အပိုင်း (၆၉၅)

နံပါတ်တစ်နိုဘယ်များ၏တိုက်ပွဲ

“ဂူတုံးလျိုက ပိုအားကောင်းလာတယ်…” မြေရိုင်းပြည်နယ်မှ လူများစွာက လေထဲမှ ဂူတုံးလျိုကို ကြည့်ကြသည်။ ပိုင်လွေလီနှင့် ဂူတုံးလျိုတို့က တိုက်ပွဲကို သူတို့ ကိုယ်တိုင် တွေ့ခဲ့ကြုံခဲ့ကြရသူများ ဖြစ်ကြသည်။ ယခု ဂူတုံးလျိုနှင့် ကျန်းရှာတို့တိုက်ပွဲကို သူတို့က ထပ်မံ၍​မြင်တွေ့ကြရ ပြန်သည်။ သူ၏စွမ်းရည်များ ဖွံ့ဖြိုးလာခဲ့သည်မှာ သိသာ ထင်ရှားလွန်းလှသည်။ သူ၏ သက်စောင့်ဝိညာဉ်ကလည်း ဆင့်ကဲပြောင်းလဲလာကာ လောကစွမ်းအားနှင့် စိတ်စွမ်းအားတို့အပေါ် ထိန်းချုပ်နိုင်စွမ်းတို့ ကလည်း ပိုမိုမြင့်မားလာခဲ့၏။

ကျိရှမ်းကမ်းပါးမှ သူရဲကောင်း ကိုးဖော်ထဲက တစ်ယောက် အပါအဝင်ဖြစ်သော ကျန်းရှာ၏ စွမ်းရည်များက အမှန်တကယ်အားဖြင့် အားနည်းသည် မဟုတ်ပေ။ သို့သော်လည်း သူက ဂူတုံးလျိုကို တစ်ကွက်မျှပင် မခံနိုင်။

ဂူတုံးလျိုက ရှေ့ကို ဆက်လက် တိုးလာသည်။ ကျန်းရှာက ဂူတုံးလျိုကို သုန်မှုန်စွာ ကြည့်သည်။ သူကား ဂူတုံးလျို၏ပြိုင်ဘက် မဟုတ်တော့ပေ။ သူက ဂူတုံးလျိုနှင့် ဆက်လက် တိုက်ခိုက်လိုခြင်း မရှိတော့ဘဲ နောက်ဆုတ်သည်။

ဂူတုံးလျို၏ အမူအရာက အေးစက်သွားသည်။ ရှေ့ကို တစ်လှမ်း တိုးလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်သွား၏။ ထိုအခိုက်တွင် ကျန်းရှာ၏စိတ်ထဲ၌ နတ်ဘုရားပုံရိပ်တစ်ခု ထပ်မံ၍​ ပေါ်လာသည်။ ထိုအခိုက်တွင် ဂူတုံးလျို၏ပုံရိပ်က နေရာတိုင်းတွင် ရှိသည်။ ထိုပုံရိပ်များက ပုံရိပ်ယောင်များ ဖြစ်သည်ကို ကျန်းရှာက သိသည်။ သူကား ဂူတုံးလျို၏ စိတ်စွမ်းအား ထိုးနှက်မှုအောက်တွင် ရှိနေခြင်း ဖြစ်သည်။

“သူက ဘယ်လိုလုပ် ဒီလောက် စွမ်းအား ကောင်းလာတာလဲ…” ကျန်းရှာက မျက်မှောင်ကုပ်ကာ သူ၏သက်စောင့်ဝိညာဉ်အား ထုတ်လွှတ်လိုက်ပြီး အစွမ်းကုန် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

တခြား တိုက်ပွဲနေရာတစ်ခုတွင် ယန်ဟောင်နှင့် ခွန်ယိုတို့ကလည်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ သူတို့က တိမ်များအကြားတွင် တိုက်ခိုက်နေကြကာ နတ်ဆင်ရိုင်းများက နေရာတိုင်းတွင်ရှိသည်။ ခွန်ယိုကား အလွန်အမင်း အားကောင်းလွန်းလှသည်။ သို့သော်လည်း ယန်ဟောင်ကား တော်ဝင်ရတနာကို ပိုင်ဆိုင်ထားကား မည်သည့် တိုက်ခိုက်မှုကိုမဆို သူနှင့် ထိတွေ့လိုက်သည်နှင့် ပျော်ဝင် ပျောက်ကွယ်သွားရ၏။ သူ့အား အနိုင်ယူနိုင်မည့် နည်းလမ်းမရှိပေ။ မည်သို့ဆိုစေ သူကား မူလကတည်းက ခံနိုင်ရည်စွမ်းအားတွင် အမြင့်ဆုံး စွမ်းရည်၌ ရှိသောသူဖြစ်သည်။

ကောင်းကင်တွင် လေထုပေါက်ကွဲမှုများ တဝုန်းဝုန်း ကြားနေကြသည်။ ကျူးကော့ချန်းဖန်နှင့် တခြား ထိပ်သီးတန်ခိုးရှင်များ ကလည်း တိုက်ခိုက်နေကြသည်။ သို့သော်လည်း ရှစ်မျက်နှာ ဝင်္ကပါအတွင်း၌ ကျူးကော့ချန်းဖန်ကား ပြိုင်ဘက်ကင်းသည်။ သူ၏တည်နေရာကို မည်သူကမှ ရှာဖွေနိုင်စွမ်းမရှိပေ။ အလွန် အားကောင်းသော ယန်ဝူကျိနှင့် ထိခိုင်တို့ကဲ့သို့သော လူများပင် ကျူးကော့ချန်းဖန်၏ အင်္ကျီစကို ထိအောင် မလုပ်နိုင်ပေ။

လူငယ်များအကြား တိုက်ပွဲများကား အမှန်တကယ်အားဖြင့် အရေးမကြီးပေ။ ချင်ကျောင်းနှင့် ရီဖူရှင်းတို့ကား ဘေးမှ တိတ်တဆိတ် ရပ်ကြည့်နေကြသည်။ သူတို့၏တန်ခိုးအဆင့်က နိမ့်ကာ မည်သို့မှ ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိပေ။ အမှန်တကယ်အားဖြင့် သူတို့အားလုံး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသော တိုက်ပွဲနှစ်ခုသာ ရှိပေသည်။ ခွန်ယိုနှင့် ယန်ဟောင်၊ ကျူးကော့ချန်းဖန်နှင့် ထိပ်သီးတန်ခိုးရှင်များ တိုက်ပွဲတို့က သည်တိုက်ပွဲ၏အဓိက အဆုံးအဖြတ် ဖြစ်ပေသည်။

ရီဖူရှင်းကလည်း စိတ်နှလုံး တင်းကျပ်နေသည်။ သည်တိုက်ပွဲက လူများစွာ၏ကံကြမ္မာကို ထမ်းပိုးထားသည်။ အရှုံးက သူတို့၏အသက်နှင့် ပေးဆပ်ရန် ရှိနေသည်။

“တော်ဝင်လမ်း ကိုယ်တိုင်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်… တကယ်လို့ ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ မဆုပ်ကိုင်ရဲဘူးဆိုရင် တော်ဝင်လမ်းကို မလျှောက်သင့်ဘူး…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။ သူက ဂူတုံးလျိုကို ကြည့်ကာ ထပ်ပြောသည်… “ကျန်းရှာက ယွီပြည်နယ် တော်ဝင်မြေရဲ့ သူရဲကောင်း တစ်ယောက်ပဲ… ဒါပေမဲ့လည်း သူလည်း ရှုံးရတာပဲ… တစ်ရက် ကျုပ်အစ်ကိုက ရှန့်ထိုမဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ…”

သူ၏စကားကို အားလုံးက ကြားကြရပေသည်။ သည်နေရာတွင် ကောင်းကင်မြေရိုင်း အဆင့်မှ တန်ခိုးရှင်များစွာနှင့် အကြီးအကဲများစွာ ရှိကြသည်။ သို့သော်လည်း ရီဖူရှင်းက သူတို့အား ဝင်စွက်ဖက်ရန် မပြောပေ။ သူ တိုက်ခိုက်လိုသည်ကား ကျိရှမ်းကမ်းပါးဖြစ်ကာ အနည်းဆုံး ထိုလူများအား သူက ရန်သူများအဖြစ် မတွေ့မမြင်လိုပေ။

လူအများအပြား၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ယန်ဟောင်က တော်ဝင်ရတနာကို ပိုင်ဆိုင်ထားရာ တိုက်ပွဲရလဒ်ကို မည်သူကမှ မခန့်မှန်းနိုင်။ ယန်ဝူကျိနှင့် တခြား ပူးပေါင်း တိုက်ခိုက်နေသူများ အားလုံးအတွက်မူကား နောက်ဆုတ်ရန် လမ်းမရှိပေ။ ရီဖူရှင်းက တခြား မပတ်သက်ရသေးသူများအား သတိပေးခြင်းသာ ဖြစ်သည်။

ချင်ကျောင်းက ကျန်းရှာနှင့် ဂူတုံးလျိုတို့အကြား တိုက်ပွဲကို ကြည့်သည်။ ကျန်းရှာကား ဆက်လက် တိုက်ခိုက်နေသည် ဆိုသော်လည်း သူက ရှောင်ပြေးနေသည်နှင့် တူလှသည်။ ချင်ကျောင်းကား အလွန်အမင်း စိတ်ပျက်ရသည်။ ကျန်းရှာကား သူ၏စီနီယာဖြစ်ကာ ကျိရှမ်းကမ်းပါး၏ သားတော်တစ်ပါး ဖြစ်သည်။ သူတို့က ကျိရှမ်းကမ်းပါး၏ ဂုဏ်သိက္ခာကို ထမ်းပိုးကြရ၏။ ယခု ဂူတုံးလျိုက ကျန်းရှာအား လူပုံအလယ်တွင် အရှက်ခွဲနေသည်။ ထို့အတူ ယနေ့ ဂူတုံးလျိုနှင့် ကျန်းရှာတို့၏ တိုက်ပွဲကလည်း ကျိရှမ်းကမ်းပါး၏ ဂုဏ်သိက္ခာကို ကြီးစွာ ထိခိုက်စေပေသည်။

“မင်းက စီမင်ဟန်ကျင့်မတိုင်ခင် ပါရမီရှင် အဆင့်တစ်လို့ ငါကြားတယ်…” ချင်ကျောင်းက ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်။

ကျန်းရှာ လုပ်ခဲ့သည်များကား နောက်ပိုင်း ပြန်ရှင်းရမည်။ ယခု အရေးကြီးသည်ကား ကျိရှမ်းကမ်းပါး၏ ကျဆင်းသွားသော ဂုဏ်သိက္ခာကို ပြန်ဆည်ရမည်။ သူ၏စီနီယာကြောင့် အရှက်ရသည်များကို သူကိုယ်တိုင် ပြန်ရှင်းလင်းရမည်။

ရီဖူရှင်းက ချင်ကျောင်းကို ကြည့်သည်။ သူ့ရှေ့မှ လူငယ်ကား ခွန်ယိုကိုယ်တိုင်က အမြဲတမ်း လိုက်ပါ စောင့်ကြပ် ကာကွယ်ရသူ ဖြစ်သည်။ ကျိရှမ်းကမ်းပါးတွင် ချင်ကျောင်း၏ အဆင့်အတန်းကို သူခန့်မှန်းနိုင်သည်။

“အဲဒါ မှန်တယ်…” ရီဖူရှင်းက အေးဆေးစွာ ပြောသည်။

“တိုက်ဆိုင်တာက ငါကလည်း ရှီအဆင့်အောက်မှာ နံပါတ်တစ် နိုဘယ်ပဲ…” ချင်ကျောင်းက ဖြည်းညင်းစွာ ပြောသည်။ သူ၏ရည်ရွယ်ချက်အား ထင်ရှားပေသည်။ သူက ရီဖူရှင်းနှင့် တိုက်ခိုက်လိုသည်။

မရေမတွက်နိုင်သော လူငယ်မျိုးဆက်များက ချင်ကျောင်းနှင့် ရီဖူရှင်းကို ကြည့်ကြသည်။ တော်ဝင်ကျဲ နန်းတော်တွင် ဖြစ်ပျက်ခဲ့သည်များကို သူတို့ ကြားခဲ့ကြသည်။ စီမင်ဟန်ကျင့်ကား ချင်ကျောင်း၏ တိုက်ကွက် တစ်ကွက်ကိုပင် မခံနိုင်ပေ။ ပြောကြသည်မှာ ချင်ကျောင်းက ကျိရှမ်းကမ်းပါး၏ အတော်ဆုံး လူငယ်ပါရမီရှင်လည်း ဖြစ်သည်။

တခြားတစ်ဖက်တွင် ရီဖူရှင်းကလည်း မြေရိုင်းပြည်နယ်၏ နံပါတ်တစ်နိုဘယ်ဟု ခေါ်ဆိုရန် ထိုက်တန်ပေသည်။ သူတို့နှစ်ယောက်အကြား တိုက်ပွဲက အရေးမပါသည့်တိုင် လူအများအပြားက သူတို့တိုက်ပွဲအား စိတ်ဝင်စား ကြပေသည်။

အထူးသဖြင့် လူငယ်များ ဖြစ်ကြသည်။ သူတို့၏ စီနီယာမျိုးဆက်က ကျိရှမ်းကမ်းပါးကို တိုက်ခိုက်ရန် တော်ဝင်ရတနာကို အားကိုး နေကြရသည်။ သို့သော် လူငယ်မျိုးဆက်ကရော…။

ဂူတုံးလျိုကား ကျန်းရှာကို အနိုင်ယူလျက် သူ၏ပါရမီကို ပြသခဲ့သည်။ ချင်ကျောင်းက သူ့ပြည်နယ်၏ အနာဂတ်ကို ထမ်းပိုးထားကာ သူကိုယ်တိုင်က ရှန့်ထိုဖြစ်ရန် အလားအလာ ရှိသူဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းကလည်း ထိကန်းနှင့် စီမင်ဟန်ကျင့်တို့အား အနိုင်ယူခဲ့သော နာမည်ကျော်ဖြစ်သည်။

ထိကန်း၊ လီဖူတု၊ ဟောင်ကျူဂီနှင့် တခြားလူများကလည်း ထိုနေရာတွင် ရှိနေကြကာ ထိုတိုက်ပွဲကို တွေ့မြင် လိုနေကြသည်။

“မင်းက ကျိရှမ်းကမ်းပါးရဲ့ နံပါတ်တစ်နိုဘယ်လို့ပဲ ပြောခွင့်ရှိတယ်…” ရီဖူရှင်းက ချင်ကျောင်းကို ပြောသည်။

ချင်ကျောင်းက ရှေ့ကို တက်လာကာ သူ၏ကိုယ်ရောင်ကိုယ်ဝါ အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။ သူက တိုက်ခိုက်ရန် အစပျိုးသည်မှာ သိသာပေသည်။

ရီဖူရှင်းကလည်း ချင်ကျောင်းကို ကြည့်ကာ သူ၏စိတ်စွမ်းအားကို ထုတ်လိုက်သည်။ ချင်ကျောင်းရပ်နေရာ လေဟာနယ်က ချက်ချင်းပင် အေးခဲသွားသည်။

အရာခပ်သိမ်းက ရပ်တန့်သွားဟန်ရကာ ချင်ကျောင်းက အေးခဲနယ်ထဲ၌ လှုပ်ရှားနိုင်စွမ်း မဲ့သည်။ ရီဖူရှင်းကား မြေရိုင်းပြည်နယ်၏ နံပါတ်တစ်နိုဘယ် အမှန်ဖြစ်သည်။ သူ၏စိတ်နယ်အသိ အချို့ကပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သာမန် နိုဘယ်များက ဤသို့သော တိုက်ခိုက်မှုကို မည်သည့်နည်းနှင့်မှ ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ချက်ချင်း ရှုံးနိမ့်သွားမည် ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်း ရင်ဆိုင်နေရသူကား ကျိရှမ်းကမ်းပါး၏ နံပါတ်တစ် နိုဘယ်ဖြစ်သည်။

သူ့အနီး၌ ကိုယ်ရောင်ကိုယ်ဝါများ လင်းလက်လာသည်။ အလင်းများက ထူးဆန်းသော စွမ်းအားများအဖြစ် သူ၏ခန္ဓာကိုယ်အနှံ့ စီးဆင်းနေကြသည်။

ဘုန်း…

သူ၏ခန္ဓာကိုယ်က ချက်ချင်းပင် အရှိန်အဟုန် မြင့်သွားကာ မယုံကြည်နိုင် လောက်အောင် မြန်ဆန်သွားသည်။ ကောင်းကင်အေးခဲ ပညာက သူ့အား မထိန်းနိုင်ပေ။ ထိုအရာက လောကစွမ်းအားလည်း ဖြစ်သည်။

ကျိရှမ်းကမ်းပါး၏ နံပါတ်တစ်နိုဘယ်ကား ရှီများသာ နားလည် သုံးစွဲနိုင်သော ကိုယ်ပိုင်လောက စွမ်းအားကို သုံးနိုင်နေပြီဖြစ်သည်။ ဆိုလိုသည်က ချင်ကျောင်းကား ပိုင်လွေလီလုပ်ခဲ့သည့် အရာကို ယခု လုပ်ဆောင်နိုင်သည် ဟူ၏။

ကြယ်ရောင်များ လင်းလက်သွားကာ သူ၏ပတ်ဝန်းကျင်က နတ္တိနယ် ဖြစ်သွားပြီး ကြီးမားသော ဖိအားက ချင်ကျောင်းထံကို ဆင်းသက်လာသည်။ သို့သော်လည်း ချင်ကျောင်းကား ထိုဖိအားကို လုံးဝ လျစ်လျူရှုထားသည်။ သူ၏လက်ချောင်းက ကြယ်အလင်းကို လာရောက်ထိသည်။

ရီဖူရှင်း ဖန်တီးထားသော အလင်းအရံအတားကို ချက်ချင်း အက်ကွဲ ပေါက်ကွဲလာသည်။ လောကစွမ်းအားကား နိုဘယ်များ၏ မည်သည့် အရံအတားကိုမဆို ဖျက်ဆီးဖြိုခွဲနိုင်သည်။

ရီဖူရှင်းက မြေရိုင်းပြည်နယ်တွင် ပြိုင်ဘက်ကင်း သော်လည်း သူက ရှီတန်ခိုးရှင် မဟုတ်သရွေ့ ဘာမှ မကွာခြားပေ။

ဘုန်း..

ကြယ်အလင်းများ ပေါက်ကွဲသည်တွင် ရီဖူရှင်းက မြန်ဆန်စွာပင် နောက်ဆုတ်သည်။ သူတည်နေရာ အလင်းအရံအတားက ချက်ချင်း ပေါက်ကွဲ ပျက်စီးသွားသည်။ အကယ်၍ ရီဖူရှင်းကသာ စက္ကန့်အနည်းငယ် နောက်ကျပါက လက်ချောင်း ထိုးနှက်မှုအောက်တွင် ရီဖူရှင်းက သက်သာမည် မဟုတ်ပေ။

“လောကစွမ်းအား… ကျိရှမ်းကမ်းပါးသားတော်က ပိုင်လွေလီလိုလူပဲ…” စွမ်းအားမြင့် တန်ခိုးရှင်များက ချင်ကျောင်းကို ကြည့်ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset