အပိုင်း (၅၄၄)

ဘယ်လိုလူတွေလဲ

စီကျိက သူ့ရှေ့မှ လူငယ်ကို ကြည့်သည်။ သူက အင်မော်တယ် ကျေးရွာကို ကြားဖူးသည်။ ထာဝရ အဘိုးအိုကဲ့သို့သော နာမည်ကျော် ပုဂ္ဂိုလ်ကြီးက ထိုနေရာမှ ဖြစ်ရာ လူအများက ထိုနေရာကို မသိဆိုသည်မှာ မဖြစ်နိုင်။

ထာဝရ အဘိုးအိုကား မဆုံးနိုင်သော အသက်ဓာတ်ကို ပိုင်ဆိုင်သူဖြစ်ကာ သူ၏နွယ်ပင်များက ရေမီးဓာတ် သဘာဝများဖြင့် ဖျက်ဆီး၍ ရနိုင်သော အရာမဟုတ်ပေ။

ဒူဟောင်က အသက်ဘေးမှ ထွက်ပြေးရန် ကြိုးစားနေချိန်မှာ မတော်တဆ အင်မော်တယ် ကျေးရွာမှ လူများအား မီးဖြင့် လောင်ကျွမ်းမိစေရာ ထိုအတွက် အသက် ပေးဆပ်ခဲ့ရသည်။ ထိုအဖြစ်က လူအများအား ပိုမို၍ သတိရှိစေသည်။ အနည်းငယ်မျှသော သတိလစ် သွားသည်နှင့် သူတို့က ဆိုးရွားသော အဆုံးသတ်နှင့် တွေ့ကြုံ သွားရနိုင်သည်။

စီကျိက ရီဖူရှင်းကို ကြည့်သည်။ ထိုအခိုက်တွင် စီဝူကျိထံမှ မီးဓာတ်စွမ်းအင်များ ထွက်ပေါ်လာကာ မီးနဂါးများက ရီဖူရှင်းထံကို ပြေးဝင် လာကြသည်။ ရီဖူရှင်း မျက်မှောင်ကြုတ် လိုက်သည်။ တစ်ဖက်လူက သူ့အား အပြစ်ပုံချရန် ကြိုးစားနေသည်။

ထို့နောက် ရီဖူရှင်းက ကြယ်တာရာ စွမ်းအင်များကို ထုတ်လွှတ် လိုက်သည်တွင် သူ့ပတ်ပတ်လည်၌ ဥက္ကာခဲများ ဖြစ်ပေါ်လာကာ မီးနဂါးများကို ကာကွယ်သည်။ သို့သော် ကြောက်မက်ဖွယ် ကောင်းသော မီးနဂါးများ၏ လက်အောက်တွင် ဥက္ကာခဲများ တဝုန်းဝုန်း ပေါက်ကွဲ ပြိုလဲကြရသည်။ တစ်ချိန်တည်းမှာပင် တော်ဝင် မီးတောက်ဂိုဏ်းမှ လူများအားလုံးက ရီဖူရှင်းကို ဝိုင်းရံကာ တိုက်ခိုက်ကြ၏။

ထိုအခိုက်တွင် သန့်စင်သော ရွှေလက်ဝါး ပုံရိပ်တစ်ခုက စီကျိထံကို ရောက်လာသည်။ စီကျိကလည်း လက်ဝှေ့ယမ်းကာ လက်ဝါးပုံရိပ်တစ်ခု ထုတ်လွှတ်သည်။ သူ၏လက်ဝါးပုံရိပ်က အနက်ရောင် မီးတောက်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ သို့သော်လည်း လက်ဝါးရင်း ရင်ဆိုင်မိသည်တွင် စီကျိက အမှန်ပင် နောက်ကို လွင့်စဉ် သွားသည်။ သူက ဟန်ချက်ထိန်းကာ သူ့အား တိုက်ခိုက်လိုက်သော ရွှေလူဝံမျိုးနွယ် ယန်ကျန်းကို ကြည့်သည်။

တစ်ချိန်တည်းမှာပင် သစ်မင်းနွယ်ပင်များဖြင့် ယိရှောင်ရှီလည်း ရောက်လာသည်။ နွယ်ပင်များက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းကာ တော်ဝင် မီးတောက်ဂိုဏ်းမှ လူများထံသို့ လာရောက် ရစ်ပတ်ရန် ကြိုးစားကြသည်။

ရီဝူချင်း၊ ယူချင်းနှင့် တခြားလူများလည်း ရောက်လာကြသည်။ ရီဝူချင်းအား ထောင်ပေါင်း များစွာသော ဓားအသိများ ရစ်ပတ်ထားဟန် ရကာ သူ့အနီးမှ​ လေဟာနယ် တစ်ခုလုံးက အေးစိမ့်သော အငွေ့အသက်များ လွှမ်းခြုံနေသည်။ သူက လက်ညှိုး ညွှန်လိုက်သည်တွင် သူ့အနီးမှ​ ဓားအသိများက ဓားအားလှိုင်းတစ်ခု ဖြစ်သွားကာ ရီဖူရှင်းကို ဝန်းရံနေသူများထံ ရိုက်ခတ်သွား၏။

ချန်ရန်၊ ရွယ်ယွန်ပိုကျင်၊ စီဝူကျိနှင့် ကျွေချိန်ချူတို့ ကလည်း သတ္တမ အတန်းအစား နိုဘယ် ဖြစ်နေကြပြီ။ သူတို့က ထိုနေရာကို ရောက်သည်တွင် တော်ဝင် မီးတောက်ဂိုဏ်းကို တက်ညီလက်ညီ တိုက်ခိုက်ကြသည်။ အင်အားစုနှစ်ခု ရင်ဆိုင်မိရကား ဘေးမှ လူများကပင် တိုက်ခိုက်နေရင်းက လှည့်ကြည့် ကြရသည်။

ရီဖူရှင်းက ပတ်ပတ်လည်မှ တိုက်ခိုက်မှုများကို ကာကွယ်ရင်းက အနီးဆုံး တစ်ယောက်ထံကို ပြေးသွားလိုက်သည်။ နှင်တံအား မကာ တော်ဝင် မီးတောက်ဂိုဏ်းမှ တစ်ယောက်အား ရိုက်နှက် လိုက်သည်တွင် ကြီးမားသော အရှိန်အဝါကြောင့် ထိုလူက ကြောက်လန့်တကြား နောက်ဆုတ်ရန် ကြိုးစားသည်။ သို့သော် နွယ်ပင်များက သူ့ပြေးလမ်းများကို ပိတ်ဆို့ထားပြီး ဖြစ်သည်။

ဘုန်း…

နှင်တံ ရိုက်ချက် အောက်တွင် ထိုလူကား အဝေးကို လွင့်စဉ်သွားပြီး ဒဏ်ရာ အပြင်းအထန်ရလျက် မြေပြင်ပေါ်ကို ကျသည်။

ယိရှောင်ရှီ၏ သစ်မင်းနွယ်ပင်များက တော်ဝင်မီးတောက်ဂိုဏ်းမှ လူများအား အလွန် ဒုက္ခပေးသည်။ ခဏအတွင်းတွင် နွယ်ပင်များ ရိုက်ပတ်ခံရ၍ ခုခံအားမဲ့ကာ အရိုက်ခံရသောကြောင့် သေဆုံး ဒဏ်ရာရသူ များစွာ ဖြစ်သွားသည်။

စီကျိကား ယန်ကျန်းနှင့် တိုက်ခိုက်နေရရာ တခြားလူများကို ကူညီနိုင်စွမ်း မရှိပေ။ အချိန်သိပ်မကြာဘဲ တော်ဝင် မီးတောက်ဂိုဏ်းမှ ပါရမီရှင်များ မြေပြင်ပေါ်ကို ကျကာ သေကျေပျက်စီးသူများ အရှုံးပေးသူများဖြင့် တစ်ယောက်မှ မကျန်တော့။

စီကျိက ထိုနေရာမှ မြန်ဆန်စွာ ဆုတ်ခွာသည်။ သူ့လူများကား တစ်ယောက်မှ မရှိတော့။

“ဒါ…” ထိုမြင်ကွင်းကို ကြည့်ကာ အချို့က အံ့အားသင့်ကြသလို အချို့ကလည်း ရယ်ရွှင်ဖွယ် အမူအရာများ ဖြစ်သွားကြသည်။ တော်ဝင် မီးတောက်ဂိုဏ်းက ရီဖူရှင်းကို အနိုင်စားမည့်ဟန် သူတို့ မြင်ခဲ့ကြရ သော်လည်း တကယ်တမ်းတွင် ရီဖူရှင်းကသာ သူတို့ကို အနိုင်စားခဲ့ခြင်း ဖြစ်သည်။

ထိုအလွန်အမင်း အားကောင်းသော လူဝံကြီးက ထိုက်ရှင်းတောင်မှ လူဝံ ဖြစ်ရပေမည်။

သည်တစ်ကြိမ် တော်ဝင် မီးတောက်ဂိုဏ်းက အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။

စီကျိက သုန်မှုန်စွာဖြင့် ဆုတ်ခွာနေသည်။ သူ၏ အမှားတစ်ချက်က တော်ဝင် မီးတောက် အဖွဲ့တစ်ခုလုံးနှင့် ပေးဆပ် လိုက်ရကာ သူတို့က ကြီးစွာသော ဆုံးရှုံးမှု ဖြစ်ခဲ့သည်။

ရီဖူရှင်းတို့က စီကျိနောက်ကို မလိုက်ကြတော့ပေ။ သူတို့အားလုံး နည်းနည်း သက်သက်သာသာ ဖြစ်သွားကြသည်။ အချိန်တို အတွင်းတွင် တိုက်ပွဲကွင်းပြင်မှ လူအများအပြားက ထွက်ခွာ သွားကြရပြီး ဖြစ်သည်။

ဟွာဂျီယူက ရီဖူရှင်း ရှိနေရာကို မကြာခဏ လှမ်းကြည့်သည်။ သူမက ပါဝင် တိုက်ခိုက်ခြင်း မရှိပေ။ သူမ၏ဘေးတွင် ကျူးကော့မိသားစုမှ ပါရမီမြင့် လူငယ်များ ရှိနေကြရာ သူမကိုယ်တိုင် ပါဝင်တိုက်ခိုက် နေစရာ မလိုအပ်ပေ။

“သူ့လက်နက်က အတော် ကောင်းတာပဲ… အကာနာ အဆင့် တန်ခိုးရှင် တစ်ယောက်က လက်နက်ကို သုံးပြီး ဒီလောက် အားကောင်း နိုင်တယ်… ပြီးတော့ သူ့စွမ်းရည်တွေနဲ့ တော်တော် လိုက်ဖက်ပုံရတယ်…” ရီဖူရှင်းဘက်ကို လှမ်းကြည့်နေသော ကျူးကော့ရှင်းကလည်း သုံးသပ် ပြောဆိုသည်… “ဒါပေမဲ့ သူက လက်နက်ရဲ့ စွမ်းရည်ကို အားကိုးလေလေ သူ့ရဲ့ ပင်ကိုစွမ်းရည်က အားနည်းတာ သိသာလေလေပဲ… နောက်ပိုင်း အဆင့်တွေက ဒီလိုပုံစံနဲ့ သွားဖို့ မဖြစ်နိုင်ဘူး… သူက တော်ဝင် ကျဲနန်းတော်ကို ရောက်ဖို့ ခက်လိမ့်မယ်… ကျွန်းစုတစ်ထောင် တော်ဝင်နယ်မြေက အကြီးအကဲ တစ်ယောက်ယောက်က သူ့ကို သတိထားမိမယ် ဆိုရင်တောင် သူက မင်းနဲ့ လိုက်ဖက်တယ်လို့ ငါမထင်ဘူး…”

ဟွာဂျီယူအား ကျူးကော့မင်းယွီက ခေါ်လာကတည်းက အထူးအလေးပေး ဂရုစိုက်ပေးခဲ့သည်။ ကြီးမားသော အခွင့်အရေး တစ်ခုအပြင် တန်ခိုးကျင့်ရာတွင် များစွာသော ထောက်ပံ့ကူညီမှုများ ကိုလည်း လုပ်ပေးခဲ့သည်။ ဟွာဂျီယူက ကျူးကော့မိသားစုကို ရောက်လာပြီး နောက်ပိုင်း ယခင်ကနှင့် လုံးဝ ကွဲပြားခြားသော လူတစ်ယောက် ဖြစ်သွားသည်။ သူမ၏ စွမ်းရည်ဖြစ်သော ကောင်းကင် စိတ်ဝိညာဉ် ပညာတစ်ခုတည်းကပင် သူမအား တော်ဝင် ကျဲနန်းတော်ကို ဝင်ခွင့်ရရန် လုံလောက်ပေသည်။

ရီဖူရှင်းက ချောမော ခန့်ညားသော ရုပ်ရည်နှင့် ထူးခြားသော စွမ်းရည်များကို ပြသခဲ့သည့်တိုင် သူက ဟွာဂျီယူနှင့် လိုက်ဖက်မှု မရှိဟု သူယူဆသည်။ ဟွာဂျီယူက သူ၏စကားများကို နားလည်ဖို့ သူ မျှော်လင့်သည်။ လှပသော စကားများနှင့် ငယ်ရွယ်စဉ် ငြိတွယ်ခဲ့သော စိတ်ခံစားချက်များက တကယ့် လက်တွေ့ဘဝတွင်၊ အထူးသဖြင့် တန်ခိုးရှင် လောကတွင် အသုံးမဝင်ပေ။

“ရှင်က ဘာပြောချင်တာလဲ…” ဟွာဂျီယူက ကျူးကော့ရှင်းကို ကြည့်သည်။ သူမ၏အကြည့်က ပြုံးရောင်သန်း နေသော်လည်း သူမ၏အမူအရာက ကျူးကော့ရှင်းအား သူစိမ်းဆန်သော ခံစားချက်ကို ပေးသည်။ သူမက ရီဖူရှင်းကို ဆက်ဆံပုံနှင့် ယခုပုံစံက လုံးဝ ကွဲပြား ခြားနားသည်။

ကျူးကော့ရှင်းက သူ့ဘေးမှ မိန်းကလေးကို ကြည့်သည်။ လေအလွင့်တွင် သူမ၏နဖူးမှ ဆံစများက တလွင့်လွင့် ဖြစ်သွားကာ ကြည့်မိသူအား စိတ်လှုပ်ရှား စေနိုင်သည်။ သူ၏လက်ရှိ အခြေအနေဖြင့် သူမအပေါ် မျှော်လင့်ချက် မရှိဟု သိထားသည့်တိုင် ကျူးကော့ရှင်းက သူ့ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

သူ့လိုလူက လှပသော မိန်းမတစ်ယောက်ကို ရယူရန် မခက်ခဲသော်လည်း ဟွာဂျီယူက တခြား မိန်းမများနှင့် မတူပေ။ ဟွာဂျီယူက ကျူးကော့ မိသားစုကို စရောက်တည်းက ကျူးကော့ရှင်းက သူမကို သတိထားမိသည်။ ဘယ်သူမဆို သူမ၏ မျက်လုံးများကို မြင်တွေ့ရသော အခါတိုင်း လွမ်းဆွတ်ဟန် ရနေသော မျက်လုံးများကြောင့် ပွေ့ဖက် နှစ်သိမ့်လိုစိတ်များ ဖြစ်ပေါ် လာရသည်သာ…။

ကျူးကော့မင်းယွီကသာ ဟွာဂျီယူနှင့် အချိန်အများစု ထိတွေ့ ပြောဆိုကာ တခြားလူများ မူကား ထိုသို့ အခွင့်အရေး မရပေ။ သို့သော် သူမအား ကျူးကော့ရှင်းက မြင်တွေ့မိသော အခါတိုင်း သူ၏ရေပြင်အလား တည်ငြိမ်သော စိတ်က လှုပ်ရှားရသည်။ နောက်ပိုင်း ထိုခံစားချက်က သူမအပေါ် ချစ်ခင်မှု ဖြစ်သည်ဟု တွေ့ရှိ နားလည်ခဲ့ရသည်။

“မင်းတို့က ချစ်သူတွေ ဆိုပေမဲ့ သူက မင်းနဲ့ သင့်တော်တဲ့လူ မဟုတ်ဘူး…” ကျူးကော့ရှင်းက အနည်းငယ် တိတ်ဆိတ်နေပြီးမှ သူပြောလိုသည်ကို ဖုံးကွယ်လိုခြင်း မရှိဘဲ ပြောလိုက်သည်။ ဟွာဂျီယူက သူ၏သဘောကို နားလည်မည်ဟု သူ မျှော်လင့်သည်။

ဟွာဂျီယူ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ် သွားသည်။ သူမက ကျူးကော့ရှမ်းကို တစ်ချက်မျှပင် ကြည့်ရန် စိတ်ဝင်စားဟန် မရတော့။

သူမနှင့် ရီဖူရှင်းအကြား ပတ်သက်မှုကို မည်သူကမှ ဝေဖန်ရန် အခွင့်အရေး မရှိပေ။ ကျူးကော့ရှင်း၏ စကားကို သူမက တားဆီးနိုင်စွမ်း မရှိသည့်တိုင် သူမက မိမိကိုယ်ကို ဆုံးဖြတ် နိုင်စွမ်းတော့ ရှိသေးပေသည်။

“ကျွန်မရှေ့မှာ ကျေးဇူးပြုလို့ နောက်တစ်ခေါက် ပေါ်မလာပါနဲ့…” ဟွာဂျီယူ၏ လေသံတွင် အနည်းငယ်သော စက်ဆုပ်ဟန်များ ပါနေသည်။ ထို့နောက် သူမက ရီဖူရှင်း ရှိရာသို့ ပျံသန်း သွားသည်။

ကျူးကော့ရှမ်းကား သူ့ရှေ့မှ မိန်းကလေး ထွက်သွားသည်ကို ကြည့်ကာ မှင်တက်နေသည်။ သူ၏မျက်နှာက အနည်းငယ် ပျက်ယွင်း နေသည်။

ကျူးကော့ မိသားစုမှ လူငယ် တစ်ယောက်က ပြောသည်… “ငါတို့က သူမကို နှစ်နှစ်လောက် ထိန်းသိမ်း စောင့်ရှောက်ခဲ့တာ… ကြည့်ရတာတော့ ဘာမှ ထူးခြားဟန် မရှိဘူး…”

သူတို့က ရီဖူရှင်းကို လှမ်းကြည့် ကြသည်။ လူတိုင်းက လှပသော အရာများကို သဘောကျ နှစ်ခြိုက်ကြသည်သာ။ သို့သော် သူတို့က ဟွာဂျီယူ အပေါ်တွင် မူလကတည်းက သိပ်မျှော်လင့်ချက် မထားခဲ့ကြပေ။ သို့တိုင်အောင် ကျူးကော့ရှင်းက ဟွာဂျီယူနှင့် နီးစပ်ကာ ကျူးကော့မိသားစုထဲ သွတ်သွင်းနိုင်ဖို့ သူတို့ မျှော်လင်ခဲ့ကြသည်။ သို့သော်လည်း ယခုပုံစံအရ ထိုသို့သော စိတ်ကူးများ ဖြစ်လာဟန် မရှိပေ။

ဟွာဂျီယူက လေထဲမှ ပျံသန်းနေရာ များစွာသော လူများ၏ အာရုံစိုက်မှုကို ရရှိသည်။ အချို့က သူမထံကို ပျံသန်းသွားကြကာ တိုက်ခိုက်ရန် ဟန်ပြင်ကြသည်။ သို့သော် သူမက ထိုလူများကို အေးစက်စွာ တစ်ချက် ကြည့်သည်။ ထိုအခိုက်တွင်ပင် ဟွာဂျီယူအား တိုက်ခိုက်ရန် ကြံစည်သူက သူ၏စိတ် အပိုင်းပိုင်းအစစ ဖြစ်သွားသည့်အလား ခံစားရကာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ သူမကသာ သူ့အား ထိန်းချုပ် နေသည်ဟု ခံစားရသည်။

ဟွာဂျီယူကား ယခင်ကတည်းက ဓာတ်စွမ်းအင် မျိုးစုံတွင် ပါရမီပါသော စိတ်ဝိညာဉ် ပညာရှင် ဖြစ်သည်။ သူမက ကောင်းကင် စိတ်ဝိညာဉ် ပညာရှင် ဖြစ်လာသောအခါ သူမ၏ စွမ်းအားများကလည်း လွန်စွာ ကြောက်မက်ဖွယ် ကောင်းသွားသည်။

နွယ်ပင်များက ထိုလူများကို ရစ်ပတ်ကာ ကောင်းကင်မှ လျှပ်စီးများ ကျဆင်းလာသည်တွင် ထိုလူများ အတုံးအရုံး လဲပြိုကျသည်။

ဟွာဂျီယူက ထိုလူများကို တစ်ချက်မျှပင် မကြည့်တော့ဘဲ ရှေ့ကို ဆက်လက် ပျံသန်းသွားသည်။ တခြားလူများက နောက်ထပ် သွားမစရဲတော့။ သည်မိန်းကလေးက အနည်းငယ် အားကောင်းဟန် ရသည်။

တော်ဝင် လှေကားထစ်ပေါ်မှ အကြီးအကဲများနှင့် ပတ်ပတ်လည်မှ အကြီးအကဲများ အားလုံးက သဘောကျဟန်ဖြင့် ခေါင်းညိတ်ကြသည်။ တစ်ယောက်က ပြောသည်… “ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်တွေက တခြား မှော်ပညာရှင်တွေ အကုန်လုံးကို သူတို့ရဲ့ စွမ်းရည်နဲ့ ဖိနှိပ်နိုင်ကြတယ်… သူတို့နဲ့တွေ့ရင် တန်ခိုး အဆင့်ပိုမြင့်တဲ့ လူတွေတောင် မခံနိုင်ဘူး…”

“အတွေးတစ်ခုတည်းနဲ့ လူတစ်ယောက်ကို တိုက်ခိုက်နိုင်တယ်… ပြီးတော့ ဓာတ်စွမ်းအင် မျိုးစုံမှာ ပါရမီပါတယ်… သူမက တကယ်ပဲ တစ်ခုခုပဲ…” တစ်ယောက်က ခေါင်းညိတ်သည်။

ကျူးကော့ မိသားစုက ပျိုးထောင်ထားသော ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ကား တော်ဝင်ကျဲ နန်းတော်၏ ပင်မနန်းတော်သို့ ဝင်ရောက်ရန် သေချာရုံမက ပုဂ္ဂိုလ်ကြီးများကလည်း သူမကို လုယက်ကြမည်မှာ သေချာသည်။

အားလုံး၏ အကြည့်အောက်တွင် ဟွာဂျီယူက ရီဖူရှင်း၏ ဘေးကို​ ရောက်လာသည်။ ရီဖူရှင်း၏ မျက်လုံးထဲတွင် နူးညံ့မှုအချို့ကို တွေ့ရကာ သူက ပြောသည်… “ငါ့ကောင်မလေးက ဒီလောက် အားကောင်းမယ်လို့ မထင်ထားခဲ့ဘူး…”

“ဒါက အစ်မနှစ်ကြောင့်ပဲ…” ဟွာဂျီယူက ကျေးဇူးတင်စွာဖြင့် ပြောသည်။

“အစ်မနှစ်က တကယ်ပဲ ကောင်းတယ်…” ရီဖူရှင်းက ပြုံးသည်။

“ဟုတ်တယ်…” ဟွာဂျီယူက ခေါင်းညိတ်သည်။ သူမ၏ မျက်လုံးများက ရီဖူရှင်းပေါ်ကို ရောက်နေသည်။

“မင်းက ငါ့ကို ဘာလို့ ဒီလို ကြည့်နေရတာလဲ…” ဟွာဂျီယူက သူ့အား ကြည့်ကာ ပြုံးနေသည်ကို မြင်လျှင် ရီဖူရှင်းက နှာခေါင်းကို ပွတ်သည်။

“နင်က ကြည့်ကောင်းလို့ နေမှာပေါ့…” ဟွာဂျီယူက တောက်ပစွာ ပြုံးလျက် လက်ဆန့်တန်းကာ ပြောသည်… “ငါက နင့်မျက်နှာကို မမြင်ရတာ ဘယ်လောက်တောင် ကြာပြီလဲ…”

ရီဖူရှင်းကလည်း ပြုံးကာ သူမ၏လက်ကို ဆုပ်ကိုင်သည်… “မင်းက ငါ့မျက်နှာကို ကြည့်ဖို့ အချိန်တွေ အများကြီး ရှိသေးတယ်…”

“အင်း…” ဟွာဂျီယူက ကျေနပ်စွာ ခေါင်းညိတ်သည်။

“ဘယ်လို လူတွေလဲ…” ယူချင်းက ရေရွတ်ကာ တစ်ဖက်ကို လှည့်ထွက် သွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset