မူကျိဖန်က ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။
“တော်လောက်ပြီ…” ဆရာယွန်က တည်ငြိမ်စွာ ပြောသည်။
မူကျိဖန်က ဆရာယွန်ကို ကြည့်ကာ ပြောသည်… “ကြယ်မင်းကျောင်းက ကျုပ်တို့ ရတနာကို ယူသွားချင် နေတာလား… ”
“ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်ရဲ့ စကားက ဘာမှ သက်ရောက်မှု မရှိဘူး ဆိုတဲ့စကားလား…” ဆရာယွန်က ခေါင်းဆောင်ဘက်ကို အေးစက်စွာ ကြည့်သည်။
“ဒါက ကျုပ်အဘိုးနဲ့ ဘာမှ မဆိုင်ဘူး… သူက ကတိပေးတယ် ဆိုပေမဲ့ ကျုပ်က ကတိပေးထားတာမှ မဟုတ်တာ…” မူကျိဖန်က ပြန်ပက်သည်။ ထို့နောက် သူက ရီဖူရှင်းထံသို့ တစ်ဖန် ပြေးဝင်သွားသည်။
“မင်းက ကျိုးကြောင်းဆီလျော်မှု မရှိတာပဲ…” ဆရာယွန်က သဘောမကျစွာ ပြောသည်။ ထို့နောက် သူကလည်း ကောင်းကင်သို့ ပျံတက်သွားမည် ပြသည်တွင် မဆုံးနိုင်သော စွမ်းအင်များက ကောင်းကင်ယံမှ ရုတ်တရက် ကျဆင်းလာသည်ကို သူခံစားမိသည်။
အားလုံးက ကောင်းကင်ကို အံ့အားသင့်စွာ ကြည့်ကြသည်။ ကောင်းကင်မှ ကြယ်ကြွေသကဲ့သို့ လက်ဝါးပုံရိပ်တစ်ခု ကျဆင်းလာသည်။ ခေါင်းဆောင်၏ အကြည့်က စူးရှသွားသည်။
“ကျိဖန်… သတိထား…” ခေါင်းဆောင်က အော်လိုက်သည်။ သို့သော် နောက်ကျသွားပြီ ဖြစ်သည်။ မူကျိဖန်က ရီဖူရှင်း၏လက်မှ နှင်တံကို လုယူရန် ဟန်ပြင်လိုက်သည်တွင် အလွန် အားကောင်းသော ဖိအားက သူ့ထံ ဆင်းသက်လာသည်။ ထိုအခိုက်တွင် မူကျိဖန်အား မလှုပ်ရှားနိုင်တော့။ သူ၏အသက်ရှူသံပင် ရပ်တန့်သွားသည်ဟု သူခံစားရသည်။
ခေါင်းမော့ကာ ကြည့်သည်တွင် ဧရာမ လက်ဝါးပုံရိပ်က သူ့ထံ ဆင်းသက် လာသည်ကို မြင်ပြီး သူ၏အမူအရာက ပြောင်းလဲသွားသည်။ သူတုံ့ပြန်ချိန်ပင် မရလိုက်ဘဲ လက်ဝါးက သူ့အား ဘုန်းခနဲ မြည်အောင် ရိုက်သည်တွင် မူကျိဖန် အဝေးကို လွင့်စဉ်သွားသည်။ သူ၏ခန္ဓာကိုယ်က မြေပြင်နှင့် ရိုက်မကာ ထိုနေရာက အက်ကွဲကြောင်းများ ထင်သွားသည်။ စွမ်းအားမြင့်သော မူကျိဖန်ကား ယခု မြေပြင်ပေါ်တွင် သွေးများ အန်လျက် လဲလျောင်းနေသည်။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက လူအများအား ထိတ်လန့်စေသည်။ မူကျိဖန်ကား ကျိုက်ရှင်းအိမ်တော်၏ အနာဂတ်ဆက်ခံသူ ဖြစ်သည်။ ထို့အပြင် သူက တော်ဝင်ကျဲနန်းတော်၏ တပည့်တစ်ယောက်လည်း ဖြစ်၏။ သူ့အား မည်သူက တိုက်ခိုက်ရဲသနည်း။
“မင်း ကတိပေးတာ မပေးတာက အရေးပါလို့လား…” အေးစက်သော အသံတစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာသည်။ အသံရှင်ကား ကောင်းကင်တွင် တည်ငြိမ်စွာ ရပ်နေသည်။ သူ့ထံမှ ဖြာထွက်နေသော ကြယ်တာရာ အလင်းများကြောင့် သူ့အား နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရစေသည်။
“ချန်းယွန်…” ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်၏ မျက်နှာက နက်မှောင်သွားသည်။
“ကျောင်းအုပ်…” ဆရာယွန်နှင့် အားလုံးက နှုတ်ဆက်ကြသည်။
ကျောင်းအုပ်ချန်း ရောက်လာသည်ကို ရီဖူရှင်းက မအံ့ဩပေ။ အဘိုးအိုက သူ့အား ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ယူဆောင်ရန် နိုဘယ်တချို့ဖြင့် စေလွှတ်ခဲ့သည်။ ထိုမျှလောက်လူဖြင့် သူက မည်သို့ အောင်မြင်မည်နည်း။
ထို့ကြောင့် အဘိုးအိုက ရီဖူရှင်း၏ စွမ်းဆောင်ရည်ကို အဝေးတစ်နေရာမှ တိတ်တခိုး စောင့်ကြည့်နေပုံ ရသည်။ သည်အဘိုးအိုကား အမှန်ပင် ရက်စက်လွန်းလှသည်။ သူ၏ကိုယ်ပိုင် သိဒ္ဓိဝင် လက်နက် တစ်ခုခုအား သားတော်ကို ပေးအပ်ခြင်းမရှိဘဲ ကျိုက်ရှင်း အိမ်တော်မှ လက်နက်ကို သူ့အား လာရောက် ယူငင်စေသည်။
မူကျိဖန်က ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထကာ ပါးစပ်မှ သွေးများကို သုတ်သည်။ သူက ကောင်းကင်မှ အကြီးအကဲကို အေးစက်စွာ ကြည့်ကာ ပြောသည်… “ကျုပ်က အရင်ကတည်းက ကျောင်းအုပ်ချန်းရဲ့ နာမည်ကို ကြားဖူးပါတယ်… ဒါပေမဲ့ ပထမဆုံး ကျုပ်တို့ တွေ့တာက ကျုပ်ကို တော်တော်ကြီး စိတ်ပျက်စေတယ်… ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ ကျုပ်ကို တိုက်ခိုက်တာ မရှက်ဘူးလား…”
ကျောင်းအုပ်ချန်းက မူကျိဖန်အား အသာကြည့်သည်။ အမှန်အားဖြင့် မူကျိဖန်အား ဘာမှ ပြန်ပြောနေစရာ မလိုပေ။ သို့သော် လူငယ်လေးက အကြီးအကဲများအား လေးစားရကောင်းမှန်း သိပုံမရရာ သူကလည်း သင်ခန်းစာ ပေးရန် ဝန်လေးသည် မဟုတ်။
“မူကျိဖန်… မင်းက အပြောနဲ့ အလုပ်မညီတဲ့ အကောင်ပဲ… မင်းက ကြယ်မင်းကျောင်းက အကာနာအဆင့် သားတော်ကို နိုဘယ်အဆင့်နဲ့ တိုက်ခိုက်တာက ဘာမှ မဟုတ်ဘူး… အခု ငါက မင်းကို တိုက်ခိုက်တာကျတော့ အရှက်ရစရာတဲ့လား… မင်းအဘိုးက ဒါကို သင်ပေးထားတာလား… ဒါမှမဟုတ် မင်းက တော်ဝင်ကျဲနန်းတော်က ဒါကို သင်ခဲ့တာလား…”
မူကျိဖန်၏ မျက်နှာက ပျက်ယွင်း သွားသည်… “ရီဖူရှင်းက ကျိုက်ရှင်း အိမ်တော်ရဲ့ ရတနာကို ခိုးယူသွားတယ်…”
“မင်း ဘာမှ ထပ်မပြောနဲ့တော့…” ချန်းယွန်က စကားဖြတ် လိုက်ကာ ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်ကို ပြောသည်… “ငါက မင်းရဲ့ အိမ်တော်က တပည့်တစ်ယောက်ကို ကူပြီး ဆုံးမပေးတာ… မူချွန်… မင်း စိတ်မဆိုးဘူး မလား…”
“မင်းက ကျိုက်ရှင်း အိမ်တော်က တပည့်ကို ဆုံးမဖို့ ဘယ်တုန်းက အခွင့်အာဏာ ရသွားတာလဲ…” မူချွန်က အေးစက်စွာ ပြန်ပြောသည်။
ချန်းယွန်က တစ်လုံးချင်း ပြန်ပြောသည်… “ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်အနေနဲ့ မင်းက ရီဖူရှင်းကို နှင်တံကို ယူနိုင်စွမ်းရှိရင် ယူနိုင်တယ်လို့ ကတိပေးခဲ့တယ်… အခု သူက စိန်ခေါ်မှုကို ကျော်ဖြတ်ပြီး နှင်တံကို ရခဲ့တယ်… မင်းရဲ့ မျိုးဆက်ဖြစ်တဲ့ မူကျိဖန်က မင်းရဲ့ ကတိကို လျစ်လျူရှုပြီးတော့ သူကတိမပေးထားလို့ ဆိုပြီး အတင်းငြင်းဆိုင်ခဲ့တယ်… ဒါက မင်းအပေါ် သူက ဘယ်လောက် လေးစားမှု မရှိသလဲ ပေါ်လွင်တယ်… ကတိမတည်တာ ကလည်း သူကိုယ်တိုင်က မယုံကြည်ရတဲ့လူဆိုတာ ပေါ်လွင်စေတယ်… သူ့ရဲ့ အရှိန်အဝါနဲ့ အားနည်းတဲ့လူကို အနိုင်ကျင့်ဖို့ ကြိုးစားတာကလည်း ကိုယ်ကျင့်တရားမဲ့တဲ့ အပြုအမူတွေပဲ… ဒါတွေ မြင်နေတဲ့ ကျုပ်က မင်းကိုယ်စား ဆုံးမပေးသင့်တယ်လို့ ကျုပ်ခံစားရတယ်…”
သူ၏စကားကြောင့် အားလုံးက ဆွံ့အရသည်။ ကျိုက်ရှင်းအိမ်တော်၏ ပါရမီရှင်ကား ချန်းယွန်၏ စကားကြောင့် အသုံးမကျသော ကတိမတည်သော ကိုယ်ကျင့်တရားမဲ့သော လူတစ်ယောက် ဖြစ်သွာသည်။ သို့သော် သူ၏စကားကို မည်သူမှ မငြင်းပယ်နိုင်ပေ။ ကျောင်းအုပ်၏ စကားက ကျိုးကြောင်းဆီလျော် နေ၏။
သို့သော် အမှန် တကယ်တမ်းအားဖြင့် ထောင်ချောက်အတွင်းသို့ ကျဆင်းခဲ့သူက ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင် ဖြစ်သည်ကို အားလုံးက သိသည်။ တကယ့်အချိန်တွင် ထွက်ပေါ်လာသော ကျောင်းအုပ်ကြောင့် အဖြစ်အပျက် တစ်ခုလုံးကို သူက စီစဉ် အကွက်ချထားခဲ့သည်မှာ ထင်ရှားနေသည်။ သားတော်က မွေးနေ့ပွဲကို တက်ရောက်လာခြင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ယူဆောင်ရန် ဖြစ်သည်။
ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်ကား အမြဲတမ်းအားဖြင့် မောက်မာကာ ယုံကြည်ချက်မြင့်သော လူဖြစ်သည်။ ထိုသို့သော စရိုက် လက္ခဏာကြောင့်ပင် ကျောင်းအုပ်၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းခဲ့ရသည်။
အမှန်ပင် သူက မှားယွင်းခဲ့သည်ကို မူချွန်က သိသည်။ သူက မိမိကိုယ်ကို ယုံကြည်ချက် မြင့်လွန်းကာ ရီဖူရှင်းအား အထင်သေးမိခြင်းက အကြီးမားဆုံး အမှားဖြစ်သည်။
“အစီအစဉ် ကောင်းတယ်… ချန်းယွန်…” မူချွန်က အေးစက်စွာ ပြောသည်။
ချန်းယွန်က သူ့အား အေးစက်စွာ ကြည့်ကာ ဆက်ပြောသည်… “ကြယ်မင်းကျောင်းနဲ့ ကျိုက်ရှင်းအိမ်တော်က မူလဇာတိ တစ်ခုတည်းက လာကြတာပဲ… တော်ဝင်လမ်းအတွက် ဆက်ခံသူက အခု ပေါ်လာပြီ… ဒါကြောင့် ကျိုက်ရှင်းအိမ်တော်က ဘိုးဘေးတွေ ထားခဲ့တဲ့ ကတိကို တည်ပြီး တော်ဝင် ရတနာတွေကို ပေါင်းစည်း စေသင့်တယ်… ဒီနေ့ စိန်ခေါ်မှုက ဘာပဲဖြစ်နေနေ… ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက အစကတည်းက ရီဖူရှင်းအပိုင် ဖြစ်သင့်တယ်…”
“ယူပြီး ထွက်သွားတော့…” မူချွန်က ပြောသည်။ ချန်းယွန်၏ စကားကို သူက ထပ်မကြားချင်တော့။ သည်ကစားပွဲက သူနှင့် ချန်းယွန်အကြား ဖြစ်ပျက်ခဲ့ခြင်းပင်။ ယခု သူက ရှုံးနိမ့်ခဲ့ရာ အရှုံးကို လက်ခံရုံမှတပါး မရှိတော့။
“အဘိုး…” မူကျိဖန်က အော်သည်။ သူတို့၏ ရတနာအား ရီဖူရှင်းက ယူသွားမည်ကို မယုံကြည် နိုင်သေးပေ။
မူချန်က လက်ဝှေ့ယမ်းကာ ဘာမှ မပြောတော့ပေ။ သို့သော် ချန်းယွန်က သူ့အား ကြည့်ကာ ထပ်ပြောသည်… “တော်ဝင်လမ်းရဲ့ ဆက်ခံသူက ပေါ်လာပြီ… တော်ဝင် ရတနာတွေကလည်း ပေါင်းစည်းပြီးပြီ… ကျိုက်ရှင်းအိမ်တော်က ဘိုးဘေးတွေ မျှော်လင့်ထားတဲ့ အောင်မြင်မှုကို ပြန်ပြီး အသက်သွင်းဖို့ ကြယ်တာရာ သားတော်ကို ကူညီ ထောက်ပံ့ပေးဖို့ စိတ်ကူး မရှိဘူးလား…”
“ကျုပ်တို့မှာ ဒီအတွက် အချိန်မရှိဘူး…” မူချွန်က အေးစက်စွာ ပြောသည်။ ချန်းယွန်က ရီဖူရှင်းအတွက် ကျိုက်ရှင်းအိမ်တော်၏ အထောက်အပံ့ကို ထပ်မံ မျှော်လင့်နေသေးသည်က သူ့အား ပြောစရာ စကားမဲ့စေသည်။
“ဒီလိုဆိုရင်လည်း ကျုပ်က ဆက်ပြီး မတိုက်တွန်းတော့ဘူး… ငါတို့သွားပြီ…” ထို့နောက် သူက ရီဖူရှင်းကို ပြောသည်… “မင်းလုပ်တာ ကောင်းတယ်… ပြန်ကြမယ်…”
“ဟုတ်ကဲ့ ကျောင်းအုပ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကြယ်မင်းကျောင်းအုပ်က အမှန်ပင် ဤသို့သော လှည့်ကွက်ကို သုံးခဲ့သည်။ အမှန်ပင် အသက်ကြီးလေလေ ဉာဏ်များလေလေဟု ရီဖူရှင်းက တိတ်တခိုး တွေးသည်။ သူကား ထိုမျှ အဆင့်ရောက်ရန် များစွာ လိုသေးသည်။
“နေဦး…” ရီဖူရှင်းက ချန်းယွန်နှင့် ထွက်သွားမည် ပြုသည်တွင် မူကျိဖန်က သူ့အား အေးစက်စွာ ကြည့်သည်… “မင်းက ကျောင်းအုပ်ချန်းရဲ့ နောက်ခံနဲ့ ကျုပ်အဘိုးရဲ့ ကတိတွေကြောင့် နှင်တံကို ယူသွားမယ် ဆိုရင်တောင် မင်းကို ဘယ်သူမှ မတားနိုင်ဘူး ဆိုပေမဲ့ မင်းက နှင်တံကို ထားခဲ့တာ ပိုကောင်းလိမ့်မယ်…”
ရီဖူရှင်းက သူ၏စကားကို ဂရုပင် မစိုက်ပေ။ ထိုအတိုင်းပင် သူက အဝေးကို ထွက်ခွာ သွားသည်။
“ငါမင်းကို ကျုံးကျိုးမြို့က စောင့်နေမယ်…” မူကျိဖန်က ရီဖူရှင်း ထွက်သွားသည်တွင် အော်ဟစ် ခြိမ်းခြောက်သည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကား ဤသို့ဖြင့် တစ်ပါးလူ၏လက်ထဲကို ရောက်သွားပေပြီ။
ကြယ်မင်းကျောင်းမှ တပည့်များကလည်း စတင် ပျံသန်း ထွက်ခွာကြသည်။ မွေးနေ့ပွဲကား အသက်မဲ့သွားပြီ ဖြစ်သည်။
“မွေးနေ့ပွဲ ပြီးပြီ…” ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်က တုံးတိတိ ပြောသည်။
အားလုံးက မူချွန်အား တိတ်တဆိတ် ဦးညွှတ်ကာ ထွက်ခွာကြသည်။ လက်ရှိ ခေါင်းဆောင်၏ စိတ်အခြေအနေက သိပ်မကောင်းသည်ကို သူတို့ အားလုံးသိသည်။ သို့သော် သူတို့အားလုံး၏ ခေါင်းထဲတွင် စွဲထင်နေသည်က ပြိုင်ဘက်ကင်းပါရမီကို ပြသခဲ့သော လူငယ်လေး တစ်ယောက် ဖြစ်သည်။ သူ့အတွက် ကြယ်မင်းကျောင်းအုပ် ကိုယ်တိုင်က နှင်တံကို ယူဆောင်ပေးရန် လိုက်ပါလာခဲ့သည်။
မိုးမြေ ကောင်းကင်မြို့တွင် ဤကဲ့သို့ ပါရမီရှင်တစ်ယောက် ပေါ်လာခြင်းက မြေရိုင်းဒေသ အရှေ့ဘက်နယ်က ပိုမို စည်ကားလာတော့မည် ဖြစ်သည်။ ရီဖူရှင်းက နောင်တွင် နောက်ထပ် လောင်ရီထျန်းတစ်ယောက် ဖြစ်လာမည်မှာ သေချာနေသည်။
အားလုံး ထွက်သွားလျှင် ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်က မူကျိဖန်ကို ပြောသည်… “ကျိဖန်… ချန်းယွန်ရဲ့စကားကို စိတ်ထဲ မထားနဲ့… သူက ငါတို့အိမ်တော်နဲ့ တည့်တာ မဟုတ်ဘူး… မင်းကို စကားအားနဲ့ ထိခိုက်အောင် ပြောပြီး မင်းစိတ်ဓာတ်ကို ပျက်စီးအောင်လုပ်တာ… ဒါတွေ ခေါင်းထဲ ထည့်စရာမလိုဘူး…”
“စိတ်မပူပါနဲ့ အဘိုး…” မူကျိဖန်က ပြောသည်။ ထိုမျှလောက်သော စကားက သူ၏စိတ်အား သက်ရောက်စေမည် မဟုတ်ပေ။ ကျောင်းအုပ်က သူ့အား ကိုယ်ကျင့်တရား မကောင်းသောလူဟု ပြောဆိုခဲ့သော်လည်း သူ့အမြင်တွင်ကား သူ၏မိသားစု ရတနာကို လာရောက် လုယက်သူများကို ပြန်လည် တိုက်ခိုက်သည်က မှားသည်ဟု မမြင်။
ယနေ့ ဖြစ်ပျက်ခဲ့သည်များ အားလုံးကို သူမှတ်ထားသည်။
တန်ခိုးကျင့်ခြင်း ခရီးကား ရှည်ကြာလွန်း လှသည်။ တစ်ချိန်ချိန်တွင် သူတို့ပြန်လည် ဆုံးစည်းကြပေဦးမည်။
***