်ဝက်အား လှစ်ပြနေသည်။

ဖူရှင်း၏ စကားကိုကြားကာ ယီချင် ရင်ထဲ နွေးသလိုဖြစ်သွားသည်။ ထိုသို့ခံစားရသည့် ခဏမှာပင် ဖူရှင်းက…

“နင် ဘာကို ကတိပေးထားတာလဲ မမေ့နဲ့နော် စီနီယာ အစ်မချင်”

“နင်…” သူမက ဆက်မပြောတော့။ ကျောခိုင်းကာ ထွက်သွားလေသည်။ သူမကား အမှန်တကယ် အသက် ဆယ့်ခုနစ်နှစ်သာ ရှိသေးသည်။ သည်ကိစ္စများနှင့်ပတ်သက်၍ မည်သို့ ပြောရမည် သူမ မသိပေ။

ပတ်ဝန်းကျင်ရှိ လူများအားလုံး ဖူရှင်းအား ဒေါသတကြီး ကြည့်နေကြသည်။ ပြီးလျှင် စိတ်ထဲ၌ မနာလို ဖြစ်နေကြသည်။ မည်မျှပင် အရှက်မဲ့သည် ဆိုသော်လည်း စီနီယာ အစ်မချင်အား ယခုကဲ့သို့ လွတ်လပ်စွာ စနောက်ရဲသော သတ္တိမျိုး သူတို့တွင် မရှိကြပေ။

“ဒီလိုကောင်နဲ့ ဘာလို့ အချိန်ဖြုန်းနေရတာလဲ…” ဘေးမှ ဆရာတစ်ယောက်က မေးသည်။

သူမက ထိုသူအား တစ်ချက်ကြည့်ကာ…

“သူက တကယ်ဆို ပါရမီ အရမ်းကောင်းတယ်… ဒီသုံးနှစ်အတွင်းမှာ နည်းနည်းမှ တိုးတက်မလာတာ ငါ မယုံကြည်နိုင်ဘူး… ဒီနှစ် ရာသီကုန်စာမေးပွဲမှာ မထင်မှတ်တာတွေ ဖြစ်ရင်လည်း ဖြစ်လာနိုင်တာပဲ” သူမက သက်ပြင်းချလျက် ပြောသည်။

“မင်းက သူ့ကို ဒီလောက်ရည်မှန်းထားတာ ငါဘယ်လိုမှ နားမလည်ဘူး…” သူမ ဘေးမှ ဆရာက ရှုပ်ထွေးဟန်ဖြင့် ပြောသည်။

ထိုအချိန်အတွင်းတွင် ဖူရှင်းနှင့် ယူချင်းက စကားပြောရင်း ကွင်းထဲတွင် အေးဆေးစွာ လမ်းလျှောက်နေကြသည်။ ဖူရှင်းက ဘေးမှ ယူချင်းအား စောင်းကြည့်ကာ…

“လူတွေက ငါပြောတာ ဘာလို့ မယုံကြည်ရတာလဲ… “သူက အမှန်ကို ပြောနေသော်လည်း မည်သူမှ သူ၏ စကားကို ယုံကြည်ပုံမရပေ။

ဖူရှင်းလည်း ဘာပြောရမည်မှန်း မသိပေ။ တကယ်ဆိုလျှင် သူကိုယ်တိုင်မျက်မြင် ကိုယ်တွေ့ မဟုတ်ပါက ယူချင်းလည်း ယုံမည်မဟုတ်ပေ။ တစ်လအတွင်း နိုးထခြင်းအဆင့်တစ်မှ အဆင့် ငါးကို ရောက်သည်ဆိုလျှင် သူမှမဟုတ် ဘယ်သူမှ ယုံမည်မဟုတ်ပေ။

“ငါတို့က နောက်နှစ် ဆောင်းဦးရာသီဆို တရားဝင်ကျောင်းသား ဖြစ်တော့မယ်…ဖန်းရှင်းဇွီ ကို ငါတို့ ကူညီကြမလား”ဖူရှင်းက မေးသည်။

ယူချင်းက အဝေးမှ ဖန်းရှင်းဇွီအား တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ အကယ်၍ သူမက ဖူရှင်းနှင့် အတူတူလေ့ကျင့်လျှင် ပို၍ မြန်မြန် တိုးတက်နိုင်ပေသည်။

ဖူရှင်းက ဖန်းရှင်းဇွီ ရှိရာနေရာကို ကြည့်ကာ လူများကြားထဲက တိုးသွားလိုက်သည်။ ၎င်းတို့ကလည်း ဘေးမဖယ်လိုသော်လည်း ဖူရှင်းနောက်မှ ပါလာသော ယူချင်းကြောင့် လမ်းဖယ်ကြရ၏။ သို့သော် ဖန်းရှင်းဇွီထံ မရောက်မီ လူတစ်ယောက်က ဖူရှင်း၏ ရှေ့မှ ကာထားသည်ကို တွေ့ရ၏။ ထိုသူကား ဖန်းရှင်းဇွီ၏ သူငယ်ချင်း မူရွန်ရှင်း ဖြစ်သည်။

“ဘာလိုချင်လို့လဲ” မူရွန်ရှင်းက မျက်မှောင်ကုတ် လျက်မေးသည်။

“ဖန်းရှင်းဇွီနဲ့ စကားပြောချင်တယ်…” ဖူရှင်းက ပြုံးလျက်ပင် ပြန်ပြောသည်။

“ငါသိတယ် နင် ဒီနေရာကနေပြီး ပြောလို့ရတယ်”သူမက ပြောသည်။

ဖူရှင်းက မူရွန်ရှင်းအား ကျော်ကြည့်ကာ ဖန်းရှင်းဇွီအား လှမ်းပြောရန် ကြိုးစားသည်…

“ငါ နင့်ကို ပြောစရာရှိတယ်…”

“အဲဒီနေရာက ပြောရင်လည်းရတာပဲ…” ဖန်းရှင်းဇွီက ဖူရှင်း၏ အကြည့်ကို ရှောင်လျက် လှမ်းပြောသည်။

“ဖန်းရှင်းဇွီ … ဒါက ဘာသဘောလဲ…” ဖူရှင်းက နားမလည်ဟန်ဖြင့် ပြောသည်။

“နင်မသိဘူးလား… ဖန်းရှင်းဇွီက နင့်ကို သူ့အနား မလာစေချင်တာလေ…” မူရွန်ရှင်းက ပြောသည်။

ဖူရှင်း၏ အကြည့်က ဖန်းရှင်းဇွီထံ တစ်ဖန် ရောက်သွားသည်။ သို့သော် ဖန်းရှင်းဇွီကား သူ့အကြည့်အား ရှောင်ဖယ်နေဆဲပင်။

“ထားလိုက်ပါတော့…”ဖူရှင်းက သက်ပြင်းချလိုက်သည်။ သူလှည့်ထွက်ရန် ပြင်လိုက်သည်။ ထိုခဏမှာပင် သူ့နောက်က ယူချင်းက မာကျောသောအသံဖြင့် ဖန်းရှင်းဇွီအား အော်ပြောလိုက်သည်…

“ဖူရှင်းက အခုကစပြီး နင်နဲ့ အတူ လေ့ကျင့်မလို့ လာခေါ်တာ…”

ဖူရှင်း အံ့သြသွားသည်။ ယူချင်းက ပုံမှန်အားဖြင့် စကားနည်းသူဖြစ်သည်။ ပုံစံကြည့်ရသည်မှာ ယူချင်းက အမှန်တကယ်ပင် ဒေါသထွက်နေပုံရသည်။

ဖန်းရှင်းဇွီက ယူချင်းအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့လိုက်၏။

၎င်းစကားသံများက ပတ်ဝန်းကျင်မှ လူများအား အာရုံစိုက်မိစေသည်။ ရီဖူရှင်းက ဖန်းရှင်းဇွီအား အတူလေ့ကျင့်ဖို့ ဖိတ်ခေါ်နေတာလား။ ဒီကောင် အိပ်မက် မက်နေတာလား။ သို့သော်လည်း ယူချင်းထံမှ ထွက်လာသော စကားဖြစ်သောကြောင့် မည်သူမှ ဝင်မပြောရဲပေ။

“ဖန်းရှင်းဇွီက နင့်ကို အကောင်းမြင်တယ် ဆိုတာ ငါသိတယ် ဒါပေမဲ့ ဖန်းရှင်းဇွီက နင်နဲ့ အတူလေ့ကျင့်ဖို့ ထိုက်တန်ရဲ့လား…” မူရွန်ရှင်းက ပြောသည်။

ဖူရှင်းက သူမအား ဂရုမစိုက်ပေ။ သူက ဖန်းရှင်းဇွီအား စိုက်ကြည့်လျက်…

“ငါက ဖန်းရှင်းဇွီဆီက အဖြေကို လိုချင်တာ…”

ဖန်းရှင်းဇွီက သူမ၏ လက်ဝါးများအား ဖျစ်ညှစ်လိုက်သည်။ သူမက ယူချင်းအား ကြည့်လိုက်သည်။ ထို့နောက် ဖူရှင်းအား ကြည့်ကာ ခေါင်းခါလိုက်သည်…

“ယူချင်း… ငါတို့က အခု အရွယ်ရောက်နေပြီလေ… ငါထင်တာတော့ အခုကစပြီး ခပ်ခွာခွာနေတာ ကောင်းမလားလို့…”

ထိုသို့ပြောပြီး သူမက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ဝန်ထုပ်ဝန်ပိုးတစ်ခု သူမ ပခုံးပေါ်မှ ဆင်းသွားသလို ရင်ထဲ ပေါ့သွားသည်ဟု ခံစားရ၏။ သို့သော် သူမက တစ်စုံတစ်ခုအား ဆုံးရှုံးသွားသလိုလည်း ခံစားလိုက်ရသည်။

ဖူရှင်းက နောက်ဆုံးတွင် သူမ၏ အဖြေကို ရလိုက်သည်။ သူမျှော်လင့်ထားသော အဖြေမဟုတ်သောကြောင့် အနည်းငယ် စိတ်ပျက်သွားသော်လည်း ခေါင်းတစ်ချက်ခါကာ ပြုံးလိုက်သည်။ သူမကား အမှန်တကယ် အရွယ်ရောက်နေပြီ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset