အပိုင်း (၆၉၆)

ဒါပဲလား

ရီဖူရှင်းက ချင်ကျောင်းကို ကြည့်သည်။ နိုဘယ်များ၏ စွမ်းအားမှ ရှီများ၏စွမ်းအားသို့ မည်သို့ ပြောင်းလဲသွားသည်ကို ရီဖူရှင်းက ကောင်းကောင်း သိသည်။ ရှီစွမ်းအင်ကို မည်သည့် နိုဘယ်ကမှ မခံနိုင်ပေ။ နိုဘယ်များ မည်မျှ အားကောင်းပါစေ ရှီများက အလွယ်တကူ ဖြိုပျက်နိုင်သည်။ သူ၏ သီးသန့်နယ်များက မည်မျှ အားကောင်းပါစေ ချင်ကျောင်းထံတွင် မည်သည့် အခွင့်အရေးမှ မရှိပေ။

ချင်ကျောင်းကား ရှီမဖြစ်သေးသော်လည်း ရှီတစ်ဝက်ဟု ပြော၍​ရသည်။ သူကား လက်ရှိတွင် ရင့်ကျက်သော လောကသဘာဝ စည်းမျဉ်းအား နားလည်ထားသူဖြစ်ရာ ရှီအဆင့်ဘက်ကို ရောက်နေပြီဟု ပြော၍ ရသည်။ သာမန်ရှီများပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

နတ်ငှက် အတောင်ပံများနှင့်အတူ ရီဖူရှင်းအား နတ်လူဝံပုံရိပ်က ဖုံးအုပ်သွားသည်။ ချက်ချင်းပင် အကန့်အသတ်မဲ့သော စွမ်းအားက သူ၏ခန္ဓာကိုယ်အတွင်း လှည့်ပတ် စီးဆင်းသွားသည်။ ကြယ်အလင်းများနှင့်အတူ သူ၏သွေးကြောမ ခုနစ်ခုကတည်း တစ်ပြိုင်နက်တည်း ပွင့်သွားသည်။

ခန္ဓာကိုယ်အတွင်း အတိုင်းအဆမဲ့ ပြည့်လျှံလာသော စွမ်းအားများကို ရီဖူရှင်းက ခံစားရသည်။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ကာ အာရုံခံစားမှုကို အမြင့်ဆုံးသို့ မြှင့်လိုက်သည်။ မည်သို့ဆိုစေ သူကား ကျိရှမ်းကမ်းပါး၏နံပါတစ်နိုဘယ်ကို ယှဉ်ပြိုင် တိုက်ခိုက်ရမည် ဖြစ်ပေသည်။

သူက ချင်ကျောင်းကို လှည့်ပတ်နေသော ကြောက်မက်ဖွယ် လေပွေလှိုင်းများအား ခံစားမိသည်။ လေပွေလှိုင်းတွင် အလွန်အားကောင်းသော လောကစွမ်းအားများ စီးဆင်းနေသည်ကို ရီဖူရှင်းက ခံစားသိမြင်ရသည်။ ချင်ကျောင်းကား မည်သည့် အရံအတားကိုမဆို ဖျက်ဆီးနိုင်စွမ်း ရှိသည်။

ချင်ကျောင်း၏ ခန္ဓာကိုယ်မှ လေပွေမုန်တိုင်းမှ ပုံစံဖြစ်တည်နေသော နတ်လင်းယုန်ပုံစံ ကိုလည်း မြင်ရသည်။ ထိုအရာက ချင်ကျောင်း၏ သက်စောင့်ဝိညာဉ်ဟုလည်း ယူဆရ၏။ ချင်ကျောင်းက သက်စောင့်ဝိညာဉ်ကို ထုတ်သောအခါ ထိုအရာက ချင်ကျောင်း၏ လောစွမ်းအားကို အခြေတည်၍ ပုံစံဖြစ်ပေါ် နေခြင်းဖြစ်သည်။ ရီဖူရှင်းက လောဟာနယ်ထဲမှ အလွန်ထက်ရှသော လင်းယုန်၏ မျက်လုံးများအား ခံစားမိသည်။ မျက်လုံးက အရာခပ်သိမ်းကို ဖောက်ထွင်းကာ မြင်နိုင်သည်ဟုလည်း ရီဖူရှင်းက ခံစားရသည်။

ချင်ကျောင်းက ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်း ထုတ်လွှတ်သော စွမ်းအားက အမှန်ပင် စီမင်ဟန်ကျင့်ထက် များစွာ အားကောင်းပေသည်။ မြေရိုင်းပြည်နယ်မှ မည်သည့်နိုဘယ်ကမှ ရီဖူရှင်းကို ယှဉ်နိုင်မည် မဟုတ်ပေ။

ရီဖူရှင်းက ကြီးမားသော ခွန်အားကို သုံးကာ လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်တွင် ချက်ချင်း ထောင်ပေါင်းများစွာသော လက်ဝါးပုံရိပ်များ ဖြစ်ပေါ်လာပြီး ကြီးမားသော ဖျက်ဆီးအားကို ပေးသည်။

ချင်ကျောင်းက ဂရုမစိုက်ပေ။ မမြင်ရသော ​လေပွေအားလှိုင်းတစ်ခု ဖြစ်တည်လာကာ ရိုက်ခတ်သွားသည်တွင် လက်ဝါးပုံရိပ်များက တစ်စတစ်စ ပြိုပျက်သွားကြသည်။

ရီဖူရှင်းက ချင်ကျောင်းကို ကြည့်သည်။ သူက ချင်ကျောင်းသုံးနေသော လောကစွမ်းအားများကို သိနားလည်လိုက်ပြီး ဖြစ်သည်။ ချင်ကျောင်းက ဓာတ်စွမ်းအား တစ်ခုတည်းကို သုံးနေခြင်းမဟုတ်ပေ။ ရီဖူရှင်းကဲ့သို့ပင် ချင်ကျောင်းကလည်း အသစ်နားလည်ထားသော ကိုယ်ပိုင်ဓာတ်စွမ်းအားများ ရှိကာ မည်သည့် စွမ်းအားကိုမဆို ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။ မည်မျှ အားကောင်းသော စွမ်းအားဖြစ်ပါစေ ချင်ကျောင်းက လက်ညှိုးတစ်ချောင်းတည်းဖြင့် ဖျက်ဆီးနိုင်သည်။

ခွန်ယိုနှင့် ယန်ဟောင်တို့၏ တိုက်ပွဲကို အလေးထား ကြည့်နေကြသူများပင် ရီဖူရှင်းနှင့် ချင်ကျောင်းတို့ တိုက်ပွဲကို စတင် စိတ်ဝင်စား လာကြတော့သည်။ သူတို့က ချင်ကျောင်း၏ စွမ်းအားကို သတိထားမိကာ အံ့အားသင့်ကြရသည်။ ချင်ကျောင်းကား ရှီအဆင့်သို့ မဝင်သေးဘဲ တစ်ဝက် တစ်တစ်ပျက်ခန့်သာ ရှိသေးသည်။ သို့သော်လည်း သူက ထုတ်ဖော်သော စွမ်းရည်များက ရင့်ကျက်သော လောကစွမ်းအားများ ဖြစ်သည်။ ထို့အပြင် ထိုစွမ်းအားက ဓာတ်စွမ်းအား တစ်ခုတည်းမှ ဖြစ်လာခြင်းလည်း မဟုတ်ပေ။ အကယ်၍ သူကသာ ရှီတန်ခိုးရှင် ဖြစ်လာပါက သူ့ထက် တန်ခိုးအဆင့်မြင့်သော သူများကိုပင် အနိုင်ယူ နိုင်လောက်ပေသည်။ ယွီပြည်နယ်မှ မည်သည့်နိုဘယ်ကမှ သူ့အား အနိုင်မယူနိုင်သည်မှာ မထူးဆန်းတော့ပေ။

“မင်း တိုက်ခိုက်တာက အားကောင်းပါတယ်… ဒါပေမဲ့ မင်းရဲ့ စွမ်းရည်က နိုဘယ် အဆင့်မှာပဲ ရှိသေးတယ်… ဒါက ရှီတန်ခိုးရှင်သို့ ရောက်စသူတွေကို ထိရောက်ကောင်း ထိရောက်နိုင်ပေမဲ့ ငါ့ကို အနိုင်ယူဖို့တော့ မဖြစ်နိုင်ဘူး…” ချင်ကျောင်းက ယုံကြည်ချက် ရှိစွာပြောသည်။ သူ၏စကားတွင် သူ့ယုံကြည်မှုကို မြင်ရသည်။ ရှီအဆင့်ကို တက်ရောက်စ ရှီတန်ခိုးရှင်များက သူ့အား မယှဉ်နိုင်သည်မှာ ထင်ရှားပေသည်။

ရီဖူရှင်း ပြန်ပြောသည်ကို ချင်ကျောင်းက ဂရုမစိုက်ပေ။ သူက ရှေ့ကို တစ်လှမ်း တက်လိုက်သည်တွင် ရွှေရောင်အလင်းများ ဖြစ်သွားကာ ထိုအခိုက်တွင် ချင်ကျောင်းက ရီဖူရှင်း၏ရှေ့တွင် ပေါ်လာသည်။ သူကလက်ကို မြောက်လိုက်ကာ ရီဖူရှင်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ ထိုအကွက်က အလွန် ရိုးရှင်းသော်လည်း နောက်မှ လိုက်ပါလာသည်ကား ကြီးမားသော ဖိအားတစ်ခု ဖြစ်သည်။

ချင်ကျောင်းက သူ၏လက်ဝါးကို ရိုက်ထုတ်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် သူကလည်း မမြင်ရသော လောကစွမ်းအားကို ပိုင်ဆိုင်ထားသော ခန္ဓာကိုယ်အား ခံစားမိသည်။ ချင်ကျောင်းက မျက်မှောင်ကုတ်လိုက်သည်။ မြေရိုင်းပြည်နယ်၏ နံပါတ်တစ် နိုဘယ်ကလည်း လောကစွမ်းအားကို နားလည်နေပြီလား…။

အော်သံတစ်ချက်နှင့်အတူ နတ်လင်းယုန်ထံမှ အလင်းတန်းများ ဖြာထွက်လာသည်။ ချင်ကျောင်း၏ နောက်တွင် အလွန် လင်းလက်လှပသော အရောင်အသွေးစုံ နတ်လင်းယုန် တစ်ကောင် ပေါ်လာသည်။ သူက လက်ဝါးကို ရိုက်ထုတ် လိုက်သည်တွင် အလွန်အမင်း ထက်ရှသော စွမ်းအားတစ်ခုက လောကသဘာဝ စည်းမျဉ်းနှင့်အတူ ပေါင်းစပ်ဝင်လာသည်။

ရီဖူရှင်းကလည်း လက်ဝါးရိုက်ချက်ဖြင့် တုန့်ပြန်သည်။ ချက်ချင်းပင် ဧရာမကြီးမားသော ကြယ်တာရာ လက်ဝါးပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ နှင်းလင်းယုန်ပုံရိပ်၏ လက်ဝါးရိုက်ချက်ဖြင့် ရင်ဆိုင် ထိတွေ့ကြသည်။ ကြောက်မက်ဖွယ် မုန်တိုင်းများက သူတို့ကို ချက်ချင်း ရစ်ပတ်သွားသည်။ ကြယ်များ ပေါက်ကွဲသွားကာ ရီဖူရှင်းနှင့် ချင်ကျောင်းတို့ နှစ်ယောက်လုံး နောက်ကို ဆုတ်သွားကြသည်။

ချင်ကျောင်းက လေထဲတွင် ရပ်ကာ ကြည့်သည်။ သူက နောက်ဆုံးတွင် မြေရိုင်းပြည်နယ်၌ သူ၏ စိတ်ကျေနပ်ဖွယ်ရာ ပြိုင်ဘက်ကို တွေ့ပြီဟု ပြောနိုင်ပေသည်။ တော်ဝင်ကျဲ နန်းတော်မှ နံပါတ်တစ်ကား စိတ်ပျက်ဖွယ် ကောင်းအောင် အားနည်းသည်။ သို့သော်လည်း ယခု ရီဖူရှင်းကား သူစိတ်လှုပ်ရှား ရအောင်ပင် အားကောင်းသော စွမ်းရည်များအား ပိုင်ဆိုင်သည်။

ရီဖူရှင်းက စိတ်မပျက်စေခဲ့ပေ။ အကယ်၍ သူက ချင်ကျောင်းကို အလွယ်တကူ ရှုံးနိမ့်ခဲ့ပါက မြေရိုင်းပြည်နယ်တွင် အမှန်ပင် ထူးခြား ထက်မြက်သောလူ မရှိတော့ဟု ပြောနိုင်သည်။

ရီဖူရှင်းက ချင်ကျောင်း၏နောက်မှ နတ်လင်းယုန်အား ကြည့်သည်။ သူ၏ထက်ရှသော မျက်လုံးများက အရာအားလုံးကို မြင်နိုင်သည်။

“နဂါးလင်းယုန်…” လူအများအပြားကလည်း အံ့အားသင့်စွာ ရေရွတ်မိကြသည်။ သန္ဓေပြောင်း မျိုးစိတ်ဖြစ်သော နဂါးလင်းယုန်ကား အလွန်ရှားပါးကား ကြီးမားသော စွမ်းရည်များအား ပေးသည်။

အမြင့်သံတစ်ခုနှင့်အတူ ဧရာမ နဂါးလင်းယုန်ပုံရိပ်တစ်ခု ကောင်းကင်တွင် ပေါ်လာကာ ရီဖူရှင်းကို ဖုံးအုပ်သွားသည်။ ဧရာမပုံရိပ်က ရီဖူရှင်းကို ငုံ့ကြည့်သည်။ အလွန် အားကောင်းသော ဖျက်ဆီးအားက အလင်းတန်းများ အသွင်ဖြင့် လေထဲတွင် ပေါ်လာသည်။ နဂါးလင်းယုန်က သူ၏အတောင်ပံကို ခတ်လိုက်သည်နှင့် ကြောက်မက်ဖွယ် အလင်းတန်းများက လေထဲတွင် ကခုန်ကာ ရီဖူရှင်းထံသို့ တစ်ပြိုင်နက်တည်း ဆင်းသက် လာကြသည်။

ရီဖူရှင်းက လေထဲကို လှမ်းကြည့်ကာ လောဟာနယ် တစ်ခုလုံးကို ဖြန့်ကြက်နိုင်သော စိတ်အသိအား ထုတ်ဖော်လိုက်သည်။ ထူးဆန်းသော စွမ်းအားတစ်ခုက ကောင်းကင်နှင့် မြေပြင်အကြား ပေါ်လာ၏။ အလွန် လင်းလက်သော ကြယ်ရောင်များ ရီဖူရှင်းကို ဗဟိုထားလျက် ဖြစ်ပေးလာကာ အလွန်ကျစ်လျစ်သော အရံအတား စွမ်းအားတစ်ခု ဖြစ်လာ၏။

ကြောက်မက်ဖွယ် အလင်းတန်းများ အောက်တွင် ရီဖူရှင်း၏ အရံအတားက တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာကြကာ အက်ကွဲကြောင်းများ ပေါ်လာသည်။ ဧရာမကြီးမားသော နတ်လူဝံပုံရိပ်တစ်ခု ပေါ်လာကာ သူ၏လက်ထဲတွင်လည်း နှင်တံတစ်ချောင်းကို ကိုင်ထားသည်။ နှင်တံကို ဝှေ့ယမ်းသည်တွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ စတင် စုစည်းလာနေကြသည်။ လောဟာနယ်က အလွန်အမင်း လေးလံကာ ကြီးမားသော လှိုင်းလေများ စတင် ဖြစ်ပေါ်လာ၏။

ရီဖူရှင်းက မည်သူမှ မရှိသော လေဟာနယ်ကို တစ်ချက် ရိုက်လိုက်သည်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။ အားလှိုင်းက လောက စွမ်းအားကဲ့သို့ပင် ကောင်းကင်နှင့် မြေပြင်အကြား ကြီးမားသော မုန်တိုင်းတစ်ခုအား ဖြစ်ပေါ်စေသည်။

ဧရာမကြီးမားသော နဂါးလင်းယုန်က အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ အော်ဟစ်သည်။ ချက်ချင်းပင် အလင်းတန်းများက မိုးစက်မိုးပေါက်များပမာ ရီဖူရှင်းထံကို ကျဆင်းလာကြပြန်သည်။ လေထဲတွင် နှင်တံပုံရိပ်များနှင့် ပြည့်နှက်နေသလို ကောင်းကင်မှလည်း အလင်းတန်းများ မြန်ဆန်စွာ ကျဆင်းလာကြသည်။ နဂါးလင်းယုန်က သူ၏အလင်းအရံအတားကို လာရောက် ဖျက်ဆီးသောအခါ ရီဖူရှင်းကလည်း ရှေ့ကို တစ်လှမ်းတက်ပြီး နှင်တံဖြင့် ရိုက်နှက်လိုက်သည်။

ချင်ကျောင်းက မျက်မှောင်ကြုတ် လိုက်သည်။ ရီဖူရှင်းက လောကစွမ်းအားကို ယခုမှ စတင်သဘောပေါက် နားလည်ခြင်း ဖြစ်သည်ကို ခံစားမိသည်။ သို့သော်လည်း ရီဖူရှင်းက အလွန်အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်ပြီး တခြား သီးသန့်နယ် စွမ်းအားများဖြင့် ပေါင်းစပ်လျှင် သူကား ခြွမ်းချက်မဲ့သူဟုပင် ပြော၍ ရသည်။

ဘုန်း… နဂါးလင်းယုန်ပုံရိပ်က အတောင်ပံဖြင့် ဆီးတားလျက် နှင်တံရိုက်ချက်ကို ကာကွယ်သည်။ တစ်ချိန်တည်းမှာပင် ချင်ကျောင်းက ရှေ့ကို တက်လာသည်။ သူ့နောက်မှ နဂါးလင်းယုန် သက်စောင့်ဝိညာဉ်ကလည်း သူ၏လက်သည်းများဖြင့် လှမ်း၍ ကုတ်ခြစ်သည်။ သို့သော်လည်း နှိုင်းယှဉ်ရပါက နတ်လူဝံကား အဆမတန် ကြီးမား ခန့်ထည်သည်။

လက်သည်းဖြင့် လှမ်း၍ ကုတ်ခြစ်သည်တွင် ဖျက်ဆီးခြင်း လောကစွမ်းအား ပေါ်လာသည်။ အရံအတားက ပေါက်ကွဲသွားကာ ရီဖူရှင်းအား နောက်ထပ် ကာကွယ်ရန် အတားအဆီး မရှိတော့ပေ။ သို့သော်လည်း ရီဖူရှင်းက ဘာကိုမှ သတိထားမိဟန်မရဘဲ နှင်တံကို ဆက်လက် ဝှေ့ယမ်းနေသည်။ နတ်လူဝံ အော်ဟစ်သံနှင့်အတူ ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်၏ပဉ္စမရိုက်ချက် ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် စွမ်အားက လေထုကို ဆန်လျက် ဖြတ်တောက် ထွက်သွား၏။ လက်သည်း အစုံကလည်း နှင်တံအား လှမ်း၍​ဆုပ်ကိုင်သည်။ နှင်တံက တစ်စ တစ်စ ပျက်စီး ယိုယွင်းသွားကာ လက်သည်းအစုံက ရီဖူရှင်းထံကို ဆက်လက် တိုးဝင်လာသည်။

ရီဖူရှင်းက လျှပ်စီးတန်းကဲ့သို့ ရွေ့လျားသွားသည်။ ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါ တစ်ခု သူ့အနီးတွင် ဖြစ်တည်လာသည်။ သူ၏ပျံသန်းနေသော ခန္ဓာကိုယ်က လောကစွမ်းအားများအား ဆက်လက် စုဆောင်းနေသော်လည်း တစ်ဖက်က လက်သည်းများအား မရှောင်တိမ်းနိုင်ပေ။ လက်သည်းများက ရီဖူရှင်းကို ရစ်ပတ်ထားသော နတ်လူဝံအား တတိတိ ဖြတ်တောက်လာသည်။ သို့သော်လည်း ရီဖူရှင်း၏အနီးတွင် ဖြစ်တည်လာသော စွမ်းအားများက အလွန်အမင်း အားကောင်းလာပြီ ဖြစ်သည်။ ဘုန်းခနဲမြည်ကာ နတ်လူဝံဝိညာဉ်က ဧရာမအရွယ်အစားသို့ တစ်ဖန် ပိုမိုကြီးမားသွားသည်။ ထို့နောက် ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်မှ စုစည်းလာသော အားအဟုန်များကို သူ၏လက်သို့ စုစည်းကာ ပြင်းထန်စွာ ရိုက်ချက်လိုက်သည်။

ချင်ကျောင်းက သူ့ထံကို ဆင်းသက်လာသော ပုံရိပ်ကို ကြည့်သည်။ ဧရာမကြီးမားသော ပုံရိပ်က လူသားကမ္ဘာကို ဆင်းသက်လာသော နတ်ဘုရားအလား ထင်မှတ်ရသည်။ ကြယ်များက ရိုက်ချလာသော လက်တွင် ဝန်းရံခစားနေကြကာ လောကစွမ်းအားများက ကြီးမားသော ခွန်အားအဖြစ် ပြောင်းလဲ သက်ဝင်စေသည်။

ချင်ကျောင်းကလည်း လက်ကို ဆန့်တန်းလိုက်သည်။ နဂါးလင်းယုန်က ကျယ်လောင်စွာ အော်မြည်က သူဆန့်တန်းသော လက်နှင့်ပေါင်းစပ် သွားသည်။ ထို့နောက် နတ်လူဝံက နဂါးလင်းယုန်ပေါ်ကို ကြီးမားသော အရှိန်အဝါဖြင့် ဆင်းသက်လာသည်ကို အားလုံးက မြင်ကြရသည်။ စွမ်းအင်ပေါက်ကွဲမှုက မျက်စိကျိန်းလောက်အောင် လင်းလက်ပေသည်။ အဆုံးအစမဲ့သော လောကစွမ်းအားများ အောက်တွင် ရီဖူရှင်း၏အရှိန်အဝါများ တဖြည်းဖြည်း ပြိုကွဲသွားသည်။ ရီဖူရှင်း ဖန်တီးထားသော ဧရာမနတ်လူဝံ ပုံရိပ်ကလည်း ပျက်စီး ပျောက်ကွယ်သွားသည်။

သို့သော်လည်း စွမ်းအားက ပြစ်မှတ်ကို ဖောက်ထွင်း သွားဟန်ရသည်။ ရီဖူရှင်းက သွေးကြောမငါးခုအထိ ဖွင့်ထားနိုင်ပြီးဖြစ်သည်။ ထို့ကြောင့် သူ၏ခွန်အားနှင့် ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်စွမ်းအားတို့ ပေါင်းစပ်ထားသည်တွင် မယုံနိုင်ဖွယ် ကောင်းသော ဖျက်ဆီးအားကို ပေးသည်။ ရလဒ်က သံသယဖြစ်စရာ မလိုပေ။ ချင်ကျောင်းက သည်စွမ်းအားကို ပထမဆုံး ခံစားဖူးခြင်း ဖြစ်သည်။

အလင်းတန်းများ ဖြာထွက်လာပြီး နဂါးလင်းယုန်က ချင်ကျောင်း၏ခန္ဓာကိုယ်ကို ရစ်ပတ်လျက် ဖျက်ဆီးအားကို ခုခံသည်။ ရီဖူရှင်းကလည်း နောက်ကို လွင့်စဉ်သွား၏။ သူစုစည်းထားသော စွမ်းအားများအားလုံး ပျောက်ကွယ်သွားသည်။ သို့သော်လည်း တစ်လက္မခန့်မှ ရွေ့လျားခြင်းမရှိသော ချင်ကျောင်းက ရုတ်တရက် ညည်းသံတစ်ချက် ထွက်ပေါ်လာကာ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။ သူ၏အတွင်းကလီစာများ အားလုံး ကြေပျက်သွားရ၏။ သူ၏တိုက်ခိုက်ရေး စွမ်းအားကား အလွန်အမင်း အားကောင်းသော်လည်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွင် ရီဖူရှင်းအား မည်သို့မှ မယှဉ်သာပေ။ သူက ရီဖူရှင်းစုစည်းထားသော စွမ်းအားများကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ပြန်ကန်အားကို ခုခံနိုင်စွမ်းမရှိရာ လက်ရှိရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်။

ရီဖူရှင်းက ချင်ကျောင်းကို ကြည့်သည်… “ကျိရှမ်းကမ်းပါးက နံပါတ်တစ်နိုဘယ် ဟုတ်လား… ဒါပဲလား…” လူအများအပြားက ရီဖူရှင်းကို ကြည့်ကာ ဆွံ့အသွားကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset