ရီဖူရှင်းက ဘာကို ပြောလိုသည်ကို ယန်ရီက နားလည်သည်။ သို့တိုင်အောင် သူမ၏ မကျေမနပ်ဖြစ်မှုကို ပျောက်ပျက်စေနိုင်စွမ်း မရှိပေ။ သူမက ယွန်ယွဲ့ကုန်သည် အုပ်စုခေါင်းဆောင်ကို လှမ်းကြည့်ကာ ပြောသည်…“သူ့ကို လူကောင်းလို့ ထင်ခဲ့တာ… ကြည့်ရတာ မဟုတ်ဘူးပဲ…”
“ဒီမိန်းကလေး…” ရီဖူရှင်းက သူမကို ကြည့်ကာ မသက်မသာ ပြုံးသည်။ သူက သူမ၏ ခေါင်းအား အသာပုတ်ကာ ယန်ထန်းက သူ၏ ညီမအား အမှန်ပင် ကောင်းမွန်စွာ စောင့်ရှောက် ထားသည်ဟု တွေးမိသည်။
ယွန်ယွဲ့မြို့မှ အင်အားကြီး ကလန်လေးခုမှ တစ်ခု၏ ခေါင်းဆောင် ဖြစ်သည့်အလျောက် သူ့အား ဆိုးသည် ကောင်းသည်ဟု မည်သို့ ဝေဖန်၍ ရမည်နည်း။
“တွမ့်ချီက နင်နဲ့ နင့်လူတွေကို တမင် ရန်စနေပုံရတယ်…” ဝမ်ယွီရိုက ပြောသည်။ ရီဖူရှင်းကလည်း သိသည်။ သူ၏ပြိုင်ဘက်အား အနိုင်ယူပြီးနောက် မိစ္ဆာဓားတွမ့်ချီက သူတို့ဘက်ကို ကြည့်သည်။ သူ၏ပြိုင်ဘက်များက အားနည်းသည်ဟု ပြောကာ ကုန်သည်အုပ်စု ခေါင်းဆောင်အား သူ၏စကားကို ပြန်ပြင်ပြောစေသည်။ သူက ရီဖူရှင်းကို တိုက်ရိုက် မပြောသေးသော်လည်း သူ၏အပြုအမူများက သိသာလွန်းလှသည်။
“သူ့ကို ထားလိုက်ပါ…” ရီဖူရှင်းက သိပ်ဂရုစိုက်ဟန် မရဘဲ ပြောသည်။ ရှမ်းဖေးယူနှင့် သူ၏လူများက အလွန် မောက်မာသော်လည်း ထိုအရာက သူက အချိန်တိုင်း သူတို့ အမှားကို သက်သေပြရမည်ဟု မဆိုလိုပေ။ ရိုးသားစွာပြောရလျှင် ထိုသို့ လုပ်ရသည်မှာလည်း ပျင်းစရာ ကောင်းလွန်းလှသည်။
ယွန်ယွဲ့မြို့ကား သူခရီးတစ်ထောက် နားရာနေရာသာ ဖြစ်သည်။ ယန်ထန်းနှင့် ယန်ရီကြောင့်သာ မဟုတ်လျှင် သူက မြေပုံကို ရပြီးကတည်းက ထွက်သွားပြီး ဖြစ်သည်။ သူက ဝမ်ကလန်နှင့် ကောင်းမွန်စွာ ဆက်ဆံပေးရန်လည်း မလိုအပ်ပေ။ သို့သော်လည်း နောင်တွင် ယန်မောင်နှမက ဝမ်မိသားစုတွင် ကောင်းမွန်စွာ နေထိုင်နိုင်ရန် သူကလည်း အလိုက်အထိုက် ဆက်ဆံပေးရန် လိုပေသည်။
တတိယ ပြိုင်ပွဲအား ဆက်လက် ကျင်းပရာ အခြေအနေက ပိုမို တင်းမာလာသည်။
ပရိသတ်၏ အတွေးများက မှန်ကန်၏။ တိုက်ပွဲက ပိုမို ရက်စက် ကြမ်းကြုတ်လာသည်။ တိုက်ပွဲစင်မြင့်ထက်ကို တက်ပြီး ဒဏ်ရာ ကင်းစင်စွာ ပြန်ဆင်းလာနိုင်သူ မရှိပေ။ လျှပ်စီးကလန်နှင့် ဖန်းကလန်တို့လည်း ပိုမို၍ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ ဖန်းကလည်းကလည်း ပထမပြိုင်ပွဲများ၏ ရလဒ်များကို စိတ်ကျေနပ်ဟန် မရပေ။ ထို့ကြောင့် သည်တစ်ကြိမ်တွင် ပိုမိုကောင်းမွန်သော ရလဒ်ကို ရအောင် ကြိုးစားကြသည်။
သည်တစ်ခေါက်တွင် လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့က မူလက နှိမ့်ချကာ နေခဲ့ကြသော်လည်း ယခုတစ်ခေါက်တွင်မူ သူတို့၏ အားကောင်းသော စွမ်းရည်များကို ထုတ်ဖော်ကြသည်။
ပထမပြိုင်ပွဲနှစ်ခုတွင် ယွန်ယွဲ့ကုန်သည် အုပ်စုနှင့် ဝမ်ကလန်တို့က ပထမတစ်ပွဲစီ ယူသွားကြကာ ကျန်နှစ်ဖွဲ့က ဒုတိယနှင့် တတိယ နေရာများကိုသာ ရကြသည်။ ကလန်နှစ်ခုအတွက် ထိုရလဒ်က သူတို့၏ တည်ရှိမှုကို သေးသိမ်စေသည်။ လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့က ယွန်ယွဲ့မြို့သားတို့၏ အမြင်တွင် ထိုသို့သော အမြင်မျိုး မထားခဲ့လိုကြပေ။ သို့ဆိုလျှင် နောင်တွင် ဘယ်ပါရမီရှင်က သူတို့အတွက် မည်သို့ ဝင်ရောက် တိုက်ခိုက်ကြတော့ မည်နည်း…။
ပထမတိုက်ပွဲက မမျှော်လင့်ထားသော ရလဒ်နှင့် ထိတ်လန့်စေသည်။
ဒုတိယ ပြိုင်ပွဲက ယွန်ယွဲ့ကုန်သည် အုပ်စု၏ အရှိန်အဝါကို ရင်သပ်ရှုမော ဖြစ်သည်။ ထိုတိုက်ပွဲတွင် ယွန်ယွဲ့မြို့သူမြို့သားများက ကလန်လေးခု၏ အင်အားများကို လက်တွေ့ မြင်ခဲ့ကြရကာ ယွန်ယွဲ့မြို့၏ အဓိက အင်အားစုလေးခု နာမည်ဖြင့် ညီမျှသည်ကို တွေ့မြင်ခဲ့ကြသည်။
နောက်ဆုံးပြိုင်ပွဲတွင် လျှပ်စီးကလန်က အလုံးစုံ လွှမ်းမိုးထိန်းချုပ်ကာ ပထမနေရာကို ရသွားသည်။ ကလန်လေးခုအတွင်း အချမ်းသာဆုံး ကလန်ဖြစ်သော ယွန်ယွဲ့ကုန်သည် အုပ်စုက ဒုတိယ နေရာကို ရကာ ဝမ်မိသားစုက တတိယ နေရာကို ရသည်။ ဖန်းမိသားစုမူကား နောက်ဆုံး နေရာကိုသာ ရရှိသည်။
ပြိုင်ပွဲသုံးခု ပြီးသွားသော အချိန်တွင် ဖန်းမိသားစုက ဒုတိအဆင့်၊ တတိယ အဆင့်နှင့် နောက်ဆုံးအဆင့် အသီးသီးရကာ အနည်းဆုံးသော အရင်းအမြစ် ခွဲဝေမှုကို ရရှိသည်။
နောက်ဆုံးမှ လူအများ ရိပ်မိလိုက်ကြသည်မှာ တကယ်တမ်း အကျိုးအမြတ် အများဆုံးရသည်မှာ ယွန်ယွဲ့ကုန်သည် အုပ်စုလည်း မဟုတ်သလို ဝမ်မိသားစုလည်း မဟုတ်ပေ။ ထိုကလန်နှစ်ခုက ပြင်းထန်စွာ ပြိုင်ဆိုင်နေကြသော အချိန်တွင် တကယ်တမ်း အများဆုံး သိမ်းပိုက်သွားသည်ကား ဒုတိယ နှစ်ကြိမ်ရကာ ပထမ တစ်ကြိမ်ရသော လျှပ်စီးကလန်သာ ဖြစ်ပေတော့သည်။
ယွန်ယွဲ့ကုန်သည် အုပ်စုမူကား ဝမ်ကလန်ထက် အနည်းငယ်သာ အသာရရှိခဲ့သည်။
ဤသို့ဖြင့် လျှပ်စီးကလန်ကား တစ်နှစ်ပြီး တစ်နှစ် ပိုမို တောက်ပြောင်လာဟန် ရကာ သူ၏မျက်လုံးများက ပြောနေသည်မှာ… “ဒီနှစ်မှာ ကျုပ်ရဲ့ လျှပ်စီးကလန်က စွမ်းဆောင်ရည်တွေ ပိုပိုပြီး ကောင်းလာတယ်… ဒါက ကောင်းမွန်တဲ့ နှစ်ဟောင်း အဆုံးသတ်ပဲ… ဒီနေ့ကစပြီး လာမည့်နှစ်အတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ လုပ်ကြစို့…” ဟူ၍ ဖြစ်ပေသည်။
လျှပ်စီးကလန် ခေါင်းဆောင်နှင့် ယှဉ်ရလျှင် ဖန်းကလန် ခေါင်းဆောင်၏ အမူအရာက သုန်မှုန်နေပေသည်… “ကြည့်ရတာ အဆုံးသတ်မှာ အားလုံးကို သိမ်းကျုံးပြီး ယူသွားဖို့ မင်းက ကောင်းကောင်း ပြင်ဆင်နိုင်ခဲ့တာပဲ…” ဟု ပြောနေဟန် ရပေသည်။ ယွန်ယွဲ့ကုန်သည် အုပ်စုဘက်တွင်မူကား ခေါင်းဆောင်၏ အမူအရာက အေးစက်နေသည်။ ယခင်နှစ်က သူ၏ကုန်သည်အုပ်စုက အများဆုံး အကျိုးအမြတ် ရခဲ့သည်။
သည်တစ်ကြိမ် သူတို့က ဝမ်ကလန်အား ပစ်မှတ်ထား တိုက်ခိုက်ခြင်းက လျှပ်စီးကလန်ကို ကူညီရာ ရောက်သွား ပေသည်။
“ယွန်ယွဲ့ကုန်သည် အုပ်စုက တကယ်ပဲ ကောင်းကောင်း လုပ်ခဲ့တယ်…” လျှပ်စီးကလန် ခေါင်းဆောင်က ရယ်မောကာ ပြောသည်။ သူက ကောင်းကင်ကို မော့ကြည့်လျှင် ညနေစောင်းကို ရောက်နေပြီဖြစ်ကာ ရွှေရောင် အလင်းများက ယွန်ယွဲ့စင်မြင့်ကို တစောင်း ဖျန်းပက်နေသည်ကို မြင်သည်။ သည်နေ့ကား အမှန်ပင် လှပသာယာသော နေ့တစ်နေ့ ဖြစ်ပေသည်။
“ဘယ်လောက်ကောင်းတဲ့ ရာသီဥတုလဲ… ကလန်လေးခုရဲ့ ပြိုင်ပွဲကို ဒီမှာပဲ အဆုံးသတ်ရအောင်…” လျှပ်စီးကလန် ခေါင်းဆောင်က ပြောသည်။
“နောက်ဆုံးတော့ ပြီးသွားပြီ…” ယွန်ယွဲ့စင်မြင့် ပတ်ပတ်လည်မှ မရေမတွက်နိုင်သော ပရိသတ်များက သူတို့က တစ်ခုခု ဆုံးရှုံးသွားသလိုပင် ခံစားကြရသည်။ သူတို့အတွက်မူ သည်ပြိုင်ပွဲကား တစ်နှစ်မှ တစ်ခါ မြင်ရခဲသော လူငယ်မျိုးဆက်များ၏ ပါရမီများကို မြင်တွေ့ခွင့်ရသော ယှဉ်ပြိုင်ပွဲဖြစ်သည်။
“ဒါပြီးသွားပြီ…” ဝမ်ကလန် ခေါင်းဆောင်ကလည်း တိုးညင်းစွာ ပြောသည်။ လူအများအပြားက ထရပ်ကြသည်။ ဝမ်ယွီရိုနှင့် ရီဖူရှင်းတို့ကလည်း ထရပ်ကြသည်။
“ဒါ ပြီးသွားပြီလား… ကျုပ်တော့ မထင်ဘူး…” ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ လူအများအပြားက ထရပ်ရင်းက စကားပြောလိုက်သူအား လှမ်းကြည့်ကြသည်။ အံ့အားသင့်စရာ ကောင်းအောင်ပင် သူကား ယွန်ယွဲ့ကုန်သည်အုပ်စုမှ ရှမ်းဟိုင် ဖြစ်ပေသည်။
ရှမ်းဟိုင်၏ အကြည့်က ထရပ်ကာ ပြန်ရန် ဟန်ပြင်နေသော ရီဖူရှင်းထံသို့ ရောက်သွားကာ သူက ပရိသတ်များကို ပြောသည်… “ကလန်လေးခု ယှဉ်ပြိုင်ပွဲက ယွန်ယွဲ့မြို့မှာရှိတဲ့ အရင်းအမြစ်တွေကို ခွဲဝေတယ်… ဒါပေမဲ့ ပြိုင်ပွဲသုံးခု ပြီးသွားရင် အရင်းအမြစ်ခွဲဝေမှုကို ပြောင်းလဲဖို့ နောက်ဆုံး အခွင့်အရေးတစ်ခု ရှိသေးတယ်…”
ပရိသတ်များက မျက်ခုံးပင့်လျက် ရှမ်းဟိုင်ကို ကြည့်ကြသည်။ ရှမ်းဟိုင်က ဘာကို ရည်ညွှန်းနေသည်ကို သူတို့သိကြသည်။ သည်တစ်ကြိမ် ယွန်ယွဲ့ကုန်သည် အုပ်စုက အများဆုံး မရခဲ့သောလည်း ဒုတိယ အများဆုံး ရသည်ဟုလည်း ပြောနိုင်သည်။ သို့တိုင်အောင် မကျေနပ်သေးဘူးလား…။
“မင်းက အလောင်းအစား စိန်ခေါ်ပွဲ လုပ်ချင်လို့လား…” လျှပ်စီးကလန် ခေါင်းဆောင်က မေးခွန်းထုတ်သည်။
လူအုပ်က အံ့အားသင့်စွာ ကြည့်ကြသည်။ ပြိုင်ပွဲသုံးခုအပြင် နောက်ဆုံးအနေဖြင့် အလောင်းအစား စိန်ခေါ်ပွဲတစ်ခု ကျန်ရှိသေးသည်ကို လူတိုင်းက သိကြသည်။ နာမည်အတိုင်းပင် အလောင်းအစား စိန်ခေါ်ပွဲကား လောင်းကစားခြင်း ဖြစ်ပေသည်။
ပြိုင်ပွဲသုံးခုပြီးလျှင် ကလန်များ၏ အရင်းအမြစ်ခွဲဝေမှုက ဆုံးဖြတ်ပြီးသား ဖြစ်သွားသည်။ ကလန်များက သူတို့ ပိုင်ဆိုင်ထားသော အရင်းအမြစ် ခွဲဝေခြင်း ရာနှုန်းကို အသုံးပြု၍ အလောင်းအစား လုပ်နိုင်ပေသည်။
ရှမ်းဟိုင်က နောက်လှည့်ကာ ကုန်သည်အုပ်စု ခေါင်းဆောင်ကို ပြောသည်… “ခေါင်းဆောင်… ကျွန်တော်က ပထမပြိုင်ပွဲရဲ့ ရလဒ်နဲ့ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရပါတယ်… ဒါကြောင့် ကျွန်တော်က ဆုံးရှုံးသွားတာကို ပြန်ရယူချင်ပါတယ်… ခေါင်းဆောင်က အခွင့်အရေး တစ်ခါလောက်ပေးဖို့ တောင်းဆိုပါတယ်…”
ကုန်သည်အုပ်စု ခေါင်းဆောင်၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက ရှမ်းဟိုင်အား ကြည့်ကာ မေးသည်… “မင်းက ဘယ်လို အလောင်းအစား လုပ်ချင်လဲ…”
ရှမ်းဟိုင်၏ အကြည့်က ဝမ်ကလန်ဘက်ကို ရောက်သွားကာ ပြန်ပြောသည်… “ကျွန်တော်က ဒုတိယ ပြိုင်ပွဲမှာ ကျွန်တော် အနိုင်ရထားတဲ့ ရာနှုန်းကို သုံးပြီး ဝမ်ကလန်က ပထမပြိုင်ပွဲက ရထားတဲ့ ရာနှုန်းနဲ့ အလောင်းအစား လုပ်မှာပါ…”
ဝမ်ကလန်ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ ရှမ်းဟိုင်အား ကြည့်ပြီး ပြောသည်… “မင်းက ဘာကို ဆိုလိုတာလဲ…”
“ကျုပ်၊ မှော်ဆရာဝူနဲ့ တွမ့်ချီတို့က ဒုတိပြိုင်ပွဲရဲ့ အနိုင်ရသူတွေပဲ… ကျုပ်တို့က ဝမ်ယွီရိုနဲ့ သူမရဲ့ အကူသုံးယောက်ကို စိန်ခေါ်တယ်…” ရှမ်းဟိုင်က သနား ကရုဏာကင်းမဲ့စွာ ပြောသည်။ လူတိုင်းက သူ၏စကားကို ကြားကာ ထူးဆန်း သွားကြသည်။ ရှမ်းဟိုင်က စိတ်လွတ် သွားပြီလားဟု သူတို့ တွေးမိကြသည်။ အလယ်အလတ်အဆင့် အကာနာများက အဆင့်နိမ့် အကာနာများကို စိန်ခေါ်နေသည်…။
“မင်းက ဟာသ လာလုပ်နေတာလား…” ဝမ်ကလန်ခေါင်းဆောင်က ခံစားချက် ကင်းမဲ့စွာ ပြောသည်… “ကလန်လေးခုက အလောင်းအစား လုပ်ပိုင်ခွင့် ရှိပေမဲ့ ဒီလို မတရားတဲ့ အလောင်းအစားမျိုး တစ်ခါမှ မရှိခဲ့ဘူး… ငါတို့ လက်မခံဘူး…”
“ဒါက တကယ်ပဲ မမျှတဘူး.. ဒါကြောင့် ကျုပ်က တိုက်ပွဲမှာ မပါတော့ဘူး… မှော်ဆရာဝူနဲ့ တွမ့်ချီတို့ပဲ တိုက်ခိုက်လိမ့်မယ်… လောင်းကြေးကိုတော့ ကျုပ်က ပထမပြိုင်ပွဲက သဘာဝစွမ်းအင် ကျောက်တုံး မိုင်းတွင်းတွေရဲ့ တစ်ဆယ်ရာနှုန်းကို ထပ်ထည့်ပေးမယ်…” ရှမ်းဟိုင်က ကြည်လင် ရှင်းလင်းသော အသံဖြင့် ကြေညာသည်… “ဘယ်လိုလဲ…”
“ဟင်း…” ဝမ်ကလန် ခေါင်းဆောင်က နှာခေါင်းရှုံ့သည်… “အဓိပ္ပာယ်မရှိတာ…” သူကရီဖူရှင်းနှင့် သူ၏သူငယ်ချင်းများ၏ အရည်အချင်းကို သိသည်။ သို့သော်လည်း တစ်ဖက်လူကား မှော်ဆရာဝူနှင့် မိစ္ဆာဓားတို့ ဖြစ်ကြကာ အကာနာအဆင့်ငါးနှင့် အဆင့်ခြောက်တွင် အသီးသီး ရှိကြသည်။ ရီဖူရရှင်းတို့ မည်သို့ ယှဉ်နိုင်မည်နည်း…။
ရီဝူချင်းနှင့် ဝမ်ယွီရိုတို့က အကာနာအဆင့် သုံးတွင်သာ ရှိပြီး ရီဖူရှင်းနှင့် ယူချင်းတို့က အကာနာ အဆင့်နှစ်တွင်သာ ရှိပေသည်။ အဆင့်သုံးလေးခု ကွာဟခြင်းကား ပါရမီတစ်ခုတည်းဖြင့် ခုန်ကျော် တိုက်ခိုက်၍ ရသည်မဟုတ်ပေ။ တစ်ဖက်က လောင်းကြေးကို တိုးမြှင့်လျှင်ပင် ရှုံးနိမ့်မည် သေချာသော တိုက်ပွဲကို မည်သူမှ မတိုက်ခိုက်ပေ။ ထို့အပြင် အကယ်၍ သူတို့က စိန်ခေါ်ပွဲကို လက်ခံခဲ့ပါက ရှမ်းဟိုင်က ရီဖူရှင်းတို့အား သတ်ရန် ကြိုးစားမည်မှာ သေချာပေသည်။
“သွားမယ်…” ဝမ်ကလန် ခေါင်းဆောင်က ပြောသည်။ ဝမ်ကလန်မှ ကျန်လူများက ရှမ်းဟိုင်အား ခံစားချက် ကင်းမဲ့စွာ ကြည့်ကြသည်။ ထိုသို့ မမျှတသော အလောင်းအစားကို တင်ပြရဲရလောက်အောင် သူ၏ခေါင်းထဲတွင် ဘာရှိသနည်း။ အဓိပ္ပာယ် ကင်းမဲ့လှသည်။
ရီဖူရှင်းနှင့် သူ၏ မိတ်ဆွေများကလည်း နောက်လှည့် သွားကြသည်။ သူတို့ကလည်း တိုက်ခိုက်ရန် စိတ်မဝင်စားကြပေ။
“ကျုပ်မှားတယ် ဆိုတာကို မင်းက သက်သေ မပြချင်ဘူးလား…” ရှမ်းဟိုင်က ရီဖူရှင်းကြားအောင် တမင်ပြောသည်… “မင်းက ခုနက ဘယ်လောက် မောက်မာလိုက်လဲ… အခု မင်းက ဒီလို အရှက်မရှိ ထွက်သွားတော့မှာလား…”
“ခွေးကောင်…” ယန်ထန်းက အေးစက်စွာ ပြောသည်… “ခင်ဗျားကသာ ရှက်ရကောင်းမှန်း မသိတာ…”
အလယ်အလတ်အဆင့် အကာနာတန်ခိုးရှင်က အဆင့်နိမ့် အကာနာအား အလောင်းအစား လက်ခံအောင် တမင် ရန်စနေသည်။
“အစ်ကိုရီ… သူ့အကွက်ထဲ မဝင်စေနဲ့…” ယန်ထန်းက ပြောသည်။
“ကျုပ်သိတယ်…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။
“ဟ…” နောက်ထပ် အသံတစ်သံ ထွက်လာသည်။ သူကား တွမ့်ချီဖြစ်သည်။ သူက ပြုံးလျက်ပြောသည်… “ခေါင်းငုံ့ပြီး နေတတ်တဲ့ ဓားသမားက ဓားကိုကိုင်ဖို့ မထိုက်တန်ဘူး…”
ရီဝူချင်း၏ ခြေလှမ်းက နှေးကွေး သွားသည်။ တွမ့်ချီ၏ စကားက ကျောက်စိမ်းဖြူ မျှော်စင်မှ အဖြစ်အပျက်အား ရည်ညွှန်းနေခြင်း ဖြစ်သည်။
ရီဖူရှင်း၏ ခြေလှမ်းကလည်း နှေးကွေးသွားသည်။ သူက ရုတ်တရက် ပြုံးလိုက်ကာ ပြောသည်… “မင်းက ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒီလို လုပ်ရတာလဲ…” ထိုသို့ပြောကာ သူက ဝမ်ကလန် ခေါင်းဆောင်အား မေးသည်… “စီနီယာ… ကျွန်တော့်ကို ယုံပါသလား…”
ဝမ်ကလန် ခေါင်းဆောင်၏ မျက်လုံးက အရောင်လက် သွားသည်… “မင်းက စိန်ခေါ်ပွဲကို လက်ခံချင်လား…”
ရီဖူရှင်းက ခေါင်းညိတ်သည်။
“နင် ရူးသွားပြီလား… နင်က အရမ်း စွမ်းအား ကောင်းတာ ငါသိတယ်… ဒါပေမဲ့ သူက အလယ်အလတ် အကာနာ အဆင့်နော်… သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကလည်း အရမ်းအားကောင်းတယ်… သူက တမင် နင်တို့ကို စိတ်ဆိုးအောင်ပြောပြီး အလောင်းအစားကို လက်ခံအောင် လုပ်နေတာ… သူတို့က နင်တို့ကို သတ်လိမ့်မယ်..” ဝမ်ယွီရိုက လေးနက်စွာ ပြောသည်။
“ငါသိတယ်…” ရီဖူရှင်းက ဝမ်ကလန် ခေါင်းဆောင်ကို ကြည့်နေဆဲ ဖြစ်သည်။
ဝမ်ကလန် ခေါင်းဆောင်က ရီဖူရှင်း၏ မျက်လုံးကို ကြည့်ကာ ခေါင်းညိတ်သည်… “ဒီလို ရုန့်ရင်းတဲ့ လူငယ်မျိုး မမြင်ဖူးတာ တော်တော် ကြာခဲ့ပြီ… မင်းရဲ့ ရူးသွပ်မှုကို ဒီတစ်ကြိမ် ငါလည်း အဖော်လုပ်ပေးမယ်… ပထမပြိုင်ပွဲက အနိုင်ရတာက မူလက မင်းတို့ကြောင့်ပဲ… အခုလည်း မင်း ဆုံးဖြတ်ဖို့ ငါခွင့်ပြုတယ်…”
“ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူ၏ အကြည့်က ရှမ်းဟိုင်ဘက်ကို ရောက်သွားသည်။
ထိုအခိုက်တွင် ရှမ်းဟိုင်ကား တောက်ပစွာ ပြုံးနေသည်။ တွမ့်ချီကလည်း ပြုံးနေသည်။ သူက ရီဖူရှင်းကို ကြည့်ကာ ရှမ်းဟိုင်ဘက်ကို ပြောသည်… “မင်းက ငါ့ကို ပေးမဲ့ဟာကို မမေ့နဲ့…”
“ငါမင်းကို နှစ်ဆပေးမယ်…” ရှမ်းဟိုင်က ပြောသည်။
“ကောင်းတယ်… ငါက မင်းကို ကူညီပြီး သူတို့ အသက်တွေကို ရိတ်သိမ်းပေးမယ်…” တွမ့်ချီ၏ အပြုံးက ပိုမိုလင်းလက် တောက်ပလာသည်။
***