ရီဖူရှင်းက ထို့ကျန်း နန်းဆောင်အပေါ် လေထဲမှ ပျံသန်းသွားသည်။ ယွန်ဖုန်းကလည်း သူ့နောက်ကို လိုက်၏။
လူတိုင်းက သူတို့ နှစ်ယောက်ကို ကြည့်ကာ သူတို့၏ မျက်လုံးများ၌ ထူးဆန်းသော တစ်စုံတစ်ခု လင်းလက် သွားကြသည်။ ထို့နောက် သူတို့ကလည်း ကောင်းကင်ပေါ်ကို ခုန်တက်ကာ တိုက်ပွဲစင်မြင့်ရှိ နေရာသို့ ပျံသန်းသွားကြသည်။ ယွန်စွေ့ရှင်းပင် အနည်းငယ်မျှ တွန့်ဆုတ်နေပြီးမှ သူမကလည်း လိုက်ပါသွားသည်။ သူမကလည်း တွေ့မြင်လိုသည်။
လူအုပ်ကြီးက ကောင်းကင်မှနေ၍ တည်နေရာ တစ်ခုတည်းကို သွားနေကြသည်။ တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်နေသူများက ထိုမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ခု ဖြစ်နေသည်ကို ချက်ချင်း ရိပ်မိလိုက်ကြသည်။
ထို့ကြောင့် လူသူပရိသတ်များ ပိုမိုစုစည်းလာသည်တွင် တိုက်ပွဲကွင်းပြင်၌ ဧရာမလူအုပ်ကြီး ဖြစ်လာသည်။
“ပါရမီရှင်တိုက်ပွဲ…” အားလုံး၏ မျက်လုံးများ အရောင်လက် သွားကြသည်။ ဤမျှ ကြီးမားသော လှုပ်ခတ်မှု ဖြစ်အောင် ဘယ်သူတို့က ပြုလုပ်သည်ကို သူတို့ သိလိုကြသည်။
“အဲဒါ ယွန်ဖုန်းပဲ.. သူက ပါရမီရှင်ဇယားမှာ အဆင့် ကိုးဆယ့်ခြောက် ရှိတယ်… သူက လက်မှုပညာသည် မျိုးဆက်ပဲ… လက်မှုပညာသည်က ရှီတန်ခိုးရှင် ထို့ကျန်းနဲ့ မိတ်ဆွေရင်းတွေပဲ… ပြီးခဲ့တဲ့နှစ်ကပဲ ယွန်ဖုန်းကို ရှီတန်ခိုးရှင် ထို့ကျန်း လက်အောက်မှာ သင်ကြားဖို့ လက်မှုပညာသည်က စေလွှတ်ခဲ့တယ်… တော်ဝင်ကျဲနန်းတော်မှာ သူ့တန်ခိုးအဆင့်က သိပ်မမြင့်ပေမဲ့ သူက အရမ်း ပါရမီကောင်းတယ်… သူက အဆင့်ဇယား ထိပ်ပိုင်းကို ရောက်ဖို့ အလားလာရှိတဲ့ လူငယ်တစ်ယောက်ပဲ…” တစ်ယောက်က ပြောသည်။
“ပါရမီရှင်အဆင့် ကိုးဆယ့်ခုနစ်ရှိတဲ့ ရီဖူရှင်း… သူက နှစ်အစပိုင်းတုန်းက ဝင်ခွင့်စာမေးပွဲမှာ ပထမနေရာကို ရခဲ့တယ်…” လူအချို့၏ မျက်လုံးများ အရောင်လက် သွားကြသည်။ သူတို့က ထိုလူနှစ်ယောက်ကို စိတ်ဝင်စားစွာ ကြည့်ကြသည်။ ပါရမီရှင်ဇယားမှ လူနှစ်ယောက် တိုက်ခိုက်ကြမည်ကား အလွန်အမင်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှပေသည်။
“တော်ဝင်ကျဲ နန်းတော်မှာ ရီဖူရှင်းရဲ့ ဂုဏ်သတင်းက သိပ်မကောင်းဘူးလို့ ငါကြားတယ်… သူက ထို့ကျန်းနန်းဆောင်နဲ့ ပတ်သက်ပြီး ကောလာဟလတွေ အများကြီးပဲ…ယွန်ဖုန်းက ဟွာဂျီယူရဲ့ ပုံတူကို တစ်ခုက ဆွဲခဲ့ဖူးတယ်… ဒါပေမဲ့ ဟွာဂျီယူက အဲဒီပုံတူကို မီးလောင်ကျွမ်း ပျက်စီးစေခဲ့တယ်… ဒါပေမဲ့ ဒီကိစ္စကို ရီဖူရှင်းက ဒေါသထွက်ပြီးတော့ ယွန်ဖုန်းကို တိုက်ရိုက် စိန်ခေါ်ချင်ပုံရတယ်…”
အားလုံးက ဟိုဟိုဒီဒီ ပြောဆို ဆွေးနွေးနေကြသည်။ မကြာမီ တိုက်ပွဲ စင်မြင့်ထက်ကို ရီဖူရှင်း ဆင်းသက်လာသလို ယွန်ဖုန်းကလည်း ရောက်လာသည်။ မရေမတွက်နိုင်သော စာရွက်များ သူ့ကို ရစ်ပတ်ထားကြ၏။
လူများစွာကလည်း စင်မြင့်ဘေး ကွင်းထဲကို အဆက်မပြတ် ဆင်းသက် လာကြသည်။ သူတို့ ခန်းမှန်းသလိုပင် သည်တစ်ခေါက် တိုက်ခိုက်မည့် သူများကား ယွန်ဖုန်းနှင့် ရီဖူရှင်း ဖြစ်သည်။ သို့သော်လည်း ယွန်ဖုန်းကား ဆဋ္ဌမအတန်းအစား နိုဘယ်ဖြစ်နေလေပြီ။ ရီဖူရှင်းက နန်းဆောင်ကို ဝင်လာကာစက နဝမ အတန်းအစား နိုဘယ်သာ ရှိသေးသည်။ အကယ်၍ သူက အဋ္ဌမအတန်းအစား နိုဘယ်ကို ရောက်ခဲ့လျှင်ပင် ယွန်ဖန်းကို စိန်ခေါ်ခြင်းက ရူးမိုက်ခြင်းပင် ဖြစ်သည်။
ထို့ကျန်းနန်းဆောင်မှ တန်ခိုးရှင်များစွာ ရောက်ရှိနေကြသည်။ သူတို့က စင်မြင့်ထက်မှ လူနှစ်ယောက်ကို ကြည့်ကြ၏။ စင်မြင်ကား နိုဘယ်အဆင့် တိုက်ပွဲအတွက် လုံလောက်အောင် ကြီးမား ကြံ့ခိုင်မှု ရှိပေသည်။
တော်ဝင်ကျဲ နန်းတော်တွင် နန်းဆောင် ခြောက်ခုမှ လွဲ၍ တခြားနေရာများတွင် စိတ်ကြိုက် တိုက်ခိုက်၍ ရသည်။ သို့သော်လည်း လူအများက သူတို့၏ပြဿနာများကို တိုက်ပွဲစင်မြင့်ပေါ်တွင် ဖြေရှင်းလိုကြသည်။ ထိုနည်းက နန်းတော်၏ ရိုးရာ သဘောမျိုးလည်း ဖြစ်၏။ တစ်စုံတစ်ယောက်က စင်မြင့်ပေါ်ကို တက်လှမ်းပြီးသည်နှင့် ဘယ်သူကမှ ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိတော့ပေ။ ဆိုလိုသည်က တစ်ဖက်လူအား ဒုက္ခိတ သို့မဟုတ် တန်ခိုးအစွမ်း ပျက်ပြယ်အောင် မလုပ်သရွေ့ ကြိုက်သလို တိုက်ခိုက်၍ ရသည်ဟုပင်။ တော်ဝင်ကျဲ နန်းတော်တွင် မည်သူကမှ တိုက်ပွဲ စင်မြင့်ထက်မှ စိန်ခေါ်ပွဲကို ဝင်စွက်ဖက်ပိုင်ခွင့် မရှိပေ။
တိုက်ပွဲ စင်မြင့်ထက်ကို တက်ရောက်ခြင်းက မိမိဆန္ဒအလျောက် ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုသို့လုပ်ခဲ့ပါက မိမိ၏ ဆုံးဖြတ်ချက်အတွက် တာဝန်ခံ နိုင်ရပေမည်။
“မင်းကို ငါ စတွေ့တုန်းက ဝင်ခွင့်ပထမနေရာကို ကံကောင်းပြီး ရတာလို့ မင်းပြောခဲ့တယ်… ကြည့်ရတာ အမှန်တော့ မဟုတ်ဘူး…” ယွန်ဖုန်းက အေးစက်စွာ ပြောသည်… “ဒါပေမဲ့ မင်းပြောတာ မှန်လား မှားလားက အရေးမကြီးဘူး… ဒီတိုက်ပွဲက သက်သေပြလိမ့်မယ်… မင်းက နန်းတော်ထဲကို ဝင်တာနဲ့ အဆင့် ကိုးဆယ့်ခုနစ်ကို ရောက်တယ်… မင်းက ဘယ်လောက် အားကောင်းလဲ ငါကြည့်မယ်…”
ရီဖူရှင်းက ယွန်ဖုန်းကို ကြည့်ကာ ပြောသည်… “ငါက ပါရမီရှင်အဆင့် ဇယားကို စိတ်မဝင်စားဘူး… ငါသိတာက ဒီတိုက်ပွဲမှာ မင်း နောင်တ ရလိမ့်မယ်ဆိုတာပဲ…” စကားဆုံးသည်နှင့် တစ်ပြိုင်နက် လှပသော နတ်ငှက်တစ်ကောင် ပေါ်လာသည်။ သူ၏လှပသော အတောင်ပံများနှင့်အတူ ထိုနေရာတစ်ခုလုံးအား နိုဘယ်အသိ ဖုံးလွှမ်းသွားကာ သဘာဝ စွမ်းအင်များ သူ့ထံသို့ တိုးဝင် လာကြသည်။
ထို့နောက် အားကောင်းသော သဘာဝ စွမ်းအင်များက ရွှေရောင်နှင်တံ တစ်လက် ဖြစ်ပေါ်လာသည်။ သူက နှင်တံကို ဆုပ်ကိုင်ကာ အတောင်ပံကို ဆန့်လိုက်သည်။ ရီဖူရှင်းက လေထဲကို တဖြည်းဖြည်း မြောက်တက် သွား၏။ သူ့ပတ်ဝန်းကျင်က ကြယ်တာရာ သီးသန့်နယ် ဖြစ်သွားသည်။
ယွန်ဖုန်းက ရီဖူရှင်းကို ကြည့်သည်။ သိက္ခာခဲ့ကာ စိန်ခေါ်သမျှကို အရှုံးခံသော ရီဖူရှင်းကား ယခုတွင် တခြား တစ်ယောက်အဖြစ် ပြောင်းလဲ သွားသည်ဟု သူခံစားရသည်။ သူကား သူ၏အဆင့်ကို သိရန်ပင် မလိုလားလောက်အောင် ဂုဏ်ဝင့်သူ ဖြစ်သည်။ သည်ပုံစံက သူ၏ တကယ့်ရုပ်သွင်လား…။ သည်တိုက်ပွဲ အပြီးတွင် လူတိုင်းက သိပေရော့မည်။ ယွန်ဖုန်းက သူ့ကို အနိုင်ယူပြီးသောအခါ သူ၏ တကယ့်ရုပ်သွင် ပေါ်လာတော့မည်။
“အနုပညာရှင် တစ်ယောက်ဟာ ဆင့်ခေါ်သူလည်း ဖြစ်တယ်… ကျုပ် သက်စောင့်ဝိညာဉ်က ပန်းချီကားပဲ… ငါ့သက်စောင့် ဝိညာဉ်မှာ မရေမတွက်နိုင်တဲ့ ရုပ်ပုံကို ရေးဆွဲတာက ငါ့အတွက် လေ့ကျင့်တာ ဖြစ်တယ်… လူတိုင်းက ငါ့ပန်းချီကားပေါ်ကို မရောက်ဘူး…” ယွန်ဖုန်းက အေးစက်စွာ ပြောသည်။ သူက ဟွာဂျီယူနှင့် ပတ်သက်၍ ပြောနေသည်မှာ ထင်ရှားသည်။
“ဒါက မင်းဘဝမှာ အကြီးမားဆုံး နောင်တ ဖြစ်လိမ့်မယ်…” ရီဖူရှင်းက ပြောပြီးသည်နှင့် ရှေ့ကို လှမ်းသွားလိုက်သည်။
“ငါလုပ်တဲ့ ကိစ္စကို ဘယ်တော့မှ နောင်တမရဘူးကွ…” ယွန်ဖုန်းက ခိုင်မာစွာ ပြောသည်။ သူက လက်ဝှေ့ယမ်းသည်နှင့် မရေမတွက်နိုင်သော စာရွက်များ စတင် ကခုန်ကြသည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးများက အရောင်ပြောင်းသွား၏။ ကြောက်မက်ဖွယ် ကောင်းသော စိတ်စွမ်းအားက စင်မြင့်ပေါ်ကို ဖုံးလွှမ်းသွားကာ သဘာဝ စွမ်းအင်များက စာရွက်များထံသို့ တိုးဝင် သွားကြသည်။ စာရွက်များက ရေးဆွဲထားပြီးသား ဖြစ်သည်။ ပန်းချီကားများထံသို့ သဘာဝ စွမ်းအင် ပို့လွှတ်ခြင်းက သူ၏ အားအကောင်းဆုံးသော တိုက်ခိုက်မှုလည်း ဖြစ်သည်။
ချက်ချင်းပင် လေထဲတွင် ကခုန်နေကြသော စာရွက်များ အားလုံးက ရီဖူရှင်းကို ပတ်ပတ်လည် ဝန်းရံလာကြသည်။ များစွာသော စာရွက်များက သဘာဝ စွမ်းအင်များကို ရုန့်ရင်းစွာ စုပ်ယူကြပြီး ထိတ်လန့်ဖွယ် ကိုယ်ရောင်ကိုယ်ဝါများကို ထုတ်လွှတ်ကြ၏။ ထိုစာရွက်များ အားလုံးကို ယွန်ဖုန်းက စိတ်ဖြင့် ထိန်းချုပ်သည်။
ရီဖူရှင်း ငယ်ရွယ်စဉ်က အနုပညာကို လေ့လာ လိုက်စားသော တန်ခိုးရှင် တစ်ယောက်ကို တွေ့ဖူးသည်။ သူကား အနုပညာ သူတော်စင်၏တပည့် ကျောက်မူ ဖြစ်သည်။ ယွန်ဖုန်းကား ကျောက်မူထက် ပိုမို အားကောင်းသည်မှာ ထင်ရှားသည်။ သူ၏ သက်စောင့်ဝိညာဉ်က ပန်းချီကား တစ်ခုဖြစ်သည်။
စာရွက်များ အားလုံးက ယွန်ဖုန်း၏ သက်စောင့်ဝိညာဉ်နှင့် ဆက်စပ်နေသည်။ သည်ပညာရပ်က မှော်စာလိပ်နှင့် ဆင်တူပေသည်။ ယွန်ဖုန်း၏ တိုက်ခိုက်မှုများက ထောင်ပေါင်း များစွာသော မှော်စာလိပ် တိုက်ခိုက်မှုများနှင့် ဆင်တူပေသည်။ သို့သော်လည်း သူက ထိုမျှများပြားသော ပန်းချီများကို ရေးဆွဲရန် လွန်စွာ အချိန် ပေးခဲ့ရပေမည်။
ဝုန်း… ဝုန်း… ဝုန်း…
ရီဖူရှင်း၏ ပတ်ပတ်လည်တွင် ပျံသန်းနေသော စာလိပ်များ ပေါက်ကွဲသွားလျှင် အမှန်ပင် သားရဲအော်သံများ ထွက်ပေါ်လာသည်။ ပန်းချီကားများက ကြောက်မက်ဖွယ်ရာ သားရဲများ အဖြစ် ပြောင်းလဲ သွားကြ၏။ ထိုအထဲတွင် နဂါးများ၊ ဖီးနစ်များ၊ ခါရန်များ၊ ရွှမ်းဝူများ၊ နတ်ငှက်များ၊ ဆင်များနှင့် တခြား အမျိုးအစားများစွာ ပါဝင်သည်။ ထိုသားရဲများ ပေါင်းလျှင် ကြောက်မက်ဖွယ် ကောင်းသော သားရဲ စစ်တပ်ကြီး တစ်ခုနှင့် ဆင်တူ၏။
အားလုံး၏ စိတ်နှလုံးများ တုန်ခါကြသည်။ ယွန်ဖုန်း တိုက်ခိုက်သည်ကို သူတို့က ဦးဆုံး မြင်ဖူးကြခြင်း ဖြစ်သည်။ သူကား နန်းတော်ကို ဝင်လာကတည်းက အတော်အတန် နာမည်ကြီးခဲ့သည်။ သို့သော်လည်း သူ တိုက်ခိုက်သည်ကို မြင်ဖူးသူမှာလည်း ရှားပါး၏။ ယခု သူတို့က မျက်မြင် တွေ့ရပေတော့မည်။ ယခု သူတို့အားလုံး အံ့အားသင့် ကြရသည်။ သူက အလယ်အလတ် အတန်းအစား နိုဘယ်ဖြင့် ပါရမီရှင် အဆင့်ကို ရောက်သည်မှာ မထူးဆန်းတော့ပေ။ သူက လောကရှိ မည်သည့် ရုပ်ပုံကိုမဆို ရေးဆွဲနိုင်သည်။ မှော်ပညာများ၊ သားရဲများနှင့် မည်သည့် လက်နက်များကိုမဆို အနုပညာရှင် တစ်ယောက်က အသုံးပြုနိုင်စွမ်း ရှိသည်။
အနုပညာရှင်များက ဆင့်ခေါ်သူများလည်း ဖြစ်ကြသည်။ လေထဲတွင် ပေါ်လာသည့် သားရဲများ အားလုံးကို ယွန်ဖုန်း ရေးဆွဲထားခဲ့ခြင်း ဖြစ်သည်။ ထိုသားရဲများ အားလုံးက သူနှင့်တူညီသော တန်ခိုးအဆင့် ရှိပေသည်။ အားလုံးက ရီဖူရှင်းတစ်ယောက် ကံဆိုးမိုးမှောင် ကျပြီဟု တွေးလိုက်ကြသည်။ ယွန်ဖုန်းအား အနိုင်ယူရန် အလွန် ခက်ခဲပေတော့မည်။
ရီဖူရှင်း၏ အနီးတွင် များစွာသော မှော်စာလိပ်များ ဖြစ်ပေါ်လာသည်။ သဘာဝ စွမ်းအင်များက ထိုအထဲကို ဝင်ရောက် သွားကြကာ ကြောက်မက်ဖွယ် အားအင်များ မွေးဖွားလာ၏။ အလင်း သင်္ကေတများက တဖျတ်ဖျတ် လက်ကာ ကြီးမားသော ဖျက်ဆီးအား တစ်ခု ထွက်ပေါ်လာသည်။
သည်ပညာအား သူက ပိုင်စီထံမှာ အတုယူခဲ့သည့် လေထဲ မှော်စာလိပ်ရေးနည်း ဖြစ်သည်။
ထိုအခိုက်တွင် ယွန်ဖုန်း၏ စိတ်စွမ်းအားက စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံလာသည်။ သူ၏ အမူအရာကား အေးစက်နေ၏။ လေထက်တွင် ရပ်နေခြင်းက သူက လက်ဝှေ့ယမ်းသည်။ သားရဲစစ်တပ်က ရီဖူရှင်းထံသို့ ပြေးဝင်သွားကြ၏။ ထိုအခိုက်တွင် တည်တံ့ခိုင်မြဲလှသော စင်မြင့်ကြီးက အမှန်ပင် တုန်ယင်သည်။
တစ်ချိန်တည်းမှာပင် မှော်စာလိပ်များထံမှ လျှပ်စီးများ အက်ကွဲ ထွက်လာသည်။ ကောင်းကင် တစ်ခုလုံးကို ခရမ်းရောင် လျှပ်စီးများ ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ် ဖျက်ဆီး စွမ်းအားမြင့် အလင်းများ သားရဲများထံကို တိုးဝင်သွားသည်။ လျှပ်စီးများ သားရဲများကို ကျဆင်းကြသည်။ သားရဲများက တုန်ခါ သွားသော်လည်း ရှေ့ကို ဆက်လက် ပြေးဝင် လာကြသည်။ သူတို့က ပန်းချီကားများထဲမှ ထွက်လာခြင်းဖြစ်ရာ နာကျင်မှု မရှိပေ။ ထိုစဉ်မှာပင် ကြယ်ကမ္ဘာမှ ရွှေရောင်ပုံသဏ္ဌာန် တစ်ခုက လေကိုခွင်းလျက် ရှေ့ကို ပြေးဝင်သွားသည်။
သူ့ထံမှ ကြယ်ရောင်များ ဝင်းလက် တောက်ပနေသည်။ သူ့ပတ်လည်တွင် ကြောက်မက်ဖွယ် ကောင်းသော လေမုန်တိုင်း ရှိသည်။ ထိုလေမုန်တိုင်းက ကြယ်တာရာများနှင့် တစ်သားတည်း ဖြစ်နေကာ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ ကြယ်တာရာ မုန်တိုင်းနှင့်အတူ သူက သားရဲများ အကြားကို ပြေးဝင်သွားခြင်းက ခမ်းနား ကြီးကျယ်သော မြင်ကွင်းလည်း ဖြစ်သည်။
ဧရာမ ဆင်ကြီးတစ်ကောင်က ရီဖူရှင်းကို နင်းခြေသည်။ သို့သော် ရီဖူရှင်းက ရှောင်ဖယ်ရန် မကြိုးစားပေ။ သူနှင့်အတူ လိုက်ပါလာသော ကြယ်တာရာ မုန်တိုင်း အကြားတွင် ဆင်ကြီးကား အပိုင်းအပိုင်းအစစ ဖြစ်သွားသည်။ ရီဖူရှင်းက လေဟန်စီးလျက် ဆက်လက် တိုးဝင်လာသည်။
ယွန်ဖုန်း၏ အမူအရာက ဘာမှ မပြောင်းလဲပေ။ သူက လက်ဝှေ့ယမ်းသည်တွင် များစွာသော ပန်းချီကားများ ဆက်လက် ထွက်ပေါ်လာသည်။ သည်တစ်ခေါက်ကား သိဒ္ဓိဝင် လက်နက်များ ဖြစ်သည်။ ချက်ချင်းပင် ဓားများက လေကို ခွင်းလျက် ပြေးဝင် သွားကြသည်။ သူတို့က အစီအစဉ်တကျ ပျံသန်းကာ ရီဖူရှင်းကို သွားရောက် တိုက်ခိုက်ကြသည်။
ဒါကို စိတ်နဲ့ ထိန်းချုပ်တာလား…။ ရီဖူရှင်း၏ အမူအရာက အေးစက်နေသည်။ အလွန်အမင်း အေးစက်သော အသိတစ်ခု မွေးဖွားလာသည်။ ရေခဲအသိက ထိုနယ်ပယ်ကို ဖုံးလွှမ်း သွားသည်တွင် ယွန်ဖုန်း၏စိတ်ကပင် အရိုးကွဲမတတ် အေးခဲမှုကို ခံစားရသည်။ ထက်ရှသော ဓားများအားလုံး မြူများ ရစ်သိုင်းသွားသည်။ သူတို့က သက်ရောက် ခံရသည့်အလား နှေးကွေး သွားကြသည်။
ဘုန်း… ရွှေရောင် နတ်ငှက်အလား သဏ္ဌာန်က တိုက်ခိုက်မှုများကို ကျော်ဖြတ်ကာသည်။ ဓားသွားများကို သူ ဖြတ်သန်း သွားပြီးသည်နှင့် သူ့ရှေ့ကို ဧရာမရှေးဟောင်း နာရီကြီးတစ်လုံး ရောက်လာသည်။ ထိုအရာက ရီဖူရှင်းကို ဖမ်းဆီး ချုပ်နှောင်ရန် ကြိုးစား၏။
ရီဖူရှင်းက ရပ်တန့်ခြင်း မရှိပေ။ သူက ရှေ့ကို ဆက်လက် တိုးဝင်သွားသည်။ ဧရာမ နာရီကြီးကို မြင်သည်တွင် သူက နှင်တံဖြင့် တွန့်ဆုတ်ခြင်း မရှိဘဲ ရိုက်နှက်လိုက်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ မရေမတွက်နိုင်သော နားစည်များ တုန်ခါသွားကာ နာရီကြီးက ကြေမွသွား၏။
ဘယ်လောက် အားကောင်းလိုက်တဲ့ ရိုက်ချက်လဲ…။ မရေမတွက်နိုင်သော စိတ်နှလုံးများ လှုပ်ခတ်ကြသည်။ ယွန်ဖုန်းက မျက်မှောင်ကြုတ် လိုက်သည်။ တဝှီးဝှီး မြည်သံများနှင့်အတူ သူ့နောက်မှ ပန်းချီကားများ ရှေ့ကို တက်သွားကာ ဧရာမ တောင်များ ဖြစ်ပေါ်လာသည်။ သူတို့က ရီဖူရှင်းကို စိစိညက်ညက် ကြေအောင် ဖိနင်းကြ၏။
နတ်ငှက်အလား သဏ္ဌာန်က တောင်များထံသို့ ဆက်လက် ပြေးဝင်သွားသည်။ အလားသဏ္ဌာန် တူစွာပင် တောင်များလည်း နှင်တံအောက်တွင် ပျက်စီးသွားရသည်။ တခြား တိုက်ခိုက်မှုများ ကလည်း ရီဖူရှင်းအနီးကို ကပ်နိုင်ဟန် မရပေ။ ရီဖူရှင်းကား ယွန်ဖုန်းနှင့် တဖြည်းဖြည်း နီးကပ်လာ၏။
“သွား…” ယွန်ဖုန်းက လက်ဝှေ့ယမ်းသည်တွင် မရေမတွက်နိုင်သော မှော်စာရွက်များပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ထောင်ပေါင်း များစွာသော မှော်စွမ်းအင်များက ရီဖူရှင်းထံကို တိုးဝင်သွားကြသည်။
ဝုန်း…
ရီဖူရှင်းက သူ့နေရာမှ ပျောက်ကွယ် သွားသည်။ သူက သတ္တဝါဆန်း တစ်ကောင် ရှေ့တွင် ပေါ်လာသည်။ သူက နှင်တံကို ဝှေ့ယမ်းကာ ဖျက်ဆီးသည်။ နောက်တစ်ကြိမ် နောက်တစ်နေရာတွင် ပေါ်လာသည်။ နှင်တံကို ဝှေ့ယမ်းသည်တွင် ကောင်းကင်၌ အပေါက် ဖြစ်သွား၏။
သူ၏ကြယ်တာရာ သီးသန့်နယ်ကလည်း ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ နေနှင့်လက ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ ဥက္ကာခဲ မုန်တိုင်းကို စီးနင်းလျက်က သူ ဖြတ်သွားသမျှ အရာခပ်သိမ်းကို ဖျက်ဆီးသည်။ သူ၏ခြေတစ်လှမ်းတိုင်းက လောကကို တုန်ခါစေသည်။ သူ့တွင် ကောင်းကင်ကို ခါယမ်းနိုင်စွမ်းသော ထူးခြားသော ဟန်ချက်တစ်ခုရှိသည်။ ကောင်းကင်နှင့် မြေပြင်က သူ့အရှိန်အဝါ အောက်တွင် လေးလံ ထိုင်းမှိုင်းရသည်။
သည်ရက်ပိုင်းတွင် သူက လေ့ကျင်းရေးကွင်းရှိ စွမ်းအင်ခြောက်ခု နယ်ပယ်သို့ သွားလာ လှုပ်ရှားကာ လေ့ကျင့်နေခဲ့သလို ကောင်းကင် တက်လှမ်း မျှော်စင်၌လည်း အချိန်များ ကုန်ဆုံးခဲ့၏။ ထိုအရာများက အလဟဿ မဖြစ်ပေ။ သူ၏ဓာတ်စွမ်းအင်များ အားလုံးက ပိုမို အားကောင်းလာသလို သူ့ခန္ဓာကိုယ်ကလည်း ပိုမို သန်မာလာ၏။
များစွာသော တိုက်ခိုက်မှုများက ရီဖူရှင်းအပေါ် ဘာမှ မလုပ်နိုင်သည်ကို အားလုံးက ထိတ်လန့်ဖွယ် မြင်တွေ့ကြရသည်။ အရာအားလုံး၏ သူ၏လက်အောက်တွင် ပျက်စီးရသည်။
ရီဖူရှင်း လျှောက်လာသည်ကို မြင်သည်တွင် ယွန်ဖုန်း၏ သက်စောင့်ဝိညာဉ်က သူ့ရှေ့ကို ရောက်လာသည်။ အဆုံးအစမဲ့သော ပန်းချီကားထဲ၌ ဝေဝေဝါးဝါး ပုံရိပ်တစ်ခု ရှိနေသည်။ ထိုပုံရိပ်ကား ကြီးမားလွန်းကာ ပြိုင်ဘက်ကင်း အရှိန်အဝါကို ပေးသည်။ ထိုအရာကား ယွန်ဖုန်း၏ နောက်ဆုံး ပန်းချီဖြစ်၏။ သူက နားလည်သမျှသော စွမ်းရည်များ အားလုံးက ထိုပုံရိပ်ထဲတွင် ရှိသည်။ သူက နတ်ဘုရား တစ်ပါးကို စိတ်ကူးခဲ့သည်။
ယခု သူ၏ စိတ်စွမ်းအားကို ထိုပုံရိပ်ထဲသို့ သွတ်သွင်းလိုက်ပြီ ဖြစ်သည်။ ထိုပုံရိပ်က အသက် ဝင်လာသည်။ ထိုပုံရိပ်က နတ်ဘုရားတစ်ပါးလို ပန်းချီကားထဲမှ ထွက်လာ၏။ သူ့ထံတွင် ကြီးမားသော စွမ်းအားများ ပြည့်နှက်နေ၏။
ထိုအရာက ယွန်မိသားစု၏ နောက်ဆုံးပန်းချီ ဖြစ်သော ဝိညာဉ်လိပ်ပြာလား…။
ပန်းချီထဲမှ ထွက်လာသော နတ်ဘုရားက လောက စွမ်းအင်များကို အရူးအမူး စုပ်ယူသည်။ သူ့တွင် အပြည့်စုံဆုံးသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထား၏။ သိသာစွာပင် လက်မှုပညာသည်က သူ၏နားလည်မှုများ အားလုံးကို ဝိညာဉ်လိပ်ပြာ၌ ထည့်သွင်းထားသည်။ ထိုအရာက တကယ့် ရှန့်ထိုတန်ခိုးရှင် ဖြစ်သည်။
ယွန်ဖုန်းကား သူ့ထက် အားကောင်းသော လူများကို မြင်ဖူးသည်။ ထို့ကြောင့် သူ့၏ ဝိညာဉ်လိပ်ပြာတွင် မယုံကြည်နိုင်ဖွယ် ကောင်းသော စွမ်းအင်များ ပါနေ၏။ လက်ရှိတွင် သူ၏ ဧရာမလက်ကြီးက ရီဖူရှင်းထံကို ကျဆင်းလာသည်။ လက်ဝါးက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ သို့သော် ရီဖူရှင်းကလည်း ရှေ့ဆက် တိုးလာသည်။ ရုန့်ရင်းကြမ်းတမ်းသော သိုင်းအသိ ထွက်ပေါ်လာသည်။ သူ၏ ပတ်ပတ်လည်မှ အရာခပ်သိမ်းက စိစိညက်ညက် ကြေသွားဟန် ရသည်။ ထိုအရာက ရှန့်ထိုတစ်ပါး၏ စွမ်းအားအလား ဖြစ်သည်။
ဘုန်း… နောက်ထပ် ခြေတစ်လှမ်းတွင် ယွန်ဖုန်း ထိတ်လန့်ရသည်။ ထို့နောက်တွင် ရီဖူရှင်းက သူ၏နှင်တံကို မြှောက်လိုက်သည်ကို သူမြင်လိုက်ရသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က အဆုံးအစမဲ့သော စွမ်းအားများကို သူမြင်ရသည်။ မီတာတစ်ရာခန့် ရှည်လျားသော နှင်တံပုံရိပ်ကြီး တစ်ခု ကောင်းကင်တွင် ပေါ်လာသည်။ ထိုအရာက လောက တစ်ခုလုံးကို ရိုက်ချ၏။
ထိုအခိုက်တွင် ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါက ယွန်ဖုန်း၏ ဝိညာဉ်လိပ်ပြာထက် အားမနည်းပေ။
တဝုန်းဝုန်း မြည်သံများ ကြားရသည်။ ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်း ပျက်စီးရသည်။ သာမန် တိုက်ခိုက်မှုများက အနားပင် မသီနိုင်။ နှင်တံကြီး ဆင်းသက်လာသည်နှင့် ဧရာမလက်ကြီးက ကျိုးပျက် သွားရသည်။ သူ၏ခေါင်းနှင့်ကိုယ်က တွန့်လိမ်ခေါက်ကွေး သွားရ၏။
နှင်တံက ကျဆင်း လာသောအခါ ပန်းချီဝိညာဉ်က တုန်ခါသည်။ သွေးတစ်ပွက် အန်ကာ ယွန်ဖုန်း၏ မျက်နှာကလည်း ပြာနှမ်းသွားသည်။
“မင်းက နတ်ဘုရားပုံကို ရေးဆွဲချင်တာလား…” ရီဖူရှင်းက လျှောက်လာသည်။ ယွန်ဖုန်းက ပြာနှမ်းသော မျက်နှာဖြင့် ကြည့်သည်။
“မင်းက ဘာလို့ ငါ့ပုံကို မရေးဆွဲတာလဲ…” ရီဖူရှင်းက လက်ဆန့်တန်းကာ ယွန်ဖုန်း၏ လည်တိုင်ကို ဆုပ်ကိုင်လိုက်သည်။ ယွန်ဖုန်းက ရီဖူရှင်း၏ လက်များကြားထဲမှ ရုန်းကန်သည်။ သူ၏မျက်နှာ၌ သွေးမရှိတော့ပေ။
ရီဖူရှင်းက ပြန်ကြည့်သည်။ မီးများ ထွက်ပေါ်လာကာ ဟွာဂျီယူ၏ပန်းချီပုံက ပျက်စီးသွားသည်။
“မင်းက ပါရမီရှင် ဇယားထဲကို ဘယ်လို ဝင်လာတာလဲ…” ရီဖူရှင်းက ယွန်ဖုန်း၏ လည်ပင်းကို ကိုင်ကာ မြေပြင်တွင် ကိုင်ရိုက်လိုက်သည်။ လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ရ၏။
ဘုန်း… တိုက်ပွဲစင်မြင့်က တုန်ခါသည်။ ယွန်ဖုန်းတစ်ဖန် သွေးအန်၏။ သူက ရီဖူရှင်း၏ လက်ကို ဖယ်ရှားရန် ကြိုးစားသော်လည်း မအောင်မြင်။
ထို့ကျန်း နန်းဆောင်မှ မရေမတွက်နိုင်သော မျက်လုံးများကား အေးခဲနေကြပြီ။ အထူးသဖြင့် ကျန်းကျိချင်နှင့် လျန်ယွီချန်းတို့က အံ့အားသင့် ကြရသည်။
ယွန်ဖုန်းကား သွေးထန်စွာ ရှုံးနိမ့်ခဲ့ရသည်။
ရီဖူရှင်းက ယွန်ဖုန်း၏ လည်ပင်းကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်… “ငါက အရှက်မရှိဘူး… စိန်မခေါ်ရဲဘူးလို့ မင်းတို့ ပြောကြတယ်…” သူက အေးစက်စွာ ပြောသည်… “အခု ငါလက်ခံတယ်… မင်းက အဆင့်မီလား…” ထို့နောက် သူက ယွန်ဖုန်း၏ ခန္ဓာကိုယ်ကို တစ်ဖန် ကိုင်ရိုက်လိုက် ပြန်သည်။ ယွန်ဖုန်း၏ အရိုးများစွာ ကျိုးအက်ရသည်။ သို့သော် ရီဖူရှင်းက သူ၏အားကို ကောင်းကောင်း ထိန်းချုပ်ထားသည်။ ယွန်ဖုန်းက ဒုက္ခိတ မဖြစ်နိုင်ပေ။ သို့တိုင်အောင် လေးစားမှု ဟူသည်က မည်သို့သောအရာ ဖြစ်သည်ကို ယွန်ဖုန်းအား အမှတ်ရစေမည်။
ကျန်းကျိဖန်၏ မျက်လုံးများက အေးစက်နေသည်။ ရီဖူရှင်းက ထိုစကားများကို ယွန်ဖုန်းကိုသာ ပြောနေသည် မဟုတ်သည်ကို သူမသိသည်။ သည်ကာလတွင် လူများစွာက ရီဖူရှင်းနှင့် ပတ်သက်၍လှောင်ပြောင်ကြသည်။ သို့သော်လည်း ရီဖူရှင်းက အမှန်ပင် ထိုစိန်ခေါ်မှုများကို လက်မခံရဲသည်လား…။
ယနေ့ သူက လက်မခံရဲခြင်း မဟုတ်သည်ကို ပြောပြီဖြစ်သည်။ သူက ပုံမှန်အားဖြင့်ကို ထိုကိစ္စများအား စိတ်မဝင်စားခြင်းသာ ဖြစ်သည်။ တခြားလူများက သူ့အား စော်ကားလျှင်ပင် သူက အရေးမစိုက်ပေ။
ယွန်ဖုန်း၏ ပါးစပ်က သွေးများ အဆက်မပြတ် ထွက်နေကာ သူ့မျက်နှာက ပျက်ယွင်းနေသည်။ သူကလည်း ဂုဏ်သရေရှိ ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ယနေ့သူက ဤသို့ ဖျက်ဆီးခံရသည်။ ရီဖူရှင်းကား သူ့ကို တမင် အရှက်ခွဲနေခြင်း ဖြစ်သည်။
“တော်ပြီ…” လျန်ယွီချန်းက အေးစက်စွာ ပြောသည်။
ရီဖူရှင်းက မော့ကြည့်ကာ နှာခေါင်းရှုံ့သည်… “တကယ်တမ်း တိုက်ခိုက် ခိုင်းတာလည်း ခင်ဗျားပဲ… အခု ရပ်စေချင်တာလည်း ခင်ဗျားပဲ… ဒါက ခင်ဗျားပြောတဲ့ လူကြီးလူကောင်း ဆန်တာလား…”
ထို့နောက် ရီဖူရှင်းက ထရပ်သည်။ ယွန်ဖုန်း၏ ခန္ဓာကိုယ်ကို ဆွဲကာ သူက စင်မြင့်ထောင့်သို့ လျှောက်လာသည်။ ယွန်ဖုန်း၏ ဆိုးဝါးသော အခြေအနေကို ကြည့်ကာ အားလုံးက သနားကြရသည်။
ရီဖူရှင်း ပြောသလိုပင် သူကား ရီဖူရှင်းနှင့် တွေ့ရသည့်အတွက် နောင်တ ရပေလိမ့်မည်။
“ဒါက ခင်ဗျားတို့ လိုချင်တဲ့ စိန်ခေါ်မှုပဲ… ကျေနပ်ပြီလား…” ရီဖူရှင်းက ယွန်ဖုန်း၏ ခန္ဓာကိုယ်ကို စင်မြင့်ပေါ်မှ ပစ်ချလိုက်သည်။ မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းထံကို ရောက်လာသည်။
သူကား အနိုင်ရသူဖြစ်သည်။
***