အပိုင်း (၆၉၂)

ခိုင်မာသောစိတ်

ရွှမ်ဝူမြို့က ရက်အနည်းငယ်အတွင်း စည်ကားသိုက်မြိုက် လာခဲ့ပြန်သည်။ ထိပ်သီး အင်အားစုများစွာက ရွှမ်ဝူမြို့သို့ တဖွဲဖွဲ ရောက်ရှိလာနေကြ၏။ ထိုအထဲတွင် ကောင်းကင်မြေရိုင်း အဆင့်မှ​ တွေ့မြင်ရခဲသော ထိပ်သီးများလည်း ပါဝင်ကြသည်။

ခွန်ယို၏စကားက မည်မျှ အကျိုးသက်ရောက်မှုရှိသည်ကို အားလုံးက သတိပြုမိကြရသည်။ ယခု ရောက်ရှိလာသူများက အမှန်ပင် ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်းကာ ကျူးကော့မိသားစုကို ရင်ဆိုင်ကြတော့မည်လော…။

လက်ရှိ ကျူးကော့မိသားစု အခြေအနေကား အချိန်မရွေး ပြိုလဲသွားနိုင်သော အခြေအနေဖြစ်သည်။ ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များက သတင်းထုတ်လွှင့်ထားရာ ကောင်းကင်မြေရိုင်း ထိပ်သီးအဆင့်များပင် လာရောက် ပူးပေါင်းရန် ကြံစည်နေကြသည်။

“ကျုပ်တို့က နန်ထျန်းအိမ်တော်ကပါ… အကြီးအကဲခွန်ကို တွေ့ရတာ ဝမ်းသာပါတယ်…” နန်ထျန်းအိမ်တော်မှ တန်ခိုးရှင်များ ရောက်ရှိလာကြကာ ရွှမ်ဝူမျှော်စင်သို့ ဆင်းသက်လာကြသည်။

“ကျုပ်ကလည်း နန်ထျန်းအိမ်တော်ရဲ့ နတ်ဘုရားလှံပညာကို ကြားဖူးတယ်…” ခွန်ယိုကလည်း ခေါင်းညိတ်သည်။

“ကျုပ်တို့က ဓားကျေးရွာကပါ…” အဝေးမှ အသံတစ်သံကို ကြားကြရသည်။ ဓားကိုယ်ရောင် ကိုယ်ဝါများနှင့်အတူ လူတစ်စု ဓားများကို စီးနင်းလျက် ရောက်ရှိလာကြသည်။ ခေါင်းဆောင်လာသူကား ဓားကျေးရွာ ခေါင်းဆောင်ကိုယ်တိုင် ဖြစ်သူ ဝူကျိဓားပညာရှင် ဖြစ်သည်။

“ကျုပ်က နာမည်ကျော် ဝူကျိဓားပညာရှင်ကို ကြားဖူးပါတယ်…” ခွန်ယိုကလည်း ပြုံးလျက်ပြောသည်။ သည်လူများနှင့်ဆိုပါက နဂါးပတ်တောင်ကို အနိုင်ယူခြင်းက အလွန် လွယ်ကူသွားပေရော့မည်။

ဗာမီလီယန်မီးငှက်ဂိုဏ်း၊ စီမင်ကလန်၊ ထိုက်ချွန်တောင်နှင့် တော်ဝင်မီးတောက်ဂိုဏ်းတို့ ကလည်း ရောက်လာကြသည်။ မြေရိုင်းပြည်နယ်၏ အင်အားစု တစ်ဝက်ခန့်က သည်နေရာတွင် လာရောက် စုစည်းကြသည်။

အချို့ကလည်း ပွဲကြည့်ရန် အလို့ငှာ ရောက်ရှိနေကြသည်။ ဟောင်မိသားစုမှ ဟောင်စီမူကား ကျိရှမ်းကမ်းပါးနှင့် လာရောက် နှုတ်ဆက်ခြင်း မရှိဘဲ အဝေးမှသာ ရပ်ကြည့်နေသည်။ ထို့နောက် နောက်တစ်နေရာတွင် အနက်ရောင် အငွေ့အသက်များ ဖုံးလွှမ်းနေသော တစ်စုံတစ်ယောက် ကိုလည်း လူအများက သတိထားမိကြသည်။ သူကား မှော်နက်သခင် ကိုယ်တိုင်ဖြစ်သည်။ သူကိုယ်တိုင် ရောက်လာမည်ဟု မည်သူကမှ မထင်ထားကြပေ။ သူကား မြေရိုင်း ပြည်နယ်တွင် ရန်သူများပြားလှကာ တော်ရုံဖြင့် အပြင်ကို ထွက်လာခြင်း မရှိပေ။

“အားလုံးပဲ…” ခွန်ယိုက ရွှမ်ဝူမျှော်စင်၏အမြင့်တစ်နေရာမှ ပြောလိုက်သည်။ ချက်ချင်းပင် လေဟာနယ်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ အားလုံးက လှမ်းကြည့်သည်တွင် သူက ဆက်ပြောသည်… “ကျုပ်က ကျိရှမ်းကမ်းပါးက လာတာကို အားလုံး သိမယ်လို့ထင်တယ်… မြေရိုင်းပြည်နယ်က တန်ခိုးရှင်တွေကို အတူတကွ တွေ့ရတာ ကျုပ်အတွက် ကံကောင်းမှုတစ်ခုပဲ… ကျုပ်က အားလုံးကို ဖိတ်ခေါ်တာ အကြောင်းပြချက် နှစ်ခုရှိတယ်… ပထမက တော်ဝင်လမ်းကိစ္စပဲ… ရှားအင်ပါယာက ပြည်နယ်ကိုးခု တိုက်ပွဲကို ပထမဆုံး ကျင်းပခဲ့တာ အခုဆို ဆယ်နှစ်ကြာခဲ့ပြီ… အရင်တုန်းက ခင်ဗျားတို့လည်း ဒီတိုက်ပွဲကို ပါဝင်ဖူးကြတာပဲ… တိုက်ပွဲက ဘယ်လောက် ရက်စက်လဲဆိုတာ ခင်ဗျားတို့ သိတယ်… လူ ဘယ်နှစ်ယောက်က ရှန့်ထိုအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြလဲ…”

ခွန်ယို၏စကားကို ကြားသည်တွင် လွန်ခဲ့သော ဆယ်နှစ်မှ ပြိုင်ပွဲကို အားလုံးက မှတ်မိကြသည်။ အမှန်ပင် တိုက်ပွဲကား ရက်စက် ကြမ်းတမ်းလွန်းသည်။ ရှန့်ထိုဖြစ်ရန် လမ်းကား လူများစွာ၏ အရိုးများကို နင်းခြေရင်းမှ ရလာနိုင်သော အရာတစ်ခုလည်း ဖြစ်သည်။ အများစုက ထိုရက်စက်သော ပြိုင်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ကြောက်ရွံ့ကြသည်။ ထိုပြိုင်ပွဲမှ အသက်ဆုံးရှုံး သွားသူများကား မရေမတွက်နိုင်တော့ပေ။ တော်ဝင်ကျဲနန်းတော် သခင်ပင်လျှင် နန်းတော်မှ မထွက်လာသည်မှာ နှစ်ပါင်းများစွာ ကြာကာ လူအများအပြားက အကြောင်းအရင်းကို ရေးရေးမျှ နားလည် သဘောပေါက် ထားကြသည်။

ခွန်ယိုက ပြောသည်… “မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတာ ကျုပ်သိတယ်…ဒါက ဒီကလူတွေက အရည်အချင်း မရှိလို့လား… ခင်ဗျားတို့ အများစုက ဒီအဆင့်အထိ ရောက်လာမှတော့ အရမ်းကို ပါရမီမြင့်တယ်… ဘယ်သူက အားနည်းလို့လဲ… ခင်ဗျားတို့ လိုနေတာက အခွင့်အလမ်းပဲ… တော်ဝင်ကျဲနန်းတော်က ခင်ဗျားတို့ကို ဦးဆောင်ပြီး ပြည်နယ် ကိုးခုပြိုင်ပွဲမှာ တိုက်ခိုက်တယ်… ဒါပေမဲ့ တခြားပြည်နယ်တွေနဲ့ ယှဉ်လိုက်ရင် မြေရိုင်းပြည်နယ်က သမိုင်း အစဉ်အလာအရ အားအနည်းဆုံးပဲ… ဒါက ခင်ဗျားတို့ကို ကြွားဝါနေတာ မဟုတ်ဘူး… အမှန်တရားကို ပြောတာ… ဒါကြောင့်ပဲ မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခုပြိုင်ပွဲမှာ အခွင့်အရေး မရှိတာ…”

သူက ဆက်ပြောသည်… “တော်ဝင်လမ်းက အရမ်းခက်တဲတယ်… သေဆုံးခြင်းက လက်တစ်ကမ်းမှာပဲ… ခင်ဗျားတို့အတွက်သာ မဟုတ်ဘူး… ကျုပ်အတွက်လည်း အတူတူပဲ… တကယ်လို့ ခင်ဗျားတို့က ကျုပ်နဲ့ပူးပေါင်းရင်… ကျိရှမ်းကမ်းပါးနဲ့ ပူးပေါင်းခဲ့ရင်… ခင်ဗျားတို့အတွက် အခွင့်အလမ်း ပိုများလာလိမ့်မယ်…”

အားလုံးက တိတ်ဆိတ်စွာ နားထောင်နေကြသည်။ ခွန်ယိုက အမှန်တရားကို ပြောဆိုနေခြင်း ဖြစ်ကြောင်း အားလုံးက သိကြသည်။ မည်သို့ဆိုစေ သူတို့က ကိုယ်တိုင် လာရောက် တွေ့ဆုံနေပြီ မဟုတ်ပါလား…။ အချို့က နာမည်ကျော်ခွန်ယိုနှင့် ရင်းနှီး ကျွမ်းဝင်ခွင့်ရရန် လိုလားကြသည်။ အချို့ကလည်း တစ်ဖက်မှ ကမ်းလှမ်းမှုကို နားထောင်ကာ အကယ်၍ လုံလောက်သော အကျိုးအမြတ်ရှိပါက ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်းကာ ကျူးကော့မိသားစုကို ဖယ်ရှားရန် ဝန်မလေးပေ။

မည်သို့ဆိုစေ တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့တို့ကလည်း ကျူးကော့မိသားစုနှင့် ဆန့်ကျင်ဘက် အခြေအနေတွင် ရှိနေသည်။ ယခု နဂါးပတ်တောင်ကား မြေရိုင်းပြည်နယ် တစ်ခုလုံးနှင့် သီးခြားကဲ့သို့ ဖြစ်နေသည်။ ရီဖူရှင်းနှင့် ထိုက်ဟန်တောင်မှ လူဝံများသာ ဝင်မစွက်ဖက်ခဲ့ပါက တိမ်ဖြူမြို့စားက ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်းကာ ကျူးကော့မိသားစုကို တိုက်ခိုက်နေပြီး ဖြစ်ပေမည်။

“ကျုပ်တို့ ဘာလုပ်ပေးရမလဲ…” အသံတစ်သံ ထွက်လာသည်။ ထိုအသံက ဝူကျိဓားပိုင်ရှင်ထံမှ ထွက်လာခြင်း ဖြစ်သည်။ သူကား ကောင်းကင်မြေရိုင်း အဆင့်၁၇တွင်ရှိကာ သူ့ဘိုးဘေးများက ရှန့်ထိုဖြစ်သည်။ ထို့ကြောင့် သူက တော်ဝင်လမ်းနှင့် ပတ်သက်၍​ အသိအမြင်ကြွယ်ဝကာ တခြားလူများထက် ပိုမို စိတ်အားထက်သန် ပေသည်။

ခွန်ယိုက ယန်ဝူကျိကို ကြည့်သည်။ အမှန်ပင် ဓားသမားများကား တည့်တိုးဆန်ကာ လိုရင်းကိုသာ ပြောတတ်ကြပေသည်။

“စီနီယာ… မြေရိုင်းပြည်နယ်ရဲ့ ဂူတုံးလျိုက ကျုပ်တို့ ရတနာကို ခိုးယူသွားပြီးတော့ ယွီပြည်နယ်က ရှီတန်ခိုးရှင်တွေကို မျိုးသုဉ်း သတ်ဖြတ်ခဲ့တယ်… အခု ကျူးကော့မိသားစုက သူ့ကို ကာကွယ်ပေးနေတယ်… အခု တော်ဝင်ကျဲနန်းတော်နဲ့ တိမ်ဖြူမြို့တို့ကလည်း ဒီလူရဲ့ မကောင်းမှုတွေကို သည်းမခံနိုင်တော့ဘူး… ဒီလူဟာ သူ့ရဲ့ ယုတ်မာမှုအတွက် သေခြင်းနဲ့ပဲ ထိုက်တန်တယ်… ဒါကြောင့် ကျုပ်ရဲ့ ဆရာဦးလေးက စီနီယာတို့ကို ဖိတ်ခေါ်ပြီး ဒီလူကို အပြစ်ပေးရာမှာ ဝိုင်းဝန်း ပါဝင်စေချင်တယ်…”

အားလုံးက ကျန်းရှာကို တည်ငြိမ်စွာ ကြည့်ကြသည်။ သူ၏စကားများက မှန်ကန်ဟန်ရသော်လည်း သူကား ရတနာအတွက်သာ ဤမျှအထိ လုပ်ဆောင်နေခြင်း ဖြစ်သည်။ သို့သော်လည်း ဂူတုံးလျိုက ကျိရှမ်းကမ်းပါးနှင့် ယှဉ်၍ ရတနာကို ရယူခြင်းက အမှန်ပင် ရဲတင်းလွန်း လှပေသည်။

တော်ဝင်မီးတောက်ဂိုဏ်းမှ ခေါင်းဆောင်က တည်ငြိမ်စွာ ပြောသည်… “ကျူးကော့မိသားစုက မြေရိုင်းပြည်နယ်မှာ သာမန် အင်အားစုတစ်ခု မဟုတ်ဘူး… ထိုက်ဟန်တောင် ယန်ဟောင်ကလည်း တိမ်ဖြူမြို့စားကို အနိုင်ယူထားတယ် … အကယ်လို့ ကျုပ် မအောင်မြင်ခဲ့ရင် အကျိုးဆက်က လွယ်ကူမှာ မဟုတ်ဘူး… ကျိရှမ်းကမ်းပါးက နယ်ခြားက အင်အားစုဆိုတော့ သိပ်ပြီးတော ထိခိုက်မှု မရှိဘူး… ဒါပေမဲ့ မြေရိုင်းပြည်နယ်က အင်အားစုတွေကလည်း ပြန်လည် တိုက်ခိုက်တာကို ခံရနိုင်တယ်… ဒီကိစ္စက သိပ်စွန့်စားဖို့ မတန်သလိုပဲ… အကြီးအကဲခွန်ပေးတဲ့ အကျိုးအမြတ်က ဒီကတိလောက်ပဲလား…”

အားလုံးက တိတ်တခိုး ထောက်ခံကြသည်။ အားလုံးကလည်း ထိုသို့ တွေးမိကြသည်။

“ဒီအတွက် စိတ်မပူပါနဲ့… ကျုပ်က ဒီလူကို ထုတ်ပေးဖို့ ကျူးကော့မိသားစုကို နောက်တစ်ခါ အခွင့်အရေးပေးမယ်… သူတို့က ဒါကိုတောင် ဆက်ပြီး ငြင်းပယ်နေမယ် ဆိုရင်တော့ ကျုပ်တို့က သူတို့အားလုံးကို သတ်ဖြတ်ရမှာပဲ… ကျုပ်တို့က အမှန်တရားအတွက် တိုက်ခိုက်တာမှာ ဘယ်လိုလုပ် ကျရှုံးပါ့မလဲ…” ခွန်ယို၏အသံက ကြီးမားသော အရှိန်အဝါတစ်ခု ပါဝင်နေသည်။ ခွန်ယိုကား ပြည်နယ်ကိုးခု ရှီအဆင့်တွင် နံပါတ်၉၌ရှိသည်။ သူက ပါဝင်တိုက်ခိုက်သရွေ့ မည်သို့ မအောင်မြင်ဘဲ နေမည်နည်း။

“တကယ်လို့ ကျုပ်ကတိက အားလုံးကို စိုးရိမ်စေတယ်ဆိုရင် ပြည်နယ်ကိုးခုရဲ့ ရှီအဆင့်ကိုး ဂုဏ်သိက္ခာက ဘယ်နား သွားထားရတော့မလဲ…” ခွန်ယိုက တည်ငြိမ်စွာ ပြောသည်။ သူက လူပုံအလယ်တွင် ကတိပေးခြင်းက မည်သို့ အကျိုးသက်ရောက်မှု အားနည်း ရမည်နည်း။

အကယ်၍ သူတို့ဘဝတွင် တော်ဝင်လမ်းကို မျှော်မှန်းပါက အသက်ရှည်ရှည် နေရခြင်းကလည်း အခွင့်အလမ်းတစ်ခု ဖြစ်သည်။ တော်ဝင်လမ်းတွင် အသက် ရှင်သန်ခြင်းကလည်း အခွင့်အရေးတစ်ခု မဟုတ်ပါလား…။

***

နဂါးပတ်တောင်၏ အဆောက်အဦ တစ်ခုတွင် ဂူတုံးလျိုနှင့် ရီဖူရှင်းတို့ အတူရပ်ကာ ရွှမ်ဝူမြို့အား လှမ်းကြည့်နေကြသည်။ ရွှမ်ဝူမြို့တွင် တွေ့ဆုံပွဲတစ်ခု ရှိသည်ကို သူတို့နှစ်ယောက်လုံး သိထားကြသည်။ ယခု ထိုတွေ့ဆုံပွဲအား ခွန်ယိုကိုယ်တိုင်က ဦးဆောင် ပြုလုပ်နေသည်။ မြေရိုင်းပြည်နယ်၏ ထိပ်သီးတန်ခိုးရှင် များစွာလည်း ရောက်ရှိနေသည်ကို သိကြသည်။

ယခု ဂူတုံးလျိုနှင့် ကျန်းရှာအကြားမှ ဖြစ်ရပ်များကို ရီဖူရှင်းက သိထားပြီးဖြစ်သည်။ ကျန်းရှာကား ရတနာကိုသာ ရယူလိုသည် မဟုတ်ဘဲ အစ်ကို၃ကိုလည်း ခေါ်ဆောင် သွားလိုပေသည်။

“ညီငယ်လေး… ငါအရင် ပြောဖူးတာ မှတ်မိသေးလား… လောကာမှာ ကျိုးကြောင်းဆီလျော်မှုထက် လက်သီးက ပိုအားကောင်းတယ်…” ဂူတုံးလျိုက တည်ငြိမ်စွာ ပြောသည်။

“ဟုတ်ကဲ့… ကျွန်တော် မှတ်မိရသလောက်ဆိုရင် ဒါက ဆရာပြောတာကို အစ်ကို၃က ကျွန်တော့်ကို ပြန်ပြောပြတာ ဖြစ်တယ်… ဒီလောကမှာ ကျိုးကြောင်း ဆီလျော်မှုက လောကကို ညီညွတ်မျှတအောင် လုပ်တယ် … ဒါပေမဲ့ တစ်ခါတလေ လက်သီးနဲ့ ဖြေရှင်းတာကလည်း ပိုထိရောက်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“အမှန်ပဲ… ဒါကြောင့် လက်ရှိမှာ ကျိုးကြောင်းဆီလျော်မှုက အားနည်းနေတာ… အကြောင်းအရင်းက ကျိရှမ်းကမ်းပါးမှာ ပိုအားကောင်းတဲ့ လက်သီးရှိလို့ပဲ…” ဂူတုံးလျိုက တည်ငြိမ်စွာ ပြောသည်… “တစ်စုံတစ်ယောက်က သူတို့ ကာကွယ်လိုတဲ့ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက် ရှိတဲ့အခါ သူတို့က ကြောက်ရွံ့လာကြတယ်…”

“အစ်ကို၃က အစ်ကို၃ကိုယ်တိုင်ရဲ့ ဘေးကင်းမှုကို စိတ်ပူနေတာ မဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်…” ရီဖူရှင်းက ပြောသည်။ အစ်ကို၃က မည်သူ့ကို ရည်ညွှန်းသည်ကို သူနားလည်သည်။

“ကြောက်တာက ကြောက်တာပဲ… ဒါကို သကြား ဖြူးနေလည်း ဘာထူးလို့လဲ…” ဂူတုံးလျိုက ပြောသည်… “တစ်ခါတလေ သူတို့ ကာကွယ်ပေးချင်တဲ့ အရာအပေါ် အရမ်း အားကောင်းလာတဲ့အခါ ဒီအကြောက်တရားကလည်း သတ္တိအဖြစ် ပြောင်းလဲသွားတာပါပဲ … တစ်စုံတစ်ယောက်က အဲဒီအခြေအနေကို ရောက်သွားရင် သူတို့က အရာအားလုံးကို စွန့်လွှတ်နိုင်စွမ်းလည်း ရှိလာတယ်…”

ရီဖူရှင်းက တိတ်ဆိတ်နေသည်။

“ငါ့ဘဝမှာ တချို့အရာတွေအပေါ် စိတ်မကောင်း ဖြစ်ရတယ် ဆိုပေမဲ့ ဘယ်တုန်းကမှ နောင်တမရဘူး…” ဂူတုံးလျိုက ပြောနေရင်းဖြင့် စတင်၍ လေပေါ်ပျံသန်းသည်။

“အစ်ကို၃…” ရီဖူရှင်း၏ အကြည့်က အေးခဲသွားသည်။

“ငါ့ဘဝကို နောက်တစ်ဖန် ပြန်စခွင့်ရမယ် ဆိုရင်လည်း ငါက ဘာမှ ပြင်ဆင် ပြောင်းလဲချင်တာ မရှိဘူး…” ဂူတုံးလျိုက ပြောရင်းဖြင့် လျှပ်စီးတန်းကဲ့သို့ ပြောင်းလဲကာ အဝေးကို ပြေးထွက်သွားသည်။ အလန်းတန်းက ကောင်းကင်ယံကို ကြယ်တစ်စင်း ဖြတ်သန်းသွားသကဲ့သို့ ဖြစ်ပေါ်လာသည်။

ရီဖူရှင်းကလည်း တုန်လှုပ်သွားကာ ကောင်းကင်သို့ ခုန်တက်သွားရင်းက အော်ဟစ်လိုက်သည်… “အဘိုးယန်…”

ဘုန်း…

ကျူးကော့မိသားစု မြေပြင်တစ်နေရာမှ မြေပြင် အက်ကွဲသွားကာ ဝုန်းခနဲအသံနှင့်အတူ ယန်ဟောင်က လေထဲကို ခုန်တက်လာသည်။ ရီဖူရှင်းက ယန်ဟောင်၏ပခုံးပေါ်ကို တက်ကာ ပြောသည်… “သွားရအောင်…”

အစ်ကို၃ပြောသည်မှာ မှန်ပေသည်။ တစ်စုံတစ်ယောက်က သူလုပ်နေသည်က အမှန်တရားဟု ယုံကြည်သည်ဆိုရင် ဘာကို တွန့်ဆုတ် ကြောက်ရွံ့နေရဦး မည်နည်း။ ထိုလူများက ကျူးကော့မိသားစုကို သတ်ဖြတ်ကာ အစ်ကို၃အား ခေါ်ဆောင် သွားလိုသည်ဆိုပါက သူတို့က နဂါးပတ်တောင်တွင် ထိုလူများ ရောက်လာမည့် အချိန်ကို အဘယ်ကြောင့် စောင့်နေရမည်နည်း။

ဝုန်း…

ယန်ဟောင်က လေထုကို နင်းကာ အဝေးကို ပျံသန်းသွားသည်။ ကျူးကော့ မိသားစုဝင်များ အားလုံးက အဝေးကို ပြေးထွက်သွားသော ယန်ဟောင်ကို ကြည့်ကြသည်။ ထို့နောက် နောက်ထပ် လျှပ်စီးလက်သံ တစ်ခုနှင့်အတူ ကျူးကော့မင်းယွီကလည်း အဝေးကို ပျံသန်းသွားသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ သူက လက်ထပ်ပွဲနေ့ကို ရောက်လာမှတော့ သူမက အရာအားလုံးကို ရင်ဆိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ အဆုံးသတ်က မည်သို့ ဖြစ်နေပါစေ သူမက နောင်တမရပေ။

ကျူးကော့ချန်းဖန်က ကျူးကော့မင်းယွီကို တစ်ချက် ကြည့်ပြီး ပြောသည်… “အားလုံး နားထောင်…” မရေမတွက်နိုင်သော လူများက ကျူးကော့ချန်းဖန်ကို ကြည့်ကြသည်။ မိသားစု ခေါင်းဆောင်က အမှန်ပင် ဦးဆုံး စတင် တိုက်ခိုက်တော့ မည်လော…။

“အားလုံး… နဂါးပတ်တောင်မှာပဲ နေကြ… ဘယ်သူမှ အပြင်ကို ထွက်မလာကြနဲ့…” ကျူးကော့ချန်းဖန်က အမိန့်ပေးကာ ကျူးကော့မင်းယွီ နောက်ကို လိုက်ပါသွားသည်။

နဂါးပတ်တောင်မှ လူတိုင်းက အဝေးကို ပျံသန်း ပျောက်ကွယ်သွားသော ကျူးကော့ချန်းဖန်ကို ကြည့်ကြသည်။ သူကား အမှန်ပင် မိသားစုခေါင်းဆောင် နေရာနှင့် ထိုက်တန်ကာ အရည်အချင်းနှင့် တာဝန်ယူမှု အပြည့်အဝရှိသော ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်သည်။ ယခု သူက ဖြစ်လာနိုင်သော အကျိုးဆက်များ အားလုံးကို သူတစ်ယောက်တည်းကသာ ထမ်းပိုးသွားရန် ရည်ရွယ်ထားဟန်ရ၏။

ရွှမ်ဝူမျှော်စင်ရှေ့တွင် လူအများအပြားက စုစည်းနေကြသည်။ ကျိရှမ်းကမ်းပါးမှ စွမ်းအားမြင့် တန်ခိုးရှင်များနှင့် မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များက အချင်းချင်း ပြောဆို ဆွေးနွေးနေကြ၏။ ထိုစဉ်မှာပင် အဝေးမှ​ ပျံသန်းလာသော ပုံရိပ်တစ်ခုကို အားလုံးက ခံစားမိကာ မျက်မှောင်ကြုတ် လိုက်ကြသည်။

အားလုံးက အဝေးကို လှမ်းကြည့် ကြသည်တွင် ချောမောသော စာပေသမား တစ်ယောက်ကို တွေ့ကြရသည်။ သူကား ဂူတုံးလျို ဖြစ်သည်။

“ဂူတုံးလျို…” ကျန်းရှာက သူ့အား ကြည့်ကာ အေးစက်စွာ ရယ်မောသည်… “မင်းက ဒီကို လာရဲသေးတယ်ပေါ့…”

“ကျန်းရှာ… မင်းက မင်းရဲ့နောက်ခံ အသိုင်းအဝိုင်း နောက်မှာဘယ်လို ပုန်းကွယ်ရမလဲ ဆိုတာ ကောင်းကောင်း သိပုံပဲ… မင်းက ကျိရှမ်းကမ်းပါးရဲ့ သူရဲကောင်း ကိုးဖော်ထဲက တစ်ယောက်ဆိုပေမဲ့ မင်းက ကောက်ကျစ်တဲ့ မြေခွေး တစ်ကောင်သာသာပဲ… ကျုပ် ဂူတုံးလျို မင်းနဲ့ ပေါင်းမိသာ အရှက်ရမိတယ်…” ဂူတုံးလျိုက ကျန်းရှာကို အေးစက်စွာ တစ်ချက်ကြည့်ကာ ခွန်ယိုကို ကြည့်လျက်ပြောသည်… “ကျုပ်က ယွီပြည်နယ်မှာ လေ့ကျင့်တုန်းက တော်ဝင်မြေဖြစ်တဲ့ ကျိရှမ်းကမ်းပါးနဲ့ ခင်ဗျားရဲ့ နာမည်ကို ကြားခဲ့တယ်… ဒါပေမဲ့ ဒီနေ့ ကျုပ် တွေ့နေရတာကတော့ တော်ဝင်မြေနာမည်နဲ့ မလိုက်ဖက်တဲ့ အပြုအမူတွေပဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset