အပိုင်း (၆၈၆)

တိမ်ဖြူမြို့တွင်

တိမ်ဖြူမြို့တွင် လူဝံတစ်စု ကောင်းကင်မှ ဆင်းသက်လာကြသည်။ ချက်ချင်းပင် တစ်မြို့လုံး ဆူညံ ပွတ်လော ရိုက်သွားကြသည်။ မကြာမီကလည်း ထိုက်ဟန်တောင်က တိမ်ဖြူမြို့ကို တစ်ကြိမ် လာခဲ့သေးသည်။

“ မြို့စားကို မြန်မြန်အသိပေး… ”

တိမ်ဖြူမြို့မှ တစ်ယောက်က ပြောသည်။

“ မြို့စား မရှိဘူး… ”

နောက်တစ်ယောက်က ပြောသည်။ ထိုအခိုက်တွင် သူတို့အားလုံး၏ အမူအရာများ ပျက်ယွင်း သွားကြသည်။ မြို့စားက ယခု ရွှမ်းဝူမြို့တွင် ဖြစ်သည်။ ကောင်းကောင်း မြေရိုင်းအဆင့် ၁၈တွင်ရှိသော ယန်ဟောင်ကို မည်သူက တားဆီးနိုင်မည်နည်း။

ကွန်ဆွန်ကလန်ကား အဆုံးသတ်ပေပြီ။ ထိုအတွေးကား အားလုံးသူ၏ခေါင်းထဲကို ရောက်လာသည်။

ယခု အန္တရာယ်နှင့် အနီးကပ်ဆုံးကား ကွန်ဆွန်ကလန် ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။ ယခင်တစ်ခေါက်က မြို့စား၏ ဝင်ရောက် ကာကွယ်ပေးမှုကြောင့် သူတို့ကလန်က သက်သာရာ ရခဲ့သော်လည်း ယခုတစ်ခေါက်ကတော့ လွယ်ကူမည် မဟုတ်ပေ။

ဘုန်း…

ကွန်ဆွန်ကလန်မှ လူများအားလုံး ထိတ်လန့်သွားကြသည်။ ထိုအသံကား သူတို့နှင့် ရင်းနှီး ကျွမ်းဝင်နေပြီ ဖြစ်သည်။ ထို့နောက်တွင် တဘုန်းဘုန်း မြည်သံများ ဆက်တိုက် ကြားလာကြရသည်။ ကွန်ဆွန်ကျင့်နှင့် ရှီတန်ခိုးရှင် အနည်းငယ်တို့က သူတို့၏စိတ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ မကြာမီ သူတို့၏မျက်နှာများက ပြာနှမ်းလာကြ၏။

“ မိသားစုက လူတွေ… နားထောင်… သွားကြတော့… ”

ကွန်ဆွန်ကျင့်က မြန်ဆန်စွာပင် အမိန့်သေးသည်။ သို့သော်လည်း ထိုအခိုက်တွင်ပင် လေထဲမှ ရွှေရောင် အလင်းတန်း တစ်ခု ပျံသန်းလာသည်ကို မြင်သည်။ ကောင်းကင်မှ ဧရာမရွှေလူဝံကြီးတစ်ကောင် ကြီးမားသော အရှိန်အဝါဖြင့် ဆင်းသက်လာသည်။

“ ယန်ဟောင်… မင်းက ငါတို့ကို ဘာလို့ မလွှတ်ပေးနိုင်ရတာလဲ… ”

ကွန်ဆွန်ကျင့်က လေထဲကို ပျံတက်သွားကာ တုန်လှုပ်စွာ ပြောသည်။ ယခု မြို့စားက တိမ်ဖြူမြို့တွင် မရှိပေ။ ယန်ဟောင်က နောက်တစ်ကြိမ် ရောက်လာမည်ဟု သူမထင်ထားပေ။

“ ခင်ဗျားက ကျုပ်ကို သတ်ဖို့ လူလွှတ်တဲ့ အချိန်မှာ ဒါကို မတွေးခဲ့ဘူးလား… ”

အသံတစ်သံကို ကြားရသည်တွင် ယန်ဟောင်၏နောက်ကျောမှ ရီဖူရှင်းကို ကွန်ဆွန်ကျင့်က မြင်သည်။ ကွန်ဆွန်ကျင့် အလွန်အမင်း ထိတ်လန့်သွားသည်။ ယန်ဟောင်နှင့် ရီဖူရှင်းတို့၏ ပတ်သက်မှုက ထိုမျှ ရင်းနှီးသော အခြေအနေ ဖြစ်နေသည်ကို သူမထင်ထားပေ။ ဒါ ဘာလို့လဲ…။ သူ နားမလည်ပေ။

ဧရာမ နှင်တံကြီးတစ်လက်အား ယန်ဟောင်က ကိုင်ဆောင်ကာ ကောင်းကင်မှ မိုး၍​ ရိုက်ချလိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်၌ နှင်တံပုံရိပ်များဖြင့် ပြည့်နှက်သွားကာ ကွန်ဆွန်ကလန် ထံသို့ ဆင်းသက်လာကြသည်။

“ ကျုပ် နောင်တရတယ်… ”

ကွန်ဆွန်ကျင့်က အော်ဟစ်ကာ ရှိရှိသမျှ စွမ်းအားဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း နှင်တံပုံရိပ် ဆင်းသက်လာသောအခါ သူ မည်သို့မှ မတတ်နိုင်ဘဲ ဖြစ်ရသည်။ သူကား မြေပြင်တွင် ပြားကပ်လျက် သေဆုံးသွားရကာ ကွန်ဆွန်ကလန်တစ်ခုလုံးကလည်း အပျက်အစီးပုံ ဖြစ်သွားသည်။

“ ယန်ဟောင်… ”

အဝေးမှ အသံတစ်သံကို ကြားကြရသည်။ ယွန်ကလန်ခေါင်းဆောင်က အဝေးမှ ပြေးလာကာ ဒေါသတကြီး ပြောသည်..

“ မင်း ရူးနေတာလား… ”

“ မြို့တော်ဝန်အိမ်တော်ကို… ”

ရီဖူရှင်းက ပြောသည်။

ယန်ဟောင်က ခေါင်းညိတ်ကာ တိမ်ဖြူမြို့၏မြို့စားနေအိမ်သို့ ဦးတည်လိုက်သည်။ ထိုစကားသံကို ယွန်ဟိုကလည်း ကြားကာ မျက်နှာ ပျက်သွားသည်။ ယန်ဟောင်က တိမ်ဖြူမြို့ကို လာရောက်ခြင်းမှာ ကွန်ဆွန်လန်အတွက် မဟုတ်သည်ကို ယခုမှ ရိပ်မိလိုက်သည်။

ကောင်းကင်ပြက္ကဒိန်၏ ၁၀၀၀၉ခုနစ်ကား ငြိမ်သက် အေးဆေးသော နှစ်တစ်နှစ် မဟုတ်တော့မည်မှာ သေချာသည်။ မြေရိုင်းပြည်နယ်၏ နှစ်သစ်ကုန်း အချိန်အခါကလည်း ငြိမ်းချမ်း တိတ်ဆိတ်သော အငွေ့အသက်များ မရှိတော့ပေ။

မြေရိုင်းပြည်နယ်က မကြာခင် မုန်တိုင်းထန်တော့မည်။

သို့သော်လည်း တိမ်ဖြူမြို့စားကား တိတ်ဆိတ် ငြိမ်သက်နေသည်။ မြို့စားပိုင် ဂူကိုယ်တိုင်က ကောင်းကင် မြေရိုင်းအဆင့်၄တွင် ရှိနေခြင်းက တိမ်ဖြူမြို့ကား အမြင့်ဆုံးသော အာဏာ အဆင့်အတန်းများကို ပေးသည်။ မြေရိုင်းပြည်နယ်တွင် မည်သို့ဖြစ်နေပါစေ တိမ်ဖြူမြို့က တုန်လှုပ်ခြင်း ကင်းသည်။ သူတို့အား မည်သူက ထိရဲမည်နည်း။

ထို့ကြောင့် ကမ္ဘာပျက်ဖွယ် အသံကြီး တိမ်ဖြူမြို့ထဲမှ လာသည့်တိုင်အောင် သူတို့က ဘာဖြစ်နေသည်ကို မသိကြသေးပေ။ အကြီးအကဲ တချို့ကသာ သူတို့၏ လက်အောက်ငယ်သားများကို သွားကြည့်ရန် ညွန်ကြားချက်များ ပေးထားကြသည်။ သို့သော်လည်း လေထဲမှ လူဝံတစ်အုပ် ပျံသန်းလာသည်ကို မြင်သောအခါ သူတို့အားလုံး စတင်၍ စိုးရိမ် ထိတ်လန့်လာကြတော့သည်။

သူတို့ကား ထိုက်ဟန်တောင်မှ လူဝံများ ဖြစ်ကြသည်။ ထိုက်ဟန်တောင်မှ လူဝံများက ယခင် တစ်ခေါက်ကလည်း လာရောက်ဖူးသည်ကို သူတို့ ကောင်းကောင်း မှတ်မိကြသည်။ ထိုစဉ်က မြို့စားပိုင်ဂူက သူတို့အား တားဆီးခဲ့သည်။ ယခု ထိုက်ဟန်တောင်မှ လူဝံများ နောက်တစ်ဖန် ရောက်လာကြသည်။ ဒါက ဘာကို ဆိုလိုသနည်း။ ထို့အပြင် သူတို့က အဘယ်ကြောင့် မြို့စားအိမ်တော်သို့ ဦးတည်နေရသနည်း။

မကြာမီ မြို့စားအိမ်တော်မှ အကြီးအကဲများက တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားမိလိုက်ကြသည်။ သူတို့က လေထဲကို ခုန်တက်ကာ ထိုက်ဟန်တောင်မှ လူဝံများကို လက်ခံတွေ့ဆုံရန် ကြိုးစားကြသည်။

“ ထိုက်ဟန်တောင်က တိမ်ဖြူမြို့ကို ဘာလုပ်ဖို့လာတာလဲ… ”

တစ်ယောက်က ယန်ဟောင်ကို ကြည့်ကာ မေးသည်။

“ ဝင်ကြမယ်… ”

ရီဖူရှင်းက ပြောသည်။ ယန်ဟောင်က မြို့စားအိမ်တော်ထဲကို လှမ်းဝင်သည်။ ဘုန်းခနဲ မြည်သံနှင့်အတူ မြို့စားအိမ်တော်၏ ဂိတ်တံခါးက ရိုက်ချိုးခံရ၏။

“ အတင့်ရဲတယ်… ”

တစ်ယောက်က အော်ဟစ်သည်တွင် ယန်ဟောင်က သူ့အား ကြည့်သည်။ သူ၏အေးစက်စက် မျက်လုံးက တစ်ဖက်လူအား ကြောက်ရွံ့ တုန်လှုပ်စေသည်။

“ ယန်ဟောင်… ”

ယွန်ဟိုက လမ်းတစ်လျှောက်လုံး လိုက်လာကာ ယန်ဟောင်ကို ပြောသည်…

“ တိမ်ဖြူမြို့က ထိုက်ဟန်တောင်နဲ့ ရန်ငြိုးမရှိဘူး.. မြို့စားက ထိုက်ဟန်တောင်ကို သွားပြီး တိုက်ခိုက်မှာ မင်းမကြောက်ဘူးလား… ”

“ ခင်ဗျား အခုထိ ဒီမှာ ရှိနေတုန်းလား…”

ရီဖူရှင်းက ယွန်ဟိုကို ကြည့်ကာ မေးသည်။ ယန်ဟိုက ယန်ဟောင်၏ကျောမှ လူငယ်ကို ကြည့်ပြီးမှ​ ယခု ထိုက်ဟန်တောင်၏လှုပ်ရှားမှုများအား ထိုလူငယ်က ညွန်ကြားနေသည်ကို ရိပ်မိလိုက်သည်။

“ ခင်ဗျားက ရွှမ်ဝူမြို့ကို မသွားသေးဘူးလား… ”

ရီဖူရှင်းက ပြုံးလျက်​ အေးစက်စွာ ပြောသည်…

“ တိမ်ဖြူမြို့စားကို ပြောလိုက်… ကျုပ်က ဒီမှာ ရက်နည်းနည်း နေဦးမယ်လို့… တကယ်လို့ ကျုပ်အစ်ကို၃နဲ့ အစ်၂တို့ ဆံခြည်တစ်မျှင် ထိခိုက်တယ်ဆိုတာနဲ့ မြို့စားအိမ်တော်ကို ထပ်မမြင်ရတော့ဘူးလို့…”

ယွန်ဟိုက ရီဖူရှင်းကို ကြည့်သည်။ နိုဘယ် အဆင့်တန်ခိုးရှင် တစ်ယောက်က အမှန်ပင် တိမ်ဖြူမြို့စား အိမ်တော်ကို ဖျက်ဆီးရန် ကြံစည်နေသည်။ သူ၏စကားက ဟာတစ်ခုထက် မပိုဟု ထင်မှတ်ရနိုင်သော်လည်း သူ့ရှေ့မှ လူငယ်ကား အမှန်ပင် ထိုသို့ လုပ်နိုင်ပေသည်။

“ မင်း လုပ်ရဲလား… ”

တိမ်ဖြူမြို့စားအိမ်တော်မှ တန်ခိုးရှင်တစ်ယောက်က ဒေါသတကြီး အော်သည်။

“ စကားများတယ်… ”

ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ယန်ဟောင်က ရှေ့ကို တက်ကာ သူ၏ ဧရာမလက်ဖြင့် လှမ်းရိုက်လိုက်သည်။ ချက်ချင်းပင် ဧရာမလက်ဝါးကြီး ပုံရိပ်တစ်ခု လေထုကို ခွင်းလျက် လှမ်းအော်လိုက်သော တန်ခိုးရှင်ထံ တိုးဝင်သွားသည်။

ဘန်း…

စွမ်းအားမြင့် ရှီတန်ခိုးရှင်ကား မည်သို့မှ ခုခံနိုင်စွမ်းမရှိဘဲ အဝေးကို လွင့်စဉ်သွားကာ အသက်မဲ့စွာဖြင့် မြေပြင်ပေါ်ကို ကျသည်။ ချက်ချင်းပင် မြို့စားအိမ်တော်မှ လူများအားလုံးက တိတ်ဆိတ်သွားကာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ယန်ဟောင်ကို ကြည့်ကြသည်။

သူ အမှန်တကယ် သတ်ဖြတ်ရဲသည်။

“ ရွှမ်ဝူမြို့ကို ကျုပ်သွားလိုက်မယ်… ဒါပေမဲ့ မင်းတို့ အခုလုပ်နေတာရဲ့ အကျိုးဆက်ကို သေချာပေါက် သိဖို့လိုတယ်… ”

ယွန်ဟိုက ပြောကာ မြန်နိုင်သမျှ မြန်မြန် ပျံသန်းထွက်ခွာသွားသည်။

ရီဖူရှင်းက တစ်ဖက်လူကို ကြည့်သည်။ သူ၏တန်ခိုးအဆင့်ဖြင့် တိမ်ဖြူမြို့နှင့် ရင်ဆိုင်ခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက် မဟုတ်ကြောင်းသိသည်။ မည်သို့ဆိုစေ သူလုပ်နိုင်သည်က တစ်ဖက်အုပ်စု၏ အင်အားကို လျှော့ချရန်သာ ဖြစ်သည်။ တိမ်ဖြူမြို့စားပိုင်ဂူက သူ့အား အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သို့သော်လည်း သူက တစ်စုံတစ်ခုကို လုပ်ရန် လိုအပ်နေသည်။

တိမ်ဖြူမြို့က ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်းကာ ကျူးကော့ မိသားစုကို တိုက်ခိုက်တော့မည် ဖြစ်သည်။ ယခု နဂါးပတ်တောင်ကား အန္တရာယ်ပတ်လည် ဝိုင်းနေသည်။ တစ်ဖက်အုပ်စု၏ ရည်ရွယ်ချက်က သူ၏ အစ်ကို၃ဖြစ်၏။ အကယ်၍ သူ၏အစ်ကို၃ကသာ တစ်ဖက် အုပ်စုလက်ထဲကို ကျဆင်းသွားလျှင် အကျိုးဆက်ကို စဉ်းစားရန် မလိုတော့ပေ။

တိမ်ဖြူမြို့စား လုပ်ဆောင်နေသည်ကား သူ၏အစ်ကို၃နှင့် အစ်မ၂တို့အား သေတွင်းကို ပို့နေခြင်း ဖြစ်သည်။ ဤသို့သော အခြေအနေတွင် သူက မတတ်သာဘဲ ရက်စက် ရပေတော့မည်။ ကောင်းကင် မြေရိုင်းအဆင့်၄ဖြင့် ရင်ဆိုင်ရလျှင်ပင် သူဂရုမစိုက်ပေ။

မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာကြသည်။ သည်လူငယ်လေးကား ယခင်က ပါရမီရှင် အဆင့်၁ဖြစ်သည်ကို သူတို့မှတ်မိကြသည်။

“ တိမ်ဖြူမြို့စားက ဘာမှ မလုပ်ရသေးဘူးလို့ ခင်ဗျားတို့ ဆုတောင်းထားကြ… ”

ရီဖူရှင်းက ထိုလူများကို သတ်ဖြတ်လိုသော အငွေ့အသက်များ ခြုံလွှမ်းသော မျက်လုံးများဖြင့် ပြောသည်။ ရီဖူရှင်းနှင့် ထိုက်ဟန်တောင် လူဝံများက တိမ်ဖြူမြို့စား အိမ်တော်ကို ကျူးကျော်ကာ ခြိမ်းခြောက်ခြင်းက နှစ်ပေါင်းများစွာ အတွင်း ယခုမှ တစ်ခါ မြင်ဖူး ကြုံဖူးခြင်းလည်းဖြစ်သည်။

သတင်းက မြန်ဆန်စွာပင် ပတ်ဝန်းကျင် ဒေသများသို့ ပျံ့နှံ့သွားသည်။

တော်ဝင်ကျဲနန်းတော်က ထိုသတင်းကို ကြားသောအခါ လူအများအပြားက ဒေါသပေါက်ကွဲကြသည်။ တိမ်ဖြူ မြို့စားကိုယ်တိုင်က နန်းတော်၏ တပည့်ဟောင်းတစ်ယောက် ဖြစ်သလို ပိုင်လွေလီကား နန်းတော်၏ အနာဂတ်ဆက်ခံသူဖြစ်သည်။ ဂူတုံးလျိုနှင့် တိုက်ပွဲပြီးကတည်းက ပိုင်လွေလီကား မြေရိုင်းပြည်နယ်မှ ထွက်သွားကာ အတွေ့အကြုံရှာနေသည်။ ပိုင်စီက နန်းတော်တွင် လေ့ကျင့်နေဆဲ ဖြစ်သော်လည်း ယခု ရီဖူရှင်းက အမှန်ပင် ထိုက်ဟန်တောင်မှ လူဝံများကို ဦးဆောင်လျှက် မြို့စားအိမ်တော်ကို ကျူးကျော်ကာ ခြိမ်းခြောက်နေသည်။

ယခုတွင် ရှီနန်းတော်၌ မရေမတွက်နိုင်သော တန်ခိုးရှင်များ စုစည်းရောက်ရှိလာကြကာ နန်ရှင်းက ပြောသည်…

“ နန်းတော်သခင်… ရီဖူရှင်းက အတင့်ရဲလွန်းတယ်… နန်းတော်က တစ်ခုခုမလုပ်ရင် ပိုင်လွေလီရဲ့ဘက်က ဘာဖြစ်သွားမလဲတောင် မသိဘူး… ”

လျူချန်း၏အမူအရာက သုန်မှုန်နေသည်။ တိမ်ဖြူမြို့စားက ရွှမ်ဝူမြို့ကို ရောက်သွားသည်ကို သိရှိခဲ့ကာ သူက မသက်မသာ သက်ပြင်းချနေခဲ့ရသည်။ မည်သို့ဆိုစေ ပိုင်ဂူနှင့် ကျူးကော့ချန်းဖန်တို့ နှစ်ယောက်လုံးက နန်းတော်၏ တပည့်ဟောင်းများ ဖြစ်ကြသည်။ စေ့စပ်ပွဲနေ့မှ ကျူးကော့ချန်းဖန်၏ အပြုအမူက ပိုင်ဂူအား အလွန်အမင်း ဒေါသ ထွက်စေခဲ့ပေမည်။ ထို့အပြင် ရှန့်ထိုရတနာကြောင့်လည်း ပိုင်ဂူက ကျူးကော့အိမ်တော်ကို တိုက်ခိုက်လိုခြင်း ဖြစ်ဟန်ရသော်လည်း ပိုင်ဂူက လွန်လွန်ကျူးကျူး လုပ်ဆောင်ခြင်း မရှိသေးပေ။ သူက ကျူးကော့မိသားစုအား ဂူတုံးလျိုကို ထုတ်ပေးရန်သာ တောင်းဆိုထားသေးသည်။ သို့သော် ရီဖူရှင်း၏ အပြုအမူက မြေရိုင်းပြည်နယ်တစ်ခုလုံးကို မီးထတောက်ရန် ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေသည်။

နန်းတော်က ဤမျှ ကြီးမားသော လှုပ်ခတ်မှု ဖြစ်သွားခြင်းမှာလည်း ပိုင်လွေလီကြောင့် ဖြစ်သည်။ မြို့စားပိုင်ဂူက လွန်လွန်ကျူးကျူး လုပ်ဆောင်ထားခြင်း မရှိသေးဟု သူတို့ ခံစားရသည်။ သို့သော် ရီဖူရှင်း၏ အမြင်တွင်ကား ကွဲပြားပေသည်။ ဂူတုံးလျိုကား သူ၏အစ်ကို၃ဖြစ်ကာ အစ်ကို၃တစ်ခုခု ဖြစ်ရန် သူမလိုလားပေ။

“ ပိုင်ဂူက ရွှမ်ဝူမြို့ကို ထွက်သွားတယ်… နန်းတော်က ဝင်မစွက်ဖက်ခဲ့မှတော့ ဘာလို့ အခုမှ ဝင်စွက်ဖက်ချင်ရတာလဲ… ပိုင်ဂူက ကျူးကော့မိသားစုကို တိုက်ခိုက်ဖို့ နန်းတော်က ကူညီမလို့လား… ”

ထောင်ကျန်းက ပြောသည်…

“ ကျူးကော့ချန်းဖန်က နန်းတော်ရဲ့ တပည့်မဟုတ်ဘူးလား… ”

“ စေ့စပ်ပွဲနေ့က ကျူးကော့ချန်းဖန်ရဲ့ အပြုအမူက နန်းတော်ရဲ့ ဆန္ဒကို သွေဖယ်နေတယ်… ” နန်ရှင်းက ပြောသည်။

“ နန်းတော်က ပိုင်လွေလီဘက်က ရပ်တည်ပြီးတော့ ကျူးကော့မိသားစုကို စတေးစေချင်တာကရော… တိမ်ဖြူမြို့က လိုလိုလားလား လက်ခံမှာပေါ့.. .ကျူးကော့ မိသားစုအတွက်ကရော… ”

ထောင်ကျန်းက ပြောသည်… “ ဒီကိစ္စမှာ နန်းတော်က အစကတည်းက ဝင်မပါခဲ့မှတော့ အခုလည်း ဝင်မပါသင့်ဘူး… ”

လျူချန်းက မျက်မှောင်ကြုတ်သွားသည်။ သူက ထျန်ရှင်းဘက်ကို လှည့်ကာ မေးသည်… “ မင်းဘယ်လိုထင်လဲ… ”

***

Comment

Leave a Reply

Options

not work with dark mode
Reset