ယွီပြည်နယ်၏သူရဲကောင်း ကိုးဖော်ထဲမှ တစ်ယောက်ဖြစ်သော သူကား ပြည်နယ်ကိုးခုလုံးတွင် နာမည်ကျော်ကြားလာသူ တစ်ယောက် ဖြစ်လာမည်မှာ သေချာနေပေသည်။ သူက မည်သို့ ဤနေရာတွင် သေဆုံးရမည်နည်း။ ရီဖူရှင်းက အဘယ်ကြောင့် သူ့အား သတ်ရဲရသနည်း။
ရီဖူရှင်းက ကျန်းရှာ၏ အတွေးများအား ဂရုစိုက်သည် မဟုတ်ပေ။ လက်ဝါးအား မြှောက်ကာ သူက ကျန်းရှာကို ထပ်မံ၍ ရိုက်ချလိုက်သည်တွင် သူ့မျက်နှာအား သွေးခြင်းခြင်း နီရဲစေသည်။ သို့သော်လည်း ရီဖူရှင်းက သတိထားမိဟန် မရပေ။ သူ၏အေးစက်သော အကြည့်ထဲတွင် မဆုံးနိုင်သော လူသတ် အငွေ့အသက်များသာ ရှိနေသည်။ ကျန်းရှာ၏ယုတ်မာသော နည်းလမ်းကြောင့် မဟုတ်လျှင် သူက ဤမျှထိ ပေါက်ကွဲမည် မဟုတ်ပေ။
အစ်ကို၃နှင့် အစ်မ၂တို့က သူတို့၏ဘဝကို အေးဆေးဆေးဆေး ဖြတ်သန်း နိုင်သင့်ပေသည်။ ရီဖူရှင်းကား ပြင်ပလောကကို ထွက်ကာ တန်ခိုး ဆက်ကျင့်ပေမည်။ ထိုက်ဟန်တောင်ကလည်း သူတို့၏နေရာတွင် တည်ငြိမ်စွာ နေထိုင်နိုင်ကြပေသည်။ သို့သော် ထိုအရာများ အားလုံးက ကျန်းရှာကြောင့် ပျက်စီးခဲ့ရသည်။ ယခု သူက ထိုက်ဟန်တောင်ကို ရောက်လာကာ များစွာသော ရွှေလူဝံများအား သတ်ဖြတ်သည်။ သူက မည်သို့ ကျန်းရှာကို လွှတ်ပေး နိုင်မည်နည်း။
နောက်ဆုံးတွင် ရီဖူရှင်း၏ အဆက်မပြတ် ရိုက်ချက်များ အောက်၌ ကျန်းရှာကား သေဆုံးသွားရကာ လုံးဝ ငြိမ်သက် သွားတော့သည်။
ဂူတုံးလျို၏ ဘက်တွင်လည်း တိုက်ပွဲက ပြင်းထန်နေပေသည်။ ဂူတုံးလျိုနှင့် တိုက်ခိုက်နေသည့် နှစ်ယောက်က ကျန်းရှာ သေဆုံးသွားသည်ကို မြင်သည်တွင် အကြီးအကျယ် မျက်နှာ ပျက်သွားကြကာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားကြသည်။ အခြေအနေ အပြောင်းအလဲက အလွန် ရုတ်တရက် ဆန်လွန်းလှသည်။ ထို့အပြင် ရီဖူရှင်းက အာကာသဓာတ်အား သုံးစွဲခဲ့သည်ကို သူတို့ တွေ့မြင် လိုက်ကြရ၏။ ထိုအဖြစ်က သူတို့အား ကြီးစွာ ထိတ်လန့်စေပြီး သူတို့၏စိတ်က ယိုင်နဲ့လာတော့သည်။
ဂူတုံးလျိုက အခွင့်အရေး တစ်ခုရသည်တွင် အဆင့်နိမ့် မိုရှီတန်ခိုးရှင် တစ်ယောက်အား သတ်ဖြတ်လိုက်သည်။ ထို့နောက် သိပ်မကြာခင်ပင် သူ၏ဓားစွမ်းအင်က အလယ်အလတ် ရှီတန်ခိုးရှင်၏ လည်ပင်းအား ဖြတ်တောက် နိုင်ခဲ့ကာ အရာအားလုံးက အဆုံးသတ် သွားသည်။ လူနှစ်ယောက်၏ အလောင်းက မြေပြင်ပေါ်ကို ရှေ့ဆင့် နောက်ဆင့်ကျ၏။
ထိုအခိုက်တွင် ရီဖူရှင်းကား အလွန်အမင်း အားနည်းမှုကို ခံစားနေရသည်။ သူ၏တစ်ကိုယ်လုံးမှ စွမ်းအားများ အားလုံးက ကုန်ခန်းသွားပြီဖြစ်ရာ မြေပြင်ပေါ်ကို လဲပြိုကျသည်။ ဟွာဂျီယူက မျက်ရည်များဖြင့် ရီဖူရှင်းအား ပွေ့ဖက်ထားသည်။ သူတို့နောက်တွင် ယိချိန်ချန်ကလည်း ယူချင်းအား ပွေ့ဖက်ထားကာ တိတ်ဆိတ်စွာ ငိုကြွေးနေသည်။ သူတို့က သေဆုံးခြင်းနှင့် လွန်စွာ နီးကပ်ခဲ့ပေသည်။ အသက်ရှင်ခဲ့သည်ကား အလွန်အမင်း ကံကောင်းခြင်းဟုပင် ပြောနိုင်၏။ အကယ်၍ ရီဖူရှင်းကသာ ကျန်းရှာကို မသတ်နိုင်ပါက အကျိုးဆက်က လွယ်ကူမည် မဟုတ်ပေ။ ဂူတုလျိုကလည်း သူ့ပြိုင်ဘက်များကို မြန်ဆန်စွာ မရှင်းပစ်နိုင်ပေ။
ဂူတုံးလျိုက ရီဖူရှင်း၏ဘေးကို ရောက်လာကာ ကျန်းရှာ၏ အလောင်းအား အေးစက်စွာ ကြည့်သည်။ ကျန်းရှာကား ကျိရှမ်းကမ်းပါး၏ သူရဲကောင်း ကိုးဖော်ထဲမှ ဖြစ်ကာ ယွီပြည်နယ် တော်ဝင်မြေ၏ ရတနာတစ်ပါးဟု ပြော၍ ရသည်။ ယခု ကျန်းရှာက သေဆုံးသွားကာ အခြေအနေကား ပိုမို၍ပင် ရှုပ်ထွေးလာပြီ ဖြစ်သည်။ သည်ကိစ္စက မည်မျှ အကျိုးသက်ရောက်မှု ကြီးမားသည်ကို ဂူတုံးလျိုက ကောင်းကောင်း သိနားလည်ပေသည်။
သို့သော် ဂူတုံးလျိုက သိပ်ဂရုစိုက်ဟန် မရပေ။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “အာကသဓာတ်… ညီငယ်လေးက အနာဂတ်မှာ ထူးဆန်းအံ့ဖွယ်ရာတွေ ဖန်တီးနိုင်လိမ့်မယ်…”
“အစ်ကို၃…” ရီဖူရှင်းက အားနည်းစွာ ခေါ်သည်။ သူက ကျန်းရှာကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ပျော်ရွှင်မှုကို မခံစားရပေ။ ပျော်စရာ ကိစ္စလည်း မဟုတ်ပေ။
“သိပ်အများကြီး မတွေးနဲ့… အနားယူလိုက်တော့…” ဂူတုံးလျိုက တီးတိုးပြောသည်။ ထို့နောက်တွင်ပင် စိတ်အားလှိုင်းတစ်ခုက ရီဖူရှင်း၏ခေါင်းထဲကို ဝင်ရောက် လာတော့သည်။
“အစ်ကို၃…” ရီဖူရှင်းက ကြီးမားသော စိတ်စွမ်းအားကို ခံစားမိသည်တွင် အားနည်းစွာ ခေါ်သည်။ ထို့နောက်တွင် ဂူတုံးလျိုက လက်ကို မြှောက်လျှက် ရီဖူရှင်း၏ လည်ပင်းအား ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။ အလွန်အမင်း အားပြတ်နေသော ရီဖူရှင်းကား ချက်ချင်းပင် သတိလစ် မေ့မြောသွားကာ ဟွာဂျီယူ၏ရင်ခွင်ထဲ ပြိုဆင်း သွားတော့သည်။
ဟွာဂျီယူက ဂူတုံးလျိုအား ကြည့်သည်တွင် ဂူတုံးလျိုက ပြောသည်… “ဒီနေရာမဟုတ်တဲ့ တစ်နေရာကို သူနဲ့ထွက်သွား … သူ့ကို ပြန်မလာစေနဲ့…”
ဟွာဂျီယူက ဂူတုံးလျိုအား ကြည့်ကာ ခေါင်းညိတ်သည်… “အစ်ကို၃… ဂရုစိုက်ပါ…”
သူမက ပြောပြီး ယိချိန်ချန်ကို ပြောသည်… “ချိန်ချန်… သွားရအောင်…”
ယူချင်းအား လို့လန်ရွှီနှင့် ယိချိန်ချန်တို့က သယ်ဆောင်ကာ သူတို့အုပ်စု အဝေးကို မြန်ဆန်စွာဖြင့် ပြေးထွက် သွားကြသည်။
ဟွာဂျီယူကား နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ငိုကြွေး မြည်တမ်းမိသည်… “အစ်မ၂… ဂျီယူ စိတ်မကောင်းပါဘူး…”
ဂူတုံးလျိုက သူမတို့အား အဘယ်ကြောင့် အဝေးကို စေလွှတ်လိုက်သည်အား ဟွာဂျီယူက နားလည်ပေသည်။ ဂူတုံးလျို၏ ရည်ရွယ်ချက်ကိုလည်း သူမသိသည်။ သို့သော်လည်း သူမက ဂူတုံးလျို ပြောသလို လုပ်ခဲ့သည်။ အကယ်၍ သူမတစ်ယောက်တည်း အတွက် ဆိုပါက မည်သည့်အခါကမှ ထွက်သွားမည် မဟုတ်ပေ။ သို့သော် ယခု ရီဖူရှင်း ပါဝင်နေသည်။ ရီဖူရှင်းကသာ ကောင်းကောင်း အသက်ရှင်နေနိုင်လျှင် သူမ၏ဘေးမှ လူများအားပင် စွန့်ခွာရန် သတ္တိရှိပေသည်။
ဂူတုံးလျိုက နီစွေးနေသော ကောင်းကင်ကို ကြည့်သည်။ အရာအားလုံးက သူ့ကြောင့် ဖြစ်လာခြင်းပင်။ သူက ထိုက်ဟန်တောင်ကိုလည်း ကျန်းရှာအား သတ်ရန် တစ်ခုတည်းဖြင့် ရောက်လာခြင်း ဖြစ်သည်။
ကျန်းရှာအား သူနှင့် ရီဖူရှင်းတို့အကြား မည်သူ သတ်သည်က အရေးမကြီးတော့ပေ။
သုံးရက်ခန့် ကြာသောအခါ မြေရိုင်းပြည်နယ် တစ်ခုလုံးအား တစ်စုံတစ်ခုသော ဖိအားက ရစ်သိုင်းနေသည်။
ထိုအရာက လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲကြောင့် ဖြစ်လာသော ရလဒ်ပင်။ ရွှမ်ဝူမြို့၏နေရာတိုင်း၌ အပျက်အစီးပုံများ လူသေအလောင်းများ ရှိနေသည်။ ကမ္ဘာပျက်မတတ် တိုက်ပွဲတွင် အသက်သေဆုံးသွားသူများ မရေမတွက်နိုင်အောင် ရှိ၏။
ထိပ်သီးအင်အားစုများ ပါဝင် ပတ်သက်ကြသော တိုက်ပွဲတွင် ထိခိုက်ပျက်စီးမှုကလည်း များပြားလှသည်။ တချို့ ထိပ်သီး တန်ခိုးရှင်များပင် ဒဏ်ရာအပြင်းအထန် ရသူများရှိပေသည်။
သို့သော်လည်း အဆုံး၌ ကျူးကော့ချန်းဖန်နှင့် ယန်ဟောင်တို့က အလွန် စွမ်းအားမြင့်သော တန်ခိုးရှင်များအား တွန်းလှန်နိုင်ခဲ့သည်သာ။ ရူးသွပ်သော တိုက်ပွဲက တော်ဝင် မီးတောက်ဂိုဏ်းနှင့် နန်ထျန်း အိမ်တော်တို့ကို နောက်ဆုတ် စေသည်။
ထိုတိုက်ပွဲကား နောင်တွင် သမိုင်းမှတ်တမ်း ထင်ကျန်ရစ်မည် ဖြစ်ကာ ရွှမ်ဝူမြို့တိုက်ပွဲအဖြစ် အမှတ်ရနေကြမည် ဖြစ်သည်။
ရွှမ်ဝူမြို့တိုက်ပွဲ အပြင် ထိုက်ဟန်တောင်တွင်လည်း ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပျက်ခဲ့သည်။ မြို့စားပိုင်ဂူက မြေရိုင်းပြည်နယ်၏ အတော်ဆုံး ဓားသမားစုရှမ်းနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။
တိမ်ဖြူမြို့မှ စွမ်းအားမြင့် တန်ခိုးရှင်များစွာလည်း ထိုတိုက်ပွဲတွင် အသတ်ခံခဲ့ရကာ နောက်ဆုံးတွင် စုရှမ်းက ဒဏ်ရာ အကြီးအကျယ်ရရှိခဲ့ပြီး မြို့စားပိုင်ဂူကလည်း နောက်ဆုတ် ပေးခဲ့ရသည်။ စုရှမ်း၏ သေကွင်းသေကွက်ကို ဦးတည်သော တိုက်ကွက်များက မြို့စားပိုင်အား တွေဝေစေခဲ့သည်။ မြို့စားပိုင်ဂူကား စုရှမ်းထက် တိုက်ခိုက်ရေးစွမ်းအင် ပိုမြင့်မားသော်လည်း သည်တိုက်ပွဲ၌ ဒဏ်ရာ အနာတရ မဖြစ်ဘဲ အနိုင်ရမည်ကိုမူကား လုံးဝ မသေချာပေ။
စုရှမ်းက ထင်းဆွေအိမ်တော်ကို ပြန်ရောက်သည်နှင် တံခါးပိတ်ကာ ဒဏ်ရာများအား ကုသနေသည် ကြားကြရသည်။ သို့တိုင်အောင် စုရှမ်းက မြို့စားပိုင်ဂူအား နောက်ဆုတ် စေနိုင်ခဲ့၏။ မြေရိုင်းပြည်နယ်၏ နံပါတ်၁ လူသတ်သမား စုရှမ်းက မည်မျှ ကြောက်စရာ ကောင်းသည်ကို မြို့စားပိုင်ဂူက ကောင်းကောင်း သိပေမည်။
သူတို့နှစ်ယောက် တိုက်ပွဲအပြင် ကျန်းရှာနှင့်အတူ ထိုက်ဟန်တောင်ကို သွားတိုက်ခိုက်သော တန်ခိုးရှင်များကလည်း ထိုနေရာတွင် ခေါင်းချခဲ့ကြရသည်။ တူညီစွာပင် လူဝံများစွာကလည်း ထိုတိုက်ပွဲ၌ သေဆုံးခဲ့ကြရ၏။ သို့သော် ထိတ်လန့်ဖွယ် အကောင်းဆုံး သတင်းကား မြေရိုင်းပြည်နယ်ကို ဂူတုံးလျိုအား သတ်ရန် ရောက်လာသော ကျန်းရှာက သေဆုံးသွားခဲ့ခြင်းပင်။ ကျန်းရှာကား ကျရှမ်းကမ်းပါး၏ သူရဲကောင်း ကိုးဖော်ထဲမှ တစ်ယောက်ဖြစ်သည်။ ယခု သူသေဆုံးသွားရာ ကြောက်မက်ဖွယ် အကျိုးဆက်ကို အားလုံးက ခန့်မှန်း မိနေကြသည်။ ထိုအဖြစ်က တော်ဝင်ကျဲ နန်းတော်ကိုပင် ထိတ်လန့်စေ၏။
မြေရိုင်းပြည်နယ်ကို ပိုမိုကြီးမားသော မုန်တိုင်းများ ဝင်လာတော့မည်ကို အားလုံးက သိနေကြသည်။ ကျန်းရှာအား သူသတ်ခဲ့သည်ဟု ဂူတုံးလျိုက ဝန်ခံခဲ့သည်။ နဂါးပတ်တောင်က ဂူတုံးလျိုအား ဆက်လက် ကာကွယ်ပေးမည် ဆိုပါက ယန်ဟောင်နှင့် ကျူးကော့ချန်းဖန်တို့လည်း သည်မုန်တိုင်းတွင် အဆုံးသတ် သွားနိုင်ပေသည်။
ကျိရှမ်းကမ်းပါး၏ သားတော်က ဂူတုံးလျို၏လက်ထဲတွင် သေဆုံးခဲ့ရသည်။ ယွီပြည်နယ်မှ ရှန့်ထိုကပင် သည်ကိစ္စတွင် ပါဝင်လာနိုင်ဖွယ် ရှိပေသည်။
ထို့နောက်တွင် ခွန်ယိုက ဆက်လက်၍ လာရောက် တိုက်ခိုက်ခြင်း မပြုတော့ပေ။ ထူးထူးခြားခြားပင် မြေရိုင်းပြည်နယ်၌ အေးချမ်း ငြိမ်သက်နေသည်။ သို့သော်လည်း သည်ငြိမ်းချမ်းမှုက မိုမိုကြီးမားသော မုန်တိုင်းတစ်ခုအတွက် ဆိုသည်ကို အားလုံးက နားလည်ကြသည်။
ခွန်ယိုနှင့် ပူးပေါင်းခဲ့သော နန်ထျန်းအိမ်တော်၊ တော်ဝင် မီးတောက်ဂိုဏ်းနှင့် တခြား အင်အားစုများ အားလုံးက စိတ်အေး သွားကြရသည်။ ယခု ကျန်းရှာ သေဆုံးသွားခြင်းကား သူတို့အတွက် ကြီးမားသော ဆုလာဘ်တစ်ခု ဖြစ်ပေသည်။ ယခု ကျန်းရှာ အသတ်ခံရပြီဖြစ်ရာ နဂါးပတ်တောင်နှင့် ထိုက်ဟန်တောင်တို့က သေချာပေါက် အဆုံးသတ်ပြီ ဖြစ်သည်။
နဂါးပတ်တောင်ပေါ်မှ ကျူးကော့မင်းယွီ၏ အိမ်တော်တွင် လူအများအပြားက ထိုက်ဟန်တောင်မှ အခြေအနေအား ဂူတုံးလျိုကို လာရောက် မေးမြန်းကြသည်။ ထိုအထဲတွင် အများအပြားက ရီဖူရှင်းရှိနေရာကို စိတ်ဝင်စားကြသည်။ သို့သော် ဂူတုံးလျိုက သူတို့အား ပြောပြခြင်း မပြုပေ။ သူ၏ညီငယ်က ဒဏ်ရာပြင်းသဖြင့် အဝေးကို စေလွှတ်လိုက်သည်ဟု သူ ပြန်ဖြေသည်။
ဂူတုံးလျို၏ စကားအပေါ် သံသယ ဝင်ကြသော်လည်း သူတို့ သိပ်အများကြီး မတွေးကြပေ။ ရီဖူရှင်းက နဂါးပတ်တောင်တွင် ရှိမနေခြင်းက ကောင်းပေသည်။ ယခု ကျန်းရှာအား ဂုတုံးလျိုက သတ်လိုက်ပြီဖြစ်ရာ နောက်လာမည့် မုန်တိုင်းက မည်သို့ဖြစ်မည်ကို မည်သူကမှ မသိကြပေ။ ရီဖူရှင်း အသက်ရှိနေသေးခြင်းက အားလုံးအတွက် မျှော်လင့်ချက် ရေးရေးလေး ရှိနေပေသည်။
ယခု ကျူးကော့မင်းယွီက ဂူတုံးလျို၏ဘေးတွင် ရပ်နေသည်။
“မင်းယွီ…” ဂူတုံးလျိုက ကျူးကော့မင်းယွီအား ကြည့်ကာ သူမ၏ဆံပင်များအား ကိုင်တွယ်ပြီး တီးတိုးပြောသည်… “ငါ့ကို ကတိတစ်ခုပေး…”
“နင်သေရင် ငါက အသက်ရှင်နေပါ့မယ် ဆိုတာလား…” ကျူးကော့မင်းယွီက ပြန်ကြည့်သည်။
ဂူတုံးလျိုက ခေါင်းညိတ်သည်တွင် ကျူးကော့မင်းယွီက ပြန်ပြောသည်… “ဒါဆို နင်ကလည်း ငါ့ကို ကတိတစ်ခုပြန်ပေး…”
“ဘာလဲ…” ဂူတုံးလျိုက မေးသည်။
“နောက် ဒါမျိုး ငါ့ကို မပြောနဲ့တော…” ကျူးကော့မင်းယွီက တီးတိုးပြောသည်.. “နင်က မောင်ငယ်လေး ဘယ်မှာဆိုတာ မပြောပြချင်မှတော့ ငါကလည်း မမေးဘူး… ဒါပေမဲ့ ငါ ဘယ်တော့မှ ပြေးမှာ မဟုတ်ဘူး… ဒါကို အစောကြီးကတည်းက နင် နားလည်ထားတာပဲ မလား…”
သူ့ရှေ့မှ မိန်းမကို ကြည့်ကာ ဂူတုံးလျိုက ဘာမှ မပြောနိုင်တော့ပေ။ သည်စိတ်ဓာတ် ပြင်းထန်သော မိန်းမဖြင့် သူမည်သို့ လုပ်ရမည်နည်း။
***
မုန်တိုင်းက တော်ဝင်ကျဲ နန်းတော်ကိုလည်း ရိုက်ခတ်လာခဲ့သည်။ ကျန်းရှာ၏ သေဆုံးခြင်းက တော်ဝင်ကျဲနန်းတော်နှင့် သက်ဆိုင်ခြင်း မရှိသော်လည်း မြေရိုင်းပြည်နယ်၏ တော်ဝင်မြေ ဖြစ်သည့်အလျောက် ရှောင်လွှဲမရသော ပြဿနာများက ရောက်ကို ရောက်လာတော့မည် ဖြစ်သည်။
ထို့အပြင် ပိုင်စီ၏သေဆုံးခြင်း၊ မြို့စားပိုင်ဂူနှင့် ထင်းဆွေဓားစုရှမ်းတို့၏တိုက်ပွဲစသည်တို့က မြေရိုင်းပြည်နယ်တွင် မကြာမီ ရောက်လာမည့် မုန်တိုင်း၏အစအနများအဖြစ် မြင်နေကြရသည်။
ယခု ဝမ်ရှင်း နန်းဆောင်သခင်က တော်ဝင်ရှီနန်းဆောင်သို့ ရောက်လာကာ လျူချန်းအား လာတွေ့သည်။
“ဘာလဲ…” ဝမ်ရှင်း၏ မျက်နှာအမူအရာအား မြင်သည်တွင် လျူချန်းက မေးသည်။ ဝမ်ရှင်းက သူ့အားတစ်စုံတစ်ခု အရေးကြီးသည်အား ပြောလိုသည်ကို သူသတိထားမိသည်။
***