ယွန်ယွဲ့စင်မြင့်၏ လေထုက ပိုမို တင်းမာလာဟန် ရသည်။
ထိုအခိုက်တွင် နောက်ဆုံး တိုက်ပွဲက စတင်တော့မည် ဖြစ်သည်ကို လူတိုင်းက ရိပ်မိကြသည်။ အားလုံး၏ မျက်နှာတွင် အလွန်တရာ လေးနက်သော အမူအရာများကို မြင်ကြရသည်။ ကလန်လေးခုက အနည်းငယ်မျှသော အမှားကိုပင် ပြုလုပ်၍ မရတော့သော အခြေအနေ ဖြစ်ပေသည်။
စင်မြင့်အောက်တွင် အင်အားစုလေးခုမှ တန်ခိုးရှင်များ အားလုံးက စိုးရိမ်စွာ ကြည့်နေကြသည်။ ပြိုင်ပွဲရလဒ်က နောက်နှစ် သူတို့အင်အားစုများ ရရှိမည့် အထောက်အပံ့ ပစ္စည်းများ၏ ပမာဏကို ဆုံးဖြတ်မည် ဖြစ်သည်။
ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့က ပြိုင်ပွဲအဆုံးအထိ ကျန်ရှိနေမည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။ တခြားတစ်ဖက်တွင် ဝမ်ယွီရို ဖိတ်ခေါ်ထားသော ချန်းဖန်ကား ပြိုင်ပွဲမှ ထွက်ခွာသွားရပြီး ဖြစ်သည်။ ကြည့်ရသည်မှာ ဝမ်မိသားစုက သိပ်အခြေအနေ ကောင်းပုံမရပေ။
ဝမ်လင်းဖန်ကလည်း တိုက်ပွဲစင်မြင့်ကို စိုက်ကြည့်နေသည်။ ဘာတွေ ဖြစ်ပျက်နေသနည်း။ ချန်းဖန်က အဘယ်ကြောင့် စောစီးစွာ ပြိုင်ပွဲက ဖယ်ထုတ်ခံရသနည်း။ မည်သို့ဖြစ်ပါစေ လာမည့်တိုက်ပွဲက သူ၏ကံကြမ္မာကို ပြောင်းလဲ စေတော့မည်ဟု ခံစားနေရသည်။
လူအုပ်ထဲတွင် ယန်ထန်းနှင့် ယန်ရီတို့ကလည်း တိုက်ပွဲစင်မြင့်ကို ကြည့်နေကြသည်။ ရီဖူရှင်းတို့အဖွဲ့က သည်မျှ အားကောင်းမည်ဟု သူတို့ မထင်ထားကြပေ။ သူတို့က ယခုထိ တစ်ပွဲမှ မရှုံးကြသေးပေ။
ယန်ထန်းက သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကာ စိုးရိမ်စွာ ကြည့်နေသည်။ ထိုအခိုက်တွင် ရီဖူရှင်းက တိုက်ပွဲခြောက်ပွဲကို အနိုင်ရပြီးကာ သူလိုအပ်သော မြေပုံကို ရနိုင်ပြီဖြစ်သည်။ ယခု ရီဖူရှင်းက စိတ်ဝိညာဉ် အားဖြည့် မြက်စိမ်းအတွက် တိုက်ခိုက်ရတော့မည် ဖြစ်သလို ထိုတိုက်ပွဲကလည်း လွန်စွာ အန္တရာယ် များပေသည်။
ယွန်ယွဲ့စင်မြင့်ပေါ်တွင် ဝမ်မိသားစု၊ ဖန်းမိသားစု၊ လျှပ်စီးကလန်တို့က အကူသုံးယောက်စီ ကျန်ရှိပြီး ယွန်ယွဲ့ကုန်သည် အုပ်စုက နှစ်ယောက်မျှသာ ကျန်တော့ပြီ ဖြစ်သည်။ သို့သော်လည်း အင်အားစုသုံးခုက ခုနက ဝမ်မိသားစုအား ပစ်မှတ်ထား တိုက်ခိုက်မည့်သဘော ရှိနေသည်။ သူတို့က ထိုအတိုင်း ဆက်လက် ပစ်မှတ်ထားကြမည်လား…။
ယခုအလှည့်ကား ဖန်းမိသားစု၏ စိန်ခေါ်လှည့်ဖြစ်သည်။ မရေမတွက်နိုင်သော လူများက ဖန်းမိသားစုအား ကြည့်ကြသည်။ ဖန်းမိသားစုဘက်မှ အုပ်စုကို ဦးဆောင်သူကား သူတို့မိသားစု၏ ပါရမီရှင် တစ်ယောက်ဖြစ်သူ ဖန်းယွီဖြစ်သည်။
ဖန်းယွီ၏ မျက်လုံးများက အရောင်လက်သွားကာ သူ၏ရှေ့မှ အင်အားစုသုံးခုကို ကြည့်သည်။ ယခုကား သူတို့ ဖန်းမိသားစုမှ စိန်ခေါ်လှည့်ဖြစ်သည်။ သူက မည်သည့်အဖွဲ့ကို စိန်ခေါ်သည်ဖြစ်စေ အနိုင်ရသည့်အဖွဲ့က အထက်စီးကို ရောက်သွားကာ တခြားအဖွဲ့များ၏ ပစ်မှတ်ထား တိုက်ခိုက်သည်ကို ခံရမည် ဖြစ်ပေသည်။ အားအနည်းဆုံးသော အဖွဲ့ကို ပြပါဆိုလျှင် ဝမ်မိသားစုသာ ရှိပေသည်။ သို့သော် ထိုအရာက ဖြစ်နိုင်ဖွယ်သာ ဖြစ်သည်။ ယူချင်းနှင့် ရီဝူချင်းတို့က သူတို့၏ အရည်အချင်းများ အားလုံးကို ထုတ်ပြခဲ့ခြင်း မရှိကြသေးပေ။
“ကျုပ်တို့က တခြားလူတွေကို စိန်ခေါ်ခွင့် လက်လျှော့ လိုက်တယ်…” ဖန်းယွီက ရုတ်တရက် ပြောလိုက်ရာ လူအများအပြားအား ထိတ်လန့်စေသည်။
ဖန်းမိသားစုက သူတို့၏ အခွင့်အရေးကို အလွန် စောစီးစွာ လက်လျှော့ လိုက်သည်…။ ဆိုလိုသည်က ယခုမှစ၍ ဖန်းမိသားစုက တခြား အင်အားစုများအား စိန်ခေါ်တော့မည် မဟုတ်တော့ဘဲ စိန်ခေါ်မှုများကိုသာ လက်ခံတော့မည်ဟူ၍ ဖြစ်သည်။
မှန်သည်… ထိုနည်းကလည်း တစ်နည်းအားဖြင့် ကောင်းမွန်သော နည်းစနစ်တစ်ခု ဖြစ်သည်။ သူတို့က စိန်ခေါ်သည့်လူ၏ အရည်အချင်းကိုသာ လိုက်၍ သူတို့၏ လူများကို စေလွှတ်ရန် လိုပေသည်။ ထိုအရာက ကောင်းမွန်သော အရာဖြစ်သော်လည်း ယခင်ပြိုင်ပွဲများတွင်လည်း မည်သည့် အင်အားစုကမှ စောစီးစွာ စိန်ခေါ်ခွင့်ကို လက်လျှော့ခြင်း မရှိကြပေ။ မည်သည့် အင်အားစုကမှ တုံးအခြင်း မရှိကြဘဲ အားလုံးက စိန်ခေါ်ခွင့် လက်လျှော့ခြင်း၏ အကျိုးကျေးဇူးကို သိကြသည်။
အင်အားစုတစ်ခုက စိန်ခေါ်ခွင့် လက်လျှော့သည့် အချိန်ကား အင်အားစုသုံးခုလုံးက ပစ်မှတ်ထား တိုက်ခိုက်ခံရသော အချိန်နှင့် အင်အားစုအားလုံးက စိန်ခေါ်ခွင့် လက်လျှော့ခြင်းဖြင့် အုပ်စုဖွဲ့တိုက်ပွဲကို ဝင်ရောက်ခြင်း ဖြစ်သည်။
မည်သို့ဆိုစေ သည်အချိန်ကား လက်လျှော့ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ ယခုတွင်ကား သူတို့၏ အရည်အချင်းရှိသော လူများ၏ စွမ်းရည်များကို တစ်ဖက် အင်အားစုများက အတိအကျ သိဟန်မရရာ မည်သူကမှ အလျင်စလို စိန်ခေါ်ကြမည် မဟုတ်ပေ။ ထို့အပြင် ဝမ်မိသားစုနှင့် ယွန်ယွဲ့ကုန်သည် အုပ်စုတို့ အကြားလည်း အနည်းငယ် ပြဿနာများ ရှိနေဟန်ရသည်။ ဖန်းမိသားစုက တခြား အင်အားစုများ၏ ဝိုင်းဝန်း ပစ်မှတ်ထား တိုက်ခိုက်ခံရမည့်ပုံစံ မရှိပေ။ အကောင်းဆုံး အခြေအနေက အင်အားစုလေးခုလုံးက လက်လျှော့ကာ အုပ်စုဖွဲ့တိုက်ပွဲထဲကို ဝင်ရောက်ခြင်း ဖြစ်သည်။
သူတို့က နောက်ဆုံးအဆင့်ကို ဝင်ရောက်သည်နှင့် ယွန်ယွဲ့ကုန်သည် အုပ်စုနှင့် ဝမ်မိသားစုတို့ နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့က ပြိုင်ပွဲမှ စောစီးစွာ ထွက်ရမည်မှာ သေချာပေသည်။ ဖန်းမိသားစုနှင့် လျှပ်စီးကလန်တို့က မူလကတည်းက အခြေအနေကို လိုက်၍ ကြိုတင် ပြင်ဆင်ထားခြင်း မရှိသော နားလည်မှုတစ်ခုကို ယူထားနိုင်သည်ဟု ဆိုရပေမည်။
ဖန်းမိသားစုက လက်လျှော့လိုက်သည်။ ထို့ကြောင့် ဖန်းမိသားစု သယ်ပိုးထားရသော ဖိအားများက ဝမ်မိသားစုထံကို ရောက်လာသည်။ အထူးသဖြင့် ဝမ်ယွီရိုအတွက် အလွန် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချရန်ဖြစ်လာသည်။
ဝမ်ယွီရိုက ရှေ့ကို ကြည့်ကာ လျင်မြန်စွာပင် တွေးတောသည်။ သူမက တစ်ဖက် အင်အားစုများကို စိန်ခေါ်လျှင်ပင် မည်သူ့ကို စိန်ခေါ်ရမည်နည်း…။ မည်သည့် အင်အားစုကို ရွေးပါစေ ဝမ်မိသားစုက ပစ်မှတ်ထား ခံရမည်မှာ သေချာပေသည်။
“ကျွန်မလည်း လက်လျှော့တယ်…” ဝမ်ယွီရိုက ပြောသည်။ သူမက ထိုသို့ ပြောလိုက်သည်နှင့် လူအများအပြားက သက်ပြင်း ရှိုက်လိုက်ကြသည်။ နောက်ဆုံးတိုက်ပွဲက အမှန်ပင် ရောက်ရှိလာပြီလား…။
ဖန်းမိသားစုနှင့် ဝမ်မိသားစုတို့က စိန်ခေါ်ခွင့်ကို လက်လျှော့ လိုက်ကြသည်။ လျှပ်စီးကလန်နှင့် ယွန်ယွဲ့ကုန်သည် အုပ်စုတို့ကလည်း ထိုနည်းလည်းကောင်း လုပ်ကြမည်မှာ သေချာနေသည်။
ရီဖူရှင်းက ဝမ်ယွီရိုအား အံ့အားသင့်စွာ ကြည့်သည်။ ဝမ်ယွီရို၏ အမြင်တွင်မူကား မည်သို့ဆိုစေ ဤနည်းသာ အကောင်းဆုံး ဖြစ်သည်။
“ဒီတစ်ခေါက် ရှင် သက်သေပြရမယ့် အလှည့်ပဲ…” ဝမ်ယွီရိုက ရီဖူရှင်းကို ပြောသည်။ ရီဖူရှင်းအား သည်မတိုင်မီက မည်မျှ သဘောမကျသည် ဖြစ်စေ ယခု သူတို့က အတူတူ ယှဉ်တွဲ၍ တိုက်ခိုက်ရတော့မည် ဖြစ်ပေသည်။
“ကျုပ်ကို ကျုပ် သက်သေပြရမယ်…” ရီဖူရှင်းက ပြုံးကာ ပြောသည်… “မင်းရဲ့ အားပေးစကားတွေက အတုအယောင်တွေနဲ့ အရမ်းတူတယ်…”
သူက ဘာကို သက်သေပြရမည်နည်း…။
ဝမ်ယွီရိုက စိန်ခေါ်မည် မဟုတ်ဟု ပြောသောအခါ မရေမတွက်နိုင်သော လူများက လျှပ်စီးကလန်အား ကြည့်နေကြသည်။ လေရှင်းထန်က လူတိုင်းအား ပြုံးပြကာ ပြောသည်… “ကျုပ်လည်း စိန်ခေါ်ခွင့်ကို လက်လွှတ်တယ်…”
ဤသို့သော အချိန်အခါမျိုးတွင် မည်သူကမှ အဖွဲ့အားလုံး၏ ပစ်မှတ်အဖြစ်ခံရန် တစ်စုံတစ်ယောက်ကို စေလွှတ်ကြမည် မဟုတ်ပေ။ မဟုတ်လျှင် သူတို့က လူတစ်ယောက် ဆုံးရှုံးကာ ပြိုင်ပွဲမှ စောစီးစွာ ထွက်ရနိုင်သည်။ နောက်ဆုံးတွင် ယွန်ယွဲ့ကုန်သည် အုပ်စု၏ အလှည့်ကို ရောက်လာသည်။
ယွန်ယွဲ့ကုန်သည် အုပ်စုကလည်း စိန်ခေါ်ခွင့်ကို လက်လျှော့လိုက်လျှင် ပြိုင်ပွဲ၏ နောက်ဆုံးတိုက်ပွဲက စတင်တော့မည် ဖြစ်ပေသည်။
မြန်ဆန်လွန်းလှသည်…။ အဆုံးအဖြတ်တိုက်ပွဲက ဤမျှ မြန်မြန် ရောက်လာမည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။
တိုက်ပွဲစင်မြင့်ပေါ်တွင် တခြား အင်အားစုများက စုစုပေါင်း အရေအတွက်အားဖြင့် ဆယ့်တစ်ယောက် ရှိပေသည်။ ရှမ်းဖေးယူက အေးစက်သော အမူအရာဖြင့် သူ၏ မျက်နှာချင်းဆိုင်မှ ဝမ်ယွီရိုနှင့် ရီဖူရှင်းကို ကြည့်သည်။ သူတို့က နောက်ဆုံး အုပ်စုဖွဲ့တိုက်ပွဲကို အတူတူ ဝင်ရပါက ယွန်ယွဲ့ကုန်သည် အုပ်စုတွင် အကူနှစ်ယောက်မျှသာ ရှိပြီး တခြားအဖွဲ့များတွင် သုံးယောက်စီ ရှိကြပေသည်။
သို့ဆိုလျှင် ဘာဖြစ်လာမည်နည်း…။
ရှမ်းဖေးယူ မသိပေ။ သို့သော် သူက အလောင်းအစားတော့ လုပ်မည် မဟုတ်ပေ။
တခြား အင်အားစုသုံးခုက ယွန်ယွဲ့ကုန်သည် အုပ်စုအား အုပ်စုဖွဲ့တိုက်ပွဲထဲကို အကူနှစ်ယောက်မျှဖြင့် ဝင်ရောက် စေလိုသည်လား…။ ထိုအရာက ဖြစ်နိုင်ပါ့မလား…။
“ဖန်းမိသားစု… လျှပ်စီးကလန်… ခင်ဗျားတို့က ကျုပ်တို့နဲ့ အတူတူဖြစ်အောင် တစ်ယောက်စီ ဖယ်ထုတ်သင့်တယ်လို့ ကျုပ်ထင်တယ်…” ရှမ်းဖေးယူက ပြောသည်။ လူတိုင်း၏ မျက်လုံးများက ရှမ်းဖေးယူကို ကြည့်ကာ အရောင်လက် သွားကြသည်။ ဘယ်လောက် အထက်စီး ဆန်လိုက်သနည်း…။
“ဝမ်မိသားစုကတော့ လူတစ်ယောက်ကိုတောင် ထိန်းထားဖို့ စိတ်မကူးနဲ့…” ရှမ်းဖေးယူက ဝမ်မိသားစုဘက်ကို အေးစက်စွာ ကြည့်ကာ ပြောသည်။ ထို့နောက် သူက ဖန်းမိသားစုဘက်ကို ကြည့်ကာ ပြောသည်… “ဖန်းမိသားစု… ခင်ဗျားတို့ ငြင်းစရာ ရှိလား…”
ဖန်းယွီ၏ မျက်နှာက နက်မှောင်သွားသည်။ ရှမ်းဖေးယူ၏ ဘေးမှ ရီရှောင်နှင့် နေ့ယွန်တို့ နှစ်ယောက်လုံးက ထရပ်သည်။ သိသာစွာပင် သူက သဘောမတူပါက ရှမ်းဖေးယူက ဖန်းမိသားစုကို တိုက်ရိုက် စိန်ခေါ်တော့မည် ဖြစ်သည်။
အကယ်၍ ဖန်းယွီက သူ့တွင် ရှိသော အားအနည်းဆုံး လူအား စေလွှတ်လျှင် သူက ရှုံးမည်မှာ သေချာသည်။ အကယ်၍ ပိုမိုအားကောင်းသော လူကို စေလွှတ်ပြီး ရှုံးနိမ့်ခဲ့လျှင်ရော…။
ယွန်ယွဲ့ ကုန်သည်အုပ်စုမှ လူများအားလုံးက ရှမ်းဖေးယူ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ စိတ်ကျေနပ်ကြသည်။ ကြည့်ရသည်မှာ ယွန်ယွဲ့ကုန်သည် အုပ်စုက အားနည်းသော ပုံစံ မရှိတော့ပေ။
“ကြည့်ရတာ ဖန်းယွီရဲ့ အစီအစဉ် အောင်မြင်ပုံမရဘူး…” လူအများအပြားက ရေရွတ်ကြသည်။ ဖန်းယွီကလည်း အလောင်းအစား လုပ်မည် မဟုတ်ပေ။
“ကောင်းပြီ…” ဖန်းယွီက ခေါင်းညိတ်ကာ သူ၏ လူတစ်ယောက်အား ကြည့်လိုက်သည်။ ထိုလူက ခေါင်းညိတ်ကာ ထရပ်ပြီး စင်အောက်ကို ဆင်းသွားသည်။ သူက ဆက်လက် တိုက်ပွဲဝင်လျှင်ပင် သူ၏အရည်အချင်းဖြင့် ဆိုပါက ရှုံးနိမ့်မည်မှာ သေချာပေသည်။ သူက နေ့ယွန်နှင့် ရီရှောင်တို့အား အနိုင်ယူနိုင်မည် မဟုတ်ပေ။
ရှမ်းဖေးယူက လျှပ်စီးကလန်အား ကြည့်ကာ မေးသည်… “လျှပ်စီးကလန်ကရော…”
အင်အားစုသုံးခုက စိန်ခေါ်ခွင့်ကို လက်လျှော့လိုက်သည်နှင့် ယွန်ယွဲ့ကုန်သည် အုပ်စုက တခြား အင်အားစုများက စိတ်ကြိုက် စိန်ခေါ်ခွင့် ရသွားပေသည်။
“ကောင်းပြီ… ကျုပ် သဘောတူတယ်…” ပြုံးလျက်ပင် လေရှင်းထန်ကလည်း သူ့လူတစ်ယောက်ကို ထုတ်လိုက်သည်။
ဝမ်မိသားစုမှလွဲ၍ ယခု အင်အားစု သုံးခုလုံးက အရေအတွက် တူညီသွားပြီ ဖြစ်သည်။ ခုနကပင် သူက ဝမ်မိသားစုအား လူတစ်ယောက်ကိုမှ ဆက်လက် ပြိုင်ပွဲဝင်ရန် ခွင့်မပြုဟု ပြောခဲ့သည်။
ရှမ်းဖေးယူက သူမအား စိုက်ကြည့်နေသည်ကို သိလိုက်လျှင် ဝမ်ယွီရို၏ မျက်နှာက ပြာနှမ်းသွားသည်။ နောက်လှည့်ကာ သူမက ရီဖူရှင်းအား ကြည့်သည်။ အကယ်၍ ရီဖူရှင်းကသာ အမှန်တကယ် အားကောင်းလျှင် သည်အချိန်က ရီဖူရှင်းအား ပွဲထုတ်ရန် အချိန်ဖြစ်ပေသည်။
ထိုအခိုက်တွင် မိစ္ဆာသွေးလက်ဝါး နေ့ယွန်က ယွန်ယွဲ့စင်မြင့် အလယ်သို့ လျှောက်လာပြီး ဖြစ်ကာ ဝမ်မိသားစုဘက်ကို စိုက်ကြည့်နေသည်။
“ရှင်သွား…” ဝမ်ယွီရိုက ရီဖူရှင်းကို ပြောသည်။
“မလိုဘူး…” ယူချင်းက ထရပ်ကာ ရှေ့ကို ထွက်သွားလျှင် ဝမ်ယွီရိုအား မှင်တက် သွားစေသည်။ သူမက ယူချင်းအား ကြည့်ကာ ရီဖူရှင်းကို ကြည့်သည်။
မလိုဘူး…။ ထိုစကားက ရိုးရှင်းသော်လည်း ယုံကြည်မှုများ ပြည့်နေသည်။ ယူချင်းက နေ့ယွန်ကို အနိုင်ရမည်ဟု ယုံကြည်နေသည်လား…။ ရီဖူရှင်းသွားရန် မလိုဟု ပြောသည်က ရီဖူရှင်းက ယူချင်းထက် အားကောင်းသည်ဟု ဆိုလိုသည်လား…။
ရီဖူရှင်းက ယူချင်းကိုသာ ကြည့်နေသည်ကို ဝမ်ယွီရိုက သတိထားမိလိုက်သည်။ ဘယ်လောက် ထူးဆန်းသောလူလဲ… သူမက တွေးသည်။ ရီဖူရှင်းအား သူမက နားမလည်တော့သလို ခံစားရသည်။
ယူချင်းက ရှေ့ကို ထွက်သွားလျှင် လူအများအပြားကလည်း အံ့အားသင့်ကြရသည်… “ကြည့်ရတာ ဝမ်မိသားစုကလည်း အလျှော့ပေးမယ့်ပုံ မပေါ်ဘူး…”
မိစ္ဆာသွေး လက်ဝါးနေ့ယွန်က ယူချင်းကို အေးစက်စွာ ကြည့်သည်။ သူ၏ မျက်လုံးများမှကြောက်မက်ဖွယ် ကောင်းသော သွေးနီရောင်များ ထလာသည်။
နေ့ယွန်က မီးလျှံနှင့် သွေးနီရောင်များ လင်းလက် တောက်ပနေသော သူ၏လက်ကို ဆန့်တန်းလိုက်သည်။
သည်တစ်ကြိမ်ကား ယူချင်းက အမှန်တကယ်ပင် အလွန် အားကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရဟန် တူသည်။ သည်တိုက်ပွဲအား ယခင် တိုက်ပွဲများကဲ့သို့ အလွယ်တကူ အနိုင်ရမည့်ပုံ မပေါ်ပေ။
“မင်းရဲ့ တိုက်ပွဲက ဒီမှာ အဆုံးသတ်ပြီ…” နေ့ယွန်က အေးစက်စွာ ပြောသည်။ သူ့အနီးတွင် ကြောက်မက်ဖွယ် ကောင်းသော သွေးနီရောင်များ လွှမ်းခြုံလာကာ ပတ်ဝန်းကျင် တစ်ခုလုံး ပျံ့နှံ့လာသည်။ အဝေးမှ လူများပင်လျှင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ခံစားကြရသည်။ ထို့နောက် နေ့ယွန်က ယူချင်းထံ ပြေးဝင်လာသည်ကို လူတိုင်းက မြင်သည်။ သူကား အလွန် မြန်သည်။
နေ့ယွန်က သူ၏လက်ကို အနည်းငယ် နောက်ကို အားယူကာ လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။ ချက်ချင်းပင် ဧရာမ အနီရောင် လက်ဝါးပုံရိပ်ကြီး တစ်ခုက ကောင်းကင်တွင် ပေါ်လာသည်။ သူ၏နေရာတွင်ပင် မျှော်စင်အလား ရပ်နေရင်းက ယူချင်းက သူ၏လက်ကို မြှောက်ကာ သူ့ထံကို ရောက်ရှိလာသော လက်ဝါးအား တိုက်ရိုက် ခုခံလိုက်သည်။
“အရူး…” ရှမ်းဖေးယူက အေးစက်စွာ ပြောသည်။ နေ့ယွန်၏ လက်ဝါးအား ထိုသို့သောနည်းဖြင့် ခုခံသည်လား…။
ယူချင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေနေခြင်းသာ…။
ထိုမြင်ကွင်းကို ကြည့်ကာ ယူချင်းက ဆိုးရွားသော အဆုံးသတ်နှင့် ကြုံတွေ့ရတော့မည်ဟု ကျန်လူများကလည်း တွေးကြသည်။ လက်ဝါးနှစ်ခုက နောက်ဆုံးတွင် လေထဲတွင် ရင်ဆိုင်တွေ့ကြသည်။ ချက်ချင်းပင် သွေးလက်ဝါးမှ ကြောက်မက်ဖွယ် အားလှိုင်းက ယူချင်း၏ လက်သို့ စီးဝင်သွားသည်။ ယူချင်း၏ မျက်နှာက ဘာမှ ပြောင်းလဲခြင်း မရှိပေ။ သူ့ကိုယ်မှ အားလှိုင်းတစ်ခု စီးဆင်းသွားကာ ရောက်ရှိလာသော အားလှိုင်းကို ပယ်ဖျက်သွားသည်။ တခြားတစ်ဖက်တွင် နေ့ယွန်က မဆုံးနိုင်သော အားလှိုင်းများက သူ၏ခန္ဓာကိုယ်ထဲကို စီးဝင်လာသည်ကို ခံစားရသည်။ သူ၏ လက်က တုန်ယင်သွားကာ ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ သူက နောက်ကို လေ၏အလျင်နှင့်အတူ ဆုတ်လိုက်သော်လည်း ယူချင်းက ရှေ့ကို ခြေတစ်လှမ်း တက်ကာ နေ့ယွန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
“သူက နောက်ကို မလွင့်သွားဘူးလား…” လူအများအပြားက ယူချင်း၏ လက်ကို အံ့အားသင့်စွာ ကြည့်ကြသည်။ မိစ္ဆာသွေးလက်ဝါးက ယူချင်းအား နောက်ကို လွင့်စဉ်စေခြင်း မရှိပေ။ ယူချင်းက ဘာမှ ဖြစ်ဟန်လည်း မရပေ။
နေ့ယွန်၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲသွားကာ ရှေ့မှ မြင်ကွင်းကို ထိတ်လန့်စွာ ကြည့်သည်။ သူက တခြားလက်တစ်ဖက်နှင့် လက်ဝါးတစ်ချက် ရိုက်ထုတ်ရန် ကြိုးစားသော်လည်း ယူချင်းကလည်း တစ်ချိန်တည်းတွင် လှုပ်ရှားသည်။ ယူချင်းက နေ့ယွန်၏ ခန္ဓာကိုယ်အား ဆုပ်ကိုင်၍ ကောင်းကင်သို့ ပျံတက်သွားသည်။ ထိုအခိုက်တွင် နေ့ယွန်က သူမည်သို့မှ ခုခံနိုင်စွမ်း မရှိသည်ကို သိလိုက်ရသည်။
ဟူး…
နေ့ယွန်၏ ခန္ဓာကိုယ်အား သယ်ဆောင်ကာ ယူချင်းက ယွန်ယွဲ့အုပ်စုရှေ့ကို ပစ်ချလိုက်သည်။ ထို့နောက် သူက ရုတ်တရက် လေထဲမှ နတ်ဘုရားတစ်ပါး၏ ကိုယ်ပွားအလား နေ့ယွန်၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသည်။
ဘန်း…
ဘန်း…
ပထမ အသံက နေ့ယွန်အား ပစ်ပေါက်လိုက်သော အသံဖြစ်ပြီး ဒုတိယ အသံက ယူချင်း၏ လက်ဝါးရိုက်ချက် အသံဖြစ်သည်။
ယူချင်း၏ လက်ဝါးအောက်တွင် နေ့ယွန်၏ခန္ဓာကိုယ်က ပျော့ခွေသွားပြီး စင်က ကြီးစွာ လှုပ်ယမ်းသွားသည်။ နေ့ယွန်၏ ခန္ဓာကိုယ်က ရှမ်းဖေးယူ၏ရှေ့တွင် မလှုပ်မယှက် လဲလျောင်း နေတော့သည်။ ထိုအခိုက်တွင် ရှမ်းဖေးယူ၏ နှလုံးက အမှန်တကယ် ကြောက်ရွံ့ခြင်းကြီးစွာ ဖြစ်သွားသည်။ သူတစ်ယောက်တည်းသာ မဟုတ်ပေ… တခြားလူများကလည်း လုံးဝ ထိတ်လန့် အံ့အားသင့် နေကြသည်။
ယွန်ယွဲ့စင်မြင့်ပေါ်မှ ကြီးမား သန်မာသော လူငယ်လေးကား ထိုအခိုက်တွင် ပြိုင်ဘက်ကင်း နတ်ဘုရားအလား ထင်မှတ်ရပေသည်။ ဝမ်ယွီရို၏ ခန္ဓာကလည်း ထိန်းချုပ် မရတော့အောင် တုန်ယင်သွားသည်။ နေ့ယွန်က မြေကြီးပေါ်တွင် အရိုက်ခံလိုက်ရသော အချိန်တွင် သူမ၏ နှလုံးအားလည်း ပြင်းစွာ အရိုက်ခံရသလို ခံစားရသည်။
သူကား မိစ္ဆာသွေးလက်ဝါး နေ့ယွန်ဖြစ်သည်။
သို့သော်လည်း သူက တခြား ယူချင်း အနိုင်ယူခဲ့သော လူများနှင့် ဘာမှ ကွဲပြားခြားနားဟန် မရှိပေ။
***