အပိုင်း (၆၈၈)

ယန်ဟောင်နှင့် နန်းတော်အရှင်နှစ်ပါး၏တိုက်ပွဲ

ကျန်းရှာ၏အမူအရာက မူမမှန် ဖြစ်လာသည်။ ရီဖူရှင်းကို သူကောင်းကောင်း သိပေသည်။ နိုဘယ်အဆင့် တန်ခိုးရှင် တစ်ယောက်က အခြေအနေကို ပြောင်းပြန်လှန်ကာ သူတို့၏ အစီအစဉ်အား ဖျက်ဆီးခဲ့သည်။

“သူက ဂူတုံးလျိုရဲ့ ဆရာတူညီဖြစ်ပြီးတော့ အရင်တုန်းက တော်ဝင်ကျဲ နန်းတော်မှာ လေ့ကျင့်ဖူးတယ် … ပိုင်လွေလီနဲ့ ဂူတုံးလျိုတို့ရဲ့ ရန်ငြိုးရန်စကြောင့် သူက တော်ဝင်ကျဲနန်းတော်က ထုတ်ပယ်ခံရတယ်… လူတွေ ပြောတာကတော့ သူက မြေရိုင်းပြည်နယ်ရဲ့ နံပါတ်၁နိုဘယ်ပဲ…” ကျန်းရှာက ပြန်ပြောသည်… “ဒါပေမဲ့ နိုဘယ်အဆင့်တစ်ယောက်က ကျိရှမ်းကမ်းပါးကိစ္စကို ဝင်စွက်ဖက်ရဲတယ်… ဘယ်လောက် အတင့်ရဲလိုက်သလဲ… ”

“နိုဘယ်အဆင့် တန်ခိုးရှင်တစ်ယောက်…” ခွန်ယို၏အမူအရာကလည်း ထူးဆန်းနေသည်။ နိုဘယ်တန်ခိုးရှင် တစ်ယောက်က သူတို့၏အစီအစဉ်ကို ဖျက်ဆီးနိုင်ခြင်းက အံ့အားသင့်ဖွယ်ရာ ကောင်း၏။

“မြေရိုင်းပြည်နယ် နံပါတ်တစ်နိုဘယ်…” ချင်ကျောင်းကလည်း စိတ်ဝင်စားသွားသည်… “ဒါဆို စီမင်ဟန်ကျင့်က မြေရိုင်းပြည်နယ်ရဲ့ နံပါတ်တစ် နိုဘယ်မဟုတ်ဘူးပေါ့.. ” သည်မတိုင်မီက စီမင်ဟန်ကျင့်ကို သူက အလွယ်တကူ အနိုင်ယူခဲ့သည်။ စီမင်ဟန်ကျင့်က မြေရိုင်းပြည်နယ်အား ကိုယ်စားပြုနိုင်သလားဟု သူက လျူချန်းကို မေးသောအခါတွင်လည်း လျူချန်းက ရေရေရာရာ ဖြေကြားခြင်း မပြုခဲ့ပေ။

“ဒီအတိုင်ခင်က ရီဖူရှင်းက ပါရမီရှင်အဆင့်၁ပဲ… ရီဖူရှင်းက နန်းတော်က ထွက်သွားပြီးမှ စီမင်ဟန်ကျင့်က အစားထိုးယူခဲ့တယ… ဒါပေမဲ့ သူတို့ နှစ်ယောက်အကြား ပါရမီ ကွာဟချက်က မိုးနဲ့မြေလိုပဲ… ကျန်းရှာက ဆက်ပြောသည်… “မှန်တယ်… သူက ဘယ်လောက်ပဲ ထူးချွန်ပါစေ ညီလေးနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ… မြေရိုင်းပြည်နယ်က နိုဘယ်ကို ဘယ်လို့ ဂရုစိုက်နေမှာလဲ… ”

“ကျုပ်က ဂရုစိုက်တာ မဟုတ်ပါဘူး… ” ချင်ကျောင်းက ခေါင်းယမ်းကာ ပြန်ပြောသည်။ မြေရိုင်းပြည်နယ်မှ နံပါတ်၁နိုဘယ်တဲ့လား…။ သူက တစ်ကြိမ်လောက် စမ်းကြည့်ချင်သည်။ မြေရိုင်းပြည်နယ်မှ အဆင့်၁နိုဘယ်က သူ့ထက် အားကောင်းမည် မဟုတ်ဟု ယုံကြည်ထားသော်လည်း အနည်းဆုံး ကောင်းမွန်သော တိုက်ခိုက်ရေး စွမ်းအား ရှိရပေမည်။

“ပိုင်ဂူက သူ့ကိစ္စ ဖြေရှင်းတာပြီးအောင် စောင့်ကြမယ်…” ခွန်ယိုက စိတ်မရှည်စွာ ပြောသည်။ သူက မြေရိုင်းပြည်နယ်မှ ကိစ္စများကို မြန်ဆန်စွာပင် ပြီးဆုံးသွားစေ လိုသော်လည်း ကိစ္စရပ်များက မမျှော်လင့်ဘဲ ပေရှည်နေသည်။

***

တိမ်ဖြူမြို့တွင် ပိုင်ဂူက မရောက်သေးသော်လည်း တော်ဝင်ကျဲနန်းတော်က ရောက်ရှိလာပြီ ဖြစ်သည်။ မြို့တော်ဝန်အိမ်တော်သို့ နန်းတော်မှ ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့က တန်ခိုးရှင်များစွာကို ဦးဆောင်လျက် ရောက်ရှိလာကြရာ ပိုင်ကလန်က အလွန်အမင်း ပျော်ရွှင်ရသည်။ တခြားတစ်ဖက်တွင် လေထဲမှ ထပ်မံရောက်ရှိလာသော တန်ခိုးရှင်များအား ကြည့်ကာ သူ၏မျက်လုံးများက အေးစက်သွားသည်။

သူက မြေပြင်တွင် ရပ်ကာ ကောင်းကင်ထက်မှ ရောက်လာသော တန်ခိုးရှင်များအား တိတ်ဆိတ်စွာ ကြည့်နေသည်။ ကျူးကော့မိသားစု ပြဿနာ၌ သူက နန်းတော်နှင့် ရန်ဘက် မဖြစ်ချင်ဟု ပြောခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ယခု တိမ်ဖြူမြို့ကို နန်းတော်မှ အရှင်နှစ်ပါး ရောက်ရှိလာကြသည်။ သူတို့က သူ့အား လာရောက် ကူညီခြင်း မဟုတ်ကြောင်း ရီဖူရှင်းသိသည်။ နန်းဆောင်အရှင် နှစ်ယောက်က ကျူးကော့မိသားစုကို စွန့်ပယ်ပြီး ပိုင်ကလန်ကို ရွေးချယ်ခဲ့လေပြီ။

ဓားမိစ္ဆာက သူတို့အား ကြည့်နေသော လူငယ်ကို မြင်သည်တွင် ဆွံ့အရသည်။ နန်းတော်၏ ရပ်တည်ချက်က တစ်ဖက်ကို ယိမ်းယိုင်ခဲ့သည်မှာ အမှန်ဖြစ်သည်။ သို့သော်လည်း သည်ဆုံးဖြတ်ချက်ကား နန်းတော်သခင် ကိုယ်တိုင်၏ ဆုံးဖြတ်ချက်ဖြစ်ရာ သူတို့ မည်သို့မှ မတတ်နိုင်ပေ။ နန်းတော်သခင်ကား ဒဏ်ရာ အပြင်းအထန် ရထားကာ သူ၏ အသက်ရှင်မည့် အချိန်ကာလက နည်းပါးနေပြီ ဖြစ်သည်။ သူက မြေရိုင်းပြည်နယ်၌ ရှန့်ထိုတစ်ပါး မွေးဖွားရန် အလွန် ဆန္ဒပြင်းပြင်နေသလို သည်ကိစ္စက တော်ဝင်ကျဲနန်းတော်၏ သဘောထားလည်း ဖြစ်သည်။

“ရီဖူရှင်း… မင်း အခုတလော လုပ်ဆောင် နေတာတွေက တော်တော် အတင့်ရဲတယ်… တိမ်ဖြူမြို့က ချက်ချင်း ထွက်သွားလိုက်… ငါတို့က ဘာမှ မဖြစ်ခဲ့သလို သဘောထားပေးမယ်…” ထျန်ရှင်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ သူကား နန်းတော်၏ စည်းကမ်း ထိန်းသိမ်းရေးမှူးဖြစ်ရာ သူ့တွင် ပြောရေးဆိုခွင့် ရှိပေသည်။

“ကျုပ်က ဘယ်လို အတင့်ရဲတာလဲ…” ရီဖူရှင်းက ထျန်ရှင်းကို ကြည့်ကာ မေးခွန်းထုတ်သည်။ သည်တစ်ခေါက် သူက ဦးညွှတ် အရိုအသေပေးခြင်း မရှိတော့ဘဲ​ တိုက်ရိုက် ပြန်လည် မေးခွန်းထုတ်သည်။

“နန်ကလန်နဲ့ ကွန်ဆွန်ကလန်ကို သတ်ဖြတ်တယ်… တိမ်ဖြူမြို့မှာ လာပြီး ရမ်းကားတယ်… ဒါတွေက မြေရိုင်းပြည်နယ်ကို မတည်မငြိမ် ဖြစ်စေတယ်…” ထျန်ရှင်းက ပြောသည်။

“ခင်ဗျား ပြောပုံအရဆို နန်ကလန်နဲ့ ကွန်ဆွန်ကလန်က ကျုပ်ကို သတ်လို့ရတယ်… ကျုပ်က သူတို့ကို သတ်လို့မရဘူး… အဲဒီလိုလား… ကျူးကော့မိသားစုကို တိမ်ဖြူမြို့က တိုက်ခိုက်တာက မြေရိုင်းပြည်နယ်ကို မတည်မငြိမ် မဖြစ်စေဘူးလား…” ရီဖူရှင်းက ထျန်ရှင်းကို ကြည့်ကာ ပြောသည်… “စီနီယာက နန်းတော်ရဲ့ စည်းကမ်း ထိန်းသိမ်းရေးကို လုပ်ဆောင်ပြီးတော့ မြေရိုင်းပြည်နယ်မှာ မြင့်မားတဲ့ အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်တယ်… အခု နန်းတော်က ပြဿနာ စရှာတဲ့ဘက်ကို မပြောဘဲ​ ကျုပ်ကို လာတားနေတယ်… ဘာလို့လဲ…”

“မင်းက တဖြည်းဖြည်း ပိုဆိုးလာပြီ… ဒုတိယ နန်းတော်သခင်က မင်းကို ဒဏ်ရာမရစေဖို့ မှာကြားလိုက်တယ်… မင်းက နန်းတော်ရဲ့ တပည့်ဟောင်း တစ်ယောက်ဖြစ်တာကို ထောက်ပြီး ငါတို့က အများကြီး သက်ညှာထားပြီးပြီ…” ထျန်ရှင်းက ပြောသည်။

“ကျုပ်က တိမ်ဖြူမြို့ကို ဝင်ရောက်ခဲ့တယ်… တော်ဝင်ကျဲနန်းတော်က ကျုပ်ကို မတိုက်ခိုက်ပေမဲ့ မြို့စားပိုင်ဂူကရော…” ရီဖူရှင်းက ပြုံးလျက်မေးသည်.. “နန်းတော်က မြို့စားပိုင်ဂူကို ကျုပ်အတွက် တားပေးမှာလား…”

ထျန်ရှင်းက ပြန်မပြောပေ။ ရီဖူရှင်းက သရော်ဟန်ဖြင့် ပြုံးသည်… “နှစ်ဖက်ကြားက ပဋိပက္ခမှာ နန်းတော်က တစ်ဖက်ကို ဘက်လိုက်တယ်… ဘယ်လို ဟာသလဲ… ”

“တစ်စုံတစ်ယောက်က အကျိုးစီးပွားတစ်ခုကို မျှော်ကိုးလိုက်တဲ့အချိန်မှာ သူက တရားမျှတခြင်း မရှိတော့ဘူး… ခင်ဗျားတို့က အမှန်တရား ဖုံးကွယ်ဖို့ မကြိုးစားနဲ့…” ရီဖူရှင်းက ဖြည်းညင်းစွာ ပြောသည်… “နန်းတော်အရှင် နှစ်ယောက် ပေါ်လာတဲ့အချိန်မှာ နန်းတော်က တော်ဝင်မြေ မဟုတ်တော့ဘူး…”

တော်ဝင်ကျဲနန်းတော်၏ အကျိုးစီးပွားကား ပိုင်လွေလီဖြစ်သည်။

ရီဖူရှင်းကား အလွန် စိတ်ပျက်ရသည်။ ပိုင်လွေလီက ရှန့်ထိုဖြစ်ရန် တော်ဝင်ကျဲနန်းတော်က ကျူးကော့မင်းယွီကိုသာ စတေးနိုင်သည် မဟုတ်ဘဲ ကျူးကော့မိသားစု တစ်ခုလုံးကိုပင် စတေးလိုနေသည်။

“တော်ဝင်ကျဲနန်းတော်က ပုဂ္ဂိုလ်ရေး အတ္တစွဲကင်းတယ်… ” ထျန်ရှင်းက ပြောသည်။

“ကျုပ် ထွက်မသွားဘူးဆိုရင် နန်းတော်အရှင် နှစ်ယောက်က ဘာလုပ်မှာလဲ…” ရီဖူရှင်းက ထပ်မံ၍ မငြင်းဆန်လိုတော့ပေ။ သူက ပြဿနာ၏အဓိက ရင်းမြစ်ကို တိုက်ရိုက် ဦးတည်လိုက်သည်။

“ဒါဆိုလည်း ငါတို့က မင်းကို အတင်းဖယ်ရှားရမှာပဲ… ” ထျန်ရှင်းက ပြောသည်။

ရီဖူရှင်းက ရယ်မောလိုက်သည်… “ကောင်းပြီ… ဒါဆိုလည်း စကြရအောင်…”

“ရီဖူရှင်း… မင်း လက်လျှော့သင့်တယ်… မင်းက အနာဂတ်မှာ တကယ်ပဲ ရှန့်ထိုဖြစ်လာခဲ့ရင် မင်း ဆုံးရှုံးသွားတာတွေကို ပြန်ရလိမ့်မယ်…” ဓားမိစ္ဆာက ရီဖူရှင်းကို ပြောသည်။ သူကား အမှန်ပင် စေတနာဖြင့် ဖျောင်းဖျခြင်း ဖြစ်သည်။ ရီဖူရှင်းအား သည်မုန်တိုင်းထဲတွင် လွင့်ပါးပျက်စီး သွားမည်ကို သူမလိုလားပေ။

“ကျုပ်က ရှန့်ထိုဖြစ်လာရင်လည်း ဆုံးရှုံးသွားတာက ဆုံးရှုံးသွားတာပဲ… တန်ခိုးရှင်တွေက သူတို့ရဲ့ စိတ်နှလုံးကို နားထောင်သင့်တယ် ဆိုတာ ခင်ဗျားတို့လည်း သိတယ်… အခု အခြေအနေက နောက်ဆုတ်လို့ မရတော့ဘူး… ခင်ဗျားတို့က ဘာလို့ တွန့်ဆုတ် နေရသေးတာလဲ…” ထို့နောက် ရီဖူရှင်းက ယန်ဟောင်ကို ပြောသည်.. “အဘိုးယန်… အဘိုးက ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်ကို တစ်ခါမှ မသုံးရသေးဘူး… ဟုတ်တယ်မလား… ဒီနေ့ အဲဒီပညာကို ကျွန်တော် ကြည့်ချင်တယ်… ”

“ကောင်းပြီ…” ယန်ဟောင်က ခေါင်းညိတ်သည်… “မင်းက တိုက်ပွဲကို ဘယ်နေရာက ကြည့်မလဲ…”

ရီဖူရှင်းက ပျံသန်းကာ ယန်ဟောင်၏ ပခုံးထက်၌ နေရာယူလိုက်သည်။ သူကား ရှီအသိကို နားလည်ရန် ကြိုးစားနေပြီဖြစ်ရာ လက်ရှိတိုက်ပွဲက သူ့အတွက် မဟာအခွင့်အရေး ဖြစ်သည်။ ရှီတန်ခိုးရှင်များ၏ စွမ်းရည်များအား အနီးကပ် ဆင်ခြင်လေ့လာခွင့် မရမည့်အပြင် အဆင့်မြင့်တိုက်ပွဲ အတွေ့အကြုံကိုလည်း ရရှိဦးမည်။

ဘုန်း… ယန်ဟောင်က လေထဲကို ခုန်တက်လိုက်သည်။

ရှီတန်ခိုးရှင် ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့ကလည်း လေထဲကို ပျံတက်ကာ ယန်ဟောင်ကို ရင်ဆိုင်ကြသည်။ ကောင်းကင်မြေရိုင်း အဆင့်မှ တန်ခိုးရှင်များ၏တိုက်ပွဲက အားလုံး စိတ်ဝင်တစား စောင့်ကြည့်ရသော တိုက်ပွဲလည်း ဖြစ်သည်။

ရွှေလူဝံကြီးက ကောင်းကင်တွင် ရပ်လျှင် သူ၏ကြီးမားသော အရှိန်အဝါက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားသည်။ သူက လက်ကို ဆန့်တန်းလိုက်သည်တွင် သဘာဝစွမ်းအင်မှ ဖြစ်တည်လာသော နှင်တံတစ်လက်က ကြီးမားသော အရှိန်အဝါနှင့်အတူ ပေါ်လာ၏။

ထျန်ရှင်းကလည်း လျှော့မတွက်ရဲပေ။ သူက ကောင်းကင် ဖြတ်သန်းခြင်း ရှစ်ဆယ့်တစ်ချက်၏ တိုက်ခိုက်ရေး စွမ်းအင်ကို သိသည်။ လူဝံများ၏ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော ထိုနှင်တံပညာကား တိုက်ခိုက်ရေး စွမ်းအားတွင် ပြိုင်ဘက်ကင်းသည်။

သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာကာ ကောင်းကင်ပုဆိန်ရှည် တစ်လက် သူ၏လက်ထဲတွင် ပေါ်လာသည်။ လက်နက်မှ ရွှေရောင်အလင်းများ ဖြာထွက်လာ၏။

ရီဖူရှင်းက ယန်ဟောင်၏ပခုံးတွင် ရပ်နေသည်။ သူ့အား ရွှေရောင် အလင်းအရံအတား တစ်ခုက ကာကွယ်ထား၏။ အရံအတား၏ ကာကွယ်မှုဖြင့်ပင် ရီဖူရှင်းက သူ့ထံကို ဖိအားပေးလာသော ရှီစွမ်းအင်အား ခံစားမိနေသည်။

“လျှပ်စီးပြစ်ဒဏ်…” ထျန်ရှင်းက အေးစက်စွာ ပြောသည်။ မဆုံးနိုင်သော လျှပ်စီးအလင်းတန်းများက ကောင်းကင်ပေါ်မှ ကျဆင်းလာကာ ရှောင်ဖယ်ရန် နေရာလွတ် မကျန်တော့ပေ။ သည်မျှ အားကောင်းသော မှော်စွမ်းအင်အား သာမန် အရံအတားမျှဖြင့် ကာကွယ်နိုင်မည် မဟုတ်ပေ။

ရီဖူရှင်းက သူတို့ထံကို ကျဆင်းလာသော လျှပ်စီးတန်းများအား သေသေချာချာ လေ့လာသည်။ သည်မှော်ပညာကား ကြောက်မက်ဖွယ် လောက စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကာ စစ်တပ်တစ်ခုလုံးကိုပင် အလွယ်တကူ ရှင်းလင်း ပစ်နိုင်ပေသည်။

ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာ အသိတစ်ခု မွေးဖွားလာကာ ယန်ဟောင်က သူ၏နှင်တံကို ဝှေ့ယမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို အလင်းအရံအတားက ကာကွယ်ထားကာ ပုံရိပ်ယောင်များ စတင်ဖြစ်ပေါ်လာသည်။ ကောင်းကင်တွင် တဝုန်းဝုန်း ပေါက်ကွဲသံများကြားကာ အားလုံးက လေထဲမှ တိုက်ပွဲကို အသေအချာ ကြည့်နေကြသည်။ လေပြင်းများ တိုက်ခိုက်ကာ ကောင်းကင်နှင့် မြေပြင်က အမှန်ပင် တုန်ယင်မြည်ဟည်းနေပြီး တစ်ခါတစ်ရံ လျှပ်စီးမုန်တိုင်းများ ဖြစ်ပေါ်သည်။ အလင်းတန်းများက နေရာတိုင်းတွင်ရှိကာ ယန်ဟောင်အား အဆက်မပြတ် တိုက်ခိုက်နေသည့်တိုင် ယန်ဟောင်အား ထိခိုက်အောင် မတတ်နိုင်ပေ။

ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားလာရသည်တွင် ထျန်ရှင်း၏ အမူအရာက အလွန် လေးနက်သွားသည်။ လေထဲတွင် ​နောက်ထပ် နှင်တံပုံရိပ်များစွာ ဖြစ်ပေါ်လာသည်။ ထိုပုံရိပ်များက ယန်ဟောင်၏ သိုင်းပညာအသိကြောင့် ဖြစ်လာကာ ယန်ဟောင် လှုပ်ရှားသည်နှင့်အညီ ပုံရိပ်ယောင်များကလည်း လိုက်ပါ လှုပ်ရှားကြသည်။ ထို့နောက် ကောင်းကင်တွင် အလွန်ကြီးမားသော ဖိအားက ပိုမို၍ အားကောင်းလာသည်ကို ခံစားကြရသည်။

“ယန်ဟောင်က အရင်ကထက် ပိုပြီး အားကောင်းလာတယ်…” ထျန်ရှင်းနှင့် ဓားမိစ္ဆာတို့၏ အမူအရာတို့ ပြောင်းလဲသွားသည်။ ပိုမို အားကောင်းသော လျှပ်စီးတန်းများက သူ၏ပုဆိန်ရှည်တွင် စုစည်းလာနေသည်။

“ဓားမိစ္ဆာ… ငါမင်း အကူအညီလိုတယ်…” ထျန်ရှင်းက ပြောသည်။ ဓားမိစ္ဆာက ခေါင်းညိတ်သည်။ သူကလည်း ယန်ဟောင်ထံမှ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိသည်။

လေထဲတွင် ဓားမုန်တိုင်းတစ်ခု စတင် ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားသွားများက မိုးစက် မိုးပေါက်များကဲ့သို့ ယန်ဟောင်ထံကို ကျဆင်းလာသော်လည်း အရံအတားကို မကျော်လွှားနိုင်ဘဲ ဖြစ်နေသည်။

“ငါတို့ ထပ်စောင့်လို့ မရတော့ဘူး…” ထျန်ရှင်းက ပြောသည်။ သူက ပြောပြီးသည်နှင့် ထိုနေရာမှ ပျောက်ကွယ်သွားသည်။ ဓားမိစ္ဆာကလည်း မြန်ဆန်စွာပင် လှုပ်ရှားကာ ရှေ့ကို တိုးဝင်သွာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset