အပိုင်း (၄၁၇)

ဓားသမားကို မစော်ကားနဲ့

ဝမ်ယွီရိုက ပြောသလိုပင် တွမ့်ချီက သည်အခိုက်အတန့် အတွက်ပင် တမင် ရန်စနေခြင်း ဖြစ်သည်။ ရှမ်းဟိုင်က ရီဖူရှင်း၏ အသက်ကို လိုချင်သည်ဟု ပြောခဲ့ပြီး ထိုအတွက် သူ့အား များစွာသော အကျိုအမြတ်များကို ပေးမည်ဟု ကတိပေးသည်။ ရီဖူရှင်းအား သတ်ရန်မှာ အကောင်းဆုံးက ယွန်ယွဲ့စင်မြင့်ပေါ်တွင် ဖြစ်သည်။ ထို့ကြောင့်ပင် ရှမ်းဟိုင်နှင့် တွမ့်ချီတို့က ရီဖူရှင်းနှင့် ရီဝူချင်းတို့ကို တမင်ပင် ရန်စစော်ကားနေကြခြင်း ဖြစ်သည်။

အရာအားလုံးက သည်အခိုက်အတန့်အတွက် ဖြစ်သည်။

သူတို့အား အံ့အားသင့် သွားစေအောင်ပင် ရီဖူရှင်းနှင့် သူ့လူများက သူတို့၏ ရန်စမှုကို သည်းခံနိုင်ဟန် မရတော့ဘဲ လက်ခံခဲ့ကြသည်။

သူတို့က အမှန်ပင် အသက် မရှင်လိုတော့ဟန်ရ၏။

“ခေါင်းဆောင်…” ရှမ်းဟိုင်က ယွန်ယွဲ့ကုန်သည် အုပ်စု ခေါင်းဆောင်ကို ကြည့်သည်။ ပထမက ရီဖူရှင်းတို့နှင့် ကတောက်ကဆ ဖြစ်ခြင်းက သူ၏အနာဂတ်ကို ပျက်စီးလုနီးပါး ဖြစ်ခဲ့သည်။ ယခု သူက သူ့အတွက် ရသင့်သည်ကို ပြန်ယူတော့မည်။

သည်တိုက်ပွဲတွင် သူက ရီဖူရှင်းနှင့် သူ့လူများကို သတ်မည့်အပြင် ပထမပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည် များကိုလည်း ပြန်ယူတော့မည် ဖြစ်သည်။ ထို့နောက်တွင် ယွန်ယွဲ့ကုန်သည် အုပ်စုက လာမည့်နှစ်၏ အကျိုးအမြတ် အများစုကို ရမည့် အင်အားစု ဖြစ်လာတော့မည် ဖြစ်သည်။

ကုန်သည်အုပ်စု ခေါင်းဆောင်က ရှမ်းဟိုင်ကို ပြောသည်… “ကောင်းပြီ.. အားလုံးကို မင်း ဆုံးဖြတ်နိုင်တယ်…” ထိုသို့ပြောကာ သူက ထိုင်ခုံတွင် ပြန်ထိုင်သည်။ ယွန်ယွဲ့ကုန်သည် အုပ်စုမှ လူများကလည်း သူတို့၏ နေရာများတွင် ပြန်ထိုင်ကာ ရီဖူရှင်းတို့အား ကြည့်ကြသည်။

ရှမ်းဟိုင်က တွက်ချက်ထားသလို ရီဖူရှင်းတို့က မည်မျှ အားကောင်းပါစေ အဆင့်သုံးလေးခု ကျော်ကာ အနိုင်ယူနိုင်မည်ဟု သူတို့ မယုံကြည်ပေ။ အထူးသဖြင့် မှော်ဆရာဝူနှင့် တွမ့်ချီတို့က သူတို့၏အဆင့်တွင် အလွန် အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်များကို ပိုင်ဆိုင်ကြသူများ ဖြစ်ကြသည်။ ဤသို့သော အခြေအနေတွင် ဝမ်ကလန်က သူတို့၏ အကျိုးအမြတ်များကို ယွန်ယွဲ့ကုန်သည် အုပ်စုကို အလကား ပေးပစ်သည်နှင့်ပင် တူနေသည်။

“ကျေးဇူးတင်ပါတယ်.. ခေါင်းဆောင်…” ရှမ်းဟိုင်ကား စိတ်လှုပ်ရှားမှုကို ထန်းချုပ်၍ပင် မရတော့ဘဲ ဝမ်ကလန်ဘက်မှ လူများရှိရာသို့ ပျော်ရွှင်စွာ ကြည့်သည်။

လျှပ်စီးကလန် ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ဝမ်ကလန် ခေါင်းဆောင်ကို ပြောသည်… “အစ်ကိုဝမ်… မရူးစမ်းပါနဲ့… သဘာဝစွမ်းအင် မိုင်းတွင်းရဲ့ လေးဆယ်ရာနှုန်းက ဟာသ မဟုတ်ဘူး…”

လျှပ်စီးကလန်ကား သည်ပြိုင်ပွဲတွင် အကျိုးအမြတ် အရဆုံးဖြစ်နေပြီး ဖြစ်သည်။ အကယ်၍ ဝမ်ကလန်ကသာ ယခု အလောင်းအစားကို ရှုံးနိမ့်သွားပါက ယွန်ယွဲကုန်သည် အုပ်စုက သူတို့အား ကျော်ဖြတ် သွားပေလိမ့်မည်။

ယွန်ယွဲ့ကုန်သည် အုပ်စုကား မူလကတည်းက တခြား အင်အားစု သုံးခုထက် ကြွယ်ဝ ချမ်းသာကာ ကလန်လေးခုအတွင်း အင်အားအကြီးဆုံး ဖြစ်လာရန် အရိပ်အယောင် ပြနေသည်။ သည်အတိုင်း ဆက်သွားပါက သူတို့အကြား ချိန်ခွင်လျှာက ပျက်စီးသွားကာ နောက်တွင် အထိန်းအကွပ် မဲ့လာနိုင်ပေသည်။ ယခု ဝမ်ကလန်က ယွန်ယွဲ့ကုန်သည် အုပ်စုကား ရက်ရောစွာ လက်ဆောင်ပေးမည့်ပုံကို မြင်လျှင် သူ ဘယ်လိုမှ မနေသာတော့ပေ။

“ပုံမှန်ဆို ကျုပ်ကလည်း ဟာသ မပြောဘူး…” ဝမ်ကလန် ခေါင်းဆောင်က ပြောသည်… “ကျုပ် ဆုံးဖြတ်ချက်က အတည်ပဲ… ကလန်လေးခုက အလောင်းအစား စိန်ခေါ်ပွဲကို ဆက်ကျင်းပမယ်…”

“ဘယ်လောက် လေးစားဖို့ ကောင်းတဲ့ ပြတ်သားမှုလဲ…” ယွန်ယွဲ့ကုန်သည်အုပ်စု ခေါင်းဆောင်က ရယ်မောသည်… “ဘယ်သူမဆို ကလန်လေးခုပြိုင်ပွဲရဲ့ စည်းကမ်းကို ချိုးဖောက်ရန် အသတ်ခံရမယ်…”

“သွား…” ကုန်သည်အုပ်စု ခေါင်းဆောင်က ပြောသည်… “ဒီတိုက်ပွဲ ပြီးရင် မင်းတို့နှစ်ယောက်ကို ကောင်းကောင်း ဆုချမယ်…”

မှော်ဆရာဝူက ရှေ့ကို တိတ်ဆိတ်စွာ လျှောက်သွားသော အချိန်တွင် တွမ့်ချီက ပြုံးရောင်သန်းလျက် ရှေ့မှ ထွက်သွားသည်။ သူတို့နှစ်ယောက်လုံးက ယွန်ယွဲ့စင်မြင့်ပေါ်ကို တစ်ဖန် ပြန်ရောက်လာကြသည်။ နေမင်း၏ အလင်းရောင်များက သူတို့အပေါ်ကို ဖျန်းပက်ထားသည်။ သူတို့နှစ်ယောက်ကား အလယ်အလတ် အကာနာ အတွင်းတွင် အလွန် ထူးချွန်သော သူများဖြစ်ကြပြီး ယခု သူတို့က အဆင့်နိမ့် အကာနာအတွင်းမှ အထူးချွန်ဆုံးသော လူသုံးယောက်နှင့် တိုက်ခိုက်ကြတော့မည် ဖြစ်သည်။

တခြားတစ်ဖက်တွင် ရီဖူရှင်းတို့က ပွဲကြည့်စင်ပေါ်မှ ဆင်းလာကြသည်။ ဝမ်ယွီရိုကလည်း ထိုနေရာတွင်ရှိကာ သူမက တီးတိုးပြောသည်… “ငါ့ရဲ့ စွမ်းရည်နဲ့ဆို နင်တို့ကိုသိပ်ပြီး ကူညီနိုင်မှာ မဟုတ်ဘူး…” သူမက သူမ၏ အကန့်အသတ်ကို သိသည်။ မှော်ဆရာဝူနှင့် ဓားမိစ္ဆာတို့ကား ယွန်ယွဲ့မြို့၏ ခြွင်းချက်မဲ့ ပါရမီရှင်များ ဖြစ်ကြသည်။ သူမက အဆင့်ကျော်၍ ထိုလူများကို မည်သို့ အနိုင် တိုက်ရမည်နည်း။

“ဒါ အဆင်ပြေတယ်…” ရီဖူရှင်းက ပြောသည်။ ဝမ်ယွီရိုက သူ့အား ဒေါသတကြီး ကြည့်သည်။ သည်အချိန်တွင်ပင် သူက မည်သို့ တည်ငြိမ် နိုင်ရသနည်း။ လာမည့်တိုက်ပွဲက မည်မျှ အန္တရာယ် ကြီးသည်ကို သူက မသိဘူးလား…။

သူတို့လေးယောက်က တိုက်ပွဲစင်မြင့်ပေါ်သို့ တက်လိုက်ကြလျှင် တွမ့်ချီက သူတို့အား ပြုံးလျက် ကြည့်နေသည်။ သူကား သည်အချိန်ကို ကြာမြင့်စွာ စောင့်စားခဲ့ရပြီး ဖြစ်သည်။

“မင်းက ဒီမှာ နေပြီး ကြည့်နေ…” ရီဖူရှင်းက ဝမ်ယွီရိုအား ပြောသည်။ ဝမ်ယွီရိုက ဒေါသထွက်သော်လည်း နားလည်ပေသည်။ သူမက သည်တိုက်ပွဲတွင် မည်သို့ ပါဝင်နိုင်မည်နည်း…။

ရီဖူရှင်းက ရှေ့ကို လျှောက်နေရာမှ ရပ်လိုက်သည်။ ထို့နောက် သူက ဘေးမှ ရီဝူချင်းကို ပြောသည်… “ဝူချင်း… မင်းက သူ့ကို ရင်ဆိုင်လိုက်…”

တွမ့်ချီက ဓားသမား တစ်ယောက်က ဘာလုပ်နိုင်သည်ကို သိလိုမှတော့ ရီဝူချင်းအား သင်ခန်းစွာ ပေးစေမည်။ ရီဝူချင်းက ရှေ့ကို ဆက်လျှောက် သွားသည်။ ရီဝူချင်း နီးကပ်လာသည်ကို မြင်လျှင် တွမ့်ချီက ပြုံးလျက်ပြောသည်… “မင်းတို့က တစ်ယောက်ချင်း သေချင်ကြတာလား…”

“ကောင်းပြီလေ… ငါက မင်းကို ဆန္ဒဖြည့်ဆည်း ပေးရမှာပေါ့…” မိစ္ဆာဓားတွမ့်ချီက ရုတ်တရက် အေးစက်စွာ ပြောကာ ရှေ့ကို တိုးလာသည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော ဓားအားလှိုင်းများ ဖြစ်ပေါ်လာသည်။

သူက လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် ထောင်ပေါင်း များစွာသော ဓားအသိများက ဆက်တိုက် အော်ဟစ်ကြကာ ယွန်ယွဲ့စင်မြင့်အထက် လေထဲတွင် ပျံဝဲနေကြသည်။ ထိုဓားအသိများက ကြောက်မက်ဖွယ် ကောင်းသော ဓားပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာစေကာ ရီဝူချင်းထံသို့ တိုးဝင်သွားသည်။ ထိုမြင်ကွင်းက အလွန် လှပပေသည်။ သူ၏ ဂုဏ်ပုဒ် အတိုင်းပင် မိစ္ဆာဓားကား သူ၏ဓားပညာကို ဖော်ထုတ်ပြသသည်။

“အဆင့်နိမ့် အကာနာ တန်ခိုးရှင်က အလယ်အလတ် အကာနာအဆင့် တန်ခိုးရှင်ရဲ့ စော်ကားမှုကိုတောင် သည်းမခံနိုင်ဘူး… မင်းက ဒီနေ့အထိ ဘယ်လို တန်ခိုးကျင့် လာတာလဲ…” တွမ့်ချီက ထောင်ပေါင်း များစွာသော ဓားများကို ဆုပ်ကိုင်ထားသည့်အလား ထင်မှတ်ရသည်။ သူက လက်ကို မြှောက်လိုက်လျှင် ကောင်းကင်ပေါ်မှ ဓားအလင်းတန်းက အလွန် မြန်ဆန်စွာဖြင့် ရီဝူချင်းထံကို ကျဆင်းလာသည်။

ဓားအားလှိုင်း၏ အရှိန်အဝါကို ခံစားမိလျှင် ဝမ်ကလန်မှ လူများက အသက်ဝဝ မရှူရဲကြပေ။ ရီဖူရှင်းက ဘာတွေ တွေးနေသနည်း။ ရီဝူချင်း တစ်ယောက်တည်းအား တွမ့်ချီကို ရင်ဆိုင်စေသည်။

ကုန်သည်အုပ်စု ခေါင်းဆောင်ကလည်း တွမ့်ချီ၏ ဓားအားလှိုင်းကို ခံစားမိကာ ပြုံးလိုက်သည်။ သည်တိုက်ပွဲက သူတို့ ဆုံးရှုံးခဲ့သည်များကို ပြန်လည် ရရှိစေမည်။ ဝမ်ကလန် ခေါင်းဆောင်က ထိုမျှ မိုက်မဲသော ဆုံးဖြတ်ချက်ကို ချသည်ကို သူက နားမလည်ပေ။

ယခု ရှမ်းဟိုင်၏ စွမ်းဆောင်ရည်က အမှန်ပင် ချီးကျူးဖွယ် ကောင်းနေသည်။

တွမ့်ချီ၏ ခန္ဓာကိုယ်က လေထဲကို ပျံတက်သွားပြီး သူ၏ဓားနှင့်အတူ ဆင်းသက် လာသည်။ သူ၏အကြည့်က ရီဝူချင်းထံကို ရောက်လာကာ ပြောသည်… “မင်းရဲ့ ဓားပညာက မြန်ပေမဲ့ မင်းက ဓားသမား တစ်ယောက်ဖြစ်ဖို့ မတန်ဘူး… မင်းက ငါ့လက်မှာ သေရတာ ဂုဏ်ယူစရာပဲ…” သူ၏အသံနှင့်အတူ တွမ့်ချီက လက်ကို ဝှေ့ယမ်းသည်။ ချက်ချင်းပင် မရေမတွက်နိုင်သော ဓားအသိများက တကယ့်ဓားသွားများအဖြစ် ပြောင်းလဲသွားကြကာ ရီဝူချင်းထံသို့ မိုးစက်များအလား ဆင်းသက် လာကြသည်။

ဓားအသိများ တစ်ကိုယ်လုံး စီးဆင်းလျက် ရပ်နေ​သော လက်တစ်ဖက်ပြတ် ဓားသမားကို ကြည့်ကာ လူအများအပြားက သက်ပြင်းချကြသည်။ ရီဝူချင်း၏ စွမ်းရည်အား လျှော့တွက်၍ မရသော်လည်း သူကား အလျင်လိုလွန်းလှသည်။

ထိုအခိုက်တွင်ပင် ရီဝူချင်းက ရှေ့ကို တက်လိုက်လျှင် စက္ကန့်ပိုင်းအတွင်း သူက လူသား မဟုတ်တော့ဘဲ ဖျက်ဆီး၍ မရသော ဓားတစ်လက် ဖြစ်သွားဟန်ရသည်။

တစ်ချိန်တည်းမှာပင် မမြင်ရသော ဓားအသိတစ်ခု ရှေ့ကို စီးဝင်သွားကာ ဓားစွမ်းအား စီးကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့အနီးတွင် လွန်စွာ သိပ်သည်းသော ဓားကွန်ချာ တစ်ခု ဖြစ်ပေါ်လာသည်။ တွန့်ချီ ထုတ်လွှတ်လိုက်သော ဓားအလင်းက သူ့ထံ ရောက်ရှိ လာသောအခါ ရီဝူချင်း၏ ဓားကွန်ချာနှင့် ထိတွေ့ပြီး ပျက်စီးသွားရမည့်အစား ဓားကွန်ချက်နှင့်အတူ လိုက်လျောညီထွေ ရှိစွာ ဆက်လက်စီးဆင်း လှည့်ပတ်နေသည်။

“ဓားအသိကို ညွှန်ကြားခြင်း” တွမ့်ချီက ရီဝူချင်းကို အံ့အားသင့်စွာ ကြည့်သည်။ ကြည့်ရသည်မှာ သူ့တွင် စွမ်းရည် အနည်းငယ် ရှိဟန်ရသည်။

သူ၏လက်နှစ်ဖက်လုံး လှုပ်ရှားသွားလျှင် မရေမတွက်နိုင်သော ဓားအသိများက ဓားတစ်လက်အဖြစ် ထပ်မံ ပြောင်းလဲသွားပြီး ရီဝူချင်းထံ ရောက်လာပြန်သည်။

ဓားက ရီဝူချင်းထံ ရောက်လာသောအခါ ထိုဓားက လေဟာနယ်ကိုပင် ထက်ခြမ်းခွဲကာ ရီဝူချင်း၏ရှေ့ကို ပေါ်လာဟန်ရသည်။ သို့သော် ရီဝူချင်းက ဘာမှ မြင်ပုံမရပေ။ သူက ရှေ့ကို တက်လိုက်လျှင် သူ၏ရှေ့မှ အရာအားလုံးက ပေါက်ကွဲပျက်စီး သွားကာ ဓားအသိ အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး ထိုအရာများက သူ၏ဓားကွန်ချာများထဲသို့ စီးဝင် အားဖြည့်ကြသည်။

လူအများအပြားက အံ့အားသင့်ကြသည်။ မိစ္ဆာဓားကား နှစ်ခါ တိုက်ခိုက်ပြီး ဖြစ်သည်။ သို့တိုင်အောင် သူက ရီဝူချင်းအား ထိခိုက်အောင် မလုပ်နိုင်သေးပေ။

တွမ့်ချီ၏မျက်နှာက လေးနက်သွားသည်။ သူက လက်ဝါးကို ရှေ့ကို ဆန့်ထုတ်လိုက်လျှင် ပိုမိုအားကောင်းသော ဓားအသိ ဖြစ်ပေါ်လာပြီး သူက ကမ္ဘာ့ဓားအသိနှင့် ပေါင်းစပ်သည်။ ထို့နောက်တွင် သူ၏လက်ချောင်းကို ရွေ့လျားခြင်းဖြင့် ဓားတစ်လက်က ရီဝူချင်းထံကို ပိုင်းဖြတ် လာသည်။

ဘန်း…

လွန်စွာ အားကောင်းသော ဓားအလင်းက အရံအတားနှင့် တွေ့ဆုံသော်လည်း တွမ့်ချီ၏ လှုပ်ရှားမှုများက မရပ်တန့်ပေ။ သူ၏လက်ချောင်းက ပိုမို အားကောင်းသော လူသတ်ဓားများကို မွေးထုတ်ကာ လျှပ်စီးများအလား ဆက်လက် တိုးဝင်သွားကြသည်။

လင်းလက် တောက်ပသော ဓားအလင်းများက လေဟာနယ်ကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေလျက် ရီဝူချင်း၏ခန္ဓာကိုယ်ကို နေရာလပ် မကျန်အောင် ရစ်ပတ်ကာ ပိုင်းဖြတ်ရန် ကြိုးစားကြသည်။ နေရာမျိုးစုံမှ ဓားအလင်းများက လူသတ်လိုသော အငွေ့အသက် ကြီးစွာဖြင့် ရီဝူချင်းကို ရစ်ပတ်လာလျှင် လူအများအပြားက ရီဝူချင်းအတွက် သနားကြရသည်။

ကြည့်ရသည်မှာ သူက ထိုဓားချက်များ အောက်တွင် အသက်ပျောက် ရတော့မည် ကဲ့သို့ပင်…။

ဓားစွမ်းအင်များကို လှုပ်ရှား အသုံးပြုနေရင်းက တွမ့်ချီ၏ လှုပ်ရှားမှုများက နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သူက ရီဝူချင်းအား ဝါးမျိုထားသော ဓားမုန်တိုင်းကို ကြည့်သည်။ သူ၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ ရီဝူချင်း၏ ခန္ဓာကိုယ်က ထောင်ပေါင်း များစွာသော ဓားချက်များ အောက်တွင် ပြိုပျက် လာသည်ကို သူက မြင်နေရသည်။

လွန်စွာ အားကောင်းသော ဓားမုန်တိုင်းထဲတွင် ခံစစ် ယိုယွင်းလာသော ရီဝူချင်း၏ ခန္ဓာကိုယ်က အခြေအနေ ကောင်းပုံမရပေ။ လူတိုင်းက သူ့အား စူးစိုက်ကာ ကြည့်နေကြသည်။ မရေမတွက် နိုင်သော ဓားစွမ်းအင်များက ရီဝူချင်း၏ ခန္ဓာကိုယ်ထဲကို ဖြတ်တောက် စီးဝင် သွားကြသည်ကို မြင်ကြသည်။ ထိုနေရာမှ အသက်ရှိသော အငွေ့အသက်များကို သူတို့ မခံစားမိကြတော့ပေ။ ထိုနေရာမှ ဓားအငွေ့အသက်များ ကိုသာ သူတို့ ရသည်။

“ဘာလို့လဲ…” လူအများအပြားက သက်ပြင်းချကြသည်။ ရီဝူချင်းက တွမ့်ချီကို မည်သို့ အနိုင်ယူ နိုင်မည်နည်း…။ ဝမ်ကလန် ခေါင်းဆောင်၏ အမူအရာကလည်း သိပ်မကောင်းတော့ပေ။ သူက ရီဖူရှင်း၏ ရူးသွပ်မှုကို ပါဝင်ခဲ့သော်လည်း သည်လို အဆုံးသတ်မျိုးကို မြင်ရလျှင် သူလည်း စိတ်ပျက်ရသည်။ တစ်ဖက်တွင်မူ ကုန်သည်အုပ်စု ခေါင်းဆောင်၏ မျက်နှာက ပြုံးနေသည်။ တိုက်ပွဲကား တစ်ဝက် အနိုင်ရနေပြီဟု ပြောရမည်။

လူတိုင်းတွင် ကွဲပြားခြားနားသော အမြင်များ ရှိကြသည်။ သို့သော်လည်း ရုတ်တရက် မရေမတွက်နိုင်သော ဓားအလင်းများ ဖြတ်တောက်ကာ အသက်မဲ့နေဟန် ရသော ရီဝူချင်းက လှုပ်ရှားလိုက်သည်။ သူက ရှေ့ကို နောက်တစ်လှမ်း တက်လိုက်သည်။ ထိုအရာက ခြေတစ်လှမ်းမျှသာ ဖြစ်သော်လည်း လူတိုင်း၏ အမူအရာအား အေးစက် သွားစေသည်။

တွမ့်ချီ ထိတ်လန့်သွားသည်။ သူ မသေသေးဘူးလား..။ သူ မှင်တက်နေသော အခိုက်တွင်ပင် ရီဝူချင်း၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားကာ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ဓားအလင်းများကို ဖြတ်ကျော်လျက် လေဟာနယ်ကို ထွင်းဖောက် သွားသည်။

တွမ့်ချီ၏ အမူအရာ ပြောင်းလဲသွားသည်။ နောက်မှ လိုက်ပါ လာသည်ကား သူ၏စိတ်ထဲတွင် မျက်လုံးအစုံနှင့် ဓားတစ်လက် ပေါ်လာသည်။

“ထွက်သွားစမ်း…” တွမ့်ချီ၏ ဒေါသတကြီး အော်ဟစ်သည်။ သူက သူ၏ဓားကို ခုတ်ချလိုက်လျှင် ကောင်းကင်၏ အရှိန်အဟုန်ဖြင့် ဓားက လေဟာနယ်ကို ဖြတ်တောက် သွားသည်။

ထိုဓားချက်ကား အလွန်အမင်း လှသည်။ ထိုဓားချက်က သူ၏စိတ်တွင် ပေါ်လာသော လူအား နှစ်ခြမ်း ဖြစ်သွားစေသည်။ ဓားက လေဟာနယ်အား ဖြတ်တောက် သွားသော အချိန်တွင်ပင် သူက အန္တရာယ်၏ အငွေ့အသက်ကို ခံစားရသည်။ မရပ်တန့်နိုင်သော ဓားတစ်လက်က သူ့ထံ ဦးတည်လာကာ ထိုဓားက လှုပ်ရှားနေပြီး ဖြစ်ကာ ရပ်တန့် မရနိုင်တော့ဟန် ရသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ဓားက သူ၏လည်ပင်းကို ဖြတ်တောက် သွားပြီးနောက် ထိုအတွေးက သူ၏ခေါင်းထဲ နောက်ဆုံးပေါ် လာခဲ့ခြင်း ဖြစ်သည်။

တွမ့်ချီ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တွန့်လိမ်သွားသည်။ သူ့ရှေ့တွင် ဓားအသိများဖြင့် ဖြစ်တည်နေသော လူတစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေသည်။ သို့သော် သူ၏လက်ထဲမှ ဓားက တွမ့်ချီ၏လည်ပင်းကို ဖြတ်တောက် သွားပြီး ဖြစ်သည်။

“ဓားသမားကို မစော်ကားနဲ့…” ထိုအသံကား တွမ့်ချီက သူ၏အသိစိတ် မမှောင်မိုက်မီလေးတွင် နောက်ဆုံး ကြားလိုက်ရသော အသံဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset