ရီဝူချင်း၊ ယူချင်းနှင့် လို့လန်ရွှီတို့က ထိုစိတ်ကြီး ဝင်နေသော လူစုအား ကြည့်ကာ သူတို့၏ ခန္ဓာကိုယ်မှ သိုင်းပညာ စွမ်းအင်များ လှုပ်ခတ်လာသည်။ ရီဝူချင်းက သူ၏ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ယူချင်း၏ မျက်လုံးကလည်း မိစ္ဆာ အငွေ့အသက်များ ယှက်သန်းလာ၏။
သို့သော် ရီဖူရှင်းမူကား လွန်စွာ အေးဆေးပုံ ရနေသည်။ သူ၏မျက်နှာတွင် ကြည်လင် ရွှင်ပျသော အပြုံးတစ်ခုပင် ရှိနေသေး၏။
“ဒီလိုဆိုရင်လည်း ဂရုစိုက်ပါ…” ထို့နောက် သူက နောက်လှည့် ထွက်ခွာသွားသည်။
ယူချင်းနှင့် ရီဝူချင်းတို့က သူ့ကို ကြည့်ကြသည်။
“သွားမယ်…” ရီဖူရှင်းက နောက်မလှည့်ဘဲ ပြောသည်။ ဤတွင် ယူချင်းနှင့် ရီဝူချင်းတို့ကလည်း ဘာမှ မပြောတော့ဘဲ သူ့နောက်မှ လိုက်ပါသွားကြသည်။ လို့လန်ရွှီ၏ ခံစားချက် ကင်းမဲ့သော မျက်လုံးများက ကျင်းယွန်လင်အား တစ်ချက်ကြည့်ပြီး နောက်လှည့် ထွက်ခွာ သွားသည်။ သူတို့က အမှန်ပင် သတ္တမဘုံသို့ ပြန်သွားခဲ့ကြ၏။
“ပါရမီပါတယ်… ဟ …” ကျင်းယွန်ရှောင်းက လှောင်ပြုံး ပြုံးသည်။ ရီဖူရှင်းက သည်နေရာကို ရောက်လာခြင်းက သူတို့၏ပါရမီကို ဖော်ပြနေသည်။ သို့ဆိုလျှင်ကော အဘယ်အရေးနည်း။ သည်နေရာကို ရောက်လာသူများက မိုးမြေကောင်းကင်မြို့၏ အတော်ဆုံး ပါရမီရှင်များ ဖြစ်ကာ အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြ၏။ ရီဖူရှင်းက ထူးခြား ထက်မြက်သည့်တိုင် သူတို့နှင့် လာနှိုင်းရန်မူကား များစွာ လိုသေးသည်။
သူတို့က ရီဖူရှင်းကဲ့သို့ ယုံကြည်မှုမြင့်ကာ မာန်မာနကြီးသော ပါရမီရှင်များကို အရင်ကတည်းက များစွာ မြင်ဖူးသည်။ နောက်ဆုံးတွင် ထိုလူများက အမှန်တရား၏ ခါးသီးမှုကို သိခဲ့ကြရ၏။ ယခု အဋ္ဌမဘုံသို့ ရောက်လာသူများအား မိုးမြေ ကောင်းကင်မြို့ကို ကိုယ်စားပြုနေဆဲပင်။
ကုယွန်ချီကလည်း ထိုအချက်ကို နားလည်သည်။ သူမက ရီဖူရှင်းအတွက် စိတ်မကောင်း ဖြစ်ရသည်။ သို့သော် သူမကရော ဘာလုပ် ပေးနိုင်မည်နည်း။ ရီဖူရှင်း ကိုယ်တိုင်က အနည်းငယ်မျှပင် ငြင်းဆန်ခြင်း မရှိခဲ့…။ တချို့အရာများက သည်အတိုင်းထားကာ ဝင်စွက်ဖက် ကောင်းသော အရာများ မဟုတ်ပေ။ သို့မဟုတ်လျှင် သူက မျိုးဆက် တစ်ခုလုံး၏ အပေါ်ဆုံးတွင် မားမားရပ်နိုင်သော လူဖြစ်ရန် လိုသည်။ သူ၏ပါရမီ တစ်ခုတည်းက ကျန်လူများ၏ အဆင့်အတန်းများ နောက်ခံ အင်အားများကို ဖိနှိပ်နိုင်စွမ်း ရှိရန်လိုသည်။
ထိုသို့သော ပါရမီရှင်က အရာအားလုံးကို လျစ်လျူရှုနိုင်သည်။ သို့တိုင်အောင် ထိုသို့သော လူပင်လျှင် အချိန်မတိုင်မီ နှိမ့်ချကာ နေထိုင်ရန် လိုသည်။ မဟုတ်လျှင် သူက စွမ်းအားမြင့်လာရန် အချိန်ပင် ရလိုက်မည် မဟုတ်ပေ။ အမှန်တရားက ရက်စက်လွန်း လှပေသည်။
အဋ္ဌမဘုံတွင် ကျန်ရစ်သူများက သိပ်မတွေးကြပေ။ ရီဖူရှင်းက ထိပ်သီးကျောင်း သုံးကျောင်းမှ အတော်ဆုံး ပါရမီရှင်များနှင့် တူညီသော အဆင့်အတန်း ဂုဏ်ပုဒ် ရှိမနေပေ။ ထိပ်သီးကျောင်း သုံးကျောင်းမှ ပါရမီရှင်များက အချင်းချင်း ရန်ငြိုးရန်စရှိကာ ပြိုင်ဆိုင်မှု ပြင်းထန်သည့်တိုင် သူတို့တွင် တူညီသော အဆင့်အတန်း ရှိသည်။
လျူစုရှင်း ပြောသလို ရီဖူရှင်းတို့နှင့် အချိန်ဖြုန်းနေစရာ မလိုပေ။ ယခု အရေးအကြီးဆုံးက နာမည်ကျော် နဝမဘုံကို ဖြတ်ကျော်ရန် ဖြစ်၏။
အဋ္ဌမဘုံနှင့် ပတ်သက်၍ သူတို့၏ ကလန် အသီးသီးတွင် မှတ်တမ်းများ ရှိကြ၏။ သို့သော်လည်း နဝမဘုံနှင့် ပတ်သက်၍ကား လောင်မူမှလွဲ၍ တခြားလူများက သိသူရှိမည် မဟုတ်ပေ။
သူတို့က လေးနက် တည်ကြည်သော အမူအရာများဖြင့် လက်ထဲမှ ရှီအဆင့် လက်နက်များကို ကိုင်စွဲကာ ကောင်းကင် တံတားပေါ်သို့ တက်လိုက်ကြသည်။
ထိုအချိန်တွင် ရီဖူရှင်းတို့က သတ္တမဘုံတွင် ဖြစ်သည်။
“ငါတို့ သူတို့ကို တိုက်ခဲ့ရမှာ…” ယူချင်းက ပြောသည်။ ထိုလူများက ရီဖူရှင်းကို အလွန် မလေးမစား ပြုမူကြ၏။ ရီဖူရှင်းကသာ မတားခဲ့လျှင် သူက ထိုလူများကို ကောင်းကောင်း ပညာပေးခဲ့မည် ဖြစ်သည်။
“သူတို့က ထိပ်သီးကျောင်း သုံးကျောင်းရဲ့ အတော်ဆုံး လူတွေပဲ… သူတို့နောက်မှာ အင်အားကြီး ကလန်တွေရှိပြီး ရှီအဆင့် လက်နက်တွေ ကိုင်ထားကြတယ်… ငါတို့ သူတို့နဲ့ တကယ်တိုက်ရင် အနိုင်က လုံးဝ သေချာတာတော့ မဟုတ်ဘူး… နိုင်ခဲ့ရင်တောင် ငါတို့က ဒီအရှုပ်ကို ဘယ်လို ပြန်ရှင်းမလဲ…” ရီဖူရှင်းက ယူချင်းကို ကြည့်ကာ ပြောသည်။
ရီဖူရှင်း ဆိုလိုသည်ကို ယူချင်းက နားလည်သည်။ သူတို့က မိုးမြေ ကောင်းကင်မြို့တွင် ဆက်နေရဦးမည် ဖြစ်သည်။ အကယ်၍ သူတို့က လွန်လွန်ကြူးကြူး တစ်ခုခု ပြုလုပ်ခဲ့လျှင် ထိုကလန်များမှ လူများက သူတို့အား အလွယ် သတ်နိုင်၏။
သို့တိုင်အောင် ယူချင်းက လက်မလျှော့လိုပေ… “ငါတို့ ဘာမှ မလုပ်ဘဲ နေရတော့မှာလား…”
“ဒီအခွင့်အရေးကို ဘယ်လို လက်လွှတ်လို့ ရမလဲ…” ရီဖူရှင်းက အဋ္ဌမဘုံ၏ ဝင်ပေါက်ကို ကြည့်ကာ ပြောသည်… “လက်ရှိ ငါတို့ အခြေအနေနဲ့ နဝမဘုံကို ရောက်သွားရင်တောင် တစ်ခုခု ရဖို့ မလွယ်ဘူး…”
ရီဝူချင်း၏ မျက်မှောင်ကွေး သွားသည်။ ရီဖူရှင်းက နဝမဘုံမှ အခြေအနေကိုပင် ခန့်မှန်းနေပြီ။
အမှန်လည်း သူတို့၏ လက်ရှိ အင်အားဖြင့် အဋ္ဌမဘုံကို ဖြတ်ကျော် သွားနိုင်သည့်တိုင် နဝမဘုံမှ ရန်သူများကို မည်သို့ တိုက်ခိုက်မည်နည်း။ အဋ္ဌမဘုံပင် သူတို့က သေလုမျောပါး တိုက်ခိုက်ရသည်။
ရာစုနှစ်ပေါင်း များစွာအတွင်း လောင်ရီထျန်း တစ်ယောက်သာ နဝမဘုံကို ရောက်ခဲ့ကာ သူက ဘာရခဲ့သည်ကို ဘယ်သူမှ မသိကြပေ။ သူက ဘာမှ မရခဲ့သည်လည်း ဖြစ်နိုင်၏။
“နင့်မှာ ဘာအစီအစဉ် ရှိလဲ…” လို့လန်ရွှီက ရီဖူရှင်း ဘာလုပ်မည်ကို အနည်းငယ် ခန့်မှန်းမိသည်။
ပိုင်ချွန်က သူ့အား မောင်းထုတ်ခဲ့ပုံကို ပြန်တွေးရင်းက ရီဖူရှင်းက ပြုံးသည်… “အရင်ဆုံး အနားယူကြမယ်…” ထို့နောက် သူက တင်ပျဉ်ခွေ ထိုင်ကာ တည်ငြိမ်စွာ အနားယူသည်။ သူက ရှီအဆင့် သိုင်းပညာ ကံစွမ်းအားများကို စတင်၍ လေ့လာ ဆင်ခြင်သည်။
ယူချင်းတို့ကလည်း စတင် လေ့ကျင့်ကြသည်။ ရီဖူရှင်းက ခေါင်းထဲတွင် အစီအစဉ် ရှိပြီး ဖြစ်ရမည်။
အတန်ကြာလျှင် ကြောက်မက်ဖွယ် ကိုယ်ရောင် ကိုယ်ဝါတစ်ခု ရီဖူရှင်းထံမှ ဖြာထွက် လာသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းများ ဖြာထွက်နေကာ သူ့ထံမှ ပြင်းထန်သော အရှိန်အဝါက တဖြည်းဖြည်း အားကောင်း လာနေသည်။ ရီဖူရှင်းကား ဧကရာဇ် အလင်းရောင်များ လွှမ်းခြုံထား၏။
သိုင်းပညာ ကံစွမ်းအားများ ကလည်း ဧကရာဇ် အလင်းရောင်နှင့် ပေါင်းစပ်နေဟန် ရကာ သူ့အား ပိုမို၍ပင် မြင့်မြတ် ထည်ဝါစေသည်။
လို့လန်ရွှီက လွန်စွာ ထိတ်လန့်ရသည်။ သူမက ရီဖူရှင်းဘေးတွင် အချိန်ကြာမြင့်စွာ နေခဲ့ပြီးဖြစ်ရာ ရီဖူရှင်းက သူမအား စတင်၍ ယုံကြည်လာခဲ့သည်။ ထို့ကြောင့် သူ၏ လျှို့ဝှက်ချက် အချို့အား သူမကို မြင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းတွင် ကြီးမားသော လျှို့ဝှက်ချက်ကြီး တစ်ခု ရှိသည်ကို လို့လန်ရွှီက ခန့်မှန်းမိ၏။
“ဒီနေရာမှာပဲ စောင့်နေကြ… သိမ်းငှက်လေး… ငါ့အမိန့်ကို နားထောင်…” ရီဖူရှင်းက သိမ်းငှက်နက်၏ ခေါင်းကို ပွတ်သပ်လိုက်၏။ သူနှင့် သိမ်းငှက်နက်တို့က စိတ်ချင်း ဆက်နွှယ်နေရာ သူမရှိလျှင်လည်း အဝေးမှ အမိန့်ပေး၍ ရသည်။
ယူချင်း ထရပ်သည်… “ငါ မင်းနောက်က လိုက်မယ်…” ထိုလူများကား အလွန် အားကောင်း ကြသည်။
“မလိုဘူး… ငါတို့ အတူသွားရင် သူတို့ သိသွားလိမ့်မယ်…” ရီဖူရှင်းက ပြောနေစဉ်မှာပင် သူ၏ခန္ဓာကိုယ်ထဲမှ ဧကရာဇ်အသိများ နိုးထလာနေကာ သူ၏သွေးများ ဆူပွက်လာ၏။ သူ၏မျိုးရိုးဗီဇနှင့် ရုပ်ခန္ဓာတို့က အလွန်အမင်း အားကောင်း သွားသည်။ ထို့နောက် ရီဖူရှင်းက ငွေဝတ်ရုံအား ဝတ်ဆင်လိုက်သည်။ ချက်ချင်းပင် ငွေအလင်းများက သူ၏ခန္ဓာကိုယ်အား တခြားလူတစ်ယောက် ဖြစ်သွားအောင် ပြုပြင် ပြောင်းလဲစေခဲ့သည်။ အားလုံး ပြင်ဆင်ပြီးသည်နှင့် သူက အဋ္ဌမဘုံသို့ ပျံသန်း သွားလိုက်သည်။
ရီဖူရှင်းက အဋ္ဌမဘုံကို ပြန်ရောက် သွားသောအခါ တိုက်ပွဲက ပြင်းထန်နေဆဲ ဖြစ်သည်။ ထူးခြားသည်ကား နောက်ထပ် တံတားနှစ်ခု ပျက်စီးနေခြင်းပင်။ ထို့အတူ လူနှစ်ယောက်လည်း ယုတ်လျော့နေသည်။ တစ်ချက်ကြည့်ရုံဖြင့် ပျောက်နေသော လူနှစ်ယောက်ကို သူက သိလိုက်သည်။ ချန်းဝမ်နှင့် လောင်မူတို့ ဖြစ်ကြသည်။ ချန်းဝမ်က နဝမဘုံကို ရောက်သွားသည်ကို သိပ်မအံ့ဩပေ။ သူကား အကာနာအဆင့် အမြင့်ဆုံးတွင် ရှိသူဖြစ်သည်။ သို့သော် လောင်မူကလည်း နဝမဘုံကို ရောက်ရှိသွားသည်တွင် အံ့အားသင့်ရသည်။ ဘာတွေ ဖြစ်ပျက် သွားသည်ကို သူမသိပေ။
အမှန်က သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ အားလုံးက အံ့အားသင့် ခဲ့ကြသည်။ ပထမတိုက်ပွဲ၏ အရေးအကြီးဆုံး အချိန်တွင် လောင်မူက အလွန် အားကောင်းသော ကောင်းကင်နတ်ဘုရား လက်နက်တစ်ခုအား အသုံးပြုကာ သိုင်းပညာ ကံစွမ်းအားကို ရယူသွား၏။ ထို့နောက် သူက တံတားကို ကျောက်ဖြတ်ကာ နဝမဘုံသို့ တက်လှမ်း သွားသည်။ အားလုံးက ဒေါသ ပေါက်ကွဲကြ၏။
ပိုမို ဒေါသထွက်စရာကား ဒုတိယတိုက်ပွဲ၌ အားလုံးက အသက်စွန့် တိုက်ခိုက် နေကြသော အချိန်တွင် သိုင်းပညာ ကံစွမ်းအားကို ရသွားသော ချန်းဝမ်ကလည်း သူတို့အားလုံးကို ချန်ထားခဲ့ကာ တစ်ကိုယ်တည်း နဝမဘုံသို့ တက်လှမ်း သွားခဲ့သည်။
ချန်းဝမ်၏ အစီအစဉ်က အမှန်ပင် ထိရောက်ခဲ့သည်။ ပူးပေါင်း တိုက်ခိုက်ခြင်းက အမှန်ပင် အဋ္ဌမဘုံမှ စောင့်ကြပ်သူများအား အနိုင်ယူခဲ့၏။ သို့သော်လည်း နောက်ဆုံး ရလဒ်ကား ယခင်ကကဲ့သို့ မပြောင်းလဲပေ။ လူတိုင်းက မိမိတို့ ကိုယ်ကျိုးကိုသာ ကြည့်ခဲ့ကြသည်။ သည်ကဲ့သို့ ပူးပေါင်းခြင်းမျိုးကား မူလကတည်းက ယုံကြည်ရန် ခက်ခဲပေသည်။ သို့သော် လူတိုင်းက ပူးပေါင်းခဲ့ကြသည်။ သူတို့အားလုံးက နဝမဘုံကို စိတ်ကူးယဉ် ခဲ့ကြသည်သာ…။
သို့သော်လည်း ယခု သူတို့အားလုံး မောပန်း နွမ်းနယ်နေကြပြီ။ ယခု လူအများအပြား ကလည်း ဒဏ်ရာများ ရနေကြပြီ။ ချန်းဝမ်နှင့် လောင်မူတို့က စွန့်ခွာသွားပြီး ဖြစ်သည်။ ယခု လက်ရှိ အင်အားဖြင့် သူတို့က တံတားပေါ်မှ လူများကို အနိုင်ယူရန် မဖြစ်နိုင်တော့…။
ရီဖူရှင်းက ကောင်းကင် တံတားပေါ်သို့ ပျံသန်း လာသည်။ သူ၏ဧကရာဇ် စွမ်းအင်အား လှုပ်နှိုးထားရာ သူ့တွင် အချိန် သိပ်မရှိပေ။
ဘန်းခနဲ မြည်သံနှင့်အတူ လူအများအပြားက တံတားအစွန်းသို့ လွင့်စဉ်သွားကြ၏။ တစ်စုံတစ်ခုအား ခံစားမိလျှင် သူတို့က နောက်လှည့် ကြည့်ကြသည်။ ငွေဝတ်စုံနှင့်လူကို မြင်သည်နှင့် ချန်းလျူ၏မျက်နှာက နက်မှောင်သွားသည်… “ထွက်သွား…”
နောက်တစ်ယောက်က အမှန်ပင် ဤနေရာသို့ ရောက်လာသည်။ ချန်းလျူကား သူ၏အစ်ကိုက သူ့အား ချန်ထားခဲ့၍ အလွန် စိတ်ဆိုးနေသည်။ သို့သော်လည်း ချန်းလျူက ထိုသို့ ပြောလိုက်ပြီးမှ တစ်စုံတစ်ခု မှားနေသည်ကို သိလိုက်သည်။ ငွေဝတ်စုံနှင့်လူ၏ အရှိန်အဝါက အလွန် အားကောင်း၏။ သူ့ထံမှ ဖြာထွက်နေသော သိုင်းပညာ ကံစွမ်းအားများက ဧကရာဇ် ကံစွမ်းအားများအလား လင်းလက် နေကြသည်။
ကောင်းကင်တွင် ငွေအလင်းတန်းတစ်ခု ဖြစ်ပေါ်သွားသည်။ ချန်းလျူက မီးနဂါးငယ်များ ထုတ်လွှတ် တိုက်ခိုက်ကာ နောက်ကို အလျင်အမြန် ဆုတ်သည်။
ဘန်း… ဘန်း… ဘန်း…
ငွေဝတ်စုံနှင့်လူက မီးနဂါးများကို လွယ်လင့်တကူ ဖျက်ဆီးကာ လေ၏အလျင်ဖြင့် ရောက်ရှိလာသည်။ ဘန်းခနဲ မြည်သွားကာ ချန်းလျူ၏ ခန္ဓာကိုယ်က နောက်ကို လွင့်စဉ်သွား၏။ ငွေဝတ်စုံလူကား မြန်လွန်းလှသည်။
“ဘယ်သူလဲ…” လျူစုရှင်းက နောက်လှည့်ကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ သည်မျှ သေရေးရှင်ရေး အချိန်အခါတွင် နောက်တစ်ယောက် အမှန် ပေါ်လာသည်။
“အားလုံး သတ္တမဘုံကို ထွက်သွားကြစမ်း…” ငွေဝတ်စုံနှင့်လူက ကောင်းကင်တွင် ပေါလောရပ်ကာ သူတို့အား အေးစက်စွာ ကြည့်သည်။ သူ၏အသံက မူလအသံ ဟုတ်ဟန်ရမဘဲ ဝမ်းခေါင်းသံ ပါနေ၏။
“မင်းက ဘယ်သူ့ကို ပြောနေတယ်ဆိုတာ သိလား…” ကျင်းယွန်ရှောင်း၏ မျက်ခုံးများက မြင့်တက်သွားသည်။ သူ၏မာန မျက်လုံးများက နတ်ငှက်တစ်ကောင်၏ မျက်လုံး အစုံအလား စူးရှသည်။ သူ့နောက်တွင် သက်စောင့်ဝိညာဉ် နတ်ငှက်က ရောင်စဉ်များ လင်းလက်နေသည်။ သည်ငွေရောင်ဝတ်လူက ဘယ်သူဖြစ်ပါစေ မိုးမြေ ကောင်းကင်မြို့တွင် ဘယ်သူက သူတို့အား ဤသို့ လေသံဖြင့် ပြောရဲသနည်း။
ရီဖူရှင်း၏ မျက်လုံးက ကျင်းယွန်ရှောင်းထံကို ရောက်သွားသည်။ ထို့နောက် သူက ရှေ့ကို တက်လိုက်ကာ လက်ကို ဆန့်တန်းလိုက်သည်။
ရွှေရောင်သိုင်းပညာ ကံစွမ်းအားများက ဧကရာဇ် ကံစွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ဧရာမ လက်ဝါးအသွင်ဖြင့် ကျင်းယွန်ရှောင်းထံသို့ တိုးဝင်သွား၏။ သည်သိုင်းကား ရီဖူရှင်းက သတ္တမဘုံမှ ရှီအဆင့် ကံစွမ်းအားကို ဆင်ခြင်၍ တတ်မြောက်လာခြင်း ဖြစ်သည်။ သူက ရုပ်ဖျက်ထားရာ ကိုယ်ပိုင် နည်းစနစ်များကို ထုတ်သုံး၍ မရပေ။
ဧကရာဇ် လက်ဝါးပုံရိပ်က ကောင်းကင်ကို ဖုံးလွှမ်းကာ ကျင်းယွန်ရှောင်းထံ ကျဆင်း လာနေသည်။ လက်ဝါး၏ အားအင်ကို ခံစားမိရကား ကျင်းယွန်ရှောင်းက ရှိရှိသမျှအားတို့ကို စုစည်းကာ ဓားဖြင့် ပိုင်းဖြတ် လိုက်သည်။ သို့သော်လည်း ဧကရာဇ် အလင်းရောင်က လက်ဝါးပုံရိပ်ကို စီးဆင်းနေ၏။ ဓားချက်က လက်ဝါးပုံရိပ်နှင့် ထိသော်လည်း ထိုအရာအား ဓားချက်က ဖျက်ဆီးနိုင်စွမ်း မရှိပေ။ လက်ဝါးပုံရိပ်က ကျင်းယွန်ရှောင်းထံ ကျဆင်းလာကာ သူ့အား ဖမ်းဆုပ်လိုက်သည်။
“အတင့်ရဲတယ်…” ကျင်းယွန်လင်က ရီဖူရှင်းထံသို့ လျှောက်သွားကာ သူ၏ရှေးဟောင်း ခေါင်းလောင်းကို ထုတ်လွှတ်လိုက်သည်။
ရီဖူရှင်းက သူ၏လက်ကို လှုပ်ယမ်းလိုက်လျှင် သိုင်းပညာ ကံစွမ်းအား အလင်းတန်းများ သူ့ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူက လက်ကို မြှောက်လိုက်ကာ တွန်းလွှတ် လိုက်သည်။ ချက်ချင်းပင် ကောင်းကင်က အရောင်ပြောင်းသွားကာ များစွာသော လက်ဝါး တံဆိပ်တော်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် ဧရာမ လက်ဝါး တံဆိပ်တော်များက အကာနာ တန်ခိုးရှင် ထုတ်လွှတ်သည်နှင့် မတူဘဲ ဧကရာဇ်တစ်ပါး၏ စွမ်းအားများဟု ထင်မှတ်ရသည်။
ဝှီး… ဝှစ်…
များစွာသော လက်ဝါး တံဆိပ်တော်များက လေထဲတွင်ပင် ပေါင်းစပ်သွားကာ ကောင်းကင်နှင့် တသားတည်း ဖြစ်သွားပုံရသည်။ အားလုံးသော စွမ်းအားများက ရှေးဟောင်း ခေါင်းလောင်းကို ရစ်ပတ်သွားကာ သူ၏နေရာမှ ရွေ့လျားစေသည်။
ကျင်းယွန်လင်၏ အမူအရာက ရုတ်ခြည်း ပြောင်းလဲ သွားသည်။ သူက မှော်ခေါင်းလောင်းအား သူ၏စိတ်ဝိညာဉ် စွမ်းအားဖြင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း ကြောက်မက်ဖွယ် စိတ်စွမ်းအား တစ်ခု ခေါင်းလောင်းထဲတွင် ပေါ်လာသည်။ ထိုစိတ်စွမ်းအားက ခေါင်းလောင်း တစ်ခုလုံးကို ပျံ့နှံ့သွားဟန်ရ၏။ ထို့နောက်တွင် ကျင်းယွန်လင်၏ မျက်နှာက ပြာနှမ်းသွားပြီး ခေါင်းလောင်းနှင့် သူ၏စိတ်ဝိညာဉ်က အဆက်အသွယ် ပြတ်သွားကာ ညည်းသံ တစ်ချက်ပေးပြီး သွေးတစ်ပွက် အန်သည်။
ရီဖူရှင်းက လက်ကို ဝှေ့ယမ်းလိုက်သည်။ ဧရာမ ခေါင်းလောင်းကြီးက ကျင်းယွန်ရှောင်းထံသို့ ပျံ့လွင့်လာသည်။
“သွားစမ်း…” ခေါင်းလောင်း ပျံသန်းလာသည်ကို မြင်လျှင် ကျင်းယွန်ရှောင်းက ထိတ်လန့်စွာ အော်ဟစ်သည်။
ဒေါင်…
ခေါင်းလောင်းက မြည်ဟည်းကာ သူ့အား ဖုံးအုပ်သွားသည်။ ထို့နောက် ထိုအရာက ပြန်လည် မြင့်တက်သွား၏။ ကျင်းယွန်ရှောင်း၏ နှလုံးက ထိုအချိန်တွင် လုံးဝ ရပ်တန့် သွားသည့်အလား ခံစားရသည်။ သူ၏ခန္ဓာကိုယ်က ကြောက်ရွံ့သောကြောင့် တဆတ်ဆတ် တုန်ခါနေသည်။
ခေါင်းမော့ကာ သူက ငွေရောင်ဝတ်စုံနှင့်လူကို ကြည့်သည်။ ထိုအခိုက်တွင် ငွေရောင်ဝတ်လူက သူ့ထံ ပျံသန်းလာကာ သူ့ရှေ့တွင်ပင် ရပ်သည်။
“ငါက ဘယ်သူ့ကို စကားပြောနေလဲ မသိဘူး… ဒါပေမဲ့ အခု ငါ့ကို ခစားစမ်း…” ရီဖူရှင်းက ကျင်းယွန်ရှောင်းကို အေးစက်စွာ ပြောသည်… “မင်းက နတ်ဘုရား တစ်ပါးကို ကိုးကွယ် ဆည်းကပ် သလိုမျိုး…”
ကျင်းယွန်ရှောင်း၏ နှလုံးက မိုးကြိုးဖြင့် ပစ်ခံရသလို တုန်ခါသွားသည်။ သူ့ရှေ့မှစွမ်းအားမြင့် ငွေရောင်ဝတ်လူကို ကြည့်ကာ သူ၏မျက်နှာက စာရွက်အလား ဖြူဆွကာ သွေးဆုတ် သွား၏။
အားလုံးက ထိတ်လန့် သွားကြသည်။
ငွေရောင်ဝတ်လူက ကျင်းယွန်ရှောင်းအား သူ့ကို နတ်ဘုရား တစ်ပါးအလား ခစားစေလိုခဲ့သည်။
***