ရီဖူရှင်းက ထိုသို့ ပြောသည်တွင် လူအများအပြားက ထိတ်လန့် သွားကြသည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံအား သူနှင့် လိုက်မလားဟု မေးသောသူက ဘယ်လောက်တောင် မောက်မာလိုက်သလဲ…။
သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတလဲ…။
ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကား ရှန့်ထိုတန်ခိုးရှင် ကိုင်ဆောင်ခဲ့သော လက်နက်ဖြစ်သည်။ ထိုနှင်တံက ထိပ်သီးအင်အားစု တစ်ခုဖြစ်သော ကျိုက်ရှင်း အိမ်တော်၏ ရတနာလည်း ဖြစ်သည်။
မျိုးဆက်များစွာ၌ ထိပ်သီးကျောင်း သုံးကျောင်းက ကျိုက်ရှင်း အိမ်တော်မှ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို အမြဲလိုလို မျက်စိကျ နေခဲ့ကြသည်။ သို့သော် သူတို့က ယခုတိုင် နှင်တံအား ယူဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ကြပေ။
ခေါင်းဆောင်၏ လေးနက်သော အကြည့်က ရီဖူရှင်းထံကို ရောက်နေသည်။ သည်မေးခွန်းက ဟာသတစ်ခု မဟုတ်ဟု သူ ခံစားနေရသည်။ နှင်တံက သူ့နောက်ကို အမှန်တကယ် လိုက်သွားမည်လော။ သို့မဟုတ် ငြင်းပယ်မည်လော။
“ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံက ကျိုက်ရှင်း အိမ်တော်ရဲ့ ရတနာပဲ… မင်းက အလွယ်တကူ ယူသွားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား…” ခေါင်းဆောင်က အေးစက်စွာ ပြောသည်။
ရီဖူရှင်းက သူ၏စကားကို ကြားဟန်မရပေ။ ကောင်းကင် အလင်းများက နှင်တံထဲကို စီးဆင်းသွားကာ နှင်တံ၏ စိတ်အသိနှင့် ဆက်သွယ်ရန် ကြိုးစားသည်။ သူက နှင်တံအား မလိုက်သည်နှင့် ကျိုက်ရှင်းအိမ်တော် ခေါင်းဆောင်၏ ထောင်ချောက်ထဲကို ကျဆင်းသွားခဲ့ပြီဟု ရီဖူရှင်းက သိလိုက်သည်။ သူ၏လက်ရှိ တန်ခိုးအဆင့်ဖြင့် နှင်တံအား မမည်ဆိုသည်မှာ မဖြစ်နိုင်ပေ။ နှင်တံက သူနှင့်လိုက်ရန် မဆုံးဖြတ်သရွေ့ ရီဖူရှင်းက နှင်တံအား ယူသွားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူက နှင်တံ၏ စိတ်အသိအား သူ၏ ကောင်းကင် အလင်းဖြင့် ဆက်သွယ်ရန် ကြိုးစားသည်။ နှင်တံတွင် ကိုယ်ပိုင်အသိရှိရာ ရီဖူရှင်း၏ ကောင်းကင်အသိကို ခံစားမိမည် ဖြစ်သည်။ အကယ်၍ နှင်တံက လိုက်ပါရန် ဆန္ဒမရှိပါက ရီဖူရှင်းကလည်း လက်လျှော့ရန်မှ တပါး တခြားမရှိပေ။
ရုတ်တရက် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက ပြင်းထန်စွာ တုန်ခါလာကာ ကြယ်တာရာ မုန်တိုင်းများ ဖြစ်ပေါ်စေသည်။
“ဘာတွေ ဖြစ်တာလဲ…” အားလုံးက သီးသန့်နယ်မှ တုန်ခါမှုကို ခံစားကြရသည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံထံသို့ လင်းလက် တောက်ပသော ရောင်စဉ်များ အရပ်မျက်နှာမျိုးစုံမှ စီးဆင်းနေကြသည်။ နှင်တံကိုယ်တိုင်ကလည်း ကြယ်တာရာ အလင်းများ ပိုမို ထွန်းလင်း လာနေ၏။
ခေါင်းဆောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ကောင်းကင်ကို စူးရှစွာ ကြည့်သည်။
ကောင်းကင် တစ်ခုလုံးမှ ကြယ်အလင်းများ အားလုံးက နှင်တံထံသို့ စီးဆင်းသွားဟန် ရသည်။ နောက်ဆုံးတွင် ကြယ်တာရာ သီးသန့်နယ်တစ်ခုလုံး နှင်တံမှ စုပ်ယူသွားပြီး ကောင်းကင်ပေါ်မှ အရပ်ခပ်သိမ်းက ပျောက်ကွယ် သွားသည်။ ဧရာမ နှင်တံကြီးက ဘန်းခနဲမြည်ကာ မြေပြင်ပေါ်မှ ကြွတက်သွားပြီး ရီဖူရှင်း၏လက်ထဲတွင် နှစ်ပေခန့်ရှည်သော နှင်တံတစ်ချောင်း ဖြစ်လာသည်။
“ဘာဖြစ်တာလဲ ” ပရိသတ် တစ်ယောက်က မှင်တက်လျက် မေးသည်။
“နှင်တံက သူ့ကို သခင်အဖြစ် လက်ခံလိုက်တယ် ထင်တယ်…”
ကျိုက်ရှင်းအိမ်တော်မှ လူများ၏အမူအရာများ ပြောင်းလဲ သွားကြသည်။ ထိပ်သီးကျောင်း သုံးကျောင်းမှ လူများ၏ ထိတ်လန့်မှုကား ဆိုဖွယ်ရာပင် မရှိတော့။ အားလုံးက ကောင်းကင်မှ လူငယ်လေးကို ကြည့်နေကြသည်။
မူကျိချူ၏ အကြည့်ကလည်း ရီဖူရှင်းထံတွင် ရောက်နေသည်။ သူမ၏ အေးစက်သော မျက်လုံးများထဲ စိတ်လှုပ်ရှားဟန်များ အထင်းသား တွေ့ရသည်။ နှင်တံက နောက်ဆုံးတွင် ပြင်ပမှ လူတစ်ယောက်အား သခင်အဖြစ် ရွေးခဲ့သည်။ ထိုအဖြစ်က သူမအား စိတ်ပျက်စေ၏။
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်… စီနီယာ … အခုလို ကြီးမားတဲ့ လက်ဆောင်ကို လက်ခံရတာ အနည်းငယ် ရှက်ရွံ့မိပေမဲ့ နှင်တံက ကျွန်တော့်ကို သခင်အဖြစ် လက်ခံခဲ့ပြီးမှတော့ သူ့ကို ငြင်းပယ်တာက စော်ကားရာ ရောက်ပါလိမ့်မယ်… ဒါပေမဲ့ နှင်တံရဲ့နာမည်က မြေရိုင်းတစ်ခွင်ကို ကျော်ကြားစေမှာ ဖြစ်လို့ ကျိုက်ရှင်း အိမ်တော်ကလည်း ဒီအတွက် ဂုဏ်ယူရမှာပါ…” ရီဖူရှင်းက ပြောသည်။ လူအများက သူ၏စကားကို ကြားက မှင်တက် သွားကြသည်။
ရီဖူရှင်းက ခေါင်းဆောင်အား သူ၏စကားကို ပြန်မရုပ်သိမ်းစေရန် ပိတ်ပြောထားခြင်းပင်။
လက်ရှိတွင် ခေါင်းဆောင်က သူ့အား သတ်ပြစ်လိုစိတ်များပင် ရှိနေနိုင်သည်။ ကျိုက်ရှင်း အိမ်တော်၏ ရတနာကို သူက မည်သို့ လက်လွှတ် နိုင်မည်နည်း။ ရီဖူရှင်းအား စိန်ခေါ်ခဲ့ခြင်းကလည်း သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံထဲက ရီဖူရှင်း ရရှိခဲ့သော ကံစွမ်းအားများကို သူက လိုချင်၍ ဖြစ်သည်။ ရီဖူရှင်းက နှင်တံကို အမှန်တကယ် ယူနိုင်စွမ်းရှိသည်ဟု မည်သူက တွေးထင်မိမည်နည်း။
ကုယွန်ချီ၏ မျက်လုံးက ဝိုင်းစက်သွားသည်။ ရီဖူရှင်းကား အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းသော စရိုက်လက္ခဏာကို ပိုင်ဆိုင်သည်။
ခေါင်းဆောင်၏ပါးစပ်ကို တင်းတင်း စေ့ထားသည်။ ကျိုက်ရှင်း အိမ်တော်၏ ရတနာကို သူက မည်သို့ လက်လွှတ် လိုမည်နည်း။ သို့သော် သူ၏ အဆင့်အတန်းဖြင့် သူ၏စကားကို ပြန်ရုပ်သိမ်းရန်က အလွန် အရှက်ရဖွယ်ရာ ကိစ္စဖြစ်သည်။
“အဲဒါကို ချထားစမ်း…” အေးစက်သော အသံတစ်သံကို ကြားရသည်။ အဝေးမှ လူအနည်းငယ် ပျံသန်းလာကြသည်။ ရှေ့ဆုံးမှကား ချောမောခန့်ညားသော လူငယ်တစ်ယောက် ဖြစ်သည်။ ချောမောသော သူ၏မျက်နှာပေါ်တွင်ကား အေးစက်မှုကို အထင်းသား မြင်ရသည်။
“ကျိဖန်…” ခေါင်းဆောင်က ခေါ်လိုက်သည်။ သူကား ကျိုက်ရှင်း အိမ်တော်၏ ပါရမီရှင် မူကျိဖန် ဖြစ်သည်။ သူ၏ ပါရမီက အလွန်မြင့်ကာ တော်ဝင်ကျဲ နန်းတော်တွင် လေ့ကျင့်နေသည်။
“အဘိုး… ကျွန်တော်က အဘိုးရဲ့ မွေးနေ့ပွဲကို ဂုဏ်ပြုဖို့ ရောက်လာပါတယ်…” မူကျိဖန်က ခေါင်းဆောင်ကို နှုတ်ဆက်သည်။ ထို့နောက် သူက ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းက နှင်တံအား လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်သည်။ မူကျိဖန်က ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သူက နားမလည်သလို စိတ်လည်း မဝင်စားပေ။
ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကား ရှန့်ထိုတန်ခိုးရှင်၏ မျိုးဆက် အမွေဖြစ်ကာ ကျိုက်ရှင်းအိမ်တော်၏ ရတနာလည်း ဖြစ်သည်။ တစ်နေ့တွင် ထိုလက်နက်က သူ၏အပိုင် ဖြစ်လာရပေမည်။ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံအား အသုံးပြုကာ ကျိုက်ရှင်း အိမ်တော်အား မြင့်မားသော အဆင့်တစ်ခုသို့ ပို့ဆောင်ရန် သူက မျှော်လင့်ထားသည်။
သို့သော် ယနေ့တွင် ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက တခြားလူ တစ်ယောက်၏လက်ထဲကို ကျဆင်းသွား၏။
“နှင်တံကို ခေါင်းဆောင်က ပေးထားပြီးပြီ…” ဆရာယွန်က အေးစက်စွာ ပြောသည်။ မူကျိဖန်က နားမလည်ဟန်ဖြင့် ခေါင်းဆောင်ကို ကြည့်သည်။ ဤတွင် ကျိုက်ရှင်းအိမ်တော်မှ တစ်ယောက်က ဖြစ်ပျက်သမျှအား သူ့ကို ရှင်းပြလိုက်သည်။
မူကျိဖန်၏အကြည့်က ရီဖူရှင်းထံ ရောက်သွားကာ ပြောသည်… “နှင်တံကို ချထားလိုက်… နောက်တစ်ခု ကြိုက်ရာတောင်း… ကျိုက်ရှင်းအိမ်တော်က မင်းကို ပေးမယ်…
“စိတ်မကောင်းပါဘူး… နှင်တံက ကျုပ်နောက်ကို လိုက်ဖို့ သဘောတူပြီးမှတော့ ကျုပ်က ငြင်းပယ်စရာ အကြောင်းမရှိဘူး…” ရီဖူရှင်းက မူကျိဖန်ကို ပြောသည်။ ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က ကတိပေးထားပြီး ဖြစ်သည်။ မူကျိဖန်က ခေါင်းဆောင်၏ ကတိကို ချိုးဖျက်ရန် ကြိုးစားနေသည်လား။
“နှင်တံကို ချထားဖို့ မင်းကို ငါပြောနေတယ်…” မူကျိဖန်က ရှေ့ကို တစ်လှမ်း တိုးလာသည်တွင် သူ့ထံမှ မမြင်ရသော စွမ်းအားများ ထွက်ပေါ်လာကာ ဖိအားများ ရီဖူရှင်းထံကို ဆင်းသက်လာ၏။
ထိပ်သီးကျောင်း သုံးကျောင်းက မြေရိုင်းဒေသ အရှေ့ဘက်နယ်၏ အင်အားကြီး အဖွဲ့အစည်း ဖြစ်သည့်တိုင် မူကျိဖန်က ဂရုမစိုက်ပေ။ သူက တော်ဝင်ကျဲနန်းတော်က လာသည်။ သူ့အတွက် ထိပ်သီးကျောင်း သုံးကျောင်းက မျက်လုံးထဲတွင်ပင် ထည့်စရာမလို။
“မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်သူထင်လို့လဲ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ စကားတစ်ခွန်းမျှဖြင့် သူက နှင်တံကို ချထားလိုက်ရမည်လား…။
မူကျိဖန်၏ အမူအရာက တစ်မုဟုချင်း အေးစက်သွားသည်။ သူက ရှေ့ကို တက်လိုက်သည်တွင် နောက်ထပ် ပိုမိုအားကောင်းသော ဖိအားက ရီဖူရှင်းထံကို ဆင်းသက် လာပြန်သည်။ မူကျိဖန်က သူ၏ရှေ့မှ လေဟာနယ်ကို ဆုပ်ကိုင်လိုက်သည်တွင် ကြယ်တာရာ ဆွတ်ခူးခြင်း လက်ဝါးက ကောင်းကင်တွင် ပေါ်လာသည်။ ဧရာမ လက်ဝါးကြီးက ကောင်းကင်ကို ဖုံးအုပ်ကာ ရီဖူရှင်းထံကို ဆင်းသက်လာသည်။ ကြီးစွာသော ဖိအားက သူ့ထံ ဆင်းသက်လာလျှင် ရီဖူရှင်းက အလွန်အမင်း လေးလံထိုင်းမှိုင်း သွားသည်။
ရီဖူရှင်းက နှင်တံကို တင်းတင်း ဆုပ်လိုက်သည်။ သူ့အနီးတွင် ကြယ်တာရာ သီးသန့်နယ် တစ်ခု ပေါ်လာဟန်ရကာ ကြယ်အလင်းများ တလက်လက် ထသည်။
နှင်တံအား ဝှေ့ယမ်းကာ ရီဖူရှင်းက ရှေ့ကို တက်လှမ်း သွားသည်။ နှင်တံက ကောင်းကင်မှ ကြယ်များနှင့်တူ ပေရာပေါင်းများစွာ ရှည်လျား သွားသည်တွင် ရီဖူရှင်းက နှင်တံဖြင့် ရိုက်ချလိုက်သည်။ ဘန်းခနဲ မြည်ကာ ဧရာမလက်ဝါးက ကြေပျက် သွားသည်။
အားလုံးက ထိုမြင်ကွင်းကို မှင်တက်ငေးမော နေကြသည်။ တစ်ဖက်တွင် မူကျိဖန်၏ အမူအရာက အလွန် အေးစက်နေသည်။ သူ၏မျက်လုံးက နှင်တံထံကို ရောက်နေသည်။
သိဒ္ဓိဝင်လက်နက်က တန်ခိုးရှင် တစ်ယောက်၏ စွမ်းအားကို ပိုမိုအားကောင်း စေနိုင်သည်ကို အားလုံးက သိနားလည်ကြသည်။ သို့တိုင်အောင် နိမ့်ကျသော တန်ခိုးအဆင့်ဖြင့် လူများက အလွန် စွမ်းအားမြင့်သော လက်နက်ကို အသုံးပြုရန် မလွယ်ကူပေ။ သို့သော်လည်း ရီဖူရှင်းက နှင်တံဖြင့် မူကျိဖန်၏ လက်ဝါးပုံရိပ်ကို ဖြိုခွင်းခဲ့သည်။
နှင်တံတွင် ကိုယ်ပိုင်အသိရှိကာ ရီဖူရှင်းနှင့် အပြန်အလှန် ဆယ်နွှယ်နိုင်သည်။ ထို့ကြောင့် ရီဖူရှင်းက နှင်တံ၏ စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ အသုံးပြုနိုင်စွမ်း ရှိသည်။ ထိုသို့ ဖြစ်လေလေ မူကျိဖန်က နှင်တံကို လက်လွှတ်လိုစိတ် မရှိလေလေ ဖြစ်သည်။
ကောင်းကင်အလင်းက သူ့အား နှင်တံဖြင့် ပိုမို လိုက်ဖက်ညီစေကာ သူ့အား နှင်တံ၏ စွမ်းအားများကို ထုတ်လွှတ်နိုင်သော အကြောင်းအရင်း ဖြစ်သည်ကို ရီဖူရှင်းက သိသည်။
ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကား သူနှင့်အမှန် သင့်တော်သည်။ မူကျိဖန်နှင့် ရင်ဆိုင်ရခြင်းက နှင်တံကို ကိုင်စွဲ တိုက်ခိုက်ခြင်းဖြင့် သူက နိုဘယ်အဆင့် တန်ခိုးရှင်ကိုပင် ရင်ဆိုင်နိုင်သည်ကို တွေ့ရသည်။ ဤသို့သော အခြေအနေတွင် ရီဖူရှင်းက မည်သို့ နှင်တံကို လက်လွှတ် အလျှော့ပေး ရမည်နည်း။
မူကျိဖန်က ရှေ့ကို တစ်လှမ်းလှမ်းကာ သူ၏နိုဘယ်အသိကို ထုတ်လွှတ်သည်။ နိုဘယ်အဆင့်က အကာနာ အဆင့်အပေါ်ကို တကယ် အသာစီးရသည်က နိုဘယ်အသိစွမ်းအား ဖြစ်သည်။ အကာနာအဆင့်များ ကလည်း နိုဘယ်အသိကို နားလည် ဆင်ခြင် နိုင်သော်လည်း တကယ့်နိုဘယ်အသိ အောက်တွင် ဘာမှ မလုပ်နိုင်ပေ။
ထို့ကြောင့်ပင် မူကျိဖန်၏ နိုဘယ်အသိ အောက်တွင် ရီဖူရှင်းက ဖိနှိပ်ခံရကာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားသည်။ မူကျိဖန်၏ နောက်ထပ် ခြေလှမ်းတစ်လှမ်းတွင် ရီဖူရှင်းက သူ၏စိတ်ဝိညာဉ် စွမ်းအားက တုန်ယင်လာသည်ဟု ခံစားရသည်။
မူကျိဖန်က ရီဖူရှင်းထံကို ပျံသန်းလာကာ သူ၏လက်ဝါးအား ဆန့်တန်းလျက် နှင်တံကို လှမ်းလုသည်။ ရီဖူရှင်းက တစ်မုဟုတ်ချင်း ပုံရိပ်ယောင် ကမ္ဘာထဲကို ရောက်သွားသလို ခံစားရပြီး ခုခံနိုင်စွမ်းမဲ့သော အင်အားကို ရင်ဆိုင်ရသည်။
ရီဖူရှင်းအား အလင်းတန်းတချို့ စီးဆင်းသွားကာ သူ၏မျက်လုံးက ကြယ်ရောင်လို ဝင်းလက် သွားသည်။ နတ်လူဝံ၏ မာန်သွင်းသံနှင့်အတူ ရီဖူရှင်းက နှင်တံအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ပြန်လည် ရိုက်ချသည်။
တစ်ပြိုင်နက်တည်းတွင် ကောင်းကင်မှ ကြယ်တာရာများနှင့်အတူ ဧရာမနှင်တံက လှပစွာ ကျဆင်းလာကာ လက်ဝါးပုံရိပ်အား ထပ်မံ ကြေပျက်စေသည်။
မူကျိဖန်က လက်ဆန့်တန်းကာ နှင်တံအား ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် နှင်တံက မမြင်ရသော ဧရာမလက်ဝါးကြီးဖြင့် ဖမ်းဆုပ်ခံရသလို ရီဖူရှင်းက ခံစားရသည်။
ရီဖူရှင်း၏ မျက်လုံးက အေးစက် သွားသည်။ သူ၏ခန္ဓာကိုယ်က ကောင်းကင် အလင်းက နှင်တံထံကို စီးဆင်းသွားကာ နှင်တံက တုန်ခါသွားပြီး လက်ဝါး၏ ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်စေသည်။ သို့သော် မူကျိဖန်က နှင်တံကို ဆုပ်ကိုင်ထားသော လက်ဝါးအား ရီဖူရှင်းထံသို့ ရိုက်ချလိုက်သည်။ ရီဖူရှင်းက အငိုက်မိသွားကာ နောက်ကို လွင့်စဉ်သွားသည်။ သူ၏ ခန္ဓာကိုယ်ကလည်း ပြင်းထန်စွာ တုန်ခါသွားပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။
သူက ခေါင်းမော့ကာ မူကျိဖန်ထံသို့ ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် ကြည့်သည်။ ကြည့်ရသည်က အကာနာအဆင့်မျှဖြင့် နိုဘယ်တန်ခိုးရှင်အား ရင်ဆိုင်ရန် အမှန်လွယ်ကူသော ကိစ္စတစ်ရပ် ဟုတ်ဟန်မကျ။
ရီဖူရှင်းက မသိသော်လည်း ပရိသတ်များမူကား လွန်စွာ စိတ်လှုပ်ရှား နေကြသည်။ အလယ်အလတ် အကာတန်ခိုးရှင်က နိုဘယ်တန်ခိုးရှင်ဖြင့် တိုက်ခိုက်သည်ကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ ယခု ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဖြင့် နိုဘယ်အဆင့် တန်ခိုးရှင်ကို ရင်ဆိုင် တိုက်ခိုက်နေသည်။
***