မမြင်ရသော အားလှိုင်းများ တဖြည်းဖြည်း ပျံ့နှံ့လာသလို အနက်ရောင် လူကလည်း ရှေ့ကို အေးအေးလူလူ လျှောက်လာသည်။ သူ၏ ကိုယ်ရောင် ကိုယ်ဝါက တဖြည်းဖြည်း အားကောင်းလာသည်။
ပတ်ဝန်းကျင်မှ လူများက သူ့အား ထူးဆန်းစွာ ကြည့်ကြသည်။ သူ၏ ရုပ်ရည်က သာမန် ဖြစ်သော်လည်း သူ၏ မျက်လုံးများက နက်ရှိုင်းလွန်းသည်။ သူ၏ မျက်ခုံးများကလည်း ကွဲပြား ခြားနားသည်။ ထိုအရာများက လခြမ်းကဲ့သို့ ထင်ရသော်လည်း နှစ်ဖက်သွား ဓားကဲ့သို့လည်း ထင်ရသည်။
ချင်ပြည်ထောင်မှ လူတချို့က မျက်မှောင်ကြုတ် လိုက်ကြသည်။ လျှပ်တစ်ပြက်ပင် သူတို့က ထိုလူထံသို့ ခုန်လွှား သွားကြကာ တစ်ယောက်က လှမ်းမေးသည်… “ခင်ဗျား ဘယ်သူလဲ…” တစ်စုံတစ်ယောက်က မေးသည်။
ထိုလူက ဘာမှ ပြန်မပြောပေ။ သူက ရှေ့ကို ဆက်တိုးသွားလျှင် သူ၏ ကိုယ်ရောင်ကိုယ်ဝါက သူ့ရှေ့မှ ချင်ပြည်ထောင်မှ လူများအား ဖုံးလွှမ်းသွားသည်။ ထိုခဏတွင်ပင် သူတို့၏ နှလုံးများ တုန်ယင်လာသည်။ သူတို့၏ တစ်ကိုယ်လုံးက အေးစက်လာ၏။ ထိုအခိုက်တွင် သူတို့က လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော လေဟာနယ် အကန့်အသတ်ထဲကို ရောက်နေသည်ဟု ခံစားကြရသည်။ မမြင်ရသော ကိုယ်ရောင်ကိုယ်ဝါက သူတို့အား အစိတ်စိတ် ကြေမွစေနိုင်သည်။
ထိုအနက်ရောင် ဝတ်စုံနှင့်လူက လောကတွင် တစ်ယောက်တည်း ရှိနေပုံရသည်။ သူက ညစာစားပွဲ၏ အလယ်သို့ လျှောက်လာသည်။ သူ၏ ခြေလှမ်းက တဖြည်းဖြည်း လေထဲကို တက်လာသည်။ ပထမ ခြေလှမ်းထက် ဒုတိယ ခြေလှမ်းက ပိုမြင့်၏။
တဖြည်းဖြည်းဖြင့် လူအများက သူ၏ တည်ရှိမှုကို သတိထား မိလာကြသည်။ လူအများအပြားက မျက်မှောင်များကုပ်လျက် လှမ်းကြည့်ကြသည်။ ချင်ဘုရင်က အားလုံးသော စွမ်းအားမြင့် တန်ခိုးရှင်များအား ဤနေရာတွင် စုစည်းထားသည်။ လက်ရှိ ဤနေရာတွင် ရှိနေသူများ အားလုံးမှာ အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီးတန်ခိုးရှင်များ ဖြစ်ကြသည်။ သူက ဘယ်သူလဲ။ သူက အဘယ်ကြောင့် မယဉ်မကျေး လူအများ၏အပေါ် လေထဲတွင် လမ်းလျှောက် နေရသနည်း။
အစောင့်များက သူ့ထံသို့ သွားတားရန် ကြိုးစားကြသော်လည်း ထိုလူ၏ ကိုယ်ရောင်ကိုယ်ဝါက ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်းလာသည်။ ထိတ်လန့်ဖွယ် အသိက သူ့ထံမှ ဖြာထွက်လျှင် ကျယ်ပြန့်သော လေဟာနယ် တစ်ခုလုံးအား စတင်ပျံ့နှံ့လာသည်။ သူ့အား သွားတားသော အစောင့်လေထဲတွင်ပင် အေးခဲ ရပ်တန့်သွားသည်။
ဟူး… ဟူး…. လေထုကို အားလှိုင်းများ ဒီရေအလား ပျံ့နှံ့လာနေသည်။ မမြင်ရသော အားလှိုင်းက လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ လူတိုင်းထံ ဆင်းသက်လာသည်။ ဆူညံသံများ အားနည်းသွားကာ မော့ကြည့်ကြသည်။ အနက်ရောင်ဝတ်လူက လူအုပ်အလယ်သို့ လျှောက်လာ နေသည်ကို သူတို့ တွေ့ရသည်။ အားလှိုင်းက ပိုမို သိပ်သည်းလာလျှင် ဆူညံသံများ အားလုံး တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။ မကြာမီ ထိုနေရာတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွား၏။
ထိုလူပေါ်လာသည်နှင့် သူက လူထုအား ဖိနှိပ်ခဲ့သည်။ သူက လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည်။ သူ၏ ရုပ်ရည်က သာမန်ဖြစ်သော်လည်း လူတိုင်းက သူ့အား အာရုံစိုက်နေရသည်။ သူက ချင်နန်းတော်ထဲတွင် တစ်ယောက်တည်း အလား ထီးထီးတည်း လေထဲတွင် ရပ်နေသည်။
စားပွဲမှ ပုဂ္ဂိုလ်ကြီးများက စိတ်နှလုံး တုန်လှုပ်စွာဖြင့် သူ့အား ကြည့်ကြသည်။ ဖူယွန်ဓားကလန် ခေါင်းဆောင်က လွန်စွာ အေးစက်သော အမူအရာဖြင့် ရုတ်တရက် ထရပ်သည်။ သူ၏ မျက်လုံးများက အထက်ရှဆုံး ဓားသွားတစ်လက်လို ထိုလူထံ ပစ်လွင့်သွားသည်။
“ဧကရာဇ်ချင်… ခင်ဗျားက စွမ်းအားမြင့် တန်ခိုးရှင်တွေ အကုန်လုံးကို ခေါ်ထားတယ်… ဘာလို့ ကျုပ်ကို မဖိတ်ခေါ်တာလဲ….” ထိုလူက လေထဲတွင် ရပ်လျက် မေးသည်။ သူ၏ လေသံက အေးစက်ကာ ကျောက်တုံးအလား မာကျောသည်။ သူ၏ မျက်လုံးများက ချင်ပြည်ထောင်၏ အရေးပါသော ပုဂ္ဂိုလ်များအား အာရုံစိုက်ထားဆဲ ဖြစ်သည်။
“ကော့တေးရဲ့ ပထမ တပည့်အတွက် ဒီကိစ္စက သိပ်အရေးမပါမှာကိုပဲ စိုးရိမ်တာပါ….” ဧကရာဇ်ချင်က သူ၏ ထိုင်ခုံနေရာတွင် ထိုင်ကာ လေထဲမှ အနက်ရောင် ဝတ်စုံနှင့်လူအား ကြည့်သည်။
သူကား ကော့တေး၏ ပထမတပည့် ဓားသခင်ဖြစ်သည်။ သူက အရှေ့မြေရိုင်း ဒေသ၏ အနောက်ဘက်မှ ထွက်လာကာ ချင်နန်းတော်သို့ ရောက်လာသည်။ ထိပ်သီး အင်အားစုမှ လူများအားလုံး ထိတ်လန့် ကြောက်ရွံ့ သွားကြသည်။ ဓားသခင်က လူတိုင်း၏ ရှေ့ကို ဤသို့နည်းဖြင့် ရောက်လာမည်ဟု မည်သူမှ မထင်ထားပေ။ ထိုအရာက ရူးသွပ်ခြင်းပင်။ ချင်ဂီက မကြာမီက စာအုပ်တောင်၏ အပြင်ဘက်တွင် သေဆုံးခဲ့သည်။ ဓားသခင်က ချင်ပြည်ထောင်သို့ တစ်ယောက်တည်း လာခဲ့၏။ သူ၏ စွမ်းရည်များအား လုံးဝဥဿုံ ယုံကြည် ထားသည်လား။
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဓားသခင်အား မြင်ဖူးသူ သိပ်မရှိလှရာ ချင်ပြည်ထောင်က စကားလှမ်းပြောမှ သူ့အား ဓားသခင်မှန်း သိကြသည်။
“ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသက လူတွေကို စုပြီး ကော့တေးကို အပြစ်ပေးမယ် ကျုပ်ကြားတယ်… ကျုပ်က မလာလို့ ဘယ်ရမလဲ….” ဓားသခင်၏ အသံတွင် မမြင်ရသော စွမ်းအားများ ပါဝင်နေသည်။ သူတို့၏ တန်ခိုးအဆင့်က မည်မျှ မြင့်နေပါစေ သူ၏ကိုယ်ပိုင် အရောင်အဝါက ချင်နန်းတော် တစ်ခုလုံးအား ဖိနှိပ်ထားနိုင်သည်။
ချင်ဘုရင်က ဓားသခင်အား တစ်ခွန်းမှ မပြောဘဲ ကြည့်နေသည်။ သို့သော် ချင်ယွီက ရှေ့ကို တိုးသွားသည်။ သူက ဂူတုံးလျိုနှင့် လုနန်ထျန်းတို့နှင့် အဆင့်တူသည်။ ဓားသခင်က သူ့မတိုင်မီ ကတည်းက ကျော်ကြားခဲ့သူ ဖြစ်သည်။
ဓားသခင်က တိုက်ပွဲ တစ်ပွဲတည်းကိုသာ တိုက်ခဲ့သည်။ သို့သော် သူက ဖူယွန်ဓားကလန်၏ ခေါင်းဆောင်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ ထိုတိုက်ပွဲက သူ့အား ဓားသခင်ဘွဲ့ကို ရစေသည်။ ယခု ဓားသခင်၏အဆင့်ကို သူတို့ မသိပေ။
“ကျုပ်က ခင်ဗျားရဲ့ နာမည်ကို အရင်နှစ်တွေ ကတည်းက ကြားဖူးတယ်…. ဓားသခင်…. ဒီနေ့ ခင်ဗျားဆီက နည်းနည်းလောက် သင်ယူချင်တယ်…” ချင်ယွီက ပြောသည်။ ကြောက်မက်ဖွယ် တိုက်ပွဲ အငွေ့အသက်များ သူ့ထံမှ ဖြာထွက်လာသည်။
ဓားသခင်က ချင်ယွီအား ကြည့်သည်။ ထိုအခိုက်တွင် ကြောက်မက်ဖွယ် လေလှိုင်းတစ်ခုက ချင်နန်းတော်အား တိုက်ခတ်သွားသည်။ နောက်မှ လိုက်ပါလာသည်က ကောင်းကင်အား ထက်ခြမ်းခွဲလျက် ဆင်းသက်လာသော ထက်ရှသော ဓားအသိ တစ်ခုဖြစ်သည်။ မဆုံးနိုင်သော ဓားအသိများက နှစ်ဖက်သွား ဓားအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ချိတ်တွဲနေသည်။
ဓားက ကောင်းကင်အား ကန့်လန့်ဖြတ်လျက် လူတိုင်း၏ ခေါင်းအပေါ် လေထဲ ရပ်နေသည်။ ထိုအခိုက်တွင် လောကကြီး၏ အဆုံးသတ်ကို ရောက်နေသည့် ခံစားချက်အား လူတိုင်းက ခံစားရသည်။ ထိုဓားက မည်သည့် အချိန်တွင်မဆို သူတို့ထံ ရောက်ရှိ လာနိုင်သည်။
မရေမတွက်နိုင်သော လူများက ဓားသခင်အား ကြည့်ကြသည်။ ယခု သူက ဘယ်အဆင့်ကို ရောက်နေပြီလဲ…။
ဟူး…။ လေထဲ ရပ်တန့်နေသော ဓားက အောက်ကို ဆင်းသက်လာသည်။ စကားတစ်ခွန်းမှ မပြောဘဲ ဓားသခင်က လှုပ်ရှားခဲ့သည်။ သူက မည်သည့်ဓားနည်းစနစ်၊ မှော်ပညာကိုမှ သုံးခဲ့ခြင်း ဟုတ်ပုံမရပေ။ ဓားက မည်သည့်အန္တရာယ်မှ ပေးမည့်ပုံမပေါ်ဘဲ လေထဲမှ အောက်ကို ဆင်းသက်လာသည်။ ထိုဓားအလင်းတန်းက မည်သူ့ကိုမှ ဦးတည်ခြင်း မရှိပေ။ ထိုအစား ဓားက ညစာစားပွဲနေရာ၏ အလယ် တည့်တည့်ကို ထိုးစိုက်သွားသည်။
မည်သူမှ မလှုပ်ရှားပေ။ ဓားက မြန်ခြင်း နှေးခြင်းနှင့် မဆိုင်ဘဲ ဓားက သူတို့အား ပစ်မှတ်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ မည်သို့ဆိုစေ ထိုဓားအား တားဆီးသူ တစ်ယောက်မှ မရှိရာ ဓားက ချင်နန်းတော်၏ ကြမ်းပြင်အား ထွင်းဖောက် သွားသည်။ ထို့နောက် သေးငယ်သော အက်ကွဲမှုတစ်ခု စတင် ဖြစ်ပေါ်လာသည်။ ထို့နောက်တွင် သစ်ပင်၏ အမြစ်အလား အက်ကွဲကြောင်းများက အရပ်မျက်နှာ အမျိုးမျိုးသို့ ဦးတည်ကာ ထွက်သွားသည်။ ထိုအက်ကွဲကြောင်း များက ထိပ်သီး အင်အားစုများ၏ ခေါင်းဆောင်များ၏ရှေ့တွင် ရပ်တန့်သွားသည်။
ဖူယွန်ဓားကလန် ခေါင်းဆောင်က သူ၏ ခြေရင်းနားကို ရောက်လာသော အက်ကွဲကြောင်းကို ကြည့်သည်။ ထက်ရှသော နှစ်ဖက်သွား ဓားအသိက ထိုနေရာမှ လင်းလက်နေသည်။ ထိုအလင်းထဲတွင် ကြောက်မက်ဖွယ် နှစ်ဖက်သွား ဓားအသိများ စီးဆင်းနေ၏။ ဓားအသိတစ်ခု ခေါင်းဆောင်၏ မျက်လုံးမှ လင်းလက်သွားကာ အက်ကွဲကြောင်းသို့ စီးဆင်းသွားသည်။ သို့သော် သူ၏ ဓားအသိက အက်ကွဲကြောင်းမှ ဓားအသိအား ဖျက်ဆီး၍ မရသည်ကို တွေ့ရသည်။ ဤသည်ကို ခံစားမိလျှင် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထိုအရာက ဘာကို ဆိုလိုသည်ကို သူနားလည်သည်။
ဆိုလိုသည်က ဓားသခင်တွင် ရှီအသိရှိနေပြီဟု ဆိုလိုသည်။ သူ၏ဓားအသိက ဖူယွန်ဓားကလန် ခေါင်းဆောင်၏ ဓားအသိအား ကျော်လွန်သွားပြီ ဖြစ်သည်။
တောင်ဝင် ချန်ကျောင်တော်၏ အရှင်ကလည်း ငုံ့ကြည့်ကာ နှစ်ဖက်သွား ဓားအသိအား ခံစားကြည့်သည်။ သူ၏လက် တုန်ယင်သွားကာ သူ့အမူအရာများက မသက်မသာ ဖြစ်လာသည်။ တခြား လူများကလည်း ငုံ့ကြည့်ကာ စိတ်နှလုံးများ တုန်ခါသွားကြ၏။ တန်ခိုး အဆင့်နိမ့်သူများက ကြည့်မိပါက သူတို့၏ စိတ်ဝိညာဉ်များက အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသလို ခံစားကြရသည်။
ဝုန်း… ဝုန်း….။ ထိုအခိုက်တွင် အက်ကွဲကြောင်းထဲမှ ဓားနှစ်လက် အသိက ပေါက်ကွဲကာ မိုပိုသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ မြေပြင်အား အစိတ်စိတ် အမြွှာမြွှာ ဖြစ်စေသည်။ ထို့နောက် အလင်းများ မှေးမှိန်သွားကာ ဓားနှစ်လက်အသိက ပြန့်ကျဲ ပျောက်ကွယ် သွားသည်။ နောက်ဆုံး သိသာ ထင်ရှားစွာ ကျန်ခဲ့သည်ကား အလယ်မှ ဓားအမှတ်အသား ဖြစ်သည်။ ထိုနေရာမှ ကြောက်မက်ဖွယ် တည်ရှိမှု တစ်ခုကိုသူတို့ ခံစားနေရဆဲ ဖြစ်သည်။
ထိုနေရာ တစ်ခုလုံး တိတ်ဆိတ် သွားသည်။
ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသမှ လူများအား ကော့တေးကို တိုက်ခိုက်ရန် ခေါ်သောအခါ ကော့တေး၏ ပထမတပည့် ပေါ်လာသည်။ သူက နန်းတော်ထဲကို ဝင်လာကာ ဓားချက်တစ်ချက် ထုတ်ပြခဲ့သည်။ ထိုနေရာတွင် သူ တစ်ယောက်တည်းဟု ထင်ရသည်။
ချင်ပြည်ထောင်မှ စွမ်းအားမြင့် တန်ခိုးရှင်များက မသက်မသာ ခံစားရသည်။ အထူးသဖြင့် ချင်ဘုရင်နှင့် အိမ်ရှေ့စံမင်းသား ချင်ယွီတို့ ဖြစ်ကြသည်။
ထိုစဉ်မှာပင် ချင်ယွီက သူ၏ နဂါးလှံတံအား ဆွဲထုတ်လိုက်သည်။ လှံထဲတွင် နဂါးဝိညာဉ် ကိန်းအောင်း နေသည့်အလား နဂါးတစ်ကောင်၏ ဟန်းသံသဲ့သဲ့ ကြားရ၏။ ဓားသခင်၏ ဓားချက်က ပြောသည်မှာ ဓားသခင်က သူ့ထက် များစွာ ရှေ့ရောက်နေပြီ ဟူ၏။ သူ၏ ရှီအသိက ပိုမို နက်ရှိုင်းပေသည်။ သူ့အား ရှီအဆင့် လက်နက်မသုံးဘဲ အနိုင်ယူရန် လွန်စွာ ခက်ခဲပေသည်။
နဂါးများ အော်ဟစ်ကာ ချင်ယွီက လေထဲကို ထိုးတက်သွားသည်။ နဂါးများက သူ့အား ရစ်ပတ်ထားပုံရ၏။ သို့သော်လည်း ဓားသခင်က သူ့အား သာမန်မျှ တစ်ချက် ကြည့်ကာ ထူးမခြားနားစွာ ပြောသည်… “မင်းတို့က ဒီမှာ တိုက်ခိုက်ချင်တယ် ဆိုလည်း ကျုပ်က ဘာမှ မဖြစ်ဘူး…. ဒါပေမဲ့ မင်းတို့ထဲက ဘယ်နှယောက်က အသက်ရှင်ရက် ထွက်သွားနိုင်မယ် ထင်လဲ….” သူ၏စကားက လူတိုင်းအား ထိတ်လန့်စေသည်။ ဤမတိုင်မီက သူ့ဓားချက်က တစ်ယောက်ကိုမှ ပစ်မှတ်ထား ဦးတည်ခဲ့ခြင်း မရှိခဲ့ဘဲ မြေပြင်ကိုသာ ထိုးစိုက်ခဲ့သည်။ အကယ်၍ တိုက်ပွဲသာ ဖြစ်ပျက်ခဲ့ပါက အများစုသော လူများက အားလှိုင်း ရိုက်ခတ်မှုများကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဓားအသိအပိုင်းအစ တစ်ခုတည်းက ဤနေရာမှ စွမ်းအားမြင့် နိုဘယ်များစွာကို သတ်ဖြတ်နိုင်သည်။ အသက်ရှင်ရက် ထွက်သွားနိုင်သူက လက်ချိုးရေ၍ ရနိုင်ပေသည်။
“ကြီးမြတ်တဲ့ ဓားသခင်က တခြားလူတွေရဲ့ အသက်နဲ့ ခြိမ်းခြောက်တာလား….” ချင်ယွီက ဓားသခင်အား စိုက်ကြည့်ကာ မေးသည်။ အကယ်၍ တိုက်ခိုက်ပါက သူတို့က ကောင်းကင် စစ်မြေပြင်တွင် တိုက်ခိုက်ရမည် မဟုတ်ပါလော။
“နောက်တစ်ခါဆို ငါက ဓားကို ဒီလို ထုတ်လွှတ်မှာ မဟုတ်သလို ဒါက ချင်ပြည်ထောင် တစ်ခုတည်းလည်း ဟုတ်မှာ မဟုတ်ဘူး…” ဓားသခင်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားသည်။
ချင်ယွီ၏ စိန်ခေါ်မှုကို လက်ခံရမည်လော။ သူ့တွင် ထိုသို့သော ပျင်းစရာ ကိစ္စများအတွက် အချိန်မရှိပေ။ ချင်ပြည်ထောင်က လျိုနိုင်ငံအား မည်သို့ ဖျက်ဆီးကာ ကော့တေးအား တိုက်ခိုက်တော့မည်ကို သူမြင်လျှင် သူက ချင်ပြည်ထောင်ကို လာခဲ့သည်။ ယခု သူက ချင်ယွီနှင့် ကစားနေရမည်လော။
“ခင်ဗျားက ဒီလိုပဲ သွားတော့မလား….” ချင်ဘုရင်က ဓားသခင်၏ နောက်ကျောကို ကြည့်ကာ မေးသည်။
“ခင်ဗျားက ကျုပ်ကို ဒီမှာ ခေါ်ထားနိုင်မလား စမ်းကြည့်လို့ရတယ်… ဒါပေမဲ့ ခင်ဗျားက အကျိုးဆက်ကို ခံနိုင်ရည်ရှိဖို့တော့ လိုတယ်…” ဓားသခင်က နောက်မလှည့်ဘဲ ပြောသည်။ ချင်ဘုရင်က သူ၏ နောက်ကျောအား အရုပ်ဆိုးသော အမူအရာဖြင့် ကြည့်သည်။ နှစ်ဖက်သွား ဓားအသိကို သူက အာရုံခံစားပြီးရာ ဓားသခင်၏ အဆင့်က သူ့ထက်နိမ့်ကျခြင်း မရှိတော့သည်ကို သူသိသည်။ အကယ်၍ သူက ဓားသခင်အား တိုက်ခိုက်ခဲ့ပါက အကျိုးဆက်အား မည်သူမှ မခန့်မှန်းနိုင်ပေ။ မရေမတွက်နိုင်သော လူများ သေဆုံးကြရမည်။
ချင်ယွီက သူ၏ နဂါးလှံအား တင်းကျပ်စွာ ဆုပ်ကိုင်ကာ ထိုလူ၏ နောက်ကျောအား ဒေါသတကြီး ကြည့်သည်။ သူတို့က ဓားသခင် ထွက်သွားသည်ကို ဤသို့ ကြည့်နေ ရတော့မည်လော။
သူ့အတွက် စဉ်းစားရန် အချိန် သိပ်မရှိပေ။ မကြာမီ ဓားသခင်၏ ပုံရိပ်က သူတို့အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ် သွားတော့သည်။
လူတိုင်းက မသက်မသာ ခံစားနေရသည်။ သူကား ယခင်ကထက် များစွာ အားကောင်းလာ၏။ အကယ်၍ သူက တခြား ကလန်များကို သွားရောက် တိုက်ခိုက်လျှင် မည်သို့ရှိမည်နည်း။ သူတို့ မခန့်မှန်းရဲတော့ပေ။
ယခုမူကား လွန်စွာ အားကောင်းသော ထောက်ခံသံများ ဆူညံသံများ တိုက်ပွဲ မာန်ဟုန်များ ပျောက်ကွယ်သွားပြီး ဖြစ်သည်။ အရှေ့မြေရိုင်းဒေသ၏ အင်အားအကြီးဆုံး မဟာမိတ် အင်အားစုတစ်ခုက ယခုမှ မွေးဖွားရန် ကြံရွယ် နေသေးသော်လည်း ထိုအရာက ထိလိုက်သည်နှင့် ပြိုလဲ သွားရလောက်အောင် ကြွပ်ဆတ်ပေသည်။
***