ကော့တေးမှ ဆရာဒူကား ပုံမှန်အားဖြင့် လွန်စွာထင်ရှားသော သူဖြစ်သည်။ သူက ကောလာဟလများအရ အမှန်တကယ် တန်ခိုး မကျင့်နိုင်သော်လည်း သူက ကော့တေးကဲ့သို့ နေရာကို တည်ဆောက်ထားနိုင်သော သူဖြစ်ရာ လွန်စွာ အထင်ကြီးစရာ ကောင်းသည်။
သို့သော် ရှေးဟောင်း မြေရိုင်းဒေသတွင် သူနှင့် ပတ်သက်၍ ကောလာဟလများစွာ ရှိသော်လည်း သူ့အား အမှန်တကယ် သိနားလည်သော သူကား လွန်စွာ ရှားပါးပေသည်။ သူ ရှိနေသော နေရာကိုလည်း ပုံမှန်အားဖြင့် မည်သူမှ မသိပေ။ ကောလာဟလများအရ ကော့တေးမှ တပည့်များပင်လျှင် သူ့ကို ရှာမတွေ့ဟူ၏။ သူဘာလုပ်ချင် နေသည်ကိုမူကား လျိုဖေးယွန်က မည်သို့ သိမည်နည်း။ ထိုအဖြစ်က သူ့အားပိုမို၍ နားလည်ရခက်စေသည်။
“ချင်ပြည်ထောင်က ကျောင်းတော်နဲ့ ကော့တေးကို ပစ်မှတ်ထားနေတယ်…” ဧကရာဇ်လျိုက ပြောသည်… “သူတို့ကပဲ ချင်ပြည်ထောင်ကို ရင်ဆိုင်နိုင်တာ… အရှေ့မြေရိုင်းဒေသက အပြောင်းအလဲ ဖြစ်တော့မယ်… ဒီလို အခြေအနေမှာ ငါတို့ လုပ်နိုင်တာက ရွေးချယ်တာပဲ…” လျိုနိုင်ငံ၏ အုပ်ချုပ်သူ တစ်ယောက် အနေဖြင့် ထိုစကားများက သူ့အား အထင်သေး စေနိုင်ပေသည်။ သို့သော် အရှေ့မြေရိုင်း ဒေသက ပြောင်းလဲတော့မည်ကို ထိပ်သီး အင်အားစုတိုင်း သိကြပေသည်။ ဒွန်ချင်ကျောင်းတော် တည်ဆောင်ကတည်းက သူတို့ သိကြသည်။ မဟုတ်လျှင် ဒွန်ဟွာကလန်။ လစန္ဒာကလန်၊ တော်ဝင်ချန်ကျောင်းတော်၊ ဖူယွန်ဓားကလန်နှင့် တခြား အင်အားစုများက ဒွန်ချန် ကျောင်းတော်တွင် လေ့ကျင့်ကြမည် မဟုတ်ပေ။ ချင်ပြည်ထောင်က သူတို့အား ရွေးချယ်ရန် အခွင့်အရေးများ ပေးသည်။
ယခု ချင်ပြည်ထောက် လျိုနိုင်ငံကိုလည်း ရွေးချယ်မှု လုပ်ရန် အကြောင်းပြချက် ပေးသည်။
“သမီးတို့က ရွေးချယ်ရမယ်ဆိုရင် သမီးက ကော့တေးကိုပဲ ရွေးချင်တယ်…” တစ်ချိန်လုံး တိတ်ဆိတ်နေသော လျိုချန်းယွီက သူမ၏ အဖေအား ကြည့်သည်။ ချင်ပြည်ထောင်မှ ကမ်းလှမ်းမှုက သူမအတွက် ကံဆိုးမိုးမှောင်ကျမှု ဖြစ်သည်။
ဧကရာဇ်လျိုက သူ၏ သမီးအား ကြည့်သည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ကား သူ၏ သားသမီးများ ဖြစ်ကြသည်။ သူက လျိုချန်းယွီအား မထိခိုက် စေလိုသော်လည်း သူမက သူ့အား နားလည်ပုံ မရပေ။
ချင်ပြည်ထောင်နှင့် ကော့တေးကား ကွာခြားပေသည်။
ချင်ပြည်ထောင်က ဒွန်ချန်ကျောင်းတော်ကို တည်ထောင်ကာ ကျောင်းတော်အား ပစ်မှတ်ထားသည်။ လစန္ဒာကလန်မှ သမီးတော်နှင့် ချင်လီအား စေ့စပ်ကြောင်း လမ်းသည်။ ကော့တေးနှင့် တော်ဝင်ချန် ကျောင်းတော်တို့၏ အမုန်းတရားကို အကြောင်းပြုကာ တော်ဝင်ချန် ကျောင်းတော်ကို သိမ်းသွင်းသည်။ ဓားသခင်နှင့် ဖူယွန် ဓားကလန်တို့အကြား ပြိုင်ဆိုင်မှုကို အသုံးချလျက် ဖူယွန်ဓားကလန်နှင့် မဟာမိတ်ပြု၏။ ယခု လျိုနိုင်ငံထံသို့ သတို့သမီး တောင်းရမ်းရန် ကြိုးစားနေသည်။ သူတို့က ရည်ရွယ်ချက်ပြီး မြောက်အောင် မည်သည့် နည်းလမ်းကို မဆို အသုံးပြုမည် ဖြစ်သည်။ ဤသည်ကို ချင်ပြည်ထောင်ဟု ခေါ်ပေသည်။
ကော့တေးက မျှတကာ သိက္ခာရှိသည်။
သူတို့က ချင်ပြည်ထောင်ကို ရွေးချယ်ခဲ့ပါက သူတို့က ကော့တေးကို ရန်မစမချင်း ကော့တေးက ဘာမှလုပ်မည် မဟုတ်ပေ။ သို့သော် သူတို့က ကော့တေးကို ရွေးချယ်ခဲ့ပါက ချင်ပြည်ထောင်က လျိုနိုင်ငံကို လက်လွှတ်ပါ့မလား။ ထို့အပြင် ကော့တေးက တခြား အင်အားစုများနှင့် ပူးပေါင်းရန် စိတ်ကူးရှိပုံ မရပေ။ သူတို့က ချင်ပြည်ထောင်ကို ငြင်းပယ်ခဲ့ပါက အကျိုးဆက်က မည်သို့ဖြစ်မည်နည်း။
“ချန်းယွီ… မင်းမှာ သဘောကျတဲ့လူ ရှိနေလား…” ဧကရာဇ်လျိုက မေးသည်။
လျိုချန်းယွီက မျက်လုံး နက်ကြီးများဖြင့် သူမ၏ အဖေကို ကြည့်သည်။ သူမ၏ စိတ်ထဲတွင် လူတစ်ယောက်၏ ပုံရိပ်ဝင်လာသည်။ သူမက သူ့ကို သဘောကျသလား။ သူမက အမှတ်တရ များစွာကို တွေးမိသည်။ သူတို့က ရှေးဟောင်း မြေရိုင်းဒေသတွင် တွေ့ခဲ့ကြ၏။ ရီဖူရှင်းက သူမတို့အား အတူရှိစေရန် တမင် ဖန်တီးခဲ့သည်။ တဖြည်းဖြည်းဖြင့် သူ့ဘေးတွင် ရှိနေရသည်ကို သူမက အသားကျ လာသည်။ သူမက ကန်ယီနိုင်ငံကို တွေးမိသည်။ သူမတို့နှစ်ယောက်က ကန်ဘေးတွင် လမ်းလျှောက်လာ မီးပန်းများ၏ အလှများကို ကြည့်ကြသည်။ ထိုစဉ်က သူမ လွန်စွာ ပျော်ရွှင်ခဲ့ရ၏။
အကယ်၍ သူမက ချင်ပြည်ထောင်၏ အငယ်ဆုံး မင်းသားကို လက်ထပ်ရလျှင်… .။ ထိုသို့ တွေးကာ သူမက ပြုံးလိုက်သည်။ သူမ၏ နှလုံးသားအား နားလည်လိုက်ပြီ။ သူမ၏ စိတ်ထဲတွင် အမြစ်တွယ်နေသော ထိုလူကား သူမသဘောကျသော သူဖြစ်သည်။
“ဟုတ်ကဲ့…” လျိုချန်းယွီက ခေါင်းညိတ်သည်။
“ကော့တေးက ရီဖူရှင်းလား…” ဧကရာဇ်လျိုက မေးသည်…”သူ့ရဲ့ ချစ်သူက လစန္ဒာကလန်က ဟွာဂျီယူလို့ ငါကြားတယ်…” သိသာစွာပင် ဧကရာဇ်လျိုက လျိုချန်းယွီနှင့် ရီဖူရှင်းကို အထင်လွဲနေသည်။ မည်သို့ပင်ဆိုစေ လျိုချန်းယွီနှင့် ရီဖူရှင်းတို့ မကြာခဏ သွားလာကြသည်ကို သူကြားဖူးပေသည်။ သူကား လွန်စွာ ထူးခြား ထက်မြက်ပေသည်။
“မဟုတ်ဘူး…” လျိုချန်းယွီက ခေါင်းယမ်းသည်။
“မဟုတ်ဘူးလား…” ဧကရာဇ်လျိုက အံ့အားသင့်သွားသည်… “ဘယ်သူလဲ…”
လျိုချန်းယွီက ခေါင်းငုံ့ကာ မည်သို့မှ မပြောပေ။ သူမအဖေ၏ စကားများအရ လျိုနိုင်ငံက သူမ၏ လက်ထပ်မှုအပေါ် ကြီးစွာသော ဖိအားများ ထမ်းပိုး ထားရကြောင်း သူမ ခံစားရသည်။ အကယ်၍ ကော့တေးက တိုက်ခိုက်လိုပါက သူတို့က ချင်ပြည်ထောင်ကို ရင်ဆိုင်နိုင်ပေမည်။ သို့သော် ရီဝူချင်းကား ကော့တေးမှ မဟုတ်ပေ။ သူက ဖူယွန်ဓားကလန်တွင် လေ့ကျင့်သော်လည်း သူက ဖူယွန်ဓားကလန်ကို ကိုယ်စား မပြုနိုင်ပေ။ သူကား သတ္တမ တောင်ကုန်း၏ ဓားဝိဇ္ဇာ တစ်ယောက်သာဖြစ်သည်။
သူမ၏ အဖေက သူ့အား မည်သို့ ရွေးချယ် နိုင်မည်နည်း။
လျိုချန်းယွီ၏ အမူအရာကို မြင်လျှင် ဧကရာဇ်လျိုက သက်ပြင်း ခိုးကျသည်… “ဒီလိုဆိုရင်လည်း လူငယ် ပါရမီရှင်တွေကို ငါတို့နိုင်ငံကို လာဖို့ ဖိတ်ခေါ်လိုက်… .သူတို့က ချင်ပြည်ထောင်ရဲ့ သတို့သမီး တောင်းရမ်းတဲ့ ကိစ္စအတွက် လာရလိမ့်မယ်…”
လျိုချန်းယွီ အေးခဲသွားသည်။ သူမက သူမအဖေ၏ ရည်ရွယ်ချက်ကို ရေးရေးမျှ သဘောပေါက်သည်။
လျိုနိုင်ငံက ဖိတ်ကြားစာများကို ထိပ်သီး အင်အားစုများ အားလုံးသို့ လျင်မြန်စွာ ပို့ဆောင်သည်။ လူအများအပြားက နားမလည်ကြပေ။ သူက လက်ခံလိုသည်လော ငြင်းပယ် လိုသည်လော။ သို့သော် မည်သို့ပင်ဖြစ်စေ သူတို့က ချင်ပြည်ထောင်၏ သတို့သမီး တောင်းရမ်းမှုကို တွေ့မြင်လိုကြသည်။ ထိုကိစ္စက စိတ်ဝင်စားစရာ ကောင်းသည်။ တောင်းရမ်းမှုက အောင်မြင်ခဲ့ပါက ချင်ပြည်ထောင်၏ အင်အားက အရှေ့မြေရိုင်းဒေသ၏ တစ်ဝက်ကို ပိုင်ဆိုင်သွားကာ ကြောက်မက်ဖွယ် ကောင်းသွားပေရော့မည်။
***
ဖူယွန်ဓားကလန်၏ သတ္တမတောင်တွင် ရီဝူချင်းကား စိုးရိမ်လျက် ရှိနေသည်။ သူက စိတ်ငြိမ်ငြိမ် မထားနိုင်ရာ တန်ခိုး ကျင့်ရာတွင်လည်း သိပ်အဆင်မပြေပေ။ သူက ချင်ပြည်ထောင်၏ သတို့သမီး တောင်းရမ်းမှုကို သိသည်။ ထိပ်သီး အင်အားစုတိုင်းက ထိုကိစ္စကို ပြောနေကြသည်။
ပထမတောင်ကုန်းမှ လူများက တမင်ပင် ထိုသတင်းများကို သတ္တမတောင်ကုန်းသို့ ဖြန့်ကြသည်။ လျိုချန်းယွီနှင့် ရီဝူချင်းတို့ နီးကပ်သည်ကို သူတို့ ကိုယ်တိုင် မြင်ခဲ့ကြသည်။ လျိုချန်းယွီအား ပိုးပန်းခဲ့ဖူးသော လီတောင်ယွန်ပင်လျှင် ရီဝူချင်း၏ လက်တွင် အသတ်ခံခဲ့ရသည်။
ထိုအခိုက်တွင် ရီဝူချင်းက တောင်အငူတစ်ခုတွင် ရပ်ကာ အဝေးမှ တိမ်များကို ငေးကြည့်နေသည်။ သူ့နောက်မှ ခြေသံတချို့ကို ကြားရ၏။
“ဓားဝိဇ္ဇာ…” ရောက်လာသူက ပြောသည်… “လျိုနိုင်ငံက လူတိုင်းကို လာဖို့ ဖိတ်ကြားစာ ပို့တယ်…”
ရီဝူချင်းက ကြည့်လိုက်သည်။ ထိုလူကား သူက လျိုနိုင်ငံ၏ သတင်းများကို စောင့်ကြည့်ရန် စေခိုင်းထားသော သူဖြစ်သည်။
“ပြီးတော့ လျိုနိုင်ငံက စာတစ်စောင်လည်း ပို့လိုက်တယ်…” ထိုလူက ရှေ့ကို တိုးလာကာ ရီဝူချင်းအား စာတစ်စောင် ပေးသည်။ စာပေါ်တွင်ကား ဖူယွန်ဓားကလန်မှ ရီဝူချင်းအတွက် သက်သက်ဟု ရေးထားသည်။
စာကား မိန်းကလေး တစ်ယောက် ရေးထားသလို လှပညက်ညောသည်။ ရီဖူရှင်းက စာအိတ်ကို ဖောက်ကာ အထဲမှ စာကို ထုတ်ယူလိုက်သည်။ အဖြူရောင် စာရွက်ပေါ်တွင် ရေးထားသော စာလုံးများကလည်း လှပညက်ညောသည်။
“နင်လာနိုင်မလား…” စာရွက်ပေါ်တွင်ကား ရိုးရှင်းသော စာလုံးသုံး လုံးသာ ရှိသည်။ ရီဝူချင်းက စာရွက်ကို ခေါက်လိုက်ကာ သိမ်းဆည်း လိုက်သည်။ သူက အဝေးမှ တိမ်ဖြူဖြူများကို ကြည့်ကာ ပြုံးလိုက်သည်။ ထိုစကားလုံးများက သူမ၏ သဘောထားကို ပြောနေသည်။ သူ နားလည်သည်။ ထို့ကြောင့် သူသွားမည် ဖြစ်သည်။
ကော့တေးတွင်ကား ရီဖူရှင်းကလည်း လျိုနိုင်ငံ၏ မက်ဆေ့ကို ရခဲ့သည်။ ရီဝူချင်းကလည်း သွားလိမ့်မည်ဟု ရီဖူရှင်း ထင်သည်။ ရီဖူရှင်းနှင့် ယူချင်းက သိမ်းငှက်နက်အား စီးနင်းကာ တောင်အောက်ကို ဆင်းလာခဲ့ကြသည်။ ဤတစ်ကြိမ်တွင်ကား အစ်မနှစ်က လို့လန်ရွှီကိုလည်း ရီဖူရှင်းနှင့်အတူ လိုက်ပါစေ၏။ သူတို့က ကု့ချင်းဥယျာဉ်ကို ပထမဦးစွာ သွားရောက်ကာ ငွေသက်တော်စောင့် တစ်အား ခေါ်ယူပြီး လျိုနိုင်ငံကို ခရီးနှင်ကြသည်။
လျိုနိုင်ငံကား အရှေ့မြေရိုင်း ဒေသ၏ အရှေ့ဘက်တွင် တည်ရှိသည်။ ထိုနေရာတွင်ကား လျိုနိုင်ငံနှင့် ဖူယွန်ဓားကလန်တို့ အခြေစိုက်ကြသည်။
ကျယ်ပြန့်သော မြေနေရာကို ပိုင်ဆိုင်ထားသော လျိုနိုင်ငံကား ချင်ပြည်ထောင် ပြီးလျှင် အကျယ်ပြန့်ဆုံး နိုင်ငံဖြစ်သည်။ သို့သော်လည်း အင်အားကြီးခြင်းအား မြေနေရာ ပိုင်ဆိုင်ခြင်းဖြင့် မသတ်မှတ်ပေ။ ကော့တေးက သေးငယ်သော်လည်း သူတို့၏ တပည့်များက လွန်မင်းစွာ အားကောင်းရာ ထိပ်သီးအင်အား တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်သည်။
လျိုနိုင်ငံ၏ နန်းမြို့တော်က ချက်ချင်း စည်ကားသွားသည်။ ထိပ်သီး အင်အားစုမှ စွမ်းအားမြင့် တန်ခိုးရှင်များ အဆက်မပြတ် ရောက်ရှိလာကြသည်။
ရီဖူရှင်းတို့ အုပ်စုက လျိုနန်းတော်ကို ချက်ချင်း မသွားခဲ့ကြပေ။ ထိုအစား သူတို့က စားသောက်ဆိုင် တစ်ဆိုင်ကို သွားစားကြသည်။ စားသောက်ဆိုင် ဆိုသည်မှာကား လူတန်းစား ပေါင်းစုံသော နေရာဖြစ်ကာ သတင်းများကို စုဆောင်းရန် အကောင်းဆုံး နေရာဖြစ်သည်။ ယခု သူတို့ ရောက်နေသော စားသောက်ဆိုင်တွင်လည်း လူအများအပြားက ချင်ပြည်ထောင်၏ သတို့သမီး တောင်းရမ်းမှုနှင့် ပတ်သက်၍ ပြောဆို ဆွေးနွေး နေကြသည်။
“ချင်ပြည်ထောင်က ချင်ယွန်က မနေ့ကတည်းက ရောက်တယ် ငါကြားတယ်… ဒါမှန်လား…”
“မှန်တာပေါ့… သူပဲ ရောက်လာတာ မဟုတ်ဘူး… မင်းသမီး ချင်မုံရိုနဲ့ ဒွန်ဟွာကလန်က ချိန်ရှင်းမူ၊ ချင်လီနဲ့ တခြားလူတွေလည်း ရောက်နေပြီ… ချင်ယွန်က ဒီကို ရောက်တာနဲ့ တစ်နေ့တည်းမှာ လျိုနိုင်ငံက အရှင်ရှစ်ပါးကို သွားပြီး ဂါရဝပြု အလည်အပတ် သွားခဲ့တယ်တဲ့… .ကြည့်ရတာ ဒီတစ်ခါ ချင်ပြည်ထောင်က တော်တော် အားစိုက်နေတဲ့ပုံပဲ…”
“သတင်းတွေအရ အရှင်ခန်က ချင်ယွန်ကို တော်တော် သဘောကျနေတယ် ပြောတယ်… .သူက လက်ထပ်ပွဲကို ထောက်ခံမယ့် ပုံပဲ…”
“ချင်ယွန်က ဧကရာဇ်ချင်နဲ့ သူ့အချစ်ဆုံး ကိုယ်လုပ်တော်နန်ရဲ့ သားပဲ… ကိုယ်လုပ်တော်နန်က ထင်ရှားတဲ့ မိန်းမလှတစ်ယောက်ပဲ… ချင်ယွန်က သူ့မိဘတွေရဲ့ အရည်အချင်းနဲ့ ရုပ်ရည်ကို ဆက်ခံထားတာဖြစ်လို့ အရမ်းချောမော ခန့်ညားပြီးတော့ ထက်မြက်တယ် ကြားတယ်… မင်းသမီး ချန်ယွီက စိတ်မပျက်လောက်ပါဘူး…”
လူအများက ဆွေးနွေးနေကြစဉ် အတော်များများက ရီဖူရှင်းတို့အား သတိထားမိကြသည်။ ရီဖူရှင်း၏ ရုပ်ရည်နှင့် လို့လန်ရွှီ၏ ချောမောလှပမှုက သူတို့အား ဆွဲဆောင်နေသည်။
ရီဖူရှင်းက ပြုံးလိုက်သည်။
“သူက မင်းသားချင်များလား… ” တစ်ယောက်က အရွှန်းဖောက်က ကျီစယ်သည်။
“ကျုပ်က သူနဲ့တူလို့လား… ” ရီဖူရှင်းက ပြန်ပြောသည်။
“ဟဟ… မဟုတ်နိုင်ဘူး… မင်းက မင်းသားဆိုရင် ငါက တခြားလူတွေကိုလည်း မြင်မှာပေါ့… မင်းရဲ့ ကိုယ်ရောင်ကိုယ်ဝါက မဆိုးပေမဲ့ တစ်ခုခု လိုနေသလိုပဲ…”
“သေချာတာပေါ့… သူ့မှာ တော်ဝင် ကိုယ်ရောင်ကိုယ်ဝါ လိုနေတာ… .” တစ်စုံတစ်ယောက် ရယ်မော၍ ပြောသည်…” ကျုပ်က နောက်နေတာ… စိတ်မရှိပါနဲ့… မင်းတို့နှစ်ယောက်က နှိုင်းယှဉ်လို့မရဘူး… .” ရီဖူရှင်းအား ချင်ယွန်နှင့် နှိုင်းခြင်းအပေါ် သူက စိတ်မဆိုးလောက်ဟု သူယူဆသည်။
“သေချာတာပေါ့… သူတို့ကို နှိုင်းလို့ မရဘူး… ချင်က အဆင့်မမီဘူး…” အေးစက်သော အသံတစ်ခု ကြားရသည်။ သူကား ယူချင်းဖြစ်သည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းက သူ့အားကြည့်ကာ မှင်တက်သွားကြသည်။
ချင်က အဆင့် မမီတဲ့လား။ ထိုစကားကို မည်သူက လူပုံအလယ်တွင် ပြောရဲသနည်း။ သူ့တွင် ထိုသို့ သတ္တိရှိပါက သူက လွန်စွာ အားကောင်း ရပေမည်။ ဤသို့ဆိုလျှင် သည်အုပ်စုက ထိပ်သီး အင်အားစုကလား။ သို့သော် ထိပ်သီး အင်အားစုပင်လျှင် ထိုသို့ ပေါ်ပေါ်ထင်ထင် ပြောရဲမည် မဟုတ်ပေ။
ရီဖူရှင်းက ယူချင်းကို ကြည့်လိုက်သည်။ သူ၏ ဒေါသဖြင့်ဆိုလျှင် သူတို့က ဤနေရာတွင် ဆက်မနေသင့်တော့ဟု ရီဖူရှင်း ထင်သည်။
“သွားစို့… ” ရီဖူရှင်းက ထရပ်ကာ ထွက်သွားသည်။
“မင်း ဘယ်သူလဲ… မင်းက တော်တော်ယုံကြည်မှု ရှိတဲ့ပုံ ပေါ်နေတယ်… ” အသံတစ်သံကို ကြားရသည်။
ရီဖူရှင်းက တံခါးပေါက်နားတွင် ရပ်လိုက်သည်… “ချင်ပြည်ထောင်က နိမ့်ကျတဲ့လူတွေနဲ့ အနှိုင်းခံရတာ ငါ့အတွက် စော်ကားခံရသလိုပဲ…”
***