အပိုင်း (၄၈၃)

မွေးနေ့ပွဲ

ထိုအခိုက် တောင်ခြေ လှေကားရင်း၌ ကျိုက်ရှင်း အိမ်တော်မှ လူတစ်ယောက် ပေါ်လာသည်…“မွေးနေ့ပွဲ အတွက် တောင်ပေါ်ကို လိုက်ခဲ့ကြပါ…”

ထို့နောက်တွင် လူတိုင်းက တောင်ပေါ်ကို စတင် တက်ရောက်ကြသည်။ သို့သော်လည်း လူအများအပြားက ထိပ်သီးကျောင်း သုံးကျောင်းမှ လူများကို ဦးစားပေးဟန်ဖြင့် ဘေးကို ဖယ်ပေးကြသည်။ ထို့ကြောင့်ပင် ရှေ့ဆုံးမှ တက်ရန် ဟန်ပြင်သူများ ကလည်း အခြေအနေကို ရိပ်စားမိကာ ကမန်းကတန်း ဘေးကို လမ်းဖယ် ပေးကြသည်။ သူတို့အားလုံး၏ အကြည့်က ထိပ်သီးကျောင်း သုံးကျောင်းမှ လူများထံကို ရောက်နေကြ၏။

ရှေ့ဆုံးမှ တက်သွားသူများကား သူရိယ နေမင်းကျောင်းနှင့် စန္ဒာငွေလမင်း ကျောင်းတို့ ဖြစ်ကြသည်။ သူတို့က လှေကားထစ်ပေါ်ကို တက်သွားရင်းက တချို့က ရီဖူရှင်းကို စိတ်ဝင်စားစွာ ပြန်ကြည့်ခဲ့ကြ သေးသည်။

သည်တစ်ကြိမ် ကြယ်မင်းကျောင်းက နိုဘယ်အဆင့် တပည့်အား စေလွှတ်ခဲ့ခြင်း မရှိပေ။ ထိုအစား သူတို့က ရီဖူရှင်းကို စေလွှတ်ခဲ့ကြ၏။ သို့သော်လည်း ထိုအပြုအမူက မလေးစားခြင်း သို့မဟုတ် ကြယ်မင်းကျောင်းက အားနည်းခြင်း ဟူ၍ မည်သူကမှ မတွေးကြ။ ထိုနေ့က ပြုလုပ်ခဲ့သော အခမ်းအနားတွင် ရီဖူရှင်းအပေါ် ကျောင်းအုပ်က မည်သို့ သဘောထားသည်ကို အားလုံးက သိမြင်ပြီး ဖြစ်သည်။ ရီဖူရှင်းကလည်း သူ၏ထိုက်တန်မှုကို ထိုနေ့က သက်သေပြခဲ့ပြီး ဖြစ်သည်။

ရီဖူရှင်းကသာ မတော်တဆ တစ်ခုခု ကြုံတွေ့ခဲ့ခြင်း မရှိလျှင် သူက လောင်ရီထျန်းကဲ့သို့ အားကောင်းသောလူ ဖြစ်လာမည်ကို အားလုံးက သိကြသည်။ သူ၏ ထူးခြား ထက်မြက်သော စွမ်းရည်များနှင့် သားတော်ဘွဲ့ထူး အဆင့်အတန်းများအရ ကျောင်းအုပ်ချန်းက ရီဖူရှင်းအား သေချာပေါက် အကောင်းဆုံး ပြုစုပျိုးထောင်မည်မှာ သေချာသည်။ ယခု ရီဖူရှင်းက မွေးနေ့ပွဲအား တက်ရောက်ခြင်းကပင် တခြား အကြံတစ်ခုခု ရှိနေနိုင်ပေသည်။

“ကျုပ်တို့လည်း အပေါ်ကို တက်မယ်…” သူတို့က တောင်ပေါ်ကို တက်သွားကြသည်။ ထိပ်သီးကျောင်း သုံးကျောင်းက တောင်ပေါ်ကို တက်သွားပြီးမှ​ ကျန်သော လူများက နောက်မှ လိုက်ပါ တက်ရောက်ကြသည်။

တောင်တန်းကြီးပေါ်တွင် ရှေးဟောင်း အဆောက်အဦများကို အစီအရီ ဆောက်လုပ် ထားသည်။ တောက်ပြောင်ခြင်း၊ ထည်ဝါခြင်း၊ ခမ်းနားခြင်းများဖြင့် ရှေးဟောင်း ဗိသုကာ လက်ရာများက မျက်လုံးကို အလွန်ပသာဒ ဖြစ်စေသည်။ ဤသို့ဖြင့် ကျိုက်ရှင်း အိမ်တော်သို့ ဧည့်သည်များ တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။ ဧည့်သည်များအတွက် ကြီးမားသော ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံရန် ပြင်ဆင် ထားသည်ကိုလည်း တွေ့ရသည်။

များပြားလှသော ဧည့်သည်များကြောင့် ကျိုက်ရှင်း အိမ်တော်ကား လွန်စွာ စည်ကား သိုက်မြိုက်နေသည်။ ရီဖူရှင်းတို့အဖွဲ့က အဝေးတစ်နေရာတွင် ရပ်ကာ အခမ်းအနားကို ရပ်ကြည့် နေကြသည်။ ကြီးမားသော အခမ်းအနားကြီးကို ကြည့်ခြင်းဖြင့် ကျိုက်ရှင်း အိမ်တော်၏ ဂုဏ်ရှိန် ဂုဏ်ဝါကို ထင်ဟပ်စေသည်။ သူတို့က ထိပ်သီးကျောင်း သုံးကျောင်းမှ​ လူများကိုလည်း အထူး သီးသန့် နေရာများဖြင့် တည်ခင်း ဧည့်ခံပေသည်။

ထိုစဉ် ကျိုက်ရှင်း အိမ်တော်၏ မြင့်မားသော တောင်တန်း တစ်ခုပေါ်တွင် ဆောက်လုပ်ထားသော ရှေးဟောင်း နန်းတော်ကြီးမှ လူတစ်စု ဆင်းသက် လာကြသည်။ ထိုအုပ်စုအား မိန်းမပျိုတစ်ယောက်က ဦးဆောင်လာခြင်း ဖြစ်သည်။ သပ်ရပ်စွာ ဝတ်ဆင်ထားသော အဝတ်အစား၊ ကြယ်ပွင့်များအလား လင်းလက်နေသော မျက်လုံးအစုံ၊ တည်ငြိမ်သော ဟန်ပန်တို့က သူမအား နတ်မိမယ်အလား ထင်မှတ်ရစေသည်။ သူမ၏အလှက တစ်ပါးလူအား လှပချိုမြမှုကို ပေးစွမ်းကာ ကြည့်မဝနိုင်အောင် ဆွဲဆောင်မှု ရှိသည်။ သူမက ရီဖူရှင်း၏ဘေးမှ ကုယွန်ချီထက်ပင် လှပချောမွေ့ဟန် ရသည်။

မိုးမြေ ကောင်းကင်မြို့တွင် ကုယွန်ချီကား နိုင်ငံကိုချီ၍ စစ်ခင်းရလောက်အောင် လှသူဟူ၍ နာမည်ကြီးသည်။ သူမကား အလွန် လှပချောမွေ့သည်။ သို့သော် သူတို့၏ရှေ့မှ မိန်းမပျိုကား လှပပျိုမြစ်ကာ မြင်သူတကာကို အသက်ရှူ မှားလောက်စေသည်။

ကုယွန်ချီပင် သူမ၏ လှပချောမွေ့မှုကို ကြည့်ကာ အံ့အားသင့် မှင်တက်မိသည်။ ထို့နောက် သူမက ရီဖူရှင်းကို တီးတိုးပြောသည်… “ကျိုက်ရှင်း အိမ်တော်ရဲ့ လူငယ်မျိုးဆက်ထဲမှာ ပြိုင်ဆိုင်မှု ကင်းလောက်အောင် ပါရမီမြင့်တဲ့လူ နှစ်ယောက် ရှိတယ်လို့ ငါကြားတယ်…  သူတို့ကို မူကျိချူနဲ့ မူကျိဖန်လို့ ခေါ်တယ်… မူကျိဖန်က မွေးကတည်းက ထူးခြား ထက်မြက်သူပဲ… သူ့စွမ်းရည်တွေက နားလည်ရ ခက်လောက်အောင် ကောင်းပြီး သူက ကျိုက်ရှင်း အိမ်တော်ရဲ့ မျိုးဆက် တစ်လျှောက်မှာ နိုဘယ်အဆင့်နဲ့ တော်ဝင် ကျဲနန်းတော်ကို ဝင်နိုင်တဲ့ တစ်ဦးတည်းသော သူပဲ…ဒါပေမဲ့ မူကျိချူရဲ့ စွမ်းရည်တွေ ကလည်း မူကျိဖန်ထက် မနိမ့်ဘူးလို့ လူအချို့က ပြောကြတယ်… ဒီလို ပါရမီမြင့်တဲ့ မိန်းကလေးက တခြား မိန်းကလေးတွေ ထက်လည်း လှသေးတယ်…”

ရီဖူရှင်းက သူ၏ဘေးမှ မိန်းကလေးကို ကြည့်သည်။ ထိုမျှ မိန်းမလှ တစ်ယောက်နှင့် မျက်နှာချင်းဆိုင် တွေ့ရသည့်တိုင် သူမ၏ မျက်နှာတွင် မနာလိုဝန်တိုခြင်း ကင်းလှသည်။ သူမကား မူကျိချူ၏ အလှကိုပင် လေးလေးစားစား ချီးကျူးနေလိုက် သေးသည်။

“ယွန်ချီ… မင်းအလှကလည်း သူ့ထက် နည်းနည်းလေးမှ နိမ့်တယ် မထင်ဘူး… အမှန်က မင်းက သူနဲ့ တန်းတူလောက်ပဲ ရှိလိမ့်မယ်…” ရီဖူရှင်းက ကုယွန်ချီအား ပြုံးလျက် ပြောသည်။ သူက တမင် ချီးမြှောက်ခြင်းလည်း မဟုတ်ပေ။ သူမအပေါ် လေးစားမှုက စိတ်ရင်း သက်သက် ဖြစ်သည်။ ကုယွန်ချီကား အင်အားကြီး ကလန်၏ သမီးဖြစ်သော်လည်း သူမ၏ စိတ်နေ သဘောထားက ထူးခြားပေသည်။ တခြား မိသားစုမှ သမီးများလို မောက်မာ ဝင့်ကြွားခြင်း၊ အလှ ဂုဏ်မောက်ခြင်းများ မရှိပေ။ သူမက ရေပြင်လို ငြိမ်သက် အေးချမ်းကာ သူမ၏အလှက လူတို့၏ မျက်လုံးအား အေးချမ်းမှုကို ပေးသည်။ မှန်သည်… သူမကား အတွင်းအပြင် အားလုံး လှသည်။

ကုယွန်ချီကား စက္ကန့်မျှ မှင်တက်သွားပြီး သူမ၏မျက်နှာကို ရှက်သွေးများ ဖြန်းသွားကာ နှာခမ်းများပေါ်၌ လှပသော အပြုံးတစ်ခု ပေါ်လာသည်။

“နင်က ငါ့ကို မြှောက်နေတာပဲ…” သူမက ပြောသည်။

“ငါ တကယ်ပြောတာ…” ရီဖူရှင်းက ပြုံးသည်။

ထိုအခိုက်တွင် အားလုံးသော မျက်လုံးများက မူကျိချူထံတွင် ရှိနေသည်။ လူငယ် အများအပြားက သူမအား မျက်တောင် မခတ်တမ်း ကြည့်နေကြသည်။ သို့သော် သူတို့၏ စိတ်ကူးယဉ် အိပ်မက်များက ဘယ်သောအခါမှ အမှန်တကယ် ဖြစ်မလာသည်ကို သိကြသည်။ သူတို့အတွက် သူမ၏အလှကို ငေးမော ကြည့်ခွင့်ရခြင်းက လုံလောက်ပေပြီ။

ရှဲယွန်ဖုန်းနှင့် ရှဲချိန်လင်တို့ကလည်း မူကျိချူကို ကြည့်နေကြသည်။ ရှဲယွန်ဖုန်း၏ မျက်လုံးများက စိတ်အား ထက်သန်မှုများ လေးစား ချစ်ခင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့အတွက်မူကား သူမက စိတ်အားဖြင့်သာ စဉ်းစား တွေးတောခွင့်ရှိသော နတ်သမီးတစ်ပါး ဖြစ်သည်။ တခြား တစ်ဖက်တွင် ရှဲချိန်လင်က သူမအား အထင်ကြီး လေးစားစွာ ကြည့်နေသည်။ သူမက မူကျိချူကဲ့သို့ ဖြစ်လာရန် မဆုံးနိုင်သော အိပ်မက်များကို မက်ဖူးသည်။

မူကျိချူ၏ဘေးမှ လူက လူအုပ်ကြီးအား တိတ်ဆိတ်ပေးပါ ဟူသောပုံစံဖြင့် လက်ဝှေ့ယမ်း ပြသည်။ ချက်ချင်းပင် စကားပြောနေသော လူအုပ်ကြီးက တိတ်ဆိတ် သွားသည်။

“အဘိုးက အခု လောလောဆယ် အလုပ်များနေလို့ အားလုံးကို လာရောက်ဧည့်ခံဖို့ အဆင်မပြေသေးဘူး ဖြစ်နေတယ်… ဒါပေမဲ့ ညနေလောက်ကို သူက အားလုံးနဲ့ တွေ့ဆုံပါလိမ့်မယ်… အခုတော့ ကျိုက်ရှင်း အိမ်တော်ကို ကိုယ့်အိမ်လို သဘောထားပြီး သက်သောင့်သက်သာ နေလို့ ရပါတယ်…” သူမ၏အသံက ပျော့ညံ့ခြင်းလည်းမရှိ၊​ တင်းမာခြင်းလည်း မရှိ။ သူမ၏အသံက ကြည်လင်ကာ ချိုမြသည်။ တစ်စုံတစ်ယောက်က သူမ၏အသံအား တစ်ခါကြားရုံမျှက တစ်သက်စာ အမှတ်ရ နိုင်လောက်၏။

“မိန်းကလေးမူ… ခေါင်းဆောင်က သူ့ကိစ္စတွေပြီးမှ​ ကျုပ်တို့ကို အေးအေးဆေးဆေး လာတွေ့လို့ ရပါတယ်…” လူအုပ်ထဲက တစ်ယောက်က ပြောသည်။ မူကျိချူက သည်အတိုင်း လေးစားမှုဖြင့် လာပြောခြင်းသာ ဖြစ်ကြောင်း အားလုံးက နားလည်ကြသည်။ ဧည့်သည် အများအပြား ရောက်လာသည့်တိုင် အများစုက ခေါင်းဆောင်ကိုယ်တိုင် လာရောက်ပြီး တစ်ယောက်ချင်း မိတ်ဆက် ပြောဆိုရန် လုံလောက်သည် မဟုတ်ပေ။

ကျိုက်ရှင်း အိမ်တော်မှ ခေါင်းဆောင်ကား ထိပ်သီးကျောင်း သုံးကျောင်းမှ ကျောင်းအုပ်နှင့် အဆင့်ချင်း တူညီသူဖြစ်သည်။ ထိုသို့သော လူများကသာ ခေါင်းဆောင် ကိုယ်တိုင် လာရောက် ဧည့်ခံရန် ထိုက်တန်ပေသည်။ မူကျိချူက ဤသို့ လာရောက် ပြောသည်ကပင် အလွန် လေးစားမှု ရှိနေပြီး ဖြစ်သည်။

သူမက ထိုသို့ ပြောလိုက်ရင်းက သူမ၏အကြည့်က ကြယ်မင်းကျောင်းမှ​ လူများထံ ရောက်သွားသည်။ ကျိုက်ရှင်း အိမ်တော်နှင့် ကြယ်မင်းကျောင်းတို့က မူလဇာစ်မြစ် တစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကျိုက်ရှင်း အိမ်တော်၏ လျှို့ဝှက်ပညာရပ် အချို့က ကြယ်မင်းကျောင်းတွင်ပင် မရှိပေ။ သူတို့ လေ့ကျင့်သော နည်းစနစ်၊ ပညာရပ်များ အားလုံးက ဆင်တူသည်။ ကွဲပြားသည်ကား ကျိုက်ရှင်း အိမ်တော်က တစ်ခုတည်းကို အာရုံစိုက် လေ့ကျင့်ကာ ကြယ်မင်းကျောင်းမှ တပည့်များက နယ်ပယ် အမျိုးမျိုးတွင် လေ့လာ လိုက်စားကြသည်။

“ထိပ်သီးကျောင်း သုံးကျောင်းက ဘာလို့ နှစ်တိုင်း လာပြီး ဂုဏ်ပြုကြတာလဲ…” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်။ ထိပ်သီးကျောင်း သုံးကျောင်းက ဇာစ်မြစ်တစ်ခုတည်းမှ လာသည့်တိုင် နှစ်တိုင်း လာရောက် ဂါရဝပြုစရာတော့ မလိုပေ။ ထိပ်သီးကျောင်း သုံးကျောင်းကသာ မြေရိုင်းဒေသ အရှေ့ဘက်၏ တကယ့် တန်ခိုးကျင့်ခြင်း ကောင်းကင်ဘုံ ဖြစ်ပေသည်။

ကုယွန်ချီက ပြန်ပြောသည်… “ဇာစ်မြစ်တူတာက အကြောင်းပြချက် တစ်ခုတည်းပါပဲ… အမှန်က ကျိုက်ရှင်း အိမ်တော်မှာ ကြယ်မင်းကျောင်းရဲ့ လျှို့ဝှက်ပညာရပ်တွေ ရှိနေတယ် ဆိုတာ အားလုံးက သိကြတယ်… သူရိယ နေမင်းကျောင်းနဲ့ လစန္ဒာ ငွေလမင်းကျောင်းတို့က ကျိုက်ရှင်း အိမ်တော်က လူငယ်မျိုးဆက်တွေကို သူတို့ဆီလာပြီး​ လေ့ကျင့် စေချင်ကြတယ်… ကြယ်မင်းကျောင်းရဲ့ ရည်ရွယ်ချက်ကိုတော့ ငါလည်း အတိအကျ မသိဘူး… ဒါပေမဲ့ ကြယ်မင်းကျောင်းနဲ့ ကျိုက်ရှင်း အိမ်တော်ရဲ့ ဆက်ဆံရေးကတော့ သိပ်မကောင်းဘူး…”

“သူတို့က တစ်ခုခုကို ကြံနေကြတာ သေချာတယ်…” လောင်လင်းအာက တခစ်ခစ် ရယ်သည်… “သူတို့ရဲ့ ရည်ရွယ်ချက်က မူမမှန်ဘူး…”

“အဓိပ္ပာယ် မရှိတာတွေ မပြောစမ်းနဲ့…” လောင်မိသားစုမှ အကြီးအကဲ တစ်ယောက်က သူမအား ပြောသည်။

“လင်းအာ ပြောတာကလည်း ဖြစ်နိုင်တာပဲ…” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်သည်။ ထိပ်သီးကျောင်း သုံးကျောင်းက ကျိုက်ရှင်း အိမ်တော်၏ မွေးနေ့ပွဲအား နှစ်စဉ် တက်ရောက်ခြင်းက မရိုးရှင်းဟု သူလည်း တွေးထင်သည်။ ထို့အပြင် ကျောင်းအုပ်ချန်း ကလည်း သူ့အား ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို ယူခိုင်းသည်။

ဤသို့ဖြင့် ညနေစောင်းခန့်တွင် ဆူဆူညံညံများ ဖြစ်လာကာ လူအများအပြားက ထရပ်ကြသည်။ ရီဖူရှင်းက လှမ်းကြည့်လျှင် ထိပ်သီးကျောင်း သုံးကျောင်းအပြင် အားလုံး၏ မျက်လုံးများက တစ်နေရာတည်းကို ကြည့်နေကြသည်ကို မြင်ရသည်။ အဘိုးအို တစ်ယောက်က မနှေးမမြန် လမ်းလျှောက်လာကာ အားလုံး၏ရှေ့တွင် ရပ်လိုက်သည်။ သူကား အသက် ကြီးရင့်သည့်တိုင် ထူးခြား ဆန်းကြယ်သော ကိုယ်ရောင်ကိုယ်ဝါ ရှိပြီး သူ၏အကြည့်များက စူးရှကာ အားကောင်းသည်။

“ခေါင်းဆောင်…” တစ်ယောက်က နှုတ်ဆက်သည်။ ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ ထိပ်သီးကျောင်း သုံးကျောင်းကလည်း သူ့အား နှုတ်ဆက်ကြသည်။ ဤကဲ့သို့ စီနီယာမျိုးကို မည်သူကမှ မလေးမစား ပြုမူကြမည် မဟုတ်ပေ။

ရီဖူရှင်းက သူ့လူများနှင့်အတူ ထရပ်ရင်းက ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင် ကိုလည်း အကဲခတ်နေသည်။ ခေါင်းဆောင်၏ မျက်လုံးများက လျှပ်စီးအလား ထက်ရှကာ သူ့အကြည့်မှ အားကောင်သော အငွေ့အသက်များ လျှံကျနေသည်။ သူ့အား ကျောင်းအုပ်က အကွက်ချခံရပြီဟု ရီဖူရှင်းက ခံစားရသည်။ အကယ်၍ သူက အဓိပ္ပာယ် ကင်းမဲ့စွာ ပြုမူပြီး ကျိုက်ရှင်း အိမ်တော်၏ ရတနာကို ရယူရန် ကြိုးစားပါက သူ့အား တစ်ချက်တည်းဖြင့် သတ်ဖြတ် ပစ်နိုင်သည်။

“ခေါင်းဆောင်က ပျော်ရွှင်ဖွယ် မွေးနေ့ကို ပိုင်ဆိုင်ပါစေလို့ ကျုပ်တို့ ဆန္ဒပြုပါတယ်…” လူတိုင်းက ပြိုင်တူ ရေရွတ်ကြသည်။

“မင်းတို့ အားလုံးကို ကျေးဇူးတင်ပါတယ်… ထိုင်ကြပါ…” ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က အားလုံးကို ဝေ့ကြည့်ကာ ပြောသည်။ သူ၏အကြည့်က ထိပ်သီးကျောင်း သုံးကျောင်းထံတွင် အတန်ကြာ ရှိနေခဲ့သည်။

“ကျုပ်တို့က ခေါင်းဆောင် အတွက် လက်ဆောင် နည်းနည်း ပြင်လာပါတယ်… ခေါင်းဆောင်က လက်ခံပေးဖို့ မျှော်လင့်ပါတယ်…” တစ်ယောက်က ပြောသည်။ လူအများအပြားက သူတို့၏ လက်ဆောင်များကို စတင် ပေးအပ်ကြသည်။

သူရိယနေမင်း ကျောင်းနှင့် စန္ဒာငွေလမင်း ကျောင်းတို့ကလည်း လက်ဆောင်များ ပြင်ဆင် လာခဲ့ကြ၏။ သည်ပွဲက မွေးနေ့ပွဲဖြစ်ရာ သူတို့က လက်ဆောင်များ ပြင်ဆင်ခဲ့ရန် လိုအပ်သည် မဟုတ်ပါလား။

“ကျုပ်တို့ လက်ဆောင်ရော…” ရီဖူရှင်းက ဆရာယွန်ကို မေးသည်။

“သားတော်က ကျုပ်တို့ကို လက်ဆောင် ပြင်ဆင်ဖို့ မပြောခဲ့ဘူးလေ…” ဆရာယွန်က တီးတိုး ပြန်ပြောသည်။

ရီဖူရှင်း ထိတ်လန့် သွားသည်။ အခြေအနေကား ကသိကအောက် ဆန်လှသည်။ သူကား ကျိုက်ရှင်း အိမ်တော်၏ ရတနာကို လာရောက် ယူဆောင်သည်။ သို့သော် သူ၏ မွေးနေ့ပွဲအတွက် လက်ဆောင်ပင် မယူလာခဲ့ပေ။ သူ၏ပိုင်ဆိုင်မှု တစ်ခုအား ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်ကို လက်ဆောင် ပေးရမည်လော…။ သို့သော် သူ၏ အဆင့်အတန်းဖြင့် လိုက်ဖက်သော လက်ဆောင် သူ့တွင် မရှိပေ။ သူ၏ပိုင်ဆိုင်မှုက သူ့အတွက် အသုံးဝင်သော်လည်း ခေါင်းဆောင်ကို ပေးရန်မူကား မသင့်တော်လှပေ။

ယခုကား လူအများအပြားက ကြယ်မင်းကျောင်း ဘက်ကို ကြည့်နေကြသည်။ ယခု သူရိယနေမင်း ကျောင်းနှင် စန္ဒာငွေလမင်း ကျောင်းတို့က လက်ဆောင်များ ပေးပြီးဖြစ်သည်။

အကြည့်များ အားလုံးက သူ့ထံ ရောက်လာသည်တွင် ရီဖူရှင်းက အမှန်ပင် ထွက်ပြေးသွားလို၏။ အခြေအနေကား အရှက်ရဖွယ်ရာ…။ ကျောင်းအုပ်က လက်ဆောင် ယူသွားရန် သူ့ကို သတိပေးခြင်း မရှိသည်က ယုံကြည် နိုင်ဖွယ်ရာပင် မရှိပေ။

မျက်နှာအား တည်ငြိမ်အောင် ထားကာ ရီဖူရှင်းက ယုံကြည်ချက် မြင့်သော ဟန်အမူအရာဖြင့် ပြောသည်… “ကျုပ် ရီဖူရှင်း… စီနီယာကို ဂုဏ်ပြုပါတယ်… ကျောင်းအုပ်က စီနီယာရဲ့ မွေးနေ့ပွဲကို တက်ရောက် ဂုဏ်ပြုဖို့ ပြောခဲ့ပါတယ်… ကျုပ်တို့က စီနီယာအတွက် လက်ဆောင် ပြင်ဆင်မယ် လုပ်ခဲ့ပေမဲ့ စီနီယာလို ကြီးမြတ်တဲ့လူအတွက် သင့်တော်တဲ့ လက်ဆောင် ရှာဖွေလို့ မရခဲ့ပါဘူး… သာမန် လက်ဆောင်များကို ပေးအပ်ခြင်းက စီနီယာကို စော်ကားသလို ဖြစ်မှာ စိုးရွံ့တာကြောင့် မပြင်ဆင်ဘဲ လာခဲ့တာကို စိတ်မရှိဖို့ တောင်းပန်ပါတယ်…”

လူအချို့ကား ထိတ်လန့်စွာဖြင့် နောက်ကို ခြေလှမ်း အနည်းငယ်ပင် ဆုတ်သွား မိကြသည်။ ရီဖူရှင်း၏ စကားက မူလက အကျိုးသင့် အကြောင်းသင့် ရှိခဲ့သော်လည်း တစ်စုံတစ်ခု လွဲမှားနေသည်ကို သူတို့အားလုံးက ခံစားကြရသည်။ သည်ကောင်လေးက ဘာလက်ဆောင်မှ​ ပေးအပ်ရန် စီစဉ်ထားခြင်း မရှိခဲ့သလို ထိုသို့ လုပ်ဆောင်သည် ကိုလည်း လှပသော စကားများဖြင့် တန်ဆာဆင်ကာ သူမှန်သည့်အလား ပြောသည်။ ထိုမျှမက သူက တခြားလက်ဆောင် ပြင်ဆင်လာသည့် သူများကိုလည်း သာမန် လက်ဆောင်များက ကျိုက်ရှင်းအိမ်တော်ကို မလေးမစား အပြုအမူ ဖြစ်သည်ဟု သွယ်ဝိုက်၍ အပြစ်တင်ထားသည်။

အံ့အားသင့်မှုများမှ ပြန်သတိဝင် လာကြကာ လူတိုင်းက ရီဖူရှင်းကို ဒေါသတကြီး ကြည့်ကြသည်။ ဒီကောင်က ဘယ်လောက်တောင် အရှက်မရှိတာလဲ…။

***

Comment

Leave a Reply

Options

not work with dark mode
Reset