အပိုင်း (၆၈၅)

လက်နက်တပ်ဆင်ခြင်း

ကျန်းရှာက တိမ်ဖြူမြို့ကို ထွက်ခွာသွားခဲ့သည်။ သူကား လမ်းတစ်လျှောက်တွင် ဂူတုံးလျို၏ ပြစ်မှုများအား သတင်းလွှင့်နေသည်။ ဂူတုံးလျိုက အမှန်တရားကို ပြောရန် တွန့်ဆုတ်နေမှတော့ သူကလည်း ထိုအချက်ကို အသုံးချကာ အမှားကို အမှန် လုပ်ရပေတော့မည်။

သတင်းက မကြာခင် နေရာအနှံ့ ပျံ့နှံ့သွားသည်။ ကျန်းရှာ၏ သွေးဆောင်မှုဖြင့် ပိုင်ဂူက တိမ်ဖြူမြို့မှနေ၍ ကျူးကော့အိမ်တော်သို့ ထွက်လာနေသည်။ သတင်းများကို ကြားသိရသော တခြား အင်အားစုများကလည်း အခြေအနေကို စနည်းနာရရန် ရွှမ်ဝူမြို့သို့ လှမ်းလာနေကြသည်။ ကြည့်ရသည်မှာ ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပျက်တော့မည့်ဟန် ရနေသည်။

ရီဖူရှင်းမူကား သူ၏ လေ့ကျင့်မှုများတွင်သာ အာရုံစိုက်ထားသည်။ သူက မြန်နိုင်သမျှ မြန်မြန် ရှီအဆင့်သို့ တက်လှမ်းလိုသည်။ ထို့ကြောင့် သူ၏စိတ်အာရုံများ အားလုံးကို ရှီများ၏ လောကစွမ်းအားကို လေ့လာဆင်ခြင်နေ၏။ သို့သော်လည်း နဂါးပတ်တောင်မှ သတင်းများကို ကြားရသော်အခါ သူ၏ စိတ်အာရုံများအားလုံး ပျက်ပြား သွားခဲ့ရသည်။

တိမ်ဖြူမြို့က အမှန်ပင် ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်းကာ ကျူးကော့မိသားစုကို တိုက်ခိုက်လိုနေသည်။

မကြာမီ ထိုက်ဟန်တောင်မှ တဝုန်းဝုန်းမြည်သံများ ကြားလာရသည်။ ရွှေလူဝံများက ကောင်းကင်ထက်ကို ပျံသန်း ထွက်ခွာသွားကြကာ ရှေ့ဆုံးမှ ဦးဆောင်သူ၏ ပခုံးထက်တွင်လည်း လူတစ်ယောက်ကို မြင်တွေ့ရသည်။ ယန်ဟောင်က ထိုက်ဟန်တောင်မှ တစ်ဖန် ဆင်းသက်လာပြန်ကာ သည်တစ်ခေါက် ရီဖူရှင်းလည်း လိုက်ပါလာသည်။

မြေရိုင်းပြည်နယ်ကား ပေါက်ကွဲတော့မည့် အခြေအနေကို ရောက်လာပြီ ဖြစ်သည်။ ယခင် အဖြစ်အပျက်များတွင် တိမ်ဖြူမြို့က သေချာပေါက် ကျူးကော့မိသားစုကို အငြိုးထားပေမည်။ သို့သော်လည်း တိမ်ဖြူမြို့က ကျိရှမ်းကမ်းပါးနှင့် ပူးပေါင်းကာ ကျူးကော့မိသားစုကို ရင်ဆိုင်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။

သည်တစ်ခေါက် သူတို့၏ တရားဝင် ရပ်တည်မှု ဖြစ်နိုင်ပေသည်။ တိမ်ဖြူမြို့စားနှင့် ကျူးကော့ချန်းဖန်တို့ကား တော်ဝင်ကျဲနန်းတော်၏ထိပ်သီးပါရမီရှင်များ ဖြစ်ခဲ့ကြကာ ယခု သူတို့က လူငယ်မျိုးဆက်တို့၏လက်ထပ်ပွဲကြောင့် ဆန့်ကျင်ဘက် အခြေအနေသို့ ရောက်နေကြသည်။ ထိုအဖြစ်က လူအများအပြားအား သက်ပြင်းချစေသည်။

နဂါးပတ်တောင်ကား အနုတ်လက္ခဏာဆောင်သော အခြေအနေကို ရောက်နေသည်။ မည်သည့် အဖွဲ့အစည်းကမှ ဝင်ရောက်ပြောဆိုရဲခြင်း မရှိပေ။ အားလုံးက ကျူးကော့မိသားစု၏ အဝေးမှသာ စောင့်ကြည့်နိုင်ကြသည်။ ကျိရှမ်းကမ်းပါးနှင့် တိမ်ဖြူမြို့တို့ကို သူတို့ အပြစ်မလုပ်ရဲပေ။

ပိုင်ဂူက ရွှမ်းဝူမြို့ကို ရောက်သောအခါ ကျူးကော့မိသားစုကို ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးဘဲ စောင့်နေသည်။ ကျူးကော့ချန်းဖန်တွင် ရှန့်ထို အဆင့်လက်နက်ရှိကာ အလွယ်တကူ ရင်ဆိုင်မရနိုင်ပေ။ သူတို့က ရွှမ်းဝူမြို့တွင် ရှိနေသရွေ့ ကျူးကော့မိသားစုအား ဖိအားပေးနိုင်ပေသည်။ ယခု ကျူးကော့မိသားစုကား အတွင်း၌ပင် ဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်။ မည်သို့ဆိုစေ ကျူးကော့မိသားစုဝင် အများစုက ပိုင်လွေလီနှင့် ကျူးကော့မင်းယွီကိုသာ သဘောတူခဲ့ကြပေသည်။

မြေရိုင်းပြည်နယ်၊ အာခီမီမြို့စား၏ အိမ်တော်တွင် ဖြစ်သည်။

ရွှမ်းဝူမြို့မှ ကိစ္စရပ်များကို ယူစီက ကောင်းကောင်း သိသည်။ သူက ရွှမ်းဝူမြို့ကို လူများ စေလွှတ်ထားသည်။ သို့သော်လည်း ယနေ့ သူ့ထံကို တန်ခိုးရှင်တစ်ခု ရောက်လာကြသည်။ ရွှေလူဝံကြီးများနှင့်အတူ ယန်ဟောင်နှင့် ရီဖူရှင်းတို့က သူ့ထံကို ရောက်လာကြသည်။ ယူစီက သူ့ရှေ့မှ အုပ်စုကို ကြည့်ကာ အလွန်အမင်း လေးနက်နေသည်။ ရွှမ်းဝူမြို့ကား ပေါက်ကွဲတော့မည့် အခြေအနေသို့ ရောက်နေကာ ရီဖူရှင်းက အာခီမီမြို့ကို ရောက်လာသည်။

“ညီငယ်လေး…” ရွှီယီနှင့် ယူချီတို့ ရောက်လာကြသည်။ ယခု ယူချီ၏ကိုယ်ဝန်ကား အရင့်အမာဖြစ်နေကာ မကြာမီ မွေးဖွားတော့မည်ဟု ယူဆရသည်။ ထို့ကြောင့် ယူချီကားသည် ရက်ပိုင်းတွင် အလွန်ဆိုးဝါးသော အခြေအနေတွင် ရှိနေသည်။

“ယန်ဟောင်…” ယူစီက သူ့ရှေ့မှ အုပ်စုကို ကြည့်ကာ မေးသည်… “ခင်ဗျာတို့က ဘာလို့ ဒီကို လာတာလဲ…”

“အဘိုးလူဝံပြောတာက စီနီယာက သူ့ကို အာခီမီမြို့ကို လာခိုင်းတယ်ဆို… ကျွန်တော်က ဒါကို ကြားခဲ့တယ်…” ရီဖူရှင်းက ပြန်ပြောသည်။

“မင်းတို့က ဘာလက်နက်လိုချင်လဲ… ငါက ယန်ဟောင်အတွက် ဘာမဆို လုပ်ပေးနိုင်တယ်…” ယူစီက ပြုံးလျက် ပြောသည်။

“ကျွန်တော်က စီနီယာရဲ့ ရှန့်ထိုအဆင့် လက်နက်ကို ငှားချင်တယ်…” ရီဖူရှင်း​က ပြောသည်။ အာခီမီမြို့ကား မြေရိုင်းဒေသ၏ ရှန့်ထိုအမွေအနှစ်ကို ပိုင်ဆိုင်သော ရှားပါးအင်အားစု တစ်ခုဖြစ်သည်။ အာခီမီမြို့တွင် ရှန့်ထိုလက်နက် ရှိသည်ဟု သူ၏ ဆရာထောင်ကျန်းက ပြောဖူးသည်။

ယူစီ၏အမူအရာက ထူးဆန်းသွားသည်။ မြေရိုင်းပြည်နယ်တွင် ရှန့်ထိုလက်နက်က အလွန့်အလွန် နည်းပါးလွန်းသည်။ အလွန်လည်း တန်ဖိုးကြီးမား၏။ ရီဖူရှင်းက ရှန့်ထိုလက်နက်အား ငှားယမ်းလိုသည်ဟု ဆိုသည်။ ရွှီယီက တောင်းလျှင်ပင် သူက ငှားယမ်းမည် မဟုတ်ပေ။

“ရှန့်ထိုလက်နက်က ဘာလဲဆိုတာကို မင်း နားလည်သင့်တယ်…” ယူစီက ရီဖူရှင်းကို ပြောသည်။

“ကျိရှမ်းကမ်းပါးက ဒီအထိ ဘာလို့ ရောက်လာရတာလဲ… ရှန့်ထိုလက်နက် အတွက်ပဲ…”

“ကျွန်တော်နဲ့ အစ်ကိုရွှီယီ အကြားက ပတ်သက်မှုကို စီနီယာက ကောင်းကောင်း သိတာပဲ… ဒီကိစ္စပြီးသွားရင် ကျွန်တော်က ရတနာကို သေချာပေါက် ပြန်ပေးမှာပါ… ပြီးတော့ အပြန်အလှန် အနေနဲ့ လူဝံကလန်ရဲ့ ကောင်းကင် ဖြတ်သန်းခြင်း ရှစ်ဆယ့်တစ်ချက်ပညာနဲ့ အလဲအလှယ် လုပ်ချင်ပါတယ်…” ရီဖူရှင်းက ပြောသည်… “စီနီယာက ဘယ်လိုထင်ပါလဲ…”

“ကောင်းကင် ဖြတ်သန်းခြင်း ရှစ်ဆယ့်တစ်ချက်က အဆင့်မြင့် တိုက်ခိုက်ရေးပညာ ဖြစ်ပေမဲ့လည်း ဒါက ငါ့အတွက် သိပ်အသုံးမဝင်ဘူး… ဒါက ရှန့်ထိုလက်နက်ထက် အများကြီး နိမ့်ကျတယ်…” ယူစီက ပြန်ပြောသည်။ သူပြောနေသည်ကား အမှန်တရား ဖြစ်သည်။ အကယ်၍ ရှီတန်ခိုးရှင် တစ်ယောက်အား ရှန့်ထိုလက်နက် တပ်ဆင်လိုက်ခြင်းက သူ့အား ရှီအဆင့်တွင် ပြိုင်ဘက်ကင်း သွားစေနိုင်ပေသည်။

“ပြီးတော့ မင်းက ကျိရှမ်းကမ်းပါးကို ရင်ဆိုင်ဖို့ ငါ့ရဲ့ ရှန့်ထိုလက်နက်ကို အသုံးပြုတယ်… ဒါက အာခီမီမြို့ကို ဒီအရှုပ်ကြားထဲ ဝင်ခိုင်းနေတာ မဟုတ်ဘူးလား…” ယူစီက ပြောသည်.. “ငါ မဝင်ပါချင်ဘူး…”

“ဒီကိစ္စမှာ ကျွန်တော်က စီနီယာကို အကြွေးတင် သွားပါပြီ… တကယ်လို့ စီနီယာက တစ်ခုခုလိုချင်ရင် ကျွန်တော်က ဖြစ်အောင် လုပ်ပေးပါ့မယ်…” ရီဖူရှင်းက ယူစီကို ကြည့်ကာ ပြောသည်။

“အမ်…” ယူစီက ပြုံးလျက်မေးသည်… “ငါက မင်းဆီက ဘာလိုချင်ရမှာလဲ…”

“တော်ဝင်လမ်း…” ရီဖူရှင်းက ယူစီကို ကြည့်ကာ ပြန်ပြောသည်… “ကျွန်တော်က တော်ဝင်လမ်းစဉ်ကို သေချာပေါက် တက်လှမ်းနိုင်မှာပဲ… တကယ်လို့ ကျွန်တော့်မှာ အခွင့်အရေးရှိရင် စီနီယာကိုလည်း ရှန့်ထိုအဆင့် တက်လှမ်းဖို့ ကျွန်​တော် ကြိုးစားပေးမယ်…”

ယူစီက ရီဖူရှင်းကို စိုက်ကြည့်သည်။ သူ့အတွက် ရှန့်ထိုအဆင့်ကား အမှန်ပင် ဆွဲဆောင်အား ကောင်းလွန်းပေသည်။ သို့သော်လည်း ထိုအဆင့်က အလွန်အမင်း ခက်ခဲပေ၏။ မြေရိုင်းပြည်နယ်တွင် မရေမတွက်နိုင်သော ပါရမီရှင်များက ထိုအဆင့်ကို ရည်မှန်းကာ ကြိုးစားအားထုတ်ခဲ့ကြ သော်လည်း နှစ်ပါင်းများစွာ ကြာမြင့်သည့် တိုင်အောင် မည်သူကမှ မအောင်မြင်ခဲ့ကြပေ။ သို့သော်လည်း ရီဖူရှင်း၏ အလားအလာဖြင့် ထိုကိစ္စက ဖြစ်နိုင်ပေသည်။

“အဖေ…” ဘေးမှ​ယူချီက လှမ်းခေါ်သည်။

“အဖေ…” ရွှီယီကလည်း လှမ်းခေါ်ကာ ပြောသည်… “ကျွန်တော်တို့ဆရာက ဘယ်သူတွေနဲ့ ပတ်သက်နေလဲ ဆိုတာ အဖေ ကောင်းကောင်း သိတာပဲ… ညီငယ်လေးက ကျွန်တော်တို့ဆီကို ရောက်လာတဲ့အခါ ညီငယ်လေးက သူ စောင့်နေတဲ့လူလို့ ပြောဖူးတယ်…”

“ပိုင်လွေလီနဲ့ တိုက်ခိုက်ပြီးတဲ့နောက် ကျွန်တော်တို့ အစ်ကို၃ရဲ့ ပါရမီကို အဖေက သိလိမ့်မယ်… ဒါပေမဲ့လည်း ဆရာရဲ့ မျှော်လင့်ချက်က အစ်ကို၃ထက် ညီငယ်လေးဆီမှာပဲ ရှိတယ်…” ရွှီယီက ဆက်ပြောသည်… “နန်းတော်က ပိုင်လွေလီအပေါ် မျှော်လင့်ထားတယ်… အဖေကလည်း ညီငယ်လေးရဲ့ အနာဂတ်အပေါ် အလောင်းအစား ပြုလုပ်နိုင်တယ်… အရင်တုန်းက မိုးမြေကောင်းကင်မြို့ ထိပ်သီးကျောင်း သုံးကျောင်းရဲ့ ကြယ်မင်းကျောင်းအုပ် ချန်းယွန်ကလည်း အဲဒီလိုပဲ လုပ်ခဲ့တယ်…”

ယူစီက သူ၏သမီးနှင့် သမက်ကို ကြည့်သည်။ သည်နှစ်ယောက်…။ ယခု ပြောဆိုနေကြသည်ကား ရှန့်ထိုလက်နက် ဖြစ်သည်။ သူတို့က ထိုအရာ ဘာကို ဆိုလိုသည်ကို နားလည်ကြသလား…။

“တကယ်လို့ မင်း မအောင်မြင်ခဲ့ရင်ရော… ယန်ဟောင်တစ်ခုခု ဖြစ်သွားလို့ ရှန့်ထိုလက်နက်က တစ်ဖက်လူဆီကို ပါသွားရင်ရော…” ယူစီက မေးသည်။

“တကယ်လို့ စီနီယာက ကျွန်တော်တို့ကို ရှန့်ထိုလက်နက် ငှားရင် ဘာဖြစ်သွားမလဲ… အဘိုးလူဝံရဲ့ ခွန်အားကို စီနီယာလည်း သိတာပဲ…” ရီဖူရှင်းက ယန်ဟောင်ကို ကြည့်ကာ ပြောသည်။

“ယူစီ… ရှန့်ထိုလက်နက် မပါဘဲနဲ့လည်း ငါ့တိုက်ခိုက်ရေး စွမ်းရည်က မင်းတို့ထက် မနိမ့်ဘူး…” ယန်ဟောင်က ယူစီကို ကြည့်ကာ ပြောသည်။

“ပြီးတော့ အဘိုးလူဝံက တိုက်ခိုက်ရေးပိုင်းမှာ အားသန်တယ်… ကျွန်တော့်မှာလည်း ရှန့်ထိုလက်နက် ရှိတယ်… ဒါက ရှန့်ထို အသုံးပြုခဲ့တာ ဖြစ်ပြီးတော့ ရှန့်ထိုအသိ ပိုင်ဆိုင်တဲ့လက်နက်ပဲ… တိုက်ခိုက်ရေး စွမ်းအားက ပြောနေစရာ မလိုဘူး… ပြီးတော့ လက်နက်က အဘိုးလူဝံသုံးတဲ့ပညာနဲ့ လိုက်ဖက်တယ်… တကယ်လို့ နောက်ထပ် ရှန့်ထိုရတနာတစ်ခု ထပ်ရရင် အဘိုးလူဝံက ကျိရှမ်းကမ်းက လူတွေကို ယှဉ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်…” ရီဖူရှင်းက ပြောသည်။ ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံအား ယန်ဟောင်က အသုံးပြုပေမည်။

ရီဖူရှင်းအား ကြည့်ကာ ယူချီက ပြုံးလျက် ခေါင်းညိတ်သည်… “ကောင်းပြီ.. ငါက သူ့ကို ခုခံခြင်း ချပ်ဝတ်ရတနာတစ်ခု ငှားယမ်းပေးမယ်… ဒါက သူ့ ဘယ်သူမှ အနိုင်ယူလို့မရအောင် သေချာစေလိမ့်မယ်… မင်းပြောတဲ့ တိုက်ခိုက်ရေး စွမ်းအားနဲ့ဆို အခြေအနေ မကောင်းရင်တောင် သူက လွတ်အောင် ပြေးနိုင်သေးတယ်…”

“ကျေးဇူးတင်ပါတယ်… မြို့စား…” ရီဖူရှင်းက ပြုံးသည်။ သူက သည်နေရာကို ကံစမ်းရန် ရောက်လာခြင်းသာ ဖြစ်သည်။ ယူစီကလည်း အမှန်တကယ်ပင် လက်ခံခဲ့သည်။

“ငါနဲ့လိုက်နဲ့…” ယူစီက ရီဖူရှင်းတို့အုပ်စုအား အာခီမီမြို့တော်ဝန်ရုံး၏ လျှို့ဝှက်နေရာအား ခေါ်ဆောင်သွားသည်။ မကြာမီ သူတို့က ထိုနေရာမှ ပြန်ထွက် လာကြသည်။

“မင်းတို့က ရွှမ်းဝူမြို့ကို တိုက်ရိုက် သွားမှာလား…” ယူစီက ရီဖူရှင်းကို မေးသည်။

“မဟုတ်ဘူး…” ရီဖူရှင်းက ခေါင်းယမ်းသည်… “ဒါက အနောက်ဘက်နယ်မြေပဲ… တိမ်ဖြူမြို့က ဒီနေရာနဲ့နီးတယ်…”

ယူစီ၏မျက်လုံးများက အရောင်တစ်ချက် လင်းလက်သွားသည်… “မင်းက ဒီကို ဘယ်တုန်းကမှ ရောက်မလာခဲ့ဘူးလို့ သတ်မှတ်ပါ… ဒီကိစ္စက ငါနဲ့ မဆိုင်ဘူး… ငါက မြေးချီဖို့ပဲ စောင့်နေတာ…” သူ၏အသံက လေးနက်နေသည်။ သည်တိုက်ပွဲက တော်ရုံတန်ရုံဖြင့် မပြီးသည်ကို သူသိသည်။

“ကျွန်တော် နားလည်ပါပြီ… နှုတ်ဆက်ပါတယ်…” ရီဖူရှင်းနှင့် ယန်ဟောင်တို့က လေထဲကို ပျံတက်သွားသည်တွင် လူဝံများကလည်း သူတို့နောက်မှ​ လိုက်ပါသွားကြ၏။

“ကြည့်ရတာ အဖေက နဂိုတည်းက ညီငယ်လေးကို ငှားယမ်းချင်တာပဲ…” ရွှီယီက ကျေးဇူးတင်စွာဖြင့် ပြောသည်။

“ဟုတ်လား…” ယူစီက သူ့အား ကြည့်ကာ အခြေအနေများကို တွက်ဆနေသည်။ မြေရိုင်းပြည်နယ်၏ လက်ရှိအခြေအနေက အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းနေသည်။ တော်ဝင်ကျဲနန်းတော်နှင့် တိမ်ဖြူမြို့တို့က ရှန့်ထိုတစ်ပါး မွေးဖွားရန် ကြိုးစားနေကြကာ သူတို့က ပိုင်လွေလီကို ရွေးချယ်ခဲ့ကြသည်။ သို့သော်လည်း ထိုက်ဟန်တောင်က ရီဖူရှင်းနောက်ကို အဘယ်ကြောင့် လိုက်နေသနည်း။ ကျူးကော့ချန်းဖန် ကကော သူ၏စိတ်ကို အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ ထိုအရာများ အားလုံးက ရီဖူရှင်းနှင့် ပတ်သက်နိုင်ပေသည်။

ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ တခြားလူများကလည်း ရှန့်ထိုတစ်ပါး မွေးဖွား စေလိုနေသည်။ သို့သော် ထိုလူများ၏ ရွေးချယ်မှုက ရီဖူရှင်း ဖြစ်နေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset