ပိုင်ရီကား မှင်တက်သွားသည်။ အရုပ်ဆိုးသည်လား…။ လူသားကမ္ဘာ၏ သမီးတော် သုံးပါးထဲမှ တစ်ပါး ဖြစ်သည့်အလျောက် သူမအား ဘယ်သူကမှ အရုပ်ဆိုးသည်ဟု မသတ်မှတ်ခဲ့ဖူးကြပေ။ ရီဖူရှင်း၏ အပြုအမူ အပြောအဆိုများက စည်းကမ်းမဲ့လွန်းသည်။ ထို့ကြောင့်ပင် သူမက သူ့အား သဘောမကျခြင်း ဖြစ်ရပေမည်။
ပိုင်ရီက ထပ်မပြောတော့ပေ။ ကွင်းထဲ၌ အေးစိမ့်သော အငွေ့အသက်များ စတင် ဖြစ်ပေါ်လာကာ ရီဖူရှင်း၏ အရိုးတွင်းသို့ စိမ့်ဝင်လာကြသည်။ သူက ကျောချမ်းလာကာ သူ၏ သွေးစီးဆင်းမှုများပင် နှေးကွေး သွားသည်ဟု ထင်မှတ်ရသည်။ သူ၏စိတ်ထဲကို အားကောင်းသော ရေခဲအသိတစ်ခုက လာရောက် တိုက်ခိုက်သည်။ အဆုံးမဲ့သော မြူခိုးများက သူ့အား ထာဝရအေးခဲကာ မြှုပ်နှံရန် ကြိုးစား လာကြသည်ကို ရီဖူရှင်း မြင်သည်။ ပိုင်ရီကား မာနကြီးသည်။ သို့သော် လူသားကမ္ဘာ၏ သမီးတော်တစ်ပါး ဖြစ်သည့်အလျောက် သူမကား အလွန် အားကောင်းပေသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် မီးတောက်များ စတင် ဖြစ်ပေါ်လာသည်။ နေမင်းဝိညာဉ် ပေါ်လာသည်တွင် အေးစိမ့်မှုများ အားလုံးကို ဖယ်ရှားပေးသည်။ သို့သော်လည်း မြူးခိုးများ အကြားတွင် မီးလျှံများက စတင် ကွယ်ပျောက်ရသည်။ ရုတ်တရက် အစိမ်းရောင်များ လင်းလက်လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသော မီးတောက်များက အမှန်ပင် အစိမ်းရောင် ဖြစ်နေသည်။ သူက အဆုံးမဲ့သော အသက်ဓာတ်ကို ပိုင်ဆိုင်သော သစ်သားဓာတ်အား မီးဓာတ်သဘာဝဖြင့် ပေါင်းစပ်ခဲ့သည်။
ရုတ်တရက် ရီဖူရှင်းက ရေခဲကမ္ဘာတစ်ခုတွင် ပေါ်လာသည်။ တိုက်ပွဲ ကွင်းပြင်လည်း မရှိတော့ပေ။ တခြားလူများကိုလည်း တစ်ယောက်မှ မတွေ့ရဘဲ အဆုံးမဲ့သော အေးစက်မှုများသာ ကျန်ရှိသည်။ သူက မီးလျှံများ လောင်ကျွမ်းလျက် ထိုနေရာတွင်ပင် တစ်ယောက်တည်း ရပ်နေသည်။
“ပုံရိပ်ယောင်…” ရီဖူရှင်းက အံ့အားသင့်သွားသည်။ ပိုင်ရီက စိတ်ဝိညာဉ် အထူးပြု မှော်ထိန်းချုပ်သူ ဖြစ်သည်ကို သူသိလိုက်သည်။
“ဟုတ်တယ်… ပုံရိပ်ယောင် တစ်ခုပဲ…” ပိုင်ရီက ရေခဲကမ္ဘာထဲတွင် ပေါ်လာသည်။ ရေခဲဝတ်စုံကို ဝတ်ဆင်ထားသော သူမကား နတ်မိမယ်တစ်ပါးလို သန့်စင်ကာ မြင့်မြတ်သည်။ သူမက ရီဖူရှင်းအား ကြည့်ကာ လက်ဝှေ့ယမ်း၏။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော ရေခဲချွန်များ ရီဖူရှင်း၏ ပတ်ပတ်လည်တွင် ဖြစ်လာကာ သူ့ထံသို့ တိုးဝင်လာကြသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကား ရေခဲလှောင်အိမ်ထဲတွင် ပိတ်ဆို့ခြင်း ခံရ၏။
ရီဖူရှင်းက ရေခဲလှောင်အိမ်ကို ကြည့်သည်။ ရေခဲချွန်များက သူ့ထံကို လာရောက် စိုက်ဝင်တော့မည် ထင်မှတ်ရသော အချိန်တွင်ပင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခု သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ နိုဘယ်အသိ မွေးဖွားမှုနှင့်အတူ ရွှေရောင် အတောင်ပံက သူ့နောက်တွင် ဖြစ်ပေါ်လာပြီး အားကောင်းသော ရွှေရောင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရီဖူရှင်း၏ အတောင်ပံက လှုပ်ခတ်သွားသည်တွင် ပိတ်ဆို့ထားသော နေရာက ပြတ်တောက် သွားသည်။ ရောက်ရှိလာသော ရေခဲချွန်များမူကား အားလုံးက အပိုင်းအပိုင်းအစစ ဖြစ်သွားသည်။
လေထဲတွင် ရပ်နေရင်း ပိုင်ရီက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်… “သိုင်းပညာမှာ နိုဘယ်အဆင့်…”
ရီဖူရှင်းကလည်း အတောင်ပံများကို ခတ်လျက် လေထက်ကို ပျံတက်ကာ ပိုင်ရီကို ပြန်ကြည့်သည်။
“နင့်သိုင်းပညာက နိုဘယ်အဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ… နင်က ငါ့စိတ်ဝိညာဉ် စွမ်းအားတွေကို ခံနိုင်ရည်ရှိမှာလား…” သူမက အနည်းငယ်တော့ အံ့အားသင့် သွားရပေသည်။ မှော်ဆရာများက စိတ်ဝိညာဉ်စွမ်းအားကို အထူးပြု လေ့ကျင့်ကြရကာ သိုင်းပညာရှင်များက ရုပ်ခန္ဓာကိုယ်ကို လေ့ကျင့်ကြသည်။ နိုဘယ်အဆင့် မှော်ပညာရှင်များပင် သူမ၏ ပုံရိပ်ယောင်ကို ဖောက်ထွက်နိုင်ခြင်း မရှိရာ နိုဘယ်အဆင့် သိုင်းပညာရှင်ကိုမူကား ထည့်တွက်နေစရာပင် မလိုပေ။
“မင်းက ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေရတာလဲ ငါတကယ် နားမလည်ဘူး…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူ၏စိတ်ထဲတွင် ရှိန့်ထိုအသိက သူ၏စိတ်ဝိညာဉ် စွမ်းအားနှင့် ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ် မီးတောက်တစ်ခု ထွန်းလင်းလာသည်။ ချက်ချင်းပင် သူ၏စိတ်ဝိညာဉ် စွမ်းအားက မီးတောက်အသိအဖြစ် ပြောင်းလဲကာ ပတ်ပတ်လည်မှ ရေခဲဓာတ် သဘာဝများကို ချေဖျက်သည်။ မကြာမီ ရီဖူရှင်း၏ရှေ့မှ ပုံရိပ်ယောင်များ ပျောက်ကွယ်သွား၏။ သူကား ပိုင်ရီနှင့် မနီးမဝေးတွင် ရပ်နေဆဲ ဖြစ်သည်။
“ဘာဖြစ်သွားတာလဲ…” ပိုင်ရီက ရီဖူရှင်းကို ကြည့်သည်။ ခုနက မီးတောက်က အလွန်အမင်း အားကောင်းလွန်းရကား သူမ၏ပုံရိပ်ယောင် ကမ္ဘာကိုပင် ပျက်စီးစေခဲ့သည်။
“နိုဘယ်အဆင့်… သူ့သိုင်းပညာက အဆင့်တက်သွားပြီ…” ထိုအခိုက်တွင် မရေမတွက်နိုင်သော လူများက နိုဘယ် အရှိန်အဝါများ ထုတ်လွှတ်ထားသော ရီဖူရှင်းကို စိုက်ကြည့် နေကြသည်။
ရုတ်တရက် ရီဖူရှင်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ ကြီးမြတ်သော အငွေ့အသက်များ စတင် ဖြစ်ပေါ်လာကာ သူ၏စွမ်းအားများကို ပိုမိုပြင်းထန် အားကောင်းစေသည်။ အမျိုးမျိုးသော ဓာတ်သဘာဝများက လေထဲတွင် တရွှီးရွှီးမြည်ကာ သူ့ပတ်ပတ်လည်၌ ထူးဆန်း အံ့ဖွယ်ကောင်းသော သီးသန့်နယ်တစ်ခု ဖြစ်လာစေသည်။
ကောင်းကင်တွင် ပတ်ဝန်းကျင်ရှိ သဘာဝ စွမ်းအင်များ အားလုံးက ရီဖူရှင်း၏ အနီးတွင် သဘာဝစွမ်းအင် စက်ကွင်းကြီး တစ်ခုအလား ဖြစ်လာသည်။ ရီဖူရှင်း၏ အတောင်ပံက ဖြည်းညင်းစွာ လှုပ်ခတ်သည်။ နောက်ဆုံးတွင် သူက မြေပြင်ကို ဆောင့်နင်းလျက် လေထုကို ခွင်းကာ လျှပ်စီးများ လင်းလက်စွာဖြင့် နတ်ငှက်တစ်ကောင် အလား ပျံသန်းသွားသည်။ သူက စွမ်းအင် စက်ကွင်းနှင့်အတူ ပိုင်ရီထံသို့ ပျံသန်းသွားသည်။ ကျူးကော့လင်နှင့် တိုက်ပွဲတွင် ရီဖူရှင်းက ဤမျှ အားကောင်းသော စွမ်းရည်အား ထုတ်ပြခဲ့ခြင်း မရှိပေ။
“သူ့ရဲ့ သိုင်းပညာအသိက အားကောင်းတဲ့ စွမ်းအားတစ်ခု ရှိနေပုံပဲ… ကြီးမြတ်တဲ့ အရှိန်အဝါရှိနေပြီးတော့ ဒါက သူ့စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တယ်… ဖိအားက ကြောက်စရာ ကောင်းပြီး သူကိုယ်တိုင်ကလည်း ခန္ဓာကိုယ်ကို လေ့ကျင့်တဲ့ပုံပဲ… သူ့လှုပ်ရှားတဲ့ဟန်က နတ်ငှက်နဲ့တူပြီး အရမ်းမြန်တယ်…” လူအများအပြားက တွေးတော နေကြသည်။ ပိုင်ရီက အားကောင်းသော်လည်း ရီဖူရှင်းကသာ သူမ၏အနီးကို ရောက်သွားပါက သူမအတွက် အန္တရာယ် ရှိပေသည်။
ပိုင်ရီက လက်ဆန့်တန်း လိုက်သည်တွင် ရေခဲနှင်တံတစ်ချောင်း ပေါ်လာသည်။ မဆုံးနိုင်သော ရေခဲအသိများက လေထဲတွင် မွေးဖွားလာ၏။
“ရေခဲအရံအတား…” ချက်ချင်းပင် ရေခဲအလွှာများ စတင် ဖြစ်ပေါ်လာသည်။ ဆက်တိုက်ပင် ထက်ရှသော ရေခဲချွန်များက ပိုင်ရီ၏ရှေ့တွင် ခံတပ်များအလား ထုထည်ကြီးမားစွာ ဖြစ်ပေါ်လာကြ၏။ ချက်ချင်းပင် ရေခဲများက ထိုနေရာ တစ်ခုလုံးကို ပိတ်ဆို့သွားသည်။ ထက်ရှသော ရေခဲဓားသွားများက ရီဖူရှင်းထံကို ပျံသန်း သွားကြသည်။
ရီဖူရှင်းက ရပ်တန့်ခြင်း မရှိဘဲ သူ၏ခန္ဓာကိုယ်အား လှည့်ပတ်လိုက်သည်။ သူက လျှပ်စီးတန်းအလား ပိုမို၍ မြန်ဆန်စွာပင် ပြေးဝင်လာသည်။ လွန်စွာ ထက်ရှသော ရွှေရောင်ပုံရိပ် တစ်ခုက အတောင်ပံများ ဖြန့်ကြက်မှုနှင့်အတူ ရှေ့ကို ပြေးဝင်သွားသည်။ အက်ကွဲသံများနှင့်အတူ ရေခဲချွန်များ အပိုင်းအပိုင်းအစစ ဖြစ်သွားကြသည်။
ရီဖူရှင်းကား သူ၏ရုပ်ခန္ဓာကိုယ်ကို အလွန်အသားပေး လေ့ကျင့်ခဲ့သည်။ ယခု သူ၏သိုင်းပညာက နိုဘယ်အဆင့်ကို တက်လှမ်းခဲ့သည်။ ဧကရာဇ်ရီချင်၏ ခန္ဓာကိုယ် လေ့ကျင့်နည်း စနစ်ဖြင့် ဆိုပါက သူ၏ခန္ဓာကိုယ် သန်မာမှုကို ပြောနေစရာပင် မလိုတော့။ ထို့အတူ တော်ဝင်သိုင်းကလည်း သူ့ကို ပိုမိုစွမ်းအား ကောင်းစေသည်။ ယခု သတ္တုဓာတ် စွမ်းအင်နှင့် ပေါင်းစပ်ပါက သူကား ပြိုင်ဘက်ကင်းလု နီးပါးဟု ပြော၍ ရသည်။
လူအများအပြားက အံ့အားသင့် ကြရသည်။ ပိုင်ရီ၏ ရေခဲစွမ်းအားများက ရီဖူရှင်းကို ရပ်တန့်နိုင်ခြင်း မရှိပေ။
ရီဖူရှင်းကား မြန်လွန်းလှသည်။ မှော်ပညာရှင် တစ်ယောက် ဖြစ်သည့်အလျောက် ပိုင်ရီက ဓာတ်စွမ်းအင်များကို ထုတ်လွှတ်ရာတွင် ထူးချွန်သည်။ သို့သော် လှုပ်ရှားမှုများက နှေးကွေးပေသည်။ ယခု သူမက ရီဖူရှင်း၏လှုပ်ရှားမှုများကို မှော်ပညာဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိပါက အခြေအနေက သိပ်မဟန်တော့ပေ။
“ရုတ်တရက် အလွန် လင်းလက်သော မှန်မျက်နှာပြင်များ ဖြစ်ပေါ်လာကာ တိုက်ပွဲကွင်းပြင်အား လှည့်ပတ်ကြသည်။ ထိုအရာများ အားလုံးက ပိုင်ရီနှင့် ဆင်တူကာ မရေမတွက်နိုင်သော မှန်မျက်နှာပြင်များနှင့်အတူ လှပလင်းလက်သော မြင်ကွင်းတစ်ခု ဖြစ်လာသည်။ သို့သော်လည်း အရံအတားတစ်ခုကို ဖျက်ဆီး ဝင်ရောက်လာသော ရီဖူရှင်းက မှန်သားပြင် တစ်ခုထံသို့ တွေဝေခြင်း မရှိဘဲ တိုးဝင်သွားသည်။ ပိုင်ရီ၏ အစစ်အမှန် ခန္ဓာကိုယ်က ထိုနေရာတွင် ရပ်နေသည်။ ကျူးကော့မိသားစုမှ တန်ခိုးရှင် နှစ်ယောက်လိုပင် ပုံရိပ်ယောင်များက ရီဖူရှင်းအပေါ် သက်ရောက်ခြင်း မရှိပေ။
“မှန်မျက်နှာပြင် တိုက်ကွက်…” ပိုင်ရီက အော်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်ကို နှင်းများ ဖုံးအုပ်သွားပြီး သူမ၏ အနီးပတ်ဝန်းကျင်က ရေခဲမှတ်အောက် ရောက်သွားကာ မှန်မျက်နှာပြင်များမှ အလင်းတန်းများ အားလုံးက ရီဖူရှင်းထံကို တိုးဝင်သွားကြသည်။
တကယ့်အလင်းတန်း အစစ်အမှန်က တစ်ခုတည်းသာ ဖြစ်ရကား ထိုအလင်းတန်းက ရီဖူရှင်းကို တိုက်ရိုက် ထိမှန်သည်။ ထိုအခိုက်တွင် ရီဖူရှင်းက သူ၏တစ်ကိုယ်လုံးကို အေးခဲသွားစေသော ခံစားမှုကို ရလိုက်ကာ အရာခပ်သိမ်းက ရပ်တန့်သွားဟန် ရသည်။ သူ၏ ခန္ဓာကိုယ်ကလည်း နှေးကွေးလေးလံ သွားသည်။ သူ၏ တစ်ကိုယ်လုံးက စတင် အေးခဲလာသည်ကို ရီဖူရှင်းက ခံစားရသည်။
“မှန်မျက်နှာပြင် တိုက်ကွက်က လူသားကမ္ဘာရဲ့ နာမည်ကျော် တိုက်ကွက် တစ်ခုပဲ… ဒီတိုက်ကွက်ကို ထုတ်ဖော်ဖို့ မှော်ပညာရှင် တစ်ယောက်က ကြီးမားများပြားတဲ့ စိတ်ဝိညာဉ်အားကို သုံးဖို့ လိုအပ်တယ်…” လူအများအပြားက အံ့အားသင့်စွာ ပြောဆိုကြသည်။
ပိုင်ရီ၏မျက်လုံးများက အလွန်အမင်း အေးစက်နေသည်။ ရီဖူရှင်းကား အလွန် အားကောင်းရာ သူမက မြန်ဆန်စွာပင် ပွဲသိမ်းရန် လိုနေသည်။
ပိုမိုအားကောင်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ရီဖူရှင်းက သူ၏လက်အား ထူးဆန်းသော ဟန်ချက်တစ်ခုနှင့်အတူ လှုပ်ရှားနေဟန် ရသည်။ ထို့နောက် ထူးဆန်းကာ ကြီးမြတ်သော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ မီးတောက်များက ပိုမိုအားကောင်းစွာဖြင့် လောင်ကျွမ်းကြသည်။
ဘုန်း… ရီဖူရှင်းက ပိုမိုမြန်ဆန်သွားသည်။ အလင်းတန်း များစွာက ရီဖူရှင်းကို လာရောက် ထိမှန်သော်လည်း သူက ဘာမှ ခံစားရဟန်မရှိဘဲ ရှေ့ကို ဆက်တိုးဝင် သွားသည်။
ထိုခဏမှာပင် ရီဖူရှင်းက ပိုင်ရီရှေ့ကို ရောက်လာရာ ပိုင်ရီ၏မျက်နှာက ပြာနှမ်းသွားသည်။ သူမက ရေခဲအရံအတား တစ်ခု ထပ်မံ၍ ဖန်တီးရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
ဘန်း…
ရီဖူရှင်း၏လက်ဝါးက ပိုင်ရီ၏ ရင်ဘတ်ပေါ်ကို ကျဆင်းလာကာ အရိုးကျိုးသံ သဲ့သဲ့နှင့်အတူ သူမက အဝေးကို လွင့်စဉ်သွားသည်။ မြေပြင်မှ ထရပ်သည်တွင် သူမက သွေးတစ်ပွက်အန်ကာ ရီဖူရှင်းအား စိမ်းစိမ်းဝါးဝါး ကြည့်သည်။
လူအများအပြားက မှင်တက် သွားကြသည်။ ရီဖူရှင်းက မိန်းကလေး တစ်ယောက်အား ငဲ့ညာခြင်းပင် မရှိဘဲ အားပြည့် အင်ပြည့် ရိုက်နှက်ခဲ့သည်။
“အခု ကျေနပ်ပြီလား…” ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ လူသားကမ္ဘာမှ သမီးတော်အား တစ်ခါမှ အရေးလုပ်ခဲ့ဟန် မရှိသောပုံစံဖြင့် ထွက်သွားသည်။
လူအများအပြားက အံ့အားသင့်ကြရသည်။ သူတို့အားလုံးက ရီဖူရှင်းကို လျှော့တွက်မိကြပြီ ဖြစ်သည်။ ပိုင်ရီပြောသလို ရီဖူရှင်းက သည်အဆင့်မျှဖြင့် အိမ်ပြန်ရမည့်လူ မဟုတ်ပေ။ သူကား အကောင်းဆုံးများထဲမှ တစ်ယောက် ဖြစ်သည်။
သည်တိုက်ပွဲ ပြီးနောက်တွင် ရီဖူရှင်းက နောက်တစ်ဆင့်ကို တက်ရောက်သွားပြီ ဖြစ်သည်။
ကျူးကော့ရှင်းက ရီဖူရှင်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်သည်။ သူက အနည်းငယ် အံ့အားသင့်သွားဟန် ရှိသည်။ ရီဖူရှင်း ဤမျှ အားကောင်းမည်ဟု သူမထင်ထားပေ။
ရီဖူရှင်းက ထိုမျှ မောက်မာနေသည်မှာ မထူးဆန်းတော့ပေ။ မည်သို့ဆိုစေ ရီဖူရှင်း အားကောင်း လာသည်က သူ့အတွက် စိတ်ဝင်စားဖွယ်ရာ ကောင်းနေပေသည်။
“ပိုင်ရီ… မင်း ငါ့လက်အောက်မှာ လေ့ကျင့်ချင်လား…” တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲ တစ်ယောက်က ဖိတ်ခေါ်သည်။ ပိုင်ရီက ရှုံးနိမ့်ခဲ့သော်လည်း သူမက အလွန် အားကောင်းသည်ကို လူတိုင်းက သိသည်။
ပိုင်ရီက ထိုအကြီးအကဲကို ကြည့်သည်။ ထို့နောက် သူမက နောက်တစ်ယောက်ကို ကြည့်သည်… “ကျွန်မက ရှီတန်ခိုးရှင်ထိုကျန်း လက်အောက်မှာ လေ့ကျင့်ချင်ပါတယ်…”
သည်တောင်းဆိုချက်က သူမဆရာ၏ ဆန္ဒဖြစ်သည်။ ရှီတန်ခိုးရှင် ထိုကျန်းကား နာမည်ကျော် မှော်ပညာရှင်ဖြစ်ပြီး နောင်တွင် လူသားကမ္ဘာသို့ သူမက ပိုမို အားကောင်းစွာဖြင့် ပြန်သွားနိုင်သည်။
လူအများအပြားက ရှီတန်ခိုးရှင် ထိုကျန်းကို ကြည့်ကြသည်တွင် သူက အသာအယာ ခေါင်းယမ်းသည်ကိုသာ မြင်ကြရသည်။ သူက ပိုင်ရီအား ငြင်းပယ်ခဲ့သည်။
ပိုင်ရီ၏မျက်နှာတွင် စိတ်ပျက်မှုမျာကို အထင်းသား တွေ့ရသည်။ ထို့နောက် သူမက နောက်လှည့်ကာ ဒယီးဒယိုင်ဖြင့် ထွက်သွားသည်။ တခြားလူများ ကဲ့သို့ပင် သူမကလည်း ဤနေရာသို့ ရည်ရွယ်ချက် တစ်ခုဖြင့် ရောက်လာခဲ့သည်။ သို့သော် သူမ မလုပ်နိုင်ခဲ့ပေ။ အကယ်၍ သူမက တခြားတစ်ယောက်ကို ပြိုင်ဘက်အဖြစ် ရွေးချယ်ခဲ့ပါက သူမက ပိုမိုကောင်းမွန်သော စွမ်းရည်များအား ထုတ်ပြနိုင်လောက်ပေသည်။
***