အပိုင်း( ၄၇၅)

ကျုပ်လက်မခံဘူး…

အခမ်းအနား စင်မြင့်တစ်ခုလုံးကား လုံးဝ တိတ်ဆိတ်နေသည်။ မရေမတွက်နိုင်သော လူများက တစ်နေရာတည်းကို ကြည့်နေကြသည်။ ထိုလူက ရှေ့ကို ထွက်လာနေသည်ကို မြင်လျှင် လူအများအပြားက အံ့ဩခြင်းကြီးစွာ ဖြစ်ကြရသည်။ တချို့ဆိုလျှင် ခန္ဓာကိုယ်က တုန်ယင်သွားကြ၏။

ရှေ့ကို ထွက်လာနေသော လူငယ်ကား လွန်စွာ ချောမော ခန့်ညားသည်။ သူက လှေကားထစ်အတိုင်း တစ်ထစ်ချင်း တက်လာကာ လှေကား တစ်ထစ်တက်တိုင်း သူက လူတိုင်း၏ စိတ်နှလုံးကို နင်းချေနေသလား ထင်ရ၏။

သူဘယ်ကို သွားနေတာလဲ…။ ကျင့်နန်၏ မျက်လုံးများက ထိုလူအား ကြည့်ကာ မယုံကြည်နိုင်ခြင်းများစွာ ဖြစ်နေသည်။ ဘာလို့ သူဖြစ်နေရတာလဲ…။ သူက ဖြစ်နိုင်ဖွယ်များ အားလုံးကို တွက်ဆခဲ့သည်။ သို့သော် ရီဖူရှင်း မပါဝင်ပေ။ ရီဖူရှင်းက တကယ့်ရုပ်အသွင်ကို ဖုံးကွယ်ထားသည်ဟု စွပ်စွဲခဲ့သော်လည်း သူက ရီဖူရှင်းကို တမင် ချောက်ချလိုရင်းသာ ဖြစ်သည်။ မိုးမြေကောင်းကင်မြို့တွင် အထွန်းတောက်ဆုံး လူကား အမှန်ပင် သူအမုန်းဆုံးလူ ဖြစ်နေသည်။ ယခု သူမည်သို့ ခံစားနေရမည်ကို စဉ်းစား၍ ရသည်။

ရီဖူရှင်းက လှေကားထစ်ပေါ် တက်သွားသည်ကို မြင်လျှင် ဝမ်ယွီချန်းကား မှင်တက် ငေးမောနေသည်။ သူမ၏အသက်ရှူနှုန်းပင် နှေးကွေးသွား၏။

ကြယ်မင်းကျောင်း၏ သားတော်ကား ရီဖူရှင်း ဖြစ်နေသည်။

ချက်ချင်းပင် သူမက ထိုပြိုင်ဘက်ကင်းသော ငွေရောင်ဝတ်လူကို ပြန်အမှတ် ရလာသည်။ သူမ၏မျက်နှာတွင် မိမိကိုယ်ကို သရော်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။

ဘာလို့ သူ ဖြစ်နေရတာလဲ…။ သားတော်ကား ရီဖူရှင်း ဖြစ်နေသည်။ ဘာကို ဆိုလိုတာလဲ…။

ဘဝကား အမှန်ပင် အိပ်မက်ဆန် လှသည်။

လောင်မူက စင်မြင့်ပေါ်ကို တက်သွားနေသော ရီဖူရှင်းကို စူးနစ်စွာ ကြည့်နေသော်လည်း သူ၏စိတ်ထဲတွင်ကား အော်ဟစ်နေသည်။ ဘာကြောင့်လဲ…။

သုံးရက်အကြာက ကျောင်းအုပ်ချန်းက သားတော်ဘွဲ့ထူးကို တစ်စုံတစ်ယောက်အား ပေးအပ်မည်ဟု ကြေညာခဲ့ကာ မိုးမြေကောင်းကင် တစ်မြို့လုံးကို ဖိတ်ကြားခဲ့သည်။ ထိုအချိန်က သားတော်က လောင်မူ ဖြစ်ရမည်ဟု လူအများအပြားက ခန့်မှန်းခဲ့ကြ သော်လည်း သူမဟုတ်သည်ကို သိသည်။ မည်သို့ဆိုစေ သူ၏အဒေါ်က သူ့အား သည်ကိစ္စနှင့် ပတ်သက်၍ သူ့အား ဘာမှ ဖွင့်ဟပြောကြားခဲ့ခြင်း မရှိခဲ့ပေ။ သို့တိုင်အောင် လောင်မူက မျှော်လင့်ချက် ရေးရေးတော့ ရှိသည်။

ယခု ကျောင်းအုပ်ချန်းက သားတော်ကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ခဲ့သည်။ သို့သော် ရီဖူရှင်း ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက ကျင်းယွန်ရှောင်း၏ စကားများကို ပြန်တွေးမိသည်။ အမှန်ပင် သခင်မလောင်က ရီဖူရှင်းအား ဟိုမှသည်သို့ ခေါ်ဆောင် သွားနေသည်မှာ သူ့ကို ကူညီရန် ဖြစ်နေသည်။ သူမက ရီဖူရှင်း သားတော်ဖြစ်ရန် ကူညီနေခြင်း ဖြစ်သည်။

သူက နောက်လှည့်ကာ ကုကလန်ဘက်ကို ကြည့်လိုက်သည်။ ကုဟန်ရှင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေကာ သိပ်အံ့အားသင့်ဟန် မရပေ။ သူက ရလဒ်ကို သိပြီး ဖြစ်ရမည်။

ထို့နောက် လောင်မူက ကုယွန်ချီကို ကြည့်သည်။ ကုယွန်ချီမူကား ရီဖူရှင်းကို ကြည့်ကာ ထိတ်လန့် အံ့အားသင့်နေဟန် ရ၏။ ခဏမျှ အံ့အားသင့်ပြီး သူမ၏လှပသော မျက်နှာပေါ်တွင် အပြုံးများ ဝေဆာသွားသည်။ သူမက ရီဖူရှင်းအတွက် ပျော်ရွှင်ရပေသည်။ သူမ၏ အမူအရာများမှ လောင်မူက သူမ၏လေးစား ချစ်ခင်မှုကို မြင်နေရသည်။ ထိုသို့သော အမူအရာမျိုးကို လောင်မူနှင့် ရှိစဉ်များတွင် သူမက တစ်ခါမှ ပြသခဲ့ဖူးခြင်း မရှိခဲ့။

ကုယွန်ချီကား အမှန်ပင် ပျော်ရွှင်ရသည်။ ရီဖူရှင်းက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံတွင် အရှက်ခွဲခံရသည်ဟု သူမက တွေးထင်ခဲ့သည်။ သို့သော်လည်း ကြည့်ရသည်မှာ ရီဖူရှင်းက သူမအား လိမ်ညာနေခဲ့သည်။ မှန်သည်… သားတော်က ရီဖူရှင်း ဖြစ်နေမှတော့ ထိုသိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ ငွေရောင်ဝတ်လူကလည်း ရီဖူရှင်း ဖြစ်သည်ကို တွေးနေစရာ မလိုတော့။

သူကား ဂီတတွင်သာ ထူးချွန်သည် မဟုတ်ဘဲ သိုင်းပညာတွင်လည်း အလွန် ကောင်းမွန်နေသည်။

အားလုံးက သူတို့၏ နှလုံးခုန်သံများ မြန်ဆန်နေသည်ကို ခံစားရသည်။ ရီဖူရှင်းက လှေကားထစ် အဆုံးကို ရောက်သွားကာ စင်ပေါ်ကို တက်လိုက်ပြီး နောက်ဘက်ကို ဖြည်းညင်းစွာ လှည့်လိုက်သည်။

“အစ်ကိုဖူရှင်း…” လောင်လင်းအာကား မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်သည်။ သူမ၏ရိုးသား သန့်စင်သော မျက်လုံးများက ချက်ချင်း ပျော်ရွှင်မှုသို့ အရောင်ပြောင်း သွားသည်။ သားတော်က အစ်ကိုဖူရှင်း ဖြစ်နေသည်။

“သားတော်ကို သရဖူဆောင်းမယ်…” ကျောင်းအုပ်ချန်းက ကြေညာသည်။ ရှီတန်ခိုးရှင် နှစ်ယောက်က ရှေ့ကို တက်လာကာ ထည်ဝါ ခန့်ညားကာ လှပသော ဝတ်ရုံရှည်နှင့် လင်းလက် တောက်ပသော သရဖူတို့ကို ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကိုယ်တိုင် ဝတ်ဆင်ပေးကြသည်။ သည်အခြင်းအရာက အမှန်ပင် ကြီးကျယ်ခမ်းနားကာ ဂုဏ်ယူဖွယ် ကောင်း၏။

“ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက ကျေးဇူးတင်စွာဖြင့် အရိုအသေပေးသည်။ ရှီတန်ခိုးရှင် နှစ်ယောက်က ပြုံးကာ နောက်ဆုတ် သွားကြသည်။

ထို့နောက် တော်ဝင်ဝတ်ရုံနှင့် သရဖူတို့ကို ဝတ်ဆင်ကာ ရီဖူရှင်းက လူအုပ်ဘက်ကို တိုက်ရိုက် မျက်နှာချင်းဆိုင် လိုက်သည်။ ချက်ချင်းပင် သူက မဆုံးနိုင်သော ကြီးမြတ်မှုများကို စုစည်းလိုက်ပုံ ရနေသည်။ သူ၏ ရုပ်ရည်က ယခင်ကလက် ပိုမိုချောမောသွားကာ သိမ်မွေ့ နက်ရှိုင်းသွားဟန် ရ၏။ သူကား ထိုသို့သော ကြီးမြတ်မှုနှင့် မူလကတည်းက မွေးဖွားလာဟန် ရသကဲ့သို့ ဝတ်ရုံနှင့် သရဖူတို့က သူ့ခန္ဓာကိုယ်ပေါ်တွင် လိုက်ဖက် အသားကျလွန်း လှသည်။

နေရောင်က ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်ကို ဖျန်းပျက်လျှင် ပတ်ဝန်းကျင်ကို ပိုမိုထည်ဝါ လှပစေသည်။

ကျင်းယွန်လင်နှင့် ကျင်းယွန်ရှောင်းတို့၏ မျက်နှာက တင်းမာ နက်မှောင်နေသည်။

ရီဖူရှင်းအား ကြည့်ကာ ချိန်ယုံက နတ်ဗိမာန် အိမ်တော်က အဖြစ်အပျက်ကို ပြန်လည် သတိရသည်။ သူမက အထက်စီးဆန်ကာ ရီဖူရှင်းအား တိုက်ခိုက်ရေး အစေခံဖြစ်ရန် ကမ်းလှမ်းခဲ့သည်။

ချန်းလျူကလည်း ရီဖူရှင်းအား သူရိယနေမင်း ကျောင်းကို ဝင်ရန် ဆွဲဆောင်ခဲ့၏။

အခုကော…။

ကြယ်မင်းကျောင်းက သူ့အား တစ်မြို့လုံး၏ရှေ့တွင် သားတော်နေရာအား ချီးမြှင့် ပေးနေသည်။ သူက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံတွင် ပါရမီရှင်များ အားလုံးကို အနိုင်ယူခဲ့သည်။ ထို့နောက် လျှို့ဝှက်ဘုံကိုပင် ပြိုလဲစေခဲ့ကာ အားလုံးကို လှည့်စားနိုင်ခဲ့သည်။

ယခုကားသူက ထွန်းလင်း တောက်ပကာ ကြီးမြတ်သည်။

တိုက်ခိုက်ရေး အစေခံ…

သူတို့နောက်ကို လိုက်ခြင်း…

ယခု ထိုအရာများ အားလုံးက အဓိပ္ပာယ် ကင်းမဲ့လွန်း လှသည်။ ပြောရလျှင် ရီဖူရှင်း၏ လက်ရှိ အဆင့်အတန်းက သူတို့ထက် မလျော့နည်းတော့…။ သူတို့ထက် ပိုမြင့်သည်ဟုပင် ပြောရမည်။

ယနေ့ ပြုလုပ်သော အခမ်းအနားက ကြယ်မင်းကျောင်း၏ သဘောထားကို ဖော်ပြနေသည်။ ကြယ်မင်းကျောင်းက ရီဖူရှင်းအား လက်ရှိမျိုးဆက်၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုသည်။ သူက ကြယ်မင်းကျောင်း၏ အနာဂတ် ခေါင်းဆောင်ဟုပင် ပြောရမည်။ တခြား ပါရမီရှင်များမူကား သူတို့ မိသားစုများ၏ မျိုးဆက် အမွေခံများပင် မဟုတ်ကြ။

မိုးမြေ ကောင်းကင်မြို့၏ လူငယ်မျိုးဆက်ထဲတွင် လက်ရှိ ရီဖူရှင်း၏ အဆင့်အတန်းထက် မြင့်မားသူ မရှိတော့။

ဝမ်ယွီရိုသည်လည်း လူအုပ်ထဲတွင် ရှိနေသည်။ ထောင့်တစ်နေရာတွင် ရပ်ကာ သူမက စင်ပေါ်မှ ထည်ဝါခန့်ညားသော လူငယ်ကို ကြည့်ပြီး တိတ်တခိုး သက်ပြင်းချသည်။ တချို့သော လူများကား ဘယ်နေရာကို ရောက်ရောက် ထွန်းလင်း တောက်ပသည်သာ..။ ယွန်ယွဲ့မြို့တွင် ရီဖူရှင်းကား ပြိုင်ဘက် ကင်းခဲ့သည်။ သို့သော် မိုးမြေ ကောင်းကင်မြို့ကို ရောက်သည့်တိုင် ရီဖူရှင်း၏ အရည်အသွေးများအား ကန့်သတ် မရနိုင်။

စိန့်ယွီကား ပါးစပ်ဟနေသည်။ ယနေ့ သားတော်ဘွဲ့အား အပ်နှင်းခံရသူက ပိုင်ရှင် ဖြစ်နေသည်။

သူမက အခမ်းအနားကို မလာခင် ရီဖူရှင်းအား ပြောခဲ့သည်များကို ပြန်တွေးကာ သူမက ရယ်ရမလိုငိုရမလို ဖြစ်သွားသည်။ ထို့နောက် သူမက ရီဖူရှင်းကို ပထမဆုံးတွေ့သော အချိန်ကို ပြန်တွေးမိသည်။ ထိုအချိန်က သူကား နတ်ဗိမာန် အိမ်တော်တွင် နေထိုင်ရန်ပင် မတတ်နိုင်ခဲ့။ ယခု ထိုအရာများ အားလုံးက အိပ်မက်အလား ထင်မှတ်ရသည်။

ကျောင်းအုပ်ချန်းက ရီဖူရှင်းထံသို့ လျှောက်လာကာ ဘေးချင်း ကပ်ရပ်သည်။ ထို့နောက် ကြည်လင်ကာ ဩဇာရှိသော အသံဖြင့် ပြောသည်… “ဒီနေ့ကစပြီး ရီဖူရှင်းက ကြယ်မင်းကျောင်းရဲ့ ပထမဆုံး သားတော်ပဲ… ဒီနေ့က စပြီးတော့ ရီဖူရှင်းကို တွေ့တာက ငါ့ကို တွေ့တာနဲ့ အတူတူပဲ… သူ့ကို မြင်ကာက ငါ့ကို မြင်တာပဲ… မင်းတို့အားလုံးက သူ့ကို အပြည့်အဝ လေးစားကြရမယ်…”

မရေမတွက်နိုင်သော လူများက ထိတ်လန့်ကြသည်။ ရီဖူရှင်းအား တွေ့မြင်ခြင်းက ကျောင်းအုပ်ကို တွေ့မြင်ခြင်း ဖြစ်သည်။ သည်ကဲ့သို့ အခွင့်အရေးကား သာမန်တပည့်များ အိပ်မက်ပင် မမက်ရဲသော အခွင့်ထူး ဖြစ်သည်။

ပထမဦးဆုံး သားတော် ဖြစ်ခဲ့ခြင်းက လောင်ရီထျန်းပင် မရရှိခဲ့သော အခွင့်ထူး ဖြစ်သည်။

ကျောင်းအုပ်ချန်းက ကြယ်မင်းကျောင်း၏ နောက်ထပ် လောင်ရီထျန်း တစ်ယောက် ထပ်မံမွေးထုတ် လိုသည်များလား…။

ကုဟန်ရှင်းနှင့် သခင်မလောင်တို့က သမိုင်းဝင် အခိုက်အတန့်အား ကြည့်ကာ အတွေးများစွာ ခေါင်းထဲကို ဝင်လာနေကြသည်။ ရီဖူရှင်းက နောက်ထပ် လောင်ရီထျန်း တစ်ယောက် ဖြစ်လာမည်လော…။ သူတို့အားလုံး ထိုနေ့ရက်ကို စောင့်မျှော် နေကြသည်။

ယနေ့ကား အရာအားလုံး၏ အစပထမသာ ဖြစ်သည်။

ရုတ်တရက် အလွန် မသင့်တော်သော အချိန်အခါတွင် တစ်ယောက်က ပုံမှန်အသံဖြင့် ပြောသည်… “ကျုပ် လက်မခံဘူး…” လူအများအပြားက အံ့အားသင့် သွားကြကာ ထိုပြောလိုက်သူအား လှမ်းကြည့်ကြသည်။ ထို့နောက် သူတို့က စကားပြောသူကို လှမ်းကြည့်ကြသည်။

သူကား လောင်ရီထျန်း၏သား လောင်မူဖြစ်သည်။ သူက နဂါးကလန်၏ နောက်တက်မည့် ခေါင်းဆောင်လည်း ဖြစ်၏။

“မူအာ…” သခင်မလောင်က လောင်မူကို ကြည့်သည်။ လောင်မူက သဘောမကျ ဖြစ်မည်ကို သူမသိသည်။ လောင်မူကား မောက်မာ ဝင့်ကြွားကာ ရီဖူရှင်းက သူ့ထက် နိမ့်ကျသည်ဟု အမြဲတွေးခဲ့သူ ဖြစ်သည်။ အကဲဖြတ် စစ်ဆေးပွဲ၌ သူက ရီဖူရှင်းအား လူပုံအလယ် စော်ကား ပြောဆိုခဲ့သည်။

ယခုကား သူမက ရီဖူရှင်းကို သားတော်နေရာ အတွက် တွန်းအားပေး ထောက်ကူခဲ့သည်။ လောင်မူက မည်သို့ ခံစားချက် မရှိဘဲ နေမည်နည်း။ မည်သို့ဆိုစေ သူကား သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံတွင် ရီဖူရှင်း၏ ရိုက်နှက်ခြင်းကိုပင် ခံခဲ့ရ၏။

“အဒေါ်…” လောင်မူက သခင်မလောင်ဘက်ကို ဦးညွှတ်သည်။ ထိုဆုံးဖြတ်ချက်ကို သူက မေးခွန်း မထုတ်သင့်ကြောင်း သူ သိသည်။ သို့သော်လည်း သူ သည်းမခံနိုင်ပေ။ ကျောင်းအုပ်ချန်းနှင့် ရီဖူရှင်းကို ကြည့်ကာ သူက ပြောသည်… “ကြယ်မင်းကျောင်းမှာ တပည့်တွေ ထောင်ချီပြီး ရှိတယ်… ဘာအကဲဖြတ် စစ်ဆေးမှုမှ မရှိဘဲ အပြင်လူ တစ်ယောက်ကို သားတော်ဘွဲ့ အပ်နှင်းတယ်… ကျွန်တော် လက်မခံဘူး…” ထို့နောက် အနည်းငယ် ဦးညွှတ်သည်။ ထို့နောက် သူက ပြန်လည်၍​ခေါင်းမော့ ရင်ကော့ထားသည်။

မရေမတွက်နိုင်သော လူများက လောင်မူကို ကြည့်ကြသည်။ ယခု သူမည်သို့ ခံစားနေရမည်ကို အားလုံးက နားလည်ကြသည်။ အကဲဖြတ်ပွဲနေ့က လောင်မူနှင့် ရီဖူရှင်းအကြား ကတော်ကဆ အချို့ပင် ဖြစ်ခဲ့သည်။ အင်အား ကြီးမားသော နောက်ခံကို ပိုင်ဆိုင်သော လောင်မူက ရီဖူရှင်းကို တူတူတန်တန် သဘောထားသည် မဟုတ်ပေ။

သို့သော် ယခုတွင်ကား ရီဖူရှင်းက အားလုံး၏ အာရုံစိုက်မှုကို ရယူထားသည်။ လောင်မူကား လောင်ရီထျန်း၏ သားဖြစ်ကာ ယခု ကျောင်းအုပ်ချန်းက ရီဖူရှင်းကို သားတော် ဘွဲ့အပ်နှင်း နေသည်။ ကျောင်းအုပ်ချန်းက ရီဖူရှင်းကို လောင်ရီထျန်း၏ ဆက်ခံသူအဖြစ် သတ်မှတ်သည်မှာ ထင်ရှား၏။ ထို့အပြင် သခင်မလောင်ကလည်း သည်ဖြစ်စဉ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်မှာ သိသာသည်။

ဤသို့သော အခြေအနေတွင် လောင်မူ၏ ခံစားချက်ကို ခန့်မှန်း၍ ရသည်။ သူက သူပိုင်ဆိုင်သော အရာတစ်ခုအား တစ်စုံတစ်ယောက်က လုယူသွားသလိုပင် ခံစားရနိုင်၏။

“ကျုပ်လည်း လက်မခံဘူး…” တစ်ယောက်ကလည်း လွန်စွာ အေးစက်သော လေသံဖြင့် ပြောသည်။ လူအုပ်ထဲတွင် တောက်ပြောင်သော အဝတ်အစားကို ဝတ်ထားသော လူငယ် တစ်ယောက်က ရီဖူရှင်းကို မုန်းတီးစွာ ကြည့်နေသည်။

သူကား ကျင်းယွန်ရှောင်း ဖြစ်သည်။

ထိုအဖြစ်က လူအများအပြားကို အံ့အားသင့်စေသည်။ ကျင်းယွန်ရှောင်းနှင့် လောင်မူကား အမြဲတမ်း ပြိုင်ဆိုင်နေခဲ့ကြကာ ရန်ဘက်များလည်း ဖြစ်ကြ၏။ သို့သော် ယခု သူတို့နှစ်ယောက်၏ သဘောထားများက တူညီနေသည်။ သူတို့နှစ်ယောက်လုံးက လက်ရှိမျိုးဆက်၏ အကောင်းဆုံး ပါရမီရှင်များ ဖြစ်ကြပြီး သူတို့၏ သဘောမတူမှုကို တူညီစွာ ဖော်ပြကြသည်။

မှန်သည်… ကျင်းယွန်ရှောင်းက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ ကိစ္စကြောင့် ထွက်ပြောသည်ကို တခြားလူများ မသိကြပေ။ လျှို့ဝှက်ဘုံတွင် ငွေဝတ်စုံလူက သူ့အား ဒူးထောက်ကာ ခစားစေခဲ့သည်။

ယခု ထိုလူက ရီဖူရှင်း ဖြစ်သည်ကို ကျင်းယွန်ရှောင်းက ခန့်မှန်းမိပြီး ဖြစ်သည်။

ထို့အပြင် ကျင်းယွန်ရှောင်းနှင့် လောင်မူတို့ နှစ်ယောက်သာ သဘောမတူသော သူများ မဟုတ်သည်ကို သိကြသည်။

ကြယ်မင်းကျောင်းတွင် အကာနာအဆင့်နှင့် နိုဘယ်အဆင့်များ၌ ပါရမီရှင်များစွာ ရှိပေသည်။ ယခု ကျောင်းအုပ်က ရီဖူရှင်းကို သားတော် ဘွဲ့ထူးအား အပ်နှင်းခဲ့သည်။ ထိုပါရမီရှင်များက မည်သို့ လက်ခံနိုင်မည်နည်း။

ကျောင်းအုပ်ချန်းနှင့် ရှီတန်ခိုးရှင်များက ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်သည်။ ရှီတန်ခိုးရှင်များက သဘောတူသည် မတူသည်ကို ဘာမှ ထုတ်မပြောကြပေ။ ကျောင်းအုပ်ချန်းက ဤသို့ တိုက်ရိုက် လုပ်ဆောင် ကတည်းက သူက လူတိုင်းအား လက်ခံအောင် လုပ်ရမည်။

ဂျူနီယာများက ထုတ်ပြောရုံမျှဖြင့် လုံလောက်ပြီ ဖြစ်သည်။

ကျောင်းအုပ်ချန်းက လောင်မူနှင့် ကျင်းယွန်ရှောင်းကို ကြည့်သည်။ ထို့နောက် သူက လူအုပ်ဘက်ကို လှည့်ကာ ပြောသည်… “ဒီနေ့ ငါက  သားတော်ဘွဲ့ကို အပ်နှင်းတယ်… သားတော်က သူ့မျိုးဆက်က လူတွေကို အနိုင်မယူနိုင်ရင် သူက ဒီနေရမှာ ရပ်နေဖို့ အရည်အချင်း မရှိဘူး… ဒီနေ့ မင်းတို့က ကြယ်မင်းကျောင်းက ဖြစ်စေ တခြားက ဖြစ်စေ ဘယ်နေရာက ဖြစ်ဖြစ် မင်းတို့က ဒီဆုံးဖြတ်ချက်ကို သံသယဝင်ရင် ရှေ့ကို ထွက်လာလို့ ရတယ်… တစ်စုံတစ်ယောက်က သားတော်ရဲ့ ကြီးမြတ်မှုကို မထိုက်တန်ဘူးလို့ သက်သေပြနိုင်ရင် ဒါက ကျုပ်အမှားပဲ…”

ထို့နောက် သူက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “မင်းက သရဖူကို ဝတ်ပြီးမှတော့ ဒီဖိအားကို ခံနိုင်ရမယ်… သွား… မင်းပိုင်ဆိုင်တဲ့ ကြီးမြတ် အောင်မြင်မှုကို လောကကြီးကို အသိပေးလိုက်…”

“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ တော်ဝင်ဝတ်စုံနှင့် သရဖူတို့ဖြင့် ရီဖူရှင်းက စင်မြင့်ပေါ်မှ တစ်လှမ်းချင်း ဆင်းသွားကာ တပည့်များ အားလုံး၏ရှေ့တွင် ရပ်လိုက်သည်။

***

စာစဉ်(၃၂)ပြီးပါပြီ

ဆက်ပါဦးမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset