လိပ်မင်းတောင်တွင် ချင်လီနှင့် ရီဖူရှင်းတို့က မျက်နှာချင်းဆိုင် ရပ်နေကြသည်။ အားကောင်းသော ဖိအားက ရှိနေဆဲ ဖြစ်သော်လည်း သူတို့က ထိုအခြေအနေတွင်ပင် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
ချင်ပြည်ထောင်၏ တော်ဝင် မျိုးနွယ်က သူတို့၏ နဂါး သွေးကြောမများကို ဖွင့်ကာ သိုင်းပညာကို လေ့ကျင့်ကြသည်။ သူတို့၏ ရုပ်ခန္ဓာက နဂါးများအလား ကြံ့ခိုင်သန်မာကြသည်။
ရီဖူရှင်းက နတ်သတ္တဝါဆန်း၏ ခန္ဓာကိုယ် လေ့ကျင့်နည်း စနစ်ကို သုံးသည်။ သူ၏ ခန္ဓာကိုယ်အား ပုံတူပွားရန် လွန်စွာခက်ခဲပြီး အလွန်အမင်း အားကောင်းသည်။
နဂါးများက ချင်လီအား ရစ်ပတ်လာနေသည်။ သူ၏ သက်စောင့် ဝိညာဉ်က နဂါးတစ်ကောင်ဖြစ်ကာ သူ၏ ဓမ္မကလည်း နဂါးတစ်ကောင် ဖြစ်သည်။ သူ၏ သွေးကြောများက နဂါး၏ အကြောများ ဖြစ်ပြီးသူ၏ အရိုးများကလည်း နဂါး၏ အရိုးများ ဖြစ်ကြသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် နဂါးတစ်ကောင် ရှိသည့်အလား သွေးများက အော်ဟစ်ကြသည်။
သူက မခိုးမခန့် ပြုံးကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ့နောက်တွင်ကား ဂီတသံစဉ်မှ ဖြစ်ပေါ်လာသော စွမ်းအားများက သူ့ခန္ဓာကိုယ်အား အဆက်မပြတ် အားကောင်း လာနေစေသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်းလာသည်။ တစ်ချိန်တည်းမှာပင် စူးရှသော သံစဉ်တစ်ခုက ရီဖူရှင်း၏ နားစည်ကို လာရောက် ရိုက်ခတ်ကာ သူ့စိတ်အား အနှောင့်အယှက် ပေးသည်။
ဘုန်း… ယူချင်းက ချိန်ရှင်းမူထံသို့ လှမ်းသွားသည်။ လို့လန်ရွှီက ချင်မုံရိုထံသို့ ရောက်သွား၏။ လျိုဖေးယွန်က ဝင်မပါပေ။ သူက လျိုနိုင်ငံ၏ မင်းသားတစ်ပါး ဖြစ်ရာ သူက ထိုအုပ်စုနှစ်ခု အကြားမှ ကိစ္စကိုဝင် စွက်ဖက်၍ မရပေ။
“မင်းက ဘယ်ကို သွားမယ် စိတ်ကူးထားလို့လဲ…” ချင်လီက နှာခေါင်းရှုံ့ကာ သူ၏ လက်အား ရှေ့ကို ထုတ်လိုက်သည်။ နဂါးရှစ်ကောင်က လေကိုခွင်းလျက် ထိုသုံးယောက်ထံသို့ ပြေးဝင်သွားသည်။ ထက်ရှသော ရွှေရောင် လက်သည်းများက ထိုလူများကို လာရောက် ခြိမ်းခြောက်သည်။
ယူချင်း၏ လက်တွင် မိစ္ဆာတိုင် ပေါ်လာသည်။ ကျယ်လောင်သော အသံတစ်ခု နှင့်အတူ မိစ္ဆာတိုင်က နဂါးများထံသို့ လွင့်လာသည်။
လို့လန်ရွှီ၏ ခန္ဓာကိုယ်အား အအေးဓာတ်များ စတင် စီးဆင်းလာ၏။ ပတ်ဝန်းကျင်အား ပိတ်လှောင် နိုင်စွမ်းသော ရေခဲ အစီအရင်တစ်ခု မွေးဖွားလာ၏။ နဂါးများက ရေခဲများအဖြစ် ပြောင်းလဲ သွားသော်လည်း ထိုနဂါးများက မရပ်တန့်ဘဲ ရှေ့ကို ဆက်လက် တိုးဝင်လာသည်။ လို့လန်ရွှီ၏ လက်တွင် ရေခဲနှင်တံ တစ်ချောင်း ပေါ်လာကာ သူမက ရေခဲနှင်တံကို ဝှေ့ယမ်းသည်။ ရေသဘာဝ ဓာတ်စွမ်းအင်များက နဂါးများကို အဆက်မပြတ် ရစ်ပတ်ကြကာ အေးခဲရန် ကြိုးစားကြသည်။ ထို့နောက် ရေခဲများက နဂါးများနှင့် အတူ အက်ကွဲ ပျောက်ကွယ်သွားကြ၏။
ရီဖူရှင်းက သူ၏ ဓာတ်ငါးမျိုး နှင်တံကို မြှောက်လိုက်သည်။ ကွဲပြားခြားနားသော အလင်းများက တဖျတ်ဖျတ် လက်ကာ နှင်တံက ကြီးမားလာနေသည်။ သို့သော် ချိန်ရှင်းမူ၏ သံစဉ်က သူ့အား လွန်စွာ အနှောင့်အယှက် ပေးသည်။ သူ၏ စိတ်နယ်ပယ်ထဲတွင် ပုံရိပ်ယောင်များ ဖြစ်ပေါ်လာကာ ချင်လီ၏ လှုပ်ရှားဟန် များအား ခန့်မှန်းရ ခက်စေသည်။
ချိန်ရှင်းမူကား အကာနာ အဆင့်နိမ့်တွင်သာ ရှိသေးသော်လည်း နံပါတ်တစ် လူငယ် မှော်ဂီတ ပညာရှင်အဖြစ် သတ်မှတ် ခံထားရသူဖြစ်ရာ သူ၏စိတ်ဝိညာဉ် စွမ်းအားများက တခြားလူများထက် အားကောင်း ပေသည်။ သူ၏ မှော်တိုက်ကွက်များ ကလည်း အန္တရာယ်ရှိပေသည်။
“မြင့်မြတ်သံစဉ်…” ချင်လီ၏ ပုံရိပ်က လွန်စွာ ကြီးမားသည်ဟု ရီဖူရှင်း၏ စိတ်ထဲတွင် ထင်လာရသည်။ သူကား လွန်စွာ ကြီးမားသော ရှိန့်ထို တန်ခိုးရှင်ဖြစ်သည်။ ခေ့ကေးမြို့တွင် သူက ချိန်ရှင်းမူနှင့် တိုက်ခိုက်ရာတွင် ထိုရှန့်ထို တန်ခိုးရှင်အား ရင်ဆိုင်ခဲ့ရသည်။ ထိုစဉ်က သူ ရင်ဆိုင်ရသည်က ရှန့်ထိုတစ်ဖြစ်လဲ ချိန်ရှင်းမူ ဖြစ်သော်လည်း လက်ရှိတွင်ကား ချင်လီက ရှန့်ထိုအလား အရှိန်အဝါကို ပေးနေသည်။
ချင်လီက ပါးစပ်ဟကာ တစ်စုံတစ်ခုအား ရွတ်ဆိုသည်။ ထိုအသံက နဂါးများ၏ ဘာသာစကားဟု ယူဆရသည်။ သူ၏ ကိုယ်ရောင် ကိုယ်ဝါက လွန်စွာ ကြောက်မက်ဖွယ် ကောင်းလာသည်။ ထူးဆန်းသော စွမ်းအားက သူတို့ထံ ဆင်းသက်လာသည့် အလား ရီဖူရှင်းတို့ သုံးယောက်၏ စိတ်က ခါယမ်းနေသည်။
ရီဖူရှင်း၏ ဓမ္မမွေးဖွားလာသည်။ နတ်လူဝံက မာန်သွင်းလျှင် ရီဖူရှင်း၏ ခန္ဓာက ကြီးထွား လာသည်။ သူ၏ သွေးများ ဆူပွက်လာပြီး သူ၏ နိုဘယ်အသိ ဖြာထွက်လာသည်။ သူက ဓာတ်ငါးမျိုး နှင်တံအား ဝှေ့ယမ်းလျှင် ကောင်းကင်၏ အရောင်က ပြောင်းလဲလာသည်။ လူဝံကြီးက နှင်တံအား ဆုပ်ကိုင်ကာ အပေါ်မှ မိုး၍ ရိုက်ချသည်။
လက်ရှိတွင် ချင်လီကား မြင့်မြတ်သံစဉ်၏ အကူအညီဖြင့် လွန်စွာ အရှိန်အဝါ ကြီးမားနေသည်။ သူကား မူလကတည်းက ရီဖူရှင်းထက် တန်ခိုး အဆင့်များစွာ မြင့်မားသည်။ သူက လက်ဆန့်တန်းလျှင် သူ၏ လက်များက နဂါးများ၏ လက်များအဖြစ် ပြောင်းလဲသွားသည်။ များစွာသော နဂါးပုံရိပ်များက သူ့လက်အား ရစ်ခွေကာ သူ့ထံ ရောက်ရှိလာသော ဓာတ်ငါးမျိုး နှင်တံအား ဖမ်းဆွဲလိုက်သည်။
နတ်လူဝံကြီး၏ ဟိန်းသံ အောက်တွင် များစွာသော နဂါးပုံရိပ်များ ပျက်စီး သွားသော်လည်း နဂါးပုံရိပ်များ အဆက်မပြတ် ချင်လီ၏ လက်ကို ရစ်ခွေလာကာ ချင်လီက နှင်တံအား ဆုပ်ကိုင်သည်။
“ဒါက ယန်မိသားစုရဲ့ ရတနာပဲ… ဒါက ပိုင်ရှင်ဆီကို ပြန်ပေးရမယ်…” ချင်လီက အေးစက်စွာ ပြောသည်။ သူ့ထံမှ ပိုမို အားကောင်းသော အရှိန်အဝါ မွေးဖွားလာသည်။ သူကား ချင်ဘုရင်၏ မြေး ချင်လီဖြစ်ကာ အိမ်ရှေ့စံမင်းသား ချင်ယွီ၏ သားဖြစ်သည်။ သူက အနာဂတ် အိမ်ရှေ့စံမင်းသား ဖြစ်သည်။ နဂါးသွေးကြောမ ရှစ်ခုအထိ ဖွင့်နိုင်ခဲ့သော သူကား ငယ်ရွယ်စဉ် ကတည်းက ချင်ဘိုးဘေးများ၏ ဂရုတစိုက် လေ့ကျင့်ပေးခြင်း ခံရသူဖြစ်သည်။
ရီဖူရှင်းက ချင်လီအား ကြည့်လိုက်သည်။ သူ၏ နှင်တံကို လုယူလိုသည်လား။
ရေနှင့် မီး သဘာဝ စွမ်းအင်များက ဓာတ်ငါးမျိုး နှင်တံမှ မွေးဖွားလာသည်။ လိပ်မင်းတောင်မှ သဘာဝ စွမ်းအင်များက နှင်တံတွင် အားကောင်းစွာ လာရောက် စုစည်းကြသည်။ အစီအရင်က ချင်လီ၏ ခန္ဓာကိုယ်ကိုပင် ဖုံးအုပ်လာသည်။ မီးလျှံများက မီးပြင်းဖို အလား လွန်စွာ ပူပြင်းလာသည်။ နိုဘယ်အသိက နှင်တံမှ တစ်ဆင့် ချင်လီ၏ ခန္ဓာကိုယ်ထဲကို စီးဝင်လာသည်။
“ဒါက အလုပ်ဖြစ်မယ်လို့ မင်းထင်လား…” ချင်လီက ရီဖူရှင်းအား ထူးမခြားနားစွာ ကြည့်သည်။ သူကား ယခု အကာနာ အဆင့်သုံးတွင် ရှိသည်။ သူကား လွန်စွာ အားကောင်းရကား ရွှေရောင် အလင်းများက သူ့ကို ဖုံးအုပ် ထားသည်။ သူက ရွှေနဂါး တစ်ကောင်သို့ ပြောင်းလဲလု နီးပါးပင်။ မီးလျှံများက မည်မျှပူပြင်းပါစေ သူ့အား လောင်ကျွမ်း စေနိုင်ပုံမရပေ။
ရှဲ… ရှဲ… ရွှေရောင်နဂါးက မီးပြင်းဖိုထံတွင် လောင်ကျွမ်းခံရသလို နီရဲလာသည်။ ချင်လီက မျက်မှောင်ကြုတ် လိုက်သည်။ သူက အမှန်ပင် နာကျင်မှုကို စတင်ခံစားလာရ၏။ သူ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းလာသော ထူးဆန်းသော ရွှေရောင်မီးလျှံများကို မြင်ရသည်။ ထိုအရာများက အမှန်ပင် သူ၏ ခံနိုင်ရည်အားကို ကျော်လွန်၍ လောင်ကျွမ်းနေသည်။
ဝုန်း… ချင်လီက လျင်မြန်စွာပင် နှင်တံအား လက်လွှတ်ကာ နောက်ဆုတ်လိုက်သည်။ သို့သော် ယူချင်းနှင့် လို့လန်ရွှီတို့က ချင်မုံရိုနှင့် ချိန်ရှင်းမူထံသို့ ခုန်အုပ်လိုက်ပြီးဖြစ်သည်။ ထိုနှစ်ယောက်အား မရှင်းပစ်လျှင် ပြဿနာ ရှိပေသည်။
မိစ္ဆာတိုင်က ယူချင်း၏ လက်ထဲတွင် ချက်ချင်း ကြီးမားလာပြီး နက်မှောင်သော မိစ္ဆာတိုင်ကြီးအဖြစ် ပြောင်းလဲသွားကာ တစ်ချိန်တည်းမှာပင် လွန်စွာ အားကောင်းသော ဖိအားက ချိန်ရှင်းမူထံသို့ ဆင်းသက်လာသည်။ နတ်ဆိုးတစ်ပါး လောကကို ဆင်းသက်လာသလို တစ်လောကလုံး နက်မှောင်သွားသည်။ ချိန်ရှင်းမူက သူ၏ကု့ချင်းအား လျင်မြန်စွာ တီးခတ်သည်။ မြင့်မြတ်သံစဉ်၏ စွမ်းအားက ချင်လီထံသို့ သွားမည့်အစား သူ့ကိုယ်သူ စတင်ကာကွယ် ရတော့သည်။ သူက ချက်ချင်းပင် ရှိန့်ထို တန်ခိုးရှင်အလား ပြောင်းလဲသွားသည်။
ယူချင်းက မိစ္ဆာတိုင် အောက်တွင် ပေါ်လာလျှင် သူ၏ ကြီးမားသော ခန္ဓာကိုယ်က ရွှေအိုရောင် အလင်းများ လွှမ်းခြုံနေသည်။ သူက လက်ကို ဆန့်တန်းလိုက်လျှင် မိစ္ဆာတိုင်မှ အလင်းက ဓားသွားအလား ချိန်ရှင်းမူထံသို့ တိုးဝင်သွားသည်။
လို့လန်ရွှီက ချင်မုံရို ထံကို ရောက်လာသည်။ သူမ၏ ငွေရောင် မျက်လုံးများက အေးစက်နေသည်။ လေထဲတွင် နှင်းပွင့်များ ကျဆင်းလာကာ ချင်မုံရိုထံသို့ တိုးဝင်လာသည်။ အအေးဓာတ်က အရိုးထဲအထိ စိမ့်ဝင်လာကာ သူမ၏ ဝိညာဉ်ကိုပင်လျှင် အေးခဲလာစေသည်။
လူအများအပြားက တိုက်ပွဲနေရာအား လှမ်းကြည့်နေကြသည်။ ချန်ယွန်နှင့် ရီဝူချင်းတို့ တောင်ထိပ်ပေါ်ကို တက်ခြင်းထက် သူတို့က တိုက်ပွဲကို ပိုမို စိတ်ဝင်စားကြသည်။
***
တိုက်ပွဲ ဖြစ်ပျက်နေစဉ်မှာပင် ချန်ယွန်နှင့် ရီဝူချင်းတို့က ဘေးချင်းယှဉ်၍ တောင်ပေါ်ကို တက်နေကြဆဲဖြစ်သည်။ သူတို့၏ ရှေ့မှ လှေကားအတိုင်း တက်သွားပါက တောင်ထိပ်ကို ရောက်သွားတော့မည် ထင်ရ၏။
သူတို့က လွန်စွာ ပင်ပန်းနွမ်းနယ် ခဲ့ကြသော်လည်း ရုတ်တရက် သူတို့၏ ခန္ဓာကိုယ်က အားအင်များဖြင့် ပြည့်ဝလာသည်။ အားကောင်းသော အရှိန်အဝါများ သူတို့၏ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ ရီဝူချင်း၏ ခန္ဓာကိုယ်က ဓားတစ်လက်နှင့် ဆင်တူသည်။ သူက ရှေ့ကို လွန်စွာတည်ငြိမ်သော ဟန်ပန်ဖြင့် လျှောက်နေသည်။ သူ၏ မျက်လုံးများက လွန်စွာ ဆုံးဖြတ်ချက် ပြတ်သားဟန် ရနေသည်။
ထူးခြားသော စွမ်းအင်တချို့က ကျောက်တုံး လှေကားထစ်များတွင် ခိုအောင်းနေသည်။ ထိုအရာက မမြင်ရသော အစီအရင်တစ်ခု ဖြစ်ဟန်ရကာ မဆုံးနိုင်သော အသံလှိုင်းများ အလား လှေကားထစ်များကို စီးဆင်း နေကြသည်။ ရီဝူချင်းက လှေကားထစ်ပေါ်ကို တက်လှမ်း လိုက်သည်နှင့် ထိုအားလှိုင်းများက လွန်စွာ အားကောင်းသော ဓားအသိအဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ကို လာရောက် တိုက်ခိုက်သည်။ ထိုအရာက ရီဝူချင်း၏ ဓားအသိကို ပုံတူပွားလျက် ရီဝူချင်းကို တိုက်ခိုက်သည်နှင့် တူသည်။ ရီဝူချင်း၏ ဓားအသိက အားကောင်းလေလေ ရီဝူချင်း ခံစားရသော ဒဏ်က ပြင်းလေလေဖြစ်သည်။ ပိုမို ကြောက်မက်ဖွယ် ကောင်းသည်ကား ထိုအားလှိုင်းများက ပိုမို ပြင်းထန်လာခြင်းပင်။
ချင်ယွန်ကလည်း နာကျင်မှုကို ခံစားနေရသည်။ သူက စွမ်းအားကို သုံးလျက် ထိုအားလှိုင်းများကို ခုခံရန် ကြံသော်လည်း သူက စွမ်းအား၏ တန်ပြန် တိုက်ခိုက်မှုကို ခံရသည်။ သူက လိပ်မင်းတောင်၏ အရှိန်အဝါကို ခုခံရသလို သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ထပ်တူညီသော တိုက်ခိုက်မှုကိုလည်း ခံရသည်။ သူ၏ ချောမောသူ မျက်နှာက ရှုံ့တွနေသည်။ ဤသို့ ကြောက်မက်ဖွယ် စမ်းသပ်မှု ရှိမည်ဟု သူမထင်ထားပေ။
ကျောက်တုံး လှေကားထစ်များက သိပ်မများ သော်လည်း ခြေလှမ်းတိုင်းက ပိုမိုခက်ခဲလာသည်။ ပိုမိုအားကောင်း လာသော တိုက်ခိုက်မှုများက သူတို့၏ အကန့်အသတ်ကို ရောက်ရှိစေသည်။
ရီဝူချင်းက တခြားအရာများအား စဉ်းစားခြင်း မရှိပေ။ သူက ဆက်လက်၍ တက်နေသည်။ ဓားအလင်းများက သူ့ခန္ဓာကိုယ်တွင် ပေါင်းစပ်နေသည်။ သူ၏ ခြေလှမ်းများက နှေးကွေးသော်လည်း လွန်စွာ တည်ငြိမ်သည်။ မဆုံးနိုင်သော ဓားအသိကလည်း သူ၏ အရိုးထဲထိအောင် ဝင်ရောက် လှိုက်စားနေကြသည်။ ဤသို့ဆိုလျှင်ကော အဘယ်အရေးနည်း။ သူက သူ၏ ချစ်သူကိုပင်လျှင် မကာကွယ်နိုင်ပါက သူက ဓားသမားဖြစ်ရန် အရည်အချင်း မမှီပေ။
ဓားသမားတစ်ယောက်က အကြောက်တရား ကင်းမဲ့ရမည်။
သူက တစ်လှမ်းချင်း ဆက်တက်သည်။ သူက ဆက်တက်လေလေ နာကျင်မှုက ပိုလေလေဖြစ်၏။ မဆုံးနိုင်သော ဓားအသိက သူ့အား အဆက်မပြတ် လာရောက် ရစ်ပတ်ကာ ခြေလှမ်း တစ်လှမ်းမှားက သူ့အသက် သေနိုင်သည်။ သူကား အကန့်အသတ်ကို ရောက်ရှိနေပြီး ဖြစ်ကာ ဆက်လှမ်းရန်ပင် မဖြစ်နိုင်တော့သည့် အခြေအနေပင်။
သူ၏ အဝတ်အစားတွင် သွေးများ စွန်းထင်းလာသည်။ သူ၏ ဓားခန္ဓာကိုယ်က ထိခိုက်နေပြီ ဖြစ်သည်။ သူ၏ ကလီစာများက ဓားအသိ စွမ်းအင်ကြောင့် ဒဏ်ရာရနေသော်လည်း သူက လက်မလျှော့ပေ။ အမှန်တကယ် အားဖြင့် သူ၏ ဓားအသိကလည်း ပိုမိုအားကောင်းနေသည်။
“ရူးနေနေတဲ့ အကောင်… .” သူ့နောက်မှ ချင်ယွန်က လွန်စွာ နာကျင်သော ဒဏ်ကို ခံစားရင်းက ရှေ့ကို ဆက်သွားနေသော ရီဝူချင်းကို မြင်သည်။ ရီဝူချင်း၏ ခြေလှမ်းများက လွန်စွာ တည်ငြိမ်သည်ကို မြင်လျှင် သူက တိတ်တခိုး ဆဲရေးလိုက်သည်။ ရီဝူချင်းက မိန်းမတစ်ယောက် အတွက် သူ၏ အသက်ကို စွန့်ရဲသလော။ ချင်ယွန်ကလည်း လက်မလျှော့ပေ။ သူလည်း ဆက်တက်သည်။
အတန်ကြာလျှင် ချင်ယွန်က လှေကားထစ်များ၏ တစ်ဝက်မျှကို ရောက်လာသည်။ ရီဝူချင်းမူကား ထိုနေရာကို ကျော်ဖြတ်သွားပြီး ဖြစ်သည်။ ကျောက်တုံး လှေကားထစ်များတွင် သွေးများ စွန်းထင်းနေသည်။ ရီဝူချင်းက ဆက်တက်လျှင် သူအသက်ရှင်နိုင်မလား ချင်ယွန်မသိပေ။
ပတ်ဝန်းကျင်မှ ဓားအသိက ရီဝူချင်း၏ ခန္ဓာကိုယ်ကို ဆက်လက်၍ ထိုးနှက် တိုက်ခိုက် နေကြသည်။ သို့သော်သူ၏ မျက်လုံးများက ယခင်ကထက် ဆုံးဖြတ်ချက် ခိုင်မာလာသည်။ သို့သော်လည်း ခြေလှမ်းများက ယိုယွင်းလာသည်။ နာကျင်မှုကား သည်းခံနိုင်ရန် လွန်စွာ ခက်ခဲသော အခြေအနေကို ရောက်လာ၏။
သူ့စိတ်ထဲတွင် မိန်းကလေး တစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။ သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက လွန်စွာ ကြည်နူးဖွယ် ကောင်းသော ပုံစံမျိုးတော့ မဟုတ်ပေ။ ထိုအရာက ရေပြင်အလားပင်။ သူတို့က တစ်ခါတစ်ရံ မျက်လုံးချင်း ဆုံမိကြသောအခါ ရှက်ရွံ့မှုကို ခံစားကြရသည်။ သို့သော် ထိုသို့ တစ်ခါ တစ်ခါ တိုးဝင်လာသော ခံစားချက် တချို့က သူ၏ နှလုံးသားအား နွေးထွေးစေသည်။
သူမ ပေးပို့သော စာပေါ်တွင်ကား စာလုံး သုံးလုံးမျှသာ ရှိသည်။ နင်လာနိုင်မလား… .။
သူ လာခဲ့သည်။ သူက ဤနေရာကို ရောက်လာမှတော့ သူက ဆက်လျှောက်ရမည်။ ထိုအရာက သူ၏ ကတိဖြစ်သည်။ သူမလုပ်နိုင်ခဲ့ပါက ထိုဓားများက သူ၏ နှလုံးသားများကို ထွင်းဖောက်သွားပါစေ။ သူလက်ခံသည်။
ရီဝူချင်းက လှေကားထစ်အတိုင်း ဆက်တက်သည်။
***