အပိုင်း (၇၀၇)

တာဝန်ယူခြင်း

ထောင်ကျန်းက ပြောသည်… “ခွန်ယိုကိုယ်တိုင်က ဖြေရှင်းတာတောင်မှ ယန်ဟောင်နဲ့ ကျူးကော့ချန်းဖန်ကို ရင်မဆိုင်နိုင်ဘူး.. အခု ကျိရှမ်းကမ်းပါးက သူတို့ကိုယ်တိုင် မဖြေရှင်းနိုင်တော့မှ နန်းတော်ကို ဆွဲခေါ်ဖို့ ကြိုးစားတယ်… လျူချန်း… ဒါက အဓိပ္ပာယ်မဲ့တယ်လို့ မင်း မခံစားရဘူးလား… ”

“ဒါပေမဲ့ ဒီကိစ္စက နန်းတော်ရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေတယ်… ကျိရှမ်းကမ်းပါးက ရှားအင်ပါယာကို သွားပြီးတော့ အစီရင်ခံရင် နန်းတော်က ဘာဖြစ်မလဲ… ဒါက နန်းတော် တစ်ခုတည်းနဲ့ မသက်ဆိုင်ဘူး… တခြား ပြည်နယ်ရှစ်ခုကသာ မြေရိုင်းပြည်နယ်ကို ကျူးကျော်ခဲ့ရင် အရင်ကလို မြေရိုင်းပြည်နယ်က တည်ငြိမ်နိုင်မှာ မဟုတ်ဘူး…” လျူချန်းက ဆက်ပြောသည်… “ပြီးတော့… မြေရိုင်းပြည်နယ်မှာ ပြဿနာရှိနေတဲ့ အင်အားစုတွေလည်း ရှိနေတယ်… ပိုင်စီက နန်းတော်မှာ အသတ်ခံခဲ့ရတယ် ဆိုပေမဲ့ ရီဝူချင်းနဲ့ စုချွဲတို့က အခုထိ ရှာမတွေ့သေးဘူး… ဒီကိစ္စရဲ့ နောက်ကွယ်က ပြဿနာကို အားလုံးက သိနားလည်မယ်လို့ ကျုပ်ထင်တယ်…”

လျူချန်းက ဘာကို ပြောလိုသည်ကို အားလုံးက သိနားလည်ကြသည်။ ထင်းဆွေအိမ်တော်က သည်ကိစ္စ နောက်ကွယ်တွင် ရှိနေသည်မှာ သေချာပေသည်။

“တော်ဝင်မြေဆိုတာ သူ့ဖွဲ့စည်းပုံ တစ်ခုတည်းနဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး… ဖျက်ဆီးခြင်း မရှိဘဲ အသစ်တည်ဆောက်လို့ မရဘူး… ဒါက နန်းတော်ရဲ့ အဆုံးသတ် ဆိုရင်လည်း ဒီကံကြမ္မာကို လက်ခံရမယ်… ဒီကပ်ဘေးမှာ မြေရိုင်းပြည်နယ်မှာ အပြောင်းအလဲက ဖြစ်ကို ဖြစ်လာလိမ့်မယ်… ဘာလို့ ရေစီးကြောင်းကို ဆန့်ကျင်ချင်တာလဲ…” ထောင်ကျန်းက ပြောသည်… “ပိုင်စီကတော့… သူက ပိုင်လွေလီရဲ့ ညီဖြစ်ရင်တောင် သူက သေဖို့ မထိုက်တန်ဘူးလား… လျူချန်း…”

အားလုံးက လျူချန်းနှင့် ထောင်ကျန်းကို ကြည့်ကြသည်။ ယခု နန်းတော်၏စွမ်းအား အမြင့်ဆုံးနှစ်ယောက်က သဘောထား ကွဲလွဲနေပြီဖြစ်သည်။ နန်းတော်ကား ယခင်လို တစ်စိတ်တစ်ဝမ်းတည်း မဟုတ်တော့ပေ။

“ထောင်ကျန်း… မင်းပြောတာတွေက စဉ်းစား ဆင်ခြင်မဲ့လွန်းတယ်… တိုက်ခိုက်ရေး ရှီနန်းဆောင်သခင် တစ်ယောက်အနေနဲ့ နန်းတော်ပျက်စီးမှာကို မင်းက ဒီလို ပြောသင့်လား…” ထျန်ရှင်းက အေးစက်စွာ ပြောသည်…” ပိုင်စီက မှားခဲ့တယ် ဆိုရင်တောင်မှ သူ့ကို ပြစ်ဒဏ်စီရင်မှာက နန်းတော်ရဲ့ တာဝန်ပဲ… ထျန်ရှင်းနန်းဆောင်က ဒါကို စီမံလိမ့်မယ်… နန်းတော်က တပည့်တွေက ဘောင်ကျော်ပြီး ကိုယ်တိုင် ဝင်ပါရတယ်ဆိုတာ ဖြစ်သင့်လား မင်းစဉ်းစားလေ… ”

“စီမံမယ်ဟုတ်လား…” ထောင်ကျန်းက ထျန်ရှင်းကို ကြည့်ကာ ပြောသည်… “နန်းတော်က ပြောသလို မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါး လိုတယ်… ဒီအတွက် ကျူးကော့မိသားစုကို စတေးတယ်… အခု ပိုင်လွေလီရဲ့ညီကို အပြစ်ပေးမယ်လို့ မင်းပြောပြီ… သူက တိမ်ဖြူမြို့ရဲ့သားပဲ… မင်းလုပ်ရဲလား…” သူ၏အကြည့်က လွန်စွာ ထက်ရှသွားကာ အေးစက်စက် ပြောသည်တွင် ထျန်ရှင်း တိတ်ဆိတ်သွားသည်။ အားလုံးကလည်း တိတ်ဆိတ် သွားသည်။ အားလုံးက ကိုယ်စီ ရပ်တည်ချက်များ ရှိသော်လည်း သေချာသည်က ပိုင်စီကို မည်သူကမှ ဘာမှ မလုပ်နိုင်ခြင်းပင်။ တစ်ဖက်တွင် ရီဝူချင်းတို့ လုပ်ခဲ့သည်ကလည်း လွန်ကဲလွန်းပေသည်။

“နန်းတော်က တော်ဝင်လမ်းစဉ်ကို လမ်းညွှန်ပြသတဲ့နေရာ တစ်ခုတည်း မဟုတ်တော့ဘဲ တစ်စုံတစ်ယောက်ဆီမှာ ဘက်လိုက်တာတွေ ဖြစ်လာတဲ့အခါ နန်းတော်က တော်ဝင်မြေ မဟုတ်တော့ဘူးလို့ အဓိပ္ပာယ်ရတယ်… တော်ဝင်မြေ မဟုတ်တော့မှတော့ ဒီနာမည်ကို ဘာလို့ တွယ်တာ နေဦးမလဲ… ရေစီးအတိုင်း ပျက်စီးသွားပါစေ… ပြီးရင် ပြာပုံကနေ ပြန်တည်ဆောက် ကြလိမ့်မယ်… နောက်နှစ်ပေါင်းများစွာ ကြာတဲ့အခါ တော်ဝင်ကျဲနန်းတော် မရှိတော့ဘူး ဆိုရင်တောင် မြေရိုင်းပြည်နယ် ကတော့ မြေရိုင်းပြည်နယ် ဖြစ်နေဦးမှာပဲ…” ထောင်ကျန်းက အေးစက်စွာ ပြောသည်။

“ထောင်ကျန်း…” လျူချန်းက မျက်နှာ နက်မှောင်သွားကာ ပြောသည်… “မင်းက အဓိပ္ပာယ် မရှိတာတွေ ပြောနေတာပဲ…”

ထောင်ကျန်းက လျူချန်းကို ကြည့်ကာ ပြောသည်… “အရင်တုန်းက ငါတို့တွေအားလုံး ယုံကြည်မှု တစ်ခုတည်းအတွက် အတူတူ လျှောက်လှမ်း ခဲ့ကြတယ်… တော်ဝင် ပညာရပ်တွေကို လက်ဆင့်ကမ်းဖို့ ငါတို့တွေဟာ တော်ဝင်ကျဲ နန်းတော်မှာ နေခဲ့ကြတယ်… ရှန့်ထိုအဆင့်ကို တက်လှမ်းဖို့ ရည်မှန်းချက်ကလွဲရင် ငါတို့ဟာ မြေရိုင်း ပြည်နယ်အတွက် မျှတမှုကိုပဲ ယူဆောင် ပေးခဲ့ကြတယ်… အခု ငါတို့လမ်းကြောင်းက သွေဖည်သွားပြီလို့ မြင်တယ်… ဒီလိုဖြစ်လာမှတော့ ငါတို့က ပေါင်းစည်းလို့ မရနိုင်တော့ဘူး…” ထောင်ကျန်းက အားလုံးကို ပြောသည်… “ဒါက ဒီကိစ္စအတွက် ကျုပ်ရပ်တည်ချက်ပဲ… ခင်ဗျားတို့က ထည့်စဉ်းစားတယ် မစဉ်းစားဘူး ဆိုတာက ကျုပ်ကိစ္စ မဟုတ်တော့ဘူး…” ထောင်ကျန်းက ပြောကာ ချက်ချင်း ထွက်သွားသည်။

လျူချန်း၏မျက်နှာ ညိုမည်းသွားသည်။ သည်ခွေးကောင်က ဘာလုပ်ချင်နေသနည်း။

“ငါလုပ်နေတာတွေ အားလုံးက နန်းတော် အတွက်ပဲ… ငါ့ဆန္ဒက ရှင်းတယ်…” လျူချန်းက ပြောသည်။ သူက အနီးမှ​လူများကို ပြောသည်လား… ထောင်ကျန်းကို ပြောသည်လား မသေချာ။

“မင်းတို့ ဘယ်လို ထင်ကြလဲ…” လျူချန်းက ဘေးမှလူများကို မေးသည်။

“နန်းတော်အတွက်…” ဝမ်ရှင်းက ရေရွတ်လိုက်ကာ ဆက်ပြောသည်… “ခင်ဗျားပဲ ဆုံးဖြတ်ပါ…”

ထို့ကျန်းက မသက်မသာ ပြုံးသည်။ အခြေအနေက ဤသို့ ဖြစ်လာမည်ဟု မည်သူကမှ မထင်ထားကြပေ။

“ထောင်ကျန်းက စကားပြောတာ တဲ့တိုး ဆန်တယ်ဆိုပေမဲ့ သူပြောတာတွေက မှန်တယ်လို့ ကျုပ်ယူဆတယ်…” ဓားမိစ္ဆာက ကောင်းကင်ကို မော့ကြည့်ကာ ပြောသည်။

“ဓားမိစ္ဆာ… နန်းတော်ရဲ့ စည်းလုံးမှုအတွက် ကျုပ်ထုတ်မပြောတဲ့ ကိစ္စတွေရှိတယ်… ဒါပေမဲ့ ဘာဖြစ်ခဲ့တယ် ဆိုတာ ကျုပ်မသိဘူး မထင်နဲ့… မင်းက မမြင်ချင်ယောင် ဆောင်ခဲ့တာတွေ ရှိတယ်…” ထျန်ရှင်းက စွပ်စွဲသည်။

“မင်းက ရီဝူချင်းကို ပြောချင်တာလား…” ဓားမိစ္ဆာက ထျန်ရှင်းကို ပြောသည်… “ငါသူ့ကို လွှတ်လိုက်တာ ပိုင်စီကို သတ်တဲ့ကိစ္စက မှန်တယ်ထင်လို့ပဲ… သူက သေသင့်တယ် ဆိုမှတော့ သူ့အစ်ကိုက ဘယ်သူလဲဆိုတာ အရေးမကြီးဘူး… ခင်ဗျား နားလည်လား…”

ထို့နောက် ဓားမိစ္ဆာကလည်း ထရပ်ကာ ထိုနေရာမှ ထွက်သွားသည်။ အားလုံးက သိသော အချို့အရာများ ရှိသော်လည်း ထုတ်မပြောသည်များ ရှိကြသည်။ ထိုအရာက ဓားမိစ္ဆာ၏ ဂုဏ်သိက္ခာတစ်ခုတည်း အတွက် မဟုတ်ပေ။ ပိုင်လွေလီက သူနှင့်ပတ်သက်၍​ အငြိုးထားမည်ကို စိုးရိမ်၍လည်း ဖြစ်သည်။ သို့သော် မသိချင်ယောင်ဆောင်ရန် လိုအပ်ပါသလော…။ သို့သော် ဓားမိစ္ဆာက အမှန်တရား ပေါ်ထွက်လာမည်ကို စိတ်ပူဟန်ပန် မရပေ။

နန်းဆောင်သခင် ခြောက်ယောက်ထဲမှ နှစ်ယောက်က အစည်းအဝေမှ ထွက်သွားကြသည်။ ပျောက်ကွယ် သွားသော နှစ်ယောက်ကို ကြည့်ကာ လျူချန်းက သက်ပြင်းရှည် တစ်ချက် ရှိုက်လိုက်ကာ ပြောသည်… “အခု မြေရိုင်းပြည်နယ်ရဲ့ ဖွဲ့စည်းပုံကို တည်ငြိမ်အောင် လုပ်မယ် ဆိုတာထက် ကျိရှမ်းကမ်းပါးက ဘယ်အထိ စည်းထားမလဲ မသိသေးဘူး… ဒါပေမဲ့ ရီဖူရှင်းနဲ့ ဂူတုံးလျိုတို့ ကိုတော့ ထုတ်ပေးဖို့ လိုလိမ့်မယ်… ထျန်ရှင်း… မင်းက လူတွေကို ခေါ်ပြီး ကျူးကော့မိသားစု ဆီကိုသွား.. ကျူးကော့ချန်းဖန်ကို သွားပြီး ဆွဲဆောင်… သူက အခု အချို့ကိစ္စတွေကို လက်လွှတ်ဖို့လိုတယ်… မဟုတ်ရင် အကျိုးဆက်က ဘယ်လိုဖြစ်လာမယ် ဘယ်သူမှ မသိဘူး…”

“နားလည်ပါပြီ…” ထျန်ရှင်းက ခေါင်းညိတ်သည်။ အဆုံးတွင် လျူချန်းကား သူ၏ယုံကြည်ချက် ကိုသာ ဆုပ်ကိုင်၍ ဆုံးဖြတ်ခဲ့တော့သည်။ ယခု သူတို့က ကိစ္စအား မြန်ဆန်စွာ ဖြတ်ရန် လိုနေသည်။ နန်းတော်၏ အန္တရာယ်က မကြာခင် ရောက်လာတော့မည် ဖြစ်သည်။

နောက်ပိုင်း နေ့ရက်များတွင် မြေရိုင်ပြည်နယ်ကား ပုံမှန်အတိုင်း အေးချမ်း တိတ်ဆိတ်နေခဲ့၏။ သို့သော်လည်း ကျုံးကျိုးနယ် ထင်းဆွေအိမ်တော်၊ အနောက်ဘက်ဒေသ အာခီမီမြို့နှင့် ကျုံးကျိုးနယ် မြောက်ဘက်တွင်ရှိသော ကျူးကော့မိသားစုတို့ အားလုံးက​ တော်ဝင်ကျဲနန်းတော်၏ ဧည့်သည်များအား ကြိုဆိုခဲ့ရသည်။

ယခု ထျန်ရှင်းကိုယ်တိုင်က နဂါးပတ်တောင် ကျုံကျိုးနယ်ကို ရောက်လာခဲ့ကာ ကျူးကော့ချန်းဖန်နှင့် တွေ့ဆုံသည်။ သူ၏ဧည့်ဆောင်တွင်ပင် ကျူးကော့ချန်းဖန်က ထျန်ရှင်းအား ရပ်လျက်မေးနေသည်… “နန်းတော်က ဒီကိစ္စအတွက် ဆုံးဖြတ်ပြီးပြီလား…”

“ချန်းဖန်… မင်းက မြေရိုင်းပြည်နယ်ကို ရှုပ်ထွေးစေပြီး သွေးတွေလည်း မရေမတွက်နိုင်အောင် စွန်းထင်းစေခဲ့ပြီ… နောက်ဆုံးတိုက်ပွဲက လူတွေ ဘယ်လောက်တောင် သေဆုံးခဲ့ရလဲ… မင်းက ဒါကိုပဲ ခေါင်းမာမာနဲ့ ဆုပ်ကိုင် ထားဦးမှာလား…” ထျန်ရှင်းက မေးခွန်းထုတ်သည်။ ထျန်ရှင်းက ကျူးကော့ချန်းဖန်၏ မျက်လုံးတည့်တည့်ကို ကြည့်ကာ မေးသည်… “ကျုပ်ပြောတာကို နားထောင်… အခု ကျန်းရှာ အသတ်ခံရတယ်… ကျိရှမ်းကမ်းပါးက ဒီကိစ္စမှာ နောက်ဆုတ်ဖို့ မရှိတော့ဘူး… သူတို့ကဂူတုံးလျိုကို လိုချင်တယ်လို့ ပြောပြီးပြီ… သူတို့က ဘယ်လောက် အခြေအနေထိ လုပ်ပေးမှ ကျေနပ်မယ်ဆိုတာ ကျုပ်တို့ အခုထိ မသေချာသေးဘူး… ကျူးကော့မိသားစုက ဒီကိစ္စမှာ အတတ်နိုင်ဆုံး ဘေးကင်းဖို့ ကျုပ်တို့လည်း မျှော်လင့်တယ်… ဒါကြောင့် လိုအပ်တဲ့ စတေးမှုတွေတော့ လုပ်ရလိမ့်မယ်…”

“တကယ်လို့ ကျိရှမ်းကမ်းပါးက ပိုင်လွေလီကို တောင်းဆိုခဲ့ရင် နန်းတော်က ဘယ်လို တုံ့ပြန်မလဲ ကျုပ်သိချင်တယ်…” ကျူးကော့ချန်းဖန်က ထျန်ရှင်းကို မေးသည်။

“မင်းက အခုထိ ခေါင်းမာနေတုန်းပဲ…” ထျန်ရှင်းက ကျူးကော့ချန်းဖန်ကို ကြည့်ကာ အေးစက်စွာ ပြောသည်။

“ကျုပ်မေးတာကို အရင်ဖြေပါ… နန်းတော်က ပိုင်လွေလီကို စတေးမှာလား…” ကျူးကော့ချန်းဖန်က ထျန်ရှင်းကို စူးစူးရဲရဲကြည့်ကာ မေးသည်။

“ပိုင်လွေလီက မြေရိုင်းပြည်နယ်ရဲ့ အနာဂတ်ပဲ…” ထျန်ရှင်းက ပြန်ဖြေသည်။ ကျူးကော့ချန်းဖန်က ပြုံးလိုက်သည်။ သူတွေးသည်မှာ မှန်ပေသည်။

“ပိုင်လွေလီက နန်းတော်ကို ကိုယ်စားပြုတယ်… မြေရိုင်းပြည်နယ်ကို မဟုတ်ဘူး…” ကျူးကော့ချန်းဖန်က ပြောသည်… “ဂူတုံးလျိုနဲ့ ပိုင်လွေလီတို့ တိုက်ခိုက်တာကို ခင်ဗျား မြင်ခဲ့တယ်… ဂူတုံးလျိုက ပိုင်လွေလီထက် အားနည်းတယ်လို့ ခင်ဗျား ထင်လား… ရီဖူရှင်းကကော ပိုင်လွေလီထက် ပါရမီနည်းလား… ရီဖူရှင်းက ယွီပြည်နယ်ရဲ့ အတော်ဆုံးဆိုတဲ့ ပါရမီရှင်ကို အနိုင်ယူပြခဲ့ပြီးပြီ… ဘာလို့ သူတို့ကိုရော မြေရိုင်းပြည်နယ်ရဲ့ မျှော်လင့်ချက်လို့ မသတ်မှတ်တာလဲ…”

ကျူးကော့ချန်းဖန်၏ မေးခွန်းများဖြင့် ရင်ဆိုင်ရာတွင် ထျန်ရှင်းအား ဆွံ့အနေမိသည်။ ကျူးကော့ချန်းဖန်၏လေသံက တဖြည်းဖြည်း အေးစက်လာသည်… “ကျုပ်ကိုယ်တိုင်က နန်းတော်က ဖြစ်လို့ ဆရာနဲ့ ဆရာဦးလေးတို့က ဘာရည်ရွယ်ချက် ရှိတယ် ဆိုတာကို နားလည်တယ်… ဒါပေမဲ့ ခင်ဗျားတို့အားလုံးက ကိုယ့်ယုံကြည်ချက် တစ်ခုတည်းကိုပဲ ကြည့်ပြီး အမှားကို ဝန်မခံရဲကြဘူး… အခု ကျန်းရှာ အသတ်ခံရပြီး ကျိရှမ်းကမ်းပါးက ကျုပ်တို့ကို ပိုပြီး ဖိအားပေးလာတဲ့ အချိန်မှာ နန်းတော်က ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ… အခုတော့ နန်းတော်ရဲ့ သဘောက ကျုပ်အတွက် တကယ်ပဲ စိတ်ပျက်စရာ ဖြစ်ခဲ့တယ်…”

ထျန်ရှင်းက ကျူးကော့ချန်းဖန်ကို ကြည့်သည်။ သူက ကျူးကော့ချန်းဖန်ကို နားချရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။ သို့သော် လက်ရှိတွင် ပြောင်းပြန် ဖြစ်နေသည်။ ကျူးကော့ချန်းဖန်က သူ့အား ပြန်လည်၍ နားချနေ၏။ သို့သော်လည်း နှစ်ဖက်လုံးက ရပ်တည်ချက်ကို ပြောင်းလဲမည် မဟုတ်သည်ကိုလည်း ထျန်ရှင်းက နားလည်သည်။

“နန်းတော်အပေါ် ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မယ်လို့ ဝမ်ရှင်းက ဟောကိန်း ထုတ်ခဲ့တယ်… ဒီကိစ္စကို ကောင်းကောင်း မဖြေရှင်းဘူးဆိုရင် မြေရိုင်းပြည်နယ်က အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လိမ့်မယ်…မင်း ဘာလုပ်နေတယ် ဆိုတာကို သေသေချာချာ စဉ်းစားဦး…” ထျန်ရှင်းက မပြန်မီ ထပ်မံ၍ သတိပေးသည်။ ထွက်သွားရင်းဖြင့် သူက နောက်တစ်ဖန် ထပ်ပြောသည်… “အခြေအနေ ပေးလာတဲ့အခါ နန်းတော်က ဝင်ပါလိမ့်မယ်… အခု မင်းက နန်းတော်နဲ့ မဆိုင်တော့ဘူး… မင်းက နန်းတော်ကို မဆန့်ကျင်ဖို့ ငါမျှော်လင့်တယ်…”

ထျန်ရှင်း ထွက်သွားသည်ကို ကျူးကော့ချန်းဖန်က ကြည့်သည်။ နန်းတော်က သည်ကိစ္စတွင် ဝင်ပါကာ ဂူတုံးလျိုအား ဖမ်းဆီးမည်တွင် အခြေအနေက မည်သို့ အဆုံးသတ်မည်ကို ကျူးကော့ချန်းဖန်က တွေးနေစရာပင် မလိုတော့ပေ။

ကျူးကော့ချန်းဖန်၏ နောက်တွင် လူနှစ်ယောက် ပေါ်လာသည်။ သူတို့ကား ဂူတုံးလျိုနှင့် ကျူးကော့ချန်းဖန်တို့ ဖြစ်ကြသည်။

“မင်းတို့ အားလုံးကို ကြားတယ်မလား…” ကျူးကော့ချန်းဖန်က နှစ်ယောက်လုံးကို မေးသည်။ ဂူတုံးလျိုက ခေါင်းညိတ်သည်။ သူတို့က ထျန်ရှင်း ပြောသည်များ အားလုံးကို သေသေချာချာ ကြားခဲ့ကြပေသည်။ သူတို့ နားထောင်နေသည် ကိုလည်း ထျန်ရှင်းက သိပေသည်။

“ကျွန်တော်က နန်းတော်ကို သွားမယ်…” ဂူတုံးလျိုက ပြောသည်။ ကျူးကော့ချန်းဖန်က ဂူတုံးလျိုကို ပြန်ကြည့်သည်။ အကယ်၍ နန်းတော်ကို သွားပါက ပြန်လမ်းမဲ့သည်ကို ဂူတုံးလျိုက သိပေမည်။

ကျူးကော့ချန်းဖန်က သူ၏သမီး ကျူးကော့မင်းယွီကို ကြည့်သည်။ ဂူတုံးလျိုက ထိုသို့ပြောသည့်တိုင် သူမက တည်ငြိမ်နေခြင်းက သည်အစီအစဉ်ကို သူမက သဘောတူပြီး ဖြစ်သည်ဟု တွေး၍ရပေသည်။

“မင်းယွီက သဘောတူပြီးပြီ…” ဂူတုံးလျိုက ရှင်းပြသည်… “ဒီကိစ္စက မဖြစ်မနေ ဖြေရှင်းဖို့ ဖြစ်လာမှတော့ ကျုပ်က ဘာလို့ တွန့်ဆုတ် နေရတော့မှာလဲ…”

“မင်းတို့နှစ်ယောက်က ဒါကို သေသေချာချာ တွေးပြီးပြီလား…” ကျူးကော့ချန်းဖန်က သူတို့နှစ်ယောက်အား မေးသည်။ ကျူးကော့မင်းယွီက ပိုင်လွေလီနှင့် လက်ထပ်ရမည့် အချိန်က အလွန်ခေါင်းမာစွာ ငြင်းဆန်ခဲ့၏။ ဂူတုံးလျို ပေါ်လာသောအခါ သူမက အရာအားလုံးကိုပင် စွန့်လွှဲရခဲ့သည်။ သူမက နန်းတော်ကို ဂူတုံးလျိုသွားမည့် ကိစ္စအား အမှန်တကယ်ပင် လက်ခံခဲ့သည်က မထင်မှတ် ထားစရာပင်။

“ဟုတ်ကဲ့…” ဂူတုံးလျိုက ခေါင်းညိတ်သည်။ ရွှမ်ဝူမြို့ တိုက်ပွဲတွင် ကတည်းက သူကား သည်ကိစ္စကို တွေးပြီး ဖြစ်သည်။ သူ၏ညီငယ်လေးကသာ သူ့အား လက်မလွှတ် နိုင်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲများ ဖြစ်လာခဲ့ခြင်းပင်။ ရီဖူရှင်းက အချိန်အနည်းငယ် ဆွဲထားနိုင်ခဲ့သော်လည်း အမှန်တကယ် အားဖြင့် ဘာမှ ပြောင်းလဲခြင်း မရှိပေ။ ဤအခြေအနေက မလွဲမသွေ ကြုံလာရမည် ဖြစ်သည်။

“အဖေ… သူ့ကို သွားခွင့်ပေးလိုက်ပါ…” ကျူးကော့မင်းယွီကလည်း တောင်းဆိုသည်။ ကျူးကော့ချန်းဖန်က သူ၏သမီးကို ကြည့်ကာ နှုတ်ဆိတ်နေမိသည်။ အဆုံး၌ သူက ဘာမှ မပြောတော့။ ခေါင်းမော့ကာ ကောင်းကင်ကို တစ်ချက် မော့ကြည့်ပြီး ထိုနေရာမှ ထွက်ခွာ သွားခဲ့သည်။ ပြောစရာလည်း ဆိတ်သုဉ်းနေခဲ့၏။ ဤမျှအထိ တောင့်ခံပြီးမှ ဂူတုံးလျိုကို သွားရောက် အသေခံရန် သူကိုယ်တိုင် ခွင့်ပြုပေးရတော့ မည်လား။

လူကြီးလူကောင်း တစ်ယောက်က လူသင့်သည်နှင့် မလုပ်သင့်သည်များ ရှိပေ၏။ သူက ဂူတုံးလျိုအပေါ် ရင်းနှီး ကျွမ်းဝင်လေလေ သူ၏စိတ်နေ စိတ်ထားနှင့် ကိုယ်ကျင့်သိက္ခာတို့ အပေါ်တွင် ပိုမို၍ သဘောကျ လာခဲ့ရ၏။ ထို့အတွက်ပင် သူ့အား လက်လွှတ်ရန် သူ့အတွက် ပိုမိုခက်ခဲနေခဲ့သည်။

ဂူတုံးလျိုက နဂါးပတ်တောင်မှ တစ်ယောက်တည်း ထွက်ခွာသွားခဲ့၏။ ကျူးကော့မင်းယွီက နဂါးပတ်တောင်၏ အမြင့်ဆုံးနေရာတွင် ရပ်ကာ အဝေးသို့ ပျောက်ကွယ် သွားသော ပုံရိပ်အား ကြည့်နေသည်။ သူမ၏အမူအရာကား အလွန်တရာ ငြိမ်းချမ်းနေသည်။ ဤခွဲခွာခြင်းအပေါ် သူမက သီးခံရန် ခက်ခဲလွန်းသော်လည်း လက်ခံခဲ့ပေသည်။ မည်သို့ဆိုစေ ဂူတုံးလျို၏ ဤသို့သော အကျင့်စရိုက်များကိုပင် သူမက ချစ်ခင်မြတ်နိုးခြင်း မဟုတ်ပလား။

***

ထျန်ရှင်းက ဂူတုံးလျိုအား တော်ဝင်ကျဲ နန်းတော်ကို ကိုယ်တိုင် ခေါ်သွားသည်။ ဂူတုံးလျို၏ တောင်းဆိုမှုကြောင့်ပင် သူက လျူချန်းထံသို့ တိုက်ရိုက် ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ ယခု လျူချန်းနှင့် ဂူတုံးလျိုတို့က မျက်နှာချင်းဆိုင် ရပ်နေကြ၏။

လျူချန်းကား အနည်းငယ် အံ့အားသင့်ရသည်။ ထျန်ရှင်းက ဂူတုံးလျိုအား ခေါ်ဆောင် လာနိုင်မည်ဟု သူမထင်ထားပေ။ ထျန်ရှင်းက ဖြစ်ပျက်သမျှအား စိတ်ဖြင့် လှမ်းပြောသော အခါတွင်မှ လျူချန်းက နားလည် လိုက်ပေသည်။

သူ့ရှေ့မှ ဂူတုံးလျိုကို ကြည့်ကာ လျူချန်းက လေးစား အထင်ကြီးမိပေသည်။ ဂူတုံးလျိုကား အလယ်အလတ် ရှီအဆင့်ဖြင့်ပင် အဆင့်မြင့်ရှီဖြစ်သော ပိုင်လွေလီကို ယှဉ်တိုက်နိုင်ခဲ့သည်။ သူကား ပိုင်လွေလီကဲ့သို့ ပါရမီမြင့်မားကာ သူ့လိုလူက ဤသို့ မိမိကိုယ်ကို စတေးရန် ဆုံးဖြတ်ခြင်းကလည်း အလွန်ရှားပါးသော စိတ်နေ သဘောထားပင်။

“မင်းက ငါ့ကို ဘာပြောချင်တာလဲ…” လျူချန်းက ဂူတုံးလျိုကို မေးသည်။ ဂူတုံးလျိုက သူ့အား တွေ့ချင်သည့် အကြောင်းကို ထျန်ရှင်းက ပြောသည်။

“စီနီယာကို ကျွန်တော် မေးချင်ပါတယ်… စီနီယာက ဘယ်လမ်းစဉ်ကို လိုက်စားနေတာပါလဲ…” ဂူတုံးလျိုက လျူချန်းကို မေးသည်။

“ငါက တော်ဝင်လမ်းစဉ်ကိုပဲ ရည်မှန်းပြီး လျှောက်လှမ်း နေတယ်… ပုံမှန်အားဖြင့် ငါတစ်ယောက်တည်း မဟုတ်ဘူး… ဒါက တန်ခိုးရှင်တိုင်း ရည်မှန်းတဲ့ လမ်းတစ်ခုပဲ…” လျူချန်းက ပြန်ပြောသည်… “မင်းက ဒါကို မေးတာ မဟုတ်ဘူးဆိုတာ ငါသိတယ်… မြေရိုင်းပြည်နယ်နဲ့ ပတ်သက်လာရင်တော့ ငါရည်မှန်းတာက မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါး ပေါ်လာဖို့ပဲ… နောင်တစ်ချိန် မြေရိုင်းပြည်နယ်မှာ သိုင်းပညာ တိုးတက် ထွန်းကားလာတာကို ငါ ကြည့်မြင်ချင်တယ်… မျိုးဆက် တစ်ခုပြီးတစ်ခု အရည်အချင်းရှိတဲ့ တပည့်တွေ ထွက်ပေါ်လာပြီးတော့ သူတို့က တော်ဝင်လမ်းကို ဆက်လက် လျှောက်လှမ်းဖို့ အခွင့်အလမ်းတွေ ပိုရလာဖို့ ငါမျှော်လင့်တယ်… အခုကတော့ ဒီနေရာက တော်ဝင်လမ်းစဉ်ကို ချမှတ်ပေးတယ်ဆိုတဲ့ အမည်ခံပဲ ရှိတော့တယ်…”

“မြေရိုင်းပြည်နယ်က တော်ဝင်ကျဲနန်းတော်ကို တော်ဝင်မြေအဖြစ် ဘာလို့ သတ်မှတ်ကြတာလဲ… ဒီနေရာက စီနီယာရဲ့ ဘယ်လို မျှော်မှန်းချက်နဲ့ ပြည့်စုံဖို့ လိုနေတာလဲ…” ဂူတုံးလျိုက ထပ်မေးသည်။

“ဒါက အတ္တစွဲကင်းပြီး ပြင်ပ ပယောဂတွေနှင့် ကင်းရှင်းနိုင်တဲ့နေရာ… တော်ဝင်လမ်းစဉ်ကို လက်ဆင့်ကမ်းဖို့ အတွက်ပဲ တည်ရှိတဲ့နေရာ…” လျူချန်းက ပြန်ပြောသည်။

“နောက်တစ်မျိုး ပြောရရင် အဲဒီနေရာက ဘက်လိုက်မှု ကင်းတဲ့နေရာ… ” ဂူတုံးလျိုက ခေါင်းညိတ်သည်… “ပြီးတော့ အဲဒါက မြေရိုင်းပြည်နယ်မှာ သိုင်းပညာ တိုးတက်ထွန်းကား စေတဲ့နေရာ… ”

လျူချန်းက ဂူတုံးလျိုကို ကြည့်သည်။ ဂူတုံးလျိုက ဘာကို ဆိုလိုချင်သည်ကို သူချက်ချင်း နားလည်လိုက်သည်။

“အဓိက ဆိုလိုရင်းကို ပြောပါ…” လျူချန်းက အေးစက်စွာ ပြောသည်။

ဂူတုံးလျိုက ပြန်ပြောသည်… “သိုင်းပညာက မြေရိုင်းပြည်နယ်မှာ တိုးတက် ထွန်းကားဖို့ဆိုရင် ပါရမီရှိတဲ့ လူငယ်တွေအပြင် ဘက်လိုက်မှုကင်းတဲ့ တော်ဝင်လမ်းစဉ်ကို လက်ဆင့်ကမ်းတဲ့ နေရာလည်းဖြစ်တဲ့ တော်ဝင်ကျဲနန်းတော်လို နေရာက လိုအပ်တယ်… တကယ်လို့ ဒီလိုနေရာက ပုဂ္ဂိုလ်စွဲအတ္တတစ်ခု ငြိတွယ်လာတဲ့အခါမှာ ဒါကို ဆန့်ကျင်တဲ့လူတွေ အပေါ်မှာ ကျိန်းသေ တွန်းထုတ်မှာပဲ… ဒါက စီနီယာရဲ့ အိပ်မက်ကို လုံးဝ ပျက်စီးစေလိမ့်မယ်…”

ထို့နောက် သူက ဆက်လက်၍ ပြောသည်… “အခု စီနီယာက စီနီယာ ယုံကြည်တာနဲ့ ဆန့်ကျင်ပြီးတော့ လုပ်ဆောင်နေတယ်… နန်းတော်က ပိုင်လွေလီ အပေါ်မှာပဲ မျှော်လင့်ချက်တွေ ပုံအောထားမှတော့ မြေရိုင်း ပြည်နယ်မှာ ဘယ်လိုလုပ် သိုင်းပညာက တိုးတက် ထွန်းကားတော့မှာလဲ… မြေရိုင်းပြည်နယ်က ဘယ်လိုလုပ် တခြား ပြည်နယ်တွေနဲ့ ယှဉ်ပြိုင်မှာလဲ…”

“အခု မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါး အရေးတကြီး လိုအပ်နေတယ်…” လျူချန်းက မိမိကိုယ်ကို ကာကွယ် ပြောဆိုသည်။ အိပ်မက်က အိပ်မက်သာ ဖြစ်ကာ တစ်ခါတစ်ရံ လက်တွေ့ကျရန်လည်း လိုအပ်ပေသည်။

“တကယ်လို့ စီနီယာရဲ့ ယုံကြည်ချက်က စီနီယာ လုပ်တာတွေနဲ့ ထပ်တူမကျတဲ့အခါ စီနီယာရဲ့ စိတ်က အားနည်းချက် ဖြစ်သွားပြီးတော့ တော်ဝင်လမ်းစဉ်ကို လျှောက်လှမ်းမယ့် အိပ်မက်ကလည်း တူတူပျက်စီး သွားတာပါပဲ…” ဂူတုံးလျိုက တည်ငြိမ်စွာ ပြောသည်… “စီနီယာက စီနီယာ မျှော်မှန်းနေတဲ့ လမ်းစဉ်ကို ဖျက်ဆီးလိုက်တာပဲ…”

သူ၏စကားများကို ကြားသည်တွင် လျူချန်းက စိတ်လှုပ်ရှား သွားသည်။ သူ၏ရင်ဘတ်က လေးလံလာကာ မိမိကိုယ်တိုင်လည်း သံသယများ ကြီးစိုးလာခဲ့၏။

“မင်းက လုံးဝ လက်လျှော့ လိုက်တာတော့ မဟုတ်သေးဘူးပဲ…” လျူချန်းက ဂူတုံးလျိုကို ကြည့်ကာ မှတ်ချက်ချသည်။ ဂူတုံးလျိုက သူ့အား နားချရန် ကြိုးစားနေသည်လား။

“တစ်စုံတစ်ယောက်က အသက်ရှင်ဖို့ ဆံခြည်တစ်မျှင် အခွင့်အရေး ရှိတယ်ဆိုရင်တောင် သူတို့က ဒါကို ကြိုးစား ကြည့်ကြမှာပဲလေ… စီနီယာကို တစ်ခုပြပါ့မယ်…” ဂူတုံးလျိုက တောင်းဆိုကာ မျက်လုံးကို မှိတ်လိုက်သည်။ စိတ်စွမ်းအင်များ သူ့ထံမှ​ ထွက်ပေါ်လာကာ လျူချန်း၏ ခေါင်းထဲကို ရောက်ရှိလာသည်။ ထို့နောက်တွင် လျူချန်းက အဖြစ်အပျက်တစ်ခုကို ပြက်ပြက်ထင် မြင်လိုက်ရသည်။ ထိုမြင်ကွင်းကား ဂူတုံးလျိုနှင့် ကျန်းရှာတို့ လျှို့ဝှက်နယ်မြေ တစ်ခုသို့ အတူသွားခဲ့သည့် ခရီးအကြောင်းဖြစ်ကာ ဂူတုံးလျိုက သူမလိမ်သည့် အကြောင်းကို သက်သေပြခဲ့သည်။ တော်ဝင်ရတနာက အမှန်ပင် သူ့အား ရွေးချယ်ခဲ့ခြင်း ဖြစ်ကာ ကျန်းရှာမူကား သူ့အပေါင်းအဖော် ရှီတန်ခိုးရှင်များအား သတ်ဖြတ်ခဲ့သူ ဖြစ်သည်။

“မင်းက ဘာပြောချင်နေတာလဲ…” လျူချန်းက မေးသည်။

ဂူတုံးလျိုက ပြန်ပြောသည်… “အမှန်တရားကို ဖုံးကွယ်လို့ရတယ်… ဒါပေမဲ့ သူတို့မှားတယ် မှန်တယ် ဆိုတာကိုတော့ ကိုယ်တိုင် သိကြတာပါပဲ… ကျွန်တော် ဒီနေရာက အသက်ရှင်ရက် ထွက်သွားဖို့ မတွေးထားပါဘူး… တကယ်လို့ နဂါးပတ်တောင်မှာညီငယ်လေးကို စီနီယာက မထုတ်ပယ်ခဲ့ဘူးဆိုရင် နန်းတော်က နောက်ပိုင်း ပိုပြီး တောက်ပ လာလိမ့်မယ်လို့ ကျွန်တော် ယုံတယ်… တော်ဝင်ကျဲနန်းတော်ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ စီနီယာက ဒီလို မဖြစ်သင့်ဘူး… တကယ်လို့ စီနီယာက ဒါကိုပဲ ဆက်ပြီး ဆုပ်ကိုင်ထားမယ် ဆိုရင် တစ်နေ့ စီနီယာက သေချာပေါက် နောင်တရလိမ့်မယ်…   ဂူတုံးလျိုက အရိုအသေပေးကာ နောက်လှည့် ထွက်သွားသည်။ သူကား ပြောလိုသည်များ ပြောပြီး ဖြစ်သည်။ နောက်ဖြစ်လာမည့် အရာများ အားလုံးကို သူရင်ဆိုင်ပေမည်။

အဝေးကို ပျောက်ကွယ်သွားသော ပုံရိပ်အား ကြည့်ကာ လျူချန်းက သက်ပြင်းချသည်။ တစ်ခါတစ်ရံ နောက်လှည့် မရသည့်အရာများစွာ ရှိသည်။ ယခု သူတို့အခြေအနေကား နောက်လှည့် လိုလျှင်ပင် နောက်လှည့် မရနိုင်တော့ပေ။

ဂူတုံးလျိုအား ကျိရှမ်းကမ်းပါးမှ လူများထံကို ခေါ်သွားသည်တွင် ခွန်ယိုက အနည်းငယ်  အံ့အားသင့် သွားဟန်ရသည်။ နန်းတော်ကား အမှန်ပင် မြေရိုင်းပြည်နယ်၏ တော်ဝင်မြေဖြစ်သည်။ သူတို့ထက် နန်းတော်က ဂူတုံးလျိုကို ဖမ်းဆီးရန် လွယ်ကူလွန်းနေသည်။

“ဖြစ်ပျက်ခဲ့သမျှ အားလုံးက ကျန်းရှာနဲ့ ကျုပ်တို့အကြားက ကိစ္စကြောင့်ပဲ… ကျိရှမ်းကမ်းပါးကလည်း တော်ဝင်မြေ ဖြစ်မှတော့ အခု ကျန်းရှာကို ကျုပ်သတ်ခဲ့တယ်… ကျိရှမ်းကမ်းပါးက မဆိုင်တဲ့လူတွေကို မထိခိုက်ဖို့ ကျုပ် မျှော်လင့်ပါတယ်…” ဂူတုံးလျိုက ခွန်ယိုကို ပြောသည်။

“မင်းက မင်းတစ်ယောက်တည်း အားလုံးကို အပြစ်ခံယူ သွားတော့မလို့လား…” ခွန်ယိုက ဂူတုံးလျိုကို ကြည့်ကာ မေးသည်… “ဒါက ဖြစ်နိုင်တယ်လို့ မင်းထင်လား…”

“ရီဖူရှင်း အခု ဘယ်မှာလဲ…” ခွန်ယိုက အေးစက်စွာ မေးသည်။ ဂူတုံးလျိုနှင့် ရီဖူရှင်းတို့ နှစ်ယောက်လုံးအား ရှန့်ထိုခေါင်းဆောင်က ခေါ်ဆောင်လာရန် မှာကြားမှတော့ မည်သည့် နည်းနှင့်ဖြစ်စေ သူက ရအောင် ခေါ်သွားရပေမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset