အပိုင်း (၆၉၄)

ထိပ်သီးများ၏တိုက်ပွဲ

ခွန်ယိုက ယန်ဟောင်ကို ကြည့်သည်။ ယန်ဟောင်က မြို့စားပိုင်ဂူကို အနိုင်ယူခဲ့သည်မှာ မှန်ပေသည်။ သို့သော်လည်း သူက ကောင်းကင်မြေရိုင်း အဆင့်မှ လူများကို သိပ်အထင်ကြီးခြင်း မရှိပေ။

လျှပ်တစ်ပြက်ပင် ခွန်ယိုက ကောင်းကင်သို့ ပျံတက်သွားကာ ချက်ချင်း မရေမတွက်နိုင်သော နတ်ဆင်ရိုင်းများ ကောင်းကင်တွင် ပေါ်လာသည်။ ထိုအခိုက်တွင်ပင် ထိုနေရာ တစ်ခုအားလုံးအား ကြီးမားသော ဖိအားက သက်ဆင်းလာသည်။ ရှီအသိက ကောင်းကင်နှင့် ပေါင်းစပ်သွားကာ လောကသဘာဝအဖြစ် ပြောင်းလဲသွားသည်။ ရှီအဆင့်တွင် ခွန်ယိုကား ပြိုင်ဘက်ကင်းသည်။ လောကစွမ်းအားကို အမှန်တကယ် အသက်သွင်းသောအခါ သူထုတ်လွှတ်သော စွမ်းအားကို ခန့်မှန်း၍​ရပေသည်။

ယန်ဟောင်က ရှေ့ကို တက်သွားသည်တွင် မြေပြင်က အက်ကွဲကြောင်း ထင်ကျန်ရစ်ခဲ့၏။ ဟိန်းသံတစ်ချက်နှင့်အတူ မရေမတွက်နိုင်သော လူဝံများ ကောင်းကင်တွင် ပေါ်လာကာ သူကလည်း လေထဲကို ပျံဝဲတက်လာသည်။

မရေမတွက်နိုင်သော လူများက သူတို့အား ကြည့်ကြသည်။ နတ်ဆင်ရိုင်းနှင့် လူဝံတို့အားလုံးက သားရဲမျိုးနွယ်များ ဖြစ်ကြကာ ခွန်အားကို အားထားကြသည်။ ယခု အစစ်အမှန် လူဝံသားရိုင်းက နတ်ဆင်ရိုင်း ဝိညာဉ်ကို ပိုင်ဆိုင်ထားသူနှင့် တိုက်ခိုက်တော့မည်။

ခွန်ယိုပိုင်ဆိုင်သော သက်စောင့်ဝိညာဉ်ကား သဘာဝစွမ်းအင်ကို အားမပြုတော့ပေ။ ထိုအစား လောကစွမ်းအင်ကိုသာ အားပြုတော့သည်။ ဧရာမ နတ်ဆင်ရိုင်းပုံရိပ်တစ်ခု ခွန်ယိုကို အုပ်မိုး၍ ဖြစ်ပေါ်လာသည်။ သူ၏အမြင့်က ပေတစ်ထောင်ခန့်မြင့်ကာ သားရိုင်းတို့၏ ဘုရင်အမှတ်အသား သရဖူကိုပင် ဆောင်းထားသေးသည်။

ဆင်တစ်ကောင်၏ အော်သံနှင့်အတူ အားလုံးက သူတို့၏နားကို ကပျာကယာ ပိတ်လိုက်ကြရသည်။ သို့သော်လည်း အသုံးမဝင်ပေ။ သူတို့၏ခြေများ ပျော့ခွေသွားကာ ဒူးထောက်ကျရသည်။ အလွန်မြင့်မားသော ကောင်းကင်ယံမှပင် ခွန်ယို ထုတ်လွှတ်သော ဖိအားကား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ကျူးကော့ချန်းဖန်က ခေါင်းမော့ကာ ခွန်ယိုကို ကြည့်သည်။ နတ်ဆင်ရိုင်းတွင် အဆုံးမဲ့သော လောကစွမ်းအားများ ပါဝင်နေဟန်ရသည်။ ခွန်ယို၏အကြည့်ကလည်း ကောင်းကင်ထက်ကို တက်လှမ်းလာသော ယန်ဟောင်ထံကို ရောက်သွားကာ ခြေထောက်ကို ဆောင့်နင်းလိုက်သည်။ သူက သာမန်ပုံစံဖြင့် လှုပ်ရှားလိုက်ခြင်း ဖြစ်သော်လည်း ကောင်းကင်တွင် ထူးခြားသော မြင်ကွင်းတစ်ခု ပေါ်လာသည်။

များစွာသော ဆင်များက တူညီစွာဖြင့် သူတို့၏ ခြေထောက်များကို ဆောင့်နင်းကြသည်။ ကောင်းကင်ကိုယ်တိုင်က ထိုအခိုက်တွင် ပြိုကျတော့မည့်ဟန် ရကာ ဧရာမဆင်ခြေရာ ပုံရိပ်တစ်ခုက ဖိအားမှသည် မုန်တိုင်းအဆင့်သို့ ပြောင်းလဲသွားကာ ယန်ဟောင်ထံသို့ တိုးဝင်လာကြသည်။

ယန်ဟောင်က ခေါင်းမော့ကာ ကြည့်သည်။ မာန်သွင်းသံ တစ်ချက်နှင့်အတူ သူက နှင်တံကို ဝှေ့ယမ်းလိုက်သည်တွင် မရေမတွက်နိုင်သော လူဝံများကလည်း တူညီစွာဖြင့် နှင်တံကို ဝှေ့ယမ်း တိုက်ခိုက်ကြသည်။

ရိုက်ချက်အောက်တွင်  မရေမတွက်နိုင်သော နတ်ဆင်ရိုင်းပုံရိပ်များ ပျက်စီးကြသည်။ ဧရာမ ဆင်ခြေရာကြီးမူကား ယန်ဟောင်ကို ထိရိုက်သွားသည်။ သို့သော် ယန်ဟောင်၏ ခန္ဓာကိုယ်မှ စစ်နတ်ဘုရား တစ်ပါးလို ရောင်စဉ်ရောင်ဝါများ လင်းလက် တောက်ပသွားကာ ခြေရာကလည်း ပျော်ဝင် ပျောက်ကွယ်သွားသည်။

“အဲဒါ…” အားလုံးက ထူးခြားသော မြင်ကွင်းကို သတိထားမိကြသည်။

“အဲဒါ တော်ဝင်ရတနာပဲ…” ဓားကျေးရွာမှ ယန်ဝူကျိက ပြောသည်။ သူက ရတနာကိုယ်ကျပ်မှ ထုတ်လွှတ်သော စွမ်းအားကို သတိထားမိသည်။ ထို့အတူ တခြားလူများကလည်း တူညီစွာပင် ထိုရတနာ၏ စွမ်းရည်ကို ခံစားမိကြ၏။ ခွန်ယို၏မျက်နှာက တစ်မုဟုတ်ချင်း နက်မှောင်သွားသည်။

ခွန်ယိုကား ပြည်နယ်ကိုးခု ရှီအဆင့်တွင် နံပါတ်၉၌ ရှိသော်လည်း သူ့တွင် ယခုထိ တော်ဝင်ရတနာကို လက်ဝယ်ပိုင်ဆိုင်ခြင်း မရှိပေ။ ရှီလက်နက်က သူ့အတွက် အသုံးမဝင်ပေ။ သူကား ရှီအဆင့်အမြင့်ဆုံးတွင် ရှိကာ သူ့တိုက်ခိုက်မှုက ရှီတန်ခိုးရှင် တစ်ယောက် ထုတ်လွှတ်နိုင်စွမ်း အမြင့်ဆုံး၌ ရှိနေပေသည်။

ကျိရှမ်းကမ်းပါးတွင် ရှန့်ထိုများကသာ တော်ဝင်ရတနာကို သုံးပိုင်ခွင့် ရှိပေသည်။ သူတို့က အလွန်အမင်း အရေးကြီးသော ကိစ္စရပ်များတွင်သာ ထိုတော်ဝင် ရတနာများကို ငှားရမ်း သုံးစွဲနိုင်ခွင့်ရှိ၏။ ယခု ခွန်ယိုက မြေရိုင်းပြည်နယ်ကို ရောက်ရှိသောအခါ သူနှင့်တိုက်ခိုက်ရသော ပြိုင်ဘက်နှစ်ယောက်က တော်ဝင်ရတနာများကို ပိုင်ဆိုင်ထားကြရာ ထိုအဖြစ်က သူ့အား လွန်စွာ ဒေါသထွက်စေသည်။

“အဲဒီ ရတနာက ဘယ်ကလာတာလဲ…” နန်ထျန်းအိမ်တော် ခေါင်းဆောင်က မေးသည်။ ထိုရတနာက လူဝံဘိုးဘေးများ၏ အမွေအနှစ်များလား…။

ဧကရာဇ်ရီချင်က လောကို အုပ်စိုးသော အချိန်အခါ၌ သူ့ဘေးတွင် နှင်းလူဝံ အင်ပါယာက အဖော်အဖြစ် အမြဲရှိနေခဲ့သည်ကို အားလုံးက သိကြသည်။ သို့သော်လည်း ရွှေလူဝံများကား မြေရိုင်းပြည်နယ်တွင် စတည်းချနေသည်မှာ နှစ်ပါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်ကာ နှင်းလူဝံအင်ပါယာနှင့် အဆက်အစပ် မရှိတော့ပေ။ ယခု ထိုတော်ဝင်လက်နက်က မည်သည့်နေရာက လာသနည်း။

တော်ဝင်ရတနာ တစ်ခုက တိုက်ပွဲ၏ အဆုံးအဖြတ်ပင် ဖြစ်သွားနိုင်ပေသည်။ ကျူးကော့ချန်းဖန်က ထိုရတနာကို ပိုင်ဆိုင်သော တစ်ဦးတည်းသောသူ ဖြစ်ပါက သူတို့က အလွယ်တကူ ဖြေရှင်း နိုင်ပေသေးသည်။ ခွန်ယိုက ကျူးကော့ချန်းဖန်အား ထိန်းထားနိုင်သရွေ့ တခြားလူများက ယန်ဟောင်အား တိုက်ခိုက် သတ်ဖြတ်နိုင်ပေ သေးသည်။ သို့သော်လည်း ယခု သူတို့ အစီအစဉ်များက အလုပ်ဖြစ်တော့မည့်ဟန် မရှိတော့ပေ။

“မင်းတို့က ဝင်မပါကြတော့ဘူးလား…” ခွန်ယိုက အေးစက်စွာ ပြောသည်။ ယန်ဟောင်၏ ပင်ကိုစွမ်းရည်က တိမ်ဖြူမြို့စားထက်ပင် မြင့်သည်။ ယခု သူ၏တော်ဝင် ရတနာဖြင့်ဆိုပါက ယန်ဟောင်က ခွန်ယိုအတွက် အန္တရာယ်ပင် ရှိပေသည်။ ထို့ကြောင့် ခွန်ယိုက တခြားလူများကိုပါ မတတ်သာဘဲ စစ်ကူတောင်း ရတော့သည်။

ယန်ဝူကျိ၏ မျက်လုံးက အလင်းတစ်ချက် လက်သွားကာ ကျန်သော လူများကလည်း သူတို့၏စွမ်းအင်များကို စတင် ထုတ်လွှတ်ကြသည်။ သူတို့က ကျိရှမ်းကမ်းပါးကို ကတိပေးပြီးမှတော့ နောက်ဆုတ်၍ မရတော့ပေ။ အကယ်၍ ယန်ဟောင်နှင့် ကျူးကော့ချန်းဖန်တို့သာ အသက်ရှင်ရက် လွတ်မြောက်သွားပါက သူတို့အားလုံး ပြဿနာ ကြီးပေရော့မည်။

“သွားစို့…” ယန်ဝူကျိက အမိန့်ပေးကာ လေထဲကို ခုန်တက်သွားသည်။ ဓားစွမ်းအင်က လေထဲလှည့်ပတ်လျက် သူ၏သက်စောင့် ဝိညာဉ်နတ်ဓားနှင့် ပေါင်းစပ်သွားသည်။ သည်ဓားကား ယန်ဝူကျိ၏ ဘိုးဘေးအမွေဖြစ်သော ရတနာဓား ဖြစ်သည်။

ရတနာဓားက လေထုကို ဖောက်ထွင်းလျက် အဝေးသို့အထိ ပျံသန်းသွားကာ အရာခပ်သိမ်းက အစိတ်စိတ် ပြတ်တောက်ရသည်။ အားလုံးက ပိုမိုဝေးကွာသော နေရာများသို့အထိ နောက်ဆုတ်ကြသည်။ သည်နေရာကား ထိပ်သီးများ၏ တိုက်ပွဲကွင်းပြင် ဖြစ်သည်။

ကျူးကော့ချန်းဖန်က မျက်လုံးကို မှိတ်လိုက်သည်တွင် ရှစ်မျက်နှာဝင်္ကပါက သူ့အား ဗဟိုထားလျက် ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးဓာတ်များက မရေမတွက်နိုင်သော ကျူးကော့ချန်းဖန်၏ ပုံရိပ်များနှင့်အတူ ဝင်္ကပါ၌ ဖြစ်ပေါ်လာ၏။

ဝုန်း…

ရတနာဓားက ကျူးကော့ချန်းဖန်၏ ပုံရိပ်တစ်ခုအား သွားရောက် ဖျက်ဆီးသည်။ သို့သော် တခြား ပုံရိပ်ယောင်များကလည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ ဝင်္ကပါက ရတနာဓားအား ကောင်းမွန်စွာ ထိန်းချုပ်ထားသည်။

လူအုပ်ထဲတွင် အဝေးကို နောက်ဆုတ်သွားသော ကျန်းရှာက ဂူတုံးလျိုကို အေးစက်စွာ တစ်ချက်ကြည့်လျက် ကျိရှမ်းကမ်းပါးမှ လူများကို အမိန့်ပေးသည်… “ဂူတုံးလျိုကို သွားသတ်စမ်း…”

ခွန်ယိုကား ကျိရှမ်းကမ်းပါး၏ ထောက်တိုင်တစ်ခု ဖြစ်သည်။ သူတို့က ခွန်ယိုအား အသုံးပြုကာ မြေရိုင်းပြည်နယ် တစ်ခုလုံးအား စိုးမိုးခြယ်လှယ်နိုင်မည်ဟု ထင်ခဲ့ကြသည်။ ထို့ကြောင့် တခြားလူများက အလွန်အမင်း အားကောင်းသူများ မဟုတ်ကြပေ။ သို့တိုင်အောင် သူတို့အုပ်စုထဲတွင် ကွန်းရှီအဆင့်များ ပါဝင်ကြပေသေးသည်။ ကျန်းရှာ၏ အမိန့်သံကို ကြားလျှင် သူတို့က ရှေ့ကို ထွက်လာကြ၏။

ဂူတုံးလျိုနှင့် ရီဖူရှင်းတို့အနီးတွင် ထိုက်ဟန်တောင်လူဝံများ စောင့်ကြပ်နေကြသည်။ ကျိရှမ်းကမ်းပါးမှ လူများ ရှေ့ကို တက်လာသည်တွင် ထိုက်ဟန်တောင်မှ လူဝံများကလည်း ရှေ့ကို ထွက်လာကာ တိုက်ခိုက်ကြသည်။

ချက်ချင်းပင် ဧရာမတိုက်ပွဲကြီး တစ်ခု စတင်ဖြစ်ပေါ်သည်။ ရွှမ်ဝူမြို့ခံများက ဤမျှ ကြီးမားသော တိုက်ပွဲကို တစ်ခါမှ မမြင်ဖူးကြပေ။

ရှုပ်ထွေးနေသော အခြေအနေတွင် ဂူတုံးလျို၏ မျက်လုံးများက ကျန်းရှာထံကို ရောက်လာသည်။ သူက နောက်ဆုတ်ခြင်း မရှိဘဲ ကျန်းရှာထံကို လျှောက်သွားကာ မေးသည်… “ကျန်းရှာ… မင်းက ဒီလို အောက်တန်းကျတဲ့ လှည့်ကွက်တွေပဲ သုံးတတ်တယ်… ဒါပေမဲ့ မင်းစွမ်းရည်တွေကလည်း အားနည်းမယ်လို့ ငါမထင်ဘူး… မင်းက ကျိရှမ်းကမ်းပါး သူရဲကောင်းကိုးဖော်ထဲက တစ်ယောက်ပဲ… ဒါပေမဲ့ မင်းက တော်တော် သူရဲဘောကြောင်တယ်… ကျိရှမ်းကမ်းပါးကို ပြန်ရောက်တဲ့အခါ မင်းရဲ့နေရာ မြဲပါစေလို့ ငါမျှော်လင့်တယ်… ”

ကျန်းရှာ၏အမူအရာက တင်းမာ ခက်ထန်သွားသည်။ ကျိရှမ်းကမ်းပါးမှ လူများအားလုံးက ဂူတုံးလျို၏ စော်ကားပြောဆိုမှုကို ကြားကြသည်။ အမှန်တကယ်အားဖြင့် ဂူတုံးလျို ပြောလိုက်သော စကားက ကျန်းရှာအတွက် အလွန် ထိချက်ပြင်းပေသည်။ အကယ်၍ ကျန်းရှာသာ တော်ဝင်ရတနာကို ပြန်မယူသွားနိုင်ပါက ကျိရှမ်းကမ်းပါးကို ရောက်သောအခါ ကြီးလေးစွာ အပြစ်ပေးခံရမည်မှာ သေချာသလောက် ရှိနေသည်။ ထို့ကြောင့် သူ့အတွက် ဂူတုံးလျိုကို သတ်ကာ ရတနာကို ပြန်ယူသွားရန် အလွန်အမင်း အရေးကြီးနေသည်။

“မင်းက ငါကိုယ်တိုင် တိုက်ခိုက် ရလောက်အောင် မထိုက်တန်ဘူးလို့ ထင်နေတုန်းပဲ… အခု မင်းက ဒီလောက် လေလုံးကြီးနေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့…” ကျန်းရှာက ရှေ့ကို တက်လာသည်တွင် အဆင့်မြင်ရှီ၏ စွမ်းအင်များ စတင် ထွက်ပေါ်လာသည်။ ကျန်းရှာကား ဂူတုံးလျိုနှင့် အဆင့်တူဖြစ်သည်။

ကျန်းရှာက တိုက်ပွဲထဲကို ဝင်လာသည်ကို မြင်သည်တွင် ဂူတုံးလျို၏ မျက်လုံးက လူသတ်လိုသော အငွေ့အသက်များ ယှက်သန်းသွားသည်။ ရှေ့ကို တက်ကာ သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်တွင် ရှေးဟောင်း သင်္ကေတများက နတ်ဘုရားပုံရိပ်များ အဖြစ် ထွက်ပေါ်လာကြသည်။ ရှေးဟောင်း သင်္ကေတများက ရစ်ပတ်သည်တွင် ကောင်းကင်နှင့်မြေပြင်က အချင်းချင်း ပေါင်းစပ်သွားဟန် ရသည်။

ပိုင်လွေလီနှင့် တိုက်ခိုက်စဉ်ကထက် ဂူတုံးလျိုကား ပိုမိုထက်မြက်လာဟန် ရသည်။ သူ၏သက်စောင့်ဝိညာဉ်က ဆင့်ကဲ ပြောင်းလဲသွားကာ ယခင်ကထက် ပိုမိုလင်းလက်လာပြီး သဘာဝနှင့် ပေါင်းစပ်နိုင်စွမ်း ရှိလာသည်။ ကောင်းကင်နှင့်မြေပြင်၏ အသိက ဂူတုံးလျိုကိုယ်တိုင်၏ အသိနှင့် တူညီလာသည်။

“ကျန်းရှာ…” ဂူတုံးလျိုက တီးတိုးရေရွတ်သည်။ ဂူတုံးလျို၏အသံ ထွက်ပေါ်လာသည်တွင် ကျန်းရှာ၏စိတ်က ချက်ချင်း တအုန်းအုန်း ပေါက်ကွဲသွားသည်။

“ကျန်းရှာ.. ကျန်းရှာ.. ကျန်းရှာ…” ပဲ့တင်ထပ်သံများ ကျန်းရှာ၏နားထဲတွင် အဆက်မပြတ် မြည်ဟည်းသွားကာ သူ၏စိတ်အသိက ပြိုလဲယိုင်နဲ့လာသည်။ သူက မရေမတွက်နိုင်သော ဂူတုံးလျိုများကို မြင်ယောင်လာပြီး သူ၏စိတ်နှလုံးကလည်း တုန်လှုပ် ချောက်ချားလာသည်။ ဂူတုံးလျိုက သူ့အတွက် နေရာတိုင်းတွင် ရှိနေသည်။

“ကျန်းရှာ… ကျန်းရှာ… ကျန်းရှာ…” ပဲ့တင်သံများက ပိုမို အားကောင်းစွာဖြင့် ရိုက်ခတ် လာနေသည်။ သူ၏စိတ်စွမ်းအားက နောက်ဆုံးတွင် အန္တရာယ်၏ အငွေ့အသက်ကို ခံစားရ၏။ မြန်နိုင်သမျှ မြန်အောင် သူက ကြိုးစား နောက်ဆုတ်ကာ သူ၏သိဒ္ဓိဝင် လက်နက်ကို ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထောင်ပေါင်း များစွာသော ပုံရိပ်များက တစ်ခုတည်း ဖြစ်သွားကာ ဂူတုံးလျိုက သူ၏ရှေ့ကို တိုက်ရိုက် ရောက်ရှိလာသည်။ လက်ညှိုး တစ်ချောင်းတည်းဖြင့် လေထုကို ထွင်းဖောက် ဝင်ရောက်လာသောအခါ ကြီးမားသော ဓားစွမ်းအားက သဘောဝနှင့် ပေါင်းစပ်စီးဆင်းလျက် ရောက်ရှိလာသည်။

ဓားစွမ်းအားက လေထုကို ခွင်းလျက် ကျန်းရှာထံကို တိုးဝင်လာသည်တွင် ကျန်းရှာက မြန်ဆန်စွာပင် နောက်ဆုတ်သည်။ သို့သော်လည်း သူ၏အသားကို ဖြတ်တောက် သွားသည့် တစ်စုံတစ်ခုကို ခံစားရကာ သူ၏ခန္ဓာကိုယ်၌ ဓား၏လောကစွမ်းအင် တစ်ခု စီးဆင်းသွား၏။ သွေးတစ်ပွက်အန်ကာ ကျန်းရှာ၏မျက်နှာက ပြာနှမ်းသွားသည်။

“ဒါက ကျိရှမ်းကမ်းပါးရဲ့ သူရဲကောင်း ကိုးဖော်ထဲက တစ်ယောက်တဲ့လား…” ဂူတုံးလျိုက တည်ငြိမ်စွာ ပြောသည်။ ကျန်းရှာ၏မျက်နှာက ပိုမို ပြာနှမ်းသွားသည်။ ဂူတုံးလျိုကား သူ၏သိက္ခာကို အဆုံးစွန်အထိ နင်းခြေနေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset