အပိုင်း (၅၀၀)

လုပ်ဇာတ်

ကြယ်မင်းကျောင်းမှ လူများအားလုံးက ကောင်းကင်ပေါ်မှ လူများကို ဒေါသတကြီး ကြည့်နေကြသည်။ ရှီတန်ခိုးရှင် နှစ်ယောက်က ရီဖူရှင်း၏ဘေးတွင် ရပ်ကာ အေးစက်စွာ ပြောသည်… “ကြည့်ရတာ သူရိယ နေမင်းကျောင်းက ယန်တိုင်က ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်မျိုးကို လုပ်ရဲတာပဲ… ”

ယန်တိုင်ကား သူရိယ နေမင်းကျောင်း၏ ကျောင်းအုပ် ဖြစ်သည်။

“ကြယ်မင်းကျောင်းက ရီဖူရှင်းက သူရိယ နေမင်းကျောင်းက ကျောင်းသားကို သတ်ခဲ့တယ်… ဒီအတွက် သူ့ကို စစ်ဆေး မေးမြန်းဖို့ခေါ်တာ ဘာပြဿနာမှ မရှိနိုင်ဘူး… ဟုတ်တယ်မလား… တကယ်လို့ မင်းတို့က ပူးပေါင်းခြင်း မရှိရင် ကျုပ်တို့က အတင်းခေါ်ရမှာပဲ…” တစ်ယောက်က ပြောသည်။

“ကျုပ် ခင်ဗျားတို့နဲ့ လိုက်ခဲ့မယ်…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ သူရိယ နေမင်းကျောင်းက သူ့အား ခေါ်သွားလိုခြင်းရာ သူမလိုက်သွားဘဲ ထိုလူများ ပြန်မည် မဟုတ်သည်ကို သူသိသည်။ ဤနေရာတွင် တိုက်ခိုက်ခြင်းက အကျိုးမရှိသလို သူရိယ နေမင်းကျောင်းမှ လက်ရှိ အင်အားကိုလည်း သူတို့ မယှဉ်နိုင်။

“မသွားရဘူး…” ယူချင်းက အံကြိတ်ကာ ပြောသည်။ သူ၏ဒေါသ ဟုန်းဟုန်း တောက်နေသော မျက်လုံးများက သူရိယနေမင်းကျောင်းမှ လူများကို ဝါးစားမတတ် ကြည့်နေသည်။

“ငါ့ကိုဒီမှာပဲ စောင့်နေ…” ရီဖူရှင်းက သူ့ကို ကြည့်ကာ ပြောသည်။ ထို့နောက် သူရိယ နေမင်းကျောင်းမှ လူများထံသို့ ပျံသန်းသွား၏။

ရီဖူရှင်းက သူတို့နှင့် လိုလိုလားလား လိုက်သည်ကို မြင်သည်တွင် သူရိယ နေမင်းကျောင်းမှ ရှီတန်ခိုးရှင်များက ကြယ်မင်းကျောင်းကို ဘာမှ ထိခိုက်အောင် မလုပ်ကြတော့။

သို့သော် ကြယ်မင်းကျောင်းမှ လူများအားလုံးက သူရိယ နေမင်းကျောင်းမှ ရှီတန်ခိုးရှင်များကို ဒေါသတကြီး ကြည့်နေကြသည်။ သူရိယ နေမင်းကျောင်းကား မိုးမြေကောင်းကင်မြို့၏ ဂုဏ်သိက္ခာ ကြီးမားသော ကျောင်းတစ်ကျောင်းဖြစ်ကာ ဤသို့သော အောက်တန်းကျသော နည်းလမ်းကို အသုံးပြုခဲ့သည်။

သူရိယ နေမင်းကျောင်းကား မြို့အစွန် တောင်တန်းများနှင့် ထိစပ်နေသော နေရာတွင် ရှိသည်။ ထိုနေရာကား မီးဓာတ် သဘာဝစွမ်းအင် အပေါများဆုံး နေရာလည်း ဖြစ်သည်။

ရီဖူရှင်းအား သူရိယ နေမင်းကျောင်း၏ ရှည်လျားသော မျှော်စင်တစ်ခုသို့ တိုက်ရိုက် ခေါ်ဆောင်လာခြင်း ခံရသည်။ ရှေးဟောင်း မျှော်စင်ကြီးထဲတွင် နေအလင်းတန်းများ ဖြာထွက်နေကာ မီးဓာတ်စွမ်းအင်များက နေရာတိုင်းတွင် ရှိနေသည်။ မျှော်စင်ရှေ့တွင် လူတစ်ယောက်က တင်ပျဉ်ခွေထိုင်ကာ မျက်လုံး မှိတ်ထားသည်။ သူကား သူရိယ နေမင်းကျောင်း၏ ကျောင်းအုပ် ယန်တိုင်ဖြစ်သည်။ အလွန် အရှိန်အဝါကြီးသော တန်ခိုးရှင်များက သူ၏ဘေးနားတွင် ရပ်နေကြသည်။

“စီနီယာကို နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက ဦးညွှတ် အရိုအသေ ပေးသည်။

“ရီဖူရှင်း… မင်းက သူရိယ နေမင်းကျောင်းက ရှမ်းယွန်ဖန်းကို သတ်ခဲ့တယ်…ငါတို့က မင်းကို ဘာလုပ်ရမလဲ…” ဘေးမှ တစ်ယောက်က မေးသည်။

ရီဖူရှင်းက သူ့အား မေးလိုက်သူအား ကြည့်သည်… “ကျောင်းသား တစ်ယောက်ယောက်က ကံမကောင်း အကြောင်းမလှ တစ်ခုခုဖြစ်တာကို ထိပ်သီးကျောင်း သုံးကျောင်းက အမြဲတမ်း ဒီလို အလေးထားတယ်လို့ မကြားမိပါလား…”

“ပုံမှန်အားဖြင့် ငါတို့က ဂရုမစိုက်ဘူး… ဒါပေမဲ့ မင်းက ကြယ်မင်းကျောင်းရဲ့ သားတော်ပဲ… ဒါကို သာမန်အရေးကိစ္စလို သဘောထားလို့ မရဘူး…”

“အပြင်မှာ အခွင့်အလမ်း လိုက်ရှာကြတဲ့ ကျောင်းသားတွေက တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်ပြီး အားနည်းလို့ အသတ်ခံခဲ့ရတာကို ကျောင်းအုပ်တွေ ကိုယ်တိုင်က အလေးထားပြီး ပြဿနာ ရှိနေကြမယ်ဆိုရင် ထိပ်သီးကျောင်း သုံးကျောင်းက အမြဲတမ်း စစ်ဖြစ်နေမှာပဲ… စီနီယာတို့က ကျွန်တော့်ကို ခေါ်လာရတဲ့ အဓိက အချက်ကိုပဲ ပြောပါ…” ရီဖူရှင်းက တည့်တိုးမေးသည်။

ရီဖူရှင်းအား ရှမ်းယွန်ဖန်း၏ သေခြင်းကို ခေါင်းစဉ်တပ်၍ ခေါ်လာခြင်းက အရေးမပါသော အကြောင်းပြချက် တစ်ခုသာ ဖြစ်သည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိကြသည်။

“သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံက ထိပ်သီးကျောင်း သုံးကျောင်းရဲ့ အရေးပါတဲ့နေရာပဲ… မင်းက အဲဒီနေရာကို ပြိုလဲစေရအောင် ဘာတွေ လုပ်ခဲ့တာလဲ… မင်းက လျှို့ဝှက်ဘုံ​ ကောင်းကင် နန်းတော်ထဲက ဘာတွေ ရခဲ့တာလဲ…” ယန်တိုင်၏ အကြည့်က ရီဖူရှင်းထံကို ရောက်လာသည်။

ကျောင်းအုပ်ချန်းက ရီဖူရှင်းအား သားတော်အဖြစ် အပ်နှင်းကာ အနာဂတ်တွင် ရှန့်ထို တန်ခိုးရှင်ဖြစ်ရန် အထိ မျှော်မှန်းထားခြင်းက လျှို့ဝှက်ဘုံအတွင်းမှ​ ရရှိခဲ့သော တစ်စုံတစ်ခုနှင့် သက်ဆိုင်သည်ဟု သူယူဆသည်။

“ဒီကိစ္စနဲပတ်သက်ပြီး ကျွန်တော်က သိပ်မပြောရဲဘူး…” ရီဖူရှင်းက ဦးညွှတ်သည်။

“မင်းက အဲဒါကို သိမ်းထားခွင့် ရှိမယ်လို့ မင်းထင်လား…” ယန်တိုင်က သူ့အား ပွင့်လင်းစွာ ပြောသည်တွင် ရီဖူရှင်းက မသက်မသာ ပြုံးသည်။

“ကျွန်တော့်စကားက စီနီယာများကို အပြစ်ဖြစ်စေရင် ခွင့်လွှတ်ပေးပါ…” ရီဖူရှင်းက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်… “သခင်မလောင်က ကျွန်တော့်ကို တစ်စုံ တစ်ယောက်က နောက်ကွယ်က စုံစမ်းနေတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်… ကျွန်တော်က အမြဲတမ်း အမှန်တရားကို မဖုံးကွယ်ထားနိုင်ဘူး… တစ်နေ့နေ့ အားလုံးက သိသွားကြမှာပဲ… ကျွန်တော်က ခွင့်လွှတ်မှုကို တောင်းခံချင်ခဲ့တယ်… ဒီအတွက် သခင်မလောင်က ကျွန်တော့်ကို ရွေးချယ်စရာ တစ်ခုပေးခဲ့တယ်… ထိပ်သီးကျောင်း သုံးကျောင်းက ရှီတန်ခိုးရှင်တွေက ဒီလို သာမန်အရေး ကိစ္စတွေကို သိပ်အရေးလုပ်တာ မဟုတ်ဘူးတဲ့… ဒါကြောင့် သူမက ကျွန်တော့်ကို နဂါးကလန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ ကြယ်မင်းကျောင်းကို ထောက်ခံပေးခဲ့ပြီး ကျောင်းအုပ်ချန်းနဲ့ တွေ့ဆုံစေခဲ့တယ်…”

သူရိယ နေမင်းကျောင်းမှ ရှီတန်ခိုးရှင်များ အားလုံးက စိတ်ဝင်စားစွာ နားထောင် နေကြသည်။ ရီဖူရှင်း ပြောသမျှကို သူတို့ မယုံသည့်တိုင် လျှို့ဝှက်ဘုံအတွင်းမှ တကယ့်ဖြစ်ရပ်ကိုမူ သူတို့အားလုံးက စိတ်ဝင်စားကြသည်။

“ကျွန်တော်က ကောင်းကင် နန်းတော်ထဲမှာ ရှန့်ထို တန်ခိုးရှင်နဲ့ တွေ့ခဲ့တယ်…” ရီဖူရှင်း၏စကားက အားလုံး၏ အမူအရာကို ပြောင်းလဲ သွားစေသည်။ ရီဖူရှင်းက ထိုသို့သော ရှေးဟောင်းရှန့်ထို တန်ခိုးရှင်အား တွေ့ဆုံခွင့်ရအောင် ကံကောင်းလွန်း လှသည်ဟု သူတို့ တွေးမိကြ၏။

“ရှန့်ထိုတန်ခိုးရှင်က ကောင်းကင် နန်းတော်ထဲမှာ ထာဝရတည်မြဲတဲ့ သူ့စိတ်အသိကို ထားခဲ့တယ်… သူက တော်ဝင်လမ်းကို ချန်ထားခဲ့တာက သူ့နေရာကို ဆက်ခံဖို့ပဲ… ဒီနေ့ ကျောင်းတွေရဲ့ အခြေအနေကို သူနားထောင်ပြီးနောက် ကျွန်တော့်ကို တော်ဝင်လမ်းကို လျှောက်လှမ်းဖို့နဲ့ ထိပ်သီးကျောင်း သုံးကျောင်းမှာ ပညာအမွေ ဆက်လက်ချန်ထားခဲ့ဖို့ ခိုင်းစေခဲ့တယ်… ဖြစ်နိုင်ရင် ကျွန်တော်က ထိပ်သီးကျောင်း သုံးကျောင်းကို ပြန်လည် ပေါင်းစည်းစေဖို့ ကြိုးစား အားထုတ်ရမယ်… ”

ရီဖူရှင်းက ကျောင်းအုပ်ယန်ကို သေသေချာချာ ကြည့်ကာ ရှင်းပြသည်။ လူတိုင်းက သူ၏စကားကို ကြားကာ စိတ်လှုပ်ရှား သွားကြ၏။

ရှီတန်ခိုးရှင်က ရီဖူရှင်းကို သူ၏ပညာအမွေကို ဆက်ခံစေကာ ကျောင်းသုံးကျောင်း၏ ဆက်ခံသူ ဖြစ်စေခဲ့သည်။

ဆိုလိုသည်က သူတို့အားလုံးက သူ့ကို ဆရာဟု ခေါ်ရမည်ဟူ၏။

“ဒါက အဓိပ္ပာယ်မရှိဘူး…” တစ်ယောက်က အေးစက်စွာ ပြောသည်။

“ကျွန်တော်က စီနီယာများကို မလိမ်ရဲပါဘူး…” ရီဖူရှင်းက ဆက်ပြောသည်… “ကျွန်တော်က သခင်မလောင်ရဲ့ ထောက်ခံမှုကို မရဘူးဆိုရင် ကြယ်မင်းကျောင်းကို ခြေတစ်လှမ်းတောင် မလှမ်းရဲပါဘူး… ကျွန်တော်က အမှန်ကို မပြောခဲ့ရင် ကျောင်းအုပ်ချန်းကလည်း ကျွန်တော့်ကို သားတော်ဘွဲ့ အပ်နှင်းမှာ မဟုတ်ဘူး… သားတော်က ရှန့်ထိုတန်ခိုးရှင်ရဲ့ တပည့်ဖြစ်ပြီး တော်ဝင်လမ်းကို ဆက်ခံသူဖြစ်တယ် ဆိုတာကို စီနီယာများ အားလုံး သိကြမယ် ထင်ပါတယ်…”

အားလုံး၏ မျက်လုံးများ အရောင်လက် သွားကြသည်။ ရီဖူရှင်း ပြောသည်က အမှန် ဖြစ်နိုင်သည်ဟု သူတို့ တွေးထင် လာကြ၏။ လူငယ်တွင် တည်ငြိမ်သော မျက်လုံးရှိကာ လိမ်ပြောသောအခါ ဖြစ်တတ်သော သဘာဝများ လုံးဝ မရှိပေ။ သူတို့က ရှီတန်ခိုးရှင်များ ဖြစ်ကြရာ လူတစ်ယောက်၏ စိတ်အခြေအနေ ပြောင်းလဲမှုနှင့် ပတ်သက်၍ အလွန် ခံစားသက်ဝင်မှု ကောင်းသည်။

“ငါတို့က ဘယ်လို ပညာ အမွေမျိုးကို ပြောနေကြတာလဲ…” ယန်တိုင်က မေးသည်။ သူသာ တော်ဝင်လမ်းကို ဆက်လက် လျှောက်လှမ်းပါက ရှန့်ထိုတန်ခိုးရှင်၏ ပညာအမွေကို ကျောင်းသုံးကျောင်းကို လက်ဆင့်ကမ်းခဲ့မည်ဟု ပြောသည်။

“ဟုတ်ကဲ့…” ရီဖူရှင်းက ပြန်ပြောသည်။ ထိုအခိုက်တွင်ပင် သူ၏ပတ်ဝန်းကျင်က ကြယ်တာရာအလင်း၊ လစန္ဒာအလင်းနှင့် နေမင်း ရောင်ခြည်များဖြင့် ပြည့်နှက်သွားသည်။ ကောင်းကင်တွင် ရှန့်ထိုတန်ခိုးရှင် သုံးယောက်၏ပုံရိပ်ပေါ်လာ၏။

ကောင်းကင်အလင်း သုံးခုနှင့် ရှန့်ထိုတန်ခိုးရှင်များ ပေါ်ထွက်လာသည်။ ကောင်းကင် အလင်းက နေ၊လနှင့် ကြတာရာကို ကိုယ်စားပြုကာ ယနေ့ ထိပ်သီးကျောင်း သုံးကျောင်း၏ သင်္ကေတများလည်း ဖြစ်ကြသည်။

“ဒီကောင်းကင်အလင်း သုံးခုက ရှန့်ထိုတန်ခိုးရှင် ချန်ထားခဲ့တာ ဖြစ်ပြီး သူက ထိပ်သီးကျောင်း သုံးကျောင်းကို ဆက်ခံဖို့ အမိန့်ပေးခဲပါတယ်… ကျွန်တော်က တော်ဝင်လမ်းကို ဆက်လက် လျှောက်လှမ်းတဲ့အခါ ကောင်းကင်အလင်း သုံးခုကို ကျောင်းသုံးကျောင်းကို ခွဲဝေ ဆက်ခံစေဖို့လည်း ပါပါတယ်… ထိပ်သီးကျောင်း သုံးကျောင်းက ပြန်လည် ပေါင်းစည်းမယ့်ကိစ္စကတော့ စီနီယာတို့ သဘောပါပဲ…”

အမှန်တကယ်အားဖြင့် သူက ကောင်းကင်အလင်းကို ရရှိခဲ့သော အချိန်က မည်သည့်စကားမှ သူမကြားခဲ့ရပေ။ သူက ပုံပြင်ပြော နေခြင်းသာ….။ အထူးသဖြင့် ကျောင်းသုံးကျောင်း၏ ခေါင်းဆောင်ဖြစ်ရမည့် အပိုင်းက သူအဓိက လိုချင်သော အချက်ဖြစ်သည်။

ကြယ်မင်းကျောင်းက အမှန်တကယ် သားတော် တစ်ယောက်ကို ပြုစုပျိုးထောင်ကာ တော်ဝင်လမ်းကို လျှောက်လှမ်းရန် လျာထားသည်ကို မြင်သည်တွင် သူရိယ နေမင်းကျောင်းက မနာလိုဖြစ်သည်မှာ ပုံမှန်သာဖြစ်သည်။ သူတို့က သူ့အား စွမ်းအား ကြီးလာရန် ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် သူက ကြယ်မင်းကျောင်း တစ်ခုတည်းနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ​ ကျောင်းသုံးကျောင်းလုံးနှင့် သက်ဆိုင်ပြီး နောင်တွင် ကျောင်းသုံးကျောင်းလုံးက မျှတသော ပညာ အမွေအနှစ်များကို ရရှိမည်ဟု သူက လုပ်ကြံကာ​ ပြောဆိုခဲ့သည်။

သူတို့ ကြားခဲ့ရသည်များကို အားလုံးက တွေးခေါ် စဉ်းစားနေကြသည်။ ရီဖူရှင်းက အရာအားလုံးကို အဆက်အစပ် ကောင်းစွာ ပြောသွားကာ သူ၏ စကားများထဲတွင် သူတို့ ပြစ်ချက် ရှာမတွေ့ပေ။ ကောင်းကင် နန်းတော်တွင် ဖြစ်ပျက်ခဲ့မှု၊ ချန်းယွန်ကိုယ်တိုင်က သူ့အား သားတော်ဘွဲ့ အပ်နှင်းမှု… အရာအားလုံးက ကျိုးကြောင်းဆီလျော် နေသည်။ သူပြောခဲ့သမျှက အားလုံး အမှန်ဟု ထင်ရစေသည်။

“ဒီလိုဆိုရင်လည်း သားတော်အပ်နှင်းပွဲ အခမ်းအနားနေ့က ဘာလို့ အားလုံးကို ရှင်းရှင်းလင်းလင်း မပြောခဲ့ရတာလဲ…” ယန်တိုင်က ရီဖူရှင်း၏ပုံပြင်ကို ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

“ကျွန်တော်က ဒီကိစ္စကို ရှင်းလင်းအောင် လုပ်ချင်တယ် ဆိုရင်တောင် အားလုံးက ကျွန်တော့်ကို ဘယ်လို ဆက်ဆံကြမယ် ဆိုတာ မသေချာဘူးလေး… တော်ဝင်လမ်းနဲ့ ပတ်သက်တဲ့အခါ ဒါ တကယ့်အရေးကြီးတဲ့ ကိစ္စဖြစ်တယ်… ကျွန်တော်က ရောက်တဲ့နေရာမှာ အဲဒါကို လျှောက်ပြောနေလို့ မရဘူး… အခု ကျွန်တော်က ဒီနေရာကို မရောက်လာခဲ့ရင်လည်း ဒီအကြောင်းကို ထုတ်ပြောစရာ မလိုဘူး… ကျွန်တော်က ကျောင်းသုံးကျောင်းကို ပေါင်းစည်းမယ် ဆိုရင်တောင် အဲဒီအတွက် လုံလောက်တဲ့စွမ်းအား ရှိတဲ့ တစ်နေ့ကို စောင့်ဖို့ လိုသေးတယ်…” ရီဖူရှင်းက ခေါင်းယမ်းကာ ပြုံးလျက်ပြောသည်… “အခမ်းအနားပွဲနေ့က ဖြစ်ပျက်ခဲ့တာကတော့ ကျောင်းအုပ်က ကျွန်တော့်ကို မျိုးဆက် တစ်ခုလုံးကို လွှမ်းမိုး နိုင်ရမယ်ဆိုတဲ့ စကားကတိတစ်ခု ရှိခဲ့တာမို့ ကျွန်တော်က မလုပ်မဖြစ် လုပ်ခဲ့ရတာပါ…”

ယန်တိုင်က ခေါင်းညိတ်သည်။ ရီဖူရှင်း၏ စကားထဲတွင် သူ အမှားရှာ၍ မတွေ့ပေ။

“ကျောင်းအုပ်…  ကောင်းကင် အလင်းက ရှန့်ထိုတန်ခိုးရှင်ရဲ့ အမှတ်သညာပါ… အဲဒါကို အကာနာတန်ခိုးရှင် တစ်ယောက်ဆီမှာ အသုံးမဝင်ဘဲ ပြစ်ထားမည့်အစား ကျောင်းအုပ်ကိုယ်တိုင် နားလည် ဆင်ခြင်မယ်ဆိုရင် အဆင့်တက်နိုင်ဖို့ အခွင့်အရေး ရှိနိုင်ပါတယ်…” တစ်ယောက်က အကြံပေးသည်။

ရီဖူရှင်း၏ မျက်ခုံးက မြင့်တက် သွားသည်။ မည်သို့ဆိုစေ ကောင်းကင် အလင်းက ရှန့်ထိုတန်ခိုးရှင်၏ ပညာအမွေဖြစ်ရာ အားလုံးက ထိုအရာကို ရယူရန် လောဘဇော တက်နိုင်သည်။ အားလုံးသော သူများက ကျောင်းအုပ်ချန်းကဲ့သို့ သဘောထားကြီးမည် မဟုတ်ပေ။ ထို့အပြင် သူ့အား နဂါးကလန်နှင့် ကုကလန်တို့၏ ထောက်ခံမှုဖြင့် ကြယ်မင်းကျောင်းကို ရောက်သွားခဲ့ခြင်းလည်း ဖြစ်သည်။ ယခု အခြေအနေက ကွဲပြားပေသည်။ သူ့အား ထိုလူများက အတင်း ခေါ်ဆောင်လာခြင်း ဖြစ်ရာ သူ ပိုင်ဆိုင်သည်များကိုလည်း အတင်း လုယူရန်ကိုသာ ပိုမို စိတ်ဝင်စား ကြပေမည်။

“ကောင်းကင် အလင်းသုံးခုက ထိပ်သီးကျောင်း သုံးကျောင်းကို လက်ဆင့်ကမ်းဖို့ သတ်မှတ်ပြီးသားပါ… ကျွန်တော်က လတ်တလော သိမ်းဆည်းထားရုံပဲလို့ ပြောလို့ရပါတယ်… တကယ်လို့ စီနီယာက ဒါကို အသုံးပြုပြီး နားလည် ဆင်ခြင်ချင်တယ်ဆိုရင် ကျွန်တော်က ထုတ်ပေးလို့ ရပါတယ်…  ဒါပေမဲ့ ကောင်းကင် အလင်းက တော်ဝင်လမ်းနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်… စီနီယာက လေ့လာ ဆင်ခြင်ပြီးတဲ့အခါ ကျွန်တော့်ကို တော်ဝင်လမ်းကို လျှောက်လှမ်း နိုင်တဲ့အထိ ပြန်ပေးထားဖို့ တောင်းပန်ချင်ပါတယ်… ဒီမတိုင်မီမှာလည်း ကျွန်တော်က သူရိယ နေမင်းကျောင်းမှာ စီနီယာနဲ့ အတူနေပြီး လေ့ကျင့်လို့ ရပါတယ်…” ရီဖူရှင်းက အရိုအသေ ပေးကာ ပြောသည်။

ထိုလူများက အတင်း တောင်းလာပါက သူက တားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့ဘက်က စတင် ကမ်းလှမ်းခြင်းက ပိုမို ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်၏။

အားလုံးက ရီဖူရှင်းက အခြေအနေကို ကောင်းမွန်စွာ ဖြေရှင်းလိုသည်ကို နားလည်ကြ၏။ ရီဖူရှင်းက မည်သည့်ဘက်ကမှ မထိခိုက်စေသော စကားများဖြင့် ဂရုတစိုက် ပြောဆိုခဲ့သည်။

“ရှန့်ထိုတန်ခိုးရှင်က သူ့ပညာအမွေကို မင်းကို ဆက်ခံစေခဲ့တယ်… ငါတို့ကို ပေးအပ်တာက သူ့ဆန္ဒကို ဆန့်ကျင်ရာ မကျဘူးလား…” ယန်တိုင်က သူ့အား ကြည့်ကာ မေးသည်။

“ကျွန်တော်တို့က အတူတူ လေ့လာ ဆင်ခြင်တာက ရှန့်ထိုတန်ခိုးရှင်ရဲ့ သဘောကို ဆန့်ကျင်ရာ ကျတယ် မထင်ပါဘူး… ပြီးတော့ ကျွန်တော်က စီနီယာနဲ့အတူ လေ့ကျင့်တာက ကျွန်တော် နားမလည်တဲ့ အချက်တွေကို ပိုမို နားလည် သိမြင်စေပြီး ကျွန်တော့်အတွက် ပိုပြီးတောင် အကျိုးရှိစေ နိုင်ပါတယ်…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။

“ချန်းယွန်က ဒီကိုလာပြီး မင်းကို ပြန်ခေါ်ရင် ဘယ်လိုလုပ်မလဲ…” တစ်ယောက်က မေးသည်။

“ကျောင်းအုပ်ချန်းကို ပြန်သွားဖို့ ကျွန်တော် ပြောပေးနိုင်ပါတယ်… ကျောင်းအုပ်ချန်းကလည်း ကျွန်တော့်ရဲ့ သဘောကို နားလည်မှာပါ…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ… ဒါဆိုလည်း မင်းနည်းလမ်း အတိုင်း လုပ်ကြတာပေါ့…” ယန်တိုင်က ခေါင်းညိတ်သည်… “ငါမင်းနဲ့ အတူလေ့ကျင့်မယ်… မင်းက ပြဿနာတစ်ခုခု ရှိရင်လည်း ငါလမ်းညွှန်ပေးမယ်…”

တခြားလူများ အားလုံးက ကျောင်းအုပ်ယန်အား ဆွဲဆောင် သိမ်းသွင်း နိုင်စွမ်းသော ထိုလူငယ်ကို အံ့အားသင့်စွာ ကြည့်ကြရသည်။ ဘယ်လောက်တောင် လည်တဲ့အကောင်လဲဟု သူတို့အားလုံး တွေးမိကြ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset