အပိုင်း ( ၅၃၈)

ကောင်းတာ မရှိဘူး

တော်ဝင်လမ်း ဂိတ်တံခါးကား ရှေးဟောင်းမြေရိုင်း ဒေသနှင့် အရှေ့မြေရိုင်းဒေသ ဆက်သွယ်ထားသော ဂိတ်တံခါးနှင့် ဆင်တူသည်။ ရီဖူရှင်းတို့က အာရုဏ်လမ်းမှ ထွက်လိုက်သည်နှင့် သူတို့က ကျွန်းစုတစ်ခုသို့ ရောက်သွားသည်။ ထို့အတူ များစွာသော လူများကိုလည်း တွေ့ရသည်။

စွမ်းအားမြင့် တန်ခိုးရှင်များက ဘေးမှ စောင့်ကြပ် နေရင်းက ပြောပြသည်… “တော်ဝင်လမ်း ကျဲနန်းတော်က နောက်သုံးရက်နေရင် ဖွင့်မယ်… ဒီသုံးရက်အတွင်းမှာ မင်းတို့က ဒီကျွန်းစုက ထွက်သွားလို့ မရဘူး… သတိရပါ… ဒီနေရာမှာ ဘယ်သူမှ တိုက်ခိုက်ခွင့် မရှိဘူး… မင်းတို့က မကျေနပ်တာ တစ်ခုခု ရှိရင် ကျွန်းစု ခေါင်းဆောင်ဆီကို သတင်းပို့ပါ… သူ ဖြေရှင်းပေးလိမ့်မယ်… စည်းကမ်း ဖောက်ဖျက်တဲ့ ဘယ်သူ့ကိုမဆို သတ်မယ်… နောက်သုံးရက်နေရင် မင်းတို့က ဆက်လုပ်ရမယ် ဆိုတာကို သိလိမ့်မယ်…”

“ဟုတ်ကဲ့…” အားလုံးက ခေါင်းညိတ်ကြသည်။ သည်သုံးရက်က တော်ဝင်လမ်းထဲမှ လူများကို ထပ်စောင့်ရန် ဖြစ်ရမည်။ အကယ်၍ တော်ဝင်လမ်းထဲမှ လူများက တံဆိပ်ပြားရခဲ့ပါက သည်သုံးရက်အတွင်း လာရောက် နိုင်သည်။ သို့သော်လည်း သုံးရက်ကာလက အမှန်တကယ်အားဖြင့် မလိုအပ်ဟု ရီဖူရှင်း ထင်သည်။ အကယ်၍ ပထမနေ့ ကတည်းက လူတစ်ယောက်က တော်ဝင် တံဆိပ်ပြားကို မရနိုင်ခဲ့ပါက နောက်ရက်များတွင်လည်း ရနိုင်မည် မဟုတ်တော့ပေ။

ယခု သူတို့ ရောက်နေသော နေရာက ကျွန်းစုတစ်ခု ဖြစ်ဟန်ရသည်။ တိုက်ခိုက်ခြင်းကို ခွင့်မပြုကာ စည်းကမ်း ချိုးဖောက်က အသတ်ခံရမည်။ စည်းကမ်းကား အလွန် တင်းကျပ်သည်။

ယခု သူတို့က တော်ဝင်ကျဲ နန်းတော်၏ နယ်နိမိတ်ထဲတွင် ဖြစ်သည်။ ထို့ကြောင့် သူတို့က တော်ဝင်ကျဲ နန်းတော်၏ စည်းကမ်းများကို လိုက်နာရန် လိုသည်။

“မင်းတို့ သွားလို့ ရပြီ…” စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က ပြောသည်။

ရီဖူရှင်းက သူ့နောက်မှ လူအုပ်ကြီးဘက်ကို လှည့်သည်… “ကျုပ်တို့က အခု တော်ဝင်ကျဲ နန်းတော်ရဲ့ ပိုင်နက်ထဲကို ရောက်နေပြီဖြစ်လို့ ဘေးကင်းတယ် ပြောရမယ်… အားလုံးကို နှုတ်ဆက်ပါတယ်…”

“ဆရာလေးရီ… ဂရုစိုက်ပါ…” လူအများအပြားက ရီဖူရှင်းကို ကျေးဇူးတင်စွာဖြင့် ဦးညွှတ်ကြသည်။ သူတို့ ဘေးကင်းပြီ ဖြစ်သည်။ သည်ကျွန်းစုတွင် တိုက်ခိုက်ခြင်းကို ခွင့်မပြုပေ။

“အင်း…” ရီဖူရှင်းက နှုတ်ဆက်ကာ ထိုနေရာမှ ထွက်ခွာ လာခဲ့သည်။ သည်ကျွန်းစုကား တော်ဝင်ကျဲ နန်းတော်၏ ဌာနခွဲများ ဖြစ်ဟန်ရသည်။ သည်နေရာများက တော်ဝင်ကျဲ နန်းတော်၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။

“မူကျိချူ… ငါတို့ ဘယ်နေရာမှာလဲ…” ရီဖူရှင်းက မေးသည်။ သည်နေရာက တကယ့် မြို့တစ်မြို့အလား ဖြစ်နေသည်ကို သူတွေ့ရသည်။ စားသောက်ဆိုင်များ၊ တည်းခိုခန်းများနှင့် လူနေအိမ်များ နေရာအနှံ့တွင် တွေ့ရသည်။

မူကျိချူတို့ အုပ်စုအပြင် ကြယ်မင်းကျောင်းနှင့် ကျိုးရှင်းတောင်မှ လူများကလည်း သူ့ဘေးတွင် ရှိသည်။

“ကျွန်းစုတစ်ထောင် တော်ဝင်မြေကို နင် မသိဘူးလား…” သူတို့၏အပေါ် ကောင်းကင် တစ်နေရာမှ သင်္ဘောပျံတစ်စင်း ပေါ်လာသည်။ ပိုင်ရီနှင့် ချူရှမ်းတို့ကိုလည်း သင်္ဘောပေါ်တွင် တွေ့ရ၏။ စကားပြောလိုက်သူက ပိုင်ရီဖြစ်သည်။ သူမ၏မျက်လုံးထဲတွင် ရီဖူရှင်းနှင့် ပတ်သက်၍ တစ်စုံတစ်ခုကို စိတ်ဝင်စားနေဟန်လည်း ရှိသည်။

နန်ဟောင်က မည်သို့ သေဆုံးခဲ့သည်ကို သူမက အမှန် သိလိုသည်။

ယူချင်းက မိစ္ဆာပုံစံပြောင်းကာ နန်ဟောင်ကို အမှန် သတ်ခဲ့သည်လား။ ထို့အပြင် ယန်ကျန်းကရော အဘယ်ကြောင့် သူတို့နှင့် ပူးပေါင်းခဲ့ရသနည်း။

ယန်ကျန်းကား ရီဖူရှင်းတို့ အုပ်စုထဲတွင် ရှိနေဆဲ ဖြစ်သည်။ သူတို့က အတူတူ ခရီးသွား နေကြသည်။ လက်ရှိပုံစံအရ သူတို့အကြား သာမန် ပတ်သက်မှုဟု ပြောရန် ခက်ခဲသည်။

“ကျုပ်က အသိအမြင် ဗဟုသုတ နည်းလို့ပါ… ကျုပ်က ဘယ်လိုလုပ် လူသားကမ္ဘာက နတ်သမီးနဲ့ ယှဉ်လို့ ရမှာလဲ…” ရီဖူရှင်းက ပိုင်ရီကို အသာပြုံး၍ ပြောသည်။

ပိုင်ရီက မျက်မှောင်ကြုတ် လိုက်သည်။ ရီဖူရှင်းက သူမကို အလေးအနက် ထားဟန် မရပေ။ သူ၏မျက်လုံးများက သူမ၏ခန္ဓာကိုယ်ပေါ်ကို ရောက်လာကာ အကဲခတ်နေပုံ ရသည်။ ထိုအကြည့်က သူမအား စိတ်ပျက်စေသည်။

မြေရိုင်းဒေသမှ ထိပ်သီး ပါရမီရှင်များက ဤသို့သော ရိုင်းစိုင်းသော အပြုအမူမျိုး မရှိကြပေ။ သာမန်လူများက သူမကို ကြည့်ပင် မကြည့်ရဲကြ။

ပိုင်ရီက တစ်ဖက်ကို အကြည့်လွှဲကာ ပြောသည်… “နင်က မသိရင် ကောင်းကင်က ကြည့်လို့ရတယ်…” သူမက အေးစက်စွာ ပြောသည်… “ဒါက ဘယ်လိုနေရာလဲ ဆိုတာ နင်သိလိမ့်မယ်…”

ထို့နောက် သင်္ဘောပျံက သူတို့ကို ဖြတ်ကျော်ကာ ဆက်လက် ပျံသန်းသွားသည်။ ရီဖူရှင်းက မူကျိချူနှင့် ယန်ကျန်းကို ကြည့်သည်တွင် သူတို့ကလည်း ခေါင်းညိတ်ကြသည်… “ဒီကို ငါလည်း ပထမဆုံး ရောက်ဖူးတာပဲ…” ယန်ကျန်းက ပြောသည်… “သွားကြည့်ရအောင်…”

“ကောင်းပြီ…” ရီဖူရှင်းက ဖြေသည်။ သူတို့အုပ်စုက အပေါ်ကို ပျံတက် လာကြသည်။

သူတို့က ကောင်းကင်ထက်ကို ပျံတက်လာသည်တွင် မြေပြင်မှ ပုံရိပ်များကလည်း သူတို့မြင်ကွင်းထဲတွင် တဖြည်းဖြည်း သေးငယ် လာခဲ့ကြသည်။ အပေါ်ကို ဆက်လက် တက်လျှင် ရီဖူရှင်းက အံ့အားသင့်ဖွယ် မြင်ကွင်းကို တွေ့ရသည်။

မြေပြင်မှ သူတို့ ရောက်ရှိခဲ့သော မြို့ကား အမှန်ပင် တောင်ထိပ် တစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ တောင်ထိပ်ကား မြင့်မားလွန်းကာ တိမ်များပင် ရစ်သိုင်းနေသည်။ ထို့ကြောင့် မြို့က ကောင်းကင်တွင် ပေါလောပျံနေသည်ဟု ထင်မှတ်ရ၏။

ပို၍ အံ့အားသင့်စရာ ကောင်းသည်ကား ရီဖူရှင်းက ထိုပျံသန်းနေသော မြို့ကိုသာ တွေ့ရသည် မဟုတ်ဘဲ အဆုံးအစမဲ့သော ပင်လယ်ကြီးနှင့် မိုးထိုးနေသော တောင်များကို မြင်ရခြင်းပင်။ တောင်ထိပ်တိုင်းတွင် မြို့များ တည်ဆောက်ထားပြီး အပေါ်မှ ကြည့်လျှင် မရေမတွက်နိုင်သော ကျွန်းစုမြို့များကို မြင်ရသည်။

သည်နေရာက ဧရာမကြီးမားသော ပင်လယ်ကြီး တစ်ခုဖြစ်သည်။ တောင်ကုန်းတိုင်းက ပင်လယ်မှ ထိုးထွက် နေကြသည်။ ထို့အပြင် ပင်လယ်ရေကလည်း ထူးဆန်းသည်။ လှိုင်းများ ကင်းစင်နေသော ပင်လယ် မျက်နှာပြင်တွင် ကောင်းကင်ပြာ၊ တိမ်များနှင့် တောင်ကုန်းများ ထင်ဟပ်နေသည်။

“ကျွန်းစုတစ်ထောင် တော်ဝင်မြေ…” ရီဖူရှင်းက တီးတိုး ရေရွတ်သည်။ မနီးမဝေးတွင် သင်္ဘောပျံကို ထပ်တွေ့ရသည်။

ပိုင်ရီက ရီဖူရှင်းကို အေးစက်စွာ ကြည့်ကာ ပြောသည်… “အဲဒါက တော်ဝင်မြစ်လို့ ခေါ်တယ်… မြစ်ထဲက ကျွန်းစု တစ်ထောင်လုံးက တော်ဝင်ကျဲ နန်းတော်က ပိုင်တာ… ကျွန်းစု ခေါင်းဆောင်တွေ အကုန်လုံးက တော်ဝင်ကျဲ နန်းတော်က လာတာ… ပထမက ဒီနေရာမှာ နေတဲ့လူတွေက တော်ဝင်ကျဲ နန်းတော်က လူတွေရဲ့ မိသားစုတွေပဲ… နောက်ပိုင်း မျိုးဆက်တွေ တစ်ခုပြီး တစ်ခု ကြာသွားလို့ ဒီနေရာက လူတွေ စည်ကား လာခဲ့တာ…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ မရေမတွက်နိုင်အောင် ကြာမြင့်သော ကာလတစ်ခုတွင် တော်ဝင်ကျဲ နန်းတော်က နန်းတော် တစ်ခုမျှသာ မဟုတ်တော့ပေ။ တော်ဝင်မြစ် တစ်ခုလုံးမှ နေရာတိုင်းကို တော်ဝင်ကျဲ နန်းတော်က ပိုင်သည်။ သည်နေရာတွင် မရေမတွက်နိုင်သော စွမ်းအားမြင့် တန်ခိုးရှင်များ ရှိသည်။

သူက ကျွန်းစု တစ်ထောင်လုံးကို ခြုံကြည့်သည်။ အလယ်တွင်ကား သိသိသာသာ ကြီးမားကာ ခမ်းနားသော အဆောက်အဦများ ဆောက်လုပ်ထားသော မြို့ကြီးတစ်မြို့ကို တွေ့ရသည်။ တောင်၏အမြင့်ဆုံး အပိုင်းတွင်လည်း ဧရာမ နန်းတော်ကြီး တစ်ဆောင်ကို တွေ့ရသည်။

“အဲဒါ နောက်သုံးရက်နေရင် ငါတို့ သွားရမယ့် တော်ဝင်ကျဲ နန်းတော်ပဲ… နင်တို့ အဆင်သင့် ဖြစ်ပြီလား…” ပိုင်ရီက မေးသည်။ ထို့နောက် သူမက သင်္ဘောပျံကို ထိန်းချုပ်ကာ အဝေးကို ပျံသန်း ထွက်ခွာသွားသည်။ သည်သုံးရက် အတွင်း၌ အားလုံးက လာမည့် စိန်ခေါ်ပွဲများ အတွက် ပြင်ဆင်ရမည် ဖြစ်သည်။ ယခု တော်ဝင်ကိုးလမ်းမှ ထိပ်သီးပါရမီရှင်များ အားလုံးက ကျွန်းစုများပေါ် ရောက်နေကြပြီး ဖြစ်သည်။

ရီဖူရှင်းက ကောင်းကင်တွင် ရပ်နေရင်းက လှမ်းပြောသည်… “သွားရအောင်…”

အားလုံးက ခေါင်းညိတ်ကာ ကျွန်းစုတစ်ခုသို့ ဝင်ရောက်ကြသည်။ တော်ဝင်လမ်းခရီး ပြီးဆုံးသည်နှင့် မရေမတွက်နိုင်သော ပါရမီရှင်များ ရောက်လာသောကြောင့် ကျွန်းစုမြို့ကလေးများ အားလုံး စည်ကားနေသည်။ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများ အားလုံး အလုပ်များ နေကြသည်။ လူအများအပြားက တော်ဝင်လမ်း အတွင်းမှ ထူးခြားသော အဖြစ်အပျက်များကို ပြောဆိုကြသည်။ သူတို့က တခြားကျွန်းစုမှ အခြေအနေများကိုပင် စုံစမ်း ထောက်လှမ်းကြ၏။

နှစ်ရက်ခန့် ကြာသောအခါ ကျွန်းစု၏အကြီးဆုံး စားသောက်ဆိုင် တစ်ခု၌ လူတစ်ယောက်က တော်ဝင်လမ်းနှင့် ပတ်သက်၍ ဆွေးနွေး ပြောဆိုနေသည်။

“နန်ကလန်ရဲ့ နန်ဟောင်က တကယ်ပဲ ယူချင်းသတ်တာ ခံရတယ်… သူက နိုဘယ် မဟုတ်သေးပေမဲ့ မိစ္ဆာအသွင် ပြောင်းလိုက်တဲ့ အချိန်မှာ သူက လူသတ်နတ်ဘုရား တစ်ပါးလို ဖြစ်သွားတယ်… သူက နန်ဟောင်ကို ခေါင်းဖြတ် သတ်ခဲ့တာ…”

“အာရုဏ်လမ်းမှာ ရှောင်ကျွမ်ရီက စွမ်းအား အကောင်းဆုံးလို့ ပြောကြတယ်… သူက မှော်နက်မိစ္ဆာရဲ့ ဆက်ခံသူပဲ… အာရုဏ်လမ်းမှာ သူက အတော်ဆုံးဖြစ်ဖို့ များတယ်…”

“ဓားကျေးရွာက ယန်ချူ အကြောင်းကရော…”

“ယန်ချူကို ရီဖူရှင်းနဲ့ ယန်ကျန်းက ဝိုင်းတိုက်ခိုက် ကြတယ်လေ… သူ့တော်ဝင် တံဆိပ်ပြားတွေကလည်း အလုခံရတယ်… သူက ဒီကိစ္စကို လုံးဝ မေ့လို့ရမှာ မဟုတ်တော့ဘူး ထင်တယ်…”

“ရီဖူရှင်း​နဲ့ ယူချင်းတို့က ဘယ်သူလဲ… သူတို့က ဘယ်ကလာမှန်း မသိပေမဲ့ တော်တော် အားကောင်းကြတယ်… ဒီနှစ် လူသစ်တွေက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းတယ်… အာရုဏ်လမ်းမှာ ပါရမီရှင်တွေ တော်တော် များတယ်…”

“အမှန်ပဲ… ဒါတောင် အာရုဏ်လမ်းပဲ ရှိသေးတယ်… တော်ဝင်လမ်းထဲမှာ ပုံမှန်အားဖြင့် မြေရိုင်းလမ်းကို ဗဟိုထားပြီး မြေအောက်လမ်းက မြောက်ဘက်၊ ကောင်းကင်လမ်းက အနောက်ဘက်အခြမ်း ဒေသတွေကို ကိုယ်စားပြုကြတယ်… ဒီလမ်းတွေကပဲ တကယ့် ထင်ရှားတဲ့လူတွေ ပေါ်လာတတ်တယ်…”

“မြေရိုင်းလမ်းမှာက မြေရိုင်းဒေသ ဗဟိုချက်မ နေရာက ပါရမီရှင်တွေ စုစည်းကြတယ်… ဒီလမ်းက အမြဲတမ်း အားအကောင်းဆုံးပဲ…” တစ်ယောက်က ပြောသည်။ တော်ဝင်လမ်း၏ ရှစ်လမ်းက မြေရိုင်းဒေသ တစ်ခုလုံးကို ခြုံငုံထားသော အချိန်တွင် နဝမမြောက်လမ်းက ကျုံကျိုးနယ် တစ်ခုတည်း အတွက် ထားရှိသည်။ ထိုလမ်းကပင် အားအကောင်းဆုံး ဖြစ်သည်။

ကျူးကော့မိသားစုကား အမှန်တကယ်အားဖြင့် ကျုံကျိုးမြို့မှ မဟုတ်ပေ။ သို့သော် သူတို့က ကျုံကျိုးဒေသထဲတွင် ပါသည်။ လူသားကမ္ဘာ၊ နန်ထျန်းအိမ်တော်၊ ဓားကျေးရွာနှင့် တခြား ထိပ်သီး အင်အားစု အများအပြားက ထိုဒေသထဲတွင် ရှိသည်။ မြေရိုင်းဒေသ အရှေ့ဘက်တွင် ကျိုးရှင်းအိမ်တော်နှင့် မိုးမြေကောင်းကင်မြို့တို့ ရှိပေသည်။

“တိမ်ဖြူမြို့က ဒုတိယ သခင်လေးကလည်း ဒီတစ်ခေါက် တော်ဝင်လမ်းကို ရောက်လာတယ် ကြားတယ် … သူက အသက် နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးပြီးတော့ နိုဘယ်အဆင့်ကို ရောက်နှင့်ပြီးနေပြီ… သူက တိမ်ဖြူမြို့ ပထမ သခင်လေးလိုပဲ ကြောက်စရာ ကောင်းအောင် ပါရမီမြင့်တယ် ပြောတယ်…”

“ကျူးကော့မိသားစုက မိန်းကလေး တစ်ယောက်ကိုလည်း ထည့်မတွက်ဘူးလား… သူမရဲ့ တန်ခိုးအဆင့်က နည်းနည်း နိမ့်နေတာကလွဲလို့ လျှော့တွက်လို့တော့ မရဘူး…”

“ဒီမွန်းနတ်ဘုရား ကလန်ကလည်း လူတချို့ ရောက်လာတယ်… မနက်ဖြန် ငါတို့က တော်ဝင် ကိုးလမ်းလုံးက ပါရမီရှင်တွေကို တွေ့ရဖို့ရှိတယ်… စောင့်ကြည့်ရအောင်…”

လူတိုင်းက စိတ်အား ထက်သန်စွာဖြင့် ဆွေးနွေးကြသည်။ ထိုအချိန်တွင် လူတစ်ယောက်က ထရပ်ကာ စားသောက်ဆိုင်မှ ထွက်သွားသည်။ လူအများအပြား ကလည်း သူ့နောက်ကို လိုက်ပါ သွားကြ၏။

ရီဖူရှင်းက ကျွန်းစု၏ထောင့်စွန်း တစ်နေရာသို့ ရောက်လာသည်။ သူ့ရှေ့တွင်ကား ချောက်ကြီးတစ်ခု ရှိ၏။ သူက အဝေးကို ကြည့်ကာ ဂျီယူ မည်သည့် ကျွန်းစုတွင် ရှိနေမည်ဟု တွေးသည်။ သူတို့က မနက်ဖြန် တွေ့ဆုံရတော့မည်။

ထိုအချိန်တွင် ဟွာဂျီယူကား နောက်ကျွန်းစု တစ်ခုတွင် တန်ခိုးကျင့် နေသည်။ ခြေလှမ်းအချို့ ကြားရသည်တွင် ဟွာဂျီယူက မျက်လုံးများကို ဖွင့်လိုက်သည်။

“စီနီယာအစ်မ…” ဟွာဂျီယူက ပြုံးသည်။

“လေ့ကျင့် နေပြန်ပြီလား…” ကျူးကော့မင်းယွီက မေးသည်။ သည်ကျွန်းစုကား တောင်ဝင်ကျဲ နန်းတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်ကာ ပြင်ပလူများ ဝင်၍ မရပေ။ သို့သော် ကျူးကော့မင်းယွီမူကား ကွဲပြား ခြားနားသည်။ သူမ၏အဖေနှင့် အစ်ကိုတို့က တောင်ဝင်ကျဲ နန်းတော်၏ တပည့်ဟောင်းများ ဖြစ်ရာ သူမလာလိုပါက တားမည့်သူလည်း မရှိပေ။

“အင်း…” ဟွာဂျီယူက ခေါင်းညိတ်သည်… “စီနီယာအစ်မ… သူ လာမှာလား…”

“ဘယ်သူ သိမှာလဲ…” ကျူးကော့မင်းယွီက ပြုံးသည်… “အဲဒီ အနှောင့်အယှက်ကောင်က ရုပ်ချောချော ကောင်လေး တစ်ယောက်ကို ခေါ်လာတယ်… သူက မင်းကို တွေ့ချင်တယ်တဲ့… ဘယ်လိုလဲ… ”

အနှောင့်အယှက် ကောင်ဟု ပြောသည်မှာ တိမ်ဖြူမြို့ သခင်လေး ဖြစ်ကြောင်း ဟွာဂျီယူက သိသည်။

“စီနီယာအစ်မက ညီမရဲ့ စိတ်ကို သိတာပဲကို…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။

“ဒါကြောင့်ပဲ မင်းအတွက် ငါ ငြင်းလိုက်တယ်လေ…” ကျူးကော့မင်းယွီက ရယ်သည်… “မင်းက သူ့အကြောင်းတွေကိုပဲ တွေးနေရအောင် ဒီကလေးက ဘာတွေ​များ ကောင်းနေလို့လဲ…”

“သူကား…” ဟွာဂျီယူက ထိုကောင်စုတ်လေးအား တွေးကာ ဝင်းလက် တောက်ပစွာ ပြုံးသည်… “ဘာမှ ကောင်းတာ မရှိဘူး…”

“ဒါပေမဲ့ နင်က သူ့ကို ချစ်တာပဲ မလား…” ကျူးကော့မင်းယွီက ပြောသည်။

“မသိတော့ဘူး…” ဟွာဂျီယူ၏အပြုံးက တောက်ပလွန်းသည်။ ထိုလှပသော မိန်းကလေးကို ကြည့်ကာ ကျူးကော့မင်းယွီက ခေါင်းယမ်းသည်။ မိန်းကလေးကား ဆေးမမီတော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset