အပိုင်း (၄၉၄)

သဲလွန်စ

နတ်ဗိမာန် အိမ်တော်မှ လုပ်ကြံမှု ဖြစ်သွားပြီး နောက်ပိုင်း ရက်များစွာ ကုန်ဆုံးသွားပြီး ဖြစ်သည်။ မိုးမြေ ကောင်းကင်မြို့မှ လူများက ထိုအဖြစ်အပျက်ကို မေ့လျော့လုနီးပါး ဖြစ်နေကြလေပြီ။ အုတ်အော်သောင်းနင်း ကိစ္စက ငြိမ်သက်သွားပြီ ဖြစ်သည်။ မိုးမြေ ကောင်းကင်မြို့ကား မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ အဓိကမြို့ဖြစ်ကာ နေ့စဉ် နေ့တိုင်း စိတ်ဝင်စားဖွယ် ကိစ္စရပ်များ ဖြစ်ပေါ်နေသည်။ သို့သော် ထိုကိစ္စရပ်ထဲတွင် ပါဝင်နေသူများ ကတော့ အလွယ်တကူ မေ့မည် မဟုတ်ပေ။

ယွန်ယွဲ့ကုန်သည် အုပ်စုကို သွားရောက် စုံစမ်းစစ်ဆေးသူက ကြယ်မင်းကျောင်းကို ပြန်ရောက်လာခဲ့သည်။ ယွန်ယွဲ့ကုန်သည် အုပ်စုက ဝင်ပတ်သက်ခြင်း မရှိခဲ့။ ရှမ်းယွန်ဖန်း၏ မိဘများက မိမိဆုံးဖြတ်ချက်ဖြင့် လုပ်ကြံကြခြင်း ဖြစ်သည်။ သို့သော် ကုန်သည်အုပ်စု တစ်ခုလုံး ထိတ်လန့် ကြောက်ရွံ့ ကြရသည်။ အင်အားစုလေးခု ပြိုင်ပွဲတွင် ပါဝင်ခဲ့သူ လူငယ် တစ်ယောက်က မိုးမြေ ကောင်းကင်မြို့မှ ကြယ်မင်းကျောင်း၏ သားတော် ဖြစ်လာမည်ဟု သူတို့ အိပ်မက်ပင် မမက်ဖူးကြ။ ယခု ထိုမျှ မြင့်မားသော အဆင့်အတန်း ရှိသူကား သူတို့ကုန်သည် အုပ်စုမှ နှစ်ယောက်က လုပ်ကြံရန် ကြိုးစားခဲ့ကြကာ ကုန်သည်အုပ်စု တစ်ခုလုံးအား မုန်တိုင်း ထန်စေခဲ့သည်။ မည်သို့ဆိုစေ သူတို့ကလည်း ဆုံးရှုံးမှု ကြီးမားပေသည်။ ရှမ်းကျင်းကား ကုန်သည်အုပ်စု၏ အလွန် အားထားရသော စွမ်းအားမြင့် တန်ခိုးရှင်ဖြစ်ကာ ယခု ဤနည်းဖြင့် သေခဲ့ရသည်။ သို့သော် သူတို့ ဘာမှ မပြောရဲ။ ဘယ်သူမှလည်း သူနှင့်ပတ်သက်၍ စကားမဟရဲကြ။ ကြယ်မင်းကျောင်းက နောင်တွင် သူတို့အား သတိပေးရုံမျှဖြင့် ဖြေရှင်းမည် မဟုတ်သည်ကို အားလုံးက နားလည် ထားကြသည်။

ကြယ်မင်းကျောင်းက ပြန်သွားသောအခါ ဝမ်မိသားစုကလည်း မိုးမြေ ကောင်းကင်မြို့မှ နတ်ဗိမာန် အိမ်တော်ကို ရောက်လာခဲ့ကြသည်။ ရီဖူရှင်းက သူတို့အား ကိုယ်တိုင် သွားရောက် ကြိုဆို ဧည့်ခံခဲ့သည်။

ဝမ်မိသားစု ခေါင်းဆောင်ကို ရီဖူရှင်းက အရိုအသေပေးကာ မေးသည်…“စီနီယာ… ကျွန်တော်တို့ မတွေ့တာ တော်တော်ကြာပြီ… ဘယ်လိုလုပ် ဒီကို ရောက်လာရတာလဲ…”

“ဒီမှာ ဖြစ်ခဲ့တာတွေကို ငါတို့က ကြားပြီးမှ မင်းအကြောင်းကို အသေးစိတ် သိခဲ့ရတယ်… မင်းက ထူးချွန်တယ် ဆိုတာကို ငါသိပေမဲ့ ဒီလောက်အထိ ငါ မမျှော်လင့်ထားခဲ့ဘူး…” ဝမ်မိသားစု ခေါင်းဆောင်က စိတ်လှုပ်ရှားစွာ ပြောသည်။ သာမန် လူများအတွက် ရီဖူရှင်း၏နေရာက စိတ်ကူး၍ပင် မရပေ။

“ကျွန်တော်က ကံကောင်းသွားရုံပါပဲ…” ရီဖူရှင်းက ရယ်သည်… “စီနီယာ… ဝိုင်နည်းနည်း သောက်ရအောင်…”

“သေချာတာပေါ့…” ဝမ်မိသားစု ခေါင်းဆောင်က ခေါင်းညိတ်သည်… “ဖူရှင်း… ငါက ယွီချန်း အကြောင်းကိုလည်း ကြားတယ်… မိန်းကလေးက နည်းနည်း စိတ်ကြီးဝင်နေတယ်… စိတ်ထဲ သိပ်မထားပါနဲ့… ဒါက သူမကို ကောင်းကောင်း မသွန်သင်ခဲ့တဲ့ ငါတို့အမှားပါပဲ…”

“ဟုတ်ကဲ့…” ရီဖူရှင်းက ပြုံးသည်… “စီနီယာ… ယွီရိုကို ဒီမှာ အလုပ် လုပ်ခိုင်းရင် အဆင်ပြေမလား…”

“သူမက သိပ်ပါရမီ မပါဘူး… မင်းကို ကူညီပြီး ဒီမှာ နေမယ် ဆိုတော့ ငါကလည်း တားစရာ မရှိပါဘူး…” ဝမ်ခေါင်းဆောင်က ပြုံးလျက် ပြောသည်။

ဝမ်ယွီရိုက ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူမ၏ဒဏ်ရာ အများစုက ပြန်ကောင်းနေပြီး ဖြစ်သည်။ ထိုကိစ္စ နောက်ပိုင်းတွင် ရီဖူရှင်းက သူမအား ပိုမို ဂရုစိုက် လာခဲ့သည်။

“ကောင်းတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ယွန်ယွဲ့ကုန်သည် အုပ်စုနဲ့ အဆင်မပြေ ဖြစ်တာကြောင့် ဒီလိုပြဿနာ တက်ခဲ့ရတာလို့ စီနီယာ ထင်ပါသလား…”

“အဲဒီလို မဟုတ်ဘူး… ရှမ်းကျင်းနဲ့ သူ့မိန်းမတို့က သားတစ်ယောက်တည်း ရှိတော့ အရမ်း အလိုလိုက်ခဲ့ကြတယ်… သူတို့က ရှမ်းယွန်ဖန်းအပေါ် မျှော်လင့်ချက် ကြီးကြသလို ရှမ်းယွန်ဖန်းကလည်း သူတို့ကို စိတ်မပျက်စေခဲ့ဘဲ ထိပ်သီးကျောင်း သုံးကျောင်းကို ဝင်နိုင်ခဲ့တယ်… သူတို့က မင်းကို လာလုပ်ကြံဖို့ ကြိုးစားတယ် ဆိုတော့ တော်တော် ခံစားခဲ့ကြရမှာပဲ…” ဝမ်ခေါင်းဆောင်က ပြောသည်… “ငါမှတ်မိတယ်… ရှမ်းယွန်ဖန်း သေတော့ သူတို့ နှစ်ယောက်က ရူးမတတ်ဖြစ်ပြီး မိစ္ဆာနဂါးနယ်မှာ လူသတ်သမားကို သွားရှာကြတယ်… ဒါပေမဲ့ ဘာသဲလွန်စမှ မတွေ့ဘဲ ပြန်လာခဲ့ကြရတယ်… အခု သူတို့က မင်းသတင်းကို ရပြီး မိုးမြေ ကောင်းကင်မြို့ကို လိုက်လာကြတာ ဖြစ်မယ်…”

“သေသွားတဲ့ သားအတွက် လက်စားချေတာ ပုံမှန်ပါပဲ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက သူတို့အား မမုန်းပေ။

သူတို့အုပ်စုက နတ်သမီး ရေကန်ဘေးတွင် ဆက်လက်၍ စကားပြော နေကြသည်။ တစ်ချိန်တည်းတွင် သူရိယ နေမင်းကျောင်း၏ အခန်းတစ်ခုတွင် အကြီးအကဲ တစ်ယောက်နှင့် လူငယ်တစ်ယောက် စကားပြော နေကြသည်။

“အားလုံးကို သေသေချာချာ စုံစမ်း စစ်ဆေးပြီးပြီလား…” အကြီးအကဲက မေးသည်။

“ဟုတ်ကဲ့…” လူငယ်က ခေါင်းညိတ်သည်… “ရီဖူရှင်းက သားတော်ဖြစ်ပြီး ကျောင်းက တစ်ယောက်က ရှမ်းယွန်ဖန်း သေတာကို ထုတ်ပြောတယ်… ဒါပေမဲ့ ရီဖူရှင်းက သားတော်ဖြစ်ပြီး ကျောင်းအုပ်ချန်းက သူ့အပေါ် ဘယ်လောက် အလေးထားတယ် ဆိုတာကို အားလုံးက မြင်ကြရတော့ တစ်စုံတစ်ယောက်က သူ့ကို သွားရှာစေရင်တောင် အသုံးမဝင်ဘူး… ပြီးတော့ ကျွန်တော်တို့က အဲဒီလူလိုပဲ သိပ်မကျွမ်းကျင်သလို သူ့ဆီက အဲဒီလူ အကြောင်းကို မေးဖို့လည်း နည်းနည်း ခက်ခဲခဲ့တယ်… ဒါကြောင့် ကျွန်တော်တို့က အရင်တုန်းက ကျောင်းကို လာဖူးတဲ့ ရှမ်းယွန်ဖန်း မိဘကိုပဲ အသိပေးဖို့ ဆုံးဖြတ်ခဲ့တယ်…”

“ပြီးတော့ရော…”

“ပြီးတော့ ရှမ်းယွန်ဖန်းရဲ့ မိဘတွေက ယွန်ယွဲ့မြို့မှာ လူတချို့နဲ့ လျှို့ဝှက်တွေ့တာကို ကျုပ်တို့ သိခဲ့တယ်… ပြီးတော့မှ သူတို့နှစ်ယောက်က မိုးမြေ ကောင်းကင်မြို့ကို လာခဲ့ကြတာ… သူတို့က ယွန်ယွဲ့ကုန်သည် အုပ်စုကို ဘာမှ မပြောဘဲ သူတို့ နှစ်ယောက်တည်း လျှို့ဝှက် လုပ်ဆောင်ခဲ့ကြတယ်…”

“သူတို့ နှစ်ယောက်နဲ့ လျှို့ဝှက် တွေ့ခဲ့တာ ဘယ်သူလဲ…” အကြီးအကဲက မေးသည်။

“ရှမ်းကျင်းနဲ့ သူ့ဇနီးက မိုးမြေ ကောင်းကင်မြို့ကို ရောက်ပြီး နောက်ပိုင်း သူတို့ကို ကျွန်တော်တို့က သေသေချာချာ စောင့်ကြည့် နေခဲ့ကြတယ်… သူတို့နဲ့ တွေ့ခဲ့တာ ဘယ်သူလို့ ဦးလေးက ထင်ပါသလဲ…” လူငယ်က ရယ်မောကာ ပြောသည်။

“ရီဖူရှင်းက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှာ အရမ်း မောက်မာတယ်လို့ ငါကြားတယ်… ဒါပေမဲ့ သူ့ရဲ့ ဇာတိအမှန်ကို လူသိမှာစိုးလို့ ဘယ်သူ့ကိုမှ မသတ်ရဲဘူး… ဒါပေမဲ့ လူတစ်ယောက်ကလည်း ကြီးကြီးမားမား အရှက်ခွဲခံခဲ့ရတယ်…” အကြီးအကဲက ပြုံးသည်… “သူက ဒူးထောက်ပြီး ခစားခဲ့ရတဲ့ အတွေ့အကြုံက သူ့အတွက် အိပ်မက်ဆိုးလို ဖြစ်နေမှာပဲ… ဒီလို အခြေအနေမျိုးမှာ အခွင့်အရေး ရလာရင် ဘယ်သူမဆို လက်စားချေဖို့ ကြိုးစားကြလိမ့်မယ်…”

“ဦးလေးက အရမ်း ဉာဏ်ကောင်းတယ်…” လူငယ်က ပြုံးသည်။

“အဲဒီ ကျင်းကလန်က လူငယ်က အရမ်း စိတ်ကြီးဝင်နေတာ… သူက လောင်မူနဲ့ ယှဉ်ပြိုင်နေရာက ဒီလို အရှက်ခွဲ ခံလိုက်ရတော့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ… ပိုဆိုးတာက ရီဖူရှင်းက သားတော် ဖြစ်သွားတော့ သူက သွားထိလို့လည်း မရဘူး…”

“သူ ဉာဏ်ကောင်းတယ် ဆိုရင် သူ့လူတွေကို ဒီအတွက် အသုံးပြုမှာ မဟုတ်ဘူး… ဒါကြောင့် ရှမ်းယွန်ဖန်းရဲ့ မိဘတွေက ရီဖူရှင်းအပေါ် မုန်းတီးနေတာကို သူက အသုံးချဖို့ ကြိုးစားမှာပဲ… ဒီနည်းနဲ့ သူ့ကို ဘယ်သူမှ သံသယဖြစ်မှာ မဟုတ်ဘူး…”

“ဒါပေမဲ့ ငါ နားမလည်တာက…” အကြီးအကဲက ဆက်ပြောသည်… “ကျင်းယွန်ရှောင်းက သူရိယနေမင်း ကျောင်းက သာမန်ကျောင်းသား တစ်ယောက် သေတာကို ဘယ်လို သိခဲ့တာလဲ…”

“ဒါက ကြယ်မင်းကျောင်းက သာမန်တပည့် တစ်ယောက်နဲ့ သက်ဆိုင်လိမ့်မယ်…” လူငယ်က ပြောသည်… “သူ့နာမည်က ကျင့်နန်… သူက ကျင်းကလန်ရဲ့ မျိုးဆက်ပဲ… ကျောင်းမှာလည်း တော်တော် နာမည်ကြီးတဲ့အထဲ ပါတယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက ရီဖူရှင်းကို အကြိမ် တော်တော်များများ စော်ကားခဲ့ပြီးတော့ ရီဖူရှင်းနဲ့ သူ့အကြား အမုန်းတရားက တော်တော် ကြီးမားခဲ့တယ်… သူက မိစ္ဆာနဂါးနယ်မြေ အရေးတုန်းက လိုက်ပါသွားခဲ့ပြီး ရှမ်းယွန်ဖန်း သေတာကို မြင်ခဲ့တယ်… သူက ကျင်းယွန်ရှောင်းနဲ့လည်း ရင်းနှီးချင်တယ်… ကျွန်တော် ထင်တာက ဒီကိစ္စကို ကျင့်နန်က ကျင်းယွန်ရှောင်းကို ပြောပြခဲ့တာ ဖြစ်ရမယ်… ပြီးတော့ လုပ်ကြံမှု မတိုင်ခင် ကျင့်နန်က နတ်ဗိမာန် အိမ်တော်မှာ ပြဿနာ သွားရှာခဲ့တယ်လို့ သိရတယ်… ပြီးတာနဲ့ လုပ်ကြံမှု ဖြစ်ခဲ့တာပဲ… စဉ်းစားရင် သူပြဿနာ သွားရှာတာက ရီဖူရှင်းကို နတ်ဗိမာန် အိမ်တော်ကို ပြန်လာစေချင်လို့ ဖြစ်ရမယ်… ကံဆိုးတာက ရီဖူရှင်းနဲ့ ပက်ပင်း သွားတိုးတာပဲ… ဒါကြောင့်ပဲ​ သူက အရိုက်ခံရပြီး နတ်ဗိမာန် အိမ်တော်က နှင်ထုတ်ခံလိုက်ရတယ်…”

“သဘောပေါက်ပြီ…” အကြီးအကဲက ပြုံးသည်… “ဒါက တကယ်ပဲ အစီအစဉ်ကောင်းပဲ… ကံမကောင်းတာက အကြောင်းအရာတွေက အရမ်း တိုက်ဆိုင်လွန်းတယ်… ငါတို့က ယွန်ယွဲ့မြို့ကို ခရီးသွားဖြစ်ခဲ့တာ သူ့အတွက် ကံမကောင်းတာပဲ… ကျင်းကလန်ကရော ဒီအထဲ ပါလား…”

“အဲဒီလိုမျိုးတော့ မရှိလောက်ဘူး… ကျင်းယွန်ရှောင်းက သူ့သဘောနဲ့ လုပ်တာ ဖြစ်ဖို့များတယ်…” လူငယ်က ပြောသည်။

“သူက ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ်လို့ ထင်နေလောက်ပြီ… ကျင်းကလန်က ကြယ်မင်းကျောင်းရဲ့ အဓိက ထောက်တိုင်တစ်ခုပဲ… နတ်ဗိမာန် အိမ်တော်က နဂါးကလန်က ပိုင်တာ… ကုကလန်က ကုယွန်ချီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတယ်… ဒီကိစ္စက နဂါးကလန်၊ ကုကလန်နဲ့ ကြယ်မင်းကျောင်းရဲ့ သားတော်တို့ ပါဝင်ပတ်သက် နေတယ်… ကျင်းကလန်က လွတ်မယ့်ပုံ မပေါ်ဘူး…”

အကြီးအကဲက ပြုံးလျက် ပြောသည်… “ကျင်းယွန်ရှောင်းက ငါတို့ကို အစကောင်းကောင်း ပျိုးပေးလိုက်တာပဲ… ကြယ်မင်းကျောင်း ဒါမှမဟုတ် ရီဖူရှင်းကို သဲလွန်စပေးဖို့ တစ်နည်းနည်းနဲ့ ကြိုးစားကြည့်… မသိသာစေနဲ့…”

“နားလည်ပါပြီ…” လူငယ်က ကောက်ကျစ်စွာ ပြုံးသည်။

***

ကြယ်မင်းကျောင်းတွင် တပည့်များက ဟိုဟိုဒီဒီ သွားလာနေကြသည်။ ထိုအထဲတွင် ဝမ်ယွီချန်းလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ သည်ရက်ပိုင်း သူမက စိတ်ဓာတ် ကျဆင်းနေသည်။ သူမ၏အဘိုးက တစ်ခါမှ​ သူမအား ဒေါသထွက်ဖူးခြင်း မရှိပေ။ ယခုကား သူမ၏အဘိုးက မိုးမြေကောင်းကင်မြို့ကို ရောက်ရောက်ချင်း သူမအား ဆူပူခဲ့သည်။

“အဲဒါ စီနီယာကျင်းမလား…” သူမ၏ဘေးမှ တစ်ယောက်က ပြောသည်။ သူမက လှမ်းကြည့်၏။ ကျင်းယွန်ရှောင်းက ရီဖူရှင်းကဲ့သို့ မထူးချွန်သည့်တိုင် သူသည်လည်း နာမည်ကြီး တစ်ယောက် ဖြစ်သည်။ ကြယ်မင်းကျောင်းတွင် တပည့်များစွာ ရှိသည်။ သာမန် တပည့်များအတွက် ကျင်းယွန်ရှောင်းက လေးစား အားကျဖွယ်ရာ ကောင်းသူ ဖြစ်သည်။

ဝမ်ယွီချန်းက လှမ်းကြည့်သည်တွင် ကျင်းယွန်ရှောင်း၏ဘေးမှ ရင်းနှီးသော လူတစ်ယောက်ကို မြင်သည်။ သူမက မျက်မှောင်ကြုတ် လိုက်သည်။ ကျင့်နန်က ကျင်းယွန်ရှောင်းနှင့် ဘယ်အချိန်က ရင်းနှီး သွားခဲ့သနည်း။

“စီနီယာအစ်ကို…” လူအများအပြားက လှမ်းခေါ်ကြသည်။ ကျင်းယွန်ရှောင်းက လျှောက်လာကာ သူတို့က ဝမ်ယွီချန်းဘေးမှ ဖြတ်သွားသည်။ ကျင့်နန်က သူမအား တစ်ချက်ကြည့်ကာ မသိသလို လျစ်လျူရှုကာ ထွက်သွားသည်။

ကျင့်နန်၏ မျက်လုံးများကို မြင်သည်တွင် ဝမ်ယွီချန်းက လှောင်ပြုံး ပြုံးသည်။ ရီဖူရှင်းက တခြားလူများကိုသာ အားကိုးတတ်သောလူ အဆင့်အတန်း နိမ့်ကျသောလူ ဟူသော စကားများဖြင့် ကျင့်နန်က စော်ကား ပြောဆိုခဲ့ဖူးသည်။ ထိုစကားများက သူ့ကိုယ်သူ ပြောနေခြင်းများလားဟု သူမတွေးမိသည်။

“စီနီယာ အစ်ကိုကျင်းနဲ့ စီနီယာ အစ်ကိုကျင့်တို့က ဘယ်တုန်းက ရင်းနှီးသွားတာလဲ…” ဝမ်ယွီချန်းဘေးမှ​ လူငယ်တစ်ယောက်က ရေရွတ်သည်။ နောက်လှည့်လျှင် ထိုလူငယ်က ဝမ်ယွီချန်းကို မြင်သည်… “ဟိုင်း… စီနီယာအစ်မဝမ်…”

“ရှင်း ကျွန်မကို သိလို့လား…” ဝမ်ယွီချန်းက သူ့ကို ကြည့်သည်။ သူမက နာမည် ကျော်ကြားသူ မဟုတ်ပေ။ ထိုလူငယ်အားလည်း သူမက မသိပေ။

“ကျွန်တော်က စီနီယာ အစ်မကို စီနီယာ အစ်ကိုကျင့်နဲ့ မြင်ဖူးတယ်…” လူငယ်က ပြုံးလျက် ပြောသည်။

“သူ့အကြောင်း မပြောနဲ့…” ဝမ်ယွီချန်းက ရွံရှာစွာ ပြောသည်။

လူငယ်က ယဉ်ကျေးဟန်ဖြင့် အသာဦးညွှတ်ကာ ပြောသည်… “စီနီယာတို့ နှစ်ယောက်က အရမ်း လိုက်ဖက်တယ်လို့ ကျွန်တော်က အရင်တုန်းက တွေးထင်ခဲ့တယ်… အခု စီနီယာ အစ်ကိုကျင့်က စီနီယာအစ်ကိုကျင်းနဲ့ ပိုရင်းနှီးသွားတယ်… သူက တော်တော် ဉာဏ်ကောင်းတာပဲ… ဒါပေမဲ့ သူ့လိုလူက ဉာဏ်ကောင်းတာတောင်မှ စီနီယာ အစ်မကြောင့် အမှားလုပ်မိပြီး အသတ်ခံရတော့ မလို့ပဲ…”

“ငါ့ကြောင့်… ဟုတ်လား…” သူမ၏ မျက်နှာက အနည်းငယ် တင်းမာ သွားသည်။

“ဟုတ်တယ်… စီနီယာ အစ်မကြောင့်သာ မဟုတ်ရင် သူ့လို ဉာဏ်ကောင်းတဲ့လူက ဘယ်လိုလုပ် နတ်ဗိမာန် အိမ်တော်မှာ ပြဿနာ သွားရှာပါ့မလဲ… အဲဒီနေရာက သားတော် ပိုင်တာကို သူက မသိဘဲ နေမှာတော့ မဟုတ်ဘူး… ဒါကြောင့်လည်း သူက သေလုနီးပါး ဖြစ်သွားတာ မဟုတ်ဘူးလား… ထူးဆန်းတာက သားတော်ကလည်း သေလုနီးပါး ဖြစ်သွားတာပဲ…” လူငယ်က ခေါင်းယမ်းကာ သက်ပြင်းချသည်… “ကံကောင်းတာက အားလုံးက ကောင်းကောင်း မွန်မွန်နဲ့ ပြီးဆုံးသွားတာပဲ…” လူငယ်က ထိုသို့ပြောကာ ထွက်သွားသည်။

ဝမ်ယွီချန်းက အနည်းငယ် တွေဝေသွားသည်။ ထို့နောက် တစ်စုံတစ်ခုက သူမ၏ အတွေးထဲကို ဝင်ရောက်လာကာ နှလုံးက ပြင်းစွာ ခုန်သွားသည်။ ကျင့်နန်၏ စိတ်သဘောထားကို ပြန်တွေးကြည့်လျှင် သူက ထိုမျှ ရူးမိုက်သောလူ မဟုတ်ဟု သူမ ထင်မြင်မိသည်။ အမှန်က ကျင့်နန်ကား အလွန် တွက်ချက် တတ်သောလူ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset